← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) မဲညစ်သောနှလုံးသား

ကျောက်ရုံသည် ဇာတ်လမ်းဆင်ကာ အကွက်ချ၍ အလွန်သရုပ်ဆောင်ကောင်းလှသော်လည်း အဘွားကြီးကျောက်မှာမူ သူမကို အနည်းငယ်မျှပင် မယုံကြည်ပေ။ သူမသည် ဘာမှမသိနားမလည်သည့် အူတူတူအဘွားကြီး မဟုတ်ဘဲ အလွန်အကွက်စိပ်ပြီး အမြင်ရှိသူတစ်ဦး ဖြစ်၏။ သူမကိုယ်တိုင်လည်း မိုက်မဲသူတစ်ယောက် မဟုတ်သဖြင့် ဤမိန်းမ၏ ဟန်ဆောင်မျက်ရည်ခံမှုကို မည်သည့်နည်းနှင့်မျှ ယုံကြည်မည်မဟုတ်ပေ။ သို့သော်လည်း အဘွားကြီးကျောက်သည် ရင့်ကျက်နေပြီဖြစ်သော မြေခွေးအိုကြီးတစ်ကောင် ဖြစ်နေပြီဖြစ်ရာ အကြောင်းမဲ့သက်သက် ပြဿနာရှာခြင်း မပြုပေ။

ကျောက်ရုံ မည်သို့ပင် ပြောဆိုနေပါစေ၊ သူမနှင့်လည်း ဘာမှမသက်ဆိုင်ပေ၊ စိတ်ထဲတွင်လည်း လုံးဝမယုံကြည်သည်မှာ အမှန်ပင်။

တကယ်လို့သာ သွားယုံလိုက်ရင် ငါဟာ အရူးအကြီးစားပဲ ဖြစ်လိမ့်မယ်…

အဘွားကြီးကျောက်သည် ကျောက်ရုံနှင့် စကားပြောဆိုပြီးနောက်၊ ကျောက်ရုံတစ်ယောက် မျက်နှာပျက်ပျက်နှင့် ဟန်ဆောင်ကာ ပြန်သွားသည်ကို ကြည့်ပြီး ကျန်ရစ်ခဲ့သည်။ ဤမိန်းမ မည်မျှပင် သရုပ်ဆောင်နေပါစေ မိမိနှင့်မူ ဘာမှမပတ်သက်ကြောင်းကို သူမ ကောင်းကောင်းသိ၏။

“အဘွားကြီးကျောက် ဒီနေ့ညနေကျရင် နည်းနည်းနောက်ကျမှ ပြန်နော်”

ထမင်းချက်ဆောင်မှူးသည် လျှောက်လာရင်း အဘွားကြီးကျောက်နှင့် ကွက်တိတိုးသဖြင့် လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

“ဘာဖြစ်လို့လဲ...”

အဘွားကြီးကျောက် မေးလိုက်၏။

သူမအား အကြောင်းပြချက်မရှိဘဲ အချိန်ပိုဆင်းခိုင်းခြင်းမှာ မဖြစ်နိုင်ပေ။ သူမသည် မြင့်မြတ်သောအနစ်နာခံစိတ်ရှိသူမျိုး မဟုတ်ပေ…

“ဘာကိစ္စရှိလို့လဲ...”

“ညကျရင် စက်ရုံခေါင်းဆောင်တွေက ဧည့်သည်တွေကို တည်းခင်းဧည့်ခံဖို့ ရှိတယ်၊ တို့ထမင်းချက်ဆောင်မှာပဲ လုပ်မှာဆိုတော့ အဘွားကြီးတို့ အဖွဲ့ကို ကူညီဖို့ ချန်ထားခဲ့တာ”

ထမင်းချက်ဆောင်မှူးသည် အသံကိုနှိမ့်ကာ တိုးတိုးလေး ပြောဆိုလိုက်သည်။

“အကျိုးအမြတ်တော့ ရှိတာပေါ့၊ ကျန်တဲ့ ဟင်းအကြွင်းအကျန်တွေကို အိမ်သယ်သွားလို့ရတယ်”

အဘွားကြီးကျောက်၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားတော့သည်။ သူမ အားအကျဆုံးကိစ္စမှာ စားဖိုမှူးကြီးများ အနေဖြင့်စားကြွင်းစားကျန်များကို အိမ်သို့ ပြန်သယ်ဆောင်နိုင်ခြင်းပင် ဖြစ်၏။ သို့သော် ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးမျိုးသည် သူမတို့ကဲ့သို့ ဝိုင်းကူရုံသက်သက် လူများထံသို့ မည်သည့်အခါမျှ ရောက်မလာတတ်ဘဲ စားဖိုမှူးကြီးများ၏ ခံစားခွင့်သာ ဖြစ်သည်။ ထို့အပြင် စားဖိုမှူးကြီးများသည်လည်း လွန်လွန်ကျွံကျွံ မလုပ်ရဲကြပေ။

ထို့ကြောင့် ဤကဲ့သို့ ရှားရှားပါးပါး အခွင့်အရေးမျိုးနှင့် ကြုံကြိုက်

ရသဖြင့် အဘွားကြီးကျောက်သည် အလိုလိုပင် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ချက်ချင်း ပြန်ပြောလိုက်၏။

“အဆင်ပြေတာပေါ့... ကျွန်မ နေခဲ့မယ်၊ ခေါင်းဆောင်ကြီးသာ စိတ်ချလက်ချရှိစမ်းပါ… ကျွန်မ အလုပ်လုပ်ရင် ဘယ်တော့မဆို သွက်သွက်လက်လက်နဲ့ တစ်စက်ကလေးမှ လစ်ဟင်းမှုမရှိစေရဘူး… ဘယ်တော့မှ အလုပ်ပျက်ကွက်တာမျိုး မရှိစေရဘူး...”

“ကောင်းပြီ၊ ကောင်းကောင်းလေး လုပ်ကြပါ၊ ခင်ဗျားတို့ကို နစ်နာစေမှာ မဟုတ်ပါဘူး”

သူတို့ ထမင်းချက်ဆောင်သည် ပွဲထိုင်အထူးဟင်းလျာများကို များသောအားဖြင့် လုပ်လေ့လုပ်ထမရှိပေ။ အဓိကမှာ သူတို့ထမင်းချက်ဆောင်မှ စားဖိုမှူးကြီးသည် ကောင်းမွန်လှပသော ဟင်းလျာများကို သိပ်မချက်တတ်ဘဲ လူအများစာ အိုးကြီးချက်ကိုသာ ပို၍ ကျွမ်းကျင်သောကြောင့်တည်း။ သို့သော် ယနေ့ ဖိတ်ကြားထားသော ဧည့်သည်မှာလည်း ကံကောင်းထောက်မစွာဖြင့် ဤကဲ့သို့သော အရသာမျိုးကို နှစ်သက်သူ ဖြစ်နေသည်။

“တို့ထမင်းချက်ဆောင်ကသာ ပွဲထိုင်အထူးဟင်းလျာတွေ လုပ်နိုင်ရင် အကောင်းဆုံးပဲပေါ့”

ထမင်းချက်ဆောင်မှူး သက်ပြင်းတစ်ချက်ချရင်း ရေရွတ်လိုက်၏။ထမင်းချက်ဆောင်ချင်း အတူတူဖြစ်သော်လည်း သူတို့ဆီတွင် အထူးဟင်းလျာများ မလုပ်သဖြင့် ရရှိသော ရိက္ခာကုန်ကြမ်းမှာ နည်းပါးလှသည်။ ထို့ကြောင့် စားဖိုမှူးကြီးအား သေသေချာချာ လုပ်ဆောင်ရန် ထပ်ခါတလဲလဲ မှာကြားထားရ၏။

ထို့အပြင် ဝိုင်းကူရသည့် အဘွားကြီးများကိုလည်း သေသေချာချာ မှာကြားရသည်။

အဘွားကြီးကျောက် စပ်စုချင်

စိတ်ဖြင့် မေးလိုက်မိ၏။

“ဒီနေ့ည လာမယ့်သူတွေက ဘယ်သူတွေလဲ...”

“ဒီကိစ္စကို ခင်များ သိပ်စပ်စုမနေပါနဲ့၊ လူကြီးတွေကိစ္စပဲ၊ ကိုယ့်အလုပ်ကိုယ် လုပ်ရင် ရပြီ”

အဘွားကြီးကျောက်သည် မျက်စောင်းထိုးကြည့်လိုက်ပြီး ဤသို့ ဖုံးကွယ်နေခြင်းမှာ အပိုအလုပ်သာ ဖြစ်သည်ဟု တွေးမိသည်။

မပြောတော့တာနဲ့ ဘယ်သူမှ မသိနိုင်တော့မှာကြလို့… ဟွန့်

သူမသည် တိုးတိုးတိတ်တိတ် ရေရွတ်ရင်း ထမင်းချက်ဆောင်သို့ ပြန်လာခဲ့၏။ ပုံမှန်ဆိုလျှင် ယခုအချိန်၌ ထမင်းချက်ဆောင်ရှိ ပစ္စည်းများကို သိမ်းဆည်းကာ အလုပ်ဆင်းရန် ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း ယခုမူ ညစာအတွက် ဟင်းပွဲများကို တိုင်ပင်နေကြဆဲ ဖြစ်သည်။

အဘွားကြီးကျောက် ဝေ့ဝဲကြည့်လိုက်ရာ လီချန်ရွှမ်းတို့ အဖွဲ့သည် အဝတ်အစားလဲကာ အလုပ်ဆင်းရန် ပြင်ဆင်နေကြသည်ကို မြင်လိုက်ရ၏။

“ဘာလို့ ပြန်မယ့်လူတွေ ရှိနေသေးတာလဲ...”

အဘွားကြီးကျောက် မေးလိုက်သည်။

“လူအများကြီး ကူစရာမလိုပါဘူး၊ အိမ်မှာ ကိစ္စရှိတဲ့လူတွေလည်း အချိန်တန်ရင် ပြန်ကြတာပေါ့.. ဒီနေ့ လေကလည်း တော်တော်တိုက်နေတာ၊ အဝေးကြီးမှာ နေတဲ့လူတွေကတော့ စောစောပြန်ကြတာပေါ့”

အဘွားကြီးကျောက် : “ဒီနေ့ လေက တကယ်ကို ပိုပိုပြီး ပြင်းလာတာပဲ”

“ဒါပေါ့”

လူတိုင်း တစ်နေ့လုံး စောင့်ဆိုင်းနေခဲ့ကြသော တိုင်ဖွန်းမုန်တိုင်းသည် နောက်ဆုံးတွင် ရောက်ရှိလာပြီဟု ခံစားလိုက်ကြရ၏။

“လီချန်ရွှမ်း.. နင် ငါ့ချွေးမကို ပြောပေးပါဦး၊ ငါ နည်းနည်းနောက်ကျမှ ပြန်မယ်လို့”

အဘွားကြီးကျောက်သည် လှမ်းအော်ပြောလိုက်၏။

လီချန်ရွှမ်း : “ကောင်းပြီ”

သူသည် အဘွားကြီးကျောက်နှင့် စကားအများကြီး မပြောချင်သဖြင့် တစ်ချက်တည်း တုံ့ပြန်လိုက်ပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။ အကြောင်းမရှိ အကြောင်းရှာကာ အတင်းအဖျင်း သတင်းအာရုံများထဲတွင် ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်နေ၏။ သူသည် ဤအဘွားကြီးကို လုံးဝ အထင်မကြီးပေ။ ဤအဘွားကြီးသည် ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေသော အဘွားကြီးတစ်ဦးသာ ဖြစ်သည်။

“လီချန်ရွှမ်းက ဘာလို့ အဲဒီလောက် အလျင်စလို သွားရတာလဲ”

“ဘယ်သူသိမှာလဲ”

လီချန်ရွှမ်း ဘာလို့ ဒီလောက် အလောတကြီး ထွက်သွားတာလဲဆိုတာ သရဲပဲ သိပေလိမ့်မယ်…

အဘွားကြီးကျောက် : “လီချန်ရွှမ်းဆိုတဲ့လူကတော့လေ၊ ဟဲဟဲ”

အဘွားကြီးစွန်း : “ဘာလဲ... အတင်းအဖျင်း သတင်း ရှိလို့လား...”

အဘွားကြီးကျောက်၏ အထင်သေးစောင်းမြောင်းနေသော ပုံစံကို ကြည့်ရုံဖြင့် တစ်ခုခုရှိနေသည်မှာ သိသာလှသည်။

အဘွားကြီးကျောက် : “အဲဒါက ဘာအတင်းအဖျင်း ဖြစ်ရမှာလဲ၊ ဘယ်လို အတင်းအဖျင်းမျိုးကမှ ချဲယုံဖုန်းရဲ့ အစွမ်းအစကို မကျော်နိုင်ပါဘူးအေ...”

လူတိုင်း ချက်ချင်းပင် သဘောပေါက်သော အပြုံးများဖြင့် ရယ်မောလိုက်ကြတော့သည်။ ချဲယုံဖုန်း၏ ကိစ္စကို လူတိုင်း သိရှိကြပြီး ဖြစ်၏။ လူတိုင်းမှာ မယုံနိုင်စရာ ကောင်းလှသည်ဟု တွေးကာ စုဝေးပြီး တိုးတိုးတိတ်တိတ်ဖြင့် အဓိပ္ပာယ်ပါပါ ပြုံးနေကြသည်။ သို့သော် ယနေ့၏ ပွဲက ဤမျှနှင့် မဆုံးသေးပေ။

လူတိုင်းသည် အဘွားကြီးကျောက်ကို တစ်ဖန် ပြန်ကြည့်လိုက်ကြ၏။ ဤအဘွားကြီးသည် ယောက်ျားတစ်ယောက်၏ အရေးကြီးသော နေရာကို လေပွေကန်ချက်ဖြင့် တည့်တည့်ကန်ခဲ့သူ ဖြစ်ရာ လျှော့တွက်၍ မရနိုင်ပေ။

မပြိုင်ရဲပါဘူး… မပြိုင်ရဲပါဘူး… ခင်များက တကယ်စွမ်းပါတယ်…

အဘွားကြီးကျောက် : “ဒီနေ့ည ဘာကောင်းတာတွေ ရှိမလဲ မသိဘူး၊ တို့တွေလည်း နည်းနည်းပါးပါး ခွဲဝေရမလားပဲ… ငါကတော့ အသားဟင်းလေးပဲ စားချင်တယ်”

“ဘယ်သူကကော အသားမစားချင်ဘဲ နေမှာလဲ... ကောင်းတာဆိုရင် လူတိုင်း လိုချင်ကြတာပဲ”

လူတိုင်း စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြတော့သည်။ အဘွားကြီးကျောက်ကဲ့သို့ လီချန်ရွှမ်းတစ်ယောက် ယနေ့ည မကျန်ရစ်ခဲ့သည်မှာ သူ၌ တကယ်ပင် ကိစ္စရှိနေ၍ ဖြစ်၏။ လျိုကျင့်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ရာ သူသည် အားဆေးအချို့ သွားဝယ်ရန် စီစဉ်ထားသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်ဆောင်သည်၏ အာဟာရကိုပြည့်ဝအောင် ဖြည့်ဆည်းပေးရမည် မဟုတ်လော့။

အပြင်ဘက်တွင် လေသည် ပြင်းထန်နေပြီ ဖြစ်၏။ သူတို့၏ ပေကျင်းမြို့တော်တွင် တိုင်ဖွန်းမုန်တိုင်းဟူသည်မှာ အလွန်ရှားပါးလှသဖြင့် ဤသတင်းကို ကြားရသောအခါ လူတိုင်း ရန်သူကို ရင်ဆိုင်ရသကဲ့သို့ ပြင်ဆင်နေကြသည်။ ထို့ကြောင့် လမ်းပေါ်တွင် လူသူသိပ်မရှိလှပေ။ လီချန်ရွှမ်းသည် လမ်းတစ်လျှောက် အလျင်အမြန် လျှောက်လှမ်းနေပြီး ရင်ထဲတွင်မူ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နေမိ၏။

သူ့တွင် သားယောက်ျားလေး ရတော့မည် ဖြစ်သည်။ ယင်းသည် သူ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ရသော ကိစ္စကြီးဖြစ်၏။ ဗိုက်ထဲရှိ ကလေးသည် သားယောက်ျားလေး ဟုတ်မဟုတ် မသေချာသေးသော်လည်း သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသည်။ သူသည် သမီးသုံးယောက် ဆက်တိုက်မွေးပြီး သားမွေးမည့် ကံမပါသော ဝမ်ကျန့်ကော် ကဲ့သို့သောသူမျိုး လုံးဝမဟုတ်ပေ။ လွန်ခဲ့သော နှစ်များ၌ ဗေဒင်ဆရာသည်ပင် သူ့ကို ချမ်းသာမည့် ကံဇာတာရှိပြီး သားသမီး စုံလင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ဖူး၏။ ထို့ကြောင့် သူ၏ကံဇာတာသည် သားရမည့်ကံ ပါကိုပါလေသည်။

ကြည့်စမ်းပါဦး၊ သားသမီး စုံလင်လိမ့်မည်ဆိုတဲ့ စကားကို…

သမီးတစ်ယောက်.. သားတစ်ယောက် ဘယ်သူက သူ့လောက် ကံကောင်းခြင်းကို ခံစားရမှာလဲ…

လင်စန်းရှင်း ကလေးမမွေးနိုင်သော်လည်း သူသည်ကား မွေးနိုင်သည်မှာ အမှန်ပင်။

ကြည့်လေ… လျိုကျင့် ကိုယ်ဝန်ရှိလာပြီ မဟုတ်ဘူးလား…

လျိုကျင့်သည် သနားစရာ ကောင်းသော ဘဝပိုင်ရှင် ဖြစ်သော်လည်း မိန်းမကောင်း တစ်ယောက် ဖြစ်သည်ကို သူ အသေအချာ သိ၏။ အကယ်၍ ကျန်းရှင်းဖှသာ လာရောက် မနှောင့်ယှက်ပါက သူမ ဤအခြေအနေအထိ ရောက်ရှိလာစရာ အကြောင်းမရှိပေ။ အမှန်တကယ်၌ လီချန်ရွှမ်းနှင့် လျိုကျင့်တို့၏ ပတ်သက်မှုမှာ အမှတ်မထင် လွဲမှားမှုတစ်ခုကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။

သူမသည် သူ့ကို သူမ၏ ယောက်ျားဟု မှားယွင်းမှတ်ထင်ကာ ဖက်လိုက်မိခြင်း ဖြစ်၏။

သူတို့နှစ်ဦးစလုံး အခြေအနေ အမှားကို ချက်ချင်း သိရှိသွားကြသော်လည်း ထိုအကြောင်းကြောင့်ပင် အဆက်အသွယ် ရှိလာခဲ့ကြပြီး မကြာမီမှာပင် အတူတူ ပေါင်းဖက်မိကြတော့သည်။

အချစ်ရေးဟူသည်မှာ လူတို့ စိတ်တိုင်းကျ စီမံ၍ မရနိုင်ပါတကား… ကံကြမ္မာ၏လှည့်ကွက်အောက်တွင်သာ ရေစက်ဆုံခဲ့ကြရ၏…

လီချန်ရွှမ်းသည် လျိုကျင့်ကို တွေးမိတိုင်း ရင်ထဲတွင် ဖိုးသိုးဖတ်သတ် ရှိလှသည်။ ယနေ့တွင် ကျန်းရှင်းဖှသည် အဘွားကြီးကျောက်၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသည်ကို တွေးမိသောအခါ သူသည် အလွန်တရာ ဝမ်းမြောက်မိပြန်၏။ ဤသည်မှာ တကယ့်ကို ကောင်းမွန်လှပေသည်။ လျိုကျင့်ကို အမြဲတမ်း အနိုင်ကျင့်နေသော ထိုလူသည် ယခုတော့ တကယ့်ကို ဝဋ်လည်သွားရလေ၏။

သူ့ကို လုံးဝ ပျက်စီးသွားအောင် ကန်လိုက်သင့်တာ…

နှမြောစရာကောင်းသည်မှာ လုံးဝ ပျက်စီးမသွားခြင်းပင် ဖြစ်သည်။

လီချန်ရွှမ်း စိတ်ထဲမှ ရေရွတ်နေမိသော်လည်း လူမှာ အလွန်ပျော်ရွှင်နေ၏။ မိမိ၏ ရန်သူ ပြာကျသွားသည်ထက် ပို၍ ပျော်စရာကောင်းသော အရာ မည်သည့်အရာ ရှိပါဦးမည်နည်း။

မကြာသေးမီတွင် သားဖြစ်သူ၏ ကိစ္စကြောင့် လီချန်ရွှမ်းသည် တကယ်ပင် အလွန်တရာ ပျော်ရွှင်နေပြီး နေ့တိုင်း စိတ်ရွှင်လန်းနေခဲ့သည်။ သူသည် လမ်းကို အမြန်လျှောက်လာခဲ့ရာ မမျှော်လင့်ဘဲ လမ်း၌ ကျန်းရှင်းဖှနှင့် ဆုံမိလေ၏။

အဘိုးကြီးကျန်းသည် ကျန်းရှင်းဖှကို တွဲထားပြီး၊ ကျန်းရှင်းဖှမှာမူ ပေါင်ကိုကပ်ကာ မိန်းမလျာတစ်ဦးကဲ့သို့ အလွန်ပင် နှေးကွေးသော ခြေလှမ်းအသေးလေးများဖြင့် လျှောက်လှမ်းနေသည်။

အဘိုးကြီးကျန်းလည်း လီချန်ရွှမ်းကို မြင်လိုက်ရသဖြင့် လှမ်းနှုတ်ဆက်လိုက်၏။

“ညီလေးလီ အလုပ်ဆင်းလာပြီလား”

လီချန်ရွှမ်း ကျန်းရှင်းဖှကို ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြကာ

“အင်း၊ ကျွန်တော်တို့ထမင်းချက်ဆောင်က အလုပ်ဆင်းပြီ၊ ခင်ဗျားတို့က ခွင့်တိုင်ထားတာလား...”

“ဟုတ်တယ်...”

အဘိုးကြီးကျန်းသည် ဤကိစ္စကို တွေးမိတိုင်း ဒေါသထွက်မိ၏။

“ငါ့သား ရှင်းဖှက သိပ်နေလို့မကောင်းလို့၊ အိမ်မှာ နားနားနေနေ နေဖို့ ခွင့်တိုင်ပြီး ခေါ်လာတာ”

ဤအချက်ကို ပြောမိသောအခါ အဘိုးကြီးကျန်း စိတ်ထဲတွင် အလွန်တရာ ဒေါသထွက်မိပြီး အဘွားကြီးကျောက်ကို ရိုက်သတ်ချင်စိတ်ပေါက်သွားသည်။

ထိုအဘွားအိုကြီးသည် သူတို့မိသားစုအပေါ် တကယ့်ကို ရက်ရက်စက်စက် ပြုမူခဲ့ခြင်း ဖြစ်ပြီး လူစိတ်မရှိလှပေ။

“ငါတို့မိသားစုကတော့ တကယ့်ကို အကြောင်းမဲ့သက်သက် ဘေးဒုက္ခကြုံရတာပဲ”

လီချန်ရွှမ်း : “ခင်ဗျားတို့လည်း မလွယ်ပါဘူး”

“အဲဒါ ပြောတာပေါ့”

နှစ်ဦးစလုံးတွင် ကိုယ်စီ စိတ်ကူးများ ရှိကြ၏။

“ဒါနဲ့၊ မင်းက ပုံမှန်ဆိုရင် တော်တော်နဲ့ မပြန်ဘဲ အဘွားကြီးကျောက်နဲ့ လမ်းမတူအောင် ရှောင်တတ်တာ မဟုတ်လား... ဒီနေ့ ဘာလို့ အဲဒီလောက် စောစောပြန်တာလဲ”

အဘိုးကြီးကျန်း မေးလိုက်လေသည်။

လီချန်ရွှမ်း : “ကျွန်တော်တို့ထမင်းချက်ဆောင်မှာ ဒီနေ့ည ဧည့်ခံပွဲရှိတယ်၊ အဘွားကြီးကျောက်ကတော့ ကူညီဖို့ နေခဲ့တယ်.. ကျွန်တော်က တခြားကိစ္စလေး ရှိလို့ တန်းပြန်လာတာ၊ ကိစ္စသာမရှိရင် ကျွန်တော်လည်း ထမင်းချက်ဆောင်မှာ နေခဲ့မှာပေါ့… အော် ဒါနဲ့၊ ခင်ဗျားတို့ ကြုံရင် ရှောင်ချန်ကို စကားပါးပေးပါဦး၊ အဘွားကြီးကျောက်က နည်းနည်းနောက်ကျမှ ပြန်လာမှာမို့လို့ သူ့ကို စောင့်မနေဘဲ ထမင်းစားနှင့်တော့လို့… အဘွားကြီးကျောက် ကျွန်တော့်ကို စကားပါးခိုင်းလိုက်တာ၊ ဒါပေမဲ့ ကျွန်တော် ကိစ္စရှိလို့ ချက်ချင်း အိမ်မပြန်နိုင်သေးလို့.. ခင်ဗျားတို့ကိုပဲ အကူအညီတောင်းပါရစေ”

“ထမင်းချက်ဆောင်မှာ ဧည့်ခံပွဲရှိတယ်...”

“အင်း၊ ရှိတယ်...”

သူတို့ထမင်းချက်ဆောင်တွင် ဧည့်ခံပွဲဟူသည်မှာ အလွန်ရှားပါးသဖြင့် လီချန်ရွှမ်းလည်း အံ့ဩမိသည်။ သို့သော် သူသည် ယနေ့ မဖြစ်မနေ သွားရမည် ဖြစ်ပြီး နောက်ကျ၍ မရပေ။ သူသည် ကောင်းမွန်သော ပစ္စည်းအချို့ကို မှာယူထားသဖြင့် ယနေ့ သွားရောက် ယူဆောင်ရမည်ဖြစ်ပြီး လျိုကျင့်ကိုမနစ်နာစေချင်ပေ။

“ခင်ဗျားတို့ အိမ်ပြန်မှာမလား... စကားပါးပေးလို့ ရမလား...”

လီချန်းရွှမ်း မေးလိုက်၏။

ကျန်းသားအဖ နှစ်ယောက်စလုံး ခေါင်းငြိမ့်ကာ သဘောတူလိုက်ကြသည်။

လီချန်ရွှမ်းသည် ကိစ္စကို လွှဲအပ်ပြီးနောက် ဝမ်းသာအားရဖြင့် နှုတ်ဆက် ထွက်ခွါသွားတော့၏။

“ဒါဆိုရင် ငါ အရင်သွားပြီ၊ ငါ့မှာ ကိစ္စရှိသေးလို့”

ကျန်းသားအဖ နှစ်ယောက်သည်လည်း လက်ပြကာ နှုတ်ဆက်လိုက်ကြသည်။

ကျန်းရှင်းဖှ မျက်လုံးကို အနည်းငယ်မှေးကာ…

“ထမင်းချက်ဆောင်မှာ ဒီနေ့ ဧည့်ခံပွဲရှိတယ်၊ အဘွားကြီးကျောက်က နောက်ကျမှ ပြန်လာမယ်ပေါ့”

အဘိုးကြီးကျန်း စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး သတိပေးပြောဆိုလေသည်။

“ရှင်းဖှ မင်း လျှောက်မလုပ်နဲ့ဦးနော်… မင်း အဲဒီမုဆိုးမလေးအပေါ် စိတ်ရှိနေတာ ငါသိတယ်၊ ဒါပေမဲ့ မင်းသာ လျှောက်လုပ်ရင် ပြဿနာတက်လိမ့်မယ်၊ အဘွားကြီးကျောက်က အလျှော့ပေးမယ့်လူ မဟုတ်ဘူး.. အဲဒီမုဆိုးမလေးက လင်းကျန့်ဝမ်အပေါ် အချစ်ကြီးရှာတာ၊ မင်းသာ သွားပြီး ရမ်းကားရင် သူမက မင်းနဲ့ အသေအလဲ တိုက်ခိုက်လိမ့်မယ်… ကာမဂုဏ် မက်မောတာ မက်မောတာပဲ၊ အသက်ကိုတော့ မစတေးနဲ့ဦး၊ ငါ့မှာ မင်းတစ်ယောက်တည်း သားရှိတာ၊ မင်း လူရမ်းကားလုပ်ပြီး ထောင်ထဲမဝင်စေနဲ့၊ ငါ အရှက်မကွဲချင်ဘူး… သေဒဏ်ပေးခံရရင် ဘယ်လိုလုပ်မလဲ... မင်း သတိထားဦး၊ လျှောက်မလုပ်နဲ့...”

အဘိုးကြီးကျန်းသည် အလွန်တရာ ဖြောင့်မတ်မှန်ကန်သော လူမျိုး မဟုတ်ကာ၊ သတ္တိပြောင်မြောက်သူလည်း မဟုတ်ပေ။ သူတပါး၏ တင်ပါးကို လိုက်ကြည့်ရုံမျှကိုသာ သူလုပ်ရဲပြီး၊ ထို့ထက်ပို၍ လုပ်ရန်မူ လုံးဝမဝံ့ရဲချေ။ အပြင်တွင် စိတ်ကူးယဉ်ပြီး မိန်းမရှာချင်လျှင်ပင် သူ ပထမဆုံး လုပ်မည့်အရာမှာ အဘွားကြီးဟွမ်ကို ကွာရှင်းရန် ဖြားယောင်းခြင်း ဖြစ်သည်။ သူ ကွာရှင်းပြီးမှ မိန်းမရှာလျှင် ပုံမှန်ဖြစ်သော်လည်း မကွာရှင်းဘဲ လုပ်ပါက အကြီးအကျယ် မှားယွင်းသွားမည်ဖြစ်ပြီး သူတပါး တိုင်တန်းလျှင် အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။ သူသည် လက်ရှိ ကွာရှင်းထားသည် ဆိုသော်ငြား အဘွားကြီးဟွမ်နှင့် အတူတူနေနေသေးသည်။ ထို့ကြောင့် အဘိုးကြီးကျန်းသည် ဤအချက်တွင် အလွန်ပင် ပြတ်သား၏။

“မင်း မဟုတ်ကဟုတ်ကတွေ လျှောက်မတွေးနဲ့၊ အဲဒီမုဆိုးမလေးဆီကို လုံးဝ သွားမရှာနဲ့”

ကျန်းရှင်းဖှ ဒေါသတကြီးဖြင့် အော်ဟစ်ကာ

“အဖေကလည်း ဘာတွေလျှောက်ပြောနေတာလဲ... ကျွန်တော့်ရဲ့ အခုလို အခြေအနေနဲ့ အဲဒီမုဆိုးမလေးဆီ သွားရှာရင်ကော ဘာလုပ်နိုင်မှာမို့လို့လဲ...”

အဘိုးကြီးကျန်း : “ဪ… ဟုတ်သား… လောလောဆယ် မင်းဟာက အသုံးမှမဝင်တာ”

တော်သေးတာပေါ့ ဒါဆိုရင် စိတ်ချရပါပြီ… သူဘာမှ မလုပ်နိုင်တော့ဘူး…

သူ့သားတွင် ဤမျှ သတ္တိမရှိကြောင်း အဘိုးကြီးကျန်း သိလေသည်။

ကျန်းရှင်းဖှမှာ ပြောစရာစကားပင် ပျောက်ဆုံးသွားရ၏။

သူသည် မိမိ၏ အဖေအရင်းကို အေးစက်စွာ ကြည့်ရင်း

“အဖေက ဘာသဘောလဲ... ကျွန်တော့်ရဲ့ နေရာက ပျက်စီးလုနီးပါး ဖြစ်သွားတာ အဖေသိရဲ့သားနဲ့၊ အဲဒီအဘွားကြီးက ကျွန်တော့်ကို ဒီလောက်ကြီး ဒဏ်ရာရအောင် လုပ်ထားတာကို ဒီအတိုင်း လွှတ်ထားရမလား... အိမ်မက်မက်နေလိုက်.. ကျွန်တော်ကတော့ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး... ခဲယဉ်းလှတဲ့ အခွင့်အရေးနဲ့ ကြုံတုန်း၊ သူက ဒီနေ့ည အိမ်ပြန်နောက်ကျမှာ သေချာတယ်၊ တို့တွေ ဒါကို အသုံးချလို့ရတယ်”

ကျန်းရှင်းဖှသည် အဘွားကြီးကျောက်ကို ပညာပေးနိုင်မည့် အခွင့်အရေးကို တွေးမိသောအခါ တကယ့်ကို ကျေနပ်အားရမိသည်။

လူ့ဘဝတွင် အပျော်ဆုံးအရာမှာ ကလဲ့စားချေနိုင်ခြင်းပင် ဖြစ်၏။

“မင်း ဘာလုပ်ချင်လို့လဲ... မင်း အဘွားကြီးကျောက်အပေါ် မဟုတ်တာ ကြံစည်ချင်တာတော့ မဟုတ်ပါဘူးနော်”

ထိုသို့ ပြောမိသောအခါ အဘိုးကြီးကျန်းသည် သားဖြစ်သူကို ထိတ်လန့်တကြား ကြည့်ရင်း တိုးတိုးလေး ကျိန်ဆဲလိုက်မိ၏။

“မင်းက တကယ်ကို ဆာလောင်မွတ်သိပ်နေတာပဲ......... မင်းက ဒီလောက်တောင် အစားမရွေးဘူးလား... မင်း ဘာလုပ်မလို့လဲ... ငါ့ကို ပြောစမ်းပါဦး၊ မင်းက အဘွားကြီးကျောက်ကိုတောင် မြည်းစမ်းချင်နေတာလား... သားရေ... မင်း အဲဒီလိုတော့ မလုပ်ပါနဲ့ဦး”

အဘိုးကြီးကျန်းသည် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး မိမိ သေသွားလျှင်ပင် သားဖြစ်သူကို ဤကဲ့သို့သော အမှုကို မကျူးလွန်စေရဟု ဆုံးဖြတ်လိုက်သည်။

သူက အဘွားကြီးကျောက်အပေါ် မဟုတ်တာ ကြံစည်ချင်နေတာလား၊ ရူးသွားပြီ၊ တကယ်ကို ရူးသွားပြီ…

ကျန်းရှင်းဖှမှာ အဘိုးကြီးကျန်းကို အချိန်အတော်ကြာ ဆွံ့အကြောင်ငေးကြည့်နေပြီးမှ…အော်ဟစ်ပေါက်ကွဲတော့၏။

“အဖေ... ငါ့အဖေရေ.. ရူးနေတာလား... အဖေပဲ ရူးနေတာ... ကျွန်တော်က သူ့ကို ပညာပေးမယ်လို့ ပြောတာက တကယ်ကို ပညာပေးချင်လို့ ပြောတာ.. ရိုက်နှက်ဆုံးမမယ့် ပညာပေးမျိုးကို ပြောတာပါဗျ... နေပါဦး၊ အဖေက စိတ်ထဲ ဘာတွေ လျှောက်တွေးနေတာလဲ... ကျွန်တော်က သူ့အပေါ် ဘာလုပ်နိုင်မှာမို့လို့လဲ... ကျွန်တော်က ဘယ်လောက်တောင် အစားငတ်နေလို့ အဘွားကြီးကို ကြံစည်ရမှာလဲ... ကျွန်တော့်ရဲ့နေရာက ပျက်စီးလုနီးပါး ဖြစ်နေတာ၊ အခုအချိန်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြုစုရမယ့် အချိန်လေ.. ကျွန်တော်က ကိုယ့်ကျန်းမာရေးကိုယ် မငဲ့ကွက်ဘဲ နေမလား... အခုသေသေချာချာ ပြန်မကုရင် နောက်ကျရင် အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်လို့ ဆရာဝန်က ပြောထားတယ်...”

သူ့အောက်ပိုင်းမှာ လုံးဝ ပျက်စီးသွားခြင်း မရှိသော်လည်း တစ်စက်ကလေးမှ ဒဏ်ရာမရဟု ဆိုလိုခြင်း မဟုတ်ပေ။ ထို့ကြောင့် ကျန်းရှင်းဖှသည် အခြေအနေကို ကောင်းကောင်းသိသဖြင့် ထပ်မံ၍ ပြဿနာအဖြစ်မခံနိုင်တော့ပေ။

အဘိုးကြီးကျန်း ရှက်ကိုးရှက်ကန်းဖြင့်

“ငါက မင်းကို တမင်တကာ အထင်လွဲတာ မဟုတ်ပါဘူး၊ မင်းကိုယ်တိုင်ကလည်း စကားကို ဝေဝေဝါးဝါး ပြောတာကိုး”

ကျန်းရှင်းဖှမှာ နှာခေါင်းရှုံ့လိုက်မိ၏။

“ဟ..”

“မင်းက အဲဒီလိုစိတ် မရှိဘူးဆိုရင်တောင် ဒီလိုကိစ္စကို မလုပ်သင့်ဘူးလို့ ငါထင်တယ်။ အကယ်၍ သူတပါး သိသွားရင် ဘယ်လိုလုပ်မလဲ... မင်း ဒါကို ထည့်မတွေးဘူးလား... ဒါက တကယ်ကို မလုပ်သင့်တဲ့ ကိစ္စပဲ”

အဘိုးကြီးကျန်း ဆက်လက်ဖြောင်းဖျလိုက်ပြန်သည်။

သူ့အဖေသည် ဤကဲ့သို့ပင် တကယ့်ကို အသုံးမကျလှဘဲ အမြဲတမ်း သူ့ခြေထောက်ကို ဆွဲထားတတ်သူ ဖြစ်၏။ (လုပ်ချင်တာကို လမ်းပိတ်တာကို ပြောတာပါ)

“သူက ဒီနေ့ ကျွန်တော့်ကို လာပြီး ကံဆိုးအောင် လုပ်တယ်၊ ကျွန်တော့်မှာ သားသမီးမထွန်းကားတော့မယ့် အခြေအနေ ရောက်လုနီးပါး ဖြစ်ခဲ့တာကို အဖေက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေတာလား... အဖေက တကယ့်ကို သူရဲဘောကြောင်တာပဲ... ဒီလောက်တောင် သူရဲဘောကြောင်နေမှတော့ အသက်ရှင်နေတာ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ... သေလိုက်တာကမှ ကောင်းဦးမယ်”

ကျန်းရှင်းဖှ ဒေါသတကြီး ဆဲရေးလိုက်၏။

အဘိုးကြီးကျန်း : “…”

“မင်းက အဖေအရင်းကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့...”

အဘိုးကြီးကျန်း ပြောဆိုကာ သားအဖနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မကျေမနပ်ဖြစ်ပြီး စကားများကြတော့၏။

“ငါက မင်းမှာ တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပါ...”

အဘိုးကြီးကျန်း ပြောလိုက်စဉ် ကျန်းရှင်းဖှသည် ပြန်ပက်လိုက်လေသည်။

“ကျွန်တော့်မှာ ဘာဖြစ်စရာ ရှိလို့လဲ... ကျွန်တော့်ရဲ့ ဦးနှောက်က ဘာဖြစ်သွားမှာမို့လို့လဲ... အဖေက အသေးအဖွဲလေးကို အကြီးအကျယ် လုပ်နေတာ”

အဘိုးကြီးကျန်း : “မဟုတ်ဘူး၊ ဒါက လုံးဝ မဖြစ်သင့်ဘူး”

“ကျွန်တော့်ကို လာမတားနဲ့တော့... ကျွန်တော် အဲဒီသေခါနီး အဘွားကြီးကို ပညာမပေးရင် သူက ကျွန်တော့်ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေလိမ့်မယ်… ဒါက ရှားရှားပါးပါး အခွင့်အရေးပဲ၊ ကံတရားက ဖန်တီးပေးလိုက်တာ၊ ကံတရားကို ဆန့်ကျင်ဖို့ ခက်တယ်… အဖေက ကျွန်တော့်ကိုမကူညီတဲ့အပြင် တဂျီဂျီနဲ့ နားပူနားဆာ လုပ်နေတာ၊ ဒါ ဘာအဓိပ္ပာယ်လဲ...”

ကျန်းရှင်းဖှ စိတ်မရှည်လာကာ အော်ဟစ်လိုက်လေသည်။

“ဒါပေမဲ့…”

“ဒါပေမဲ့တွေ အများကြီး လုပ်မနေနဲ့တော့… စဉ်းစားကြည့်လေ၊ အကယ်၍ ကံတရားက ဖန်တီးပေးတာ မဟုတ်ရင် ကျွန်တော်တို့တွေက ဒါကို ဘယ်လိုလုပ်ပြီး ရုတ်တရက် သိမှာလဲ... ဒါက ဘုရားသခင်က ကျွန်တော်တို့ကို လမ်းညွှန်ပေးလိုက်တာပဲ… ဘုရားသခင်က လမ်းညွှန်ပေးတယ်ဆိုမှတော့ ကျွန်တော်တို့တွေက လက်တုံ့ပြန်ဖို့ပဲ ရှိတာပေါ့”

ကျန်းရှင်းဖှသည် ဆက်လက်၍ ဖြောင်းဖျ နားသွင်းပြန်ကာ

“အဖေ၊ အဖေက ဘာလို့ ဒီလောက်တောင် သူရဲဘောကြောင်နေရတာလဲ... အဘွားကြီးတစ်ယောက်ကိုတောင် မရင်ဆိုင်ရဲဘူးလား… အဲ့ဒီသေခါနီးကြီးက အဖေ့အပေါ် ဘယ်လိုပြုမူခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ဦး.. အဖေ့ကို အများကြီး ဒုက္ခပေးခဲ့တာ၊ အဖေ့အကြောင်း အတင်းအဖျင်းတွေတောင် လျှောက်ဖြန့်ခဲ့တာကို အဖေက ဒီအတိုင်း လွှတ်ထားမလို့လား... အဖေနဲ့ လူညံ့တစ်ယောက်နဲ့ ဘာထူးလဲ...”

ကျန်းရှင်းဖှ : “အဖေ၊ အဖေသာ ကျွန်တော်နဲ့အတူ ရှိနေရင် တို့သားအဖနှစ်ယောက် ပေါင်းပြီး သူ့ကို သေသေချာချာ နှိမ်နင်းနိုင်မှာ အမှန်ပဲ”

အဘိုးကြီးကျန်းသည် အလွန်တရာ တွေဝေကာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားတော့သည်။ သူသည် သတ္တိရှိလှသူ မဟုတ်သဖြင့် ဤစကားများအပေါ် အလွန်အမင်း စိတ်မလှုပ်ရှားသော်လည်း သားဖြစ်သူ ပြောသည်မှာလည်း ကျိုးကြောင်းဆီလျော်မှု ရှိနေသကဲ့သို့ ခံစားရ၏။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် အဘိုးကြီးကျန်း နောက်ဆုံးတွင် အသံကိုနှိမ့်ကာ မေးလိုက်သည်။

“မင်း တကယ်ပဲ အမှားအယွင်းမရှိ စိတ်ချရတယ်လို့ အာမခံနိုင်လား...”

“အာမခံနိုင်တာပေါ့၊ သေချာပေါက် အာမခံနိုင်တယ်.. ဒါက ဘာဆန်းလို့လဲ... ဒီလို အသေးအဖွဲကိစ္စမျိုးကို ကျွန်တော် ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်”

“ဒါဆို မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ...”

“သူက ဒီနေ့ အလုပ်ဆင်းနောက်ကျတယ်၊ ရာသီဥတုကလည်း မကောင်းဘူး.. ကျွန်တော်တို့တွေ အိမ်အပြန်လမ်းမှာ ခြုံခိုစောင့်နေပြီး သူ့ကို မြင်တာနဲ့ ခေါင်းကို အိတ်နဲ့စွပ်

ပစ်မယ်…အဖေ ဘယ်လိုထင်လဲ...”

အဘိုးကြီးကျန်း “…”

နေပါဦး … ဒါက အစီအစဉ်လား.. သောက်ကျိုးနည်း… နင့်မေကလွှားထဲမှ.. ဘာအကွက်မှလည်း မရှိပါလား…

“သူက ငါတို့ကို မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ... ငါတို့တွေ ဘယ်လို ရှင်းပြမလဲ...”

အဘိုးကြီးကျန်း မေးလိုက်ရာ…

“ရှင်းပြနေစရာ မလိုဘူး... သူ သိမှာ မဟုတ်ပါဘူး.. ကျွန်တော်တို့တွေ အိတ်စွပ်ပြီး ရိုက်နှက်မယ်၊ ပြီးရင် အိမ်သာကျင်းထဲကို တွန်းချပစ်မယ်။ ဒါဆို ရပြီ”

ကျန်းရှင်းဖှသည် အဘွားကြီးကျောက်အား တကယ့်ကို နောင်ကျဉ်သွားအောင် လုပ်မည်ဟု ကျိန်ဆိုထားသည်။ သူမသာ ဒုက္ခရောက်ပါက သူ စိတ်နာရကျိုး နပ်မည်မဟုတ်ပေ…

သူသည် ယနေ့တွင် အရှက်တကွဲ ဖြစ်ခဲ့ရသဖြင့် မိမိ၏ ဒေါသကို ပြေပျောက်စေရန် အဘွားကြီးကျောက်အား ပို၍ ဒုက္ခရောက်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထား၏။ မစင်တွင်းထဲသို့ တွန်းချပစ်ခြင်းထက် ပို၍ ကောင်းမွန်သော အရာ မရှိပေ။ မည်သို့ပင်ဖြစ်စေ ယင်းသည် သူတို့ရပ်ကွက်တွင် အရှက်ရဆုံး ကိစ္စရပ် ဖြစ်သည်။

“ဒီလို ရာသီဥတုမျိုးမှာ လူကတော့ တစ်ညတည်းနဲ့ သေသွားမှာ မဟုတ်ပါဘူး”

အဘိုးကြီးကျန်း“...”

လူသေခြင်း၊ မသေခြင်းသည် အဓိကမဟုတ်ပေ။ မည်သည်ကိုမှ ကြိုတင်ပြင်ဆင်မှုမရှိဘဲ လူတစ်ယောက်ကို မစင်တွင်းထဲ တွန်းချဖို့ဆိုသည်မှာ တကယ့်ကို ရွံရှာဖွယ်ကောင်းလှသည်။ သူ မလုပ်ချင်ပေ… အလွန်ပင် အရှက်သိက္ခာ မရှိလှဟု ခံစားရသည်။ သူ.. အဘိုးကြီးကျန်းသည် မည်သို့ပင်ဖြစ်စေ သိက္ခာရှိသော လူတစ်ယောက်သာ…

“ငါကတော့ ခံစားရတာ...”

“အဖေ ဘာခံစားရလဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် ဘာတွေးလဲဆိုတာပဲ အဓိကပဲ.. ကျွန်တော် ဘယ်လိုလူလဲဆိုတာ အဖေ သိသင့်တယ်.. ကျွန်တော်က ကလဲ့စားချေတတ်တဲ့ လူစားမျိုး၊ အခုလို ဖြစ်သွားတာကို ဒီအတိုင်း လွှတ်ထားလိုက်ရင် ကျွန်တော် ခံစားခဲ့ရတဲ့ ဒုက္ခတွေက အလကား ဖြစ်ကုန်မှာပေါ့”

ကျန်းရှင်းဖှ ; “အဖေ၊ အဖေ ကျွန်တော်နဲ့ လိုက်မလား၊ မလိုက်ဘူးလား... အဖေ မလိုက်ရင် ကျွန်တော် တခြားလူ သွားရှာတော့မယ်”

“ဒါဆိုရင်လည်း တခြားလူပဲ သွားရှာပါတော့.. ငါကတော့ တကယ်ကို မလုပ်နိုင်ဘူး။ မင်း တခြားလူရှာရင် ငါ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ်၊ ငါတို့မိသားစုက နှစ်ယောက်စလုံး အတူတူ သွားလုပ်လို့ မဖြစ်ဘူး၊ မဟုတ်ရင် အမှုပေါ်သွားရင် တို့တစ်မိသားစုလုံး သွားပြီ.. မင်းက မဖြစ်မနေ သွားချင်တယ်ဆိုရင်တော့ ငါမတားတော့ဘူး.. ဘာပဲဖြစ်ဖြစ် ငါကတော့ ဘာမှမသိဘူးပေါ့၊ အကယ်၍ တစ်ခုခု လွဲချော်သွားရင် ငါ မင်းကို အကာအကွယ်ပေးလို့ရတာပေါ့..မင်း ဘာတွေးလဲ...”

ဘာအကာအကွယ်ပေးရမှာလဲ… သောက်ကျိုးနည်း… ငါ့ကို မပက်သက်ရင် ပြီးတာပဲ..

သူသည် ဤကဲ့သို့သော ကိစ္စများတွင် မပတ်သက်ချင်ပေ။ တစ်ခုခုဖြစ်သွားလျှင် အရှက်ကွဲရမည်ဖြစ်ပြီး သူ ပြဿနာအဖြစ်မခံနိုင်ပေ။

အဘွားကြီးကျောက်က ကိုင်တွယ်ရလွယ်ကူတဲ့ သူမျိုးဆိုရင် ရွှီကောင်းမင်က အခုချိန် ဒီလောက်ငြိမ်နေပါ့မလား… အဲ့ကောင်က မြေခွေးအိုကြီးဟာကို…

ရွှီကောင်းမင် အဲ့မုဆိုးမအိမ်က အကျိုးအမြတ်တွေကို ယူချင်နေတယ်ဆိုတာ မသိတဲ့သူ ဘယ်သူရှိလို့လဲ…

ဒါပေမဲ့ ကြည့်ဦးလေ… အခုဆို ငြိမ်ကုပ်နေတာပဲ..

ယနေ့​ အဘွားကြီးကျောက်သည် ယခင် ကျောက်အဘွားကြီး မဟုတ်တော့ပေ။ အဘွားကြီးကျောက်သည် ယခုအချိန်တွင် တကယ့်ကို သွားရောက် မစနောက်သင့်သော လူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

“မင်း တခြားလူပဲ သွားရှာလိုက်ပါ”

“အဖေကတော့ တကယ်ပဲ...”

ကျန်းရှင်းဖှသည် ရွံရှာစက်ဆုပ်စွာဖြင့် မျက်မှောင်ကုတ်လိုက်၍

“ကောင်းပြီ၊ အဖေ မကူညီချင်ရင်လည်း ထားလိုက်တော့။ နောက်ကျရင် အဖေ့မှာ ဘာအခက်အခဲပဲရှိရှိ ကျွန်တော့်ဆီက အကူအညီရဖို့ မမျှော်လင့်နဲ့တော့”

“ငါ့မှာ ဘာအခက်အခဲ ရှိရမှာလဲ... ငါက မင်းနဲ့ မတူဘူး၊ ငါက ကိစ္စတွေကို ဇွတ်တရွတ် မလုပ်ဘူး”

“ဟ..”

“ဟဟ..”

သားအဖနှစ်ယောက်စလုံးမှာ တစ်ယောက်နှင့်တစ်ယောက် စိတ်ကုန်သွားကြ၏။

အကယ်၍ ကျန်းရှင်းဖှသာ သူ့ပေါင်ကြားကို မအုပ်ထားလျှင် အဘိုးကြီးကျန်းသည် သူ့ကို ပစ်ချပြီး ထွက်သွားခဲ့မည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော်လည်း…

ဤသို့ဖြင်ပင် သားအဖနှစ်ဦးသည် သဘောထားကွဲလွဲနေကြဆဲ ဖြစ်၏။ သူတို့ အိမ်ရာဝင်းသို့ ရောက်ရှိသောအခါ အဘိုးကြီးကျန်းသည် လှမ်းခေါ်လိုက်သည်။

“ရှောင်ချန်လေး၊ ရှောင်ချန်လေး”

ချန်ချင်းယွီ : “ရှင်၊ ဘာကိစ္စရှိလို့လဲ...”

အဘိုးကြီးကျန်း : “မင်းယောက္ခမက ဒီနေ့ည ထမင်းချက်ဆောင်မှာ အချိန်ပိုဆင်းရမယ်တဲ့.. မင်းတို့သားအမိတွေ အရင်စားနှင့်ကြတော့၊ သူမကို စောင့်မနေနဲ့တော့တဲ့”

ချန်ချင်းယွီ : “အော်၊ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဦးလေးကျန်း”

အဘိုးကြီးကျန်းသည် အလွန်တရာ ကြင်နာတတ်သူတစ်ဦးကဲ့သို့ လက်ယမ်းပြလိုက်၏။ ကျန်းရှင်းဖှမှာမူ မျက်နှာမကောင်းဘဲ မကျေမနပ်ဖြင့် နှုတ်ခမ်း တင်းတင်းစေ့ထားလေသည်။

ယောက်ျားတွေအကြောင်း ခင်ဗျားတို့ သိကြတာပဲ မဟုတ်လား...

လူ အင်အားပြည့်ဝနေမှသာ အသေးအဖွဲ ကိစ္စရပ်များကို လျှောက်တွေးနိုင်ကြခြင်း ဖြစ်ပြီး၊ ယခုကဲ့သို့ အပြင်းအထန် ဒဏ်ရာရရှိထားချိန်တွင်မူ ထိုသို့သော စိတ်ကူးမျိုး သဘာဝအတိုင်း ပျောက်ဆုံးနေတတ်သည်။ သူ့၏ အရေးကြီးသောနေရာမှာ တဆစ်ဆစ်နှင့် နာကျင်နေသဖြင့် မည်မျှပင် လှပသော မိန်းကလေး ဖြစ်ပါစေ သူ့မျက်စိထဲတွင် မြင်နိုင်စွမ်း မရှိတော့ပေ။

ယခုအချိန်တွင် သူ အလိုချင်ဆုံးအရာမှာ အဘွားကြီးကျောက်ကို ရိုက်နှက်ရန်သာ ဖြစ်ပြီး၊ ကလဲ့စားချေလိုသော အရှိန်အဝါများမှာ ပြင်းပြင်းထန်ထန် တောက်လောင်လျက် ရှိနေ၏။

အဘိုးကြီးကျန်း၏ ယဉ်ကျေးပျူငှာမှုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာ ကျန်းရှင်းဖှသည် မျက်နှာသေဖြင့် ချန်ချင်းယွီကို မလိုတမာကြည့်ကာ ပါးရိုက်မတတ် စောင်းမြောင်းကြည့်ပြီးနောက် ဘဲတစ်ကောင်ကဲ့သို့ ခြေလှမ်းမမှန်ဘဲ ယိုင်တိယိုင်တိုင်ဖြင့် ထွက်ခွာသွားတော့သည်။ သူ၏ ပုံစံမှာ တကယ့်ကို ထူးထူးဆန်းဆန်း ဖြစ်နေ၏။

ချန်ချင်းယွီ မသိနားမလည်စွာဖြင့် မေးလိုက်မိသည်။

“သူက ဘာဖြစ်နေတာလဲ...”

ဒီလူ တစ်ခုခု လွဲချော်နေသလိုပဲ..

အဘိုးကြီးကျန်း “...”

မေးသင့်တဲ့ မေးခွန်းပဲ...

ဒါ ဘယ်သူ့ကြောင့် ဖြစ်ရတာလဲ...

မင်းတို့ကြောင့်လေ...

အဘိုးကြီးကျန်း အောင့်သက်သက်ဖြင့် အတင်းပြုံးလိုက်ပြီး

“မင်းယောက္ခမက ကန်လိုက်လို့လေ”

ချန်ချင်းယွီ “...”

သရုပ်ဆောင် ကောင်းလှပါသည်ဆိုသော ချန်ချင်းယွီပင် ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ…

သူမသည် အနေခက်စွာဖြင့် “ဪ” ဟုသာ ရေရွတ်နိုင်တော့၏။

ကျန်းရှင်းဖှသည် ဤမိန်းမရှေ့တွင် မိမိ၏ မစွမ်းသာမှုကို မပြချင်သဖြင့် ခြေလှမ်းများကို ပို၍ သွက်သွက်လှမ်းလိုက်သည်။

ဒဏ်ရာက ဘာမှမဖြစ်လာဖို့ပဲ ဆုတောင်းရမယ်…မဟုတ်ရင်တော့ သူ အဘွားကြီးကျောက်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ပစ်မယ်…

“အိုကောင်လေး... မင်း ဘာဖြစ်လာတာလဲ...”

လင်စန်းရှင်းသည် အဝတ်လျှော်ရန် ထွက်လာစဉ် သူ့ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် လှမ်းမေးလိုက်၏။

“...ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ...”

ကျန်းရှင်းဖှ ပက်ခနဲ တုံ့ပြန်လိုက်သည်။

ဤအတင်းအဖျင်းပြောတတ်သော အဘွားကြီးများမှာ အချိန်ရှိသရွေ့ သူတပါးကိစ္စကို စပ်စုချင်နေကြ၏။

တကယ့်ကို အပိုအလုပ်တွေလုပ်ပြီးစိတ်အနှောင့်အယှက် ပေးနေတာ…ပုံမှန်ဆိုရင်တော့ ဘာမှမကူညီနိုင်ဘဲ အတင်းပြောဖို့ဆိုလျှင်တော့ ထိပ်ဆုံးကပဲ… တကယ့်ကို စိတ်ပျက်စရာကြီး…

သူ ဆက်၍ ရင့်ရင့်သီးသီး ပြောဆိုလေသည်။

“ကျုပ်ကိစ္စက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး၊ ကိုယ့်ကိစ္စကိုယ်ပဲ ကြည့်ပါ။ ခင်ဗျားသမီးက အသက် ဒီလောက်ကြီးနေပြီ၊ အိမ်မှာ ဘာမှမလုပ်ဘဲ ထိုင်နေပြီးတော့.. ဒါတောင် ခင်များက အပြင်ထွက်ပြီး စကားလာပြောရဲသေးတယ်.. ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် အိမ်ထဲမှာပဲ ရှက်လို့ ပုန်းနေမိမှာ သေချာတယ်”

လင်စန်းရှင်းသည် မတရားပြောခံရသဖြင့် မျက်ဝန်းများ နီမြန်းလာကာ ဝမ်းနည်းသွားရ၏။

အိမ်နီးနားချင်းအချင်းချင်း ဤမျှရိုင်းစိုင်းရသလော့။ ဤကျန်းမိသားစုဝင်သည် အိမ်နီးနားချင်းကောင်း ပီသသော စိတ်နှလုံး အနည်းငယ်မျှပင် မရှိပေ။

“ညီမလေးလင်… စိတ်ထဲမထားပါနဲ့၊ သူက စကားပြောမတတ်တာ မင်းလည်း သိတာပဲ၊ ငါလည်း သူ့ကို မဆုံးမနိုင်တော့ဘူး.. ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါတော့၊ ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်း သူက နှုတ်သီးဆိုးပေမယ့် လူဆိုးတော့ မဟုတ်ပါဘူး..စိတ်ထဲမထားပါနဲ့နော်”

အဘိုးကြီးကျန်း ကြားဝင် ဖျောင်းဖျလိုက်၏။

လင်စန်းရှင်း : “ကျွန်မ ဒေါသမထွက်ပါဘူး၊ ဘာမှမဖြစ်ပါဘူး.. လူတိုင်းမှာ စိတ်မကြည်တဲ့နေ့တွေ ရှိတတ်တာပဲ၊ ကျွန်မ နားလည်ပါတယ်… ရှင်းပြမနေပါနဲ့တော့။ အားလုံးက လိုက်ပြီး ရှင်းပြနေရရင် အချင်းချင်း သံယောဇဉ် ပျက်ကုန်မှာပေါ့။ ကျွန်မတို့တွေ တစ်ယောက်ကိုတစ်ယောက် သိလာတာ နှစ်တွေ ဘယ်လောက်ကြာပြီလဲ”

အဘိုးကြီးကျန်း ရယ်မောရင်း

“ငါ သိသားပဲ… မင်းက တခြားလူတွေနဲ့ မတူပါဘူးလို့.. တို့အိမ်ရာဝင်းထဲမှာ မင်းက အကောင်းဆုံးပဲ”

လင်စန်းရှင်းသည် ရှက်သွေးဖြာကာ မျက်နှာနီမြန်းသွားတော့သည်။

ချန်ချင်းယွီ “...”

လခွမ်း…ဒါ ဘာအခြေအနေကြီးလဲ...

သူမက ဘာလို့ ရှက်နေရတာလဲ...

ချန်ချင်းယွီသည် ဤကဲ့သို့သော ကြည်နူးစရာ အခြေအနေကို မဖျက်ဆီးချင်သဖြင့် တိုးတိုးတိတ်တိတ် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။

သို့သော် ဤအချိန်တွင် ကျန်းရှင်းဖှသည် အလယ်ဝင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ချန်ချင်းယွီတို့ မိသားစုဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သူ့မျက်ဝန်းထဲတွင် မုန်းတီးနာကျည်းမှုများ ပြည့်နှက်နေ၏။ ထိုအကြည့်ကို ချန်ချင်းယွီသည် အဝေးကပင် ခံစားလိုက်ရသည်။

သို့သော် သူမမှာ အမှုမထားပေ။

ချန်ချင်းယွီသည် သူ့ကို အနည်းငယ်မျှပင် မကြောက်ပေ။ ကျန်းရှင်းဖှသည် ကြည့်ရသည်မှာ

ခက်ထန်သော်လည်း အမှန်တကယ်၌ ထိုမျှ အစွမ်းအစ မရှိလှပေ။ အကယ်၍ သူသာ ကျောက်ရုံကဲ့သို့သော စရိုက်မျိုးရှိလျှင်မူ ကြောက်စရာ ကောင်းပေလိမ့်မည်။

ဒါနဲ့၊ ယနေ့တွင် ယွမ်ဟောက်ဖုန်းကို မတွေ့မိပါလား…

သူ တစ်နေရာရာသို့ သွားပြီး အဆက်အသွယ် ရှာနေသလား မသိဘူး…

ပိုင်ဖုန်းရှန်းသည် ယွမ်ဟောက်ဖုန်းနှင့် ကွမ်ထင်းထင်းတို့ကို မိတ်ဆက်ပေးချင်နေသည်မှာ မည်သို့မျှ မသင့်တော်လှပေ။

ချန်ချင်းယွီသည် စိတ်ထဲမှ ရေရွတ်နေမိသည်။ ထိုစဉ်မှာပင် ပိုင်ဖုန်းရှန်း အပြင်မှ ပြန်လာသည်ကို မြင်လိုက်ရ၏။ ရာသီဥတု မကောင်းသော်လည်း လူတိုင်းကိုယ်စီ အလုပ်များနေကြသဖြင့် အိမ်တွင် မည်သူမျှ မရှိကြပေ။

ချန်ချင်းယွီ : “ဒေါ်လေးပိုင်၊ အပြင်သွားခဲ့တာလား...”

ပိုင်ဖုန်းရှန်း : “နင်တို့ စက်ရုံကို သွားခဲ့တာအေ.. ဟူး.. တို့တွေ ဟောက်ဖုန်းနဲ့ နင့်ရဲ့အတန်းဖော် ကွမ်ထင်းထင်းကို မိတ်ဆက်ပေးမယ်လို့ ပြောခဲ့ကြတယ် မဟုတ်လား.. အရင်က နှစ်ယောက်စလုံး အချိန်မအားကြဘူးလေ၊ အခုတော့ ကွက်တိပဲ၊ နှစ်ယောက်စလုံး အားနေကြတယ်၊ ဒါကြောင့် ငါ ကွမ်ထင်းထင်းဆီ သွားပြီး သေသေချာချာ ဖျောင်းဖျပြောဆိုခဲ့တာ”

ချန်ချင်းယွီ : “...”

ဤကိစ္စကို တားဆီး၍ မရတော့ပါတကား။ ဤအကြောင်းအရာသည် ပြီးဆုံးသွားပြီဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ယခုတစ်ဖန် ပြန်လည်အသက်ဝင်လာလေပြီ…

ချန်ချင်းယွီ : “သူတို့ ဘယ်တော့ တွေ့ကြမှာလဲ...”

ပိုင်ဖုန်းရှန်း : “ဒီအပတ် ပိတ်ရက်ပေါ့၊ နှစ်ယောက်စလုံး နားတဲ့ရက်ဆိုတော့ ကွက်တိပဲ… သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်ညီတယ်လို့ ငါထင်တယ်”

“ဒါကတော့ ဟုတ်ပါတယ်”

ချန်ချင်းယွီ အလိုက်သင့် ပြောလိုက်၏။

သူမသည် မကောင်းသော စကားမျိုးကို ပြောမည်မဟုတ်ပေ၊ မဟုတ်လျှင် မနာလိုဖြစ်နေသည်ဟု သူတပါး ထင်မြင်သွားပေလိမ့်မည်။

ချန်ချင်းယွီမှာ ကွမ်ထင်းထင်းသည်လည်း ထိုသို့ပင် တွေးတောနေလိမ့်မည်ဟု ထင်မိသည်။

“ဒါဆိုရင် အကောင်းဆုံးပေါ့၊ တကယ့်ကို ဖူးစာဖက်ပဲ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေါ့၊ ငါလည်း အဲဒီလို ထင်လို့ပဲ အားတက်သရော ကူညီပေးနေတာ..တခြားလူဆိုရင် ငါ ဒီလို လုပ်ပေးမှာ မဟုတ်ဘူး..ကလေးနှစ်ယောက်စလုံးက ကလေးကောင်းတွေပါ”

ပိုင်ဖုန်းရှန်း ဝမ်းသာအားရ ဆိုလေသည်။

ချန်ချင်းယွီသည်လည်း “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်” ဟုသာ ထပ်ခါတလဲလဲ ထောက်ခံပေးလိုက်၏။

ပိုင်ဖုန်းရှန်းသည် တစ်ခုခု ထူးဆန်းနေသကဲ့သို့ ခံစားရသော်လည်း၊ အကြောင်းအရင်း ရှာမရ၍ လျစ်လျူရှု့လိုက်ကာ ဆက်ပြောနေလေသည်။

“ဒီတစ်ခါတော့ အဆင်ပြေပြေ ပြီးမြောက်သွားဖို့ မျှော်လင့်တာပဲ.. ကံကောင်းတာက ဟောက်ဖုန်းက စီးပွားရေး တောင့်တင်းတော့ ပူစရာ သိပ်မရှိဘူးပေါ့”

ယွမ်ဟောက်ဖုန်းက ဝမ်တာ့ချွေထက် ပိုအဆင်ပြေတယ်ဆိုတော့ စိုးရိမ်စရာမလိုပါဘူးလေ…

ပြီးခဲ့သည့်အကြိမ်တွင် ဝမ်တာ့ချွေဖြစ်သော်လည်း၊ ယခုအကြိမ်တွင်မူ ဟောက်ဖုန်း ဖြစ်သဖြင့် သူမသည် အလွန်တရာ ယုံကြည်မှု ရှိနေသည်။

“ကဲ၊ ငါ အိမ်ပြန်တော့မယ်”

“ဟုတ်ကဲ့”

ချန်ချင်းယွီ၏ အသံမှာ အလွန်တရာ ညင်သာလှပြီး အဘွားကြီးပိုင်လည်း ယဉ်ပါးနေပြီ ဖြစ်သည်။ နှစ်ဦးစလုံး အားနာပါးနာ စကားဆိုခြင်းကို ရပ်တန့်လိုက်ကြပြီး၊ ချန်ချင်းယွီ လှည့်ကြည့်လိုက်သောအခါ လင်စန်းရှင်း၏ မဲမှောင်နေသော မျက်နှာကို မြင်လိုက်ရ၏။ သူမ၏ မျက်နှာအမူအရာမှာ တကယ့်ကို ကြည့်ရဆိုးလှပြီး တစ်ဦးဦးကို ဆဲရေးတိုင်းထွာတော့မည့်အတိုင်း ဖြစ်နေသော်လည်း လင်စန်းရှင်း၏ အပေါ်ယံသရုပ်မှာ ရိုးသားအေးဆေးသူတစ်ဦး ဖြစ်သည်။ သူမ စိတ်ထဲတွင် အဆပေါင်းထောင်ချီ မကျေမနပ် ဖြစ်နေသော်လည်း အပြင်သို့ အကုန်မထုတ်ပြပေ။ မည်သို့ပင်ဖြစ်စေ မိမိအနေဖြင့် တားဆီး၍ မရနိုင်ကြောင်းကို သူမ ရင်ထဲက သိ၏။ သို့သော် သူမ စိတ်အေးလက်အေး မထားနိုင်ကာ စပ်စုလှသော ပိုင်ဖုန်းရှန်းကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

သူမသည် အတင်းပြုံး၍ပင် မနေနိုင်တော့ဘဲ လျှော်လက်စ အဝတ်များကို ပစ်ထားကာ ဇလုံကိုမ၍ အိမ်ထဲသို့ ဝင်သွားတော့၏။ လီလင်းလင်း ထမင်းချက်နေစဉ် လင်စန်းရှင်းသည် သူမ၏ သမီးကို ကြည့်ကာ အေးစက်စွာဖြင့်

“နင်က ဒါကို လုပ်ဖို့ စိတ်ကူးရှိသေးတယ်ပေါ့... ဟောက်ဖုန်းကို မြန်မြန်သွားပြီး မြှူဆွယ်ပါလို့ ငါ နင့်ကို အစောကြီးကတည်းက ပြောထားတာကို နင်က ငါ့စကားကို လုံးဝ နားမထောင်ဘူး”

လီလင်းလင်းသည် လန့်ဖျန့်သွားပြီးမှ အလျင်အမြန်ပင် ရှက်ကိုးရှက်ကန်း ဆိုလိုက်၏။

“အမေ ဘာတွေလျှောက်ပြောနေတာလဲ”

သို့သော်လည်း သူမ၏ အမေဖြစ်သူမှာ တုံ့ပြန်ချင်စိတ်မရှိဘဲ အေးစက်စွာဖြင့် ဆိုလေ၏။

“ဒီပွဲကို ဖျက်ဆီးပစ်ရမယ်”

လီလင်းလင်း “…”

လင်စန်းရှင်း : “ဟောက်ဖုန်းက ကြင်ဖက်တွေ့ပွဲသွားမှာ၊ တို့တွေ ဒါကို မဖြစ်မနေ ဖျက်ဆီးရမယ်”

သူမသည် လီလင်းလင်းကို နားချနေခြင်းလား၊ မိမိကိုယ်ကိုယ် နားချနေခြင်းလား မသိသော်လည်း လေးလေးနက်နက်ဖြင့် ပြောနေလေသည်။

“ဒါ တို့အမှား မဟုတ်ဘူး.. အမေက နင့်ကို ပျော်ရွှင်စေချင်ရုံတင်ပါ..နင့်မှာ ပျော်ရွှင်မှုကို လိုက်လံရှာဖွေပိုင်ခွင့် ရှိတယ်၊ သူတို့ လက်မထပ်ရသေးသရွေ့ တို့တွေ ကြိုးစားလို့ရသေးတယ်.. အကယ်၍ သူတို့ လက်ထပ်သွားရင်တော့ တို့တွေ ဘာမှမတတ်နိုင်တော့ဘူး၊ ဒါပေမဲ့ ဒါက ကြင်ဖက်တွေ့ပွဲ သွားရုံတင်ပဲလေ၊ အဆင်မပြေရင်ကော ဘာတတ်နိုင်မှာလဲ... နင်လည်း သဘောတူတယ် မဟုတ်လား...”

လီလင်းလင်းသည် ဘာလုပ်ရမှန်းမသိဘဲ မိမိ၏ အမေကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိ၏။

လင်စန်းရှင်း : “ငါပြောတာ ကြားလား... ငါ့ကို အဲဒီလို ပုံစံနဲ့ အမြဲတမ်း လာမကြည့်နဲ့… ငါလုပ်သမျှ အရာအားလုံးက နင့်ရဲ့ အနာဂတ်အတွက်ပဲ။ နင် အခု အားမထုတ်ရင် နောက်ကျရင် ဘယ်လိုယောက်ျားမျိုးနဲ့ လက်ထပ်ရမှာလဲ... ငါက ပြောရဦးမယ်၊ အခုခေတ်မှာ ယောက်ျားကောင်းဆိုတာ တကယ့်ကို ရှားပါးတယ်၊ တို့တွေ မမြန်ရင် သူတပါးက လက်ဦးသွားလိမ့်မယ်၊ အဲဒါကိုတော့ ငါ လုံးဝ အဖြစ်မခံနိုင်ဘူး…နင် နားလည်လား...”

လီလင်းလင်း : “နားလည်ပါတယ်”

“နင် ကောင်းကောင်းမွန်မွန် အိမ်ထောင်ကျမှသာ ငါ တကယ် စိတ်အေးရမှာ”

လီလင်းလင်းသည် ခေါင်းကို ညင်သာစွာ ငြိမ့်ပြလိုက်၏။

ယွမ်ဟောက်ဖုန်း၏ စိတ်မချမ်းမြေ့စရာ ကြင်ဖက်တွေ့ပွဲ အကြောင်းကြောင့်ပင်၊ အဘိုးကြီးကျန်းနှင့် သူ့သားဖြစ်သူတို့လည်း အိမ်သို့ ပြန်ရောက်ရှိလာကြတော့သည်။

ကျန်းရှင်းဖှသည် မိမိ၏ဖခင်အား သတ္တိမရှိသော သူရဲဘောကြောင်သူတစ်ဦးဟု စိတ်ထဲမှ နှာခေါင်းရှုံ့ကာ အဖက်မလုပ်ချင်တော့ပေ။

သို့သော်လည်း အဘွားကြီးဟွမ်မှာ နားမခံသာအောင် တဂျီဂျီနှင့် ရန်ထောင်နေပြီး၊ အဘွားကြီးကျောက်သည် သူမ၏သားအပေါ် မနာလိုဖြစ်နေခြင်းသာ ဖြစ်ကြောင်းနှင့် တကယ့်ကို ယုတ်မာပက်စက်လှသော မိန်းမကြီးဖြစ်ကြောင်း တတွတ်တွတ် ဆဲရေးတိုင်းထွာနေတော့၏။ ကျန်းရှင်းဖှမှာမူ သူမကို တစ်ချက်ကလေးမျှ ဂရုမစိုက်ဘဲ ထရပ်လိုက်ကာ

“ကျွန်တော် အပြင်သွားဦးမယ်”

“ညစာစားဖို့ မစောင့်နဲ့တော့”

“မင်း ဘယ်သွားမလို့လဲ... အပြင်က လေတိုက်နေတာကိုလည်း ကြည့်ဦး... မိုးလေဝသခန့်မှန်းချက်က အလကားပြောနေတာ မဟုတ်ဘူး၊ တိုင်ဖုန်းမုန်တိုင်း လာနေတာ..အခုတင် လေက တော်တော်ကြမ်းနေပြီ၊ မင်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...”

“အမေက ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဆုမတောင်းပေးနိုင်ဘူးလား... ကျွန်တော်က ဘာဖြစ်နေလို့လဲ.. ရွှီကောင်းမင် သူ့မိဘတွေကို ဘယ်လိုပြုစုလဲဆိုတာ သွားကြည့်ဦး၊ ယွမ်ဟောက်မင်တို့ လင်မယားကော သူတို့ကလေးသုံးယောက်ကို ဘယ်လိုကျွေးမွေးနေလဲ သွားကြည့်ဦး.. အမေတို့က ကျွန်တော့်ကိုမကူညီနိုင်တဲ့အပြင် အမြဲတမ်း ရှေ့မတိုးနိုင်အောင် တားဆီးနေပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်.. အမေတို့က ဘာအသုံးကျလို့လဲ...”

“မင်းက အမေအရင်းကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့...”

“ကျုပ်က ဒီလိုပဲ ပြောတတ်တာ၊ နားထောင်ချင်ရင် နားထောင်၊ မနာခံချင်ရင်လည်း နေ”

ကျန်းရှင်းဖှသည် တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ ထွက်ခွါသွားလေသည်။

တခြားမိသားစုများတွင် ညီအစ်ကိုချင်း ပခုံးချင်းယှဉ်၊ သားအဖချင်း လက်တွဲကာ အခက်အခဲများကို အတူတကွ ကျော်ဖြတ်ကြ၏။ သို့သော် သူ့မိသားစုကမူ တစ်မျိုး တစ်ဘာသာ ဖြစ်နေသည်။ သူ့အဖေသည် ပြဿနာထဲ ပါဝင်ပတ်သက်သွားမည်ကို အလွန်ကြောက်ရွံ့ပြီး၊ ကိစ္စတစ်ခုခုရှိလျှင် အမြဲတမ်း ဝေးဝေးသို့ ပုန်းရှောင်ကာ မိမိနှင့်မဆိုင်သကဲ့သို့ ပြုမူတတ်၏။ တကယ့်ကို မုန်းတီးစရာကောင်းလှသော အတ္တကြီးသည့် အဘိုးကြီး ဖြစ်သည်။

ဒီအဘိုးကြီး သူအိုလာရင် ငါ့ကို ကျွေးမွေးထောက်ပံ့ပေးဖို့ မျှော်လင့်နေတယ်ပေါ့… အိပ်မက်တောင် မမက်နဲ့…

အခုအချိန် သူတို့ကို အဩံးလိုနေသေးလို့ပေါ့… မဟုတ်ရင် ပစ်ထားခဲ့တာကြာလှပြီ…တကယ့်ကို ဘာမှအသုံးမကျတဲ့ဟာတွေ…

ကျန်းရှင်းဖှသည် အပြင်သို့ ထွက်လာပြီး မည်သူ့ကို အကူအညီတောင်းရမလဲဟု စဉ်းစားနေမိသည်။ သူ၌ အပေါင်းအဖော်များစွာ ရှိသော်လည်း၊ အဘွားကြီးကျောက်ကို သွားရောက်နှိမ်နင်းရန် ကူညီမည့်သူမှာမူ ရှားလှပေလိမ့်မည်။ မိမိ၏ အဖေအရင်းပင် ပြဿနာကို မြင်သောအခါ နောက်ဆုတ်သွားခဲ့ရာ၊ တခြားလူများမှာ မည်သို့ ကူညီပါအံ့နည်း။ သူကိုယ်တိုင်လည်း သူတပါးကို အပြည့်အဝ မယုံကြည်ပေ။

ကျန်းရှင်းဖှသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် လျိုကျင့်၏ ယောက်ျားကိုသာ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်၏။

သူတို့၏ ပတ်သက်မှုသည် အလွန်တရာ ရင်းနှီးဆဲဖြစ်ပြီး၊ တစ်ဦးအိမ်သို့ တစ်ဦး ဝင်ထွက်နိုင်သည့်အထိ ဖြစ်သည်။ ကျန်းရှင်းဖှသည် ထိုအလိုလိုက်အကြိုက်ဆောင်တတ်သော အူတူတူကောင်ကို ယုံကြည်လေ၏။ ထိုသို့ တွေးမိသည်နှင့် သူသည် ခြေလှမ်းများကို ပို၍ သွက်သွက်လှမ်းလိုက်သည်။

သို့သော်လည်း သူရရှိထားသော ပြင်းထန်သည့် ဒဏ်ရာကြောင့် ခြေလှမ်းကို မည်မျှပင် အလျင်စလို လှမ်းပါစေ အချည်းနှီးသာ ဖြစ်နေ၏။

ကျန်းရှင်းဖှသည် လေပြင်းထဲတွင် ဘဲတစ်ကောင်ကဲ့သို့ ကားတားတား ယိုင်တိယိုင်တိုင်ဖြင့် အိမ်ရာဝင်းထဲမှ ထွက်ခွာသွားရာ လေတိုက်သဖြင့် လွင့်ထွက်လုနီးပါး ဖြစ်နေလေသည်။ သို့သော်လည်း ယနေ့တွင် အဘွားကြီးကျောက်ကို ပညာပေးနိုင်တော့မည်ဟူသော စိတ်ကူးသည် သူ့ကို အလွန်တရာ စိတ်လှုပ်ရှားစေ၏။

ချန်ချင်းယွီသည် သူထွက်ခွာသွားသည်ကို ကြည့်ရင်း အနည်းငယ် ထူးဆန်းနေမိသည်။ ဤကဲ့သို့သော ရာသီဥတုမျိုးတွင် လူတိုင်းကတော့ အိမ်ထဲမှာသာ နေကြမည် မဟုတ်လော့။

သူမသည် နေ့ခင်းဘက်တွင် အပြင်ထွက်ခဲ့သော်လည်း ထိုစဉ်က လေသည် ဤမျှ မပြင်းထန်သေးချေ၊ ညနေပိုင်းကျမှသာ ပို၍ ကြမ်းတမ်းလာခြင်း ဖြစ်သည်။ လေတိုက်နှုန်းသည် တကယ့်ကို ပြင်းထန်လှ၏။ ချန်ချင်းယွီသည် ကျန်းရှင်းဖှ၏ စိတ်ကစဉ့်ကလျား ဖြစ်နေသော မျက်နှာအမူအရာနှင့် အစောပိုင်းမှ အကြည့်ကို ပြန်လည်တွေးမိကာ စိတ်ထဲတွင် သံသယဝင်လာသည်။

သူက ငါတို့မိသားစုအပေါ် မကောင်းတာတစ်ခုခု ကြံစည်နေတာလား…

ဘာပဲဖြစ်ဖြစ် ဒီနေ့ အဘွားကြီးကျောက် အိမ်မှာမရှိဘူးလေ…

ဒါမှမဟုတ်… သူ.. ယောက္ခမနောက်ကို လိုက်နေတာလား…

ချန်ချင်းယွီ ဤမျှ မြန်မြန်ဆန်ဆန် တွေးမိသည်မှာလည်း မဆန်းပေ၊ အဘွားကြီးကျောက်သည် တကယ့်ကို သူတပါး၏ မုန်းတီးမှုကို ဆွဲဆောင်နိုင်လွန်းသူ ဖြစ်၏။

ဒီလိုမုန်းတီးမှုအစုအဝေးကြီး ရှိနေမှတော့ ရလဒ်ကတော့ ရှင်းနေပြီပဲ…

ချန်ချင်းယွီသည် ခဏမျှ စဉ်းစားပြီးနောက် မိမိကိုယ်တိုင် စောင့်ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ မိမိသာမက၊ မိမိ၏ ယောက္ခမကိုလည်း သတိပေးရမည်။

“မေမေ”

သမီးငယ်လေး လျှောက်လာသဖြင့် ချန်ချင်းယွီ လှမ်းမေးကာ

“ဘာလုပ်မလို့လဲ သမီး...”

“ဘာမှမဟုတ်ပါဘူး၊ မေမေ ဟင်းချက်နေတာကို လာကြည့်တာ”

သူမသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်

“မေမေ အိမ်သာ ခဏသွားဦးမယ်..သမီးတို့ မောင်နှမနှစ်ယောက် အိမ်မှာ လိမ်လိမ်မာမာနဲ့ နေခဲ့ကြနော်၊ ဟုတ်ပြီလား...”

“ဟုတ်ကဲ့”

ချန်ချင်းယွီ ကလေးများကို စိတ်ချအောင် ပြောပြီးနောက် ထပ်မံမှာကြားလိုက်ပြန်သည်။

“အပြင်ကို လုံးဝမထွက်နဲ့ အုတ်ကုတင်ပေါ်မှာပဲ ဆော့နေကြနော်”

“ဟုတ်ကဲ့”

ချန်ချင်းယွီသည် ဤကဲ့သို့သော ရာသီဥတုမျိုးတွင် ကလေးများကို အိမ်၌ ထားခဲ့ရန် မလုံခြုံကြောင်း သိသော်လည်း သူမသည် အပြင်တွင် အကြာကြီးနေရန် စီစဉ်မထားပေ။ ကျန်းရှင်းဖှနောက်ကို ခဏမျှ စောင့်ကြည့်ပြီးသည်နှင့် ချက်ချင်း ပြန်လာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ကလေးငယ်များအား ထပ်မံ၍ အတန်တန်မှာကြားပြီးနောက်မှ စိတ်အေးသွားကာ အလျင်အမြန်ပင် အပြင်သို့ ထွက်လာခဲ့၏။

ချန်ချင်းယွီသည် ခြေလှမ်းကို သွက်သွက်လှမ်းကာ လမ်းကြားဝသို့ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ကျန်းရှင်းဖှကို မြင်လိုက်ရပြီး၊ သူသွားနေသော လမ်းကြောင်းကို ကြည့်ရသရွေ့ လျိုကျင့်တို့အိမ်ဘက်သို့ ဦးတည်နေပုံရ၏။ ချန်ချင်းယွီသည် ထိုအိမ်ရာဝင်းနှင့် အလွန်တရာ ရင်းနှီးလှသည်၊ အကြောင်းမှာ လီတာ့ရှန်းတို့ မိသားစုသည် ထိုနေရာတွင် နေထိုင်ကြပြီး၊ ချန်ချင်းယွီကိုယ်တိုင်လည်း ထိုနေရာသို့ သွားရောက်ကာ ကောက်ကျစ်သော အကွက်အချို့ ဆင်ဖူးခဲ့လေသည်။

သူမသည် မိမိ၏ အဝတ်အစားများကို သေသေချာချာ ပြင်ဆင်လိုက်သည်၊ ယခုအချိန်မှာ အလုပ်ဆင်းချိန်ဖြစ်သဖြင့် လမ်းပေါ်တွင် လူသူအနည်းငယ် ပိုများနေ၏။ ချန်ချင်းယွီသည် ကျန်းရှင်းဖှနောက်သို့ တန်းတန်းမတ်မတ် လိုက်မသွားဘဲ၊ လမ်းကြားတစ်ခုကို ရှာကာ ခေါင်မိုးပေါ်သို့ တက်လိုက်ပြီးမှ ကျန်းရှင်းဖှ၏ လမ်းကြောင်းကို စောင့်ကြည့်လိုက်ရာ၊ သူသည် လျိုကျင့်တို့၏ အိမ်ရာဝင်းထဲသို့ အမှန်ပင် ကွေ့ဝင်သွားသည်ကို မြင်လိုက်ရသည်။

သူမ ခန့်မှန်းချက် လုံးဝ မလွဲပေ…

လျိုကျင့်ကို တွေးမိသောအခါ၊ ချန်ချင်းယွီသည် သူမမှာ တကယ့်ကို ထူးခြားဆန်းပြားလှသော လူတစ်ယောက်ဟု တွေးမိ၏။ သူမသည် သာမန်လူများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ…

လေ ပြင်းထန်လှသဖြင့် သူမကိုယ်တိုင်ပင် ယိုင်တိယိုင်တိုင် ဖြစ်နေမိသည်။ ချန်ချင်းယွီသည် ကိုယ်ခန္ဓာ သွယ်လျသူ ဖြစ်သဖြင့် ဤကဲ့သို့ မြင့်မားသောနေရာတွင် ရပ်နေရသည်မှာ မတည်ငြိမ်လှပေ။ ထို့ကြောင့် သူမသည် အလျင်အမြန်ပင် အောက်သို့ ပြန်ဆင်းလာခဲ့သော်လည်း အနီးကပ် လိုက်မသွားတော့ပေ။ အကြောင်းမှာ သူမ၏ အဆင့်အတန်းသည် အနည်းငယ် ထိလွယ်ရှလွယ်ရှိသဖြင့် ထိုနေရာသို့ သွားရောက်ပါက မသင့်တော်ဟု တွေးမိသောကြောင့်ပင်။

ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် ပြဿနာမပေးချင်သဖြင့် မှောင်လာသည်အထိ စောင့်ဆိုင်းရန်သာ စီစဉ်လိုက်သည်။

သူမသည် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့ရာ၊ ကလေးနှစ်ယောက်စလုံး မှန်ပြတင်းပေါက်တွင် ကပ်ကာ သူမကို စောင့်ဆိုင်းနေကြသည်ကို မြင်လိုက်ရ၏။

“ဘာလုပ်နေကြတာလဲ... ဘာလို့ ပြတင်းပေါက်မှာ လာကပ်နေကြတာလဲ၊ အန္တရာယ်ရှိတယ်... ဒီလောက် လေတိုက်နေတဲ့နေ့မှာ ပြတင်းပေါက်နားကို မသွားရဘူး၊ မလုံခြုံဘူး”

ချန်ချင်းယွီ လှမ်းပြောလိုက်၏။

“သားတို့ မကြောက်ပါဘူး။”

“တကယ့်ကို သတ္တိရှိတဲ့ ကလေးတွေပဲ”

ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း

“နင်တို့က လူတတ်ကြီးတွေ လုပ်နေတာ…မကြောက်ရင်တောင်မှ သတိထားရမယ်လေ၊ မဟုတ်ရင် မေမေ စိတ်ပူရမှာပေါ့”

“မေမေ အဘွားပြန်မလာသေးဘူးလား”

ချန်ချင်းယွီ : “အင်း၊ ပြန်လာမှာပေါ့၊ ဒါပေမဲ့ ဒီနေ့ညတော့ အဘွားက နည်းနည်းနောက်ကျမယ် သမီးရဲ့”

“အဘွားက တကယ့်ကို ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ”

ကလေးငယ်နှစ်ယောက်စလုံးသည် မျက်တောင်တဖျတ်ဖျတ် ခတ်ကာ ကြည့်နေကြရှာ၏။

ချန်ချင်းယွီ : “မင်းတို့ အရွယ်ရောက်လာရင် နားလည်သွားမှာပါ။ ကဲ... အခု မေမေ ဟင်းသီးဟင်းရွက်တွေ ပြင်ဆင်တာကို ကူညီပေးကြဦးမလား...”

“ကူညီပါ့မယ်”

သူတို့သည် တခြားကလေးများနှင့်မတူဘဲ တကယ့်ကို အကူအညီရသော လိမ္မာသည့်ကလေးများ ဖြစ်ကြသည်။ ချန်ချင်းယွီသည် သူတို့၏ ချိုသာသော အပြုံးများကို ကြည့်ကာ စိတ်ထဲတွင် အလွန်တရာ ပျော်ရွှင်မိ၏။ သူမသည် သီချင်းလေး တအေးအေးညည်းရင်း ကလေးများကို ခေါ်ကာ အလုပ်လုပ်ကြတော့သည်။

“မေမေ၊ မမနာ့နာတို့ကော ဘာလို့ အိမ်ပြန်မလာသေးတာလဲ... ကျောင်းသွားကြတာလား...”

ရှောက်ကျားသည် အမြဲတမ်း စပ်စုတတ်သော ကလေးငယ် ဖြစ်သည်။ ထိုကလေးငယ်သည် အလွန် စပ်စုချင်စိတ်ရှိပြီး၊ အိမ်ရာဝင်းထဲရှိ အစ်ကိုကြီး၊ အစ်မကြီးများ ကျောင်းသွားရသည်ကို အလွန် အားကျနေလေ၏။

သူ၏ စကားပြောသံထဲတွင်ပင် သူ၏ ရင်တွင်းဖြစ် ခံစားချက်အစစ်အမှန်မှာ သိသာလှပေသည်။

ချန်ချင်းယွီ : “သားလည်း ကျောင်းသွားချင်လို့လား...”

“ဟုတ်ကဲ့၊ သား နေ့တိုင်း သွားချင်တာ...”

ရှောင်ကျား ချက်ချင်း ပြန်ဖြေပြီး၊ ရှောင်ယွမ်သည်လည်း ဘေးမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလေ၏။

“ဒါဆိုရင် သားတို့သမီးတို့ နည်းနည်းလေး ပိုကြီးလာရင် သွားရမှာပေါ့၊ လောစရာမလိုပါဘူး”

ချန်ချင်းယွီ အေးအေးဆေးဆေး ရှင်းပြလိုက်လေသည်။

ကလေးတွေ မူကြိုကျောင်းတက်ချင်ကြတယ်ဆိုတာ တစ်ခုခုကို အရမ်းကြိုက်ပါတယ်လို့ ပြောတာနဲ့ အတူတူပါပဲ…. တကယ်တမ်းကြ ကျောင်းရောက်ရင် တစ်မျိုးပြောင်းသွားတတ်ကြတာပဲ… အတန်းကြီးလာရင် ပိုဆိုးဦးမယ်..

"နောက်ထပ်နှစ်နှစ်ဆိုရင် သားတို့ သမီးတို့ မူကြိုတန်း တက်လို့ရပြီ.. ကျောင်းစတက်ပြီဆိုရင်တော့ အခုလိုမျိုး အဝစား၊ အဝဆော့ဖို့ အခွင့်အရေး အများကြီး ရှိတော့မှာမဟုတ်ဘူးနော်"

"မူကြိုတန်းကလည်း ပျော်စရာကြီးပဲဥစ္စာ..."

ချန်ချင်းယွီ : "ဒါဆိုလည်း မလောပါနဲ့ဦး၊ နောက်နှစ်နှစ်နေမှ တက်ပေါ့.. အဲဒီအချိန်ကျရင်တော့ မတက်ချင်ဘူးလို့ ငြင်းလည်း မရတော့ဘူး၊စိတ်မပူနဲ့.."

"ဟုတ်ကဲ့"

ချန်ချင်းယွီ ပြုံးပြီး

"ကျောင်းစတက်ရင်တော့ စာကို ကြိုးကြိုးစားစား လုပ်ရမယ်နော်"

"ဟုတ်ကဲ့ပါ..."

ကလေးနှစ်ယောက် သံပြိုင် ချက်ချင်း ပြန်တုံ့ပြန်လိုက်ကြသည်။

ချန်ချင်းယွီနှင့် ကလေးများသည် အတူတူ ထမင်းစားကြပြီး ယနေ့မှာ ဟင်းနှစ်ခွက် ချက်ထား၏။

ရှောင်ကျား : "အရမ်းစားလို့ကောင်းတာပဲ..."

ချန်ချင်းယွီ : "ကောင်းရမှာပေါ့... စားလို့မကောင်းရင် မေမေက ရှောင်ကျားနဲ့ ရှောင်ယွမ်အတွက် ဘာလို့ ချက်ပေးပါ့မလဲ"

ကလေးနှစ်ယောက်စလုံး ချက်ချင်းပင် ချိုချိုသာသာလေး ပြုံးလိုက်ကြလေသည်။

ညနေခင်းတွင် လူတိုင်း ထမင်းဟင်း ချက်ပြုတ်နေကြပြီး အပြင်ဘက်တွင် တိုက်ခတ်နေသော လေပြင်းမှာ သူတို့၏ နေ့စဉ်လူနေမှုဘဝကို မနှောင့်ယှက်နိုင်ခဲ့ပေ။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ပင်လျှင် ထုံးစံအတိုင်း ဗိုက်ဝအောင် စား၊ ခဏလောက် ဆော့ကစားပြီးနောက် ချက်ချင်း မျက်စိမှေးကာ အိပ်ချင်လာကြသည်။

သူတို့၏ ခေါင်းလုံးလုံးလေးများသည် အပေါ်အောက် ငိုက်စိုက်ကျနေရှာ၏။ သူတို့သည် ငယ်သေးသဖြင့် အိပ်ရေးဝဝ အိပ်ရန် လိုအပ်နေသေးသည်။ ချန်ချင်းယွီက ကလေးများကို သိပ်ရင်း ပြုံး၍ ခေါင်းခါကာ

"သားတို့နှစ်ယောက်၊ အိပ်ချင်ရင်လည်း စောစောအိပ်ကြနော်"

သူမသည် ကလေးများ၏ ပါးဖောင်းဖောင်းလေးများကို တို့ထိရင်း မိမိကလေးနှစ်ယောက်မှာ အရမ်းကို လူလည်လေးတွေ၊ သိတတ်လွန်းကြသူလေးတွေဟု တွေးနေမိသည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် သိတတ်သော ကလေးများ ဖြစ်သော်လည်း သူတို့၏ မိခင်ကို အလွန်မှီခိုအားထားကြသဖြင့် မလွဲမသွေ ချွဲနွဲ့တတ်ကြ၏။

"မေမေ၊ သမီးတို့ကို ပုံပြင်တစ်ပုဒ်လောက် ပြောပြပါလားဟင်။"

ချန်ချင်းယွီ - "ကောင်းပြီလေ။"

သူမက ပုံပြင်တွေ အများကြီး သိတယ်လေ…

သူမက ဝံပုလွေကြီးနဲ့သိုးကလေးပုံပြင်ကို အပိုင်းထောင်ချီ ကြည့်ဖူးပါတယ်နော်…

အများကြီး သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူမကိုယ်သူမတော့ တကယ်ကို အများကြီး သိတယ်လို့ပဲယုံကြည်ထားတယ်…ကလေးတွေကို ပုံပြင်ပြောပြဖို့အတွက် ကွက်တိအချိန်ပါပဲ…

ချန်ချင်းယွီသည် စနိုးဝှိုက်နှင့် စင်ဒရဲလားပုံပြင်များကိုလည်း ကြားဖူးပြီး ကလေးများကို ပြောပြဖူးသည်။ သို့သော်လည်း သူမ၏ ကလေးများသည် ဝံပုလွေကြီးနှင့် သိုးကလေး ကဲ့သို့သော ပုံပြင်မျိုးကို ပို၍ နှစ်သက်ကြသည်မှာ ထင်ရှား၏။ ထိုပုံပြင်များသည် တရုတ်ကလေးငယ်များနှင့် ပို၍ ကိုက်ညီသည်မှာ သေချာလှသည်။

ချန်ချင်းယွီက ကလေးများကို အမြန်ဆုံး အိပ်ပျော်အောင် ချော့သိပ်လိုက်၏။ သူမ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်

မိစဉ် ~~ နေ့ခင်းဘက်၌ လူတိုင်းမိုးလေဝသခန့်မှန်းချက် ဘယ်လောက်တောင် လွဲမှားကြောင်း ညည်းညူခဲ့ကြသော်လည်း၊ ညတွင် သူတို့ မှားသွားကြောင်း မျက်နှာအဖြတ် အရိုက်ခံလိုက်ရသကဲ့သို့ သက်သေပြရောက်လာ၏။ တကယ့် တိုင်ဖွန်းမုန်တိုင်း ရောက်ရှိလာပြီး၊ အလွန်ပြင်းထန်သော လေပြင်းများကြောင့် သစ်ကိုင်းများ ရိုက်ခတ်ကာ တစ်ပြင်လုံး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

၎င်းကို သဲမုန်တိုင်းဟု ခေါ်လျှင် ချဲ့ကားလွန်းရာ ကျသော်လည်း အသေးအဖွဲဟုလည်း လုံးဝ လျှော့တွက်၍မရပေ။

ချန်ချင်းယွီသည် အပြင်သို့ မခိုးထွက်မီ အဝတ်အစား လဲလိုက်သည်။

သူမသည် အမြဲတစေ အလွန် ဂရုစိုက်တတ်ပြီး ယခုအကြိမ်တွင်လည်း ချွင်းချက်မဟုတ်ပေ။ အပြင်ထွက်ပြီး စောင့်ကြည့်ရမည် ဖြစ်၍ ချန်ချင်းယွီလျင်မြန်စွာ လှုပ်ရှားခဲ့၏။ အိမ်တွင် ကလေးနှစ်ယောက်တည်းသာ ရှိသဖြင့် သူမ လုံးဝ စိတ်မချနိုင်ဖြစ်နေရသည်။ ချန်ချင်းယွီသည် လျိုကျင့်၏ အိမ်အနီးသို့ ရောက်သွားပြီး တိတ်တဆိတ် တံတိုင်းကို ကျော်တက်လိုက်သည်။

လေ အရမ်းပြင်းသဖြင့် လူတိုင်းကို ယိမ်းထိုးသွားစေနိုင်သော်လည်း ချန်ချင်းယွီသည် နံရံကို မြဲမြံစွာ ဆုပ်ကိုင်ပြီး လျိုကျင့်အိမ်၏ ခေါင်းမိုးပေါ်သို့ တက်နိုင်လောက်အောင် သန်မာ၏။ ချန်ချင်းယွီ ကျန်းရှင်းဖှကို ရည်ရွယ်ချက်ရှိရှိ စောင့်ကြည့်နေခြင်း မဟုတ်ပေ။

သူမ အခြေအနေကို တကယ် စိုးရိမ်နေ၍ပင်… ကျန်းရှင်းဖှ၏ မျက်လုံးများထဲတွင် မုန်းတီးနာကျည်းမှုများ ပြည့်နှက်နေပြီး၊ သူသည် အဘွားကြီးကျောက်နှင့်လည်း ယခုလေးတင် ပဋိပက္ခ ဖြစ်ထားသည်။ ချန်ချင်းယွီမှာ သူ တစ်ခုခု မကောင်းတာ လုပ်မည်ကို ပြီး တကယ် ကြောက်နေမိ၏။ သူမသည် အဘွားကြီးကျောက် အပေါ်ကိုလည်း မည်သည့်အန္တရာယ်မှ မကျရောက်စေချင်ပေ။ သူတို့နှစ်ယောက်သည် ဓားနှစ်လက်ကဲ့သို့ လက်တွဲပြီး အလုပ်လုပ်နေကြကာ

အကယ်၍ အဘွားကြီးကျောက် တစ်ခုခု ဖြစ်သွားခဲ့လျှင် ပြဿနာတက်နိုင်သည်။

အခြားလူများသည်လည်း မိမိတို့ မိသားစုကို အပေါ်ယံ ဟန်ကိုယ်ဖို့ရှိပြီး တကယ်တမ်း အတွင်းကြွေနေပြီ (အပြင်ပန်းသာ သန်မာပြီး အတွင်း၌ အားနည်းနေသည်) ဟု ထင်သွားကြလိမ့်မည်။ ၎င်းသည် နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ဖြစ်ပေါ်စေနိုင်သည်။

ချန်ချင်းယွီ အတွေးလွန်နေခြင်း မဟုတ်ပေ။ ယခုကဲ့သို့ ခေတ်ကြီးထဲတွင် မုဆိုးမတစ်ယောက်အနေဖြင့် ရှင်သန်ရသည်မှာ တကယ်ကို ခက်ခဲလွန်းလှ၏။ အနည်းငယ်မျှ နောက်ဆုတ်ပေးလိုက်ရုံဖြင့် လူများသည် မိမိတို့ မိသားစုကို အနိုင်ကျင့်ရလွယ်သည်ဟု ထင်သွားကြလိမ့်မည်။ မုဆိုးမတစ်ယောက်၏ ဘဝသည် ခက်ခဲလွန်းလှသည်။

တစ်ခါတရံတွင် ချန်ချင်းယွီမှာ… ‘နောင်ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အခါကျရင်~~ ဘယ်သူက ဒါတွေကို ဂရုစိုက်နေဦးမှာလဲ’ ဟု တွေးမိတတ်၏။

သို့သော် လက်ရှိအခြေအနေမှာ မတူပေ၊ အခုလက်ရှိ အခြေအနေသည် ဤသို့သာ ရုန်းကန်ရမည်သာ…

လူမှုပတ်ဝန်းကျင် အခြေအနေလည်း မတူညီသေးပေ။

ချန်ချင်းယွီသည် ခေါင်မိုးပေါ်သို့ စမ်းတဝါးဝါးဖြင့် တက်သွားပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူမက ခြံဝင်းထဲမှအခြေအနေကို အကဲခတ်ပြီးနောက် တိတ်တဆိတ် ခုန်ဆင်းကာ မှောင်ရိပ်တစ်ခုထဲတွင် ရပ်ပြီး ချောင်းမြောင်း ကြည့်ရှုနေလိုက်၏။

ယခုအချိန်တွင် ကျန်းရှင်းဖှသည် ဂျိုထွက်နေသော စိမ်းစိမ်းလေး နှင့်အတူ အရက်သောက်နေပြီး နှစ်ဦးသား ခွက်ချင်းတိုက်ကာ မြှောက်ပေးနေကြသည်။

ကျန်းရှင်းဖှသည် ဆဲရေးတိုင်းထွာရင်း

"အဲဒီ သေချင်းဆိုးမကြီး အဘွားကြီးကျောက်က သူ့ကိုယ်သူ အမျိုးသမီးဆိုပြီး ငါက လက်မပါရဲဘူး အောက်မေ့နေတာ၊ တောက်... တကယ်ပဲ ငါ့ကို အနိုင်ကျင့်လို့ရတဲ့ ပျော့ညံ့တဲ့ကောင်များ မှတ်နေလား.. ငါက ဘယ်လိုလူလဲဆိုတာ သူ မသိဘူးလား၊ ငါက ဒီတိုင်း အနိုင်ကျင့်ခံမယ့်လူလား.. ငါ့ကို နှစ်ချက်လောက် လှမ်းကန်လိုက်တာ၊ ငါ့ဟာလေးတောင် ပျက်စီးသွားမလို့၊ ယောက်ျားတစ်ယောက်က အဲဒီနေရာသာ အလုပ်မလုပ်တော့ရင် မိန်းမစိုးနဲ့ ဘာထူးတော့မှာလဲ.. ငါ့ကြည့်ရတာ သူက ရည်ရွယ်ချက်ရှိရှိ လုပ်တာ၊ တောက်... ငါသာ သူ့ကို ပညာမပေးရင် နောင်ကျရင် လောကအလယ်မှာ မျက်နှာပြလို့ရတော့မှာ မဟုတ်ဘူး၊ အဘွားကြီးတစ်ယောက်ရဲ့ လှည့်ကွက်ထဲ မိသွားတာ၊ ငါ့မှာ ဘာသိက္ခာ ရှိတော့မှာလဲ"

"မင်းကတော့ တကယ့်ကို တော်ပါတယ် ကျန်းရှင်းဖှရာ.. ဒါပေမဲ့ အဘွားကြီးကျောက်ဆိုတဲ့ မိန်းမကြီးကလည်း လွယ်လွယ်နဲ့ ရန်စလို့ရတဲ့အထဲ မပါဘူးနော်..မင်း သူ့ကို နိုင်ပါ့မလား"

"ဘာလို့ မနိုင်ရမှာလဲ.. ငါ ကျန်းရှင်းဖှရဲ့ အရည်အချင်းကို မင်းတို့လည်း သိသားပဲ၊ ငါ ဘယ်သူ့ကို ကြောက်ဖူးလို့လ… ငါက ဘာမှအသုံးမကျတဲ့ အဘွားကြီးတစ်ယောက်ကို ကြောက်ရမှာလား၊ သူက မြေကြီးထဲ ခြေတစ်ဖက် နစ်နေပြီဥစ္စာ… ဘာတွေ လာဟန်ဆောင်နေတာလဲ၊ သူ့ကို နှိပ်ကွပ်ဖို့က ငါ့အတွက် အေးဆေးပဲ.. မင်း ငါပြောသလိုသာ လုပ်၊ ဒီနေ့ သူ့ကို ဆုံးမဖို့ ငါ့ကို ကူညီပေး၊ နောက်နောင် ဘာကိစ္စပဲရှိရှိ ငါ မင်းကို ကာကွယ်ပေးမယ်"

ကျန်းရှင်းဖှသည် လက်မရွံ့စတမ်း လက်ဟန်ခြေဟန်ဖြင့် ကြွားဝါပြောဆိုနေသော်လည်း၊ သူ၏ "တပည့်ကျော်" ဖြစ်သော စိမ်းစိမ်းလေးမှာ ဘာမှပြန်မပြောဘဲ ဝင်ပါချင်စိတ် သိပ်မရှိသည့်ပုံစံ ဖြစ်နေသည်။

"စကားပြောဦးလေ၊ ဘာလို့ တစ်ခွန်းမှ မဟတာလဲ၊ ဘာလဲ... မင်း မကူညီချင်ဘူးလား… မင်းတို့မိသားစုကို ဘယ်သူက ထောက်ပံ့ပေးနေလဲဆိုတာ မေ့သွားပြီလား၊ ဒီနှစ်တွေထဲမှာ ငါ မင်းတို့မိသားစုကို အများကြီး ထောက်ပံ့ပေးခဲ့တာ၊ ငါ့ရဲ့ အရည်အချင်းကို မင်း သိသင့်ပါတယ်.. မင်းသာ ငါနဲ့ မျက်နှာပျက်မယ်ဆိုရင်တော့ ငါလည်း အားနာနေမှာ မဟုတ်ဘူးနော်"

"ဒီလိုလည်း မဟုတ်ပါဘူး၊ ငါက ဒီလိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး၊ဒါပေမဲ့... မင်းလည်း ငါ့အကြောင်း သိသားပဲ၊ ငါက သတ္တိနည်းတော့... တကယ်ပဲ..."

"မင်းက ဘာကို ကြောက်နေတာလဲ၊ သူက မင်းကို ကိုက်စားမှာမို့လို့လား.. သူသာ တကယ် အရည်အချင်းရှိရင် ဘဝကို ဒီလိုမျိုး ဖြစ်အောင် ဖြတ်သန်းပါ့မလား.. သူက ဟန်ပန်ကြီးပြနေတာပဲ ရှိတာ၊ မင်း ငါပြောတာနားထောင်၊ ငါ မင်းကို ပြောပြမယ်၊ ငါတို့က အခုလို... အဲဒီနောက်ကျရင် ဟိုလို... လုပ်လိုက်ရင်၊ အဲဒီအချိန်ကျရင် ပေကျင်းတစ်မြို့လုံးကလူတွေ သူ့ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့ ရုပ်ပျက်ဆင်းပျက်ပုံစံကို သိသွားကြလိမ့်မယ်…ဟားဟားဟားဟား~"

ကျန်းရှင်းဖှ ကျေနပ်အားရစွာဖြင့်

"ဒီအဘွားကြီးက ငါ့ကိုတောင် လာပြီး စနောက်ကျီစယ်သေးတယ်၊ သူ ငါ့အပေါ် စိတ်ကူးရှိနေတာ ထင်တယ်… ငါသာ သူ့ကို စောစောစီးစီး ပညာမပေးရင် နောင်ကျရင် ငါပဲ နစ်နာရလိမ့်မယ်၊ အဲဒီလို ကျားလို၊ ဆင်လို ထန်နေတဲ့ အဘွားကြီးက ငါ့ကို အကွက်ချောင်းနေတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ.. ဒါကို 'လက်ဦးမှုရယူခြင်း' လို့ ခေါ်တယ်၊ မဟုတ်ရင် သူ ငါ့ကို အရင် လက်ဆန့်လာရင် ဘယ်လိုလုပ်မလဲ… သူ ယောက်ျားမရှိတာ ဘယ်လောက်တောင် ကြာပြီလဲ၊ ငါ့အပေါ် ဘာတွေ လာလုပ်မလဲ မသိဘူး၊ ငါ့ရဲ့ လူပျိုစင်ဘဝ (လူပျိုဘဝ စင်ကြယ်မှု) ကလည်း အရေးကြီးတယ်လေ…သူ ငါ့ကို ဘာမှ လာလုပ်လို့မရစေရဘူး၊ လုံးဝပဲ"

"ဗျာ..."

ဂျိုပေါက်နေသော စိမ်းစိမ်းလေးသည် အံ့ဩတုန်လှုပ်ပြီး မယုံကြည်နိုင်လောက်သော မျက်လုံးများဖြင့် ကြည့်ကာ၊ အကြီးအကျယ် ဝေခွဲမရ ဖြစ်သွားလေသည်။

သူ ဗဟုသုတ နည်းပါးလွန်းလို့ မဟုတ်ရပါဘူးဗျာ… ဒါကြီးက သောက်ကျိုးနည်း… ဖြစ်မှမဖြစ်နိုင်တာကြီးကို…

"မင်း... မင်း... မင်း၊ မင်း အထင်မှားနေတာ မဟုတ်လား… တခြားအကြောင်းအရာတွေဆိုရင် ငါ မင်းကို ယုံပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကတော့ တကယ်ပဲ ယုံရခက်လွန်းတယ်၊ မင်း... မင်းကတော့..."

အဘွားကြီးကျောက် သူ့အပေါ် စိတ်ဝင်စားနေသည်ဟု ပြောခြင်းသည် သူကိုယ်တိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပေကျင်းမြို့လယ်ထဲသို့ လွင့်စင်သွားပြီး အပတ် တစ်ရာလောက် ချာချာလည်သွားသည်ဟု ပြောခြင်းထက်ပင် ပို၍ ယုံရခက်သေးသည်။

အဘွားကြီးကျောက်က အသက်

ဘယ်လောက်ရှိပြီလဲ၊ ကျန်းရှင်းဖှက အသက်ဘယ်လောက်ရှိပြီလဲ…

ဒီကိစ္စက တကယ်ကို ယုတ္တိမရှိတာပဲ… သောက်ကျိုးနည်းတွေ လျှောက်ပြောနေတာ ဖြစ်မယ်…

သူသည် ယုံကြည်ချင်ဟန် ဆောင်

ချင်သော်လည်း၊ သူ၏ ဉာဏ်ရည်ဉာဏ်သွေးမှာ ၎င်းသည် မဖြစ်နိုင်ကြောင်း၊ လုံးဝ မဖြစ်နိုင်ကြောင်း ပြောပြနေ၏။

ကျန်းရှင်းဖှက ဒီလောက်တောင် အထာကြီး နေတာလား…

သူက အဘွားကြီးက သူ့ကို သဘောကျနေတယ်လို့ တောင် ပြောနေသေးတယ်...

ရူးသွားပြီ...

ရူးကုန်ကြပြီ...

ဒီလောကကြီးတော့ တကယ်ပဲ ရူးကုန်ပြီ…

ဘေးနားတွင် ဝိုင်းထိုင်လုပ်ပေးနေသော လျိုကျင့်လည်း ကြောင်

အသွားသည်။ ကျန်းရှင်းဖှ ဤသို့ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။

အာ... ဒါက မရွံစရာကောင်းဘူးလား… သူ ဘာတွေ ပြောနေတာလဲ…

သူမသည် ယနေ့ ဖြစ်ပျက်ခဲ့သည့် ရယ်စရာ မြင်ကွင်းကို လူကိုယ်တိုင် မမြင်ခဲ့ရသော်လည်း၊ အနည်းငယ်တော့ ကြားသိထား၏။

ကျန်းရှင်းဖှ၏ ဤစကားကို ယုံကြည်ဖို့ဆိုလျှင် သူမ ရူးသွားမှသာ ဖြစ်လိမ့်မည်။

ယခုအခါ သူမသည်လည်း ငါးအများကြီးကို မွေးမြူထားသူ (ယောကျာ်းများကို ဆွဲဆောင်ထားသူ) ဖြစ်သော်လည်း၊ ထိုသို့ဖြစ်သည့်တိုင်အောင် အခြားလူများအားလုံးသည် မိမိကို မက်မောနေကြသည်ဟု သူမ မပြောဝံ့ပေ။ သူတို့သည် အပြန်အလှန် လိုအပ်ချက်အရသာ ဖြစ်ပြီး၊ ထိုလူများထဲတွင် မိမိကို တကယ် စိတ်ရင်းဖြင့် ချစ်မည့်သူ မရှိနိုင်ကြောင်းကိုသာ သူမ ယုံကြည်၏။

ကျန်းရှင်းဖှကဲ့သို့ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲစွာဖြင့် ဤစကားကို ပြောထွက်သည်မှာ တကယ့်ကို အံ့ဩချီးကျူးဖွယ်ရာပင် ဖြစ်သည်။

လျိုကျင့် : "..."

ခဏမျှ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။

ရှင်က အဘွားကြီးတစ်ယောက်က ရှင့်ကို သဘောကျနေပါတယ်ဆိုပြီး ကြွားလုံးထုတ်နေတာ၊ တကယ်ပဲ ပြဿနာမရှိဘူးလား…

ဒီကိစ္စက ဂုဏ်ယူစရာ ဘာရှိလို့လဲ..

လျိုကျင့်မှာ ဆွံ့အသွားရ၏။ အကယ်၍ ကျန်းရှင်းဖှသည် စိတ်လိုက်မာန်ပါ ဖြစ်တတ်ပြီး အလွယ်တကူ အသုံးချ၍ရသောလူ မဟုတ်ခဲ့လျှင်၊ သူမသည် ဤလူနှင့် ပတ်သက်မိမည် မဟုတ်ပေ။ သူသည် ပိုက်ဆံသုံးရမှာကိုလည်း သိပ်နှမြောပြီး၊ တစ်ခါကပ်ရင် ခွာရခက်သည့် ခွေးချေးပတ်တီးလို လူမျိုး ဖြစ်သည်။ ၎င်းမှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်ရ၏။ ကံကောင်းသည်မှာ ဤလူသည် အသုံးချရလွယ်ကူပြီး လူအတစ်ယောက် ဖြစ်နေခြင်းပင်…

သူမက ရန်တိုက်ပေးသည့် နည်းဗျူဟာကို အနည်းငယ် သုံးလိုက်ရုံဖြင့်၊ အလုပ်ကူလုပ်ပေးမည့်သူ တစ်ယောက် ပိုရလာနိုင်သည်။

မဟုတ်လျှင် ဤကဲ့သို့သော လူမျိုးကို သူမ တကယ် ရင်မဆိုင်ချင်ပေ။

သူမသည် ယောက်ျားဖြစ်သူနှင့် အကြည့်ချင်းဆုံကာ ဟက်ဟက်ပက်ပက် တစ်ချက် ရယ်လိုက်၏။

ကျန်းရှင်းဖှ ဆက်လက်၍ ကြွားဝါနေဆဲပင်…

"သူက အဘွားကြီးတစ်ယောက် ဖြစ်နေတာတောင် ငါလို လူပျိုလေးအပေါ် စိတ်ယိုင်နေသေးတယ်၊ ငါ့ကို မရရင် ဖျက်ဆီးပစ်မယ်ဆိုတဲ့ သဘောပဲ၊ ငါကတော့ ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး.. မင်း ငါ့ကို ကူညီပါ၊ မင်း ငါ့ကို ကူညီရင် ငါလည်း မင်းကို ပြန်ကူညီမှာပေါ့၊ ငါတို့ကြားထဲမှာ ဘာတွေ ခွဲခြားနေဦးမှာလဲ.. ဟုတ်တယ်မလား လျိုကျင့်"

လျိုကျင့် အသာအယာလေး ပြုံးလိုက်ပြီး ဘာမှမပြောသော်လည်း၊ သူမ၏ မျက်လုံးထဲတွင်မူ ရယ်မြူးရိပ် လုံးဝမရှိပေ။

"အော် ဒါနဲ့၊ လျိုကျင့် မင်း ဘယ်တော့ ကိုယ်ဝန်ဖျက်ချမှာလဲ.. ငါ မင်းကို ပြောထားမယ်၊ မင်း အဲဒီကလေးကို မွေးလာတာကို ငါ လုံးဝ ခွင့်မပြုနိုင်ဘူး၊ ငါ့မှာ သားမရှိသေးပေမယ့် အနှေးနဲ့အမြန်တော့ ရမှာပဲ၊ မင်းကတော့ မွေးလို့မဖြစ်ဘူ.. ငါ အပြင်က ကလေးကို ကျွေးမွေးမှာ မဟုတ်ဘူး"

လျိုကျင့်သည် အသက်ကို ပြင်းပြင်း ရှူသွင်း ရှူထုတ် လုပ်လိုက်ရ၏။

ကျန်းရှင်းဖှသည် တတွတ်တွတ် ဆက်ပြောနေဆဲဖြစ်ပြီး၊ ချန်ချင်းယွီမှာ တံတိုင်းအောက်တွင် နားထောင်ရင်း ဆွံ့အလို့ သွားရသည်။

ကျန်းရှင်းဖှက ဘယ်လောက်တောင် စိတ်ရောဂါ ထနေတာလဲ… အဘွားကြီးကျောက်က သူ့ကို သဘောကျလိမ့်မယ်လို့ ဘယ်လိုတောင် ထင်နေရတာလဲ… ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အထင်ကြီးနေတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး…အဘွားကြီးကျောက်က အသက်ကြီးတယ်ဆိုပေမယ့်လည်း သူလို အမှိုက်ကောင်မျိုးကိုတော့ လှည့်ကြည့်မှာ မဟုတ်တာ သေချာတယ်…

သို့သော်လည်း ကျန်းရှင်းဖှသည် ထိုသို့မတွေးဘဲ မိမိကိုယ်မိမိ တော်တော်လေး ကျေနပ်အားရနေပုံရသည်။

သို့သော် ကျေနပ်နေသည်မှာ တစ်ပိုင်း… ကလဲ့စားချေရမည်မှာ တစ်ပိုင်းပင်…

"ငါတို့ ခဏနေရင် တန်းသွားကြမယ်၊ မင်း ငါ့အမိန့်ကို နားထောင်၊ လုံးဝ အဆင်ပြေစေရမယ်..."

"ငါတို့ သွားရင် အဆင်ပြေပါ့မလား၊ ပြီးတော့ သူတို့ အိမ်ပြန်သွားလောက်ပြီ ထင်တယ်၊ ဒီနေ့ ရာသီဥတုက မကောင်းတော့ စောစော ပြန်ကြမှာပဲ… ဒါမှမဟုတ် ဒီအတိုင်းပဲ ထားလိုက်ပါတော့လား၊ မင်းကြည့်ရတာလည်း ကိစ္စက သိပ်မကြီးပါဘူး၊ ဆရာဝန်ကလည်း နားနားနေနေ နေရင် ကောင်းသွားလိမ့်မယ်လို့ ပြောတာပဲမဟုတ်လား၊ မင်း တကယ်ပဲ စွန့်စားဖို့ မလိုပါဘူး၊ အဘွားကြီးကျောက်က ရန်ပွဲကြိုက်တဲ့ မိန်းမကြီးလိုပဲ၊ ငါတို့ နစ်နာသွားနိုင်တယ်… ဒါ့အပြင် ဒီလို လေပြင်းထန်တဲ့နေ့မှာ အပြင်ထွက်ရတာ ဘယ်လောက် အန္တရာယ်များလဲ"

သူ တားမြစ်နေသော်လည်း လုံးဝ တားမရ ဆွဲမရ ဖြစ်နေ၏။

"မဖြစ်နိုင်ဘူး၊ သူတို့ ရှိနေဦးမှာ သေချာတယ်၊ ငါ သိတာပေါ့။ သူတို့ မီးဖိုချောင်က စားဖိုမှူးကြီးက အချိန်ဆွဲတာ အဆိုးဆုံးပဲ၊ ပြီးတော့ ဒီမီးဖိုချောင်ကူတဲ့လူတွေကလည်း အကြွင်းအကျန် ဟင်းတွေကို ယူချင်ကြတာဆိုတော့ မစောင့်ဘဲ နေမှာမဟုတ်ဘူး။ မင်း ငါပြောတာနားထောင်၊ ငါနဲ့အတူ လိုက်ခဲ့၊ လုံးဝ ပြဿနာမရှိဘူး။ အဲဒီအချိန်ကျရင် ငါ သူ့ကို ဆုံးမလိုက်ရရင် ဘယ်လောက်တောင် စိတ်ချမ်းသာဖို့ကောင်းလဲ"

သူက လျိုကျင့်၏ ယောက်ျား သွားချင်စိတ်မရှိသည်ကို မြင်သောအခါ ထပ်မံ၍

"သူက ဒီတစ်ခါ မီးဖိုချောင်ကူလုပ်တာဆိုတော့ ဘာပစ္စည်းမှ မယူဘဲ နေမှာမဟုတ်ဘူး.. သူတို့သာ ဟင်းကောင်းတွေ မရရင် ဘယ်လိုလုပ် ဒီလောက်အထိ တက်ကြွနေပါ့မလဲ။ ငါတို့ သူ့ကို ရိုက်ခွဲပြီး သတိမေ့အောင်လုပ်ပြီး ပစ္စည်းတွေ အကုန်လုယူကြမယ်.. အဲဒီအချိန်ကျရင် သူနဲ့ပါလာတဲ့ စားသောက်စရာတွေ အကုန်လုံး မင်းကို ပေးမယ်၊ အကယ်၍ ပိုက်ဆံနဲ့ ရိက္ခာလက်မှတ်တွေပါရင်လည်း မင်းကိုပဲ ပေးမယ်.. ငါ တစ်ပြားမှ မယူဘူး၊ မင်း ဘယ်လိုထင်လဲ"

"ဒါပေမဲ့ ဒါက ဓားပြတိုက်တာ လုယက်တာနဲ့ အတူတူပဲ မဟုတ်လား..."

"ဒါပေမဲ့တွေ ဘာတွေ မလုပ်နဲ့၊ ဒါက လုယက်တာ မဟုတ်ဘူး၊ ဒါက ပညာပေးတာ... မင်း ကူညီမှာလား မကူညီဘူးလားသာ ပြော.. ငါတို့က ညီအစ်ကိုတွေ မဟုတ်တော့ဘူးလား"

ကျန်းရှင်းဖှသည် စားပွဲကို အားပြင်းပြင်း တစ်ချက် ရိုက်လိုက်သည်။

"ကောင်းပြီ... ငါ မင်းကို ကူညီမယ်။"

ထိုလူသည် နောက်ဆုံးတွင် သဘောတူလိုက်လေ၏။

ချန်ချင်းယွီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသော်လည်း အံ့ဩမနေတော့ပေ။ ဤလူသည် မိမိဇနီးကိုပင် ကျန်းရှင်းဖှထံ ပေးအပ်ထားနိုင်သူ ဖြစ်သည်...

အင်း၊ ပြောရရင်တော့ ဘာကြောင့် ဒီလောက်အထိ အောက်တန်းကျတဲ့လူမျိုးတွေကို အမြဲ တွေ့နေရတာလဲ မသိဘူး…

ရှေ့တွင် ဂျိုပေါက်နေသောကောင်ရှိကာ၊ နောက်တွင်လည်း ချဲယုံချန်း ရှိနေသည်။

ထိုလူသည်လည်း ဇနီးဖြစ်သူကို သစ္စာဖောက်ရုံတင်မက၊ ဆက်လက်၍ ညီအစ်ကိုချင်း ပေါင်းသင်းနေနိုင်သေးသည်မှာ တကယ့်ကို အံ့ဩစရာပင်။

လူတွေက အမြဲတမ်း ဒီခေတ်ကလူတွေက ရိုးသားဖြူစင်ကြပါတယ်လို့ ပြောနေကြတာ… သူမအမြင်အရတော့ လုံးဝမဟုတ်ဘူး… ဘယ်နားမှာ ရိုးသားလို့လဲ… ငါ့ဖင်ကြီးပဲ ရိုးသား… ဒါက ဘယ်လောက်တောင် အရှက်မရှိ ကစားနေကြတာလဲ…

အနည်းဆုံး ခေတ်သစ်လူမှုဘဝရှိ ချန်ချင်းယွီ ဘေးနားတွင် ဤကဲ့သို့သောလူမျိုး တစ်ယောက်မှ မရှိခဲ့ဖူးပေ။ အပျော်အပါးမက်ပြီး ဖောက်ပြန်တတ်သောလူများ ရှိကောင်းရှိနိုင်သော်လည်း ယခုကဲ့သို့လုံးဝ မဟုတ်ခဲ့ပေ။

ဒီကောင်ကတော့ လူယုတ်မာနဲ့တိုက်ရိုက် ညီအစ်ကိုကြီးလို ပေါင်းနေတာပဲ… နှလုံးသားက ဘယ်လောက်တောင် မာကြောလိုက်သလဲ…

တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ရာပါပဲ…

ချန်ချင်းယွီက သူတို့၏ အစီအစဉ်ကို ခဏမျှ ထပ်မံ နားထောင်လိုက်သည်။

အင်း... ပြောရရင်တော့ ဘာအစီအစဉ်မှ မရှိဘူးလို့ပဲ ဆိုရမယ်…

ချန်ချင်းယွီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

သူတို့က ဒီလောက်တောင် မကောင်းမှု လုပ်ချင်နေကြမှတော့၊ သူမကပဲ သူတို့ကို ဖြည့်ဆည်းပေးလိုက်ရုံပေါ့…

အမယ်လေး… ငါ ဘယ်လောက်တောင် ကောင်းလိုက်လဲဆိုတာ…

မကောင်းမှုကို နှိမ်နင်းပြီး သူတော်ကောင်းကို ကယ်တင်မယ့် တကယ့် သူတော်စင်မလေးတစ်ယောက်ပေါ့… ဟိဟိ..

All Chapters