အခန်း ၈၁၉
Vol. 77 Ch. 819
အခန်း (၈၁၉) - ကံကြမ္မာသားတော်များ ရွှမ်ဟွမ်တွင် စုဝေးခြင်း၊ ဖုန်းရှီးမြို့တော်၏ နှစ်တစ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖုန်းရှီးကျွန်းအား တစ်ပါးတည်းအုပ်စိုးခြင်း(၄)။
"ယောကျ်ားက တကယ့်ပါရမီရှင်ဆိုတာ အားလုံး အသိအမှတ်ပြုထားပြီးသားပါ။ ငါတို့လည်း ယောကျ်ားရဲ့နောက်မှာ အများကြီး ကျန်မနေခဲ့ဖို့ လိုတယ်။ မဟုတ်ရင် ယောကျ်ားက အင်မော်တယ်လောကကို ပျံတက်သွားချိန်အထိ ငါတို့က နတ်ဘုရားအသွင်ပြောင်းအဆင့်မှာပဲ ရှိနေဦးမယ်ဆိုရင် ထာဝရ ကွဲကွာသွားရလိမ့်မယ်...”
ချန်ဇီယွင်က တည်ကြည်စွာ ပြောလိုက်၏။
သူမသည် မိမိယောကျ်ား ဝိညာဉ်လောကမှ ပြန်မလာနိုင်မည်ကို စိုးရိမ်နေခြင်းမဟုတ်ဘဲ ကျင့်ကြံမှု မြန်ဆန်လွန်းသဖြင့် အင်မော်တယ်လောကသို့ ပျံတက်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။
ထိုအချိန်ကျပါက နယ်မြေဖြတ်ကျော် အစီအရင် ရှိနေလျှင်ပင် မိမိယောကျ်ားကို ပြန်လည် ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။
အင်မော်တယ်တစ်ဦး ဖြစ်လာလျှင်ပင် အင်မော်တယ်လောကမှ လူသားကမ္ဘာသို့ ပြန်လာရန်မှာ အလွန်ခက်ခဲလိမ့်မည် မဟုတ်ပါလော။
ဤစကားကို ကြားရသောအခါ အမျိုးသမီးများအားလုံး ခေါင်းညိတ်လိုက်ကြသည်။ ၎င်းတို့သည်လည်း နောက်ကျမကျန်ခဲ့စေရန် မိမိတို့ကိုယ်ကိုယ် တွန်းအားပေးရမည်ဖြစ်ကြောင်း၊ မဟုတ်ပါက ယောကျ်ား၏ ခြေလှမ်းကို လိုက်မမီနိုင်တော့မည်ကို နားလည်ထားကြသည်။
…
အခြားတစ်ဖက်၌…။
ဝိညာဉ်လောက၊ ကြယ်ကွဲပင်လယ်၊ ဖုန်းရှီးကျွန်း။
နှစ်ပေါင်းရာချီ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ဖုန်းရှီးကျွန်းသည်လည်း သိသာထင်ရှားစွာ ပြောင်းလဲလာခဲ့လေပြီ။
မူလကမူ ဤသည်မှာ ကန္တာရသားရဲများ ကြီးစိုးရာကျွန်းဖြစ်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲထောင်ချီနှင့် အခြားသားရဲမျိုးနွယ်စု မြောက်မြားစွာ နေထိုင်ကြသည်။
အခြားသက်ရှိများ ဤနေရာသို့ လာရောက်ပါက ခြေတစ်လှမ်းလှမ်းရန်ပင် ခက်ခဲလှပေသည်။
သို့သော် ဖုန်းရှီးမြို့တော် ဤကျွန်းပေါ်တွင် ပေါ်ပေါက်လာပြီးနောက် ၎င်း၏ အင်အားကြီးမားလှသော စွမ်းအားဖြင့် ကျွန်းတစ်ကျွန်းလုံးကို ချက်ချင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့သည်။
ကျွန်းပေါ်ရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ မြောက်မြားစွာကို အပြတ်အသတ် နှိမ်နင်းခဲ့လေသည်။
ကန္တာရသားရဲ မျိုးနွယ်စုများကိုပင် ယဉ်ပါးအောင် ပြုလုပ်၍ မွေးမြူရေးခြံများ တည်ဆောက်ပြီး လူသားများ၏ ရိက္ခာအဖြစ် အသုံးပြုခဲ့ကြသည်။
ကျွန်းပေါ်ရှိ နယ်မြေအသီးသီးသည် မွေးမြူရေး စခန်းများ ဖြစ်လာခဲ့ကြ၏။
အထူးသဖြင့် သာမန်လူသားကျင့်ကြံသူများ ကျင့်ကြံနိုင်ရန် ကန္တာရသားရဲအသားများကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်သည်။
ကန္တာရသားရဲ အသားမြောက်မြားစွာ ရရှိသဖြင့် ၎င်းတို့၏ ကျင့်ကြံမှုမှာ ပိုမို လျင်မြန်လာခဲ့သည်။
သိုင်းပညာ အမြုတေအဆင့်သို့ တက်လှမ်းရန် ပိုမို မျှော်လင့်ချက် ရှိလာပြီး စိတ်ဝိညာဉ်အမြစ်ကို ပျိုးထောင်ကာ သိုင်းပညာမှတစ်ဆင့် တာအိုလမ်းစဉ်သို့ ဝင်ရောက်နိုင်ခဲ့ကြသည်။
ထို့ကြောင့် ဤကာလအတွင်း လူသားသိုင်းပညာရှင် အများအပြား ပေါ်ထွက်လာခဲ့၏။
၎င်းက ဖုန်းရှီးမြို့တော်ကို ပိုမို တိုးတက်စည်ကားစေခဲ့လေသည်။
............
ယခုအချိန်တွင် ဖုန်းရှီးကျွန်းရှိ တောင်ကြားတစ်ခုအတွင်း၌…။
ဤနေရာတွင် အစွယ်ရှိကန္တာရတောဝက်အုပ်စုတစ်စု နေထိုင်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှာ ကြီးမားထွားကျိုင်းပြီး အမွေးအမျှင်များမှာ ဓားကဲ့သို့ ထက်မြက်ကာ အလေးချိန်မှာ ပိဿာချိန်ထောင်ချီ ရှိလေသည်။ ပြေးဝင်တိုက်ခိုက်ပါက မြို့သိမ်းလက်နက်တစ်ခုကဲ့သို့ မြို့ရိုးများကို အလွယ်တကူ ဖြိုချနိုင်စွမ်း ရှိသည်။
ထို့အပြင် ၎င်းတို့သည် မကြာခဏဆိုသလို အုပ်စုလိုက် သွားလာတတ်ကြပြီး အရေအတွက်အားဖြင့် ထောင်နှင့်ချီ ရှိတတ်၏။
သာမန် လူသားကျင့်ကြံသူများမှာ ၎င်းတို့ကို ရန်မစရဲကြပေ။
ပါးစပ်ရာဇဝင်အရ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် အစစ်အမှန်ဝိညာဉ်သွေးမျိုးဆက် အနည်းငယ်ပါဝင်နေသဖြင့် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားကာ အရေထူပြီး သွေးစွမ်းအင် ပြည့်ဝလှသဖြင့် တောတောင်များ၏ ဘုရင်တစ်ပါး ဖြစ်နေရခြင်း ဖြစ်သည်။
၎င်းတို့၏ အသားထဲတွင် ကြီးမားသော စွမ်းအင်များ ပါဝင်နေသည်။
၎င်းမှာ ခန္ဓာကိုယ်သန့်စင်ဆေးလုံး ဖော်စပ်ရန် အကောင်းဆုံး ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။
တောဝက်တစ်ကောင်ကို အောင်မြင်စွာ အမဲလိုက်နိုင်ပါက ရရှိလာသော အသားသည် သိုင်းပညာရှင် ရာဂဏန်းခန့်အတွက် လပေါင်းများစွာ ကျင့်ကြံရန် လုံလောက်သော အရင်းအမြစ် ဖြစ်လာပေလိမ့်မည်။
လူသားကျင့်ကြံသူ မြောက်မြားစွာသည်လည်း မလှမ်းမကမ်းရှိ တောင်ကုန်းပေါ်မှ လှမ်းမျှော်ကြည့်နေကြ၏။
သောင်းနှင့်ချီသော အစွယ်ရှိကန္တာရတောဝက်အုပ်စုကြီးကို ကြည့်ကာ လူတိုင်း သွားရည်ကျနေကြလေသည်။
သို့သော် ၎င်းတို့မှာ ပေါ့ပေါ့တန်တန် လှုပ်ရှားခြင်း မပြုဝံ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤတောဝက်အုပ်စုကို ဒေါသထွက်အောင် ပြုလုပ်မိပါက မည်သို့သော ကပ်ဘေးမျိုးနှင့် ကြုံတွေ့ရမည်ကို ကောင်းစွာ သိရှိသောကြောင့်ပင်။
ဝုန်း…။
ထိုအခိုက်တွင် ကောင်းကင်ယံမှ သဏ္ဌာန်မဲ့စွမ်းအားတစ်ခု ဖြတ်သန်းသွားပြီး ထိုတောဝက်အုပ်စုအပေါ်သို့ ကျရောက်သွားလေသည်။
ချက်ချင်းပင် အစွယ်ရှိကန္တာရတောဝက်များသည် ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကာ ပါးစပ်မှ အမြှုပ်များထွက်လျက် သတိမေ့မြောသွားကြတော့သည်။
တိုက်ခိုက်လိုက်သူမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတစ်ကောင် ဖြစ်ချေသည်။
၎င်းမှာ တောင်ပံရှစ်ခုမီးလျှံကျား ဖြစ်ပြီး ကျင့်ကြံမှုမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိနေကာ ခွန်အားမှာ နက်ရှိုင်းလှသည်။
လူသားကျင့်ကြံသူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာထက်တွင် ဝမ်းသာအားရ ဖြစ်သွားကြ၏။
၎င်းတို့သည် ဤတောင်ပံရှစ်ခုမီးလျှံကျားကို မကြောက်ရွံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ဤကန္တာရသားရဲမှာ ဖုန်းရှီးမြို့တော်၏ ဝိညာဉ်သားရဲဖြစ်ပြီး မိမိတို့ဘက်တော်သား ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ၎င်းတို့ကို ထိခိုက်နာကျင်အောင် ပြုလုပ်မည်မဟုတ်ပေ။
"မြန်မြန်... မြန်မြန်လုပ်ကြစမ်း။ ဒီတောဝက်တွေ အနည်းဆုံး သုံးမတ်လောက် သတိလစ်နေလိမ့်မယ်။ အရွယ်ရောက်ပြီးသား သုံးရာလောက်ပဲ ဖမ်းမယ်။ အကောင်ပေါက်လေးတွေကိုတော့ ချန်ထားခဲ့။ အမအုပ်တွေကိုလည်း မဖမ်းနဲ့ဦး။ မျိုးပွားဖို့ ချန်ထားရမယ်...”
(စကားချပ် - သုံးမတ်ဆိုတာ ၄၅မိနစ်ကို ပြောတာပါ)
သန်မာထွားကျိုင်းသော လူတစ်ဦးဖြစ်သည့် စုန့်ထန်က အော်ဟစ်ကာ မိမိ၏ နောက်လိုက်များကို ညွှန်ကြားလိုက်၏။
လူသားကျင့်ကြံသူများ ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး တောဝက်အကောင် သုံးရာကို သတ်ဖြတ်ကာ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်ကြသည်။ ထို့နောက် ဤတောင်ကြားမှ အမြန်ဆုံး ထွက်ခွာသွားကြလေသည်။
မကြာမီအချိန်အတွင်း ၎င်းတို့သည် ဤနေရာမှ ထွက်ခွာကာ ဖုန်းရှီးမြို့တော်ဘက်သို့ ဦးတည် လျှောက်လှမ်းသွားကြတော့သည်။
"ဟားဟား... ဒီတစ်ခေါက်တာဝန်က ဒီလောက် လွယ်ကူလိမ့်မယ်လို့ မထင်ထားမိဘူး...”
တစ်ဦးက အားရပါးရ ရယ်မောလိုက်သည်။ သူသည် ပထမဆုံးအကြိမ် ဤကဲ့သို့သောတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သဖြင့် အလွန် ဝမ်းမြောက်နေပေသည်။
"ဒီတစ်ခေါက် တာဝန်က လွယ်ကူတာပေါ့။ ငါတို့က တောဝက်တွေကို သယ်ဖို့ပဲ တာဝန်ယူရတာကိုး။ တကယ်လို့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲဖြစ်တဲ့ တောင်ပံရှစ်ခုမီးလျှံကျားသာ မရှိရင် ငါတို့ ဒီလောက် လွယ်လွယ်နဲ့ ရပါ့မလား…”
“ပြောရရင်တော့ ဒီနေရာက ငါတို့လူသားတွေရဲ့ မွေးမြူရေးခြံတစ်ခုပဲ။ ဒီလိုမျိုး မွေးမြူရေးခြံတွေက ဖုန်းရှီးကျွန်းပေါ်မှာ အများကြီး ရှိသေးတယ်။ ဒါက တစ်ခုပဲ ရှိသေးတာ။ ဒီလို ကန္တာရသားရဲ မွေးမြူရေးခြံတွေ ရှိလာလို့သာ ငါတို့ ဖုန်းရှီးမြို့တော်မှာ ကန္တာရသားရဲအသားတွေ မပြတ်လပ်တာပေါ့...”
စုန့်ထန်က ပြုံးလျက် ပြောလိုက်၏။
"ခေါင်းဆောင်စုန့်... ကြားဖူးတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက ကျုပ်တို့ ဖုန်းရှီးမြို့တော် မိုးကြိုးတောင်တန်းမှာ ရှိခဲ့စဉ်က ကန္တာရသားရဲအသားတွေက အရမ်းဈေးကြီးပြီး သာမန်လူတွေ လုံးဝ မစားနိုင်ကြဘူးဆိုတာ အမှန်ပဲလား...”
တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
၎င်းမှာ အသက်ငယ်ရွယ်သူတစ်ဦး ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်းမှသာ မွေးဖွားလာသူ ဖြစ်သည်။
သူသည် မွေးဖွားကတည်းက ကြယ်ကွဲပင်လယ်၊ ဖုန်းရှီးကျွန်းတွင် ကြီးပြင်းလာခဲ့ရသဖြင့် မိုးကြိုးတောင်တန်းဆိုသည်မှာ မည်သည့်နေရာ ဖြစ်ကြောင်း မသိရှိပေ။
စာအုပ်စာပေများမှတစ်ဆင့် မိုးကြိုးတောင်တန်းနှင့် နဂါးပြာတိုက်ကြီး စသည့် သတင်းအချက်အလက်များကိုသာ သိရှိထားခြင်း ဖြစ်သည်။
"အဲဒါကတော့ အမှန်ပဲ။ အရင်တုန်းက ငါတို့ ဖုန်းရှီးမြို့တော် မိုးကြိုးတောင်တန်းမှာ ရှိစဉ်တုန်းက မိုးကြိုးတောင်တန်းမှာ ကန္တာရသားရဲတွေ အများကြီး ရှိခဲ့တယ်… ဒါပေမဲ့ အဲဒီသားရဲတွေကို အမဲလိုက်ဖို့က ဒီလောက် မလွယ်ကူလှဘူး။ မတော်တဆ အမှားအယွင်းတစ်ခု ဖြစ်တာနဲ့ ကန္တာရသားရဲတွေရဲ့ အစာဖြစ်သွားပြီး မိုးကြိုးတောင်တန်းထဲမှာတင် သေဆုံးသွားနိုင်တယ်…”
“ဖုန်းရှီးကျွန်းကို ရောက်လာပြီးတော့မှသာ ငါတို့လူသားတွေက ဒီကျွန်းကို အပိုင်စီးနိုင်ခဲ့ပြီး သားရဲတွေအားလုံးကို ထိန်းချုပ်နိုင်ခဲ့တာ။ ပြီးတော့ ကန္တာရသားရဲ မွေးမြူရေးခြံတွေကို တည်ဆောက်ပြီး သားရဲအများကြီးကို မွေးမြူနိုင်ခဲ့ကြတယ်။ အဲဒါကြောင့် ငါတို့ ကန္တာရသားရဲအသားတွေကို လွတ်လွတ်လပ်လပ် စားနိုင်လာကြတာပေါ့…”
“ဒီနေ့ခေတ်မှာဆိုရင် ငါတို့လို စိတ်ဝိညာဉ်အမြစ်မရှိတဲ့ သာမန်လူတွေတောင် ကန္တာရသားရဲအသားတွေကို စားနိုင်နေကြပြီ။ ဒီလိုဆိုရင် သာမန်လူတွေလည်း သိုင်းပညာ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိလာလိမ့်မယ်။ ပြီးရင် စိတ်ဝိညာဉ်အမြစ်ကို ပျိုးထောင်ပြီး သိုင်းပညာကနေတစ်ဆင့် တာအိုလမ်းစဉ်ထဲ ဝင်ရောက်နိုင်မှာပေါ့...”
စုန့်ထန်က သက်ပြင်းချရင်း ပြောလိုက်၏။
လူသားမျိုးနွယ်သည် သိုင်းပညာမှတစ်ဆင့် တာအိုလမ်းစဉ်သို့ ဝင်ရောက်နိုင်သော ကျင့်စဉ်များကို ရှေးယခင်ကတည်းက တီထွင်ခဲ့သော်လည်း၊ သာမန်လူသားများထဲမှ မည်မျှက သိုင်းပညာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ပြီး စိတ်ဝိညာဉ်အမြစ်ကို ပျိုးထောင်နိုင်ပါမည်နည်း။
၎င်း၏ အရေးကြီးဆုံး အကြောင်းရင်းမှာ ကျင့်ကြံခြင်း အရင်းအမြစ်များ မလုံလောက်ခြင်းကြောင့် ဖြစ်သည်။
လူသားမျိုးနွယ်သည် အားနည်းသဖြင့် ဝိညာဉ်လောက၏ ဝေးလံခေါင်သီသော ဒေသများကိုသာ စိုးမိုးနိုင်ခဲ့ကြသည်။
ထိုသို့ဖြစ်ရာ ကျင့်ကြံခြင်း အရင်းအမြစ်များမှာလည်း ပိုမို ရှားပါးလာခဲ့ရသည်။
လူသားမျိုးနွယ်စုအနေဖြင့် စွမ်းအားကို ဆုပ်ကိုင်လိုပါက အဖိုးတန်အရင်းအမြစ် မြောက်မြားစွာကို ထူးချွန်သော ပါရမီရှင်များအပေါ်တွင်သာ အလေးပေး သုံးစွဲရမည် ဖြစ်သည်။
ထိုမှသာ ပါရမီရှင်များသည် လျင်မြန်စွာ ကြီးထွားလာပြီး အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်လာနိုင်မည် မဟုတ်ပါလော။
သို့သော် ဤသို့ ပြုလုပ်ခြင်းဖြင့် သာမန်လူသားများမှာမူ ကြီးထွားရန်အခွင့်အရေး လုံးဝမရှိသလောက် ဖြစ်သွားရလေသည်။
သိုင်းပညာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနိုင်သော လူသားများမှာ အမှန်တကယ်ပင် သိပ်မရှိလှပေ။
ထူးခြားသော ပါရမီရှင် သာမန်လူအချို့သာလျှင် ဤအဆင့်သို့ အမှန်တကယ် ခြေချနိုင်ခြင်း ဖြစ်၏။
သို့သော် ယခုမူကား မတူညီတော့ချေ။
ကန္တာရသားရဲများကို အမြောက်အမြား မွေးမြူထားသောကြောင့် ဖုန်းရှီးမြို့တော်တွင် ယခုအခါ ကန္တာရသားရဲအသားများ လုံးဝ ပြတ်လပ်မှု မရှိတော့ပေ။
သာမန်လူများပင်လျှင် ဝယ်ယူစားသုံးနိုင်ကြလေသည်။
ထို့ကြောင့် ဤကာလအတွင်း ဖုန်းရှီးမြို့တော်ရှိ သာမန်လူများသည်လည်း လျင်မြန်စွာ ကြီးထွားလာကြပြီး ကျင့်ကြံခြင်းအဆင့်များမှာလည်း အဆမတန် မြင့်တက်လာခဲ့၏။
ဤသည်က သာမန်လူများကို မျှော်လင့်ချက် ရရှိစေခဲ့ပြီး ခွန်အားကြီးမားသူ အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့လေသည်။