← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) နှစ်ဖက်ချွန်

ကျန်းရှင်းဖှ တစ်ယောက် ခေါင်းထဲတွင် တအုန်းအုန်း မြည်ဟီးနေပြီး မည်သို့ ပြုမူရမည်မသိ ဖြစ်နေလေသည်။ သူသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသည်ကိုပင် ဂရုမထားနိုင်တော့ကာ လက်ရှိဖြစ်ပျက်နေသော မြင်ကွင်းကြောင့် အကြီးအကျယ် တုန်လှုပ်နေ၏။

ဖြစ်ပျက်နေသည်များကို သူလိုက်၍ မမီတော့သော်ငြား မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၏ အပြစ်ဟုသာ သူခံယူထားလေသည်။ ဤသည်မှာ သူ၏ပင်ကိုယ်ဗီဇဖြစ်ပြီး မည်သို့ဖြစ်လာသည်ဖြစ်စေ တစ်ဖက်လူအမှားသာဖြစ်၏။ ဆူညံပွက်လောရိုက်နေသော ပတ်ဝန်းကျင်သည်လည်း သူ့အား ဆင်ခြင်ဉာဏ်ကို ပျောက်ဆုံးစေသည်။ သူသည် မတရားစွပ်စွဲခံနေရသည်ဟု ထင်မှတ်နေပြီး တစ်ဖက်ရှိ မိမိ၏အဖော်ဖြစ်သူ ဂျိုပေါက်နေသော စိမ်းစိမ်းလေးကို ပါးရိုက်ပစ်လိုက်၏။

"မင်းလို လူယုတ်မာ... ငါက မင်းကို ညီအစ်ကိုကောင်းတစ်ယောက်လို ဆက်ဆံခဲ့တာ၊ မင်းက ငါ့ကို ဒီလိုလုပ်ရက်တယ်ပေါ့လေ... မင်းလို လူယုတ်မာ၊ လူမဆန်တဲ့ကောင်... မင်းကို ငါ ရိုက်သတ်ပစ်မယ်... ငါ့ရဲ့ အပျိုစင်ဘဝ... အာ... မဟုတ်ပါဘူး၊ ငါ့ရဲ့ ဖြူစင်တဲ့ ဂုဏ်သိက္ခာ... အားးး... ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ့ရဲ့ ဂုဏ်သိက္ခာ..."

သူအောက်ကို ငုံ့ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အပြန်ပြန်အလှန်လှန် စစ်ဆေးလိုက်သည်။

သို့သော် ထိုသို့ကြည့်လိုက်မိခြင်းမှာ သူ့ကိုပိုအရှက်ရသွားစေကာ သူသည် အတွင်းခံဘောင်းဘီကို အမြန်ဆွဲတင်လိုက်ပြီး မျက်နှာမှာလည်း ပြိုတော့မည့်မိုးနှယ် မည်းမှောင်ညှို့မှိုင်းသွား၏။

ကံကောင်းသည်မှာ သူ့ခန္ဓာကိုယ်တွင် မည်သည့် မူမမှန်မှုမျှ မရှိပေ။

ဒါမှမဟုတ် တကယ်ပဲ ဘာမှဖြစ်မသွားတာလား...

မည်သို့ပင်ဖြစ်စေ သူ စိတ်သက်သာရာ ရသွားသည်မှာ အမှန်ပင်။

ဘာမှ မထူးခြားသရွေ့တော့ ဘာပြဿနာမှ မရှိဘူးလို့ပဲ သတ်မှတ်ရမှာပေါ့…

"ခေါင်းဆောင်ဝမ်... ခေါင်းဆောင်ဝမ်... ဒါတွေအကုန်လုံးက သူ့အပြစ်တွေချည်းပဲ၊ ကျွန်တော်က အပြစ်မရှိပါဘူး... ကျွန်တော်က လူကောင်းတစ်ယောက်ပါ၊ ဒီလိုမျိုး ဘယ်တော့မှ မလုပ်နိုင်ဘူး... တကယ်ပါဗျာ… ခင်ဗျား ကျွန်တော့်ကို ယုံပေးရမယ်”

တစ်ဖက်ရှိ ဂျိုပေါက်နေသော နွားကောင်မှာ စကားတစ်ခွန်းမှ မတုံ့ပြန်ဘဲ ဟိုကြည့်ဒီကြည့်ဖြင့် မျက်လုံးများကို ဘယ်ညာကစားနေသည်။

ရှေ့ဆုံးတန်းတွင် ရပ်နေသော အဘွားကြီးကျောက်သည် အခြေအနေ အရပ်ရပ်ကို အထင်အရှား မြင်တွေ့နေရ၍ ရန်စကားတစ်ခုခုပြော၍ ဆွပေးရန် ပြင်လိုက်၏။ သို့သော် သူမ ပါးစပ်ပင် မဟရသေးမီ… ကျန်းရှင်းဖှသည် မီးတောင်ကြီးနှယ် ပေါက်ကွဲကုန်လေသည်။ ဒေါသအိုးပေါက်ကွဲနေသော ကျန်းရှင်းဖှသည် အလွန် ကြောက်စရာကောင်းလှပြီး တစ်ဖက်လူကို ဆွဲကိုင်၍ ရူးသွပ်နေသည့်အလား တရကြမ်း အသားကုန် ထိုးကြိတ်လေ၏။

"မင်းအပြစ်တွေချည်းပဲ... မင်းအပြစ်တွေချည်းပဲ... ရှင်းပြစမ်း... ငါတို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူးလို့ အားလုံးကို အော်ပြောစမ်း... ပြောစမ်း..."

"ငါတို့ကြားမှာ ဘာမှမရှိပါဘူး"

စိမ်းစိမ်းလေးမှာ အော်ပြောရှာသည်။

ဒါပေမဲ… ဘယ်သူမှ မယုံဘူးလေ…

ဘယ်သူ့ကိုလာလိမ်ချင်နေတာလဲ… မျက်စိနဲ့တပ်အပ်တွေ့တာကို… ချီးပဲ..

အဘွားကြီးကျောက်သည် အသံတိုးတိုးဖြင့် တီးတိုးရေရွတ်ကာ…

"ဖြူစင်ပါတယ်ဆိုတဲ့လူတွေက အချင်းချင်း ဖက်ထားကြတယ်ပေါ့... ငါတို့က တောသူတောင်သားတွေမို့ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးပါဘူးလေ"

လူအုပ်ကြီးမှာ ချက်ချင်းပင် ဝါးခနဲ ပွဲကျသွားကာ ပွဲဆူအောင် လုပ်ချင်သော စက်ရုံအလုပ်သမားတချို့မှာ ချက်ချင်းပင် ဝင်ထောက်ခံပြောဆိုကြ၏။

"ဘယ်သူက မဟုတ်ဘူးပြောလဲ... မနေ့ညကတော့ တတွတ်တွတ်နဲ့ ချစ်ကြည်နူးနေကြပြီး ဒီနေ့ကျမှ ဘာလို့ ရန်သူတွေလို သတ်နေကြတာလဲ... သူတို့ ဆက်ဆံရေးက အရင်လို မဟုတ်တော့ဘူးထင်တယ်"

"ဟူး... ခဏတာ စိမ့်ဝင်သွားတဲ့ အချစ်ဇာတ်လမ်း ဆောင်းခိုတဲ့ငှက်ကလေးလို အချိန်တန်တော့ ပျံသွားပြီ ထင်ပါရဲ့"

"မဖြစ်နိုင်တာ၊ ငါ သူတို့ကို သိတယ်၊ သူတို့ တွဲလာတာ နှစ်တွေကြာပြီ"

ကျန်းရှင်းဖှနှင့် အတူတူ အရှက်ကွဲနေသော စိမ်းစိမ်းလေးမှာ သူစိမ်းမဟုတ်ပေ။ သူသည် စက်ရုံတွင် အလုပ်မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း မှတ်မိသူတချို့ရှိနေသေးသည်။

"ဟေး... ခင်ဗျားတို့ သိကြလား... ဒီကောင်က ဘယ်သူလဲဆိုတာ သိလား... ကျန်းရှင်းဖှနဲ့ ပတ်သက်နေတဲ့လူက လျိုကျင့်ရဲ့ ယောက်ျားဗျ.. လျိုကျင့်ကတော့ အလကားနေရင်း ဖောက်ပြန်တဲ့မိန်းမလို့ နာမည်ဖျက်ခံရတာ၊ တကယ်တော့ သူမယောက်ျားကသာ သစ္စာမရှိတဲ့လူဖြစ်ပြီး သူမကို ဒိုင်းအဖြစ် သုံးနေခဲ့တာပဲ"

"ဒါကြောင့်မို့လို့ ကျန်းရှင်းဖှက သူတို့အိမ်မှာ ခဏခဏ သွားအိပ်နေတာကိုး… ငါက သူ့မိန်းမနဲ့ သွားအိပ်တယ် အောက်မေ့တာ၊ တကယ်တော့ ယောက်ျားဖြစ်သူနဲ့ သွားအိပ်နေတာပဲ…ဒါက တကယ်ကိုပဲ..."

"ဒါမှမဟုတ် နှစ်ယောက်လုံးနဲ့ အိပ်တာလည်း ဖြစ်နိုင်တာပဲ..."

"တကယ်ပဲ အဲဒီလောက်အထိ ဆိုးရွားတာလား..."

...

လျှိုကျင့်ခမျာ ဤပြဿနာကြီးကြောင့် အသရေဖျက်ခံနေရသော မိမိဂုဏ်သိက္ခာမှာ နာမည်ကောင်း ပြန်ရလာလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးမည် မထင်ပေ။

သနားစရာ လျှိုကျင့်…ဒီလို ယောက်ျားမျိုးနဲ့ လက်ထပ်ရတာ တကယ့်ကို ကပ်ဆိုးကြီးပါပဲ...

သို့သော် လျှိုကျင့်မှာ ဤနေရာတွင် ရှိမနေသည့်အတွက် သဘာဝကျကျပင် ဤအကြောင်းများကို မသိပေ။ သို့သော် ကျန်းရှင်းဖှနှင့် သူမ ယောကျာ်း၏ မျက်နှာများမှာ ပို၍ပင် မည်းမှောင် အိုစာသွားလေ၏။

ဘယ်လိုလုပ် မမည်းဘဲ နေမှာလဲ.. ဟိဟိ…

ကျန်းရှင်းဖှ ဒေါသတကြီး အော်ဟစ်ကာ

"မင်းတို့ ဘာတွေ လျှောက်ပြောနေကြတာလဲ... ငါနဲ့သူနဲ့က လုံးဝ ဖြူစင်တယ်။ စကားတွေကို လျှောက်ပြောပြီး ငါ့ကို နာမည်မဖျက်နဲ့… မင်းတို့ကို ငါ သင်ခန်းစာပေးလိုက်မယ်.. မင်းတို့အားလုံး ဘယ်လောက်တောင် အရှက်မရှိကြတာလဲ..."

ထိုစကားသည် လူအုပ်ကြီးကို ပိုပြီး ဒေါသထွက်စေခဲ့၏။

"ဟေး... မင်းလိုကောင်က ဘယ်သူ့ကို လာခြိမ်းခြောက်နေတာလဲ... ငါတို့က မင်းကို ကြောက်နေရမှာလား..."

"ဟုတ်ပ၊ ဘာတွေ လာပြီး ဆရာကြီးလုပ်နေတာလဲ... မိန်းမကိုလည်း မချစ်ဘဲ အပြင်မှာ တခြားယောက်ျားတွေနဲ့ ရှုပ်ပွေနေပြီးတော့၊ အရှက်မရှိလိုက်တာ..."

"ငါ သိသားပဲ... ကျန်းရှင်းဖှရဲ့ မိန်းမက ဘာလို့ ဒီလောက် ရက်စက်ပြီး ကွာရှင်းပြီးတာနဲ့ ချက်ချင်း ထွက်သွားရသလဲဆိုတာ၊ ဒီလို အခြေအနေမျိုးမှာ ဘယ်သူက မထွက်သွားဘဲ နေမလဲ... ဒီလို ယောက်ျားမျိုးကို ဘယ်သူမှ သည်းမခံနိုင်ဘူး"

"သူက တကယ့် လူယုတ်မာပဲ"

"ရွံစရာကောင်းလိုက်တာ… သူ့အမေကတောင် ငါ့ကို သူ့သားအတွက် မိန်းမရှာပေးဖို့ အကူအညီတောင်းသေးတယ်၊ တော်သေးတာပေါ့ ငါ နားမထောင်မိလို့၊ မဟုတ်ရင် မိန်းကလေးတစ်ယောက်ရဲ့ ဘဝ ပျက်စီးရရန်ကော.. သူက တကယ်ကို လူမဆန်ဘူး၊ မိန်းမတွေကို မကြိုက်ရင်လည်း အပြစ်မရှိတဲ့ မိန်းကလေးတွေကို လိုက်မဖျက်ဆီးသင့်ဘူး"

"အမှန်ဘဲ…ငါတို့ ရပ်ကွက်ထဲက လူပျိုကြီးတွေတောင် အခုထိ အဖော်ရှာမရသေးဘူး၊ သူကကျတော့ ရထားလျက်နဲ့ မသုံးတတ်ဘူး... ဒါ ဖြုန်းတီးတာ မဟုတ်ဘူးလား..."

အဘွားကြီးကျောက်မှာ လေသံတိုးတိုးဖြင့် ထပ်မံဆီလောင်းလိုက်ပြန်သည်။

"သူက သုံးလို့မရတာမျိုးတော့ မဟုတ်လောက်ပါဘူး.. အချို့လူတွေက ယောက်ျားရော မိန်းမရော နှစ်မျိုးလုံး ကြိုက်တတ်ကြတယ်..."

သူမသည် မူလ၌ ကျန်းရှင်းဖှကို သိက္ခာချချင်ပြီး ယောကျာ်းချင်းကြိုက်သူအဖြစ် အားလုံးကိုသိစေ၊ ရွံရှာစေချင်၊ နာမည်ပျက်စေချင်၏။ သို့သော် ချက်ချင်းဆိုသကဲ့သို့ သူမ ဆက်မလုပ်သင့်ကြောင်း သဘောပေါက်သွားလေသည်။

အကယ်၍သာ အဲဒီလိုလုပ်လိုက်ရင် ကျန်းရှင်းဖှက နောက်နောင် မိန်းမတွေကို လိုက်နှောင့်ယှက်တဲ့အခါ အဲဒီမိန်းကလေးတွေက သတိမမူမိတော့ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဘဲ ဖြစ်သွားမှာ မဟုတ်ဘူးလား...

လူတိုင်းမှာ ကျန်းရှင်းဖှသည် ယောကျာ်းချင်းကြိုက်သူဟုသာ သတ်မှတ်လိုက်ကြလျှင် မိန်းကလေးများမှာ သတိလက်လွတ်ဖြစ်၍ သူ့ကို သတိထားမှု လျော့ကျသွားနိုင်၏။ ထိုအခါ မိန်းကလေးများအတွက် အန္တရာယ်ရှိလေသည်။

အဘွားကြီးကျောက်မှာ အင်မတန် ကြင်နာတတ်၍၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာတတ်၍ မဟုတ်ပေ။ သူမသည် ကျန်းရှင်းဖှကို ကြည့်မရရုံ သပ်သပ်သာဖြစ်၏။ ဤအချက်ကို ဟာကွက်ပြု၍ အခွင့်ကောင်းယူသွားမည်ကို မလိုလားခြင်းပင်။

ဒီလို တဏှာရူး ယုတ်မာတဲ့ကောင်ကို သူ့သဘောအတိုင်း လွှတ်မထားနိုင်ဘူး၊ သူ့အကြောင်းကို အကုန်ဖွင့်ချရမယ်…

အဘွားကြီးကျောက် ဆက်ပြောကာ

"ပြည်သူ့သမ္မတနိုင်ငံ မတည်ထောင်ခင်တုန်းက၊ အဲဒီ ချမ်းသာတဲ့ မြေရှင်ပဒေသရာဇ်တွေနဲ့ ကုန်သည်အသေးစားတွေရဲ့ အိမ်မှာ မိန်းမအပြင် ပြဇာတ်ကတဲ့သူတွေကိုပါ မယားငယ်အဖြစ် ထားတတ်ကြတယ်.. သူတို့က ယောက်ျားရော မိန်းမရော နှစ်မျိုးလုံး ထားနိုင်ကြတာ"

"ဟုတ်တယ်၊ ငါလည်း အဲဒါမျိုး ကြားဖူးတယ်..တကယ်ပဲ၊ငါတို့ အရပ်ထဲမှာလည်း..."

"ငါလည်း ကြားဖူးတယ်... ဟုတ်တယ်၊ မဟုတ်ရင် သူ ဘယ်လိုလုပ် လက်ထပ်နိုင်ပါ့မလဲ..."

လူအုပ်ကြီးသည် တစ်ဖန် ပြန်လည် ဝေဖန်ဆွေးနွေးလာကြပြန်၏။

ဤသည်မှာ သာမန်အတင်းအဖျင်းမကတော့ကာ အလွန် တုန်လှုပ်စရာကောင်းသော သတင်းဖြစ်သည်။

သူတို့တစ်သက် ဒီလိုမျိုး ဘယ်မှာ မြင်ဖူးပါ့မလဲ... သူတို့ ပိုပြီး စုံစမ်းရဦးမယ်… 'လူ့သက်တမ်းတစ်လျှောက် သင်ယူလို့မကုန်နိုင်' ဆိုတာမျိုးပေါ့...

ဤဝေဖန်သံများမှာ ကျန်းရှင်းဖှကို နောက်တစ်ကြိမ် ပေါက်ကွဲသွားစေ၏။ သူသည် အရူးတစ်ယောက်နှယ် အော်ဟစ်ငိုယိုကာ

"ပါးစပ်ပိတ်ထား... ပါးစပ်ပိတ်ထားကြစမ်း... မင်းတို့တွေကမှ ယောက်ျားချင်း ကြိုက်တာ... မင်းတို့တစ်မိသားစုလုံး ယောက်ျားချင်း ကြိုက်ကြတာ... ငါ့ကို လာပြီး နာမည်မဖျက်နဲ့... ငါက ဖြူစင်တယ်... ငါ တကယ်ကို အပြစ်မရှိဘူး..."

မယုံရေးချ မယုံဟေ့… အပြစ်မရှိတဲ့လူက ဒီလိုပုံစံ ဖြစ်နေပါ့မလား... လုံးဝ မတူတာ အမှန်ပဲ…

"မင်းတို့လို အကောင်တွေ... ယောက်ျားရင့်မကြီးက ဘယ်လိုလုပ် ယောက်ျားချင်း ကြိုက်ရမှာလဲ... မင်းလည်း တစ်ခုခုပြောဦးလေ... သူများတွေ ငါတို့ကို ဒီလို လာစွပ်စွဲနေတာကို ဒီအတိုင်း ကြည့်နေမှာလား..."

ကျန်းရှင်းဖှသည် လျိုကျင့်ယောက်ျားကို ဆွဲလှုပ်လိုက်ပြီး သူ့၏ ကြောင်အမ်းအမ်း မျက်နှာပေးကို မြင်သောအခါ ဒေါသများ ပိုပြီး တောက်လောင်လာသည်။

တကယ်လို့… ဒီကောင်သာ မရှိရင် သူ ဒီလို နာမည်ပျက်မှာ မဟုတ်ဘူး၊ ဒါတွေအကုန်လုံးက ဒီကောင်ကြောင့်ပဲ။ အရာအားလုံးက သူ့အပြစ်တွေချည်းပဲ…

သူသည် ဒေါသအလွန်အမင်းထွက်ပြီး လက်ကိုမြှောက်ကာ ရိုက်နှက်လိုက်၏။

"မင်းက ကြောင်နေသေးတယ်ပေါ့ ငါ ဆုံးမပေးမယ်... မင်းကို ဆုံးမရမယ်... မင်းက ပုံမှန်ဆို ငါ့ရဲ့ ခွေးတစ်ကောင်လို နေတာ၊ အခုကျမှ ဘာလို့ ပါးစပ်ပိတ်နေတာလဲ... ဒါက ဘာသဘောလဲ... မင်းလို နိမိတ်မကောင်းတဲ့ကောင်၊ ငါ့ကိုပါ ဆွဲချနေတာ..."

ကျန်းရှင်းဖှ အော်ဟစ်ဆဲဆိုလေတော့သည်။

သူ့ခေါင်းထဲတွင် ဗြောင်းဆန်နေပြီဖြစ်ပြီး ယခုအခြေအနေမျိုးတွင် မည်သူမှ စိတ်အေးလက်အေး ရှိမနေနိုင်ပေ။ သူနှင့် တစ်ဖက်လူမှာ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေမှန်း သူ တကယ်ကို မသိပေ။

"အားးး... ငါတို့ ဘာလို့ အိမ်သာထဲ ရောက်နေရတာလဲ......"

ကျန်းရှင်းဖှ ထပ်ပြီး အော်ဟစ်လိုက်ပြန်၏။

အဘွားကြီးကျောက် : "အော်... အခုကျမှ ပြဇာတ်လာကပြနေတာပေါ့ ဟုတ်လား..."

"ပါးစပ်ပိတ်ထားစမ်း၊ အဘွားကြီး… အောက်တန်းကျတဲ့ကောင်မကြီး၊ ခင်များ ကျုပ်ကို ထောင်ချောက်ဆင်တာမလား... ဟုတ်တယ်၊ ခင်များ ထောင်ချောက်ဆင်တာ သေချာတယ်၊ မဟုတ်ရင် ကျုပ် ဘာလို့ ဒီမှာ ရှိနေမလဲ... ခင်များကို ကျုပ်

ရိုက်သတ်မယ်..."

ကျန်းရှင်းဖှသည် အဘွားကြီးကျောက်ထံ ပြေးဝင်သွားတော့သည်။

အဘွားကြီးကျောက်မှာ သူ့တိုက်ခိုက်မှုကို ဂရုမစိုက်သည့်အလား ဖျတ်ခနဲ ရှောင်လိုက်ပြီး ကျန်းရှင်းဖှ၏ ဆီးခုံဆီကို အားပြင်းသော ကန်ချက်တစ်ချက် ကျွေးလိုက်လေ၏။

"လစ်လိုက်စမ်း... ကိုယ်တိုင်က လူယုတ်မာဖြစ်ပြီး ဒီလို အောက်တန်းကျတာတွေ လျှောက်လုပ်နေတာ၊ အခု အမိဖမ်းမိတော့မှ ငါ့ကို လာပြီး အပြစ်ပုံချချင်တာလား... ရှက်တတ်စမ်းပါဦး။ လူတွေအားလုံးက မျက်စိကန်းနေတယ် အောက်မေ့လို့လား... နင်တို့နှစ်ယောက် ဘယ်လောက်တောင် ကပ်တွယ်နေကြသလဲဆိုတာ အားလုံး အထင်အရှား မြင်လိုက်ရပြီးပြီ၊ အခုထိ ဖြူစင်ချင်ယောင် ဆောင်နေတုန်းလား... ငါလို အပြစ်မရှိတဲ့ အဘွားကြီးကို လာပြီး အပြစ်ပုံချဖို့ ကြိုးစားနေတာလား... အိမ်မက်မက်နေလိုက်... ငါ့ရဲ့ သိက္ခာကို အပုပ်ချလို့မရဘူး... ဒါကို ငါ့အပေါ် ပုံချနိုင်မယ် ထင်နေလား... စိတ်တောင်မကူးနဲ့။ ငါက အနိုင်ကျင့်ခံမယ့်လူ မဟုတ်ဘူး..."

အဘွားကြီးကျောက်သည် အနိုင်ကျင့်ခံမည့် မိန်းမစားမျိုး မဟုတ်ပေ။ ခါးထောက်ပြီး ကြောက်စရာကောင်းသော ပုံစံဖြင့် အော်ဟစ်လိုက်ကာ

"ဘာလဲ... နင်က ငါ့ကို လက်ပါချင်တာလား... နင့်ကိုယ်နင် ဘာကောင်လဲဆိုတာ ပြန်ကြည့်ဦး.. နင်က ငါနဲ့ ယှဉ်နိုင်မယ့် အဆင့်ရှိမရှိ အရင်ကြည့်လိုက်ဦး"

"အု့..."

ကျန်းရှင်းဖှခမျာ သူ့ဗိုက်ကို ဖက်ပြီး ကုန်းကုန်းလေး ထိုင်ချလိုက်ရရှာသည်။

မျက်နှာရော ဗိုက်ရော တစ်ပြင်လုံး အောင့်တက်သွားတာပဲ… အဲဒီ စုတ်ပဲ့တဲ့ အဘွားကြီး…သေနာမကြီး…

အဘွားကြီးကျောက် : "ဘာကြည့်နေတာလဲ... မကျေနပ်ရင် ချမလား... ငါက နင့်ကို မကြောက်ဘူး..."

ကျန်းရှင်းဖှခမျာ အသက်ကို လုရှူနေရ၏။

သို့သော် ဘေးနားတွင် ကြည့်နေသော လူအုပ်ကြီးမှာ တကယ့်ကို အားရပါးရ ကြည့်ရှုနေကြပြီး တီးတိုးပြောကြလေသည်။

"ဒေါ်ကြီးကျောက်က တကယ့်ကို ဖျတ်လတ်တာပဲ"

"ဒါပေါ့၊ သူက ငါတို့ အရပ်ထဲမှာ နာမည်ကြီးတဲ့ စုန်းမကြီးလေ၊ အင်မတန် ရက်စက်တာ။ သူ့ချွေးမကိုဆိုရင်လည်း လက်ခုပ်ထဲက ရေလို ထိန်းထားတာ၊ သူ့ချွေးမခမျာ ဂေါ်ဖီထုပ်လေးလို ဘာမှမတတ်နိုင်ရှာဘူး”

"အာ... ငါ သူ့ကို မြင်ဖူးတယ်၊ လီတာ့ရှန်းရဲ့ ကိစ္စတုန်းက သူ လာတုန်းကလေ၊ အမလေး... ငိုလိုက်တာမှ ရေလိုပဲ..."

"ဒါကို ဘယ်သူလို့ပြောပါလိမ့်... ဪ.. ရှန့်လင်ရဲ့ မိန်းမ ထင်တယ်..သူက တော်တော် စကားများတာ၊ လင်းကျန့်ဝမ်နဲ့ ပတ်သက်လာရင် သူက စိတ်မမှန်သလို တတွတ်တွတ်နဲ့ ပြောနေတော့တာပဲ"

"ငါ့အထင်တော့ ရက်စက်တာက ပြဿနာမဟုတ်ပါဘူး၊ သူသာ မရက်စက်ရင် အနိုင်ကျင့်ခံရမှာပေါ့..ကျန်းရှင်းဖာကို ကြည့်ဦး၊ သူက အပြစ်ကို လွှဲချဖို့ ကြိုးစားနေတာ"

"အတိအကျပဲ"

ကျန်းရှင်းဖှ : "မင်းတို့လို လူယုတ်မာတွေ... အာ... ခေါင်းဆောင်ဝမ်၊ ကြည့်စမ်း၊ ကြည့်စမ်းဦး... ဒီအဘွားကြီး ကျုပ်ကို ရိုက်နေတာကို ခင်ဗျားက ဘာစီမံခန့်ခွဲရေးလဲ၊ ဒီအတိုင်း ကြည့်နေတော့မှာလား......"

ခေါင်းဆောင်ဝမ် မျက်လုံးအသာဝှေ့လိုက်ရင်း စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

'ဒီကောင်... အခုကျတော့ ငါ့ကိုပါ အပြစ်လာပုံချနေပြီပေါ့လေ'

အဘွားကြီးကျောက်မှာ အလျှော့ပေးမည့်ပုံမပေါ်ဘဲ ရှေ့သို့တစ်လှမ်းတိုးကာ ဆက်၍အော်တော့၏။

"ငါရိုက်တော့ ဘာဖြစ်လဲ... ရိုက်ဦးမှာဟဲ့... ဘယ်သူက နင့်ကို အရင်လက်ပါခိုင်းလို့လဲ... အားလုံးလည်း မျက်မြင်ကိုယ်တွေ့ပဲ... နင်က ငါ့ဆီကို ခွေးအိုကြီးလို ပြေးဝင်လာတာ၊ ငါက ပြန်မခုခံရဘူးလား... နင်က ငါ့ကို စိတ်ကြိုက်နင်းခြေလို့ရတဲ့ ဂေါ်ဖီထုပ်လေး အောက်မေ့နေလား... တောက်... နင့်ကိုယ်နင် ဘာကောင်လဲဆိုတာရော သိရဲ့လား… ငါပြောလိုက်မယ်... နင်သာ ဒီလို ဆက်ပြီး လူယုတ်မာလို လုပ်နေရင်တော့ ငါ့အကြောင်း သိစေရမယ်။ ဒါကို ငါ့အပေါ် လာပုံချချင်သေးတယ်... ဟာသလုပ်မနေနဲ့... နင်ကို အဲဒီအဘိုးကြီးနဲ့ သွားရှုပ်ပါလို့ ငါက ခိုင်းခဲ့လို့လား... သူတစ်ပါးကို အပြစ်ဖို့ချင်ရင်လည်း ငါက အလိုက်သင့် ခေါင်းညိတ်မယ့်လူ ဟုတ်မဟုတ် အရင်ကြည့်ဦး... တကယ်ကို စိတ်မမှန်တဲ့ကောင်ပဲ..."

ကျန်းရှင်းဖှလည်း မျက်နှာပျက်ပျက်ဖြင့် ပြန်အော်ကာ

"ခင်များမဟုတ်ရင် ဘယ်သူဖြစ်ရဦးမှာလဲ... ခင်များပဲ ဖြစ်ရမယ်..."

သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေသော်လည်း မနေ့ကဖြစ်ရပ်ကို သဲသဲကွဲကွဲ မှတ်မိနေသေး၏။

မနေ့က အဘွားကြီးကျောက်ကို သင်ခန်းစာပေးရန် သူ ကြံစည်ခဲ့သော်လည်း အကောင်အထည်မဖော်ရသေးခင်မှာပင် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားရခြင်း ဖြစ်သည်။

ထိုအကြောင်းကို တွေးမိလေလေ ပို၍ ဒေါသထွက်လေလေဖြစ်ကာ ထပ်မံအော်ဟစ်တော့၏။

"ခင်များသာမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ... လုံးဝ ခင်ဗျားလက်ချက်ပဲ..."

အဘွားကြီးကျောက်သည်လည်း ခါးထောက်လျက် ပြန်ပက်လေ၏။

"ဟေး... ငါကို လာစွပ်စွဲနေတယ်ပေါ့… နင့်ကို မဆုံးမရရင် ငါ့ကို အနိုင်ကျင့်ရလွယ်တယ် ထင်နေမှာ..."

အဘွားကြီးကျောက် အင်္ကျီလက်ကို ပင့်တင်ကာ အားရပါးရ ချရန် ပြင်လိုက်သော်လည်း လုံခြုံရေးဝန်ထမ်းများမှာ ချက်ချင်းပင် ဝိုင်းဝန်းတားဆီးလိုက်ကြရသည်။ ထိုအခါ အဘွားကြီးကျောက်မှာ ရုန်းကန်ရင်း လှမ်းအော်တော့၏။

"ဒီကောင်စုတ်က ငါ့ကို အပြစ်လာဖို့နေတာ... ရှင်တို့ ပြောစမ်း၊ ငါက ဒီအတိုင်း ငြိမ်ခံနေရမှာလား... ကိုယ်တိုင် အောက်တန်းကျတာလုပ်ထားပြီး ငါ့ကိုပါ ရွှံ့လာလူးချင်သေးတယ်... ငါ့ကို အနိုင်ကျင့်ရလွယ်တယ် ထင်နေလား... တောက်... ငါ ကျိန်ဆိုရဲတယ်၊ ကိစ္စတွေကို ငါသာ လုပ်ခဲ့ရင် ငါ့ကို မိုးကြိုးပစ်ပါစေဟဲ့…… နင်ရော ကျိန်ရဲလား… ဒါဟာ လုံးဝ၊ ရာခိုင်နှုန်းပြည့် ငါ့လက်ချက်ပါလို့ နင် ကျိန်ရဲလား... ငါမဟုတ်ရင် နင်ကို မိုးကြိုးပစ်ပါစေလို့ ကျိန်လိုက်စမ်း... နင် ငါ့ကို မြင်ခဲ့တယ်၊ ငါပဲ လုပ်ခဲ့တာပါလို့ ကျိန်စမ်း..."

အဘွားကြီးကျောက်သည် ဒေါသတကြီးဖြင့် ခုန်ဆွခုန်ဆွ လုပ်နေသော်လည်း သူမမျက်နှာတွင် ကြောက်လန့်သည့် အရိပ်အယောင် နည်းနည်းမျှ မရှိပေ။

အဟက်… ဘာလို့ကြောက်ရမှာလဲ… သူမမှ မလုပ်ခဲ့တာ…

စင်စစ်အားဖြင့် ကျိန်ဆိုခြင်းသည် အဓိပ္ပာယ်မရှိသော်လည်း အဘွားကြီးကျောက်၏ မယိမ်းမယိုင်သော ရဲဝံ့ပြတ်သားမှုမှာ ကောင်းကင်သို့တိုင် ထိုးဖောက်မတတ် ဖြစ်နေသဖြင့် ဘေးလူအားလုံး သူမဘက်ကို ယုံကြည်သွားကြလေသည်။

ဘေးလူများသာမက ကျန်းရှင်းဖှကိုယ်တိုင်ပင်... စိတ်ထဲတွင် ဝေခွဲမရ ဖြစ်လာရ၏။

'မနေ့ညက ငါ သူ့ကို ထောင်ချောက်ဆင်ဖို့ ကြံထားတာဆိုတော့ သူက ငါ့ကို ကလဲ့စားချေတာ နေမှာပါ'

သူ အခိုင်အမာ တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မိမိအစီအစဉ်မှာ မအောင်မြင်ခဲ့သည့်

အပြင် အဘွားကြီးကျောက် ကိုယ်တိုင်သည်လည်း ထိုအကြောင်းကို သိရှိပုံမရပေ။

"ကျိန်လိုက်စမ်း... ငါ့ရှေ့မှာ ကျိန်

စမ်း..."

အဘွားကြီးကျောက် ဆက်တိုက် ဖိအားပေးအော်ဟစ်ရာ ကျန်းရှင်းဖာတစ်ယောက် ပို၍ တွေဝေသွားရလေ၏။

ကျန်းရှင်းဖှ တစ်ယောက် မကျိန်ရဲဘဲ တွေဝေနေသည်ကို ဘေးမှ ကြည့်ရှုနေသူများ အကဲခတ်မိသွားကြသဖြင့် နှုတ်ခမ်းကို မဲ့လိုက်ကြပြီး 'ဒီကောင် တကယ်ကို လူကောင်းမဟုတ်ဘူးပဲ' ဟု တီးတိုး ဝေဖန်ကြတော့သည်။

ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်မှာ လှမ်းမေးလိုက်၏။

"ကျန်းရှင်းဖှ... မင်းက ထောင်ချောက်ဆင်ခံရတာဆိုရင် ဘယ်အချိန်မှာ သတိလစ်သွားတာလဲ... အဲဒါတော့ မင်းသိရမှာပေါ့..."

ကျန်းရှင်းဖှ ချက်ချင်းပင်..

"မနေ့ညနေကဗျာ၊ ၈ နာရီခွဲ ဒါမှမဟုတ် ၉ နာရီဝန်းကျင်လောက်မှာ"

ထိုအခါ လူအုပ်ထဲမှ အဘွားကြီးကျောက်နှင့်အတူ ထမင်းချက်ဆောင်တွင် လုပ်ကိုင်သည့် အဘွားကြီးစွန်းသည် ရှေ့သို့ထွက်ကာ အမှန်အတိုင်း သက်သေခံပေးတော့သည်။

"ဒါဆို မဟုတ်သေးဘူး.. မင်း အမှန်အတိုင်း ပြောနေတာလားတော့ ငါမသိဘူး၊ ဒါပေမဲ့ ဒေါ်လေးကျောက်ကို မတရားစွပ်စွဲနေရင်တော့ ငါတို့ ထမင်းချက်ဆောင်က လက်ခံမှာမဟုတ်ဘူး..မနေ့ညက ငါတို့ စက်ရုံမှာ အလကားကျွေးတဲ့ ထမင်းဝိုင်းရှိလို့ အားလုံး ဝိုင်းသိမ်းကြရတာ၊ဒေါ်လေးကျောက် ထွက်သွားတာ ၉ နာရီခွဲလောက်မှ၊ ငါတို့အားလုံး အတူတူ ထွက်လာကြပြီး လမ်းမကြီးပေါ်ရောက်မှ လမ်းခွဲခဲ့ကြတာမင်းက ဒေါ်လေးကျောက်ကို မတရား စွပ်စွဲနေရင်တော့ ငါတို့လည်း ဒီအတိုင်း ကြည့်မနေနိုင်ဘူး"

"ဟုတ်တယ်၊ ငါလည်း အဲဒီမှာ ရှိနေတာ၊ အတူတူ ပြန်ကြတာ"

အခြားသူတစ်ဦးမှာလည်း ထောက်ခံလိုက်၏။

ကျန်းရှင်းဖှမှာ ပြောစရာ စကားမဲ့သွားပြီး ပုခုံးကျုံ့လျက် အိုးတိုးအမ်းတမ်းဖြင့်

"ငါ... ငါက သူလုပ်တာလို့ တိုက်ရိုက်မပြောပါဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ ငါ့ကို ရိုက်ခဲ့တာပဲ"

အဘွားကြီးကျောက် လှောင်ပြုံးပြုံးကာ

"ဟဲဟဲ... အဲဒါ ဘယ်သူလဲဟဲ့..."

အဘွားကြီးကျောက် အင်မတန် ယုံကြည်ချက်ရှိနေပြီး သက်သေများလည်း ရှိနေသည်ကို မြင်သောအခါ ကျန်းရှင်းဖှသည် သူမအား တိုက်ရိုက်မတုံ့ပြန်ရဲတော့ဘဲ အနားရှိ အားနည်းသူဖြစ်သော စိမ်းစိမ်းလေးဘက်သို့ လှည့်ကာ ပါးကို ဆက်တိုက် ရိုက်နှက်လေသည်။

"မင်းလို ခွေးကောင်... မင်း လက်ချက်မလား... မင်း လုပ်တာမလား......"

ထိုအခါ စိမ်းစိမ်းလေး နာကျင်စွာဖြင့် အော်ငိုရင်း

"ငါမဟုတ်ပါဘူးဗျာ... အလကားနေရင်း လာမရိုက်ပါနဲ့... ငါတို့တွေ တိုက်ခိုက်ခံရတာဗျ... မင်း မှတ်မိသေးရဲ့လား... ငါတို့ တိုက်ခိုက်ခံရတာ..."

ကျန်းရှင်းဖှ မျက်လုံးပြူးလျက်

"ဟင်... ဘာလဲ......"

ဂျိုပေါက်နေသော စိမ်းစိမ်းလေးမှာ မနေ့ကဖြစ်ရပ်ကို ပြန်လည်သတိရသွားပြီး

"တစ်ယောက်ယောက်က ငါတို့ကို သတိလစ်အောင် ရိုက်သွားတာဗျ။ ငါတို့တွေ ထောင်ချောက်ဆင်ခံလိုက်ရတာ..."

"အား... ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်... ငါတို့တွေ ထောင်ချောက်ဆင်ခံရတာပဲ... ငါက သိက္ခာရှိတဲ့လူပါ၊ ဒီလိုမျိုး ဘယ်လိုလုပ် လုပ်ပါ့မလဲ......"

ကျန်းရှင်းဖှ ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။

အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ ခနဲ့လိုက်၏။

"သိက္ခာ... အဟက်... ငါဖြင့် တစ်ပြားသားမှ မမြင်မိပါဘူး..."

ကျန်းရှင်းဖှ ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

ထိုစဉ် လုံခြုံရေးဌာနမှ ခေါင်းဆောင်ဝမ်မှာ အခြေအနေကို ထိန်းသိမ်းရန် ရှေ့သို့ထွက်လာပြီး တည်ငြိမ်စွာဖြင့် မေးခွန်းထုတ်လိုက်၏။

"ကဲ... ပြောစမ်းဦး၊ မင်းတို့ကို ဘယ်သူက တိုက်ခိုက်တာလဲ... လူ ဘယ်နှယောက်လဲ... ဘယ်နေရာမှာ တိုက်ခိုက်ခံရတာလဲ... ပြီးတော့ မင်းတို့ကို ဒီနေရာအထိ ဘယ်လိုဆွဲလာတာလဲ... ဘယ်လိုနည်းနဲ့ စက်ရုံထဲ သယ်လာတာလဲ..."

အကြောင်းပြချက်မရှိ စက်ရုံထဲသို့ လူအများ ဝင်ထွက်သွားလာခြင်းသည် အလွယ်တကူ ကျော်ဖြတ်၍ရသော ကိစ္စမဟုတ်ပေ။

ကျန်းရှင်းဖှမှာ မေးခွန်းများကြောင့် အကျပ်ရိုက်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်

"ငါ... ငါလည်း မသိဘူး… သတိလစ်သွားလို့ ဒီထဲကို ဘယ်လိုရောက်လာလဲ မသိဘူး၊ ဒါပေမဲ့ ငါ့ကို ရိုက်တဲ့လူက အာ... ဟုတ်တယ်၊ သူက ငါတို့စက်ရုံကလူပဲ.. ငါတို့စက်ရုံက အလုပ်သမားဝတ်စုံ ဝတ်ထားတာ ငါမြင်လိုက်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်... ငါတို့စက်ရုံကလူပဲ၊ သူက မျက်နှာဖုံးထားလို့ ဘယ်သူလဲဆိုတာ မမြင်ရပေမယ့် အရပ်ကတော့ သိပ်မရှည်ဘူး"

လူအုပ်ကြီး တီးတိုး ဝေဖန်ကြပြန်သည်။

"အပြောကတော့ ဟုတ်သလိုလိုပဲ"

"လိမ်ညာဖို့ကျတော့ တော်လိုက်ကြတာ… သူတို့ကို တစ်ယောက်ယောက်က တိုက်ခိုက်တယ်ဆိုတာ ငါတော့ လုံးဝမယုံဘူး၊ အပြစ်မခံချင်လို့ ပြဇာတ်ကပြနေတာ နေမှာ"

"နားထောင်ကြည့်ပါဦး၊ တကယ်လည်း ဖြစ်နိုင်တာပဲ”

"ဟဲဟဲ... သူက အခုထိ ဒေါ်ကြီးကျောက်အပေါ် ပုံချချင်တုန်းပဲ၊ဒေါ်ကြီးကျောက်ကလည်း အရပ်ပုပုလေးတင်၊ ပြီးတော့ စက်ရုံကလူလည်း ဟုတ်နေတာကိုး"

"ဒါပေမဲ့ ဒေါ်ကြီးကျောက်မှာ သက်သေရှိတယ်လေ… သူက ထမင်းချက်ဆောင်မှာ အလုပ်လုပ်ရင်းနဲ့ ဒီကောင်တွေကို ဘယ်လိုလုပ် သတိလစ်အောင် ရိုက်နိုင်မှာလဲ... ပြီးတော့ ဒေါ်ကြီးကျောက် အားနဲ့ ယောက်ျားကြီးနှစ်ယောက်ကို ဒီအထိ ဆွဲလာနိုင်ပါ့မလား..."

"အေး... အဲဒါ ကွက်တိပဲ"

လူအုပ်ကြီး ပြောဆိုနေသော အချက်များကို လုံခြုံရေးဌာနလည်း ထည့်သွင်းစဉ်းစားပြီး ဖြစ်သည်။ လူစုလူဝေး ပိုမိုကြီးထွားလာသည်ကို မြင်သောအခါ ခေါင်းဆောင်ဝမ် ပြတ်သားစွာ အမိန့်ပေးလိုက်၏။

"မင်းတို့ သူတို့နဲ့ စကားများနေလို့ ဘာမှထူးမှာမဟုတ်ဘူး။ မြန်မြန် အဝတ်အစားဝတ်ပြီး လုံခြုံရေးရုံးခန်းကို လိုက်ခဲ့ကြ..."

"ဟင်..."

ဂျိုပေါက်နေသော စိမ်းစိမ်းလေးမှာ ခဏမျှ ထိတ်လန့်သွားပြီး ပျာသလဲလဲဖြင့်

"ဒါ... ဒါက ကျွန်တော်နဲ့ လုံးဝမပတ်သက်ပါဘူးဗျာ။ ကျွန်တော် ဘာမှမသိဘူး.. ပြီးတော့ ကျွန်တော်က စက်ရုံကလူလည်း မဟုတ်ဘူး၊ ခင်ဗျားတို့ ကျွန်တော့်ကို ဒီလို ဆက်ဆံလို့မရဘူး"

ခေါင်းဆောင်ဝမ် နှာခေါင်းရှုံ့လျက်

"ငါတို့က ဒီလို ဆက်ဆံလို့မရဘူး ဟုတ်လား... မင်းက စက်ရုံကလူ မဟုတ်လို့ကို ငါတို့က ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ရမှာ၊ မင်းလို အပြင်လူတစ်ယောက်က ငါတို့စက်ရုံထဲကို ဘာကိစ္စနဲ့ ရောက်နေရတာလဲ..."

သူသည် တည်ကြည်လေးနက်သော လေသံဖြင့် ဆက်ပြောသည်။

"မင်းက စက်ရုံကလူ မဟုတ်တဲ့အတွက် မင်းကို ငါတို့ ပိုပြီး သေချာ စုံစမ်းစစ်ဆေးရမယ်"

"ကျွန်တော်... ကျွန်တော်... အရင်က စက်ရုံမှာ အလုပ်လုပ်ဖူးပါတယ်၊ ကျွန်တော်..."

"ကဲ... စကားတွေ အများကြီး ပြောမနေနဲ့၊ မြန်မြန် အဝတ်အစားဝတ်စမ်း။ မင်းတို့ ဒီလိုပုံစံကြီးနဲ့ ကြည့်လို့ကောင်းတယ် ထင်နေလား... မြန်မြန်လုပ်..."

လုံခြုံရေးဌာနအနေဖြင့် ၎င်းတို့၏ ဆင်ခြေများကို နားထောင်ပေးရန် အစီအစဉ်မရှိပေ။ သူတို့ပြောသမျှသည် အမှန်ဖြစ်စေ၊ အမှားဖြစ်စေ သေချာပေါက် စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ ထို့ပြင် လုံခြုံရေးဌာနသည် သာမန်လူများထက် အမြင်စူးရှပြီး ပြဿနာ၏ အချက်အချာကို ပိုမိုဆုပ်ကိုင်နိုင်စွမ်း ရှိကြ၏။

ဘေးလူများမှာ ပွဲကြည့်သလို ကြည့်နေကြသော်လည်း ခေါင်းဆောင်ဝမ်မှာမူ ၎င်းတို့၏ စကားထဲမှ အချက်တစ်ချက်ကို ချက်ချင်း ရိပ်မိလိုက်သည်။

'သူတို့ တကယ်ပဲ သတိလစ်အောင် ရိုက်ခံရတယ်ဆိုရင်တောင် အိမ်မှာ တိုက်ခိုက်ခံရတာ မဟုတ်ဘူး… အိမ်မှာ ရိုက်ခံရတာဆိုရင် အခုလို အိမ်သာထဲ ရောက်နေတဲ့ ဇာတ်လမ်းက တစ်မျိုးဖြစ်သွားမှာ'

‘ဒါ့ကြောင့် အိမ်မှာ မဟုတ်တာကတော့ သေချာတယ်… အိမ်မှာမဟုတ်ရင်ညဉ့်နက်သန်းခေါင်ကြီး သူတို့နှစ်ယောက် အပြင်မှာ ဘာထွက်လုပ်နေကြတာလဲ..’

ပုံမှန်အားဖြင့် ည ၈ နာရီခွဲ သို့မဟုတ် ၉ နာရီဝန်းကျင်တွင် အပြင်ထွက်ခြင်းသည် ပြဿနာမရှိပေ။ ထမင်းထွက်စားခြင်း သို့မဟုတ် သောက်စားဖို့ ထွက်လာခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် မနေ့ည၌ မုန်တိုင်းထန်နေခဲ့ပြီး လေပြင်းများသည် ယခုထက်ပင် ပိုမိုကြမ်းတမ်းကာ သဲဖုန်များပါ ထူပြောနေခဲ့၏။

'ဒီလို ရာသီဥတုဆိုးကြီးထဲမှာ သူတို့ ဘာကိစ္စနဲ့ အပြင်ထွက်ရတာလဲ...'

ဒါက တကယ်ကို ထူးဆန်းလိုက်တာ…

ဤသို့ ထူးဆန်းနေသောကြောင့်ပင် ခေါင်းဆောင်ဝမ်သည် ထိုလူများကို လုံခြုံရေးရုံးခန်းသို့ ခေါ်ဆောင်ကာ သေချာစစ်ဆေးရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ ထို့ပြင် သူသည် လျှိုကျင့်ယောကျာ်းဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။

'ဒီကောင် လုံခြုံရေးရုံးကို ရောက်ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်

ဘူး… အရင် လီတာ့ရှန်း ကိစ္စတုန်းကလည်း သူ ပါခဲ့တာပဲ၊ အဲဒီတုန်းက ဘာမှမဖြစ်ခဲ့ဘဲနဲ့ ဒီနေ့ကျမှ ဘာလို့ ဒီလောက် ကြောက်ဒူးတုန်နေရတာလဲ... စစ်ဆေးခံရမှာကို ကြောက်နေတာလား...'

ခေါင်းဆောင်ဝမ်၏ မျက်လုံးများ ဝင်းခနဲဖြစ်သွားပြီး လေသံမာမာဖြင့် အမိန့်ပေးလိုက်သည်။

"မြန်မြန်လုပ်ကြစမ်း..."

ကျန်းရှင်းဖှ အဝတ်အစားများကို ကမန်းကတန်း ကောက်စွပ်ရင်း အလောတကြီးလေသံဖြင့်

"ကျွန်တော်တို့ကြားမှာ ဘာမှမရှိပါဘူး၊ တကယ် ဘာမှမရှိတာပါ... ကျွန်တော် တကယ် ယောက်ျားချင်း ကြိုက်တာမဟုတ်ဘူး၊ ခင်ဗျားတို့ ယုံပေးကြပါ..."

အတန်ကြာ သောင်းကျန်းပြီးနောက် သူ အနည်းငယ် စိတ်ငြိမ်သွား၍။ အခြားအရာများသည် အရေးမကြီး၊ သေရေးရှင်ရေး မဟုတ်ပေ။

အရေးကြီးဆုံးက သူ့ရဲ့ ဂုဏ်သိက္ခာပဲ…

တကယ်လို့ အခု သေသေချာချာ ရှင်းမပြနိုင်ရင် သူတစ်သက်လုံး 'ယောက်ျားချင်း ကြိုက်တဲ့ကောင်' ဆိုတဲ့ နာမည်ဆိုးကြီးနဲ့ နေသွားရတော့မယ်…

ဘုရားရေ... ဒါမျိုးတော့ လုံးဝ အဖြစ်မခံနိုင်ဘူး...

ကျန်းရှင်းဖှမှာ အော်ဟစ်ကျိန်ဆိုနေရှာ၏။

"ငါ မဟုတ်ဘူး၊ ငါ အဲဒီလိုကောင် မဟုတ်ဘူး... ယုံကြပါဗျာ၊ ငါက 'ယုန်ကလေး' (ယောက်ျားလျာ) မဟုတ်ပါဘူး..."

လူအုပ်ထဲမှ သရော်သံများ ထွက်ပေါ်လာသည်။

"ဟဲဟဲ... မင်းပဲ သိမှာပေါ့၊ ငါတို့က ဘယ်လိုလုပ် သိမလဲ..."

"ဟုတ်တယ်၊ ကိုယ့်မျက်စိနဲ့ မြင်တာကိုပဲ ယုံရမှာပဲ"

"မယုံရင်နေကြ၊ သူတို့နှစ်ယောက် ဖက်ထားလိုက်ကြတာမှ အသည်းယားစရာ..."

ပွဲက ပြန်စလာပြန်ပြီ…

လူတိုင်း အတင်းအဖျင်းများတတွတ်တွတ် ပြောနေကြ၏။

သူတို့တစ်သက် လင်မယား ဖောက်ပြန်သော သတင်းမျိုးစုံ ကြားဖူးသော်လည်း ယောက်ျားချင်း ဖောက်ပြန်သည့် သတင်းမျိုးတော့ တစ်ခါမှ မကြားဖူးပေ။ တကယ့်ကို ရှားပါးပြီး အောက်တန်းကျလှသော်လည်း ထူးဆန်းသည်မှာ လူအုပ်ကြီးကို ပို၍ စိတ်ဝင်စားလာစေသည်။

ထိုနှစ်ဦး အဝတ်အစား ဝတ်ဆင်ပြီးသောအခါ လုံခြုံရေးဝန်ထမ်းများမှာ လူအုပ်ကို စတင်လူစုခွဲလေ၏။

"ကဲ... အားလုံး လူစုခွဲကြ... အလုပ်ပြန်လုပ်ကြတော့... အလုပ်တွေ ကြန့်ကြာကုန်မယ်။ တခြားကိစ္စတွေကိုတော့ စက်ရုံရဲ့ ကြေညာချက်ကိုပဲ စောင့်ကြည့်ကြ။ မင်းတို့နှစ်ယောက်လည်း အချိန်ဆွဲမနေနဲ့၊ ငါတို့နဲ့ လိုက်ခဲ့..."

ကျန်းရှင်းဖှ ရုန်းကန်ရင်း အော်ဟစ်နေဆဲဖြစ်ကာ

"ငါ အပြစ်မရှိဘူး... ဒါက မတရားစွပ်စွဲခံရတာပါ... ငါ့ရဲ့ သိက္ခာ... ငါ ယောက်ျားချင်း မကြိုက်ဘူး... မိန်းမပဲ ကြိုက်တာ၊ မင်းတို့လည်း သိသားပဲ၊ ငါ အိမ်ထောင်ကျဖူးတယ်လေ..."

ဘေးလူများမှာ ချက်ချင်း တုံ့ပြန်ကြ၏။

"သိတာပေါ့၊ မင်း မိန်းမနဲ့ ကွာရှင်းထားတာကိုပါ သိတယ်..."

"သူ့မိန်းမက ဒါကို သိသွားလို့ နေမှာပေါ့"

"ဖြစ်နိုင်တယ်..."

"မင်းက နှစ်ဖက်ချွန်ပဲ၊ ဘာမှ ရှောင်တာမဟုတ်ဘူး"

"ဒါဆို သူနဲ့ လျိုကျင့်ကြားမှာရော တစ်ခုခု ရှိနေတာလား..."

"မသိဘူးလေ၊ ရှိရင်လည်း ရှိမှာပေါ့၊ မရှိရင်လည်း မရှိဘူးပေါ့"

"အလိုလေး... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ..."

သူတို့ ဘာပဲပြောပြော ကျန်းရှင်းဖှအပြစ်မရှိကြောင်းကို ဘယ်သူမှ မယုံကြပေ...

လုံးဝ မယုံကြတာပါ…

အကယ်၍ ယခင်၌ မိန်းကလေးများ သူ့ကို ရှောင်ကြဉ်ခဲ့ကြလျှင် ယခုမူ ယောက်ျားရော မိန်းမပါ နှစ်မျိုးလုံး သူ့ကို ဝေးဝေးက ရှောင်ရတော့မည်။

ဒီကောင်က ဘာမှမရှောင်၊ ဘာမဆို စားမည့်ပုံစံကြီ… နှစ်ဖက်ချွန်ကောင်… အမယ်လေး ကြက်သီးထစရာကြီး.. အမေရေ..

တကယ် ကြောက်စရာကောင်းလှပေသည်။ လူတိုင်း လန့်ဖျပ်ကုန်ကြ၏။

ကျန်းရှင်းဖှမှာ စိတ်ဓာတ်ကျနေသည့်အထဲ လူအုပ်ကြီး၏ တုံ့ပြန်မှုကို မြင်သောအခါ စိတ်အခြေအနေ လုံးဝ ပြိုလဲလုနီးပါး ဖြစ်သွားရသည်။

ဒါက သူ့ကို ဘယ်လိုလုပ် စိတ်မပျက်စေဘဲ နေမလဲ...

'မင်းတို့ ဘာသဘောလဲ... ငါက အဲဒီလောက်အထိ ငတ်မွတ်နေတဲ့ကောင် ထင်လို့လား... ငါက ဘယ်လိုလုပ် ယောက်ျားချင်း ကြိုက်ရမှာလဲ... ယောက်ျားတွေက ညစ်ပတ်ပြီး နံစော်နေတာ၊ ငါက သန့်ရှင်းလတ်ဆတ်တဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တာပေါ့'

သူ အသည်းအသန် ရှင်းပြပြန်ရန် ကြိုးစားပြန်၏။

"ယုံကြပါဗျာ၊ ငါ တကယ် မိန်းမပဲ ကြိုက်တာ... မင်းတို့ အထင်လွဲနေကြပြီ။ ငါ အကောက်ကြံခံရတာ၊ တစ်ယောက်ယောက်က ငါ့ကို ထောင်ချောက်ဆင်တာ သေချာတယ်..."

သူက လူအုပ်ကြီးကို လှည့်ပတ်ကြည့်ရင်း သူ့ကို ဒုက္ခပေးခဲ့သည့် တရားခံကို လိုက်ရှာနေမိ၏။

တကယ်တမ်း သူ အဘွားကြီးကျောက်ကို အရင်ဆုံး သံသယဝင်မိသည်။ သို့သော် အဘွားကြီးကျောက်သည် မိုးကြိုးပစ်ပါစေဟူ၍ပင် အပြင်းအထန် ကျိန်ဆိုရဲသဖြင့် သူမ မဟုတ်လောက်ပေ။ ထိုအရွယ် လူကြီးများသည် အယူသီး၍ ကျိန်စာကို အလေးထားကြသည်သာ… ထို့အပြင် အချိန်အရ ကြည့်လျှင်လည်း အဘွားကြီးကျောက် မဟုတ်နိုင်ပေ။ သူတို့ မဘွားကြီးကျောက်ကို ပိတ်ဆို့ချိန်တွင် တရားခံသည် နောက်မှရောက်လာခြင်းဖြစ်ပြီး ထိုအချိန်မှာ အဘွားကြီးကျောက် အလုပ်ဆင်းချိန် မဟုတ်သေးပေ။

'ဒါဆို ဘယ်သူဖြစ်မလဲ...'

သူသည် လူတိုင်းကို စိုက်ကြည့်နေမိပြီး လူတိုင်းမှာ သံသယဖြစ်ဖွယ် ထင်နေရသော်လည်း မည်သူ့ဆီမှာမှ အပြစ်ရှာမရပေ။ တစ်နည်းအားဖြင့် သူ အကြီးအကျယ် စိတ်ရှုပ်ထွေးနေရသည်။

"အားလုံးပဲ၊ ကျုပ်တို့နောက်ကို လိုက်မလာကြနဲ့တော့၊ အလုပ်သွားလုပ်ကြတော့။ ကြည့်စရာ ဘာမှမရှိဘူး"

လုံခြုံရေးဝန်ထမ်းများမှာ လူစုခွဲရန် ကြိုးစားသော်လည်း ဘယ်သူမှ မပြန်ကြပေ။

ခင်များ ဇွဲကောင်းလှချည်လားဗျာ..

အဘွားကြီးကျောက် နှာခေါင်းရှုံ့ရင်း ရေရွတ်ကာ

"ကြည့်စရာမရှိဘူး ဟုတ်လား... ငါ့အထင်တော့ တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ... ဒီလို ပွဲကြီးမျိုးက ရှားမှရှား”

လုံခြုံရေးဝန်ထမ်းများ : "..."

ခင်ဗျားပြောတာ မမှားပေမယ့်၊ ဒီလောက်အထိ လိုလို့လား...

ခင်များကတော့ နေရာတိုင်းမှာ ရှေ့ဆုံးကပဲနော်…

ကျန်းရှင်းဖှနှင့် အခြားတစ်ယောက်၏ မျက်နှာကို ကြည့်လိုက်လျှင် လူသတ်ချင်လောက်အောင် ဒေါသထွက်နေကြသည်။ သို့သော်လည်း အဘွားကြီးကျောက်၏ စကားကို လူအုပ်ကြီးမှာ တခဲနက် ထောက်ခံကြပြီး သူတို့ လုံးဝ လက်ခံကြ၏။ သူတို့တစ်သက် ယခုထက် ပို၍ စိတ်လှုပ်ရှားစရာကောင်းသော ကိစ္စမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

တစ်ခါမှ မကြားဖူးတဲ့ကိစ္စကြီး…

တကယ့်ကို မကြားစဖူး ထူးဆန်းတဲ့ကိစ္စကြီး…

မည်သို့ပင်ဖြစ်စေ လူတိုင်းမှာ စူးစမ်းချင်စိတ် ပြင်းပြနေကြသည်။

"ငါတို့ ဒီအတိုင်းပဲ ကြည့်ကြရအောင်၊ ဒီလိုကိစ္စမျိုးက ခဏခဏ ဖြစ်တာမှ မဟုတ်တာ"

"ဟေး... စက်ရုံက ဒါကို ဘယ်လို အရေးယူမလဲ ထင်လဲ..."

ကျန်းရှင်းဖှ ဒေါသတကြီးဖြင့် လှမ်းအော်ကာ

"ပါးစပ်ပိတ်ထားစမ်း... ဘာကို အရေးယူမှာလဲ... ငါတို့ ဘာမှ မလုပ်ခဲ့ဘူး၊ လုံးဝ ဘာမှမလုပ်ခဲ့ဘူး... ဒါက မတော်တဆဖြစ်ရပ်ပဲ၊ မင်းတို့ ငါတို့ကို အထင်လွဲနေတာ..ငါတို့နှစ်ယောက်လုံး ဖြူစင်တယ်..."

သူ အကြိမ်တစ်ရာ အော်ဟစ်နေပါစေဦး… ဘယ်သူမှ ယုံကြည်မည်မဟုတ်ပေ။

သူတို့ လုံးဝ မယုံကြတာပါ…

ကျန်းရှင်းဖှ ရုန်းကန်ရင်း

"မင်းတို့ ဘာသဘောလဲ... ငါပြောတာကို တစ်ယောက်မှ အလေးမထားကြဘူးပေါ့..."

ခေါင်းဆောင်ဝမ်မှာ ကျန်းရှင်းဖှ တစ်ယောက် ခုန်ဆွခုန်ဆွ ဖြစ်နေသည်ကို ကြည့်ပြီး စိတ်မရှည်စွာဖြင့်

"တော်စမ်း.. အခု အခြေအနေက ဘာဖြစ်နေလဲ မင်းမမြင်ဘူးလား... မရှက်ဘူးလား... အခုပဲ ပါးစပ်ပိတ်လိုက်တော့”

"ဘာလဲ... ခင်ဗျားက ကျွန်တော့်ကို ပြဿနာရှာနေတယ်လို့ ပြောချင်တာလား......"

ကျန်းရှင်းဖှ ဒေါသတကြီး ပြန်ပက်လေ၏။

ခေါင်းဆောင်ဝမ် အော်ငေါက်လိုက်ကာ

"မင်းက ပြဿနာမရှာရင် ဒီအခြေအနေကို ဘယ်လို ရှင်းမလဲ... မင်းက ငါ့ကိုတောင် လာပြီး လေသံမြှင့်ရဲပေါ့.. မင်းကိုယ်မင်း ဘာကောင်မှတ်နေလဲ... လစ်လိုက်စမ်း၊ လုံခြုံရေးရုံးခန်းကို သွားမယ်၊ ပြီးတော့ မင်းတို့လူအုပ်လည်း ငါ ဒေါသထွက်မှ တော်ကြတော့မှာလား... အခုချက်ချင်း အလုပ်ပြန်လုပ်ကြစမ်း... မင်းတို့ ဘာလုပ်နေကြတာလဲ... အလုပ်ခိုးနားမလို့လား... အမြဲတမ်း ဒီလိုချည်းပဲ... အကုန် သွားကြတော့..."

ခေါင်းဆောင်ဝမ် လေသံမြှင့်ပြီး အော်ငေါက်လိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။ လူ့သဘာဝဟူသည် ဤသို့ပင်ဖြစ်၏။ မိမိထက် သန်မာထက်မြက်သည့် ပြိုင်ဘက်နှင့် တိုးလျှင် သဘာဝအတိုင်း ပို၍ လိမ္မာရိုသေသွားကြစမြဲပင်။

အဘွားကြီးကျောက်ပင်လျှင် နှုတ်ခမ်းကို စူလိုက်ရင်း ငြူစူပြောဆိုလိုက်လေသည်။

"အေးပါ... ငါလည်း ပြန်မှာပါ။ ဘာလို့ အဲဒီလောက်အထိ အော်နေရတာလဲ..."

ဘေးလူများသည်လည်း ချက်ချင်း လေသံပြောင်းကာ ဝိုင်းပြောကြ၏။

"ဟုတ်ပ..ဟုတ်ပ"

"တကယ်တော့ ငါလည်း အလုပ်ရုံဘက်ကို ပြန်ဖို့ လုပ်နေတာပါ”

"ငါလည်း အတူတူပဲ..."

"ဟေး... မင်းတို့ ကျန်းရှင်းဖှရဲ့ အဖေကို မြင်မိကြလား... သူ့သား အကျပ်ရိုက်နေတာကို သူ သိရဲ့လားမသိဘူး..."

"ငါလည်း လျိုကျင့်ကို မမြင်မိဘူး၊ မဟုတ်ရင် သူမကို လှမ်းမေးကြည့်လို့ရတာ”

"ဟေး... မဟုတ်သေးပါဘူး၊ ငါ အလုပ်ရုံဘက်ကို သွားပြီး အခြေအနေ သွားကြည့်လိုက်ဦးမယ်၊ သူတို့ကိုလည်း သတင်းလှမ်းပေးလို့ရတာပေါ့”

"ဟေး... အဲဒီလိုဆိုရင်တော့ ငါလည်း လိုက်မယ်ဗျာ”

မည်သူမှ လုံခြုံရေးရုံးခန်းအထိ လိုက်သွားရဲသည့် သတ္တိမရှိကြသော်လည်း အခြားကိစ္စများကိုမူ လုပ်ဆောင်နိုင်ကြပေသည်။ အလုပ်ရုံဘက်သို့သွား၍ သက်ဆိုင်သူများကို လိုက်ရှာခြင်းမှာ ရွေးချယ်စရာ လမ်းတစ်ခုပင် မဟုတ်လော့။

အဘွားကြီးကျောက်မှ နှုတ်ခမ်းကို မဲ့လိုက်ရင်း နှမြောတသဟန်ဖြင့် ထမင်းစားဆောင်ဘက်သို့ ပြန်လာခဲ့၏။ သူမအနေဖြင့် ယခုကဲ့သို့ ရှုပ်ထွေးသော ကိစ္စရပ်များတွင် ဆက်လက်ပါဝင်ပတ်သက်ရန် ဆန္ဒမရှိတော့ပေ။

ယနေ့နံနက်ပိုင်း ထမင်းစားဆောင်၏ မနက်စာရောင်းဝယ်ရေးမှာ ပျက်စီးသွားခဲ့ရလေပြီ … ဤဖြစ်ရပ်ကြောင့် ထမင်းစားဆောင်အတွင်း လူတစ်ယောက်မျှ မရှိသလောက် ခြောက်ကပ်သွားရရှာသည်။ အတင်းအဖျင်း ပြောရသည်ကို ဝါသနာပါသော အလုပ်သမားအချို့သာ အလုပ်လုပ်ရင်း စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

အဘွားကြီးကျောက်နှင့် အဖွဲ့သားများ ပြန်ရောက်လာသည်ကို မြင်သောအခါ ၎င်းတို့သည် မနေနိုင်ဘဲ တတွတ်တွတ်ဖြင့် ဝိုင်းမေးကြတော့သည်။

အဘွားကြီးကျောက်မှာ ရင်ဘတ်ကို ဖိရင်း လှမ်းပြော၏။

"ဒါက တကယ့်ကို အကြီးအကျယ်ပဲအေ့... ယောကျာ်းကြီးနှစ်ယောက် မိန်းမအိမ်သာထဲမှာ ဘာတွေလုပ်နေကြလဲမသိဘူး၊ လက်ပူးလက်ကျပ် မိတာဟေ့"

ဘေးနားရှိလူများ မျက်လုံးပြူးကာ

"အလို... ဒါ... ဒါက..."

"တကယ့်ကို သတ္တိကောင်းလှချည်လား..."

"အခုခေတ် လူငယ်တွေကိုတော့ ငါတို့ တကယ် နားမလည်နိုင်တော့ဘူး။ ထူးဆန်းလိုက်တာ၊ တကယ်ကို ထူးဆန်းတယ်"

"ဒါနဲ့... သူတို့က ဘာကိစ္စ အိမ်သာထဲကို ရောက်လာကြတာလဲ..."

"ဘယ်သူသိမှာလဲ..."

...

ဤခေတ်ကာလတွင် လူမှုရေး၊ လူတန်းစား နောက်ခံမကောင်းသဖြင့် လမ်းပေါ်တွင် လူအများရှေ့ ဒူးထောက် အရှက်ခွဲခံရခြင်း သို့မဟုတ် ဆူပူသောင်းကျန်းမှုများ ဖြစ်ပွါးခြင်းတို့သည် မဆန်းလှသော်လည်း ယခုကဲ့သို့ ကိစ္စမျိုးမှာမူ အင်မတန် ရှားပါးလှပေသည်။ အဓိကအချက်မှာ အဆိုပါ အသက်ကြီးကြီး ယောက်ျားနှစ်ဦးတွင် အရှက်အကြောက်နှင့် အစဉ်အလာကို လေးစားမှု လုံးဝမရှိခြင်းပင် ဖြစ်၏။

အဘွားကြီးစွန်း စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်လေသည်။

"ယောက်ျားတွေဆိုတာ တစ်ခါတလေကျရင် တကယ်ကို အရှက်မရှိတာပဲ။ မိန်းမတွေက အများကြီး ပိုကောင်းတာကို၊ ဘာလို့ ယောက်ျားချင်း လိုက်ရှုပ်နေရတာလဲမသိဘူး"

အဘွားကြီးကျောက် ချက်ချင်း ဝင်ထောက်ကာ

"သူတို့က မိန်းမတွေနဲ့ မအိပ်ဘူးလို့ မပြောထားဘူးလေအေ့… သူတို့က နှစ်ဖက်ချွန် ဘက်စုံတွေ နေမှာပေါ့၊ မဟုတ်ရင် သူတို့မှာ မိန်းမနဲ့ သားသမီးတွေ ဘယ်ကနေ ရောက်လာမလဲ... ဒီနေ့ ဖြစ်ပျက်နေတာတွေကို ကြည့်ရင်တော့ အဲဒီယောက်ျားနှစ်ယောက်က ယောက်ျားရော မိန်းမပါ နှစ်မျိုးလုံး ကြိုက်တဲ့ကောင်တွေပဲ ဖြစ်ရမယ်"

"တောက်... ရွံစရာကြီး..."

"ဒီလို မိသားစုထဲကို လက်ထပ်ဝင်ရတဲ့ မိန်းကလေးကတော့ ဘဝပျက်တာပဲ”

"ဒါကြောင့်မို့လို့ ကျန်းရှင်းဖှက ကွာရှင်းထားတာကိုး။ သူ့မိန်းမခမျာ ဒီလိုကိစ္စတွေကြောင့် တော်တော် ဒုက္ခရောက်ခဲ့ရမှာ သေချာတယ်"

"သူမခမျာလည်း ဒုက္ခခံခဲ့ရတာပဲ..ခင်ဗျားတို့ စဉ်းစားကြည့်ဦး၊ ယောက်ျားရော မိန်းမပါ နှစ်မျိုးလုံး ကြိုက်တဲ့ယောက်ျားဆိုတာ တကယ်ကို ရွံစရာကောင်းလိုက်တာ... အီး... မဖြစ်နိုင်တာ၊ တကယ့်ကို ပျို့အန်ချင်စရာကြီး၊ ငါတော့ မခံစားနိုင်ဘူး”

"သူတို့က..."

ထမင်းချက်ဆောင်တစ်ခုလုံးမှာ စိတ်လှုပ်ရှား စိတ်ဝင်စားမှုများဖြင့် ဆူညံနေတော့သည်။ ယနေ့တွင် မည်သူမျှ အလုပ်အပေါ် စိတ်ဝင်စားမှုကို မမေးခွန်းထုတ်ရဲကြပေ။ ဆိုရသော် ဤအတင်းအဖျင်း သတင်းသည် တကယ့်ကို ပေါက်ကွဲအား ပြင်းထန်လွန်းနေ၍ပင်… သူတို့အနေဖြင့် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ် အတင်းအဖျင်းမျိုးနှင့် မကြုံတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ အတင်းအဖျင်း ဟူသည် နှစ်စဉ် ရှိစမြဲ ဖြစ်သော်လည်း ဤကဲ့သို့ ကိစ္စမျိုးမှာမူ အလွန် ရှားပါးလှပေသည်။

ထမင်းစားဆောင်အတွင်း၌သာမက အခြားသော အလုပ်ရုံများတွင်လည်း ဆွေးနွေးငြင်းခုံမှုများမှာ အပြင်းအထန် ဖြစ်ပွါးနေခဲ့၏။

လူတိုင်း အမှန်တကယ် အံ့ဩမှင်သက်နေကြရသည်။ မိမိသားဖြစ်သူ အိမ်မှ ထွက်ခွါသွားသည့်အတွက် စိတ်ညစ်နေသော အစ်မကြီးဖန်သည်ပင် ယခုအခါ စိတ်အာရုံပြောင်းသွားပြီး ရုံးခန်းအတွင်း၌ အမူအရာအပြည့်ဖြင့် ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြောဆိုနေလေ၏။ သူမသည် ထိုအဖြစ်အပျက်ကို ပထမဆုံး သတိပြုမိသူဖြစ်သဖြင့် သူမအတင်းမှာ အလွန် ကွာခြားလှပေသည်။ ထိုနှစ်ဦး ဖက်လှဲတကင်း ဖြစ်နေပုံ၊ သူတို့ ဝတ်ဆင်ထားသည့် အောက်ခံဘောင်းဘီ ပုံစံ၊ ပြီးတော့ ကွယ်ရာက ချစ်ခြင်းမုန်းခြင်း ရုန်းကန်မှုများ….

သူမသည် အရာအားလုံးကို နှိုက်နှိုက်ချွတ်ချွတ် သိနေသကဲ့သို့ ပြောဆိုနေ၏။ လျိုကျင့်၏ နာမည်ဆိုးသည် စောစောပိုင်းတင် အနည်းငယ် ရှင်းလင်းသွားခဲ့သော်လည်း တစ်နာရီမပြည့်မီအချိန်မှာပင် ၎င်းသည် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းအဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ရပြန်သည်။

လျိုကျင့်၏ ယောက်ျား၊ လျိုကျင့်

နှင့် ကျန်းရှင်းဖှ~~~ ဒါဟာ တကယ့်ကို အချစ်အမုန်း သံယောဇဉ် ရှုပ်ထွေးမှုကြီး…

အစ်မကြီးဖန် စိတ်လှုပ်ရှားစွာဖြင့်လက်ဟန်ခြေဟန် အပြည့်ပြောဆိုနေပြီး ကျောက်ရုံနှင့် အခြားရုံးခန်းရှိ လူများပင် ထိုမြင်ကွင်းကို လာရောက်ကြည့်ရှုကြသည်။ ကျောက်ရုံသည် ကျန်းရှင်းဖှမှာ မိမိသမီးဖြစ်သူ ဟောက်ရွှယ်ကိုပါ သဘောကျပြီး လိုက်လံပိုးပန်းနေခဲ့သည်ကို တွေးမိကာ ပျို့အန်ချင်စိတ်ပင် ပေါက်လာရ၏။ မိမိအနေဖြင့် မည်သည့်အခါမှသဘောတူမည်မဟုတ်သော်လည်း ယခုကဲ့သို့သော လူစားမျိုး လိုက်လံ ပိုးပန်းခြင်း ခံရသည်ကိုကပင် တကယ့်ကို ရွံစရာကောင်းလှပေသည်။

'ဒါကြောင့်မို့လို့ ကျန်းရှင်းဖှရဲ့ မိန်းမက ချက်ချင်း ကွာရှင်းသွားတာကိုး၊ ပြီးတော့ နောက်ထပ် အိမ်ထောင်အသစ် တွေ့ပြီးတာနဲ့ ဒီပေကျင်းမြို့တော်ကြီးကနေ ထွက်ပြေးဖို့အထိ ဆုံးဖြတ်ခဲ့တာ… ဒါဆို ကျန်းရှင်းဖှက တကယ်ပဲ အဲဒီလို လူစားမျိုး ဖြစ်နေတာပဲ'

ကျောက်ရုံ စိတ်ထဲမှတွေးလိုက်သည်။

အရာအားလုံးက အခုမှ အဓိပ္ပာယ်ရှိသွားတော့တယ်…

ဤဇာတ်လမ်းသည် အစပိုင်း ယုံကြည်ရခက်သော်လည်း ကျန်းရှင်းဖှ ကွာရှင်းထားသည့် အချက်ကို ကြည့်လျှင် မည်သူ့ကို အပြစ်တင်ရမည်နည်း…

ကွာရှင်းပြီးနောက် ကျန်းရှင်းဖှ၏ မိန်းမသည် ပေကျင်းမြို့မှ ထွက်ခွာသွားရန် ရွေးချယ်ခဲ့ပြီး ၎င်းတို့ မိသားစုနှင့် မည်သည့် ပတ်သက်မှုမျှ မရှိစေရန် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သည်။

ဒါက လုံးဝ ထူးဆန်းနေခဲ့တာ…

အခုမှ သဘောပေါက်သွားပြီ...

အဲဒါ ကွက်ကွက်ကွင်းကွင်းပဲ..

လုံးဝ မှန်ကန်နေတာပဲ…

အစ်မကြီးဖန်သည် ကျောက်ရုံဘက် လှည့်ကာ တီးတိုး သတိပေးလေ၏။

"ကျောက်ရုံ... ငါက တစ်ဝင်းတည်းနေတဲ့လူမို့လို့ သတိပေးတာနော်။ တခြားလူဆို ငါ သတိမပေးဘူး.. နင့် သားကို ကျန်းရှင်းဖှနဲ့ ဝေးဝေးမှာ နေခိုင်းဦး၊ သူက နင့်သားကိုပါ မျက်စိကျနေတာ ဖြစ်နိုင်တယ်.. သူက နင့်သမီးကိုရော သားကိုပါ ပစ်မှတ်ထားပြီး နင်တို့တစ်မိသားစုလုံးကို အပြတ်ရှင်းဖို့ လုပ်နေတာဟေ့..."

ကျောက်ရုံ မျက်နှာပျက်ပျက်ဖြင့် ပြန်အော်ကာ

"လျှောက်မပြောနဲ့ဦး၊ အဲဒါ မဖြစ်နိုင်တာ။ အဲဒီလိုပြောရင် ငါ့ကလေးရဲ့ သိက္ခာ ထိခိုက်လိမ့်မယ်.. ဘာမှ မဟုတ်တာကို"

ကျောက်ရုံ၏ မျက်နှာက ချက်ချင်း ညိုမည်းသွားပြီး

"နင်သာ ဒီလို ကောလာဟလတွေကို ဆက်ပြီး ဖြန့်နေရင်တော့ ငါလည်း အားနာနေမှာ မဟုတ်ဘူးနော်"

အစ်မကြီးဖန် နှာခေါင်းရှုံ့ရင်း

"ဟွန့်... ကျေးဇူးမသိတဲ့မိန်းမ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ စေတနာနဲ့ သတိပေးတာပဲ"

ဤဖြစ်ရပ်သည် ကျန်းရှင်းဖှတစ်ယောက် နှစ်ဖက်ချွန် ဖြစ်ကြောင်း အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားရသည်။ အချို့လူများမှာ သူ့အဖေဖြစ် အဘိုးကြီးကျန်းကိုပါ မရေမရာဖြင့် သံသယဝင်လာကြတော့၏။

ယခုခေတ်ကာလတွင် ကွာရှင်းပြတ်စဲခြင်းဟူသည် အလွန် ရှားပါးလှသော်လည်း တိုက်ဆိုင်မှုမှာ အံ့ဩစရာကောင်းလှပေသည်။ ကျန်းရှင်းဖှ ကွာရှင်းခဲ့ရသည့်အပြင် သူ့အဖေ အဘိုးကြီးကျန်းသည်လည်း ကွာရှင်းထားရ၏။

'ဒါဆို အဖေရော သားပါ ကျင့်ဝတ်သိက္ခာ ပျက်ပြားနေကြတာလား...'

ဖြစ်နိုင်တယ် အလွန် ဖြစ်နိုင်ခြေရှိတာပဲ…

ဒါဟာ မျိုးရိုးလိုက်တဲ့ ဗီဇလည်း ဖြစ်နိုင်တာပဲ…

မဟုတ်ရင် အဘိုးကြီးကျန်းက ကွာရှင်းပြီးတာနဲ့ ဘာလို့ ကျန်းရှင်းဖှကပါ ထပ်ပြီး ကွာရှင်းရတာလဲ...

တစ်ဝင်းလုံးမှာမှ သူတို့ မိသားစုတစ်ခုတည်းသာ ကွာရှင်းထားကြပြီး အဖေရော သားပါ ကွာရှင်းထားကြခြင်း ဖြစ်၏။

နောက်ကွယ်မှာ တစ်ခုခု မရိုးသားတာတော့ သေချာတယ်…

လူအုပ်ကြီးကို စတင်တွေးတောစရာ အချက်တစ်ချက် ပေးလိုက်သည်နှင့် တပြိုင်နက် ရေတွက်မကုန်နိုင်သော အတင်းအဖျင်း သတင်းများက ပေါ်ထွက်လာတော့သည်။ နေမွန်းတည့်ချိန် ရောက်သောအခါ စက်ရုံတွင်းရှိ အတင်းအဖျင်း သတင်းများသည် ကျန်းရှင်းဖှနှင့် အဘိုးကြီးကျန်း၊ အဖေရော သားပါ နှစ်ယောက်လုံး နှစ်ဖက်ချွန်များ ဖြစ်ကြသည်ဟူသော အဆင့်အထိ ပျံ့နှံ့သွားခဲ့လေပြီ…

ဒါဟာ တကယ့်ကို တုန်လှုပ်စရာကောင်းလှချည်လား…

သတင်း ထိုမျှအထိ ပျံ့နှံ့မသွားသေးခင်မှာပင် အဘိုးကြီးကျန်းမှာ အကြီးအကျယ် ဒေါသထွက်နေခဲ့ပြီ ဖြစ်၏။ သူသည် အလုပ်မှ ရက်ပေါင်း ရာချီ၍ ခွင့်ယူပစ်ချင်စိတ် ပေါက်နေပြီး မိမိမိသားစုနှင့် ပတ်သက်သည့် ယခုကဲ့သို့ အရှက်ရဖွယ် ကိစ္စရပ်ကြီးကို လုံးဝ လက်မခံချင်တော့ပေ။ သူ့သားဖြစ်သူသည် မနေ့ညက အိမ်ပြန်မလာခဲ့သဖြင့် အဘိုးကြီးကျန်းသည် သားဖြစ်သူ အဘွားကြီးကျောက်ကို သွားရောက် ပြဿနာရှာရန် ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း အလိုအလျောက် သိရှိထားပြီးဖြစ်သည်။

သူ စိုးရိမ်စိတ် အနည်းငယ် ရှိခဲ့သော်လည်း အနည်းငယ်မျှသာ ဖြစ်၏။ ခြုံငုံကြည့်လျှင် ပြဿနာမရှိနိုင်ဟု ထင်ခဲ့သည်၊ ကျန်းရှင်းဖှသည် တခြားယောက်ျားများကိုပါ အဖော်အဖြစ် ခေါ်သွားမည်မှာ သေချာသဖြင့် အများကြီး စိတ်မပူတော့ပေ။

ယောက်ျားရင့်မကြီး နှစ်ယောက်က မိန်းမအိုတစ်ယောက်ကို မနိုင်ဘဲ နေပါ့မလား...

သို့သော်လည်း... လက်တွေ့ဘဝသည် သူ့မျက်နှာကို အားပြင်းပြင်းဖြင့် ဖြတ်ရိုက်လိုက်လေပြီ…

ဒါဟာ တကယ့်ကို အသံအကျယ်ကြီး ထွက်သွားတဲ့ ရိုက်ချက်တစ်ခုပဲ…

အဘိုးကြီးကျန်းတစ်ယောက် တစ်ညလုံး မစိုးရိမ်ခဲ့သော်လည်း ယနေ့ နံနက်ခင်း အိမ်မှထွက်လာသောအခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့၏။ အဘွားကြီးကျောက်နှင့် သူမချွေးမထဲဍံမှ မည်သည့်အသံမှထွက်မပါပေ။

သူတို့အိမ်ဘက်တွင် အရာအားလုံး အေးဆေးငြိမ်သက်နေသည်မှာ တကယ့်ကို ထူးဆန်းလွန်းလှသည်။

အကယ်၍သာ သူတို့ ဒုက္ခရောက်ခဲ့လျှင် သို့မဟုတ် အိမ်ပြန်မရောက်ခဲ့လျှင် သူတို့အိမ်သည် သောင်းသောင်းဖျဖျ ပွက်ပွက်ညံ ဆူညံနေမှာ သေချာ၏။ ထို့ကြောင့် အဘိုးကြီးကျန်းမှာ တစ်ခုခု မူမမှန်ဘူးဟု အာရုံရခဲ့​သော်လည်း သိပ်ပြီး အလေးအနက်မထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူ့သားက အရှုံးပေးရမယ့်လူ မဟုတ်ဘူး၊ အလွန်ဆုံးဖြစ်လှရင် အစီအစဉ် ပျက်သွားရုံပဲ…

သို့သော် စက်ရုံဝင်းအတွင်း ခြေချရုံသာရှိသေး၊ ညာဘက်ခြေထောက်ပင် အထဲသို့ မလှမ်းရသေးမီ သူကြားလိုက်ရသည်မှာ…

သူ့ရဲ့ သားဖြစ်သူဟာ မိန်းမအိမ်သာထဲမှာ ယောကျာ်းတစ်ယောက်နဲ့ ဓားချင်းခုတ် ယောက်ျားချင်း အချစ်ကြမ်း နေကြတယ်ဆိုတဲ့ သတင်းပဲ...

ဒါ...

ဒါ...

ဒီကောင်စုတ်က ရူးသွားပြီလား......

အဘိုးကြီးကျန်း၏ မျက်နှာသည် တခဏချင်းအတွင်း အသွေးအသား ကင်းမဲ့ကာ ဖြူဖျော့ပြာနှမ်းသွားပြီးမှ ရှက်ဒေါသကြောင့် ချက်ချင်းဆိုသလို နီမြန်းတက်လာတော့သည်။ သူသည် ပုန်းလျှိုးကွယ်လျှိုးဖြင့် ခြေရာဖျောက်ကာ ထိုနေရာမှ အမြန်ဆုံး လစ်ထွက်ခဲ့တော့၏။

မိဘဟူသည် အကြောင်းမသိလျှင်ပင် ယခုကဲ့သို့သော အခြေအနေမျိုး၌ မိမိရင်သွေးဘက်မှ မတ်မတ်ရပ်ကာ ကာကွယ်ပြောဆိုလေ့ရှိကြသော်လည်း အဘိုးကြီးကျန်းမှာ ထိုသို့သော မိဘမျိုး မဟုတ်ပေ။ သားသမီးအတွက်နှင့် မီးရေထဲသို့ သက်စွန့်ဆံဖျား ခုန်ဆင်းပေးမည့် မေတ္တာတရားမျိုး သူ့ထံတွင် အလျင်းမရှိခဲ့ပေ။

သူသည် အခြေအနေ မဟန်တော့သည်ကို ကြိုတင်ရိပ်မိနေ၏။ လူအုပ်ကြီး ဆူညံပွက်လောရိုက်နေသည့် အရှက်ကွဲပွဲကြီးဆီသို့ သွားရောက်ကြည့်ရှုရန် လန့်ဖြန့်နေခဲ့သည်။ ဤမျှ အရှက်သိက္ခာမဲ့လှသော မြင်ကွင်းကို သူ ကိုယ်တိုင် သွားရောက်ရင်မဆိုင်ရဲပေ။ သို့ဖြစ်၍ အဘိုးကြီးကျန်းသည် မိမိ၏ အလုပ်ရုံဘက်သို့သာ ကပျာကယာပြန်လှည့်လာခဲ့ပြီး ဤအရှုပ်တော်ပုံကြီး အမြန်ဆုံး အေးငြိမ်းပပျောက်သွားရန်နှင့် နောက်ထပ် မည်သည့်ဘေးဆိုးမှ ထပ်မံမကျရောက်ပါစေရန်သာ ရင်တမမဖြင့် ဆုတောင်းနေမိ၏။

သို့သော် ကံကြမ္မာဟူသည် ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ပေ။

ကျန်းရှင်းဖှနှင့် သူ၏အပေါင်းအပါကို စက်ရုံလုံခြုံရေးရုံးခန်းသို့ ခေါ်သွားခံလိုက်ချိန် လူအုပ်ကြီးမှာ အဘိုးကြီးကျန်းထံသို့ တဖွဲဖွဲ ရောက်ရှိလာတော့သည်။

ချက်ချင်းဆိုသကဲ့သို့ လူတိုင်းမှာ အလွန်စေတနာ ကောင်းနေသည့်အလား သူ့ကို သတင်းလာပေးနေကြ၏။

ခွေးကောင်တွေ… ပုံမှန်ဆိုရင်တော့ မင်းတို့ ဒါမျိုး မဟုတ်ပါဘူး… အခုကြတော့ ကြည့်စမ်း တက်ကြွနေလိုက်ကြတာ… လူယုတ်မာတွေ…

အလွန်ဒေါသထွက်စရာကောင်းသော်လည်း အဘိုးကြီးကျန်းမှာ ရန်မရှာရဲပေ။

အခုလိုအချိန်မှာ သူ ဘယ်သူကို သွားပြီး ငြင်းလို့ရမှာလဲ… ဘယ်သူ့ကိုမှ ပြစ်မှားလို့ရတဲ့ အခြေအနေမဟုတ်ဘူးလေ… လူယုတ်မာတွေ.. လူယုတ်မာတွေ…

အပိုတွေ မလုပ်ကြပါနဲ့…ဒါတွေက တကယ် မလိုအပ်တာတွေပါဗျာ၊ မလိုအပ်တာတွေ... အီးဟီး... ဟီး..

အဘိုးကြီးကျန်းမှာ စိတ်အနာကြီးနာကာ ကြိတ်ငိုနေမိ၏။

မေ-ိုးတွေ… ဝင်းထဲက သောက်အဘိုးကြီးတွေပါ ရောက်လာတယ်.. ကြည့်တော့ စေတနာရှိသလိုလို ဘာလိုလိုနဲ့ ခင်များတို့ ပွဲကြည့်ချင်နေကြတာ… ကျုပ်သိတယ်ဗျ.. သိတယ်..

အဘိုးကြီးကျန်းမှာ ဒေါသထွက်လွန်း၍ အံကြိတ်ထားရသော်လည်း ဟန်မပျက်စေရန် အတင်းလုပ်ယူ ပြုံးပြနေရသည်။

ဘာပဲဖြစ်ဖြစ်... ပြုံးပြတာကလွဲလို့ သူ ဘာတတ်နိုင်ဦးမှာလဲ... ဒီလူတွေက ပွဲကြည့်ပြီး ပျော်ဖို့သက်သက် လာကြတာ… တကယ့်ကို အောက်တန်းကျလိုက်တာ..

လူအုပ်ထဲမှ ရွီကောင်းမင်သည် အဓိကအချက်ကို လှမ်းမေးလိုက်၏။

"မင်းတို့ အိမ်က ကျန်းရှင်းဖှ မနေ့ညက အိမ်ပြန်မလာဘူးဆိုတော့ မင်း ဘာမှမသိဘူးလား... သူ မနေ့ညက ဘာသွားလုပ်တာလဲ..."

တခြားသူများမှာ ယောကျာ်းမိန်းမ အရှုပ်ထုပ်ကြီးအကြောင်း မေးမြန်းနေစဉ် ရွှီကောင်းမင်တစ်ဦးတည်းသာ ဤသို့မေးခဲ့ခြင်းဖြစ်၏။ အဘိုးကြီးကျန်း ခဏတာ တုံ့ဆိုင်းသွားပြီးမှ

"ကျုပ်က ဒါတွေကို ဘယ်လိုလုပ် သိမှာလဲဗျာ... အဲဒီကောင်က အမြဲတမ်း အိမ်ပြင်ထွက်နေတာ၊ သူ ဒီလိုကိစ္စတွေထဲ ပါလိမ့်မယ်လို့ ကျုပ် အိမ်မက်တောင် မမက်ဖူးဘူး၊ ဒါပေမဲ့ ကျုပ်သိတာကတော့ ကျုပ်သားက အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး.. ဒါက အထင်လွဲတာ၊ တကယ့်ကို အကြီးအကျယ် အထင်လွဲတာဗျ"

ရွှီကောင်းမင် ထိုစကားကို မယုံကြည်ဘဲ အဘိုးကြီးကျန်း၏ အမူအရာကို သေသေချာချာ အကဲခတ်နေသည်။ သူ၏ဂဏာမငြိမ်ဖြစ်နေသော ပုံစံကို သတိထားမိသွားကာ ထပ်ပြီး မေးခွန်းထုတ်ပြန်၏။

"ဒါနဲ့ မင်းရဲ့သားက ဘာလို့ ဒေါ်ကြီးကျောက်ကို လိုက်စွပ်စွဲနေရတာလဲ..."

အဘိုးကြီးကျန်း ပိုပြီးအနေခက်သွားရကာ အောင့်သက်သက်ဖြင့်

"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူးဗျာ.. သူက စိတ်လှုပ်ရှားပြီး ယောက်ယက်ခတ်သွားလို့ပါ၊"

ရွှီကောင်းမင် စဉ်းစားဟန်ဖြင့် "အော်..." လို့ ရေရွတ်ရင်း အဘိုးကြီးကျန်းကို ပိုပြီး စူးစူးစိုက်စိုက် ကြည့်နေမိသည်။

"ခင်များလည်း အလုပ်ရုံကိုပဲ ပြန်ပါတော့ဗျာ.. ကျုပ်လည်း ဒါတွေကို ဘာမှမသိဘူး။ ကျုပမသားအကြောင်း ခင်များလည်း သိသားပဲ၊ သူက ကျုပ်ပြောတာကို ဘယ်တော့မှ နားထောင်တာ မဟုတ်ဘူး”

ရွှီကောင်းမင် ခေါင်းညိတ်လက်ခံလိုက်ပြီး အဓိပ္ပာယ်ပါပါနှင့် နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့၏။

"ဒီတစ်ခါတော့ သူ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်ဗျာ”

ရွှီကောင်းမင်သည် သတင်းလာနှိုက်ခြင်းဖြစ်၍ အဘိုးကြီးကျန်းဘက်က မည်သည့်အရာကိုမျှ ထုတ်ဖော်မပြောခဲ့သော်လည်း မိုးမရွာဘဲ လျှပ်စီးလက်နေပြီဆိုသည်ကိုမူ သူ ချက်ချင်း ရိပ်မိလိုက်၏။ တစ်ဝင်းတည်းနေ အိမ်နီးနားချင်းဟောင်းများဖြစ်ကြရာ အဘိုးကြီးကျန်း၏ ပူပန်သောကရောက်လျက် ဂဏာမငြိမ်ဖြစ်နေသော မျက်နှာပေးမျိုးကို သူ မြင်ဖူးနေကျ မဟုတ်လော့။

'ဒီကောင်... တစ်ခုခုကို အသေအလဲ ဖုံးကွယ်ထားတာ သေချာတယ်'

ရွှီကောင်းမင်သည် သံသယဖြစ်ဖွယ် အချက်အလက်အချို့ကို အာရုံရသွားပြီးနောက် မည်သည့်စကားမျှ ဆက်မဆိုတော့ဘဲ မိမိ၏ အလုပ်ရုံဘက်သို့သာ တိတ်တဆိတ် ပြန်လှည့်လာခဲ့တော့သည်။

သို့သော်လည်း စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် မရိုးမရွဖြစ်နေကာ လမ်းတစ်လျှောက်လုံးတွင် တတွတ်တွတ်နှင့် မရပ်မနား ရေရွတ်နေမိ၏။

"နတ်မင်းအပေါင်းတို့၊ မြေစောင့်နတ်တို့၊ ကွမ်ယင်မယ်တော်ဘုရား... မစပါ၊ ကာကွယ် စောင့်ရှောက်ပေးပါ။ နတ်မင်းတို့၊ မြေစောင့်နတ်တို့... လင်းကျန့်ဝမ်ရေ... ငါ မင်းအတွက် ကွယ်ရာမှာ စက္ကူပိုက်ဆံတွေ ခိုးပြီး တိုက်ပေးခဲ့ပါတယ်၊ ငါ့ဆီကိုတော့ လာပြီး မခြောက်လှန့်ပါနဲ့နော်... ငါ ဘုရားပေးပေး ကျိန်ရဲပါတယ်၊ ငါ မင်းအပေါ် ဘာမကောင်းတာမှ မလုပ်ခဲ့ပါဘူး၊ တကယ် ဘာမှမလုပ်ခဲ့တာပါ... ငါက မင်းတို့မိသားစုကို ပြစ်မှားဖို့ နေနေသာသာ စိတ်တောင်မကူးရဲပါဘူး၊ ငါ့ကိုတော့ သစ္စာမဖောက်ပါနဲ့ဦး..."

ရွှီကောင်းမင်တစ်ယောက် စိတ်ခြောက်ခြားကာ မိမိဘာသာ တတွတ်တွတ်ဖြင့် ရေရွတ်နေမိရှာသည်။ ပင်ကိုယ်ကပင် ဉာဏ်နီဉာဏ်နက်များပြီး အကဲခတ် အင်မတန်မြန်သူပီပီ ကျန်းမိသားစုဝင် သားအဖ၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို မြင်လိုက်ရုံမျှဖြင့် တစ်ခုခုတော့ လွဲချော်နေပြီဆိုသည်ကို သူ ကောင်းကောင်းရိပ်မိလိုက်၏။

အကြောင်းကတော့ မနေ့ကတင် ကျန်းရှင်းဖှနဲ့ အဘွားကြီးကျောက်တို့ အများအလယ်မှာအကြီးအကျယ် ပဋိပက္ခဖြစ်ပွါးခဲ့ကြတာ မဟုတ်လား…

ကျန်းရှင်းဖှတစ်ယောက် ညဉ့်နက်သန်းခေါင်ကြီးအထိ အိမ်သို့ပြန်မလာခဲ့ခြင်းကို ထောက်ချင့်၍ မနေ့ညက စက်ရုံတွင် အချိန်ပိုဆင်းရမည့် အဘွားကြီးကျောက်အား ကလဲ့စားချေရန် သွားရောက်ချောင်းမြောင်းခြင်း ဖြစ်ရမည်ဟု ရွှီကောင်းမင် အခိုင်အမာ သံသယဝင်ခဲ့မိသည်။

သို့သော်လည်း အခြေအနေများမှာ မည်သည့်အကွေ့အကောက်ကြောင့်

ယခုကဲ့သို့ ဗြောင်းဆန်သွားရသည်ကိုမူ သူ လုံးဝ နားမလည်နိုင်တော့ပေ။

အဘွားကြီးကျောက်က ဘာမှမဖြစ်ဘဲ ဘေးကင်းနေပြီး ကျန်းရှင်းဖှကမှ ဒုက္ခရောက်သွားရတယ်လေ…

သရဲပဲ...

သရဲမလို့ပဲ...

ဒါ သေချာပေါက် သရဲလက်ချက်ပဲ ဖြစ်ရမယ်...

တစ်ခုခုတော့... လုံးဝ မရိုးသားတော့ဘူး...

ရွှီကောင်းမင်မှာ ကျန်းရှင်းဖှတစ်ယောက် သေချာပေါက် သရဲပူးခြင်း သို့မဟုတ် အောက်လမ်းပြုစားခံလိုက်ရခြင်းဖြစ်သည်ဟု တထစ်ချ ယုံကြည်သွားလေသည်။

'ဒီကောင် တကယ်ကို သတ္တိကောင်းလွန်းတယ်… သရဲခြောက်နိုင်မှန်း သိသိကြီးနဲ့ အဘွားကြီးကျောက်နဲ့ သူ့ချွေးမကို သွားပြီး ပစ်မှတ်ထားရဲသေးတယ်... ဒါဟာ အဘိုးကြီး အသက်တိုချင်လို့ သေမင်းကို သွားခေါ်တာနဲ့ ဘာထူးလို့လဲ...'

သူ တကယ်ကို ရူးနေတာပဲ၊ တကယ့် အရူးအစစ်...

ဘာမဆို လုပ်ရဲတဲ့ကောင်ပဲ...

အမှန်အတိုင်းပြောရလျှင် မိမိမိသားစုနှင့် အဘွားကြီးကျောက်တို့ မိသားစု၏ ဆက်ဆံရေးမှာ တစ်ဝင်းလုံးတွင် အဆိုးရွားဆုံးဖြစ်ရာ မိမိတို့မှာ အဘယ်ကြောင့် အခုထိ ဘေးကင်းနေသနည်း။

ဒါဟာ အလျှော့ပေးသင့်တဲ့အချိန်မှာ နောက်ဆုတ်တတ်လို့ မဟုတ်ပါလား...

တစ်ဖက်လူ၏ အနိုင်ကျင့်ခြင်းကို တစ်ကြိမ်နှစ်ကြိမ် ခံရပြီးနောက်မှာသူ သင်ခန်းစာရသွားခဲ့၏။

'လူကိုတော့ အနိုင်ကျင့်လို့ရတယ်၊ သရဲကိုတော့ သွားပြီး မစနောက်သင့်ဘူး' ဟူသောအချက်ပင်…

ကျန်းရှင်းဖှကတော့ အရင်က လူ ဘယ်နှယောက်တောင် ဒုက္ခရောက်ခဲ့ဖူးသလဲဆိုတာကို တွေးမကြည့်ဘဲ မိုက်ရူးရဲဆန်ဆန် လုပ်ရဲသေးတယ်…

ဒါဟာ တကယ့်ကို ပြဿနာရှာတာပဲ..

လူဆိုတာ သူတို့မိသားစုလို နေတတ်ရမယ်.. အလျှော့ပေးရမယ့် အချိန်ကို သိရမယ်…

ရွှီကောင်းမင်တစ်ယောက် တတွတ်တွတ် ရေရွတ်ရင်း အဘွားကြီးကျောက်ကို လုံးဝ မပြစ်မှားသင့်တော့ကြောင်း စိတ်ထဲတွင် ပို၍ ခံစားလာရသည်။

'သူက စကားကောင်းလေးတွေပြောပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြတာက ဘာဖြစ်လဲ... အိမ်သာထဲမှာ ယောက်ျားချင်း အရှုပ်တော်ပုံဖြစ်ပြီး နာမည်ပျက်ရတာထက်စာရင် အများကြီး တော်သေးတာပေါ့၊ မဟုတ်ဘူးလား...'

ဟူး... ဒါတွေက တကယ်ပဲ ဟုတ်မဟုတ်တော့ သူလည်း မဝေခွဲတတ်တော့ဘူး…

တစ်ဝင်းတည်းကြီးပြင်းလာသူပီပီ ကျန်းရှင်းဖှအကြောင်းကို ကောင်းကောင်းသိထားသဖြင့် ဤကိစ္စသည် အမှန်တရား ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ပေ။သို့သော်လည်း ဘေးလူများ ဝိုင်းဝန်းပြောဆိုနေကြသည်ကို ပြန်တွေးကြည့်လျှင်မူ တကယ့်ကို ဖြစ်နိုင်ခြေရှိပုံရသည်။

ဘာပဲဖြစ်ဖြစ်... အချို့သောအရာများမှာ ထူးဆန်းလွန်းပြီး ရှင်းပြရခက်ခဲသည်သာ…

ဥပမာအားဖြင့် ကျန်းရှင်းဖှ ကွာရှင်းရခြင်းနှင့် သူ့မိန်းမ သူ့ကို ထိုမျှလောက်အထိ နာကျည်းမုန်းတီးသွားခြင်းတို့မှာ ~~ သူသည် နှစ်ဖက်ချွန်တစ်ယောက် ဖြစ်နေခြင်းကြောင့် တကယ်ပင် ဖြစ်နိုင်ပေ၏။

အကယ်၍ ကျန်းရှင်းဖှသည် ယောက်ျားချင်းသာ ကြိုက်ပြီး မိန်းမများကို လုံးဝမကြိုက်ဘူးဆိုလျှင် ရွှီကောင်းမင်အနေဖြင့် အကြွင်းမဲ့ ငြင်းပယ်မိမည်ဖြစ်သော်လည်း ကျန်းရှင်းဖှမှာ ယောက်ျားရော မိန်းမပါ နှစ်မျိုးလုံး ကြိုက်သည့် နှစ်ဖက်ချွန် ဖြစ်သည်ဆိုပါလျှင်မူ ရွှီကောင်းမင်လည်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားရ၏။

ဘာပဲဖြစ်ဖြစ်... ဒါက မဖြစ်နိုင်တာမှ မဟုတ်တာ...

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်... နောက်နောင် ကျန်းရှင်းဖှနဲ့ ဝေးဝေးမှာ နေရမယ်…

ဒီကောင်က ယောက်ျားရော မိန်းမပါ ကြိုက်တာဆိုတော့ ငါ့ကိုများ မျက်စိကျလာမလား ဘယ်သူသိမှာလဲ...

အသက်ကြီးပိုင်း ယောက်ျားများမှာလည်း သူတို့၏ ကိုယ်ပိုင်ဆွဲဆောင်မှု ရှိတတ်ရာ ကျန်းရှင်းဖှတစ်ယောက် မိမိကို သဘောကျသွားမည်ကို သူ တကယ် တွေးကြောက်မိသည်။ ဆိုရသော် ယခုသတင်းထွက်နေသော တစ်ယောက်ထက်စာလျှင် သူသည် ပိုကြည့်ကောင်း၍ပင်…

'အော်... ဟုတ်သားပဲ၊ ငါ့သားကိုလည်း နောက်နောင် ကျန်းရှင်းဖှနဲ့ လုံးဝ အဆက်အသွယ် မလုပ်ခိုင်းတော့ဘူး'

'အော်... ကျန်သေးတယ်၊ ငါ့ရဲ့ သားကြီးနဲ့ သားလတ်ကိုလည်း ကျန်းရှင်းဖှနဲ့ တွေ့တဲ့အခါ သတိထားဖို့... သူတို့ကို သေသေချာချာ သတိပေးရမယ်...'

ရွှီကောင်းမင် သက်ပြင်းအရှည်ကြီး ချလိုက်ရင်း…

"ဟူး......"

"ဟေ့... အဘိုးကြီးရွှီ”

ရွှီကောင်းမင် လန့်ဖျပ်သွားပြီး

"ဟင်... အဘိုးကြီးယွမ်... မင်း ဘာကိစ္စ လာတာလဲ..."

ယွမ်ဟောက်မင် စိုးရိမ်ပူပန်သော မျက်နှာပေးဖြင့် မေးလာသည်။

"ကျန်းရှင်းဖှရဲ့ ကိစ္စကို မင်း ဘယ်လိုထင်လဲ..."

ရွှီကောင်းမင်သည် အနည်းငယ် တွေဝေသွားပြီး

"ပြောရခက်တယ်ဗျ”

ယွမ်ဟောက်မင် : "မင်း ထင်တာက... အော်... ထားလိုက်ပါတော့"

သူ တစ်ခုခုကို ပြောချင်သော်လည်း စကားစဖြတ်ကာ လှည့်ထွက်သွားခဲ့တော့၏။

ရွှီကောင်းမင် ကြောင်အမ်းအမ်းဖြင့် ငေးကျန်ခဲ့လေသည်။

"..."

တကယ်တမ်း ယွမ်ဟောက်မင်လည်း စိုးရိမ်နေခြင်းဖြစ်သည်၊ မိမိကိုယ်တိုင်အတွက်ရော မိမိသားဖြစ်သူအတွက်ပါ ပူပန်နေခြင်း ဖြစ်၏။

ဤအရှုပ်တော်ပုံကြီးသည် တစ်ဝင်းလုံးရှိ ယောက်ျားသားရဲဘော်အားလုံး၏ ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ခြောက်ခြားစေခဲ့သည်။ ဒါဟာ တကယ့်ကို...

အမယ်လေး ကြောက်စရာကြီးပါဗျာ…

စက်ရုံတစ်ခုလုံးတွင် ဤအရှုပ်တော်ပုံအကြောင်း အတင်းအဖျင်း သတင်းများသည် ပျံနှံ့နေခဲ့ပြီး လူအတော်များများမှာ အလုပ်ခွင်တွင် ခိုကပ်၍ တီးတိုးတီးတိုးဖြင့်သာ အချိန်ဖြုန်းနေကြသည်။ သို့သော်လည်း လုံခြုံရေးဌာနမှာမူ ပုံမှန်ထက် ပို၍ အလုပ်ရှုပ်နေခဲ့၏။ သေချာသည်မှာ ကျန်းရှင်းဖှနှင့် သူ၏အပေါင်းအပါသည် ၎င်းတို့၌ ယောက်ျားချင်း ရောထွေးပတ်သက်မှု ရှိပါသည်ဟု မည်သည့်အခါမျှ ဝန်ခံကြမည်မဟုတ်ေပေ။

သူတို့ အဲ့လောက်ထိ အရှက်ကွဲ မခံနိုင်ပါဘူးဗျာ…

သို့သော် သူတို့နှစ်ဦးလုံးထံမှ အရက်နံ့များသည် အလိပ်လိုက် ထွက်နေဆဲဖြစ်ပြီး တစ်ညလုံး ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ရုံးခန်းထဲ ဝင်လာချိန်၌ အရက်နံ့ကို အတိုင်းသား ရနေသေးသဖြင့် သူတို့ သောက်စားထားကြသည်မှာ ထင်ရှားလှပေသည်။ အဆိုပါ ယောက်ျားနှစ်ဦးလုံးသည် မိမိတို့အား တစ်စုံတစ်ယောက်က သတိလစ်သွားအောင် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသော်လည်း ဦးခေါင်းတွင်မူ မည်သည့် ဖူးရောင်ဒဏ်ရာမျှ ရှာမတွေ့ခဲ့ပေ။

ညိုမည်းဒဏ်ရာ အချို့ရှိနေသည်မှာ မှန်သော်လည်း ယင်းသည် အရိုက်ခံရ၍လား သို့မဟုတ် တစ်ခုခုနှင့် တိုက်မိ၍လား ဆိုသည်ကိုမူ ခွဲခြားရန် ခက်ခဲလှပေသည်။

'တစ်ချက်တည်း ရိုက်ရုံနဲ့ လူတစ်ယောက်ကို သတိလစ်သွားအောင် လုပ်နိုင်တာလား... ဒါက တကယ်ကို ပေါ့ပေါ့လေး မယူဆသင့်တော့ဘူး’

အကယ်၍ တစ်စုံတစ်ယောက်မှ တကယ် ရိုက်ခဲ့သည်ဆိုလျှင်လည်း သတိလစ်သွားလောက်သည်အထိ ပြင်းထန်သည့် ဒဏ်ရာမျိုး မရှိပေ။ သို့သော် မည်သူမျှ မရိုက်ခဲ့ပါဟု ဆိုပြန်လျှင်လည်း ခန္ဓာကိုယ်ပေါ်တွင် ညိုမည်းဒဏ်ရာများ အထင်အရှား ရှိနေပြန်၏။

ထိုယောက်ျားနှစ်ဦးကို လုံခြုံရေးဌာနမှ အသေအချာ စစ်ဆေးမေးမြန်းနေသည်။ အမှန်တကယ်တွင် ယခုကဲ့သို့သော အမှုမျိုး၌ သက်ဆိုင်သူများ ဝန်မခံသည့်အပြင် ခိုင်လုံသော သက်သေအထောက်အထားလည်း မရှိပါက ပေါ့ပေါ့ပါးပါး ဖြေရှင်းပြီး အမှုပိတ်လိုက်လျှင် ရ၏။

ကျန်းရှင်းဖှကိုယ်တိုင်မှာလည်း ထိုအချိန်၌ သူ အရက်မူးပြီး ဝေခွဲမရဖြစ်သွားခြင်းပါဟု အကြောင်းပြနေသည်သာ…

သို့သော်... ဤလူနှစ်ယောက်သည် အခြားနေရာများစွာ ရှိပါလျက်နှင့် စက်ရုံဝင်းအတွင်းသို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင် စိမ်းစိမ်းလေးဟု ခေါ်ကြသည့် ထိုလူမှာ စက်ရုံဝန်ထမ်းလည်း မဟုတ်ပေ။ ထို့ကြောင့် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် လိုအပ်ပေ၏။ မည်သို့ဆိုစေကာမူ ယခုနှစ်အစောပိုင်း၌ စက်ရုံအတွင်းရှိ ခိုးမှုတစ်ခုတွင် လုံခြုံရေးဌာနမှာ ပါဝင်ပတ်သက်ခဲ့ဖူးခဲ့သည်။

ထိုစဉ်က လူနှစ်ယောက် သေဆုံးခဲ့ပြီး.. လင်းကျန့်ဝမ်နှင့် လုံခြုံရေးဝန်ထမ်း တစ်ဦးတို့ ဖြစ်၏။ ထို့ကြောင့် ယခုကဲ့သို့သော ကိစ္စမျိုးနှင့် ထပ်မံကြုံတွေ့ရသည့်အခါ ပိုမိုပြင်းထန်သော စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ရမည်မှာ မလွဲဧကန်ပင်…

ယေဘုယျအရ ပြောရလျှင် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများသည် တင်းကြပ်လှသည် ဆိုသော်ငြားလည်း အခြားပြဿနာ တစ်စုံတစ်ရာ မရှိပါက ရပ်ကွက်ကော်မတီသို့ အကြောင်းကြားပြီး အလုပ်ကြမ်း အနည်းငယ် ပြစ်ဒဏ်ပေးရုံမျှဖြင့် ပြီးသွားနိုင်သည်။ သို့သော်လည်း လျှိုကျင့် ယောကျာ်းဖြစ်သူ၏ မျက်နှာတွင် သိသိသာသာ ပို၍ ပျာယာခတ်ကာ စိုးရိမ်ထိတ်လန့်နေမှုကို မြင်တွေ့နေရ၏။ သူသည် ချက်ချင်းဆိုသလို စိတ်ကို ပြန်ထိန်းလိုက်သော်လည်း အစောပိုင်း သူ တုန်လှုပ်သွားခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ အထူးသဖြင့် ဤလုပ်ငန်းခွင်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အသေးစိတ်ကအစ ဇောက်ချလုပ်ကိုင်တတ်သော ခေါင်းဆောင်ဝမ်ကဲ့သို့ ဝါရင့်တစ်ဦး၏ မျက်စိကိုမူ မကျော်နိုင်ခဲ့ပေ။ ထို့ကြောင့် ခေါင်းဆောင်ဝမ်သည် တစ်ခုခု မူမမှန်တော့ဟု အာရုံရသွားပြီး ချက်ချင်းပင် အလေးအနက် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ထိုလူ၏ ကိုယ်ရေးမှတ်တမ်းတွဲကို ပိုမိုတင်းကြပ်စွာ စိစစ်တော့သည်။

ပုံမှန်အားဖြင့် ထိုလူသည် လီတာ့ရှန်းနှင့် ချဲယုံဖုန်းတို့၏ ဝိုင်းပယ်ခြင်းကို ခံခဲ့ရသဖြင့် အခြားအလုပ်ရုံတစ်ခုသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ပြီးနောက် အလုပ်ဒဏ်ကြောင့် ဖျားနာကာ ကျန်းမာရေးအကြောင်းပြချက်ဖြင့် အငြိမ်းစားယူ၍ သူ့မိန်းမကို အလုပ်ဆက်လုပ်ခိုင်းခဲ့ခြင်း ဖြစ်၏။ သို့သော် ကိုယ်ရေးဖိုင်ကို သေချာပြန်လည်စစ်ဆေးကြည့်သောအခါ ထိုအချိန်ကာလအပိုင်းအခြားမှာ တိုတောင်းလွန်းပြီး ခြောက်လပင် မပြည့်သေးကြောင်း တွေ့ရှိရသည်။

ခြောက်လတောင် မပြည့်သေးဘဲ အလုပ်ဒဏ်ကြောင့် ဖျားနာရလောက်အောင် ဖြစ်ရော့လား…

သူတို့စက်ရုံက အလုပ်တွေက အဲဒီလောက်အထိ ပင်ပန်းရတာမျိုး မဟုတ်ပါဘူး၊ မဟုတ်ဘူးလား...

ပြင်းထန်သော စစ်ဆေးမေးမြန်းမှုအောက်တွင် ကျန်းရှင်းဖှနှင့် ထိုလူနှစ်ဦးစလုံးသည် အဘွားကြီးကျောက်ကို ပညာပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ကြပြီး ကျန်းရှင်းဖှမှာ အဘွားကြီးကျောက် သူ့အပေါ် ကလဲ့စားချေနေခြင်းဖြစ်သည်ဟု သံသယဝင်နေ၏။

"ဒီကိစ္စကို ငါတို့ ဆက်ပြီး စုံစမ်းစစ်ဆေးမယ်”

ခေါင်းဆောင်ဝမ် အမိန့်ပေးလိုက်သည်။

ဖြစ်နိုင်ခြေရှိသည့်အတွက် ခေါင်းဆောင်ဝမ်သည် အဘွားကြီးကျောက်ကို ချက်ချင်း သွားရောက်

စစ်ဆေးခဲ့သည်။ ကျန်းရှင်းဖှနှင့် အခြားလူများ ပြောကြားချက်အရ အဘွားကြီးကျောက်သည် သူတိုပြောသည့်အချိန်၌ ထမင်းချက်ဆောင်တွင် အမှန်တကယ် ရှိနေခဲ့၏။ အဘွားကြီးကျောက် အလုပ်ဆင်းချိန်တွင် သူတို့အားလုံး သတိလစ်နေခဲ့ကြပြီဖြစ်ရာ ထိုလူများကို ရိုက်နှက်ခဲ့သူမှာ အဘွားကြီးကျောက် လုံးဝ မဖြစ်နိုင်ပေ။

အကယ်၍ တစ်စုံတစ်ယောက် တကယ်ပင် ရိုက်နှက်ခဲ့သည်ဆိုလျှင်လည်း ယင်းသည် အခြားသူတစ်ဦးဦးသာ ဖြစ်ရမည်…သေချာပေါက် အဘွားကြီးကျောက် မဟုတ်ပေ။

ထမင်းစားဆောင်ရှိ အဘွားကြီးကျောက်သည် ကျန်းရှင်းဖှ သူမကို စွပ်စွဲပြစ်တင်ခဲ့သည်ဟု ကြားလိုက်ရသောအခါ ဒေါသမီးဟုန်းဟုန်းတောက်ကာ တရစပ် ဆဲဆိုလေတော့သည်။

"အဲဒီကောင်စုတ်... ငါလောင်းရဲတယ်၊ သူ အရက်မူးပြီး လျှောက်ရှုပ်နေတာ၊ သိက္ခာမရှိ စည်းကမ်းမရှိ လျှောက်လုပ်နေလို့ အခုလို အမိခံရတာပဲ။ ပါးစပ်ကလည်း အရက်နံ့တွေ နံစော်နေတုန်းပဲကို တခြားလူကို လာပြီး လွှဲချချင်သေးတယ်။ သူ အရက်မူးပြီး သူ့ရဲ့ ဗီဇအစစ်အမှန်ကို ထုတ်ပြနေတာ ရှင်းနေတာပဲ။ ဟွန့်... အဖြစ်မှန်ကို ရှင်းပြပြီး လူကောင်းတစ်ယောက်လို နေဖို့မကြိုးစားဘဲနဲ့ ဒီအမှိုက်ကောင်က တခြားလူကို လာပြီး မီးမွှေးချင်သေးတယ်... ငါ သူ့ကို လက်ဖျားနဲ့တောင် မထိခဲ့ဘူး၊ တကယ်လို့သာ ငါ ရိုက်ခဲ့ရင် သူ့မျက်နှာကို ညိုမည်းသွားအောင် ကုတ်ဖဲ့ပစ်မှာ... အများအလယ်မှာ မျက်နှာမပြရဲအောင် လုပ်ပစ်မှာ... တကယ့် အမှိုက်ကောင်၊ အောက်တန်းကျပြီး အရှက်မရှိတဲ့ လူယုတ်မာ... တောက်... ငါ သူ့ကို ကန်ပြီး မိန်းမစိုး ဖြစ်အောင် လုပ်ပစ်ရမှာ။ သူဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးကတည်းက ပထမဆုံး မိန်းမစိုး ဖြစ်လာရမှာ..."

ဘေးမှ ယောက်ျားသားများမှာ ကြောက်လန့်တကြားဖြင့် တုန်လှုပ်သွားကြသည်။

ဘာကြောင့်လဲ မမေးပါနဲ့တော့ဗျာ…

သူတို့ တကယ် ကြောက်သွားကြခြင်း ဖြစ်၏။ အဘွားကြီးကျောက်သည် အင်မတန် ခက်ထန်ကြမ်းတမ်းသူဖြစ်ရာ သူမသည် သူ့ကို တကယ်ပဲ သင်းကွပ်ပစ်ရန် လုပ်ဝံ့ပေသည်။

"သူက အမြဲတမ်း လူတတ်ကြီးလုပ်ပြီး မြင့်မြတ်သလိုလိုနဲ့၊ အခုတော့ ဒီအဘွားကြီးကိုတောင် လာပြီး လှည့်စားဖို့ ကြံစည်နေသေးတယ်... မဟုတ်ရင် သူက ဘာလို့ ငါ့ကို ဒီလောက်တောင် သံသယဝင်နေရတာလဲ... ဒါ ကမ္မာပဲ၊ တကယ့်ကို ဝဋ်လိုက်တာပဲ..."

အဘွားကြီးကျောက်သည် အထင်လွဲခံရမည်ကို မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းရှင်းဖှသည် ညဉ့်နက်သန်းခေါင်တွင် သူမအား အကောက်ကြံရန် ထွက်လာခဲ့ခြင်းကြောင့် သူမကို သံသယဝင်နေခြင်းဖြစ်သည်ဟူသော ကောလာဟလများမှာ ပျံ့နှံ့နေပြီ ဖြစ်သောကြောင့်တည်း။

"အဲဒီ ကံဆိုးမိုးမှောင်ကျတဲ့ ကောင်စုတ်က လူမဆန်တဲ့ကောင်ပဲ... ဘုရားတောင် မကြည့်ရက်ဘူး... ကြည့်စမ်း... သူ အပြစ်ပေးခံလိုက်ရပြီ... ခံရမှာပဲ၊ သူ တကယ် ခံရမှာပဲ..."

အဘွားကြီးကျောက် ရူးသွပ်စွာ ဆဲဆိုနေသော်လည်း သူမ ပို၍ ဆဲဆိုလေလေ၊ လူများမှာ ဤကိစ္စသည် သူမ လက်ချက်မဟုတ်ဟု ပို၍ ယုံကြည်လာကြလေလေပင်။

သူမ၏ သက်သေပြနိုင်သည့် အချိန်ကိုက်မှုသည် စွပ်စွဲချက် လွဲမှားနေသည်ဟူသော အချက်အပြင်၊ သူမ၏ ဖြောင့်မတ်မှန်ကန်လှသည်ဟူသော အမူအရာမှာ လူတိုင်းကို ယုံကြည်သွားစေ၏။

ဘေးနားရှိလူတစ်ယောက်မှာ လှမ်းပြောကာ

"ဒေါ်ကြီးကျောက်... တော်ပါတော့၊ မဆဲပါနဲ့တော့”

"ပါးစပ်ပိတ်ထား၊ နင့်အလုပ် မဟုတ်ဘူး”

အဘွားကြီးကျောက်သည် လီချန်ရွှမ်းအား ကြည့်ကာ လာရောက်ဝင်ရှုပ်နေသည်ဟု ထင်မှတ်လိုက်သည်။ ထိုလူသည် ယခုကဲ့သို့ အခွင့်အရေးမျိုးတွင် သူ့ချစ်သူအား သွားရောက်နှစ်သိမ့်ရမည့်အစား ဤနေရာတွင် လူကောင်းလာလုပ်နေ၏။

အဘွားကြီးကျောက် မျက်စောင်းထိုးရင်း

"နင့်မှာ ဘာမှလုပ်စရာမရှိရင် အိမ်မှာပဲ သွားနေလေ”

လီချန်ရွှမ်း : "..."

သူ လျှာရှည်မိခြင်း သက်သက်သာ ဖြစ်သွားရရှာသည်။

အဘွားကြီးကျောက် ဆက်၍ တရစပ် ဆဲဆိုလေ၏။

"တကယ့် လူယုတ်မာပဲ... အရှက်မရှိလိုက်တာ... သူတို့ ဒုက္ခရောက်တာကို ငါ ထိုင်ကြည့်နေမှာ။ ငါလို အဘွားကြီးတစ်ယောက်ကို ထိရဲတာ သူတို့ တကယ် နှလုံးသားမရှိလို့ပဲ... သူတို့ ဘဝပေါင်း ရှစ်ဘဝလောက်ကတည်းက မကောင်းတာတွေ လုပ်ခဲ့လို့ ဖြစ်ရမှာ..."

အဘွားကြီးကျောက်သည် နံနက်ပိုင်းမှသည် မွန်းလွဲပိုင်းအထိ တရစပ် ဆဲဆိုနေခဲ့ရာ သူမ အလုပ်ပင် မဆင်းရသေးသော်လည်း အတင်းအဖျင်း သတင်းများသည် စက်ရုံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ…

ဒါကို တားဆီးရန် လမ်းမရှိပါဘူးလေ…

သတင်းသည် တကယ့်ကို တုန်လှုပ်ခြောက်ခြားစရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။

သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့နေပြီး ချန်ချင်းယွီသည် အိမ်တွင်ရှိနေစဉ် ထိုအကြောင်းကို ကြားသိခဲ့ရသော်လည်း သူမ၏ လုပ်ရပ်အတွက် အနည်းငယ်မျှ နောင်တမရမိပေ။ ချန်ချင်းယွီသည် အပြင်ပန်းတွင် အပြစ်ကင်းစင်ပုံရသော်လည်း သူမ၏ စိတ်နေသဘောထားသည် ထိုသို့ လုံးဝမဟုတ်ပေ။

မွန်းလွဲပိုင်းတွင် လေငြိမ်သွားသဖြင့် ချန်ချင်းယွီသည် သူမ၏ ကလေးနှစ်ယောက်ကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ သူမ ငါးမမျှားရသည်မှာ ကြာပြီဖြစ်၏။

ချန်ချင်းယွီ စိတ်မရှည်တော့ပေ။

သူမသည် ငါးမျှားတံကို ယူကာ ငါးမျှားထွက်ခဲ့သော်လည်း ဝင်းအတွင်းရှိ အခြားလူများမှာ ရှေ့ခြံဝင်းထဲတွင် စုရုံးနေကြပြီး သုံးရက်သုံးညတိုင်တိုင် အတင်းအဖျင်း ပြောဆိုရန် ပြင်ဆင်နေကြသည်။ သူတို့ အလုပ်မဆင်းရသေးသဖြင့် သတင်းအချက်အလက်များ အပြည့်အစုံ မရရှိသေးသော်လည်း ယင်းမှာ သူတို့၏ အတင်းအဖျင်း ပြောဆိုလိုသည့် စိတ်အားထက်သန်မှုကို မလျှော့ချနိုင်ခဲ့ပေ။

သူတို့ အင်မတန် စိတ်အားထက်သန်နေကြ၏။

ဘာပဲဖြစ်ဖြစ်... သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ ကိစ္စမျိုးကြီးလေ…

သူတို့သည် စက်ရုံအလုပ်သမားများလောက် တိတိကျကျ မသိကြသော်လည်း ယင်းအချက်မှာ သူတို့၏ ခန့်မှန်းတွေးတောခြင်းကို မတားဆီးနိုင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူတို့တွေအားလုံး နှစ်ဖက်ချွန်ဆိုတဲ့အကြောင်း စောင်းပါးရိပ်ခြေ ကြားခဲ့တယ်လေ…

လူအများအပြား စည်ကားသိုက်မြိုက်စွာ ဆွေးနွေးငြင်းခုံနေကြစဉ်၊ အဘွားကြီးဟွမ်သည် ဒေါသအလိပ်လိပ်ထွက်ကာ လူတိုင်းနှင့် လိုက်လံရန်ဖြစ်နေတော့သည်။ ချန်ချင်းယွီသာ အိမ်၌ရှိနေပါက သူမသည်လည်း ဤခွေးရူးသဖွယ် ရန်ရှာမှုကို ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ သို့သော်လည်း အဘွားကြီးဟွမ်သည်လည်း အခြေအနေကောင်းလှသည် မဟုတ်ပေ။ မိမိတို့အိမ်၌ ထိုကဲ့သို့ အရှက်ရဖွယ်ကိစ္စရပ်များ ဖြစ်ပွားထားသည်ကို အများပြည်သူတို့အား နှုတ်ပိတ်ထားရန် ကြိုးပမ်းခြင်းမှာ ဘယ်သောအခါမျှ မဖြစ်နိုင်သောအရာပင်။

ထို့ကြောင့်ပင် လူအများသည်လည်း အလျှော့မပေးဘဲ တုံ့ပြန်ပြောဆိုကြရာ၊ တစ်ဦးတစ်ယောက်တည်းသော အင်အားဖြင့် လူအုပ်ကြီး၏နှုတ်ကိုမူ မယှဉ်သာခဲ့ပေ။

အဘွားကြီးဟွမ်သည် အလွန်အမင်း ဒေါသထွက်ကာ အိမ်တွင်းသို့ ဝင်ရောက်သွားပြီး နောက်ထပ်အပြင်သို့ ထွက်မလာတော့ပေ။

မယှဉ်နိုင်တော့ပါ...

ကျန်ရှိနေသူများမှာ ဆက်လက်၍ ဝေဖန်ပြောဆိုနေကြဆဲပင်။

ဤကဲ့သို့ ကောလာဟလ သတင်းများ တစ်စထက်တစ်စ ပိုမိုပျံ့နှံ့လာသောအခါ၊ လုံခြုံရေးဌာနမှ အဖွဲ့ခေါင်းဆောင်ဝမ်သည် မျက်မှောင်ကြုတ်လျက် ပိုမိုတည်ကြည်လေးနက်လာတော့၏။ အခြားသူများ ဤကာမဂုဏ်ဆိုင်ရာ အရှုပ်တော်ပုံ သတင်းအပေါ်၌သာ အာရုံစိုက်နေကြသော်လည်း၊ သူသည်ကား ထိုလူ၏ နောက်ကွယ်၌ တစ်စုံတစ်ခုသော လျှို့ဝှက်ချက်ရှိနေသည်ဟု ယူဆနေမိသည်။

ကျန်းရှင်းဖှကဲ့သို့သော လူစားမျိုးမှာမူ အော်ဟစ်ဆူပူတတ်ပြီး အပေါ်ယံသာရှိသဖြင့် စိုးရိမ်ဖွယ်မရှိမှန်း သိသာလှ၏။ တစ်စုံတစ်ယောက်မှ ၎င်းတို့အား ရိုက်နှက်ဆုံးမခဲ့သည်ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် အရက်မူး၍ သောင်းကျန်းခဲ့သည်ဖြစ်စေ၊ ကျန်းရှင်းဖှမှာ အရာရာကို အပေါ်ယံ၌သာ ပြသတတ်ပြီး နက်နဲသော အကြံအစည်မျိုး မရှိပေ။ သို့သော် သူ့အပေါင်းအဖော်မှာ ထိုသို့မဟုတ်ပေ။

၎င်းတွင် ကိုယ်ပိုင်အမည်နာမ ရှိသော်လည်း၊ လူအများစုသည် သူ့ကို ဂျိုပေါက်နေသာကောင်ဟုသာ ခေါ်ဆိုကြသည်။

မှားယွင်းစွာ ပေးမိသော အမည်သာရှိ၍၊ မှားယွင်းစွာ ခေါ်ဝေါ်မိသော နာမည်ပြောင်ဟူ၍ မရှိဟု ဆိုရိုးရှိသည့်အတိုင်းပင်…

လူတိုင်းမှာ သူကို စိတ်ထဲမှ အလွန်အမင်း အထင်သေးကြ၏။

သို့သော် ထိုအချက်သည် အဓိကမဟုတ်ပေ။ အဓိကအချက်မှာ ထိုသူသည် ပုံမှန်မဟုတ်ကြောင်း အဖွဲ့ခေါင်းဆောင်ဝမ် ရိပ်မိနေခြင်းပင် ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်ဝမ်သည် မိမိဌာနမှ ဝန်ထမ်းများ ထိုသူအား စစ်ဆေးမေးမြန်းနေသည်ကို စောင့်ကြည့်ရင်း မျက်ရိပ်ပြလိုက်ကာ၊ အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီးနောက် ရုံးခန်းသို့အပြန်တွင် ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ဆက်သွယ်လိုက်တော့၏။

All Chapters