အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) ကြက်ကိုခိုးဖို့လုပ်ပေမယ့် ဆန်ပဲဆုံးရှုံးသွားတယ်
မုန်တိုင်းသည် တဝူးဝူးတဟူးဟူး တိုက်ခတ်နေပြီး လူများပါ လွင့်စင်သွားမတတ် ပြင်းထန်လှ၏။
အေးစိမ့်နေသော လေပြင်းများကြားတွင် ကျန်းရှင်းဖှနှင့် ဂျိုထွက်နေသော စိမ်းစိမ်းလေးမှာ တစ်ဦးကိုတစ်ဦး အမှီသဟဲပြု ဖက်တွယ်၍ ယိုင်တိယိုင်တိုင် သွားနေကြသည်။
လေတိုက်ခတ်နှုန်းသည် ဤမျှပြင်းထန်လိမ့်မည်ဟု သူတို့နှစ်ဦး ထင်မထားခဲ့ကြပေ။ သို့သော် မည်သို့ပင်ဖြစ်စေ ကျန်းရှင်းဖှ၏ ကလဲ့စားချေချင်သော စိတ်ကူးကို တားဆီးနိုင်ခြင်း မရှိပေ။ သူသည် မိမိကိုယ်ကို အလွန်အမင်းနစ်နာသွားရသည်ဟု ခံစားနေရ၍ အပြင်းအထန် လက်တုံ့ပြန်ရန် အခွင့်အရေး ရှာနေခြင်းဖြစ်၏။ ဤသည်မှာ သံသယဝင်ရန်ပင် မလိုပေ။
"ဘာလို့ ဒီလိုရာသီဥတုမျိုးနဲ့ လာတိုးရတာလဲ၊ တကယ် စိတ်ပျက်ဖို့ကောင်းတယ်။ မိုးနတ်မင်းကပါ ငါ့ကို လာဆန့်ကျင်နေတယ်၊ ငါ တကယ် ဒေါသထွက်လွန်းလို့... ဝူး..."
ကျန်းရှင်းဖှ ကျိန်ဆဲရန်ပြင်လိုက်သည်။ ထိုသို့ တတွတ်တွတ် ကျိန်ဆဲနေစဉ်အတွင်း ဟထားသော ပါးစပ်ထဲသို့ သဲများအဆုပ်လိုက် ဝင်သွားလေတော့၏။
ကျန်းရှင်းဖှမှာ ထိုသဲများကို တဖူးဖူး ပြန်ထွေးထုတ်ရင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြန်သည်။
“တောက်…မေ-ိုးထဲမှ ဒါကဘယ်လိုဖြစ်နေတာလဲ”
“မင်း စကားမပြောတာ အကောင်းဆုံးပဲ”
စိမ်းစိမ်းလေးမှာ ဝင်ပြောလိုက်ရ၏။
"မင်းကပါ ငါ့ကို ဒီလို မျက်နှာအမူအရာ လာပြရဲတယ်ပေါ့၊ မင်းက ဘာကောင်မို့လို့လဲ... မင်းက ငါ့ဘေးနားက ခွေးတစ်ကောင်ပဲ… ငါ ခိုင်းတာလုပ်ရမယ်၊ မင်းက ငါ့ဆီက အကူအညီ မျှော်လင့်နေရတာ မဟုတ်လား... ငါ့ကို အသံကျယ်ကျယ်နဲ့ ပြောရဲသေးတယ်၊ မင်းကို ဘယ်သူက မျက်နှာသာပေးထားလို့လဲ..."
ကျန်းရှင်းဖှ မျက်လုံးချင်းတေ့တေ့ဆိုင်၍ ကြိမ်းမောင်းဆဲဆိုလိုက်သည်။
စိမ်းစိမ်းလေးမှာ နှုတ်ခမ်းကိုတင်းတင်းစေ့၍ ပါးစပ်ပိတ်ထားလိုက်၏။ ကျန်းရှင်းဖှ ဤသို့ပြောနေသော်လည်း သူ လုံးဝ မတုံ့ပြန်ကာ လိမ္မာသော ခွေးလေးတစ်ကောင်နှယ် ငြိမ်ခံ ပြုမူ၍ စကားကို နားထောင်နေလေသည်။
ခဏအကြာတွင် သူတို့နှစ်ဦးမှာ စက်ရုံအထွက်လမ်းနှင့် မဝေးလှသော လမ်းကြားလေးအတွင်း၌ ဝင်းပုန်းလိုက်ကြ၏။ ဤနေရာသည် မိမိတို့ဝင်းသို့ ပြန်ရမည့် လမ်းဆုံလမ်းခွ နေရာဖြစ်သည်။
နံရံထောင့်တွင် ပုန်းနေသော နှစ်ယောက်မှာ သစ်သားတုတ်ကိုယ်စီ ကိုင်ထားကြ၏။ ကျန်းရှင်းဖှမှာ လေချဉ်တက်လိုက်ရင်း အရက်နာကျသောလေသံဖြင့် ပြောဆိုလေသည်။
"မင်း စောင့်ကြည့်နေလိုက်၊ ငါ သူ့ကို နောင်တရစေရမယ်… အဘွားကြီးတစ်ယောက်ပဲ ရှိတာကို၊ ငါ့ကိုများ ပြန်တွန်းလှန်ရဲတယ်ပေါ့… ငါ့ရဲ့ ဒီနေရာကိုတောင် ကန်ရဲသေးတယ်၊ တကယ်လို့ ပျက်စီးသွားရင် သူ လျော်ပေးနိုင်မလား... ဒီနေ့တော့ ငါ ကျန်းရှင်းဖှရဲ့ အရည်အချင်းကို သိအောင် သူ့ကို ကောင်းကောင်း ဆုံးမရမယ်.. မင်းလည်း ငါ့နောက်ကို သေသေချာချာ လိုက်လုပ်၊ ဘယ်တော့မှ နစ်နာစေရဘူး..."
စိမ်းစိမ်းလေး : “ငါ မင်းပြောတဲ့အတိုင်း အားလုံးလုပ်ပါ့မယ်”
ကျန်းရှင်းဖှမှာ စိတ်ကျေနပ်စွာဖြင့် အားရပါးရ ပြုံးလိုက်၏။
သူတို့နောက်မှ ထပ်ကြပ်မခွါလိုက်ပါနေသော ချန်ချင်းယွီမှာ သဘာဝကျကျပင် ထိုသူနှစ်ဦးအား အလွန် မြင်ပြင်းကပ်နေသည်။ မည်သို့ဆိုစေကာမူ သူတို့ကြံစည်နေသောသူမှာ မိမိ၏မိသားစုဝင် ဖြစ်နေသည့်အတွက် အလိုလိုပင် စိတ်မကျေမနပ် ဖြစ်နေရ၏။
ဟမ့်… ခွေးနှစ်ကောင် ယုတ်ယုတ်မာမာတွေ ပူးပေါင်းကြံစည်နေတဲ့ ပုံစံကို ကြည့်ပါဦး…
ချန်ချင်းယွီ အသံမထွက်စေဘဲ သူတို့အနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ သူမအနေဖြင့် သူတို့လက်ဦးမှုယူမည့်အချိန်ကို စောင့်ပြီး ပြန်လည်တုံ့ပြန်ရန် စိတ်ကူးမရှိပေ။
ဘာဖြစ်လို့ စောင့်ရမှာလဲ… ဦးတဲ့သူက ဆော်ကြေးပေါ့…
ထို့အပြင် အချိန်ဆွဲလေ အန္တရာယ်များလေ ဖြစ်ပြီး အိမ်တွင်လည်း ကလေးလေးနှစ်ယောက် ကျန်နေသည့်အတွက် စိတ်မချနိုင်ပေ။
ချန်ချင်းယွီသည်လည်း သစ်သားတုတ်တစ်ချောင်းကို ကောက်ကိုင်ထား၏။
သစ်သားတုတ်….
လူတိုင်းအတွက် မရှိမဖြစ်ကို အသုံးဝင်တဲ့ လက်နက်ပေါ့…
ချန်ချင်းယွီသည် တုတ်ကိုကိုင်ဆွဲ၍ ရှေ့သို့တိုးလာခဲ့သည်။ အနားသို့ မရောက်ခင်လေးတင် စိမ်းစိမ်းလေးမှာ ရုတ်တရတ် လှည့်ကြည့်လာ၏။ ကံကောင်းထောက်မစွာဖြင့် ချန်ချင်းယွီသည် အပြင်ထွက်တိုင်း မျက်နှာကို ဖုံးကွယ်ထားသည့်အတွက် မည်သူဖြစ်ကြောင်း မှတ်မိမည်ကို စိုးရိမ်နေရန် မလိုအပ်ပေ။ သူမ တုတ်ကို မြှောက်ပင့်လိုက်ပြီး အားရပါးရ တွယ်ထည့်လိုက်လေသည်။
ဘုန်း….
စိမ်းစိမ်းလေးခမျာ မြေကြီးပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။
ကျန်းရှင်းဖှသည်လည်း ဤအခြေအနေကို မမျှော်လင့်ထား၍ ဆွံ့အကြောင်ငေးသွားမိ၏။
ဘာဖြစ်တာလဲ… ဘုရားရေ.. ဓားမြတိုက်ခံရတာလား…
ပုစဉ်းရင်ကွဲကို ဖမ်းဖို့ ကြံရွယ်ထားတုန်း နောက်က စာသူငယ်က အမိဖမ်းလိုက်သလိုမျိုးပဲ… (သူတစ်ပါးကို ကြံစည်နေတုန်း မိမိက ပြန်အကြံခံရခြင်း)
သူတို့မှာ သူတစ်ပါးကို ကြံစည်နေချိန်တွင် တခြားတစ်ယောက်မှာ သူတို့အပေါ် အကွက်ချလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။ သူ အော်ဟစ်အကူအညီ မတောင်းနိုင်ခင်မှာပင် ချန်ချင်းယွီသည် ရိုက်ချပစ်လိုက်လေသည်။
ဘုန်း…
နောက်တစ်ယောက်လဲကျသွားပြန်ပြီ…
ချန်ချင်းယွီ ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူတို့နှစ်ယောက်ကို ပုခုံးပေါ် ထမ်းတင်လိုက်၏။
သူမမှာ ခွန်အားဗလ ပြည့်စုံသူဖြစ်၍သာ တော်တော့သည်။ အကယ်၍ သာမန် အမျိုးသမီးငယ်တစ်ဦးဆိုလျှင် ဤအခြေအနေကို ကိုင်တွယ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် ချန်ချင်းယွီအတွက်မူ စိတ်ပူစရာ မရှိပေ။ သူမတွင် တခြားအရာများ မထူးချွန်သော်လည်း သူမ၏ခွန်အားမှာ သာမန်ဟုတ်မနေပေ။
ချန်ချင်းယွီသည် လူနှစ်ယောက်ကို ထမ်းပြီး အိမ်ရာဝင်းကြီးဘက်သို့ ပြန်မသွားဘဲ စက်ရုံဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့၏။
ဒီလိုလူစားမျိုးတွေက စက်ရုံထဲမှာ ကောင်းကောင်းကြီး နာမည်ကြီးသင့်တာပေါ့…
ချန်ချင်းယွီ စက်ရုံသို့ ရောက်ရှိလာပြီးနောက် နံရံကို ကျော်တက်ကာ အထဲသို့ ခုန်ဝင်လိုက်သည်။ စက်ရုံထဲတွင် ပုံမှန်အားဖြင့် လှည့်ကင်းများ ရှိသော်လည်း ယနေ့ မုန်တိုင်းတိုက်နေ၍ လှည့်ကင်းများ အသွားအလာ နှေးကွေးနေသောကြောင့် ချန်ချင်းယွီအတွက် အခွင့်ကောင်း ရသွားစေခဲ့၏။ သူမမှာ ဘေးဘယ်ညာကို ကြည့်ရှုစစ်ဆေးပြီး ပြဿနာမရှိကြောင်း သေချာမှသာ ထိုလူနှစ်ယောက်ကို စက်ရုံအိမ်သာဆီသို့ တိတ်တဆိတ် ဆွဲခေါ်သွားခဲ့သည်။
သူမ ဘေးဘယ်ညာကို ထပ်ကြည့်ပြီးနောက် အမျိုးသမီးအိမ်သာကို ရွေးချယ်လိုက်၏။
အမျိုးသားအိမ်သာသည် ပိုမိုသင့်တော်သော်လည်း လုံခြုံရေးဝန်ထမ်းများမှာ အမျိုးသားများဖြစ်ကြပြီး ညဘက်တွင် အိမ်သာတက်ရင်း စောစီးစွာ တွေ့ရှိသွားလျှင် ပျော်စရာ မကောင်းတော့ပေ။
ဒီခွေးနှစ်ကောင်ကို လူအများကြီး တွေ့သွားစေချင်တာ… များလေကောင်းလေ.. ပိုပွက်ပွက်ညံလေ ပိုကြိုက်လေပဲ…
ထို့ကြောင့် ညဘက်တွင် လူသိပ်မလာတတ်သော အမျိုးသမီးအိမ်သာသည် ပိုမိုသင့်တော်ပေသည်။
ကျန်းရှင်းဖှက အဘွားကြီးကျောက်ကို မစင်ကျင်းထဲ တွန်းချချင်နေတာ မဟုတ်လား...
ဒါဆိုရင် သူကိုယ်တိုင်လည်း အိမ်သာရဲ့ အရသာကို ခံစားကြည့်သင့်တာပေါ့…
သို့သော် ချန်ချင်းယွီသည် သာမန်လူများနှင့် မတူပေ။ သူမမှာ မိမိကိုယ်ကိုယ် ရွံရှာစေ၍ သူတစ်ပါးကို နှိပ်စက်မည့်သူမျိုး မဟုတ်ပေ။ လူကို ဤနေရာသို့ ဆွဲခေါ်လာသော်လည်း တကယ်တမ်းတွင် အောက်ထဲ တွန်းချရန် စိတ်မကူးထားပေ။
လူတိုင်းအတွက် လမ်းစတစ်ခုတော့ ချန်ထားပေးရမည် မဟုတ်လား...
မဟုတ်လျှင် မနက်ဖြန် အလုပ်လာဆင်းမည့်သူများအတွက် တကယ့်ကို ရွံစရာကောင်းနေလိမ့်မည်။
ငါ.. ချန်ချင်းယွီက အများအကျိုးကို အလွန်ငဲ့ညှာတတ်တဲ့ အမျိုးသမီးရဲဘော်လေးပါ…
သူမသည် လူကို မစင်ကျင်းထဲ တွန်းချရန် စိတ်မကူးထားသော်လည်း ဤနေရာသို့ ဆွဲခေါ်လာရခြင်းမှာ အခြားအကြောင်းရှိ၏။ ဤလူနှစ်ယောက်ကို ကောင်းကောင်းကြီး စိတ်ပျက်ရွံရှာသွားစေရန်ပင်…
ကျန်းရှင်းဖှနဲ့ လျိုကျင့်တို့ကောလာဟလက ဘာမို့လို့လဲ…
ကျန်းရှင်းဖှနဲ့ လျိုကျင့် ယောကျာ်းအကြား ဖြစ်ပွါးမယ့် ကောလာဟလကမှ ပိုစိတ်ဝင်စားဖို့ကောင်းတာ မဟုတ်ဘူးလား.. ဟားဟား
ချန်ချင်းယွီ၏ စိတ်ကူးစိတ်သန်းများမှာ တဖျတ်ဖျတ်ဖြင့် မရိုးမရွ ဖြစ်နေလေသည်။ ကျန်းရှင်းဖာကဲ့သို့ ယုတ်ညံ့သော အမျိုးသားမျိုးသည် ဤအရာနှင့် အလွန်ကို ကိုက်ညီလှ၏။
မိန်းမတွေ့ကို နေ့တိုင်း မျက်စိအရသာခံ စိုက်ကြည့်ချင်နေတယ်ပေါ့… ရတယ်.. ရတယ်.. နင့်ကို ယောကျာ်းချင်းကြားက လေပြင်းမုန်တိုင်းက ဘာလဲဆိုတာကိုပါ သိအောင် လုပ်ပေးမယ်… ခံစားကြည့်လိုက်စမ်း…
ချန်ချင်းယွီသည် စကားထက် လက်တွေ့လှုပ်ရှားတတ်သည့် တိုက်ခိုက်ရေးသမားမျိုး ဖြစ်သည်။ သို့သော်လည်း လူအများကို ရွံရှာစိတ်ပျက်အောင် လုပ်ရမည့်အခွင့်အရေးမျိုး ခဲခဲယဉ်းယဉ်း ရထားသဖြင့် သူမကိုယ်တိုင် စိတ်လှုပ်ရှားနေ၏။
ကျန်းရှင်းဖှကတော့ အမြဲတမ်း ရွံစရာကောင်းနေသူလေ… သူက ဘာမှမလုပ်ရသေးခင်မှာကို ရွံစရာကောင်းနေနှင့်ပြီးသား…
မိမိတို့မိသားစုအနေဖြင့် အမြဲတမ်း နိုးနိုးကြားကြားရှိနေခဲ့၍သာ ဤလူများ ပြဿနာ မရှာနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်းရှင်းဖှမှာ မိမိတို့ကို ကြောက်ရွံ့သွားခြင်း မဟုတ်ပေ။
ဤအကောင်းသည် မည်မျှ ရိုက်ခံရသည်ဖြစ်စေ ပိုးဟပ်ကဲ့သို့ ရက်ပိုင်းခြားတစ်ခါ အမြဲတမ်း ပေါ်ပေါ်လာတတ်သဖြင့် တကယ့်ကို စိတ်ပျက်ဖို့ကောင်းလှသည်။
ချန်ချင်းယွီ တခြားအရာများကို လျစ်လျူရှု့ကာ ထိုလူနှစ်ယောက်အား အိမ်သာထဲ ဆွဲခေါ်သွားပြီးနောက် သူတို့၏ အဝတ်အစားများကို ချွတ်ပစ်လိုက်၏။
ဒါဒါ… ဒီအကွက်ကို အဘွားကြီးကျောက်ဆီက သူမ သင်ထားတာလေ… ဟဲဟဲ
အဘွားကြီးကျောက်သည်လည်း သူခိုးနှစ်ယောက်ကို တစ်ချက်လေးပင် မဆိုင်းမတွဘဲ ကိုယ်လုံးတီးဖြစ်အောင် ချွတ်ပစ်ခဲ့ဖူးသည်ကို တွေးမိပြီး သူမကိုယ်သူမ တော်တော်လေး ယဉ်ကျေးသိမ်မွေ့သေးသည်ဟု ခံစားလိုက်ရသည်။
အနည်းဆုံးတော့ သူမက သူတို့ရဲ့ အပြင်အင်္ကျီတွေကိုပဲ ချွတ်ခဲ့တာ မဟုတ်လား…
အဟမ်း… မျက်စိစွန်မှာစိုးလို့ မဟုတ်ပါဘူး… ရွံလို့ မလုပ်တာလည်း မဟုတ်ပါဘူး.. တကယ့်ကို မဟုတ်ပါဘူး… ဒါက သက်သက် အကြင်နာတရား ရှေ့ထားလို့ပါ..
ချန်ချင်းယွီ၊ နှလုံးသားဖြူစင်ပြီး ကြင်နာတတ်သူလေး…
သူမက အဲဒီလိုလူစားမျိုးလေးပါ…
ချန်ချင်းယွီသည် ထိုလူနှစ်ယောက်၏ အင်္ကျီနှင့် ဘောင်းဘီများကို ချွတ်လိုက်ပြီးနောက် အနည်းငယ် စဉ်းစားကာ အမိုးထုတ်တန်းပေါ်သို့ လှမ်းတင်ချိတ်ထားလိုက်၏။ အားလုံးကို ထိုအတိုင်း ထားခဲ့ခြင်းတော့ မဟုတ်ပေ… အချို့ကိုမြေပြင်ပေါ်တွင် ပစ်ထားခဲ့ပြီး တချို့ကို အိမ်သာပေါက်ဝ၊ တချို့ကို ဟိုနေရာ.. ဒီနေရာ..
အတိုချုပ်ပြောရလျှင် ထိုမြင်ကွင်းက... အဟမ်း… အဟမ်း..
ဘာကိုဆိုလိုသလဲဆိုတာ ရှင်တို့နားလည်မှာပါ..
ချန်ချင်းယွီသည် အားလုံးကို ရှင်းလင်းသိမ်းဆည်းပြီးနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုလူနှစ်ယောက်ကို ပြန်ကြည့်ရင်း သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ စိတ်ကူးရရချင်းပင် ချက်ချင်း အနားသို့သွားကာ သူတို့နှစ်ယောက်အား တစ်ယောက်ကိုတစ်ယောက် ဖက်ထားသည့် ပုံစံမျိုး ပြုပြင်ပေးပြီး ထောင့်စွန်းတစ်ခုဆီသို့ ဆွဲခေါ်သွားခဲ့သည်။
ဒီလို မုန်တိုင်းထန်နေတဲ့ ရာသီဥတုမျိုးမှာ အေးစိမ့်မနေဘူးဆိုပေမယ်… နွေးနွေးထွေးထွေးရှိဖို့တော့ လိုအပ်တယ် မဟုတ်လား.. ဟဲဟဲ.
တော်သေးသည်၊ ယခုအချိန်သည် နွေရာသီဖြစ်၍ အေးခဲပြီး သေဆုံးသွားမည်မဟုတ်ပေ။
တစ်ယောက်ကိုတစ်ယောက် ဖက်ထားခြင်းမှာ ခန္ဓာကိုယ်နွေးထွေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်၏။
အင်း... မဆိုးပါဘူး...
သူမ၏ အပြင်းအထန် ရိုက်ချက်ကြောင့် သူတို့ သတိမေ့မြောနေသည့်အချိန်မှာ မတိုတောင်းနိုင်ကြောင်း သူမ တွက်ဆမိသည်။ ဤအချက်သည် သူမကို စိတ်အေးသွားစေကာ တဖန် စိတ်သက်သာရာ ရသွားခဲ့၏။
အရာအားလုံး ပြီးစီးသွားသောအခါ ချန်ချင်းယွီ လာခဲ့သည့် လမ်းအတိုင်း ပြန်ထွက်လာခဲ့သည်။ အမှန်တကယ်တမ်း ဤနေရာ၏ လုံခြုံရေးသည် တော်တော်လေး တင်းကြပ်သော်လည်း ချန်ချင်းယွီသည် သာမန်လူမဟုတ်သဖြင့် သူမကို ဘယ်အရာမှ မတားဆီးနိုင်ပေ။ ချန်ချင်းယွီ နံရံကို ကျော်တက်ခုန်ချလိုက်စဉ် လေပြင်းများ ပိုမိုပြင်းထန်လာပြီး သစ်ကိုင်းများနှင့် ကျောက်ခဲလေးများမှာ နေရာအနှံ့ လွင့်စင်နေသည်။
ချန်ချင်းယွီ သူမ၏ခေါင်းကို ကာကွယ်ရင်း ရှေ့တွင်လျှောက်နေသော အဘွားကြီးတစ်ဦးကို လှမ်းကြည့်
လိုက၏။
အင်း... ကြည့်ရတာ ဘာလို့များ သူမ၏ ယောက္ခမနှင့် တူနေရတာလဲ...
ကျန်းရှင်းဖှ၏ အချိန်ကိုက်
တွက်ချက်မှုသည် တော်တော်လေး တိကျသည်။ ယခုအချိန်တွင် အဘွားကြီးကျောက်သည် လေပြင်းကို အံတုကာ လမ်းလျှောက်ပြန်လာနေခြင်း ဖြစ်၏။ ချန်ချင်းယွီမှာ အမှီလိုက်ရန် ခြေလှမ်းအနည်းငယ် ခပ်သွက်သွက် လှမ်းလိုက်သည်။ နောက်မှ ခြေသံကြားရသဖြင့် အဘွားကြီးကျောက်သည် လန့်ဖြန့်ကာ အော်တော့၏။
"နတ်မင်းအပေါင်းတို့၊ မြေစောင့်နတ်တို့၊ နတ်ဗြဟ္မာအပေါင်းတို့... ကျွန်မနောက်ကို လိုက်မလာကြပါနဲ့... ကျွန်မက တကယ့် လူကောင်းတစ်ယောက်ပါ..."
“……”
ချန်ချင်းယွီ : "ကျွန်မပါ၊ ကျွန်မပါ"
အဘွားကြီးကျောက် : "ဟင်…"
သူမ အံ့သြတုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ရာ တကိုယ်လုံး လုံခြုံအောင် ခြုံငုံထားသူမှာ ချန်ချင်းယွီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချန်ချင်းယွီသည် မှောင်ခိုဈေးသို့ သွားသည့်အခါတိုင်း အပူဒဏ်ကို မကြောက်ဘဲ ဤကဲ့သို့ အမြဲ ဝတ်ဆင်လေ့ရှိ၏။ သူမ၏ အဓိကရည်ရွယ်ချက်မှာ မည်သူမှ မှတ်မိမသွားစေရန် ဖြစ်သည်။ သို့သော် အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ ဤဝတ်စုံကို ကောင်းကောင်းသိထား၏။
သူမ ဝတ်ထားတဲ့ ပုံစံကို ကြည့်ဦးလေ...
"ဘုရားရေ၊ နင်လား...
ညကြီးမင်းကြီး ဘာလို့ အပြင်ထွက်လာရတာလဲ... ဘာလဲ... ငါ့ကို လာကြိုတာလား... ဟူး... နင့်ကိုလည်း ကြည့်ဦး၊ နင်က ဘာအသုံးကျမှာလဲ... ငါလို အဘွားကြီးတစ်ယောက်က ဘာကို ကြောက်ရမှာလဲ... ဒါပေမဲ့ နင်ကတော့ လေတစ်ချက်တိုက်ရင်တင် လွင့်သွားနိုင်တယ်"
ချန်ချင်းယွီ ပြုံးလိုက်ပြီး ရှေ့သို့တိုးကာ အဘွားကြီးကျောက်၏ လက်မောင်းကို တွဲလိုက်၏။
"သွားကြစို့၊ အိမ်ရောက်မှ စကားပြောရအောင်"
အဘွားကြီးကျောက်: "ဟမ်... အော်"
ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် တစ်ခုခုတော့ ထူးခြားနေပြီ ဖြစ်သည်။
သူမ တိုးတိုးလေး မေးလိုက်မိ၏။
"ဘာဖြစ်လို့လဲ..."
ချန်ချင်းယွီ : "အိမ်ရောက်မှ စကားပြောကြရအောင်"
လေပြင်းထဲတွင် စကားပြောပြီး ပါးစပ်ထဲ သဲများ ဝင်မခံနိုင်ပေ။
ယောက္ခမနှင့် ချွေးမနှစ်ယောက်သား အိမ်သို့ အတူတူ လျှောက်လှမ်းလာကြသော်လည်း အဘွားကြီးကျောက်ခမျာ စကားမပြောဘဲ မနေနိုင်ရှာပေ။ သူမမှာ စိတ်လှုပ်ရှားစွာဖြင့် ရင်ဖွင့်နေ၏။
"ဒီနေ့ စားရတဲ့ အစားအသောက်တွေက ဘယ်လောက်ကောင်းလဲဆိုတာ နင် ယုံမှာတောင် မဟုတ်ဘူး... ဒီခေါင်းဆောင်တွေ ဆိုတာလေ... တကယ့်ကို သက်တောင့်သက်သာရှိလှတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားကြတာ… စားရတာလည်း တကယ့်ကို အရသာရှိနေရော... ငါတို့တွေ ကောင်းတဲ့ ဟင်းအချို့ကို တိတ်တိတ်လေး ခိုးယူခဲ့သေးတယ်၊ ဟဲဟဲ... ဒါက ငါ့ဘဝမှာ ပထမဆုံးအကြိမ် ဒီလိုကောင်းမွန်တဲ့ အစားအစာကို စားဖူးတာပဲ… ဒီလို ထူးခြားတဲ့ အစားအစာမျိုးကို စားပြီး အရင်က ငါစားခဲ့တာတွေက ဝက်စာတွေလိုပဲလို့ ခံစားရတယ်..."
သူမ ဆက်လက် ကြွားဝါကာ
"ကြည့်ဦး၊ ငါ ကျန်တဲ့ ဟင်းတွေကိုတောင် ထည့်ခဲ့သေးတယ်.. အဲဒါတွေက ပွဲတော်မှာ ချမကျွေးရသေးတာတွေ၊ ငါတို့ ထမင်းချက်ဆောင်က တိတ်တဆိတ် ဖယ်ထားတဲ့ ဟင်းတွေလေ… တကယ်ကို ကောင်းလွန်းတယ်... သိလား၊ စားဖိုမှူးရဲ့ လက်ရာက တကယ်ကို တော်တာ၊ ကြည့်ရတာ နင့်ရဲ့ လက်ရာကလည်း တော်တော်လေး ကောင်းပါတယ်၊ ဒါပေမဲ့ သူတို့နဲ့ ယှဉ်ရင်တော့ လုံးဝကို နှိုင်းယှဉ်လို့ မရဘူး"
ချန်ချင်းယွီ: "..."
ဤမိန်းမကြီးမှာ တကယ့်ကို စကားအများကြီး ပြောနိုင်လွန်းသည်။
အဘွားကြီးကျောက်သည် ဖုန်တွေ သဲတွေ ပါးစပ်ထဲဝင်မည်ကို မကြောက်ဘဲ တတွတ်တွတ် ပြောဆိုနေခဲ့၏။ ဤကဲ့သို့သော ပွဲမျိုးကို ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်၍ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ နှစ်ယောက်သား လမ်းတစ်လျှောက်လုံး စကားပြောဆိုရင်း အိမ်သို့ ရောက်ရှိလာကြ၏။ ချန်ချင်းယွီသည် အဘွားကြီးကျောက်နှင့်အတူ တံခါးမှ ဝင်မသွားဘဲ နံရံကို ကျော်တက်ကာ ဒုတိယမြောက် ဝင်းအထဲသို့ ခုန်ချသွားခဲ့ပြီး အဘွားကြီးကျောက်မှာ ပုံမှန်အတိုင်း တံခါးမှ ဝင်သွားခဲ့သည်။
လင်စန်းရှင်း တံခါးဖွင့်ပေးရင်း
"အဒေါ်ကြီးကျောက်၊ ရှင်တို့ ထမင်းချက်ဆောင်က ဒီလောက်တောင် နောက်ကျတာလား..."
သူမ ချက်ချင်းပင် အဘွားကြီးကျောက်၏ လက်ကို လှမ်းကြည့်လိုက်ရာ ထမင်းဘူးကို တွေ့သွားပြီး မနာလိုစိတ်ဖြင့် နှုတ်ခမ်းကို စူလိုက်မိသည်။ ယနေ့ သူမ၏ အမျိုးသားသာ တစ်ခုခု အလုပ်ရှုပ်မနေခဲ့လျှင် သူတို့လည်း ထမင်းဘူး ရနိုင်လောက်၏။ သူမ ဟန်လုပ်ပြုံးလျက် မေးလိုက်သည်။
"ဘာအကြွင်းအကျန်တွေ ထည့်လာတာလဲ... အသားတွေ ပါလား... ပါမှာပါ၊ ဟုတ်တယ်မလား..."
သူမသည် မနာလိုစိတ်အပြည့်ဖြင့် စူးစမ်းမေးမြန်းနေ၏။
အဘွားကြီးကျောက် : "ဘာမှမဟုတ်ပါဘူး… လေ ဒီလောက်တိုက်နေတဲ့နေ့မှာ စကားအများကြီး မပြောပါနဲ့၊ အိမ်ကို မြန်မြန်ပြန်တော့”
အကယ်၍ အခြားအချိန်ဆိုလျှင် သူမ ဧကန်မုချ ပြန်လည် အော်ဟစ်ငေါက်ငေါမ်းမိမည် ဖြစ်သော်လည်း ယခုတွင် မလုပ်နိုင်ပေ။ မည်သို့ဖြစ်စေ ညဉ့်နက်သန်းခေါင်ယံ၌ တစ်ဖက်လူသည် ထွက်၍ တံခါးဖွင့်ပေးခဲ့သည် မဟုတ်လော့။
အဘွားကြီးကျောက်: "ဒီနေ့ လေက တကယ်ကို ပြင်းထန်လွန်းတယ်"
"ဟုတ်ပ”
အဘွားကြီးကျောက် : "ညည်းလည်း စောစောနားတော့”
သူမ အိမ်ဝင်းထဲသို့ အမြန်ဝင်သွားရာ လင်စန်းရှင်းမှာ တိုးတိုးလေး ညည်းတွားလိုက်သည်။
"သူ ဘာကောင်းတာတွေ ရလာလို့ ဒီလောက်တောင် ပျော်ပြီး စိတ်သဘောထားတွေ ကောင်းနေရတာလဲ မသိဘူး"
သူမ၏ အိမ်သည် အရှေ့တံခါးနားမှာတင် ရှိသော်လည်း ညဘက်တွင် တစ်စုံတစ်ယောက် အိမ်ပြန်လာတိုင်း တံခါးထွက်ဖွင့်ပေးရခြင်းကို သူမ အမြဲတမ်း ပျော်ရွှင်နေတတ်၏။ တစ်ချိန်တည်းမှာပင် မည်သူသည် ညဉ့်နက်မှ အိမ်ပြန်လာသလဲ၊ ဘာကြောင့် နောက်ကျရသလဲ၊ ဘာတွေ ယူဆောင်လာသလဲ စသည့် လက်လှမ်းမီ သတင်းဦးသတင်းထူး အချက်အလက်များကို သူမ ရရှိနိုင်၍ အလွန်ပင်ကျေနပ်နေသည်။
သူမကို ဤဝင်းကြီးအတွင်း၌ သတင်းအချက်အလက် အစုံလင်ဆုံး ရရှိထားသူတစ်ဦးအဖြစ် သတ်မှတ်နိုင်၏။
လင်စန်းရှင်းမှာ အိမ်အပြန်လမ်းတစ်လျှောက်လုံး တတွတ်တွတ် ရေရွတ်ရင်း ပြန်သွားလေသည်။
"ဒီလောက်လည်း နောက်ကျနေပြီ၊ တခြားလူတော့ ရှိတော့မှာ မဟုတ်ပါဘူး..."
အဘွားကြီးကျောက် အိမ်ထဲဝင်လာသောအချိန်တွင် ချန်ချင်းယွီသည် အဝတ်အစားများပင် လဲလှယ်ပြီးနေပြီဖြစ်သည်။ အဘွားကြီးကျောက်က မအောင့်နိုင်စွာဖြင့် ချက်ချင်းမေးလေ၏။
"မြန်မြန်ပြောပါဦး၊ ဘာဖြစ်ခဲ့တာလဲ... နင် ဘာလို့ အပြင်ထွက်သွားတာလဲ..."
ချန်ချင်းယွီ သူမကို မျက်စောင်းထိုးရင်း
"အမေ ကျွန်မကို ကျေးဇူးတင်သင့်တယ်။ ကျွန်မသာ မရှိရင် အမေ အခုချိန် ချောင်းမြောင်း တိုက်ခိုက်ခံနေရလောက်ပြီ"
အဘွားကြီးကျောက် : "ဘာလဲ"
ချန်ချင်းယွီ : "ဒီနေ့ အလုပ်ဆင်းတော့... တစ်ခုခုတော့ မှားနေပြီလို့ ကျွန်မ ခံစားမိတယ်… ကျန်းရှင်းဖှရဲ့ မျက်လုံးတွေက အရမ်း ကောက်ကျစ်နေတာ၊ သေချာပေါက် တစ်ခုခု ကြံစည်နေတာပဲ၊ ဒါကြောင့် ကျွန်မ လျိုကျင့်တို့အိမ်နား သွားပြီး ထောင့်ကနေ ချောင်းကြည့်နေခဲ့တာ၊ အဲဒီမှာ ကျွန်မ..."
ချန်ချင်းယွီသည် ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် ပြန်ပြောပြလိုက်၏။
အဘွားကြီးကျောက် : "........."
သူမသည် ထောင်ချောက်ထဲမှ သီသီလေး လွတ်ခဲ့ရကြောင်းကို မထင်မှတ်ထားမိကာ… တွေးမိရုံနဍဖြင့်ပင် ကျောချမ်းသွားရသည်။
ထို့နောက် ဒေါသတကြီးဖြင့် ဆဲဆိုလိုက်၏။
"အဲဒီကောင်က ကိုယ်တိုင်လည်း အသုံးမကျတဲ့ကောင် ဖြစ်နေတာကို ငါ့ကိုတောင် လာလုပ်ကြံရဲသေးတယ်ပေါ့... အဲဒီ ယုတ်ညံ့တဲ့ကောင်စုတ်၊ ဘာလို့ မိုးကြိုးပစ်ပြီး မသေသွားတာလဲ မသိဘူး..."
သူမ ဒေါသတကြီး ဖြစ်နေရင်း ချန်ချင်းယွီကို ဘေးဆွဲခေါ်ပြီး
"ချွေးမရေ၊ တော်သေးတာပေါ့ နင်ရှိနေလို့... နင်သာ မရှိရင် ဒီနေ့ ငါ ဘယ်လိုဖြစ်သွားမလဲ မသိဘူး… ယောက်ျားကြီး နှစ်ယောက်က ငါလို မိန်းမတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်ဖို့ ကြံစည်ကြတယ်၊ တည့်တည့်တိုးဖို့ကျတော့လည်း မရဲဘဲ အကွက်ဆင်ပြီး ချောင်းရိုက်ဖို့ လုပ်ကြတယ်၊ တကယ့်ကို ယုတ်ညံ့ပြီး အရှက်မရှိတဲ့ကောင်တွေ၊ ယောက်ျားခေါ်ဖို့တောင် မတန်ဘူး..."
ချန်ချင်းယွီမှာ အဘွားကြီးကျောက် ပြောစကားသည် အလွန်အဓိပ္ပာယ်ရှိကြောင်း တွေ့လိုက်မိသည်။
သူမ နှာခေါင်းရှုံ့ရင်း
"အမေလည်း သူတို့ကို သိတာကြာပြီပဲ၊ သူတို့က အဲဒီလိုလူစားမျိုးတွေ၊ လူကောင်းဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်နဲ့… အဲဒီ ဂျိုပေါက်တဲ့နွားကလည်း တော်တော်လေး အကဲခတ်မြန်တယ်၊ ကျွန်မ သူတို့နောက်က လိုက်သွားတာနဲ့ သူ ချက်ချင်း သတိထားမိသွားတာ.. ကံကောင်းလို့ ကျွန်မက လက်ဦးမှု ယူလိုက်နိုင်လို့..."
"အဲဒီ ယုတ်ညံ့တဲ့ကောင်တွေကို နင် လုပ်လိုက်တာ တကယ့်ကို မှန်တယ်.. မနက်ဖြန် သူတို့ ဘယ်လောက် အရှက်ရမလဲဆိုတာ ကြည့်ကြသေးတာပေါ့... တော်တယ်၊ တကယ်တော်တယ်..."
အဘွားကြီးကျောက်သည် ဤထက်ကောင်းသည့် အောင်ပွဲ မရှိနိုင်တော့ဟု ခံစားနေရ၏။
ဒီလိုလုပ်လိုက်တာကမှ တကယ့်ကို မှန်ကန်တာ၊ မဟုတ်ရင် စိတ်ထဲ ကျေနပ်မှာ မဟုတ်ဘူး…
တကယ့် အကွက်ဆန်းပဲ…
ချန်ချင်းယွီ လုပ်ခဲ့သော အကွက်ကို တွေးမိသောအခါ အဘွားကြီးကျောက်သည် တကယ့်ကို ပြောင်မြောက်လွန်းသည်ဟု ချီးကျူးမိပြန်သည်။
သူမရဲ့ ချွေးမဆိုတာ ဒီလိုပဲ ဖြစ်ရမယ်၊ သူမ သွန်သင်ထားတဲ့ နည်းလမ်းတွေရဲ့ အနှစ်သာရကို တကယ်ကို ကောင်းကောင်းကြီး နားလည်တာပဲ…
ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုဆိုတာ အရှက်ရတာနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ဘူး…
အဘွားကြီးကျောက် : "မနက်ဖြန် ငါ အလုပ်ကို စောစောသွားရမယ်၊ ဒီလို စိတ်လှုပ်ရှားစရာ ပွဲကြီးမှာ ငါ မပါရင် ဘယ်ပြည့်စုံပါ့မလဲ"
ချန်ချင်းယွီ : "ကျွန်မကတော့ အဲဒီပွဲကို မမြင်ရတာ နှမြောဖို့ကောင်းတယ်"
သူမသည် စက်ရုံအလုပ်သမား မဟုတ်၍ သဘာဝကျကျပင် စက်ရုံထဲ ဝင်ခွင့်မရှိပေ။
သို့သော် ကံကောင်းသည်မှာ ယောက္ခမဖြစ်သူသည် သတင်းစုံသည် ထမင်းစားဆောင်တွင် အလုပ်လုပ်နေ၍ သတင်းများ ပြန်ကြားရမည်သာ…
ချန်ချင်းယွီ : "လူတိုင်း သိသွားတာက အကောင်းဆုံးပဲ"
"ဟုတ်တယ်..."
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး လူလည်ပြုံးလေး ပြုံးလိုက်ကြ၏ ~~ တကယ့်ကို ကောက်ကျစ်တဲ့ အပြုံးမျိုးပေါ့...
သူတို့သည် အလကားနေရင်း အနိုင်ကျင့်ခံမည့် အရူးများ မဟုတ်ပေ။
ဘယ်သူမဆို သူတို့ကို လာထိရင် ပြန်တုံ့ပြန်မှာပဲ၊ အဆုံးမှာ ဘယ်သူ ပိုခံစားရမလဲဆိုတာ စောင့်ကြည့်ရုံပေါ့…
ချန်ချင်းယွီမှာ အဓိပ္ပာယ်မရှိသည့် ကိစ္စများကို ဂရုမစိုက်ပေ။ သူမ နှာခေါင်းရှုံ့ရင်း
"ကျွန်မက သူတို့ အရှက်လုံအောင် အဝတ်အနည်းငယ်တော့ ချန်ပေးခဲ့ပါသေးတယ်၊ တော်တော်လေး သဘောထားကြီးပေးလိုက်တာ… မဟုတ်ရင် အရင်တစ်ခါက အဲဒီ သူခိုးအစုတ် နှစ်ယောက်လို ကိုယ်လုံးတီး ဖြစ်အောင် ချွတ်ပစ်ခဲ့မှာ"
တကယ့်ကို ကြည့်ရဆိုးပြီး ရွံစရာဖြစ်သွားမှာ စိုးလို့သာ သူမ ချန်ထားပေးခဲ့တာ….
ကြည့်ပါဦး ကျွန်မ ဘယ်လောက် စေတနာကောင်းလိုက်လဲ…
အဘွားကြီးကျောက် : "ကောင်းတယ်၊ တော်တယ်"
ချန်ချင်းယွီ တဟီးဟီး ရယ်လိုက်
ရင်း သမီးယောက္ခမနှစ်ယောက် တော်တော်လေး သဘောကျနေကြလေသည်။
သေချာတာပေါ့၊ ကိုယ့်ရဲ့ ရန်သူ ဒုက္ခရောက်တာကို မြင်ရရင် ဘယ်သူက မပျော်ဘဲ နေမလဲ... အထူးသဖြင့် ကိုယ်တိုင် လက်စွမ်းပြလိုက်တာဆိုတော့ ပိုလို့တောင် ဝမ်းသာစရာ ကောင်းသေးတယ်…
အပြင်ဘက်တွင် လေများ တဝူးဝူး တိုက်ခတ်နေပြီး ပြတင်းပေါက်မှန်များပင် တဂျိဂျိ မြည်နေ၏။
အဘွားကြီးကျောက် : "ဒီနေ့ ငါယူလာတဲ့ ဟင်းတွေက တော်တော်ကောင်းတယ်၊ မနက်ဖြန် နင် နေ့လယ်စာအတွက် နွှေးပြီး ကလေးတွေနဲ့ အတူတူစားလိုက်.. ညဘက် ငါ့ကို စောင့်မနေနဲ့တော့၊ ငါတို့ ထမင်းချက်ဆောင်က အစားအသောက်တွေက တော်တော်လေး ကောင်းတယ်"
ချန်ချင်းယွီ ခေါင်းညိတ်ပြပြီး
"ကောင်းပါပြီ"
သူမသည် အသေးအဖွဲကိစ္စများအပေါ် စိတ်ထဲမထားပေ။ အကယ်၍ တဖက်လူသည် သူမအပေါ် မကောင်းကြံစည်လာလျှင် သူမသည်လည်း ပြန်အကွက်ဆင်မည်သာ။ သို့သော် တဖက်မှာ အကြံအစည်မရှိသူဆိုလျှင် သူမသည်လည်း အေးအေးဆေးဆေး နေတတ်သူပင်။
"အော် ဒါနဲ့၊ အမေ ဒီနေ့ နောက်ကျမှ ပြန်လာတာ… ကျွန်မ ဒီနေ့ အပ်ထားတဲ့ ဂွမ်းကပ်အင်္ကျီတွေ သွားယူလာတယ်၊ ဝတ်ကြည့်ပါဦး"
အဘွားကြီးကျောက် : "အော်... ပြီးပြီလား... နင် ဒီနေ့ အပြင်မထွက်ဘူး ထင်နေတာ"
"နေ့ခင်းဘက်က လေသိပ်မပြင်းသေးတာနဲ့ မြန်မြန်သွားယူလိုက်တာ၊ ဒါမှ စိတ်အေးရမှာ"
ချန်ချင်းယွီ အေးအေးဆေးဆေး ပြန်ပြောလိုက်၏။
"ဒါလည်း ဟုတ်တာပဲ"
အဘွားကြီးကျောက်သည်လည်း ချက်ချင်း မအိပ်ချင်သေး၍ ဂွမ်းကပ်အင်္ကျီကို အမြန် ဝတ်ကြည့်လိုက်သည်။ ထို့နောက် မှန်ထဲမှာ ဘယ်ပြန်ညာပြန် ကြည့်ရင်း
"ဟေး... ကွက်တိပဲ၊ ကွက်တိပဲ... ဒီဂွမ်းကပ်အင်္ကျီက တကယ်လှတာပဲ…ဒီလို ပန်းပွင့်ဒီဇိုင်းမျိုးက သိပ်မတွေ့ရဘူး"
ချန်ချင်းယွီ : "ဟုတ်တယ်၊ အဲဒီအထည်က တစ်ထည်စာပဲ ကျန်တော့တာနဲ့ အမေ့အတွက်ပဲ ချုပ်လိုက်တာ”
အမှန်တွင် ထိုသို့မဟုတ်ပေ။ ချန်ချင်းယွီမှာ အပ်ချုပ်ဆိုင်မှ အထည်များနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်၏။ သူမအတွက် အကျိုးအမြတ်ရှိသည်ဖြစ်၍ သဘာဝကျကျပင် လဲလှယ်လိုက်ခြင်း ဖြစ်သော်လည်း သူမ ယောက္ခမအတွက် အပ်နှံခဲ့သည့် င်္အကျီမှာမူ ထိုအစမှလုပ်သော ယခုအင်္ကျီပင် ဖြစ်သည်။ ဤသို့ လုပ်ရခြင်းမှာလည်း အပြင်လူများအနေဖြင့် သူမ ယောက္ခမသည် အိမ်ထောင်ဦးစီး ဖြစ်ကြောင်းကို အဝတ်အစားကြည့်ရုံနှင့် သိစေချင်၍ပင်…နေရာတိုင်းတွင် ဤပုံစံအတိုင်း ယောက္ခမကို ရှေ့တန်းတင် ပြသထားခြင်းကြောင့် ချန်ချင်းယွီအနေဖြင့် ပိုပြီး လွတ်လပ်ပေါ့ပါးမှုကို ခံစားရစေသည်။
ရိုးရိုးရှင်းရှင်းပြောရရင် သူမက အိမ်တွင်းကိစ္စတွေကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ လူတိုင်းက ထင်ထားကြတဲ့အတွက် ဘယ်သူမှ သူမဆီ လာပြီး အကြံဉာဏ် တောင်းခံမှာမဟုတ်တော့ဘူးလေ…
ဒါကပဲ သူမအတွက် လုံလောက်ပါပြီ.. နားအေးတာပေါ့ရှင်…
အဘွားကြီးကျောက် : "ဒါနဲ့ နင်ကော... နင့်အတွက် ဒီအထည်ကို မသုံးဘူးလား..."
ချန်ချင်းယွီ: "ကျွန်မတို့ကတော့ သာမန် နေဗီပြာရောင်ကိုပဲ သုံးထားတယ်"
အဘွားကြီးကျောက် စိတ်လှုပ်ရှားသွားပြီး
"ဘုရားရေ၊ နင့်ကျေးဇူးတွေကြောင့်ပါပဲ... ဘယ်ချွေးမမှ မင်းလောက် မကောင်းဘူး"
ချန်ချင်းယွီ တဟီးဟီး ရယ်ရင်း
"အဲလိုသိရင် ပြီးတာပဲ၊ ဒါပေမဲ့ နောင်ကျရင် ကျွန်မကိုတော့ လာမဆွနဲ့ဦး"
အဘွားကြီးကျောက်မှာ တိုးတိုးလေး ညည်းတွားကာ
"ငါက စရဲပါ့မလား… ငါက အန္တရာယ်ရှိတဲ့ လူတစ်ယောက်အနားမှာ နေနေရတာကိုး”
သူမက ရူးနေတာမှ မဟုတ်တာ၊ ချန်ချင်းယွီကို သွားဆွရင် ဘာမှ အကျိုးရှိမှာမဟုတ်ဘူး…
အဘွားကြီးကျောက်သည် တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေလေ၏။
သို့သော် မနက်ဖြန် ကြည့်ရမည့် ပွဲကြီးပွဲကောင်းကို တွေးမိသောအခါ သူမ တခစ်ခစ်နှင့် ရယ်မိပြန်သည်။
"ငါ ဒီနေ့ည စောစောအိပ်တာ အကောင်းဆုံးပဲ၊ မနက်ဖြန် အလုပ်သွားရဦးမယ်၊ ဟဲဟဲ... ပွဲကြီးကို စောစောသွားကြည့်ရမယ်။ ဒါပေမဲ့ ငါက ပထမဆုံး တွေ့တဲ့လူတော့ ဖြစ်လို့မဖြစ်ဘူး၊ မဟုတ်ရင် တစ်ယောက်ယောက်က ငါ့ကို သံသယဝင်လိမ့်မယ်… ငါ တခြားလူတွေကိုပါ တပါတည်း ခေါ်သွားရမယ်”
ချန်ချင်းယွီ လက်မထောင်ပြပြီး ချီးကျူးလိုက်၏။
"အကွက်စိပ်တယ်၊ အမေ"
အဘွားကြီးကျောက် : "ဒါပေါ့၊ ငါက အလုပ်လုပ်ရင် သေသေချာချာ လုပ်တတ်တာ… အဲဒီ စိမ်းစိမ်းလေးဆိုတဲ့ နွားကောင်ကလည်း လူယုတ်မာပဲ၊ ငါက သူနဲ့ ဘာပြဿနာမှ မရှိဘဲနဲ့ ဘာလို့ ငါ့ဆီ လာပြီး ပြဿနာရှာချင်နေရတာလဲ။ ပြီးတော့ လူကြီးလူကောင်းလိုလို ဘာလိုလိုနဲ့၊ တကယ်ကို အသုံးမကျတဲ့ လူယုတ်မာပဲ"
ချန်ချင်းယွီ ခေါင်းညိတ်ရင်း
"အမှန်ပဲ…ဒီနေ့ ကျွန်မတောင် အစီအစဉ် ပျက်တော့မလို့။ သူတို့နောက်က လိုက်သွားတုန်း သူက ရုတ်တရက် လှည့်ကြည့်လာတာ၊ တုံ့ပြန်မှု တော်တော်မြန်တယ်.. ကံကောင်းလို့ ကျွန်မက ပိုမြန်ပြီး တုတ်နဲ့ လှမ်းထုလိုက်နိုင်လို့။ တကယ်လို့ သူသာ ကျွန်မဘေးကနေ မြန်မြန် ဖြတ်သွားရင် ဒုက္ခရောက်တော့မှာ.. သူက ကျွန်မရဲ့ အကွက်တွေကို ဖျက်တော့မလို့"
အဘွားကြီးကျောက် : "အဲဒီ အကောင်က လူကောင်းမဟုတ်ဘူး..လူကောင်းဆိုရင် လင်ငယ်အထားခံရပါ့မလား..ရယ်စရာပဲ"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ဟုတ်တယ်… ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်"
သူမလည်း ဒီနွားကြီးကို လုံးဝ သဘောမကျဘူးလေ…
အဲ့အစိမ်းရောင်နွားကြီးက ကိုယ်ပိုင် အရည်အချင်း ဘာမှမရှိဘဲ မိန်းမတွေအပေါ်မှာပဲ မှီခိုပြီး အသက်ရှင်နေတာ၊ တကယ့်ကို အယုတ်ညံ့ဆုံး လူစားမျိုးပဲ…
သို့ရာတွင် ချန်ချင်းယွီသည် နှာခေါင်းတစ်ချက်ရှုံ့ကာ လှောင်ပြုံးပြုံးရင်း ရေရွတ်လိုက်၏။
"ဒီနေ့ပြီးရင်တော့ သူလည်း တကယ့်ကို ငြိမ်ကုပ်သွားလိမ့်မယ်လို့ ကျွန်မ ထင်တယ်"
"အဲလိုဖြစ်ဖို့ များပါတယ်.. အဲဒီလောက်အထိ ဖြစ်သွားတာတောင် မငြိမ်သေးဘူးဆိုရင်တော့ သူ တကယ် ရူးနေလို့ပဲ"
အဘွားကြီးကျောက် ဆိုလေသည်။
ချန်ချင်းယွီ စိတ်ထဲတွင် တစ်ခုခုကို မင်္သကာသဖြင့် တိုးတိုးလေး ပြောလိုက်မိ၏။
"ဒါပေမဲ့... သူ့ကိုကြည့်ရတာ တစ်ခုခုတော့ ထူးဆန်းနေသလိုပဲလို့ ကျွန်မ ခံစားရတယ်"
"ဘာက ထူးဆန်းလို့လဲ..."
"ကျွန်မလည်း အသေအချာတော့ ရှင်းရှင်းလင်းလင်း မပြောတတ်သေးဘူး၊ စောင့်ကြည့်ကြတာပေါ့"
သူမတို့ ယောက္ခမနှင့် ချွေးမနှစ်ဦးသည် တိုးတိုးတိတ်တိတ်ဖြင့် စကားအနည်းငယ် ဆက်ပြောပြီးနောက် အိပ်ရာထဲသို့ ဝင်လှဲလိုက်ကြလေသည်။ ဤကဲ့သို့ လေပြင်းများ တဝူးဝူးတဟူးဟူး တိုက်ခတ်၍ ကောင်းကင်ယံတစ်ခုလုံး မှောင်မည်းနေသော ညမျိုးတွင် စောစောစီးစီး အိပ်စက်အနားယူခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေ၏။
ယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံး အိပ်ပျော်သွားကြပြီးနောက် အဘွားကြီးကျောက် နိုးလာချိန်တွင် မိုးသောက်အလင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အပြင်ဘက်တွင်မူ လေပြင်းများသည် အားလျော့သွားခြင်းမရှိဘဲ တဝုန်းဝုန်းဖြင့် သောင်းကျန်းနေဆဲဖြစ်ရာ လူတို့ကို မိစ္ဆာမကြီး မေချောက်ဖုန် ဝင်စီးနေသကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ခံစားရစေ၏။ ချန်ချင်းယွီသည် အိပ်ရာထရန် မလောသော်လည်း အဘွားကြီးကျောက်မှာ အလုပ်သွားရမည်ဖြစ်သဖြင့် စောစောထရလေသည်။
ဤသို့ဖြင့် သက်ဝင်လှုပ်ရှားစရာ ကောင်းလှသော နေ့သစ်တစ်နေ့သည် တဖန် ပြန်လည် စတင်လာခဲ့ပြန်၏။
အိမ်နီးနားချင်းတစ်ဦးသည် လှမ်း၍ နှုတ်ဆက်လိုက်သည်။
"အဒေါ်ကြီးကျောက်၊ ဒီနေ့လည်း စောစောထနေတုန်းပါပဲလား"
အဘွားကြီးကျောက် : "ဒါပေါ့... ငါ အလုပ်စဝင်ကတည်းက တစ်ရက်မှ မပျက်ကွက်ဖူးဘူး… ရက်ပြည့်ဆုကိုတော့ အမိအရ ယူရမှာပဲ၊ အဲဒါတွေက အလကားရတာမှ မဟုတ်တာ၊ အားလုံးက ပိုက်ဆံတွေချည်းပဲဟဲ့..."
ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောလိုက်၏။
သူမ စကားစဖြတ်ပြီးနောက် ထပ်၍ "အော်... အားလုံးက ဂုဏ်သိက္ခာတွေပါပဲ" ဟု ထပ်လောင်းပြောဆိုလိုက်ရာ အိမ်နီးနားချင်းများမှာ သူမကို ကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြလေသည်။
အဘွားကြီးကျောက်သည် အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့စဉ် ပြင်းထန်လှသော လေတိုက်နှုန်းကြောင့် ရှေ့သို့တစ်လှမ်းတိုးလျှင် နောက်သို့နှစ်လှမ်းဆုတ်နေရသဖြင့် အတော်လေး နေရထိုင်ရ ခက်ခဲလှ၏။ သူမ စိတ်ထဲတွင် 'ဒီနေ့ ပွဲကြီးပွဲကောင်း ကြည့်ချင်လို့ စောစောထလာခါမှ အလုပ်ကို နောက်ကျပြီးမှ ရောက်တော့မှာပဲ' ဟု တွေးတောကာ ကိုယ့်ကိုယ်ကိုယ် ညည်းတွားနေမိသည်။
သို့သော်လည်း ရာသီဥတု ဆိုးရွားလွန်းလှသဖြင့် အခြားသူများလည်း နောက်ကျနေကြရာ အဘွားကြီးကျောက်၏ ရောက်ရှိချိန်သည်ပင် တော်တော်လေး စောလွန်းနေသည်ဟု ဆိုရပေမည်။
အဘွားကြီးကျောက်သည် ထမင်းသားဆောင်မှ ဝန်ထမ်းအဖော်ဖြစ်သူ အဘွားကြီးစွန်းနှင့်အတူ စက်ရုံသို့ ရောက်ရှိလာခဲ့၏။ သူတို့နှစ်ဦးသည် စားဖိုဆောင်ထဲသို့ ဝင်ဝင်ခြင်းပင် ခါးစည်းအေပရွန်များကို အပြိုင်အဆိုင် ဝတ်ဆင်လိုက်ကြသည်။ အဘွားကြီးကျောက်သည် ထမင်းစားဆောင်မှ ဝန်ထမ်းများ နံနက်စာအတွက် အလုပ်ရှုပ်နေကြသည်ကို မြင်သောအခါ အိမ်သာထဲမှ လူနှစ်ယောက်ကို မည်သူမျှ ရှာမတွေ့သေးကြောင်း ရိပ်မိလိုက်၏။ သို့သော်လည်း အခြေအနေကို အသေအချာ မပြောနိုင်သေးပေ၊ ထိုလူနှစ်ဦးသည် စောစောစီးစီး နိုးသွားကြပြီး အပြင်သို့ ထွက်ပြေးသွားကြလျှင် မနေ့ညက ပြင်ဆင်ခဲ့သမျှ အကွက်များ အားလုံး အလဟဿ ဖြစ်သွားရတော့မည်သာ…
ဤအချက်သည် သူမကို အတော်လေး ခေါင်းခဲစေ၏။
'ငါပဲ လူတွေကို အိမ်သာဘက် ခေါ်သွားပြီး "မတော်တဆ" တိုးမိသလိုလို လုပ်ရမလား'
သူမ တွေဝေတုံ့ဆိုင်းစွာ တွေးတောနေစဉ် အပြင်ဘက်မှ လှုပ်လှုပ်ရွရွနှင့် အုတ်အော်သောင်းနင်း ဖြစ်သွားသံကို သဲသဲကွဲကွဲ ကြားလိုက်ရလေသည်။
အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့် "ဘာဖြစ်တာလဲ... အပြင်မှာ ဘာတွေ ဖြစ်နေကြတာလဲ..." ဟု အော်ဟစ်မေးမြန်းလိုက်ရာ အခြားသူများလည်း စူးစမ်းလိုစိတ်ဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
ထိုစဉ် အလုပ်သမားတစ်ဦးသည် အပြေးအလွှား လာရောက်အကြောင်းကြားလေသည်။
"ကိစ္စကြီး ဖြစ်ကုန်ပြီဗျို့... အမျိုးသမီးအိမ်သာထဲမှာ ပြဿနာတက်နေပြီ... အားလုံးပဲ သွားကြည့်ကြပါဦး..."
အဘွားကြီးကျောက်က ချက်ချင်းပင် ဆော်ဩလိုက်ကာ
"အဘွားကြီးစွန်း၊ သွား... တို့တွေ သွားကြည့်ရအောင်..."
ထမင်းစားဆောင်မှ သတင်းစုံစမ်းလိုကြသော အဘွားကြီးတစ်သိုက်သည် တစ်ချက်လေးပင် တွေဝေမနေကာ အမျိုးသမီးအိမ်သာဆီသို့ လေပြင်းမုန်တိုင်းပမာ အပြေးအလွှား ဦးတည်သွားကြတော့၏။
အိမ်သာဝသို့ ရောက်ရှိသွားချိန်တွင် အစ်မကြီးဖန်သည် အခြားအမျိုးသမီး အနည်းငယ်နှင့်အတူ အိမ်သာတံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ခါးကိုလက်ထောက်ကာ ဒေါသတကြီးဖြင့် စူးစိုက်ကြည့်နေကြ၏။
အဘွားကြီးကျောက် အလောတကြီးဖြင့် မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ... ဘာတွေ ဖြစ်ကုန်ကြတာလဲ..."
အစ်မကြီးဖန် ဒေါသတကြီးဖြင့်
အော်ဟစ်ကာ
"တောက်... ကျွန်မ ဘာမြင်ခဲ့ရလဲဆိုတာ ရှင်တို့ သိရင် တကယ် ရွံသွားလိမ့်မယ်... အထဲကို ကိုယ်တိုင်ပဲ ဝင်ကြည့်လိုက်ကြပါတော့..."
ဤအကြောင်းခြင်းရာ၏ အစမှာ လွန်ခဲ့သော အချိန်အနည်းငယ်မှ စခဲ့၏။ ရှီရှောင်ဝေတစ်ယောက် ကျေးလက်သို့ ဆင်းသွားရပြီးကတည်းက အစ်မကြီးဖန်သည် စိတ်မချမ်းမမြေ့ ဖြစ်ကာ နေ့စဉ်နှင့်အမျှ နုံးချိနေပြီး အိပ်လို့လည်း မပျော်နိုင်ခဲ့ပေ။ သူမ၏ သားဖြစ်သူ ကျေးလက်တွင် ဆင်းရဲဒုက္ခ ရောက်နေရမည်ကိုသာ အမြဲတမ်း အိပ်မက်မက်နေမိသည်။ ထို့ကြောင့် အိပ်ရေးမဝဘဲ နေ့တိုင်း အလုပ်ကို စောစောထလာရ၏။ အိမ်တွင် ရှိနေလျှင်လည်း နေရာတိုင်းတွင် သားဖြစ်သူ၏ အရိပ်အယောင်များကိုသာ မြင်ယောင်နေရသဖြင့် မိခင်တစ်ဦးအနေဖြင့် ရင်ကွဲမတတ် ခံစားရသောကြောင့် အလုပ်သို့သာ စောစောလာခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။
သူမသည် တစ်ယောက်တည်း လာခဲ့ခြင်းဖြစ်ပြီး အဘွားကြီးကျောက်ထက် အနည်းငယ် နောက်ကျသော်လည်း အချိန်ကား သိပ်မကွာလှပေ။ အဘွားကြီးကျောက် စက်ရုံထဲ ဝင်သွားသည်ကိုပင် သူမ လှမ်းမြင်လိုက်သေးသည်။ အဘွားကြီးကျောက်အနေဖြင့် စက်ရုံထဲ ဝင်ဝင်ခြင်းပင် "ပြစ်မှုကျူးလွန်ရာနေရာ" သို့ တန်းသွား၍ မဖြစ်သဖြင့် ထမင်းစားဆောင်တွင် စောင့်ဆိုင်းရင်း အခွင့်အရေး ရှာနေရသော်လည်း အစ်မကြီးဖန်မှာ ထိုသို့မဟုတ်ဘဲ အိမ်သာသို့ တိုက်ရိုက် ဦးတည်လာခဲ့ခြင်း ဖြစ်၏။
သူတို့နေထိုင်ရာ ဝင်းကြီးအတွင်း၌မူ နံနက်ခင်းအချိန်တွင် အိမ်သာတက်ရန် လမ်းကြားထဲ၌ တန်းစီစောင့်ဆိုင်းရသဖြင့် စက်ရုံရှိ အိမ်သာကို လာသုံးခြင်းသည် ပိုမိုအဆင်ပြေ လွယ်ကူလှသည်။
ထို့ကြောင့် အစ်မကြီးဖန်သည် စက်ရုံထဲ ရောက်သည်နှင့် အိမ်သာသို့ တန်းလာခဲ့ခြင်း ဖြစ်၏။ အိမ်သာဝသို့ မရောက်မီမှာပင် ရုံးခန်းမှ အဒေါ်ပါးစပ်ကြီးနှင့် လမ်းတွင် ဆုံမိကြသည်။ "ပါးစပ်ကြီး" ဆိုသည်မှာ အမည်ပြောင်မျှသာ ဖြစ်သော်လည်း ဤအဒေါ်ကြီးသည် အတင်းအဖျင်းပြောရာတွင် မည်မျှ ထက်မြက်သည်ကို ထိုအမည်က သက်သေခံနေပေ၏။ သူမသည် မွေးရာပါ အတင်းပြောဝါသနာအိုးတစ်ဦး ဖြစ်ပြီး၊ စက်ရုံတွင်း သတင်းများသာမက မြို့ထဲရှိ သတင်းမှန်သမျှကိုပါ လျှပ်စီးလက်သကဲ့သို့ ပြန့်နှံ့အောင် လုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။ သူမ၏လက်ထဲသို့ သတင်းတစ်ခုခု ရောက်သွားပါက တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်သွားတတ်၏။
ထို့ကြောင့် အစ်မကြီးဖန်သည် ပုံမှန်အားဖြင့် သူမကို သိပ်မကြည့်မရကာ သူမ၏ အတင်းအဖျင်း ပြောတတ်ပုံကို ကွယ်ရာတွင် မကြာခဏ ညည်းတွားလေ့ရှိသည်။
သို့သော်လည်း ဆုံမိသည့်အခါတွင်မူ ပုံမှန်အတိုင်း နှုတ်ဆက်ကြရ၏။ သူတို့နှစ်ဦးသည် အိမ်သာသို့ အတူတူ လျှောက်လာကြရင်း အစ်မကြီးဖန်မှာ စပါးစလိုက်သည်။
"အော်... အမလည်း တော်တော်စောစော ရောက်တာပဲနော်"
"နင်က ငါ့ထက်တောင် စောသေးတာပဲ မဟုတ်လား.. အမှန်တော့ ငါလည်း သိပ်မစောပါဘူး၊ ဒါနဲ့ နင်က အခုတလော ဘာလို့ ဒီလောက် စောစောလာနေရတာလဲ... နင့် သားလေးကြောင့်လား..."
အစ်မကြီးဖန်သည် စိတ်ထဲတွင် အလွန်အမင်း မကျေမနပ် ဖြစ်သွားရသည်။ မိမိ၏ ထိခိုက်လွယ်သော အနာဟောင်းကို လာဆွနေသည့် ဤကဲ့သို့သော လူစားမျိုးကို မည်သူနှစ်သက်မည်နည်း။
သူမသည် စိတ်အလိုမကျမှုကို ထိန်းချုပ်ကာ
"မဟုတ်ပါဘူး၊ အခုတလော ရာသီဥတုက အရမ်းပူတော့ အိပ်လို့ သိပ်မကောင်းလို့ပါ။ ဒါတင်မကဘူး၊ ကျွန်မတို့လမ်းကြားထဲက အိမ်သာတွေကလည်း မနက်ဆို အမြဲတမ်း တန်းစီနေရတာနဲ့ စက်ရုံမှာပဲ တက်လိုက်တာက ပိုအဆင်ပြေလို့ပါ"
"အော်... ငါကတော့ မင်းသားလေး ကိစ္စကြောင့်လို့ ထင်နေတာ"
အစ်မကြီးဖန် မချိပြုံး ပြုံးပြရင်း အံ့ကြိတ်ကာ ပြောလိုက်ရလေသည်။
"မဟုတ်ပါဘူးရှင်၊ လုံးဝမဟုတ်ပါဘူး။ ကျွန်မသားက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သွားလုပ်တာပဲ၊ ကျွန်မ ဝမ်းသာလို့တောင် မဆုံးပါဘူး။ လူငယ်တွေဆိုတာ ဒီလို အဓိပ္ပာယ်ရှိတဲ့ အလုပ်မျိုးကို လုပ်သင့်တာပေါ့"
အဒေါ်ပါးစပ်ကြီးသည် ပြုံးစိစိဖြင့် ခေါင်းညိတ်ပြရင်း
"ဒါပေါ့၊ ဒါပေါ့"
သူမမှာ အစ်မကြီးဖန်၏ မကျေမနပ်ဖြစ်နေသော အမူအရာကို သတိမထားမိဘဲ (သို့မဟုတ် သတိထားမိသော်လည်း ဂရုမစိုက်ဘဲ) နေဟန်တူသည်။ သူတို့နှစ်ဦး အိမ်သာထဲသို့ ရောက်ရှိသွားချိန်တွင် အစ်မကြီးဖန်မှာ "ဒီနေရာက လူ သိပ်မရှုပ်..." ဟု ပြောရင်း စကားစရပ်သွားကာ ရုတ်တရက် ရေရွတ်မိလိုက်၏။
"ဟေး... ဒါ ဘယ်သူ့အဝတ်အစားတွေလဲ..."
ရှပ်အင်္ကျီတစ်ထည်သည် ဖုန်တထောင်းထောင်းဖြင့် ထောင့်စွန်းတစ်ခုတွင် ပြန့်ကျဲလျက် ရှိနေသည်။
အဒေါ်ပါးစပ်ကြီးသည် အံ့ဩတကြီးဖြင့်
"ဟယ်... ဟုတ်ပ၊ ဒါ တို့စက်ရုံက ထုတ်ပေးတဲ့ လက်တိုအတွင်းခံအင်္ကျီ မဟုတ်လား... ဒါက ဘာလို့ ဒီထဲ ရောက်နေရတာလဲ... လေကလည်း ဒီလောက်တိုက်နေတာ၊ ဘယ်သူ့အင်္ကျီက လွင့်ပြီး ဒီထဲ ရောက်လာတာပါလိမ့်"
မနေ့က တစ်နေ့လုံး လေပြင်းများ တိုက်ခတ်ခဲ့ပြီး အထူးသဖြင့် ညနေပိုင်းတွင် လေသံမှာ တဝူးဝူးဖြင့် ကြောက်မက်ဖွယ် ကောင်းလှကာ တစ်ညလုံး ဟိန်းဟောက်နေခဲ့သည်။ ယနေ့နံနက်တွင်လည်း ထိုနည်းအတိုင်း ဖြစ်နေဆဲဖြစ်ရာ ထိုအင်္ကျီကို မြင်သူတိုင်းမှာ လေတိုက်၍ လွင့်စင်လာခြင်းသာ ဖြစ်မည်ဟု သာမန်ကာလျှံကာ တွေးတောလိုက်ကြ၏။
အစ်မကြီးဖန်သည်လည်း ထိုအဝတ်အစားမှာ လေလွင့်လာခြင်းဖြစ်မည်ဟု ထင်မှတ်ကာ စိတ်ထဲတွင် ကြိတ်တွေးနေ၏။
'ဘယ်သူကများ ဒီလောက်တောင် အူတူတူနိုင်ရတာလဲ... မုန်တိုင်းလာမယ်လို့ ပြောထားတာကို အဝတ်တွေကို အပြင်မှာ လှန်းထားရတယ်လို့။ တကယ် နှမြောစရာပဲ၊ ငါ ကြည့်လိုက်ဦးမယ်...'
အကယ်၍ ပိုင်ရှင်ရှာမတွေ့ပါက လျှော်ဖွတ်ပြီး မိမိကလေးကို ပေးဝတ်မည်ဟု ကြံစည်လျက် အင်္ကျီကို ကောက်ကိုင်လိုက်လေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အဒေါ်ပါးစပ်ကြီးသည်လည်း ထိုကဲ့သို့ပင် တွေးတောနေခြင်းဖြစ်ရာ၊ သူမတို့နှစ်ဦး၏ မျက်လုံးချင်းသည် လျှပ်စစ်စီးသွားသကဲ့သို့ ဆုံမိသွားကြတော့၏။
သူတို့မှာ အင်္ကျီ၏ အစွန်းတစ်ဖက်စီကို လှမ်း၍ ဖမ်းကိုင်လိုက်ပြီး နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်ကာ မည်သူမျှ လက်မလွှတ်ဘဲ အလျှော့မပေးကြပေ။
အကြောင်းမူကား ဤခေတ်ကာလတွင် အင်္ကျီတစ်ထည်သည် အလွန်အရေးပါလှပြီး၊ အထည်လက်မှတ်များကို စုဆောင်းရသည်မှာလည်း ဘယ်လိုမှ မလွယ်ကူသောကြောင့် ဖြစ်၏။
အစ်မကြီးဖန် : "ဒါ ငါ အရင် မြင်မိတာနော်"
အဒေါ်ပါးစပ်ကြီး : "ဒါပေမဲ့ ငါက အရင်ကောက်တာလေ"
အမျိုးသမီးနှစ်ဦးသည် တကျည်ကျည်ဖြင့် ဆက်လက်ငြင်းခုံနေကြစဉ်မှာပင် အစ်မကြီးဖန်သည် ဘေးဘီသို့ အမှတ်မထင် လှမ်းကြည့်လိုက်မိရာမှ "ဟယ်..." ဟု ရုတ်တရက် အလန့်တကြား ရေရွတ်မိသွားပြီး ~~ "ဘာလို့ ဒီမှာ နောက်တစ်ထည် ရှိနေပြန်တာလဲ..." ဟု အံ့သြတကြီး ဆိုလိုက်လေသည်။
အစ်မကြီးဖန်သည် တစ်ခုခု ပုံမှန်မဟုတ်တော့ကြောင်း ရိပ်မိလိုက်သဖြင့် အဒေါ်ပါးစပ်ကြီးကို ကြည့်ကာ ပြောလိုက်၏။
"ဒီမှာ နောက်တစ်ထည် ရှိသေးတယ်တော်"
အဒေါ်ပါးစပ်ကြီးသည်
လည်း စိတ်ထဲတွင် ~~ 'နောက်တစ်ထည် ရှိသေးတာလား... ဒါဆိုရင်တော့ အစ်မကြီးဖန်နဲ့ တစ်ထည်စီ ခွဲယူလို့ ရတာပေါ့' ဟု တွေးတောကာ အိမ်သာထဲသို့ တန်း၍ ဝင်သွားလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အစ်မကြီးဖန်သည်လည်း ထိုကဲ့သို့ပင် တွေးတောနေခြင်း ဖြစ်၏။ သူတို့နှစ်ဦးသည် မည်သည့် ကံဆိုးမိုးမှောင်ကျသူကများ မိမိတို့၏ အဝတ်အစားများကို ဤသို့ အလုခံလိုက်ရပါလိမ့်ဟု တွေးတောရင်း အိမ်သာထဲသို့ အတူတူ ဝင်သွားခဲ့ကြသည်။
သို့သော်လည်း အထဲသို့ ဝင်ဝင်ခြင်းပင် သူတို့နှစ်ဦးစလုံး ဆွံ့အမှင်သက်သွားကြတော့၏။
အဒေါ်ပါးစပ်ကြီးမှာ "အမလေး..." ဟု ရုတ်တရက် အော်မိလုနီးပါး ဖြစ်သွားသည်။
သူမသည် ပိုမိုကျယ်လောင်သောအသံ ထွက်မလာစေရန် မိမိပါးစပ်ကို အမြန်ပိတ်ကာ အစ်မကြီးဖန်ကို လှမ်း၍ အတင်းဆွဲလိုက်လေသည်။ အစ်မကြီးဖန်သည်လည်း "လန့်လိုက်တာ အမေရေ..." ဟု စိတ်ထဲမှ ရေရွတ်မိသွား၏။
သူမသည် အထဲမှ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် လန့်ဖျပ်ပြီး မေ့လဲလုမတတ် ဖြစ်သွားရသည်။
တကယ့်ကို ရွံရှာဖွယ်ကောင်းလှသော မြင်ကွင်းပင်…
အဝတ်အစားမရှိဘဲ အတွင်းခံဘောင်းဘီအပြာ တိုတိုလေးများသာ ဝတ်ဆင်ထားသည့် အရွယ်ရောက်ပြီးသား ယောက်ျားကြီးနှစ်ဦးသည် အိမ်သာထောင့်စွန်းတစ်ခုတွင် တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်လျက် အိပ်မောကျနေကြသည်။ ဤမြင်ကွင်းသည် တကယ့်ကို အမြင်မတော်လွန်းလှသဖြင့် အစ်မကြီးဖန်မှာ ချက်ချင်းပင် ဆဲရေးတိုင်းထွာပစ်ချင်စိတ် ပေါက်သွားရ၏။ ပါးစပ်ကြီးမှာ အစ်မကြီးဖန်ကို အတင်းဆွဲကာ တိုးတိုးလေး ကပ်ပြောသည်။
"သူတို့ကို နှိုးမပစ်နဲ့ဦး..."
သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေသော အသံဖြင့်
"ဒါ... ဒါ တကယ့် သတင်းထူးပဲဟေ့... တို့တစ်သက်လုံး ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး... ကြားလည်း မကြားဖူးဘူး... လွတ်မြောက်ရေးမတိုင်ခင်တုန်းကပဲ ဒီလို ကောလာဟလမျိုး ကြားဖူးတာ၊ အခုခေတ်မှာ ဒီလိုဟာမျိုး ရှိသေးတယ်လို့လား..."
"အမလေး ဘုရား... နင်ကော ဒီလိုမျိုး အရင်က မြင်ဖူးရဲ့လား..."
သူမ မေးလိုက်စဉ် အစ်မကြီးဖန် ခေါင်းကို အကြိမ်ကြိမ်ရမ်းရင်း
"မမြင်ဖူးပါဘူးရှင်၊ လုံးဝမမြင်ဖူးဘူး"
သူမသည် အလွန်အမင်း တုန်လှုပ်ခြောက်ချားသွားရသည်။ ယောက်ျားအချင်းချင်း ဤကဲ့သို့ ပတ်သက်ဆက်နွှယ်နေလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ဖူးချေ။ ဤကဲ့သို့သော အရာမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော် သူမက နှာခေါင်းရှုံ့လျက် ဆိုလိုက်၏။
"သူတို့က တို့စက်ရုံကလူတွေ ဖြစ်ရမယ်၊ သေချာပေါက် ဟုတ်တယ်မလား..."
"ဒါပေါ့... အပြင်လူက တို့စက်ရုံထဲကို ဘယ်လိုလုပ် လာမှာလဲ၊ ဘယ်သူတွေလဲဆိုတာပဲ တို့တွေ မသိသေးတာ"
"ဒါဆို သွားကြည့်ကြရအောင်"
"အေး... သွားကြည့်ရအောင်”
ဘယ်ကောင်ကများ ဒီလောက် သတ္တိကောင်းပြီး စက်ရုံထဲမှာ ဒါမျိုး လာလုပ်ရဲတာလဲ… အလုပ်ပြုတ်မှာ မကြောက်ဘူးလား မသိဘူး၊ ဘယ်လိုတောင် စိတ်ထနေရတာလဲ…
နှစ်ဦးသား စိတ်ထဲတွင် ရေရွတ်နေမိကြသည်။
သို့သော်လည်း သူမတို့သည် အသက်အရွယ်ရနေပြီဖြစ်သော အိမ်ထောင်သည် အမျိုးသမီးကြီးများ ဖြစ်ကြသဖြင့် ~~ 'ဘာပဲဖြစ်ဖြစ်၊ တို့တွေလည်း အသက်ကြီးပြီပဲ၊ ဘာတွေမမြင်ဖူးတာ ရှိမှာလဲ။ အိမ်မှာလည်း လင်ရှိတာပဲဟာ၊ အပျိုမေတွေလို ရှက်စနိုး ဖြစ်နေစရာ မလိုပါဘူး' ဟု တွေးကာ စူးစမ်းလိုစိတ်ဖြင့် ရှေ့သို့ ဆက်တိုးသွားကြသည်။
အစ်မကြီးဖန် : "ဘယ်သူကများ ဒီလောက် အသိဉာဏ်မဲ့နေလဲဆိုတာ ငါ တကယ် သိချင်တယ်၊ လွန်လွန်းတယ်"
"ဟုတ်တယ်… တကယ့်ကို အရှက်မရှိတာ။ စိတ်ကူးယဉ်စရာ နေရာရှားလို့ စက်ရုံကို လာရတယ်လို့... အိမ်မှာတင် ကောင်းကောင်း မဖြေရှင်းနိုင်ကြဘူးလား"
သူမတို့နှစ်ဦးစလုံး နားမလည်နိုင် ဖြစ်နေကြသော်လည်း ခြေဖွဖွနင်းကာ အထဲသို့ တိတ်တဆိတ် ဝင်သွားကြသည်။ သူမတို့သည် ဤစက်ရုံတွင် လုပ်သက် အနှစ်နှစ်ဆယ်ကျော်နေပြီ ဖြစ်သဖြင့် အရာရာကို ရော်ရမ်းမှန်းဆနိုင်သော်လည်း ယခုတစ်ကြိမ်တွင်မူ ထူးထူးခြားခြား ရင်တဖိုဖို ဖြစ်နေကြရ၏။
သူမတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး တွဲဖက်ကာ အသာအယာ ချောင်းကြည့်လိုက်ကြသည်။ ထိုစဉ် အစ်မကြီးဖန် လှမ်းကြည့်လိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကာ မိမိပါးစပ်ကို အလောတကြီး ပြန်ပိတ်လိုက်လေသည်။
အဒေါ်ပါးစပ်ကြီးသည် အစ်မကြီးဖန်ကို ကြည့်လိုက်ရာ၊ အစ်မကြီးဖန်မှ အပြင်ထွက်ရန် လက်ဟန်ခြေဟန် ပြလိုက်သဖြင့် နှစ်ဦးသား အပြင်သို့ အလောတကြီး ပြေးထွက်လာခဲ့ကြ၏။
"နင် သူတို့ကို သိတယ်မလား..."
အဒေါ်ပါးစပ်ကြီး ကပျာကယာ မေးမြန်းသည်။
အစ်မကြီးဖန် မျက်စောင်းထိုးလိုက်ပြီး
"အမကော မသိဘူးလား... စက်ရုံထဲကလူ အကုန်သိတယ်ဆို... အဲဒါ ကျွန်မတို့ဝင်းထဲက ကျန်းရှင်းဖှလေ... သူ မနေ့ကတင် ဆေးပေးခန်း သွားထားတာကို အမ မသိဘူးလား..."
"အလို... သူလား... သူက အဝတ်တွေ ချွတ်ထားတော့ ငါ ချက်ချင်း မမှတ်မိလိုက်ဘူး။ တောက်... မနေ့ကတင် အဘွားကြီးကျောက်က သူ့ရဲ့ အဲဒီနေရာကို ကန်လိုက်တာ မဟုတ်လား... ဘာလို့ ညဘက်ကျတော့ အပြင်ထွက်ပြီး ကမြင်းနေရတာလဲ။ အော်... ငါ သိပြီ၊ ငါ သိပြီ၊ ငါ ကောင်းကောင်းကြီး သိသွားပြီ... သူ မနေ့က အကန်ခံလိုက်ရတော့ အဲဒီနေရာ ပျက်စီးသွားမှာကို စိုးရိမ်ပြီး စမ်းသပ်ကြည့်ဖို့ လူတစ်ယောက် သွားရှာတာ ဖြစ်ရမယ်... နင်ကော အဲလို မထင်ဘူးလား..."
အစ်မကြီးဖန်သည်လည်း ထိုအတွေးကို လုံးဝ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကာ… "ဟုတ်တယ်၊ သေချာပေါက် အဲဒါပဲ ဖြစ်ရမယ်" ဟု စိတ်ထဲတွင် အခိုင်အမာ ယူဆလိုက်သည်။
အဒေါ်ပါးစပ်ကြီးမှာ မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး
"နင် ဒီမှာပဲ စောင့်ကြည့်နေ၊ ဘယ်သူ့ကိုမှ အထဲဝင်ပြီး အနှောင့်အယှက် မပေးစေနဲ့ဦး။ ငါ အလုပ်ရုံဘက်သွားပြီး အမဖန်းတို့ အုပ်စုကို သွားခေါ်လိုက်ဦးမယ်"
ထိုသူများသည် ပုံမှန်အားဖြင့် အတူတူ ထိုင်ပြီး အတင်းပြောလေ့ရှိသည့် မိတ်ဆွေဟောင်းများ ဖြစ်ကြသဖြင့် ဤကဲ့သို့ စိတ်ဝင်စားစရာ အကြောင်းအရာမျိုးကို သေချာပေါက် မျှဝေရမည် ဖြစ်၏။
"နင်ကော ခေါ်ချင်တဲ့သူ ရှိလား... ပွဲကြည့်ဖို့ အမြန်ခေါ်လိုက်လေ... ဒီလိုဟာမျိုးက ကြုံရခဲလှပါဘိနဲ့… တကယ်လို့ တို့တွေ သွားနှိုးမိရင် ပွဲကောင်း ကြည့်ရတော့မှာ မဟုတ်ဘူး"
အစ်မကြီးဖန် : "ကောင်းပြီ၊ အမသွားခေါ်လိုက်ပါ.. အမျိုးသမီးသမဂ္ဂက မမလီကိုပါ တစ်ခါတည်း ခေါ်ပေးလို့ ရမလား... သူက ငါ့သူငယ်ချင်းမို့လို့၊ သူ အလုပ်ရောက်နေပြီလားတော့ မသိဘူး..."
"ရတယ်၊ ရတယ်၊ ရောက်နေရင် ခေါ်လာခဲ့မယ်… မရောက်သေးရင်တော့ နှမြောစရာပေါ့၊ နင် ဒီမှာပဲ အသံတိတ်တိတ် စောင့်နေ၊ ငါ သွားပြီ... အသံကျယ်ကျယ် မလုပ်နဲ့ဦး၊ သူတို့ နိုးသွားရင် ပွဲပျက်သွားလိမ့်မယ်"
အဒေါ်ပါးစပ်ကြီးသည် အမောတကော ပြေးထွက်သွားတော့သည်။ သူမသည် မိမိ၏ မိတ်ဆွေဟောင်း အားလုံးကို ဤပွဲကြီးပွဲကောင်း ကြည့်ရန် စုစည်းပေးချင်နေမိ၏။ မကြာမီ အချိန်အတွင်းမှာပင် ဤသတင်းဆိုးသည် စက်ရုံတွင်းရှိ အမျိုးသမီးထုကြားထဲသို့ တောမီးပမာ ပြန့်နှံ့သွားခဲ့ရာ၊ အဘွားကြီးကျောက်သည်လည်း စောစောစီးစီး ရောက်ရှိလာသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပေသည်။
အဘွားကြီးကျောက်သည် အစ်မကြီးဖန်တစ်ယောက် အိမ်သာတံခါးဝတွင် တည်ငြိမ်စွာ ရပ်နေသည်ကို မြင်သောအခါ၊ သူမသည် အထဲရှိ လူများကို ကာကွယ်ရန် ကူညီပေးနေခြင်း ဖြစ်မည်ဟု ထင်မှတ်လိုက်သည်။ သို့သော်လည်း အံ့သြစရာကောင်းသည်မှာ အဘွားကြီးကျောက် ရောက်လာသည်နှင့် အစ်မကြီးဖန်သည် စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်ခေါ်တော့၏။
"အဒေါ်ကြီးကျောက်၊ မြန်မြန်လာပါဦး... ဒီမှာ စိတ်လှုပ်ရှားစရာ ကိစ္စကြီး ရှိနေတယ်..."
အဘွားကြီးကျောက် : "ဘာအကောင်းလဲဟဲ့..."
"ဘာအကောင်းလဲ ဟုတ်လား... အကောင်း မဟုတ်ဘူးရှင်၊ တကယ့်ကို ရွံစရာကြီး... အသံ တိုးတိုးလုပ်ကြပါ၊ မဟုတ်ရင် သူတို့ နိုးသွားပြီး ဘာမှ ကြည့်ရတော့မှာ မဟုတ်ဘူး။ ကျွန်မ ပြောပြမယ်၊ တို့စက်ရုံထဲမှာ လူရမ်းကားတွေ ရှိနေတယ်..."
"ဟင်..."
အစ်မကြီးဖန် : "ယောက်ျားအချင်းချင်း ဒါမျိုး လုပ်နေကြတာရှင်... လာကြည့်ပါဦး... တကယ်ပြောတာ၊ အိမ်သာထဲမှာလေ၊ သူတို့အဝတ်တွေလည်း နေရာအနှံ့ ပျံကျဲနေတာပဲ... မြန်မြန် လာကြည့်..."
"ဟယ်... အမလေး..."
လူတိုင်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် တစ်သက်နှင့်တစ်ကိုယ် ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ကြပေ။ အဘွားကြီးကျောက်သည်လည်း လူအုပ်ကြီးကို တိုးဝှေ့ကာ အရှေ့ဆုံးသို့ အမြန်ဆုံး ရောက်အောင် သွားလိုက်၏။ အမှန်တကယ်တမ်း အထဲတွင် မည်ကဲ့သို့ အခြေအနေရှိနေသည်၊ သို့မဟုတ် ချန်ချင်းယွီ မည်သို့ အကွက်ဆင်ထားသည်ကို သူမ အသေအချာ မသိသေးသော်လည်း အထဲသို့ ဝင်လိုက်သည်နှင့် သူမ၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားရတော့သည်။ ထိုလူနှစ်ဦးသည် တကယ့်ကို တစ်ဦးကိုတစ်ဦး ရင်ခွင်ချင်းအပ်ကာ ဖက်လျက် အိပ်ပျော်နေကြ၏။
ဪ…ဪ… အဟမ်း..
သူတို့ မေ့မြောနေကြတာလည်း ဖြစ်နိုင်ပါတယ်…
ညဘက်တွင် လေအေးတိုက်ခတ်မှုကြောင့် ဖြစ်နိုင်သည်၊ သူတို့နှစ်ဦးသည် တင်းတင်းကျပ်ကျပ် ဖက်ထားကြပြီး ခြေထောက်ချင်းလည်း ယှက်ခတ်ကာ ပူးကပ်နေကြသည်။ ထို့တင်မကသေးဘဲ သူတို့၏ အဝတ်အစားများသည်လည်း နေရာအနှံ့တွင် ပြန့်ကျဲနေပြီး၊ ဘောင်းဘီတစ်ထည်မှာမူ အမိုးထုတ်တန်းပေါ်တွင် ချိတ်ဆွဲလျက်ရှိရာ ဘောင်းဘီခြေထောက်နှစ်ဖက်စလုံးသည် တိုက်ခတ်နေသော လေပြင်းများကြောင့် ရှေ့နောက်သို့ တယိမ်းယိမ်း ဝေ့ယမ်းနေလေ၏။
ဤမြင်ကွင်းသည် ထိုလူနှစ်ဦးကြားတွင် သာမန်မဟုတ်သော ပတ်သက်မှု ရှိနေကြောင်းကို ထင်ရှားစွာ သက်သေပြနေတော့သည်။
စက်ရုံတွင် ပြသသမျှ ရုပ်ရှင်မှန်သမျှသည် ဤမြင်ကွင်းလောက် စိတ်လှုပ်ရှားစရာ မကောင်းဟု အဘွားကြီးကျောက် တွေးတောမိကာ၊ ထိုရုပ်ရှင်များမှာ ဤပွဲနှင့်ယှဉ်လျှင် အဝေးကြီး လိုပါသေးသည်ဟု မှတ်ချက်ပြုနေမိ၏။
"အမလေး ဘုရား... ဘုရား"
"ဒါကတော့လေ... ဒီလူနှစ်ယောက်က တကယ်ကို ရွံစရာကောင်းလိုက်တာ... ဘာလို့ ဒါမျိုးကို ဒီနေရာမှာ လာလုပ်ရတာလဲ... လူမြင်မှာ မကြောက်ကြဘူးလား မသိဘူး"
"ဘယ်သူသိမှာလဲ... လူမြင်စေချင်လို့ နေမှာပေါ့။ အချို့လူတွေက ရုပ်လည်းဆိုးသလို လုပ်ပုံကိုင်ပုံကလည်း တစ်မျိုးဆန်းနေတာ"
"ဟေး... ခဏနေပါဦး၊ ဒီလူက ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလို ရှိသားပဲ။ ငါ တကယ်ပဲ မြင်ဖူးသလို ခံစားရတယ်၊ မင်းတို့ကော သိကြလား..."
အစ်မကြီးဖန် ချက်ချင်းပင် သတိပေးလိုက်၏။
"အသံ တိုးတိုးလုပ်ကြပါ၊ သူတို့ကို မမြင်စေနဲ့ဦး။ အပြင်ထွက်မှ စကားပြောကြရအောင်"
လူတိုင်း ခေါင်းညိတ်ထောက်ခံကြသည်။ ယခုအချိန်တွင် စက်ရုံရှိ အမျိုးသမီးထုကြီးကဲ့သို့ စည်းလုံးညီညွတ်သူ မရှိတော့ပေ။ ဤမြင်ကွင်းသည် နှစ်သစ်ကူးပွဲတော် ကျင်းပနေသကဲ့သို့ စည်ကားလှသဖြင့် လူစုလူဝေးကြီးမှာ တရိပ်ရိပ် တိုးပွားလာခဲ့သည်။ အဒေါ်ပါးစပ်ကြီးသည်လည်း လူအုပ်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး တိုးတိုးလေး ကပ်မေးကာ
"မြင်ကြလား... မြင်ကြလား..."
"သူတို့က ဘာလို့ အခုထိ ဖက်ထားကြတုန်းလဲ..."
"အရှက်ကော ရှိရဲ့လားအေ။ ငါ ပြောပြမယ်၊ နင်တို့က ငယ်သေးလို့ နားမလည်တာ၊ အချို့ယောက်ျားတွေက ဒါမျိုးကို ပိုသဘောကျတာဟဲ့"
အဘွားကြီးကျောက်သည် အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းပင် စကားဝိုင်းထဲ ဝင်ပါကာ
"အော်... အဲလိုလည်း ဖြစ်နိုင်တာပဲ၊ ဒါကြောင့်မို့လို့ သူ မိန်းမနဲ့ ကွာရှင်းတာ ဖြစ်ရမယ်"
လူတိုင်းသည် ထိုစကားကို ပြန်လည်စဉ်းစားကြည့်ရာမှ ရုတ်တရက် သဘောပေါက်သွားကြ၏။
တကယ်ပဲ အဓိပ္ပာယ်ရှိလိုက်တာ…
ကြည့်စမ်း၊ တကယ့်ကို အကွက်ကွက်ကျကျ အကွက်ဆင်ထားတာပါလား…
ယခုခေတ်ကာလတွင် လင်မယားကွာရှင်းပြတ်စဲခြင်းဟူသည် အလွန်ရှားပါးလှပြီး၊ လူအများစုမှာ ဘဝကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းလိုကြပြီး ကွာရှင်းရန် လုံးဝဆန္ဒမရှိကြပေ။ သို့သော်လည်း ကျန်းရှင်းဖှမှာ တကယ် ကွာရှင်းခဲ့၏။ ကွာရှင်းပြီးနောက်တွင်လည်း အရှုပ်အထုပ် ကောလာဟလများသာ အမြဲထွက်ပေါ်လေ့ရှိပြီး နောက်အိမ်ထောင်ပြုသည်ဟူသော သတင်းကိုမူ လုံးဝမကြားရပေ။
အမှန်တော့ သူက ယောက်ျားအချင်းချင်း သဘောကျနေတာကိုး… ဒါကြောင့်ကို…
"ဒါဆိုရင်တော့ ဟုတ်နိုင်တာပေါ့"
"ငါလည်း အဲလိုပဲ ထင်တယ်… သူ မိန်းမယူခဲ့တာက မိန်းမတွေကို သဘောကျလို့ မဟုတ်ဘဲ ကလေးတစ်ယောက် ရချင်လို့ပဲ ဖြစ်ရမယ်၊ အခု ကလေးလည်း ရပြီးပြီဆိုတော့ ဒီလိုကိစ္စတွေကို ဂရုမစိုက်တော့ဘဲ ချက်ချင်း ကွာရှင်းပစ်တာပေါ့"
သို့သော် အစ်မကြီးဖန်သည် ထိုအချက်ကို သဘောမတူဘဲ ကန့်ကွက်လိုက်၏။
"မဟုတ်သေးပါဘူး၊ သူရတာ သမီးလေးတစ်ယောက်ပဲဥစ္စာ။ သမီးလေးက မိသားစုမျိုးရိုးကို ဘယ်လိုလုပ် ဆက်ခံလို့ရမှာလဲ... သားယောက်ျားလေးမှ မျိုးရိုးဆက်ခံနိုင်တာ"
အဘွားကြီးကျောက်သည် ကျန်းရှင်းဖှကို အကွက်မြင်မြင်ဖြင့် နာမည်ဖျက်ရန် အခွင့်ကောင်းယူကာ
စကားနာထိုးလေတော့သည်။
"သမီးလေးက ဘာဖြစ်လို့လဲ... သမီးလည်း အိမ်ထောင်ဖက်ကို အိမ်ခေါ်ယူလို့ ရတာပဲဟာ... လင်စန်းရှင်းတောင် လီချန်ရွှမ်းကို အိမ်ခေါ်ယူထားတာပဲ မဟုတ်လား... သူ့ရဲ့ မုန့်မုန့်လေးလည်း အိမ်ထောင်ဖက်ကို အိမ်ခေါ်လာလို့ ရတာပဲ"
သူမသည် ကျန်းရှင်းဖှ၏ သိက္ခာကို အမှုန့်ဖြစ်အောင် ချေဖျက်ပစ်ရန် သန္နိဋ္ဌာန်ချထားပုံရသည်။
ဆက်လက်၍ နားသွင်းပြန်ကာ
"စဉ်းစားကြည့်ကြလေ၊ ယောက်ျားအချင်းချင်း သဘောကျတဲ့သူတွေက ပုံမှန်အားဖြင့် မိန်းမတွေကို မနှစ်သက်ကြဘူး။ သူ တကယ်ပဲ သူ့မိန်းမကို မချစ်လို့ ရှေ့ဆက်မတိုးနိုင်တာ ဖြစ်ရမယ်… သမီးတစ်ယောက်ပဲ ရှိပေမဲ့လည်း သူ့ရဲ့ သွေးသားရင်းချာပဲဥစ္စာ၊ မျိုးရိုးဆက်ခံမယ့်သူပဲပေါ့၊ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းပြီး ရှေ့ဆက်နေမယ့်အစား ဒီအတိုင်း လက်လွှတ်လိုက်တာကမှ ပိုကောင်းဦးမယ်။ မဖြတ်သန်းနိုင်တော့တဲ့အဆုံး သားယောက်ျားလေးရဖို့ ဘာလို့ အတင်းအကြပ် ကြိုးစားနေတော့မှာလဲ"
"အဲဒါလည်း ဟုတ်တာပဲ”
"ငါလည်း အဲလိုပဲ ထင်တယ်”
"ဒါပေမဲ့ တစ်ခုတော့ လွဲနေသလိုပဲ။ ငါ ကြားတာတော့ သူက တော်တော်လေး ကမြင်းတတ်ပြီး မိန်းမပွေတဲ့နေရာမှာ နာမည်ကြီးတယ်ဆို၊ သူတို့အလုပ်ရုံက လျိုကျင့်နဲ့တောင် ဖောက်ပြန်နေတာ မဟုတ်လား။ လျိုကျင့်တို့အိမ်ကိုလည်း အမြဲတမ်း သွားနေတာလေ။ လူအများကြီးလည်း သိကြတာပဲ.. လျိုကျင်ရဲ့လင်ကတော့ တကယ့်ကို ခေါင်းပေါ် ဂျိုပေါက်နေတာလေ.. အဲဒါကို ကျန်းရှင်းဖှက ဘာလို့ ရုတ်တရက်ကြီး ယောက်ျားအချင်းချင်း သဘောကျသွားရတာလဲ..."
လူတိုင်းသည် စိတ်ဝင်တစားဖြင့် အပြင်းအထန် ငြင်းခုံဆွေးနွေးနေကြ၏။ ဤအကြောင်းအရာမှာ ယခင်က မည်သူမျှ မသိရှိခဲ့သော ကိစ္စရပ် ဖြစ်ပေသည်။
သို့သော်လည်း သူတို့သည် အလွန်အမင်း စူးစမ်းလိုစိတ် ပြင်းပြနေကြပြီး၊ အလွန်အမင်းလည်း စိတ်လှုပ်ရှားနေကြ၏။
သို့ရာတွင် ထိုစကားကို ပြောအပြီးမှာပင်၊ စောစောပိုင်း၌ ထိုလူကို မြင်ဖူးသလိုလို ရှိသည်ဟု ပြောခဲ့သော အလုပ်သမားတစ်ဦးသည် မိမိပေါင်ကို တဖြန်းဖြန်း ရိုက်ကာ အော်ဟစ်လိုက်လေသည်။
"အမလေးဗျာ... သိကြပြီလား... သိကြပြီလား... ကျန်းရှင်းဖှ ဖက်ထားတဲ့ အဲဒီလူက ဘယ်သူလဲဆိုတာ သိကြပြီလား... ငါ မြင်ဖူးပါတယ်လို့ စဉ်းစားနေတာ၊ အခုမှပဲ မှတ်မိတော့တယ်၊ မှတ်မိပြီ... နောက်ဆုံးတော့ အကုန်မှတ်မိပြီ... မင်းတို့က လျိုကျင့်အကြောင်းကို မပြောရင် ငါလည်း သတိထားမိမှာ မဟုတ်ဘူး။ ငါ သိပြီ၊ နောက်ဆုံးတော့ အကုန်သိပြီ... အဲဒီလူက တခြားလူမဟုတ်ဘူး၊ လျိုကျင့်ရဲ့ လင်ယောက်ျား တောက်…သူက လျိုကျင့်ရဲ့ လင်ဗျာ... ငါ သူ့ကို အပြင်မှာ နှစ်ခါသုံးခါ မြင်ဖူးတယ်၊ အမလေး... ဒါကတော့... ဒါကတော့ လွန်လွန်းအားကြီးတယ်..."
ထိုစကားကြောင့် တစ်ခန်းလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားရသည်။ တကယ့်ကို... တကယ့်ကို အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခြင်း ဖြစ်၏။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အစ်မကြီးဖန် ကိုယ့်ပေါင်ကို ရိုက်ကာ ခါးခါးသီးသီး ကောက်ချက်ချလိုက်လေသည်။
"ကွက်တိပဲ... အကွက်က ချက်ချင်းကို ကွက်တိကျသွားပြီ... ဒါဆိုရင် သူ အချောင်နှိုက်နေတာက လျိုကျင့်ကို မဟုတ်ဘဲ လျိုကျင့်ရဲ့ လင်ယောက်ျား ဖြစ်နေတာပေါ့... ငါကတောင် တွေးနေသေးတယ်၊ ဘယ်လိုယောက်ျားမျိုးကများ ကိုယ့်မိန်းမ လင်ငယ်ထားတာကို ဘာမှမပြောဘဲ ငြိမ်ခံနေပါလိမ့်လို့... အော်... ဒါ... ဒါ... အဲဒါကြောင့်ကိုး... သူတို့က တစ်ခုကို အကြောင်းပြပြီး ကွယ်ရာမှာ တခြားတစ်ခုကို တိတ်တဆိတ် လုပ်နေကြတာပဲ၊ ကျန်းရှင်းဖှနဲ့ တကယ် ဖောက်ပြန်နေတာက လျိုကျင့်ရဲ့ လင် ဖြစ်ပြီး၊ လျိုကျင့်ကတော့ အကာအကွယ်အဖြစ် အသုံးချခံရတဲ့ အရိုးပြာအိုး သက်သက်ပဲ..."
"ဟယ်... တကယ့်ကို ကောက်ကျစ်လိုက်တာ..."
"လျှို့ဝှက်ချက်တွေ အများကြီးနဲ့ ယောက်ျားပဲ"
"ဒါက တကယ့်ကို..."
"လျိုကျင့်ကတော့ သနားစရာပဲ၊ ဒါကို အောင့်အည်းသည်းခံနေရတာလား..."
"မခံလို့ကော သူ ဘာလုပ်နိုင်မှာလဲ..."
"ဒါနဲ့ အဲဒီနှစ်ယောက်က ဘာလို့ ဒါမျိုးကို ဒီမှာ လာလုပ်ရတာလဲ... ရွံစရာကြီး။ နေပါဦး... လျိုကျင့်ရဲ့လင်က တို့စက်ရုံက ဝန်ထမ်းလည်း မဟုတ်တော့ဘူးလေ၊ အထဲကို ဘယ်လိုဝင်လာတာလဲ... ဒါက အဓိပ္ပာယ်မရှိဘူး"
"အေးလေ... ဟုတ်သားပဲ၊ ကျန်းရှင်းဖှက တို့စက်ရုံက၊ အဲဒီလူက မဟုတ်ဘူးလေ”
"ဟုတ်တယ်၊ သူက ဝန်ထမ်းမဟုတ်တာ သေချာတယ်၊ ဘာလို့ ဒီကို ရောက်နေရတာလဲ..."
"ငါ တကယ်ကို နားမလည်နိုင်တော့ဘူး၊ အိမ်မှာတင် ငြိမ်ငြိမ်လေး မနေနိုင်ကြဘူးလား"
အဘွားကြီးကျောက်သည် မျက်လုံးအစုံကို ကစားရင်း မီးလောင်ရာ လေပင့်လိုက်၏။
"ဖြစ်နိုင်တာကလေ... သူတို့က ကွယ်ရာမှာ လူအများကြီး သိသွားအောင် တိတ်တဆိတ် မျှော်လင့်နေကြတာ ထင်တယ်... သူတို့ရဲ့ အချစ်ကို လူတွေ ပိုသိစေချင်လို့ နေမှာပေါ့။ တစ်မျိုးဆန်းပြီး ကြွားချင်တဲ့ သဘောမျိုးလေ၊ သိတယ်မလား...”
"သိပါတယ်၊ ဒါပေမဲ့ ဒါကတော့ တော်တော်လေးကို..."
"ဒါတွေ လာတွေးမနေနဲ့တော့၊ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံး ဒီမှာ ရှိနေတာပဲ၊ ထွက်ပြေးလို့မှ မရတာ၊ နောက်ကျရင် သူတို့ကိုပဲ တိုက်ရိုက် မေးကြည့်လိုက်တာပေါ့"
"ဟုတ်တယ်၊ ဟုတ်တယ်"
လူတိုင်း တစ်ယောက်တစ်ပေါက် ဝင်ရောက်ပြောဆိုကြသဖြင့် ဆူညံအုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။ ယခုအချိန်တွင်မူ လူတိုင်းသည် တကယ့် မိတ်ဆွေအရင်းအချာကြီးများကဲ့သို့ ဖြစ်နေကြ၏။ စက်ရုံတွင်းရှိ အမျိုးသမီးထုကြီး အယောက်ပေါင်း ဒါဇင်ချီ၍ စုရုံးရောက်ရှိလာကြပြီး လူဦးရေမှာလည်း ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။ အမျိုးသား ဝန်ထမ်းအချို့မှာ ဘာကိစ္စကြောင့် ဤမျှ ဆူညံနေရသည်ကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေကြရ၏။
အမှန်တကယ် ဘာများ ဖြစ်ပျက်နေတာလဲဗျ…
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ..."
"ဟုတ်ပ၊ မင်းတို့တွေ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ"
စူးစမ်းလိုစိတ် ပြင်းပြနေသော အချို့သူများသည်လည်း အနားသို့ တိုးကပ်လာကြသည်။
ထို့ပြင် အိမ်သာတက်ရန် လာရောက်သူများလည်း ရှိသဖြင့် လူဦးရေမှာ ပိုမိုများပြားလာခဲ့၏။
လူတိုင်းသည် အထဲတွင် ဘာဖြစ်နေသည်ကို လျင်မြန်စွာ သိရှိသွားကြပြီး၊ သတင်းဆိုးမှာလည်း ကူးစက်တတ်သော ရောဂါပမာ ပြန့်နှံ့သွားခဲ့သည်။ အထဲရှိ ကာယကံရှင်နှစ်ဦး နိုးမလာသေးခင်မှာပင် စက်ရုံလုံခြုံရေးဌာနမှ ဝန်ထမ်းများပင် ရောက်ရှိလာကြတော့သည်။
လုံခြုံရေးခေါင်းဆောင်ဝမ်သည် ဤမျှများပြားလှသော အမျိုးသမီးထုကြီးကို မြင်သောအခါ၊ ဘာပြောရမှန်းမသိဘဲ မိမိနားထင်ကိုသာ ဖိထားမိ၏။ လူတိုင်းသည် ဤပွဲကြီးပွဲကောင်းကို ကြည့်ရှုရန် အလွန်အမင်း စိတ်အားထက်သန်နေကြသည် မဟုတ်ပါလား…
"ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ..."
သူ မေးမြန်းလိုက်ရာ၊ လူတိုင်းပြိုင်တူပင် တတွတ်တွတ်ဖြင့် ရှင်းပြကြတော့သည်။ ထိုစဉ် ကျယ်လောင်သောအသံတစ်ခုသည် "အသံ တိုးတိုးလုပ်... သူတို့ နိုးသွားရင် ဘယ်လိုလုပ်မလဲ..." ဟု လှမ်းအော်လိုက်လေ၏။
အခြေအနေကို မသိရှိသူများအဖို့မူ အထဲတွင် ယောက်ျားနှစ်ဦး ရှိနေသည်ဟု ထင်မှတ်ကြမည်ဖြစ်သော်လည်း၊ အခြေအနေသိသူများအတွက်မူ ထိုလူနှစ်ဦးမှာ ဆောင်းခိုနေသည့် မြွေဟောက်နှစ်ကောင်ပမာ စက်ရုံ၏ နာမည်ကြီး အပန်းဖြေ ရှုခင်းတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ လူတိုင်းသည် အလွန်အမင်း စူးစမ်းလိုကြသော်လည်း အသံကျယ်ကျယ် မပြောရဲကြပေ။ အကြောင်းမူကား ထိုလူနှစ်ဦး စောစီးစွာ နိုးသွားပါက အခြားသူများအတွက် ပွဲပျက်သွားမည်ကို စိုးရိမ်သောကြောင့်တည်း။
မြင်ကြတယ် မဟုတ်ပါလား၊ ကျုပ်တို့က တကယ်ကို စည်းကမ်းရှိပြီး စေတနာကောင်းတာကို…
အမှန်ပင်၊ သူတို့သည် ချက်ချင်းပင် အသံကို တိုးလိုက်ကြပြီး တိုးတိုးတိတ်တိတ်ဖြင့် အချင်းချင်း ဆွေးနွေးရင်း မိနစ်ပိုင်းအတွင်းမှာပင် အခြေအနေအားလုံးကို လုံခြုံရေးခေါင်းဆောင်ထံ ရှင်းလင်းစွာ ပြောပြလိုက်ကြသည်။ ထိုအခါမှသာ လုံခြုံရေးဌာနသည်လည်း ကိစ္စရပ်အားလုံးကို သဘောပေါက်သွားတော့၏။
အကျဉ်းချုပ်ပြောရလျှင် ဤကိစ္စတစ်ခုလုံးသည် တကယ့်ကို အဓိပ္ပာယ်မရှိဘဲ ရယ်စရာကောင်းလှသော ကိစ္စရပ်ပင် ဖြစ်ပေသည်။
ကျန်းရှင်းဖှသည် မနေ့ညက အလုပ်ဆင်းပြီးနောက် ပြန်မသွားဘဲ စက်ရုံထဲတွင် ကျန်ရစ်ခဲ့သည် ဆိုစေဦး… လျိုကျင့်၏ လင်ယောက်ျားသည် စက်ရုံဝန်ထမ်းလည်း မဟုတ်ပါလျက်နှင်…. ဤတင်းကြပ်လှသော စက်ရုံထဲသို့ မည်ကဲ့သို့ ခိုးဝင်လာနိုင်ခဲ့သနည်း။
လုံခြုံရေးခေါင်းဆောင်၏ မျက်နှာသည် မည်းမှောင်သွားကာ ပြတ်ပြတ်သားသား အမိန့်ပေးလိုက်လေသည်။
"မကြည့်ကြနဲ့တော့… အထဲဝင်ပြီး သူတို့ကို နှိုးလိုက်ကြစို့၊ အခုအချိန်ဆို နိုးသင့်နေပြီ… နှိုးပြီးတော့ လုံခြုံရေးရုံးခန်းကို ခေါ်သွားကြမယ်၊ စက်ရုံဆိုတာ သူတို့အလုအယက် လျှောက်ပြေးရမယ့် နေရာမဟုတ်ဘူး၊ အိမ်သာလည်း မပါဘူး… ဒါ ဘာဘရုတ်သုက္ခတွေလဲ... အသက်ရှင်ရတာ ငြီးငွေ့နေကြလို့လား... ဒီလိုနေရာမျိုးမှာ ဒါမျိုးလာလုပ်ကြတယ်လို့၊ တကယ့်ကို အရှက်မရှိတာ"
ဤအရွယ်ရောက်ပြီးသား ယောက်ျားကြီးများသည် အိမ်တွင် မိန်းမမရှိ၍လည်းမဟုတ်ဘဲ၊ ဤကဲ့သို့ အများပြည်သူဆိုင်ရာနေရာ၌ လာရောက်ကာ "ဓားချင်းခုတ်" (ယောက်ျားချင်း ပတ်သက်ခြင်း) နေကြပြီး လူအများ သိအောင် လုပ်နေကြခြင်းဖြစ်ရာ အမျိုးသားထုတစ်ရပ်လုံးကို သိက္ခာချနေခြင်းပင် ဖြစ်ပေ၏။ ထို့ပြင် ကျန်းရှင်းဖှ၏ "ချစ်သူ" မှာ စက်ရုံဝန်ထမ်းလည်း မဟုတ်တော့သဖြင့် သူ စက်ရုံထဲသို့ မည်သို့ဝင်လာသည်ကို သေချာပေါက် စုံစမ်းစစ်ဆေးရပေလိမ့်မည်။
ပြီးခဲ့သည့်တစ်ခေါက် ဖြစ်ပွားခဲ့သော ခိုးမှုဖြစ်စဉ်ကြောင့် သူတို့ လုံခြုံရေးဌာနမှာ အကြီးအကျယ် အခြေအတင်ဖြစ်ခဲ့ရသဖြင့် ထိုအချိန်မှစ၍ စည်းကမ်းများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ကာ သတိအပြည့်ဖြင့် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။ သို့ပါလျက်နှင့် လူတစ်ယောက်သည် ဤသို့ လွယ်လွယ်ကူကူ ခိုးဝင်လာနိုင်သည်ဆိုသည်မှာ လုံခြုံရေးဌာန၏ ပါးကို ဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်လော့။ ဤသို အဖြစ်ခံ၍ မဖြစ်ပေ။
"အထဲဝင်ပြီး သူတို့ကို သွားနှိုးချေ"
"အာ... ဒါကတော့..."
"သူတို့ကို နှိုးလိုက်ရင် ပွဲပျက်သွားမှာပေါ့”
"ငါတောင် သေချာ မကြည့်ရသေးဘူးဥစ္စာ..."
...
လူအုပ်ကြီးသည် တကျီကျီဖြင့် ဆက်လက် ရေရွတ်နေကြ၏။
လုံခြုံရေးဝန်ထမ်းများ ရောက်ရှိလာခြင်းကြောင့် အမျိုးသား အလုပ်သမား အများအပြားလည်း ရောက်ရှိလာကြရာ လူအုပ်ကြီးမှာ ပုရွက်ဆိတ်အုံပမာ တိုးမပေါက်အောင် စည်ကားလှပေသည်။ အဘွားကြီးကျောက်မှာ ရှေ့ဆုံးတန်းကို အမိအရ နေရာယူထားပြီး အခြေအနေအားလုံးကို သေသေချာချာ မြင်တွေ့နိုင်ရန် အရှေ့ဆုံးတွင် မတ်မတ်ရပ်နေလေ၏။
အဘွားကြီးကျောက်သည် စိတ်ထဲတွင် တခစ်ခစ်ရယ်မောရင်း၊ ဤပွဲကြီးပွဲကောင်းကို ကြည့်ရှုရန် လည်ပင်းကို အစွမ်းကုန် ဆန့်ထားမိတော့သည်။
သူမ၏နောက်ရှိ အမျိုးသားများမှာ အတော်လေး စိတ်အလိုမကျ ဖြစ်နေကြရ၏။
'ဒီလို ပွဲကောင်းရှိတာကို တို့တွေ ဘာလို့ စောစောမသိရတာလဲ... နောက်ကျသွားပြီကွာ...'
'စောစောသာ သိရင် စက်ရုံရဲ့ ဒီနာမည်ကြီး အပန်းဖြေရှုခင်းကို အဝကြည့်လိုက်ရမှာ၊ အခုတော့ ဒီမှာ လာစောင့်နေရတယ်... တကယ် နှမြောစရာပဲ၊ ပွဲဦးထွက်ကို လွဲသွားပြီ'
အတွေးကိုယ်စီဖြင့် စိတ်ပျက်နေကြသော်လည်း၊ သူတို့အားလုံးသည် ငန်းများကဲ့သို့ လည်ပင်းကို အစွမ်းကုန်ဆန့်ကာ ချောင်းကြည့်နေကြဆဲပင်…
ထိုအချိန်တွင် လုံခြုံရေးဝန်ထမ်းများသည် အပြင်၌ လူမည်မျှ ကြည့်နေသည်ကို ဂရုမစိုက်တော့ဘဲ အမျိုးသမီးအိမ်သာထဲသို့ လျင်မြန်စွာ ဝင်သွားကြ၏။ ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် အမျိုးသမီးအိမ်သာ ဖြစ်သော်လည်း အမျိုးသမီးထုကြီးတစ်ခုလုံးမှာ အပြင်ဘက်တွင်သာ ရှိနေကြသည်။ လုံခြုံရေးဝန်ထမ်း အချို့ အထဲသို့ ဝင်လိုက်သည်နှင့်~~ "အမလေးဗျာ..." ဟု ပြိုင်တူ အော်ဟစ်မိသွားကြ၏။
သူတို့သည် ဤကဲ့သို့သော အရာမျိုးကို မသိနားမလည်ကြ၍ မဟုတ်ပေ၊ သို့သော်လည်း ဤမြင်ကွင်းကမူ... ဤအရာသည် ကြည့်လိုက်ရုံဖြင့်ပင် ညဘက် အိပ်မက်ဆိုး မက်စေနိုင်လောက်အောင် တကယ့်ကို မျက်စိပျက်စရာ ကောင်းလှသောကြောင့်တည်း…
ဒီလူနှစ်ဦး ပူးကပ်မေလိုက်ကြတာများ ကြားလေတိုးလို့ ဝေးမှာစိုးရတယ် ဆိုတဲ့အတိုင်းပဲ… လခွမ်းပဲ..
အဖွဲ့ခေါင်းဆောင် ဝမ် အော်ဟစ်ကာ
"ကျန်းရှင်းဖှ မင်းတို့ဘာသာမင်းတို့ အမြန်ထကြတော့"
သို့သော်လည်း ကျန်းရှင်းဖှ ဘာတုံ့ပြန်မှုမျှ မရှိပေ။
ခေါင်းဆောင်ဝမ် ထပ်မံ၍ အော်ဟစ်လိုက်ပြန်ကာ
"ကျန်းရှင်းဖှ၊ ထတော့... ဘာလို့ ဒီလောက်တောင် အိပ်မောကျနေရတာလဲ... ကျန်းရှင်းဖှ..."
သူ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ အဝတ်အစားများနှင့် ဘောင်းဘီများ နေရာအနှံ့ ပျံကျဲနေသည်ကို မြင်တွေ့ရသဖြင့်၊ မနေ့ညက မည်မျှအထိ "ပြင်းထန်" ခဲ့သည်ကို ခန့်မှန်းမိကာ စိတ်ထဲတွင် ကျိန်ဆဲနေမိတော့သည်။ သို့သော်လည်း…
"ကျန်းရှင်းဖှ ဘာဖြစ်နေတာလဲ... တစ်သက်လုံး အိပ်သွားတော့မှာလား..."
သို့ရာတွင် သူသည် သာမန်လူမဟုတ်သဖြင့် စိတ်ထဲတွင် တစ်ခုခုကို သံသယဝင်လာကာ
"သူ့နားသွားပြီး စစ်ဆေးကြည့်စမ်း။ ဘာလို့ နိုးမလာရတာလဲ... အိပ်ဆေးတွေ ဘာတွေ သောက်ထားလို့လား..."
တကယ်လို့ အိပ်ဆေးသောက်ထားတာဆိုရင်တော့ ကိစ္စက မရိုးရှင်းတော့ဘူး…
ခေါင်းဆောင်ဝမ်သည် အလွန်အမင်း သတိကြီးသူ ဖြစ်သည်။
လုံခြုံရေးရဲဘော်များသည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ရှေ့သို့ မတိုးရဲကြချေ။
ဒီလူနှစ်ယောက်ကို ဘယ်သူက သွားထိချင်မှာလဲ… ရွံစရာကြီး…
သူတို့အားလုံး စိတ်ထဲတွင် စိုးရိမ်နေကြ၏။ သူတို့အားလုံး ယောက်ျားချင်းဖြစ်သဖြင့် ကျန်းရှင်းဖှတွင် တစ်ခုခု မရိုးသားသော ရည်ရွယ်ချက် ရှိနေမည်ကို ကြောက်ရွံ့နေကြလေသည်။
ပြောရလျှင် မည်သူမျှ ရှေ့သို့ မတိုးရဲကြပေ။
"အင်း..."
ကျန်းရှင်းဖှ ရုတ်တရက် အသံတစ်ချက် ပြုလိုက်၏။
"အမေရေ..." ဟု ဆိုကာ အားလုံးမှာနောက်သို့ တစ်လှမ်းစီ ဆုတ်လိုက်ကြသည်။
မြင်ကြတယ် မဟုတ်လား၊ ကျုပ်တို့လည်း ယောက်ျားကြီးတွေ ဖြစ်ပေမယ့် ကြောက်တတ်တာပေါ့ဗျာ…
အဘွားကြီးကျောက်သည် အိမ်သာတံခါးဝတွင် မတ်မတ်ရပ်လျက် ရှေ့ဆုံးတန်းမှနေ၍ အနောက်မှ မမြင်ရသော လူအုပ်ကြီးထံသို့ သတင်းများကို တိုက်ရိုက် ထုတ်လွှင့်ပေးနေတော့သည်။
"နိုးပြီဟေ့... ကျန်းရှင်းဖှ နိုးလာပြီ..."
ကျန်းရှင်းဖှသည် ခေါင်းတစ်ခုလုံး ကိုက်ခဲနေပြီး၊ လည်ချောင်းများလည်း ခြောက်ကပ်ကာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလျက် အေးစိမ့်မှုကို ခံစားနေရသည်။ သူသည် အသိစိတ် သိပ်မဝင်သေးဘဲ မိမိကိုယ်ကို ဟိုဟိုဒီဒီ လျှောက်ကုတ်ရင်း အတွင်းခံဘောင်းဘီတိုလေးကို အောက်သို့ ဆွဲချလိုက်မိရာ…
"အားးးးး..."
ပြဲလန်စူးရှသောအော်သံတစ်ချက် ထွက်ပေါ်လာခဲ့၏။
ဤအော်သံမှာ အတွေ့အကြုံမရှိသေးသော လုံခြုံရေးရဲဘော်လေးတစ်ဦးထံမှ ဖြစ်ပေသည်။
အပြင်လူများမှာလည်း စိတ်လှုပ်ရှားစွာဖြင့်
"ဘာဖြစ်တာလဲ... အထဲမှာ ဘာဖြစ်လို့လဲ..."
"ဘာတွေ ဖြစ်နေတာလဲဟင်..."
"ငါ့ကို ပေးကြည့်ပါဦး၊ ငါ့ကို ကြည့်ခွင့်ပေးပါဦး”
"မင်းတို့လို လူငယ်တွေက ဒါမျိုးကို မခံနိုင်ပါဘူး၊ နောက်ဆုတ်ပေးကြပါ..."
တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြ၏။
အဘွားကြီးကျောက်သည် အိမ်သာနံရံကို အတင်းမှီကာ မျက်လုံးအစုံ ပြူးကျယ်လျက် အံ့သြမှင်သက်နေမိသည်။ စိတ်ထဲတွင်မူ~~
'ကျန်းရှင်းဖှက တကယ်ပဲ ဒီလောက်အထိ လိုက်လျောညီထွေ ဖြစ်ပေးတာလား... ဒါ တို့တွေ လုပ်တာ မဟုတ်ဘူးနော်၊ သူကိုယ်တိုင် အဝတ်တွေကို အဲလို ချွတ်ပစ်တာလား... လွန်လွန်းတယ်'
လူတိုင်းသည် အံ့သြတုန်လှုပ်ခြင်း၊ စိတ်လှုပ်ရှားခြင်းများနှင့်အတူ ဆူညံသံများ ပိုမိုကျယ်လောင်လာခဲ့ပြီး အော်ဟစ်သံများပင် ထွက်ပေါ်လာခဲ့သည်။ ဤမျှ ဆူညံအုတ်အော်သောင်းနင်း ဖြစ်နေသဖြင့် ကျန်းရှင်းဖှနှင့် သူ၏အဖော်ဖြစ်သူတို့သည်လည်း ဆက်လက်၍ အိပ်မောကျမနေနိုင်တော့ပေ။ ကျန်းရှင်းဖှသည် မိမိမျက်လုံးကို ပွတ်သပ်ရင်း စိတ်မရှည်သော အသံဖြင့် ရေရွတ်လိုက်၏။
"ဒါ ဘာတွေ ပြန်ဖြစ်နေပြန်တာလဲ... တတွတ်တွတ်နဲ့ မပြီးနိုင်မစီးနိုင် ဆူညံနေကြတာပဲ"
သူသည် ဤအခြေအနေကို အလေးအနက်မထားပေ။ အကြောင်းမူကား သူတို့နေထိုင်ရာ ဝင်းကြီးအတွင်း၌ ဤကဲ့သို့ ဆူညံသံများမှာ နေ့စဉ်နှင့်အမျှ ကြားနေကျဖြစ်သဖြင့် ရိုးအီနေသောကြောင့်ပင်…
အမြဲတမ်း ကြုံတွေ့နေရသဖြင့် ထူးဆန်းသည်ဟု မထင်တော့ပေ။
ကျန်းရှင်းဖှ ပါးစပ်မှ တိုးတိုးလေး ညည်းတွားနေသော်လည်း သူ၏ အမူအရာမှာ အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။
သူတင်မကဘဲ သူ၏မိတ်ဆွေသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
ဘယ်ဝင်းထဲမှာမှ ဆူညံသံ မရှိဘဲ နေပါ့မလဲ…
အထူးသဖြင့် မကြာသေးမီ သူတို့ဝင်းအတွင်း၌ လီတာ့ရှန်းတို့မိသားစုကြောင့် ပြဿနာများစွာ ဖြစ်ပွါးခဲ့ဖူးသည်။ ထို့ကြောင့် ထိုကောင်သည်လည်း မျက်လုံးကို ပွတ်သပ်ကာ ထထိုင်လိုက်ရင်း စကားဆိုလိုက်၏။
"ဘာတွေ ဒီလောက် ဆူညံနေရတာလဲကွာ..."
သို့သော်လည်း သူ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
မိမိလက်က လူတစ်ယောက်ကို ဖက်ထားမိပါလား...
လူတစ်ယောက်ကို... ဖက်ထားမိတာလား...
အမှန်တော့ သူနဲ့သူ့မိန်းမက အမြဲတမ်း အိပ်ရာခွဲအိပ်လေ့ ရှိကြတာလေ…
သူသည် မျက်လုံးကို အမြန် ဖွင့်ကြည့်လိုက်ရာ၊ အိပ်ချင်မူးတူးဖြင့် မျက်စိမှိတ်လျက် မိမိကိုယ်ကို တင်းကျပ်စွာ ဖက်ထားသော ကျန်းရှင်းဖှကို အတိုင်းသား မြင်လိုက်ရလေသည်။ ထိုစဉ် ဂျိုစိုက်ခံထားရသော စိမ်းစိမ်းလေးသည် ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားကာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာသကဲ့သို့ ခံစားလိုက်
ရ၏။ သူသည် ကျန်းရှင်းဖှကို အားကုန်တွန်းထုတ်ပစ်လိုက်ပြီး ဟိန်းဟောက်၍ အော်ဟစ်လိုက်လေတော့သည်။
"အားးးးး...”
ထိုအော်သံသည် ကောင်းကင်ယံတစ်ခုလုံးကို တုန်ဟည်းသွားစေ၏။
ကျန်းရှင်းဖှလည်း လန့်နိုးသွားပြီး
"ဘယ်ကောင်က သေချင်နေတာလဲ... အားးးးး... အမလေး ဘုရား... ဘုရား..."
ထိုအခါမှသာ လူနှစ်ဦးစလုံး အသိစိတ် ကောင်းကောင်း ဝင်လာကြ၏။ ကျန်းရှင်းဖှ အလန့်တကြားဖြင့်
"မင်း... မင်း... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ... မင်း တကယ့် တိရစ္ဆာန်ပဲ..."
ထိုစိမ်းစိမ်းလေးသည်လည်း ပြန်လည် အော်ဟစ်လေသည်။
"မင်း လျှောက်မပြောနဲ့... ငါ မင်းကို ဘာမှမလုပ်ဘူး၊ ဒါက ငါကိုယ်တိုင်... တောက်… မေ-ိုး အားးးးး၊ မင်းကော ငါ့ကို ဘာလုပ်လိုက်သေးလဲ..."
ယောက်ျားနှစ်ဦးစလုံးသည် တစ်ဦးအပေါ်တစ်ဦး သံသယစိတ်များ ပြည့်နှက်သွားကြပြီး၊ မျက်လုံးများ ပြူးကျယ်လျက် နောက်သို့ ချက်ချင်းပင် အလန့်တကြား ဆုတ်ခွာသွားကြတော့သည်။
ဒါကတော့ ဘဝရဲ့ ခါးသီးလှတဲ့ ဒဏ်ချက်ပဲ… စိတ်ဒဏ်ရာ အကြီးစားပေါ့…
ကျန်းရှင်းဖှသည် ဘာတွေဖြစ်ပျက်နေသည်ကို သေချာမသိသေးသော်လည်း၊ မိမိရှေ့ရှိ ယောက်ျားကို ကြည့်လိုက်၊ ဘေးပတ်ပတ်လည်ရှိ လုံခြုံရေးဝန်ထမ်းများနှင့် တိုးမပေါက်အောင် ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးကို ကြည့်လိုက်ဖြင့် ရုတ်တရက် ရင်ထဲ၌ မူးဝေသွားရတော့သည်။ မိမိ၏ ဂုဏ်သိက္ခာတစ်ခုလုံး မြေစာပင် ဖြစ်သွားရပြီဟု သူ ခံစားလိုက်ရ၏။
သူ ဒေါသအလိပ်လိပ်ဖြင့် ထပ်မံအော်ဟစ်ရင်း ကြုံးဝါးလိုက်၏။
"မင်းလို ကောင်စုတ်၊ သေပစ်လိုက်တော့..."
ကျန်းရှင်းဖှသည် ရုတ်တရက် ဝုန်းကနဲ ထရပ်ကာ ထိုလူ၏ ပါးကို အားရပါးရ ဖြတ်ရိုက်ပစ်လိုက်သည်။
အားလုံးက ဒီကောင်စုတ်ကြောင့် ဖြစ်ရတာ... အားလုံးက သူ့ကြောင့်ချည်းပဲ...
သူကများ မိမိကို သွေးဆောင်ဖြားယောင်းရဲတယ်လို့...
ဒါကိုတော့ လုံးဝ သည်းခံနိုင်စရာ မရှိဘူး…
"ငါ မင်းကို သေအောင် ရိုက်မယ်... ငါ့ကို လာရှုပ်ရဲတယ်ပေါ့၊ သေပေတော့..."
ကျန်းရှင်းဖှ အော်ဟစ်ကာ၊ သူကိုယ်တိုင်သည်သာ နစ်နာသူဟု သတ်မှတ်နေမိသည်။
ဂျိုပေါက်နေသော စိမ်းစိမ်းလေးသည်လည်း ကျန်းရှင်းဖှ ဤကဲ့သို့ ရုတ်တရက်ကြီး ရိုက်နှက်လိမ့်မည်ဟု မထင်မှတ်ထားကာ အလကားနေရင်း အရိုက်ခံလိုက်ရသဖြင့်၊ သူသည်လည်း ချက်ချင်းပင် လက်ဖြင့် ကာကွယ်ရင်း ပြန်လည် အော်ဟစ်တိုက်ခိုက်လေတော့သည်။
"မင်း ဘာလုပ်တာလဲ... ငါတောင် မင်းကို မရိုက်ရသေးဘူး၊ မင်းက ဘာပိုင်ခွင့်ရှိလို့ လာရိုက်တာလဲ... အား... ဖယ်စမ်း..."
ထိုစဉ် အဘွားကြီးကျောက်သည် အပြင်ဘက်ရှိ လူများအတွက် ထပ်မံ၍ တိုက်ရိုက်သတင်း ထုတ်လွှင့်ပေးပြန်၏။
"ချကြပြီဟေ့... သူတို့နှစ်ယောက် သတ်နေကြပြီ..."
"ဟယ်... ဟုတ်လား~"
အပြင်ဘက်မှ လူတစ်ဦးမှာ နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးရင်း ဆိုလေသည်။
"သတ်တာက ဘာဆန်းလို့လဲ၊ အော်တာက အချစ်၊ ရိုက်တာက အနှစ် တဲ့ဗျာ"
အခြားသူများမှာလည်း သဘောတကျဖြင့် ခေါင်းညိတ်ကြရင်း
"အေး... အဲဒါလည်း ဟုတ်တာပဲ..."