← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆) အိမ်ရာဝင်းမှ နေ့စဉ်ဘဝ

ကျန်းရှင်းဖှ အိမ်သို့ပြန်လာခဲ့လေပြီ…

သူပြန်လာသည်နှင့်အတူ နောက်ဆက်တွဲ သတင်းမှာလည်း ပျံ့နှံ့လာခဲ့၏။

လျိုကျင့်၏ယောကျာ်းမှာ သူလျှိုတစ်ယောက်ဖြစ်နေကြောင်း မည်သူမှ မထင်ထားခဲ့ကြကာ၊ သူနှင့်အတူ လူတော်တော်များများ ပါဝင်ငြိစွန်းခဲ့ကြသည်။ ကျန်းရှင်းဖှနှင့် လီချန်ရွှမ်းကဲ့သို့ လူမျိုးများမှာ အရေးမပါပေ။ ထို့ကြောင့် သူတို့မှာ ပြန်လာနိုင်ခဲ့ပြီး တခြားသူများမှာ ပြန်မလာနိုင်ခဲ့ကြတော့ပေ။

ဤသတင်းမှာ ပေကျင်းတစ်ခွင်လုံး လှုံ့ဆော် သတိပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။

အတင်းအဖျင်း ကိစ္စလေးတစ်ခုကနေ ဒီလိုငါးအကြီးကြီး ဖမ်းမိလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ…

ထိုခဏတွင် လူတိုင်းမှာ ထိုကရော်ရှော်မယ် လူအား တုံးအလွန်းသည်ဟု ပြောရမည်လား သို့မဟုတ် လုံခြုံရေးဌာနမှာ တော်လွန်းသည်ဟု ဆိုမည်လား မသဲကွဲတော့ပေ။

သို့ရာတွင် ထိုသတင်းထွက်ပေါ်လာသည့် အချိန်မှစ၍ လုံခြုံရေးဌာနရှိ လူတိုင်းမှာ ပြုံးပန်းပွင့်နေကြလေသည်။ သူတို့မှာ သူလျှိုတစ်ယောက်ကို ဖမ်းမိခဲ့သော်လည်း ရေငုံနှုတ်ပိတ်နေခဲ့ရပြီး ယခုအခါ ဖော်ထုတ်လိုက်ပြီဖြစ်သဖြင့် သူတို့မှာ သူတို့ကိုယ်သူတို့ အလွန်အမင်း ဂုဏ်ယူနေကြ၏။

ထိုသတင်းကြီး ပျံ့နှံ့လာသောအခါ ချန်ချင်းယွီခမျာ ကြောင်အသွားခဲ့ရသည်။

သူမအနေဖြင့် ငြိမ်းချမ်းသော ခေတ်ကာလတွင် မွေးဖွားခဲ့သူဖြစ်၍ ထိုသို့သော လူမျိုးများမှာ သူမနှင့် အလှမ်းကွာလှ၏။ ထို့ကြောင့် သူမမှာ ဖြစ်နိုင်စွမ်းကို တစ်ခါမှ ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိကာ ရလဒ်သည်ကား အလွန်အမင်း တုန်လှုပ်စရာကောင်းနေသည်။

“ရှောင်ချန်၊ ရှောင်ချန် ဘာဖြစ်တာလဲ”

ချန်ချင်းယွီ ငေးငိုင်နေသည်ကို မြင်၍ အဒေါ်ကြီးမေ့မှာ ချန်ချင်းယွီကို ကြိမ်ဖန်များစွာ ခေါ်လိုက်၏။

ချန်ချင်းယွီ သက်ပြင်းချရင်း

"သူလျှိုတွေ ရှိနေလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး.. ကျွန်မဘေးနားမှာ ဒီလို လူဆိုးတွေ ရှိနေလိမ့်မယ်လို့လည်း မထင်ထားမိဘူး.. တကယ် ထိတ်လန့်ဖို့ကောင်းလိုက်တာ"

"ဒါပေါ့... ဘယ်သူက ထင်မှာလဲ၊ ဒါပေမဲ့ ငါကြည့်ရသလောက်တော့ ဒီဘက်ခေတ်မှာ အဲဒီလိုလူမျိုးတွေ တော်တော်နည်းသွားပါပြီ… လွန်ခဲ့တဲ့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်တုန်းကဆိုရင် အများကြီးပေါ့.. ငါတို့တွေ တော်တော်များများ ဖမ်းမိခဲ့သေးတယ်၊ ညည်းက ငယ်သေးတော့ သိမှာမဟုတ်ဘူး… အဲဒီတုန်းက ညည်း ကလေးပဲ ရှိသေးတာမလား"

ချန်ချင်းယွီ: "ကျွန်မကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တဲ့နှစ်မှာ မွေးတာရှင့်"

အဒေါ်ကြီးမေ့ သက်ပြင်းချကာ

"အာ... အဲဒီနှစ်လား… တကယ့်ကို နှမြောစရာပဲ၊ ညည်းသာ ယောက်ျားလေးဆိုရင် 'ကျန့်ကော်' (နိုင်ငံတော်တည်ထောင်ခြင်း) လို့ နာမည်ပေးလို့ရတာ"

ချန်ချင်းယွီ ရယ်မောရင်း

"ဟုတ်ပါ့၊ မိန်းကလေးတစ်ယောက်အတွက် အဲဒီနာမည်က သိပ်မလိုက်ဖက်ဘူးလေ"

"ဒါကို ငါ တကယ်ကို မမျှော်လင့်ထားမိဘူး… ဒါပေမဲ့လည်း ကောင်းပါတယ်၊ လုံခြုံရေးဌာနက တကယ်ကို တော်ကြတာပဲ… သူတို့ကို အကုန်ဖမ်းလိုက်ပြီဆိုတော့မှပဲ ငါတို့လည်း စိတ်အေးလက်အေး နေနိုင်တော့မယ်၊ ဒါမှမဟုတ်ရင် သူတို့တွေ နောက်ထပ် ဘယ်လောက်တောင် မကောင်းတာတွေ လုပ်ဦးမလဲ မသိဘူး… ဒီလူတွေက တကယ်ကို မကောင်းတဲ့လူတွေပဲ၊ ရက်လည်းရက်စက်ကြတယ်.. ကြားတာတော့ ဟိုဂျိုပေါက်နေတဲ့ကောင်က သူ့မိန်းမဘဝကို ဖျက်ဆီးလိုက်သေးတယ်တဲ့…လျိုကျင့်က အဲဒီနေရာကနေ ထွက်လာပြီးတာနဲ့ ချက်ချင်းပဲ ကိုယ်ဝန်ဖျက်ချပစ်လိုက်တယ်လေ..ဘယ်သူက သူလျှိုနဲ့ အိမ်ထောင်ပြုချင်မှာလဲ..သူ တော်တော် ကံဆိုးတာပဲ"

ကြော်ညာချက်တွင် လျိုကျင့် ယောကျာ်းနာမည်ရင်းကို ထုတ်၍ ကြေညာခဲ့သော်လည်း လူတိုင်းမှာ သူ့နာမည်ပြောင်ကိုသာ ခေါ်ကြ၏။

ချန်ချင်းယွီ : “လျိုကျင့်အပေါ်ဘာတွေ ဖြစ်လာမှာလဲ”

ဤကဲ့သို့သော မိသားစုဝင်မျိုး ရှိခဲ့သည့်အတွက် လျိုကျင့်ကိုယ်တိုင်မှာ တရားခံမဟုတ်သည့်တိုင် လူအများ၏ ထူးဆန်းသော အကြည့်များကို ရင်ဆိုင်ရပေမည်… အနာဂတ်ရှိ သူမ ဘဝမှာ လွယ်ကူမည်မဟုတ်ပေ။

“ဘယ်သိနိုင်မလဲ… ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့ သည်းခံရမှာပဲ”

သတင်းအချက်အလက် စုံလင်လှသော အဒေါ်ကြီးမေ့မှာ

"လျိုကျင့်ကတော့ တစ်ယောက်တည်း ဒုက္ခခံနေရပြီး သူ့လင်ကတော့ အပြင်မှာ စည်းစိမ်ယစ်လို့… သူတို့မှာ ကလေးတစ်ယောက် ရှိတယ်မလား၊ ဒီနှစ်ဆို ခုနစ်နှစ်ရှိပြီ၊ အဲဒီအကောင်စုတ်လေးက အသက် ခုနစ်နှစ်ပဲ ရှိသေးတာကို သူ့အဖေနောက် တကောက်ကောက်လိုက်နေတာ… ဟိုဟာကူလုပ်၊ ဒီဟာကူလုပ်နဲ့ ကြားလူ လုပ်နေတာတဲ့… ဒီတစ်ခါတော့ အဖမ်းခံလိုက်ရပြီး ပြန်မလွတ်လာသေးဘူး၊ လူငယ်ထိန်းသိမ်းရေးစခန်းကိုတော့ အသေအချာ ရောက်တော့မှာ… သူ့အခြေအနေအရဆိုရင်တော့ ပြစ်ဒဏ် အပြင်းအထန် အချခံရဖို့ များတယ်၊ သိတယ်မလား... လူတွေက အိုစာမင်းစာအတွက် သားသမီးမွေးတယ်လို့ ပြောကြပေမဲ့ လျိုကျင့်ရဲ့ကလေးက သားဖြစ်ပြီးတော့ ဒီလောက်အရွယ်လေးနဲ့ သူ့အဖေနောက်လိုက်ပြီး သူ့အမေကို လိမ်ညာနေပြီ၊ သူက အပြင်မှာ သူ့အဖေနဲ့အတူ အရသာရှိတာတွေ အကောင်းစား စားသောက်နေပြီးတော့ အိမ်ပြန်ရောက်ရင်လည်း အကောင်းစား စားချင်သောက်ချင်သေးတာ… သူ့အမေကိုတော့ အကောင်းစားလေး တစ်လုတ်တောင် မကျွေးဘဲ ဟိုဟာလိုချင်တယ်၊ ဒီဟာလိုချင်တယ်နဲ့ အမြဲတောင်းနေတာ၊ ဒါမှမဟုတ်ရင် လျိုကျင့်တစ်ယောက် ဒီလိုအခြေအနေမျိုးအထိ ဖြစ်လာမှာ မဟုတ်ဘူး.. တကယ်ကို ရင်နာစရာကောင်းလှပါဘိ"

ထိုအကြောင်းနားထောင်ရသည်မှာ ချန်ချင်းယွီ စိတ်မသက်မသာ ခံစားရ၏။

သူမသည် ရှောင်ကျားနှင့်ရှောင်ယွမ်ကို တိတ်တဆိတ် ကြည့်လိုက်မိသည်။ ကလေးပြုစုပျိုးထောင်ခြင်းဆိုသည်မှာ စားစရာပေးရုံ၊ ဝတ်စရာဆင်ယုံမျှ မဟုတ်ပေ။ သူတို့မှာ သင်တင့်လျောက်ပတ်သော ဆိုဆုံးမမှုမျိုး လိုအပ်ပြီး အကယ်၍ မဟုတ်လျှင် မည်သို့သော ကလေးများ ဖြစ်လာမည်ကို မည်သူမှ မပြောနိုင်ပေ။

အဒေါ်ကြီးမေ့ : "သူက အဲဒီယောက်ျားတွေကို ကြံစည်ခဲ့တာပဲဖြစ်ဖြစ်၊ မကြံစည်ခဲ့တာပဲဖြစ်ဖြစ်... သူ့လင်ကော သူ့သားပါ သူလျှိုဖြစ်နေတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် လျိုကျင့်ရဲ့ဘဝက ခက်ခဲသွားဖို့ လုံလောက်နေပါပြီ၊နေဦးပေါ့... သူ့ရဲ့ အဆိုးဝါးဆုံးနေ့ရက်တွေက လာဦးမှာ၊ အခု ဒါက ဘာမှမဟုတ်သေးဘူး"

ချန်ချင်းယွီ အနည်းငယ် ခေါင်းညိမ့်ပြလိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ် တခြားသူများ ရောက်ရှိလာ၏။

လူစုလူဝေးထဲမှ ရှီကျန့်ရှန်းသည် စကားစလိုက်လေသည်။

"ကျန်းရှင်းဖှတော့ ခိုးပြီးပျော်နေတော့မယ်… ဒီကောင်စုတ်အကြောင်းကို စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့၊ နောက်မှသာ ဒီကိစ္စထဲ ဆွဲပါသွားရင် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်ပ"

"ကျန်းရှင်းဖှရဲ့ မဆင်မခြင်လုပ်ရပ်ကနေ မမျှော်လင့်ဘဲ သူလျှိုတွေကို ဖော်ထုတ်နိုင်ခဲ့တာဆိုတော့ သူ့ကို ကံဆိုးတယ်ပြောရမလား၊ ကံကောင်းတယ်ပြောရမလား မသိဘူး"

"သူ ကံကောင်းတာ သေချာပါတယ်။ ဒါမှမဟုတ်ရင် သူ သွားပြီ၊ ဟေ့... နေဦး၊ ညည်းတို့အိမ်က အောင်သွယ်ပေးတဲ့ကိစ္စ ဘယ်လိုလဲ…"

"ကျွန်မတို့အိမ်ကတော့ ဒီတစ်ပတ်ပိတ်ရက်မှာ ကြင်ဖက်တွေ့ဖို့ ရှိတယ်"

"အာ... ငါလည်း တူတူပဲ"

ချန်ချင်းယွီမှာ နားမလည်နိုင်ကာ

"ဘာလို့ အားလုံးက ဒီလောက်တောင် လောနေကြတာလဲ.. ဒီတစ်ပတ်ပိတ်ရက်က ဘာမင်္ဂလာရက်မို့လို့လဲ"

"ရှောင်ချန်... ညည်း မသိလို့ပါ.. ကျန်းရှင်းဖှ လွတ်လာတာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူက သူလျှိုတွေနဲ့ တစ်လမ်းတည်းမဟုတ်လို့ လွတ်လာတာ.. ဒါပေမဲ့ သူက ယောင်္ကျားရော မိန်းမရော စိတ်ဝင်စားတဲ့သူ မဟုတ်ဘူးလို့ မဆိုလိုဘူးလေ…စက်ရုံက ဘာပြောလဲ ညည်းတွေ့လား၊ လုံခြုံရေးဌာနကကော ဘာပြောလဲ၊ ရပ်ကွက်ကော်မတီက ထုတ်ပြန်တဲ့ သတိပေးချက်ထဲမှာကော တွေ့လား… သူတို့ ဘာမှမပြောဘူးလေ၊ သူ အိမ်သာထဲမှာ ရှုပ်ရှုပ်ရှက်ရှက် လုပ်နေတာက အကွက်ဆင် ခံရတာပါလို့ ဘယ်သူမှ သက်သေထုတ် မပြောကြဘူး.. ကျန်းရှင်းဖှ ကိုယ်တိုင်ကတော့ တစ်ယောက်ယောက်က သူ့ကို အကွက်ဆင်တာလို့ ပြောနေတာပဲ၊ ဒါပေမဲ့ ကျွမ်းကျင်တဲ့ လုံခြုံရေးဌာနတောင်မှ ခိုင်လုံတဲ့ အထောက်အထား ဘာမှ ရှာမတွေ့ခဲ့ဘူး… အဲဒါကြောင့် ဒါက အမှန်ပဲ ဖြစ်ရမယ်၊ အဲဒါကြောင့် ငါတို့လည်း အမြန်ဆုံး လူရှာရတော့မှာပေါ့"

ချန်ချင်းယွီ: "..."

"ကျွန်မတို့အိမ်ကတော့ မကြာခင် ကြင်ဖက်တွေ့တာတွေ သွားရတော့မယ်၊ ဒါမှမဟုတ်လို့ ကျန်းရှင်းဖှက ငါတို့ သားကို သဘောကျပြီး လာပတ်သက်နေရင် နောင်ကျရင် ဘယ်လိုလုပ် မိန်းမရတော့မှာလဲ… ကျန်းရှင်းဖှမှာ သမီးတစ်ယောက် ရှိပြီးသားပဲ၊ ဒါပေမဲ့ ကျွန်မတို့မိသားစုကတော့ အဲဒါကို လက်မခံနိုင်ဘူး"

"ညည်းက အဲလိုပြောတာလား… ငါတို့မိသားစုကော လက်ခံနိုင်ပါ့မလား"

"ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး”

"ဟေ့... အဒေါ်ကြီးပိုင်၊ ရှင်ပဲ ဟောက်ဖုန်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆို… လွန်ခဲ့တဲ့ တစ်လကတည်းက တွေ့ရမှာကို ဘာလို့ အခုထိ မတွေ့သေးတာလဲ"

"အေးပါ... ငါလည်း အဲဒါကို လုံးဝမေ့သွားတယ်"

အဘွားကြီးပိုင် အနည်းငယ် စိတ်မသက်မသာဟန်ဖြင့် ပြောလိုက်သည်။

"သူတို့က သိပ်မလိုက်ဖက်ကြဘူးလေ.. အဲဒါကြောင့် ငါ တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ စဉ်းစားနေတာ"

အမှန်တကယ်မှာ… သူတို့အိမ်ရာဝင်းတွင် ယောကျာ်းရောမိန်းမပါ ကြိုက်နေသော နှစ်ဖက်ချွန်ရှိသည်ဟု သတင်းကြားကြားချင်း ကွမ်ထင်းထင်းမှာ ကြင်ဖက်တွေ့ရန် ငြင်းဆိုခဲ့၏။ သူတို့အိမ်ရာဝင်း၏ ပတ်ဝန်းကျင်သည် မသန့်ဟု ကွမ်ထင်းထင်း ခံစားရလေသည်။ တခြားသော ကိစ္စများမှာ အဆင်ပြေသော်လည်း ကွမ်ထင်းထင်းမှာ လက်ထပ်ပြီး ထိုဝင်းထဲသို့ လိုက်မနေချင်ပေ။

ကွမ်ထင်းထင်း ငြင်းပယ်လိုက်၍ ယွမ်ဟောက်ဖုန်း၏ ကြင်ဖက်တွေ့ခြင်းမှာ အဆုံးသတ်သွားရလေသည်။

သို့သော် အဘွားကြီးပိုင်မှာ ထိုစို့တိုက်ရိုက်ပြောရမည်ကို အလွန်ရှက်နေသဖြင့် အလိမ္မာသုံးကာ မလိုက်ဖက်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်၏။ သို့သော် လူတိုင်းမှာ တစ်ဦးနှင့်တစ်ဦး ကြည့်ရုံဖြင့် အထာပေါက်ပြီးသားပင်…

"ဟောက်ဖုန်းက အခြေအနေကောင်းတဲ့ လူကောင်းလေးတစ်ယောက်ပဲ၊ သူလိုချင်တဲ့သူကို ရှာလို့ရတာပေါ့…ဒါကြောင့် ငါတို့က ပိုပြီးတော့တောင် အခြေအနေကောင်းတဲ့သူနဲ့ မိတ်ဆက်ပေးရမှာ သဘာဝပဲလေ”

ပိုင်ဖုန်းရှန်းမှာ အရှက်မကွဲစေရန် ဖာထေးပြောဆိုလိုက်၏။

သို့ရာတွင် လင်စန်းရှင်းမှာ ပြောမပြတတ်အောင် ဝမ်းသာနေပြီး အမှန်တကယ်၌ ယွမ်ဟောက်ဖုန်း၏ ကြင်ဖက်တွေ့ပွဲ မအောင်မြင်ဖို့သာ သူမ ဆုတောင်းနေခဲ့သည်ပင်။ သူသည် သူမ မျက်စိကျနေသော သားမက်လောင်းဖြစ်ပြီး တခြားသူများ ခိုးယူသွားမည်ကို ခွင့်မပြုနိုင်ပေ။

"အပြင်က နောက်ခံဘာမှန်းမသိရတဲ့ မိန်းကလေးတွေက ကြည့်လိုက်ရင်တော့ ဆွဲဆောင်မှုရှိပြီး လှပနေကြတာပဲ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘာမှအသုံးမကျကြဘူး…အိမ်ထောင်ဖက်ရှာတဲ့အခါကျရင် အိန္ဒြေသိက္ခာရှိပြီး လိမ္မာယဉ်ကျေးတဲ့ ဇနီးကောင်းတစ်ယောက်ကိုပဲ လက်ထပ်သင့်တယ်… အလုပ်ကိုပဲ ဦးစားပေးတဲ့ မိန်းမတွေက နာမည်ကြားရတာတော့ လေးစားစရာကောင်းသလိုလိုနဲ့ တကယ့်လက်တွေ့နေ့စဉ်ဘဝအတွက်ကျတော့ အဆင်မပြေလှဘူး… မိသားစုတစ်ခုမှာ အိမ်တွင်းရေးကိစ္စတွေကို စီမံခန့်ခွဲပေးမယ့် အမျိုးသမီးတစ်ယောက် လိုအပ်တယ်၊ အဲလိုမှမဟုတ်ဘဲ လင်မယားနှစ်ယောက်စလုံး အပြင်ထွက်အလုပ်လုပ်နေကြရင် အိမ်မှုကို ဘယ်သူက ကြည့်ရှုမလဲ... သူတို့ (အမျိုးသမီးတွေ) အပြင်မှာ ဘယ်လောက်ပဲ တော်နေပါစေဦးတော့၊ ဒါက မလုံလောက်သေးပါဘူး.. အမျိုးသမီးတစ်ယောက်ရဲ့ ပထမဦးစားပေးက မိသားစုပဲ ဖြစ်သင့်တယ်"

လင်စန်းရှင်းမှာ ဆိုးရွာသူ မဟုတ်ကာ တစ်ခုခု အမှားလုပ်ထားသူလည်း မဟုတ်ပေ… သို့သော် သူမ၏ စံနှုန်းမှာ တကယ့်ကို ပဋိပက္ခ အငြင်းပွါးဖွယ်တည်း…

ချန်ချင်းယွီမှာ တကယ်ပင် လပ်မခံနိုင်ပေ။ သူမကိုယ်တိုင်လည်း အိမ်ရှင်မတစ်ဦးဖြစ်သည့်တိုင် သူမတွင် ကိုယ်ပိုင်အစီအစဉ်များရှိပြီး ထိုမိန်းမ၏စကားများကို လုံးဝ လက်သင့်မခံနိုင်ပေ။ သူမ ခေါင်းငုံ့လိုက်ပြီး တုံ့ပြန်မှုမပေးခဲ့ပေ။

အကြောင်းမယ်မယ်ရရမရှိ လူတိုင်း တိတ်ဆိတ်သွားကြလေသည်။ လေထုအခြေအနေမှာ ရုတ်ခြည်း ငြိမ်သက်သွား၏။

လင်စန်းရှင်း : “……”

ရုတ်တရတ် တိတ်ဆိတ်မှုက အဆိုးဆုံးပဲ…

ချန်ချင်းယွီ၏ စိတ်ထဲတွင် လင်စန်းရှင်း၏စကားများကို သဘောမတူသော်လည်း အခြားသူများမှာမူ ကိုယ်စီအတွေးကိုယ်စီဖြင့် ရှိနေကြသည်။ လူတိုင်း၌ ကိုယ်ပိုင်အမြင်များ ရှိကြသည်သာ… အိမ်တိုင်းတွင် သားယောက်ျားလေးများ ရှိကြသဖြင့် မိမိတို့၏သားများကို အလုပ်အကိုင်ရှိသည့် ဝင်ငွေရှိ အမျိုးသမီးများနှင့်သာ အိမ်ထောင်ကျစေချင်ကြ၏။ ထိုသို့ နှစ်ဦးစလုံး ဝင်ငွေရှိမှသာ မိသားစု၏ ငွေကြေးဖိအားက သက်သာမည်ဖြစ်သည်။

အိမ်မှုကိစ္စနှင့် ပတ်သက်၍မူ အမျိုးသမီးသည် အပြင်ထွက်အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အိမ်မှုကိစ္စဟူသမျှသည် အမျိုးသမီးများ၏ တာဝန်သာဖြစ်သည်ဟု သတ်မှတ်ထားကြရာ အထူးတလည် ပြောနေစရာပင် မလိုတော့ပေ။

လူတိုင်းတွင် အမြင်အမျိုးမျိုး ရှိကြသော်လည်း လင်စန်းရှင်း၏ စကားကို မည်သူမျှ ဝင်ရောက်မတုံ့ပြန်ဘဲ နှုတ်ဆိတ်နေကြသည်။ ထိုအခါ လင်စန်းရှင်း စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။

"ညည်းတို့တွေ အကုန်လုံး ကြင်ဖက်တွေ့ဖို့ စီစဉ်ပြီးကြပြီလား"

အဒေါ်ကြီးမေ့ : "ငါ့ကလေးက ငယ်ပါသေးတယ်၊ အဆင်မပြေသေးပါဘူး"

အဒေါ်ကြီးမေ့၏ သားကြီးမှာ ယခုမှ အထက်တန်းပထမနှစ်သာ ရှိသေးသဖြင့် ယခုလိုကိစ္စမျိုး စဉ်းစားရန် မလိုသေးသည်မှာ သဘာဝပင်။ အဒေါ်ကြီးမေ့တွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက်၊ စုစုပေါင်း သားသမီးသုံးယောက်ရှိပြီး အသက်အကွာအဝေးမှာလည်း တော်တော်ကြီးသည်။ အကြီးဆုံးသည် အထက်တန်းပထမနှစ်ဆိုလျှင် ကျန်ကလေးများမှာ ပို၍ပင် ငယ်ကြသေး၏။

ရှီကျန့်ရှန်း : "ငါတို့အိမ်ကတော့ စီစဉ်ပြီးပြီ၊ ဒီအပတ်ပိတ်ရက်ပဲ"

"ကျွန်မတို့အိမ်လည်း ဒီအပတ်ပိတ်ရက်ပဲ၊ ညည်းတို့က အိမ်မှာပဲ တွေ့ကြမှာလား"

"မဟုတ်ဘူး၊ ကျွန်မတို့က ပန်းခြံထဲမှာ သွားတွေ့ကြမလို့"

"ကျွန်မတို့ကတော့ ရှီချာဟိုင်ဘက် သွားမလို့၊ ဟိုနားဒီနား လမ်းလျှောက်ရင်းပေါ့"

လူစုမှာ စကားဖောင်ဖွဲ့လာကြတော့သည်။ လင်စန်းရှင်း၏ အိမ်တွင်လည်း သမီးတစ်ယောက် ရှိသော်လည်း ယခုတစ်ခေါက် ကြင်ဖက်တွေ့ဆုံပွဲ ရေစီးကြောင်းထဲတွင် သူတို့မိသားစု မပါဝင်ခဲ့ပေ။ ဝင်းထဲရှိလူများရော၊ အောင်သွယ်များပါ သူတို့မိသားစုအကြောင်းကို လှည့်၍ပင် မပြောကြပေ။

လင်စန်းရှင်းမှာ ယင်းအချက်ကို သတိပြုမိပြီး စိတ်ထဲတွင် မတင်မကျ ဖြစ်သွား၏။ သူတို့မိသားစုအနေဖြင့် ယွမ်ဟောက်ဖုန်းကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သော်လည်း ရေပန်းစားသည့် မိန်းမကောင်းတစ်ယောက်ဆိုသည်မှာ လူတကာလိုချင်ရမည်သာ…

မိမိသမီးကို လူအများ လာရောက်ဝိုင်းလုကြလျှင် ဂုဏ်ယူစရာကောင်းသော်လည်း၊ ယခုကဲ့သို့ မည်သူမျှ စိတ်မဝင်စားကြသည့်အခါတွင်မူ ခေါင်းခဲစရာ အမှန်ပင်။ သူမ စိတ်မကျေမနပ်ဖြင့် မကျေမချမ်း ရေရွတ်လိုက်သည်။

"ကျွန်မတို့ လင်းလင်းကတော့ အဖော်ရှာဖို့ မလောပါဘူးအေ…အိမ်ထောင်ဖက်ရှာတယ်ဆိုတာ တစ်သက်လုံးစာ ကိစ္စလေ၊ မျက်စိ ရှင်ရှင်မထားဘဲ ရှာမိလို့ ကျန်းရှင်းဖှလိုလူမျိုးနဲ့ တိုးရင်တော့ ဘဝတစ်ခုလုံး သွားပြီပဲ"

လင်စန်းရှင်း တစ်ယောက်တည်း တတွတ်တွတ် ပြောနေစဉ်မှာပင် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး သူမ၏နောက်ကျောဘက်ကို ကြောင်တောင်တောင် စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ ရုတ်ချည်း ရှက်သွေးဖြန်းသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ကျန်းရှင်းဖှသည် သူမ၏နောက်တွင် ရှိနေသောကြောင့်တည်း။ ကျန်းရှင်းဖှ လင်းစန်းရှင်းကို မျက်မှောင်ကုပ်ကာ စိုက်ကြည့်ပြီးနောက် နှာခေါင်းတစ်ချက်ရှုံ့၊ လှောင်ပြုံးတစ်ချက် ပြုံးကာ လှည့်ထွက်သွားလေ၏။

လင်စန်းရှင်း၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

ချန်ချင်းယွီ : 'ဝိုး…ဒီဝင်းထဲက ဘဝကတော့ တကယ့်ကို သက်ဝင်လှုပ်ရှားနေတာပဲ'

ကျန်းရှင်းဖှ၏ ကိစ္စကြောင့် သူတို့ဝင်းထဲတွင် ကြင်ဖက်တွေ့ဆုံပွဲများ အုန်းအုန်းထကြွလာသလို၊ ပတ်ဝန်းကျင်ရှိ အခြားဝင်းများအပေါ်တွင်လည်း ရိုက်ခတ်မှုရှိပုံရသည်။ ရုတ်တရက်ဆိုသည့်နှယ် လူတိုင်း အိမ်ထောင်ဖက်ရှာရန် အလုပ်ရှုပ်နေကြတော့၏။ ချန်ချင်းယွီသည် နေ့တိုင်း မိုးမလင်းခင် ထွက်သွားပြီး မိုးချုပ်မှ အိမ်ပြန်လာတတ်ရာ လမ်းတွင် အောင်သွယ်များကို ခဏခဏ တွေ့ရတတ်သည်။

ကျန်းရှင်းဖှ၏ အရှုပ်တော်ပုံသည် လူတော်တော်များများကို တကယ်ပင် လန့်ဖြန့်သွားစေပုံရသည်။

သို့သော်လည်း လက်ရှိတွင် ကျန်းရှင်းဖှကိုယ်တိုင်မှာ ပုံမှန်ထက်ပို၍ အေးဆေးငြိမ်သက်နေပြီး အလွန်ကြောက်တတ်ကာ ဘာမှမလုပ်ရဲတော့ပေ။ ဒုက္ခထပ်ရောက်မည်ကို စိုးရိမ်သဖြင့် မကောင်းသောစိတ်ကူးများပင် မတွေးရဲတော့ဘဲ ငြိမ်ကုပ်နေရရှာ၏။ ဆိုရသော် ပြီးခဲ့သည့်အရေးတွင် သူ တကယ်ကို ဒုက္ခကြီးစွာ ခံစားခဲ့ရ၍ပင်။

ကျန်းရှင်းဖှသည် ဖြစ်ပျက်သမျှကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် ထပ်မံ၍ ဘဝင်မြင့်ရဲခြင်း မရှိတော့ပေ။ သူ၏မိခင် အဘွားကြီးဟွမ်မှာမူ အခြားသော စစ်ပွဲမျက်နှာတစ်ခုတွင် ပိတ်မိနေပြီး နေ့တိုင်းလိုလို လူများနှင့် စကားများပွဲ နွှဲနေရသော်လည်း ချန်ချင်းယွီနှင့်မူ သိပ်ပြီး ပဋိပက္ခမရှိလှပေ။ ချန်ချင်းယွီကို အထူးတလည် သဘောကျ၍တော့ မဟုတ်ပေ… ချန်ချင်းယွီသည် သူမ၏ နောက်ကွယ်တွင် အတင်းမပြောသည့်အပြင် နေ့တိုင်း အစောကြီးထွက်ပြီး ညမိုးချုပ်မှ ပြန်လာတတ်သောကြောင့်တည်း..

လတ်တလောတွင် ရာသီဥတု ပူအိုက်လာသော်လည်း ငါးမျှားရန်အတွက်မူ အကောင်းဆုံးအချိန် ဖြစ်သည်။ ချန်ချင်းယွီသည် နေ့တိုင်း ကောက်ရိုးဦးထုပ်လေး ဆောင်းကာ ထွက်လေ့ရှိပြီး သူမ၏ကလေးများဖြစ်သော ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ နေလောင်ပြီး ညိုမှောင်သွားကြပြီဖြစ်၏။ သို့သော်လည်း ချန်ချင်းယွီမှာ နည်းနည်းမျှ နေမလောင်၍ နွေရာသီအပူရှိန်ကြောင့် လူတိုင်း အသားညိုကုန်ကြသည့်ကြားတွင် သူမ၏ ဖြူဖွေးသောအသားအရေသည် သိသိသာသာ ထင်းနေတော့သည်။

မကြာသေးမီအတွင်း သူမ၏ ကံဇာတာသည်လည်း အလွန်တက်နေပြီး နေ့တိုင်း ငါးအမြောက်အမြား မျှားမိနေ၏။

'သေချာတာပေါ့၊ နွေရာသီ နေပူရှိန်အောက်မှာ ငါးတွေအားလုံး ပျင်းရိသွားကြတာကိုး'

သူမ အရွှန်းဖောက်တွေးမိသည်။

ချန်ချင်းယွီသည် နေ့တိုင်း ငါးမျှားသော်လည်း မျှားရလာသောငါးများကို ဘယ်တော့မှ ပြန်မရောင်းသလို၊ အခြားသူများနှင့် လဲလှယ်ခြင်းလည်း လုပ်ခဲလှ၏။ သူမသည် ပိုလျှံသောငါးများကို ငါးခြောက်လုပ်ကာ ဆားနယ်ထားတတ်သဖြင့် ယခုဆိုလျှင် ထိုဝင်းထဲ၌ နာမည်ကျော် "ငါးခြောက်သူဌေးမကြီး" ပင် ဖြစ်နေလေပြီ…. ထို့အပြင် သူမသည် ငါးမျှား၍ရရုံတင်မကဘဲ အခြားသူများထံမှလည်း ငါးများကို ထပ်မံဝယ်ယူတတ်သေးသည်။

သူမသည် ကပ်စေးနည်းပြီး ပိုက်ဆံခြစ်စုနေရမည့် လူတန်းစားမျိုး မဟုတ်သဖြင့် မိမိ၏ စားဝတ်နေရေးဘဝကို ဤကဲ့သို့ မြှင့်တင်နိုင်ခြင်းအပေါ် ကျေနပ်မိ၏။

ပုံမှန်အားဖြင့် ငါးမျှားကွင်းတွင် သက်ကြီးရွယ်အို အဘိုးကြီးများသာ ရှိတတ်သဖြင့် ကလေးနှစ်ယောက်နှင့်အတူ ရောက်လာတတ်သော ချန်ချင်းယွီမှာ လူထူးလူဆန်း ဖြစ်နေတတ်သည်။ သို့သော်လည်း သူမ လာနေသည်မှာ ကြာပြီဖြစ်၍ ပုံမှန်လာနေကျလူများမှာလည်း ရိုးအီသွားကြလေပြီ… အမှန်တကယ် လတ်တလောတွင် ချန်ချင်းယွီတို့မိသားစု၏ ဘဝလေးသည် တကယ့်ကို အေးချမ်းတည်ငြိမ်နေ၏။

ယခုရက်ပိုင်းအတွင်း သူမတို့မိသားစုတင်မကဘဲ အခြားသူများ၏ မိသားစုများပါ တူညီစွာပင် ဘာပြဿနာမျှ မရှိဘဲ ငြိမ်သက်နေကြသည်။

ကျန်းရှင်းဖှ တစ်ယောက် သူလျှိုများနှင့် ပတ်သက်မိလုနီးပါး ဖြစ်ခဲ့ရသည့်အဖြစ်သည် လူတိုင်းကို တကယ်ပင် လန့်သွားစေခဲ့၏။ ယခုဆိုလျှင် လူတိုင်း အလွန်ပင် လိမ္မာ၍ ငြိမ်သက်နေကြလေသည်။ ထိုအရေးကြောင့် လူအများမှာ လျိုကျင့်ကို အထင်သေးကြသော်လည်း တစ်ဖက်တွင်လည်း သနားမိကြပြီး မိမိတို့ကိုယ်တိုင် "ဒုတိယ လျိုကျင့်" ဖြစ်သွားကာ အလိမ်ခံရမည်ကို စိုးရိမ်နေကြ၏။

မည်သူမှ ပြဿနာမရှာရဲကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကံဆိုးမိုးမှောင်ကျလာလျှင် ရင်ဆိုင်ရမည့် အကျိုးဆက်သည် အလွန်ကြီးမားလှ၍ပင်။

လူတိုင်း အေးအေးချမ်းချမ်း နေထိုင်ကြသဖြင့် ချန်ချင်းယွီလည်း ဤကဲ့သို့ တိတ်ဆိတ်အေးချမ်းသော ဘဝကို သဘောကျမိသည်။ သူမသည် ရှုပ်ထွေးပွေလီမှုများကို မနှစ်သက်ပေ။

စည်းစိမ်ဥစ္စာကို တဖြည်းဖြည်းချင်း တည်ဆောက်သွားတာက ပိုမကောင်းပေဘူးလား… နေ့တိုင်း ရန်ဖြစ်

ငြင်းခုံနေရတာက လူကိုလည်း ပင်ပန်းစေသလို ပိုက်ဆံလည်း မစုမိစေဘူး…

ထိုသို့ဖြစ်နေခြင်းသည် တကယ်ကို မလိုအပ်သောအရာပင် ဖြစ်သည်။

သို့သော်လည်း ချန်ချင်းယွီ တွေးမိသည်မှာ လူတိုင်း ယခုလို ပုံမှန်မဟုတ်ဘဲ စိတ်ဆိုးလွယ်၊ ရန်ဖြစ်လွယ်နေကြခြင်းမှာ လက်ရှိတွင် လူတိုင်း ဆင်းရဲမွဲတေနေကြသောကြောင့် ဖြစ်၏။ ဆင်းရဲမွဲတေမှုသည် လူကို ပို၍ တွက်ချက်စွဲလမ်းလာစေသည်။ ပြင်ပလောကမှ ဖိအားများစွာ ရှိနေသည့်အတွက် ရန်ဖြစ်ခြင်းကသာ သူတို့၏ စိတ်ဖိစီးမှုများကို လျှော့ချနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေပုံရသည်။ ချန်ချင်းယွီမှာ ထိုကိစ္စများတွင် ဝင်မပါတတ်ဘဲ ဘေးမှ ပွဲကြည့်ရုံဖြင့် လုံလောက်သည်ဟု ယူဆကာ မိမိလုပ်စရာရှိသည်များကိုသာ အာရုံစိုက်လုပ်ကိုင်၏။

ချန်ချင်းယွီသည် နေ့တိုင်းလိုလို မပျက်မကွက် အပြင်ထွက်လေ့ရှိသည်။

ယနေ့တွင်လည်း သူမသည် ထုံးစံအတိုင်း အပြင်ထွက်သွားခဲ့ပြီး အိမ်သို့ ပြန်ရောက်လာသည့်အခါ ဝင်းထဲသို့ပင် မဝင်ရသေးခင်မှာပင် ဆူညံအုန်းအုန်းထနေသော အသံများကို ကြားလိုက်ရ၏။

"ဘာတွေဖြစ်နေကြတာလဲဟင်"

ချန်ချင်းယွီ လှမ်းမေးလိုက်သည်။

အဒေါ်ကြီးမေ့က သူမ၏လက်ကို အမြန်ဝှေ့ယမ်းပြရင်း

"ရှောင်ချန် နင်ကလည်း ပြန်လာတာ သိပ်နောက်ကျတာကိုး၊ နင့်ယောက္ခမတောင် အလုပ်ဆင်းသွားပြီ"

ချန်ချင်းယွီ ပြုံးပြကာ

"ကိစ္စမရှိပါဘူး ဒေါ်လေးရယ်… ဒီနေ့ ကျွန်မအတွက် ကံကောင်းတဲ့တစ်နေ့ပါပဲ"

အဒေါ်ကြီးမေ့ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

"အမလေး... နင်ကတော့ တကယ့်ကို ထူးခြားတဲ့သူပဲ"

ထိုအခါ ချန်ချင်းယွီ ဟု သိလိုဇောဖြင့် ထပ်မံမေးမြန်းလိုက်၏။

"ဒါနဲ့... ဘာတွေဖြစ်လို့ ဒီလောက်တောင် စည်ကားနေရတာလဲရှင့်"

အဒေါ်ကြီးမေ့ : "အဘိုးကြီးမာရဲ့ ချွေးမက ကျေးလက်ကနေ လာပြီတဲ့အေ့၊ အမလေး... အဲဒီကောင်မလေး ဘယ်လောက်တောင် သန်မာထွားကြိုင်းသလဲဆိုရင် နင်တို့ ယုံတောင် ယုံမှာမဟုတ်ဘူး… ပိုင်ဖုန်းရှန်းကို လက်သီးတစ်ချက်တည်းနဲ့ နံရံဆီ လွင့်ထွက်သွားအောင် ထိုးပစ်လိုက်လို့ရတယ်…တကယ်ပြောတာ... ငါ နည်းနည်းမှ အပိုပြောတာ မဟုတ်ဘူး၊ တကယ့်ကို သန်မာတာ… မာကျန်းတစ်ယောက် ဘာတွေတွေးနေလဲ မသိပါဘူး၊ ဒီချွေးမက ဝက်ဝံတစ်ကောင်ကျနေတာပဲ.. သူ့အမေခမျာတော့ ယောက္ခမလုပ်ရတာ တော်တော် ခေါင်းခဲရတော့မယ်၊ ဒီလိုချွေးမမျိုးကို ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး"

ထိုစကားကို ကြားလိုက်ရသဖြင့် ချန်ချင်းယွီမှာ အံ့အားသင့်သွားပြီး မေးလိုက်မိသည်။

"မာကျန်း မိန်းမ ရောက်လာပြီလားဟင်"

"ရောက်ပြီအေ့.. ဒီမလာခင် အဖွဲ့က စပါးရိတ်သိမ်းတာ ကူညီပေးခဲ့သေးတယ် ပြောတာပဲ၊ သူတို့အဖွဲ့ စိုက်တဲ့မျိုးစေ့တွေက စောစောရင့်မှည့်တော့ ရိတ်သိမ်းတာလည်း ပြီးသွားပြီတဲ့၊ ဒီမိန်းမငယ်လေးက သန်လည်းသန်မာတယ်၊ အသားကလည်း တော်တော် ညိုတာ… နင်တစ်နေကုန် ငါးဖမ်းနေတာတောင် သူ့ထက် အများကြီး ပိုဖြူဦးမယ်"

ထိုစဉ် အဘွားကြီးကျောက် အိမ်ထဲမှ ထွက်လာပြီး ဝင်ပြောလေ၏။

"အဒေါ်ကြီးမေ့ ရှင်ကတော့ ပြောတတ်တာပဲ… ငါတို့ခြံဝင်းထဲမှာ ငါ့ချွေးမထက် ဖြူတဲ့သူ တစ်ယောက်မှ မရှိဘူး"

အဒေါ်ကြီးမေ့ : “….”

'နင်က ဘာတွေ လာဂုဏ်ယူနေတာလဲ…နင်နဲ့ နင့်ချွေးမလည်း အဲလောက်ကြီး မရင်းနှီးပါဘဲနဲ့'

အဘွားကြီးကျောက် ဆက်လက်၍

"ချွေးမရေ... ဒီနေ့ အခြေအနေ ဘယ်လိုလဲ"

"ဒီနေ့ အထွက်ကောင်းတယ်လို့ ပြောရမှာပဲ အမေ"

ချန်ချင်းယွီ ပြုံး၍ ဖြေလိုက်၏။

အဘွားကြီးကျောက်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး မြှောက်ပင့်ပြောဆိုလေသည်။

"ငါသိသားပဲ... ငါ့ချွေးမက တော်သားပဲ"

ချန်ချင်းယွီက ပြုံးပြကာ အိမ်ထဲဝင်၍ အဝတ်အစားလဲပြီးနောက် မျက်နှာသစ်ရန် ပြန်ထွက်လာခဲ့သည်။ ဆည်းဆာနေရောင်အောက်တွင် သူမ၏ ကိုယ်ဟန်သဏ္ဌာန်လေးမှာ ဝင်းပလှပနေ၏။

"အမလေး... နတ်သမီးလေးကျနေတာပဲ"

ထိုရုတ်တရက် ရေရွတ်သံကြောင့် ချန်ချင်းယွီ လန့်သွားပြီး မော့ကြည့်လိုက်ရာ မရင်းနှီးသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာ အသက် ၃၀ ခန့်ရှိပြီး အရပ်ရှည်ရှည်၊ ထွားထွားကျိုင်းကျိုင်း ရှိသော်လည်း ဝဖြိုးနေခြင်းမျိုးတော့ မဟုတ်ပေ။ ဤခေတ်ကာလတွင်လည်း ဝဖြိုးသည့်သူမှာ အင်မတန်ရှားပါး၏။ သူမသည် ပခုံးကျယ်၍ ကြံ့ခိုင်တောင့်တင်းပြီး အသားညိုညိုနှင့် ဖြစ်ကာ ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက် ကျစ်၍ နောက်သို့ ချထားသည်။

ချန်ချင်းယွီ ပြုံးမိသွား၏။ နတ်သမီးဟု အချီးမွမ်းခံရသဖြင့် မည်သူ မပျော်ဘဲ ရှိမည်နည်း။

'ဟိဟိ... တကယ်ကို ဝမ်းသာစရာပဲ'

မာကျန်း : "မိန်းမ... ငါ မိတ်ဆက်ပေးမယ်… ဒါက ဒုတိယဝင်းထဲက ရှောင်ချန်လေ၊ အဒေါ်ကြီးကျောက်ရဲ့ ချွေးမပေါ့.. မင်း သူ့ကို ညီမလို့ ခေါ်ခေါ်၊ ရှောင်ချန်လို့ပဲ ခေါ်ခေါ် အဆင်ပြေပါတယ်"

"ဟုတ်ကဲ့၊ အဆင်ပြေသလို ခေါ်ပါရှင်… မမ နာမည်က ဘယ်လိုခေါ်လဲဟင်"

ချန်ချင်းယွီ ဖော်ဖော်ရွေရွေ မေးလိုက်သည်။

မာကျန်း၏ဇနီးမှာ တောက်ပစွာ ပြုံးလိုက်ပြီး ဝမ်းသာအားရဖြင့်

"မမနာမည်က ချိုက်မင်မင် လို့ ခေါ်ပါတယ်"

သူမသည် အလွန်တက်ကြွ ချက်ချာသူဖြစ်ရာ တန်း၍ ပြောလေတော့၏။

"အစ်မက မာကျန်းရဲ့ မိန်းမပါ၊ အစ်မလို့ပဲ ခေါ်နော်… ရှောင်ချန်က နေ့တိုင်း ငါးဖမ်းထွက်တယ်လို့ ကြားတယ်၊ ဟုတ်လား၊ အစ်မလည်း နောက်ဆို ဒီမှာပဲ အတူတူ လာနေတော့မှာဆိုတော့ ရှောင်ချန်နဲ့ အတူတူ သွားလို့ရမလားဟင်"

ချန်ချင်းယွီ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ချက်ချင်း သဘောတူလိုက်သည်။

"ရတာပေါ့ အစ်မရဲ့"

ချိုက်မင်မင် ဝမ်းသာအားရဖြင့် ချီးမွမ်းလေ၏။

"ရှောင်ချန်က တကယ် လှတာပဲ…ရွာက အလှပဂေးထက်တောင် ပိုလှသေးတယ်၊ မြို့ပြရဲ့ ရေမြေက တကယ်ကို လူကို အသားအရေ စိုပြေစေတာပဲနော်"

ထိုအခါ မာကျန်းမှာ ချက်ချင်း ဝင်ပြောလေသည်။

"မင်းလည်း အရမ်းတော်တာပဲ… ဘယ်မိန်းမမှ မင်းလောက် အလုပ်မလုပ်နိုင်ဘူး"

ချိုက်မင်မင် တဟားဟား ရယ်မောကာ

"ရှင်ကတော့ စကားတွေ သိပ်

တတ်တာပဲ"

မာကျန်းမှာ ကျေးဇူးတင်သည့် အမူအရာဖြင့်

"ငါ အမှန်အတိုင်း ပြောတာပါ… တောရွာမှာတုန်းက မင်းသာမရှိရင် ငါ သေနေလောက်ပြီ၊ ငါ့မိန်းမ ဘယ်လောက် တော်တယ်ဆိုတာ ငါ အသိဆုံးပါ… ဒီလိုတော်တဲ့ မိန်းမကို ရထားတာ ငါတို့ဘဝက သိပ်ပြည့်စုံတာပဲ၊ သူများတွေ ပြောတာက မနာလိုလို့ ပြောတာ၊ ငါက မင်းရဲ့ခင်ပွန်းပဲ... ငါတို့ဘဝ ဘယ်လောက် သာယာလဲဆိုတာ ငါ မသိဘဲ နေမလား"

ချန်ချင်းယွီမှာ ဘေးမှကြည့်ရင်း

“……”

အယ်... ဒီလင်မယား နှစ်ယောက်ကတော့ လူရှေ့သူရှေ့ကြီး အချစ်တွေ လာပြနေကြပြန်ပြီ၊ ဒါကြီးက သင့်တော်ရဲ့လား…

ထို့နောက် ချန်ချင်းယွီ ပြုံးပြကာ ဆိုလိုက်၏။

“အစ်မတို့ ဇနီးမောင်နှံက တကယ် သံယောဇဉ်ကြီးကြတာပဲနော်"

ထိုအခါမှ နှစ်ယောက်သား ရှက်ပြုံးလေးများ ပြုံးလိုက်ကြပြီး၊ မာကျန်းမှာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလေသည်။

"ဒါပေါ့ သူ့ကို ရထားတာ ငါ တကယ် ကံကောင်းတာ… တောရွာက ဘဝက ဘယ်လောက် ခက်ခဲလဲဆိုတာ ညီမတို့ မသိပါဘူး၊ အဲဒီတုန်းက ငါ တကယ် စိတ်ဓာတ်ကျနေတာ၊ သူကပဲ သူရဲကောင်းကြီးလို ငါ့ကို ကယ်တင်ခဲ့တာ"

"ရှင်ကလည်း... ဘာလို့ အဲဒါတွေ လျှောက်ပြောနေတာလဲ၊ ရှက်စရာကြီး၊ ဪ... ဒါနဲ့ ရှောင်ချန်၊ အစ်မက တောကလာတာဆိုတော့ ထွေထွေထူးထူး ဘာမှမပါဘူး… အားလုံးအတွက် မှိုခြောက်လေးတွေ ယူလာပေးတာ၊ ရော့... သုံးဆောင်ပါဦး"

ချိုက်မင်မင် လက်ဆောင်ကမ်းပေး၏။

"ကျေးဇူးအများကြီး တင်ပါတယ် အစ်မ”

ချန်ချင်းယွီ ဝမ်းသာအားရ လက်ခံလိုက်သည်။

"ရပါတယ်အေ၊ အားနာစရာ မလိုပါဘူး… အစ်မလည်း ဒီဝင်းထဲ ရောက်ခါစဆိုတော့ နောက်ဆို ခဏခဏ တွေ့နေရဦးမှာ၊ ဒါက လူမှုရေးအရ ပေးတာပါ"

ချန်ချင်းယွီ ညင်သာစွာဖြင့် ဆိုလိုက်ကာ

"မှိုက ဆီသတ်ချက်စားရင် တော်တော် ဟင်းကောင်းတာ… ညီမလည်း မိုးရွာပြီးတိုင်း မြို့ပြင်ဘက်ကို မှိုသွားရှာလေ့ရှိတယ်"

"ဟာ... အစ်မက မှိုရှာတာ အတော်ဆုံးပဲ၊ နောက်ဆို အတူတူ သွားကြမယ်လေ"

ချိုက်မင်မင် စိတ်အားထက်သန်စွာ ပြော၏။

"ဟုတ်ကဲ့... အစ်မ၊ ညီမ နောက်ကနေ အပိုပစ္စည်းလေး နှစ်ဦး တွဲပါလာတာကို အစ်မ မငြိုငြင်ဘူးဆိုရင်ပေါ့"

ချန်ချင်းယွီ ပြုံး၍ ဆိုသည်။

ထိုစဉ် ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးနှစ်ယောက်မှာ အိမ်တံခါးဝမှ အသာချောင်းကြည့်ရင်း "သမီးတို့ပါ... သမီးတို့က အပိုပစ္စည်းလေးတွေ..." ဟု ပြိုင်တူ အော်ပြောကြ၏။

"ဟီးဟီး... ဟားဟား"

ချိုက်မင်မင် အားရပါးရ ရယ်မိသွားသည်။

ဒီကလေးတွေက 'အပိုပစ္စည်း/ဝန်ထုပ်ဝန်ပိုး' ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ရော နားလည်ရဲ့လားမသိ၊ ပြောပုံက တကယ့်ကို ဂုဏ်ယူဝင့်ကြွားနေလိုက်တာ…

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ထိုစကားလုံးကို နားလည်ကြသည်သာမက၊ မိခင်ဖြစ်သူက စနောက်နေခြင်းဖြစ်မှန်းလည်း ကောင်းကောင်းသိကြ၏။

ကလေးဆိုသည်မှာ အချစ်ခံရခြင်း၊ မခံရခြင်းအပေါ် မူတည်၍ အမူအရာ ပြောင်းလဲတတ်ကြစမြဲ။ လွန်ခဲ့သည့် တစ်နှစ်ခန့်မှဆိုလျှင် ဤကလေးနှစ်ယောက်မှာ ခြောက်လှန့်ခံထားရသည့် ငှက်ငယ်လေးများကဲ့သို့ ချန်ချင်းယွီ့အနားမှ တစ်ဖဝါးမှမခွာရဲအောင် ကြောက်ရွံ့နေခဲ့ကြသော်လည်း၊ ယခုမူ အခြေအနေက လုံးဝခြားနားသွားခဲ့ပြီ… ယခုအခါတွင်မူ သူတို့လေးများသည် အလွန်တက်ကြွပြီး လန်းဆန်းကာ ပျော်ရွှင်နေကြပြီဖြစ်သည်။

ရှောင်ကျား ညီမဖြစ်သူ၏ လက်ကိုဆွဲကာ ဝင်းထဲတွင် ခုန်ပေါက်ပြေးလွှားရင်း ထွေခုန်တမ်း ကစားနေကြ၏။

ချိုက်မင်မင် ထိုကလေးများကို အားကျသည့် မျက်လုံးများဖြင့် ငေးကြည့်မိသည်။

"မိန်းမရေ... ငါတို့ ရှောင်ချန်နဲ့ နောက်မှ ဆက်စကားပြောကြတာပေါ့၊ အခု လောလောဆယ် တခြားအိမ်တွေကို အရင် သွားနှုတ်ဆက်

လိုက်ဦးမယ်"

မာကျန်း လှမ်းခေါ်သဖြင့်၊ ချိုက်မင်မင် ပြန်ထူးကာ

"အေးပါ... သွားကြတာပေါ့"

သူမသည် ချန်ချင်းယွီနှင့် လမ်းခွဲရန် နှမြောတသ ဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမ အိမ်အတော်များများကို လည်ပတ်ခဲ့သော်လည်း လူတိုင်း၏ သဘောထားမှာ မပြတ်မသားနှင့် ဝေခွဲမရသလို ရှိနေကြပြီး၊ ချန်ချင်းယွီ တစ်ယောက်တည်းသာ လှိုက်လှိုက်လှဲလှဲနှင့် စိတ်ရင်းကောင်းပြခဲ့၏။ သူမသည် လှပရုံတင်မကဘဲ စိတ်ထားလည်း ကောင်းမွန်လှကာ၊ မိမိကို လူထူးဆန်းကဲ့သို့ ထူးဆန်းသည့် အကြည့်မျိုးဖြင့် ကြည့်မနေခဲ့ပေ။

စင်စစ်တွင်မူ၊ ဤနေရာသို့ မလာခင်ကတည်းက ချိုက်မင်မင်အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့ရ၏။

သူမသည် အရပ်ရှည်ပြီး ထွားကျိုင်းသဖြင့် ရွာမှလူများ၏ အတင်းပြောခြင်းကို ခံခဲ့ရသည်။ သူမ၏ မိသားစု နောက်ခံကောင်းမွန်သောကြောင့်သာ မာကျန်းကဲ့သို့သော အမျိုးသားမျိုးကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သာမန်မိသားစုဆိုလျှင် မာကျန်းကဲ့သို့ လူမျိုးကို ရှာနိုင်မည်မဟုတ်ကြောင်း လူအများ ကဲ့ရဲ့ကြသည်ကို သူမ သိရှိနေခဲ့၏။

မာကျန်းသည် အလွန်အမင်း ချောမောခန့်ညားသူ မဟုတ်သော်လည်း၊ ရွာရှိ သာမန်အမျိုးသားများနှင့်မတူဘဲ သန့်သန့်ပြန့်ပြန့်နှင့် စာပေတတ်မြောက်သည့် ယဉ်ကျေးသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့်ပင် ရွာသားများ၏ မနာလိုမှုကို ခံခဲ့ရပြီး၊ နောက်ပိုင်းတွင် သူမသည် မိမိ၏ အလုပ်အကိုင် ရာထူးအာဏာကို သုံး၍ မာကျန်းကို အကျပ်ကိုင် အိမ်ထောင်ပြုခဲ့သည်ဟုပင် ကောလာဟလ လျှောက်လွှင့်ကြသေး၏။

ထို့အပြင်၊ အိမ်ထောင်ကျပြီးနောက် ကလေးမရနိုင်ခြင်းသည်လည်း အတင်းဖျင်းပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

သူမသည် ရွာလူကြီး၏ သမီးဖြစ်ပြီး ရွာတွင် အလုပ်အကြိုးစားဆုံး မိန်းကလေး ဖြစ်သော်လည်း၊ လူများ၏ အတင်းပြောခြင်းမှ မလွတ်ကင်းခဲ့ပေ။ တောရွာရှိ မိန်းမများသည် မြို့ပြမှ မိန်းမများနှင့်မတူပေ၊ မြို့ပြတွင် အလုပ်လုပ်ကြရသော်လည်း၊ တောရွာတွင်မူ အတူတကွ စုပေါင်းလုပ်ကိုင်ကြသဖြင့် အလုပ်လုပ်ရင်း စကားစမြည် အတင်းပြောတတ်ကြသည့် အလေ့အထ ရှိကြသည်။

နောက်ပိုင်းတွင်၊ မာကျန်းသည် မြို့ရှိ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရာ၊ လူများမှာ သူ့မိသားစုသည် ဆင်းရဲ၍ သူ့ကို အရေးမစိုက်ကြခြင်း ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြ၏။

သို့သော် လွန်ခဲ့သည့် သုံးလခန့်ကမူ၊ မာကျန်းထံသို့ သူ့ညီမထံမှ စာတစ်စောင် ရောက်ရှိလာခဲ့ပြီး သူတို့သည် အမြဲတမ်း အဆက်အသွယ် ရှိနေခဲ့ကြောင်း သိလိုက်ရသည်။

မာကျန်းသည် ယခုအခါတွင် မြို့သို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ ဖခင်ဖြစ်သူထံ သွားရောက်တောင်းပန်၍ အလုပ်တစ်ခု ရှာဖွေပေးရန် အကူအညီတောင်းရမည် ဖြစ်သော်လည်း၊ တောရွာတွင် ဆက်နေပါက သူ့ဇနီးအနေဖြင့် ရွာသားများ၏ အတင်းအဖျင်းစကားများကို တောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း သူ ခံစားမိ၏။ နှစ်အတော်ကြာသည်အထိ ကလေးမရခြင်းမှာ တောရွာတွင် အလွန်ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့်ပင်…

သူမ၏ မိသားစု နောက်ခံအကာအကွယ်သာ မရှိလျှင် ချိုက်မင်မင်တစ်ယောက် ယခုထက်ပို၍ ကောလာဟလများကို ရင်ဆိုင်ရမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်၊ မာကျန်းဘက်မှ အလျှော့ပေးရန် အဆင်သင့်ဖြစ်နေသရွေ့ ဖခင်

ဖြစ်သူသည်လည်း စိတ်ဆိုးနေမည်

မဟုတ်ပေ။ သို့ဖြစ်၍ မာကျန်းသည် မြို့တွင် အောင်မြင်စွာ အခြေချနိုင်ခဲ့၏။

သူမလည်း လိုက်လာခွင့် ရခဲ့သည်။ သူမတွင် ကျေးလက်အိမ်ထောင်စုစာရင်းသာ ရှိသော်လည်း ပြဿနာမရှိပေ၊ သူတို့သည် တရားဝင် လင်မယားဖြစ်သဖြင့် ယာယီနေထိုင်ခွင့် လျှောက်ထားရုံသာ… အကြီးမားဆုံး အားနည်းချက်မှာ ရိက္ခာခွဲတမ်း မရရှိခြင်း ဖြစ်သော်လည်း၊ မာကျန်းသည် မိသားစုကို သူတစ်ယောက်တည်း ရှာဖွေကျွေးမွေးနိုင်ကြောင်း အာမခံထား၏။

သူမသည်လည်း မိမိ၏ ခင်ပွန်းဖြစ်သူကို အပြည့်အဝ ယုံကြည်ကိုးစားထားလေသည်။

မာကျန်း မြို့ကိုပြန်ဖို့နှင့် သူ့မိန်းမကိုပါ တစ်ပါတည်း ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည့်ကိစ္စမှာ ရွာတစ်ရွာလုံးကို ဟိုးဟိုးကျော် သောင်းသောင်းဖြဖြ ဖြစ်သွားစေခဲ့၏။ ချိုက်မင်မင်၏ မိဘအရင်းခေါင်းချာများပင် ဆွံ့အမှင်သက်သွားကြရသည်။

အစကတော့ မာကျန်းက သမီးဖြစ်သူကို ကွာရှင်းပြတ်စဲတော့မှာမို့ သူမကို အချိုကျွေး ညာဖြားနေတာပဲဖြစ်ရမယ်လို့ သူတို့ ထင်ခဲ့ကြတာ……

သို့သော် မာကျန်းမှာ သမီးဖြစ်သူဘေးနားမှ တစ်ဖဝါးမခွာ ဆက်ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြပေ။

သူတို့သမီးအရင်းအချာက တကယ်ကြီး ပေကျင်းမှာ သွားနေရတော့မှာတဲ့လေ….

"အသက်ရှည်ရှည်နေရင် ထူးဆန်းတာတွေ တွေ့ရတတ်တယ်" ဆိုတဲ့ စကားက တကယ်ပဲ… သူတို့ဘဝသက်တမ်းတစ်လျှောက်မှာ ဒီလိုမျိုး ရှားမှရှားတဲ့ လူကောင်းလူမွန်တစ်ယောက်နဲ့ ဆုံတွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး…

ဘုရားရေ...

သူများတွေကျတော့ နှလုံးသားမရှိတဲ့ ယောက်ျားယုတ်တွေနဲ့ပဲ တိုးနေကြပြီး သူတို့ကျမှ တကယ့်လူကောင်းကြီးနဲ့ လာတိုးတာပဲ…

အမှန်တကယ်တမ်း ချိုက်မင်မင်မှာ မြို့ကို ချက်ချင်း လိုက်သွားရမည် ဖြစ်​သော်လည်း သူမသည် ငြင်းဆန်ခဲ့ပြီး၊ မသွားခင် မိဘများကို ဆောင်းဦးစပါးရိတ်သိမ်းရန် ကူညီပေးဦးမည်ဟု ဇွတ်အတင်း ပြောနေခဲ့သည်။ လွန်ခဲ့သည်နှစ်များအတွင်း မိဘများမှာ သူတို့အိမ်ထောင်ရေးကို အများကြီး ကူညီပေးခဲ့ကြပြီး ခင်ပွန်းဖြစ်သူအတွက် အလုပ်အကိုင်ပါ စီစဉ်ပေးခဲ့ကြသည် မဟုတ်လော့။ သူမ မိဘများ ပတ်ဝန်းကျင်၏ အတင်းအဖျင်းစကားများကို မည်မျှကြားခဲ့ရသည်ကို သူမ အဘယ်မှာ မသိဘဲ ရှိမည်နည်း။

အကြောင်းအရာ အမျိုးမျိုးကြောင့် သူမသည် မာကျန်းနှင့် မထိုက်တန်ဘူးဟု လူတိုင်း သတ်မှတ်ထားကြပြီး မိမိကို သံသယမျက်လုံးများဖြင့် ကြည့်ခဲ့ကြသည်ကို သူမ သိသည်။ ချန်ချင်းယွီ တစ်ယောက်တည်းသာ ထိုသို့မဟုတ်ဘဲ ဖော်ရွေစွာဆက်ဆံခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူမသည် ချန်ချင်းယွီနှင့် အချိန်ပိုပေးပြီး စကားပြောခွင့်ရသည့်အတွက် အလွန် ဝမ်းသာနေမိသည်။ သူမမှာ ဤနေရာကို ယခုမှ ရောက်ခါစဖြစ်ပြီး အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း ရင်ထဲတွင် အတိုင်းအထက်အလွန် ရင်တဖိုဖို ဖြစ်နေခဲ့ရ၏။ မိမိအပေါ် စေတနာထားပြီး အမုန်းမျက်လုံး၊ အမြင်စောင်းခြင်းမျိုးမရှိဘဲ ဆက်ဆံပေးသောသူ ရှိနေသည့်အတွက် သူမ သိပ်ကို ပျော်ရွှင်နေမိခြင်း ဖြစ်သည်။

"ရှောင်ချန်... အစ်မ မနက်ဖြန် နင့်ဆီ လာခဲ့ဦးမယ်နော်"

ချန်ချင်းယွီ ပြုံးပြကာ

"ဟုတ်ကဲ့ပါ အစ်မ"

ကြည့်ပါဦး… ဒီကောင်မလေးက အပြင်ပန်းတင် လှတာမဟုတ်ဘူး၊ စိတ်ထားလေးကပါ တကယ် လှတာပဲ

အဘွားကြီးကျောက် : "သူကတော့ နှုတ်ချိုသွေးတတ်လိုက်တာအေ့…ညည်းကိုကျတော့ 'နတ်သမီးလေး' တဲ့၊ ငါ့ကိုကျတော့ ဘယ်လိုခေါ်မလဲ... 'မန်ကျည်းပင်အိုကြီးက မြေဖုတ်ဘီလူးမ' လို့ ခေါ်မလားမသိဘူး"

ချန်ချင်းယွီ : ".. ဟားဟားဟား.. ဘယ်သူက အဲလိုကြီး လျှောက်ခေါ်မှာလဲ အမေရဲ့… ပြီးတော့ အဲလိုခေါ်ရင်တောင် ကျွန်မကတော့ ချီးမွမ်းတာလို့ပဲ သဘောထားမှာ… ဘယ်လို မိစ္ဆာပဲဖြစ်ဖြစ် မိစ္ဆာမှန်သမျှက ရုပ်ရည်ချောမောကြတာချည်းပဲဥစ္စာ… ကိုယ့်ကို ရုပ်ချောတယ်လို့ ပြောခံရတာ မကောင်းဘူးလား"

"ဒါဆို ညည်းပြောပုံအရဆို... လူတစ်ယောက်ကို မြေခွေးမ/မြေခွေးဝိညာဉ်လို့ ခေါ်တာက ဆဲတာ မဟုတ်ဘူးပေါ့ ဟုတ်လား"

ချန်ချင်းယွီ တုံ့ပြန်ကာ

"မဟုတ်တာပေါ့ အမေရဲ့… လူတစ်ယောက်က ရုပ်ဆိုးနေရင် အဲဒီစကားလုံးနဲ့ အပြောခံရဖို့ တန်ပါ့မလား၊ အဲဒီစကားလုံးက များသောအားဖြင့် အလှအပကို ချီးကျူးတဲ့နေရာမှာ သုံးတာ မဟုတ်ဘူးလားဟင်"

"ညည်းကတော့ စကားကို လှည့်ပတ်ပြောတတ်လွန်းတယ်"

အဘွားကြီးကျောက် ချန်ချင်းယွီကို မျက်စောင်းတစ်ချက် ခဲလိုက်ပြီးနောက် ငါးများကို ကောက်ယူရန် လှည့်လိုက်သည်။ ယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံးမှာ တစ်ဦးနှင့်တစ်ဦး အပေးအယူ တည့်လှပြီး ကိုယ့်အလုပ်ကိုယ် အသီးသီး လုပ်နေကြ၏။ ချန်ချင်းယွီသည်လည်း ရလာသည့် မှိုခြောက်များကို သိမ်းဆည်းလိုက်သည်။ ယခုအချိန်တွင် ဟင်းသီးဟင်းရွက်များ ပေါများနေသဖြင့် ချက်ချင်းစားရန် မလောသေးပေ။ မုန်လာဥဖြူများနှင့် မုန်လာထုပ်များ ပေါများလှမည့် ဆောင်းရာသီကျမှ စားလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အဘွားကြီးကျောက် : "တို့ ထမင်းချက်ဆောင်က မီးဖိုမှူးက ငါးကို ဆီပူပူနဲ့ ကြော်တာအေ့၊ ဆီကလည်း ရွှဲနေတာပဲ... အဲဒါ ဘယ်လိုလုပ်ပြီး မစားကောင်းဘဲ ရှိပါ့မလဲ"

ချန်ချင်းယွီ : "ဒါဆိုရင် ကျွန်မတို့လည်း မနက်ဖြန် ကြော်စားကြတာပေါ့"

"နင်က ဘယ်လိုကြော်ရမလဲ သိလို့လား…နင်ကတော့ တကယ်ကို လေကြီးလွန်းတယ်… သူတို့က အရင်ကြော်ပြီးမှ ဆော့စ်အနှစ်နဲ့ ပြန်လူးတာ၊ တကယ့်ကို အဆင့်မြင့်တာအေ့"

ချန်ချင်းယွီ ပြန်ချေပကာ

"ကျွန်မက ဘာလို့ မသိရမှာလဲ… ဆီပါရင်ကို စားကောင်းတာပဲလို့ အမေကိုယ်တိုင် ပြောတာလေ"

"...အဲဒါက ဘယ်သူလုပ်သလဲ ဆိုတာပေါ်လည်း မူတည်သေးတယ်"

အဘွားကြီးကျောက် ပြောစကားကြောင့် ချန်ချင်းယွီ မျက်စောင်းထိုးလိုက်၏။

"နေဦးပေါ့... နင် စောင့်ရုံသာစောင့်ကြည့်၊ ငါကမှ တကယ့်

အဆင့်မြင့် ပညာရှင်"

အဘွားကြီးကျောက် ကြုံးဝါးလေသည်။

သူမသည် ချန်ချင်းယွီကို တစ်ချက် ပြန်ကြည့်ပြီး မနေနိုင်ဘဲ ချီးကျူးလိုက်မိ၏။

"ဟယ်... နင်က ဒီလောက်နေပူထဲသွားတာကို တကယ်ကို သန့်သန့်ပြန့်ပြန့်နဲ့ ဖြူစင်ဝင်းပနေတာပဲနော်"

ချန်ချင်းယွီ : “ကျွန်မက ကောက်ရိုးဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေ ဝတ်ထားတာပဲ၊ ဘယ်လိုလုပ် အသားမည်းပါ့မလဲ အမေရဲ့"

ချန်ချင်းယွီသည် မိမိရုပ်ရည်ကို ထူးထူးခြားခြား ဂရုစိုက်လွန်းနေ၍ မဟုတ်ဘဲ၊ နေလောင်လျှင် အရေပြားရောဂါ ရနိုင်သောကြောင့်ပင်။ ထို့ကြောင့် ပူအိုက်မည်ဖြစ်သော်လည်း သူမသည် အကာအကွယ်ကို သေချာ ပြုလုပ်ထားခြင်း ဖြစ်သည်။ နေလောင်ဒဏ် ခံရသည်ထက်စာလျှင် ပူစပ်ပူလောင် ဖြစ်ရသည်မှာ ပို၍ သက်သာသေး၏။

ချန်ချင်းယွီ : "ဒီည ချက်ချင်း ငါးပေါင်း/ငါးစွပ်ပြုတ် လုပ်ကြမလား"

"အေး... လုပ်လေ"

ယောက္ခမနှင့် ချွေးမနှစ်ဦးစလုံးမှာ ချမ်းချမ်းသာသာနှင့် ဘဝကို ဖြတ်သန်းနေကြသည်။ ချန်ချင်းယွီ အလုပ်မလုပ်သော်လည်း အိမ်သို့ ပစ္စည်းပစ္စယ တော်တော်များများကို ယူဆောင်လာနိုင်ဆဲ ဖြစ်၏။ အဘွားကြီးကျောက်သည်လည်း ငတုံးမဟုတ်သဖြင့် ချန်ချင်းယွီ မည်မျှ စွမ်းဆောင်ရည်ရှိသည်ကို သဘာဝကျကျ သိရှိနေသည်။ အကယ်၍ အခြားသူ၏ ချွေးမသာဆိုလျှင် သူမအနေဖြင့် စိတ်မအေးဖြစ်ပြီး ချွေးမ ဖောက်ပြန်နေသည်ဟု သံသယဝင်မိနိုင်သော်လည်း၊ အဘွားကြီးကျောက်အဖို့မူ သူမ၏စိုးရိမ်ပူပန်မှုသည် ချန်ချင်းယွီသည် တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်လိုက်ပြီလား ဆိုသည်မျိုးသာ ဖြစ်၏။

ကိုယ်ကျင့်တရားပိုင်းနှင့် ပတ်သက်လာလျှင် အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ ယုံကြည်သည်ထက် ချန်ချင်းယွီကို ပို၍ ယုံကြည်ကိုးစားသည်။

မိမိအနေဖြင့် ဘဝ၏ ဒုတိယနွေဦးကို (နောက်အိမ်ထောင်) ရှာဖွေကောင်းရှာဖွေနိုင်သော်လည်း ချန်ချင်းယွီသည်ကား ထိုသို့လုပ်မည့်သူ မဟုတ်ပေ။

"နင် ငါ့ကိုပဲ စိတ်ဆိုးချင်ဆိုး… အပြင်ထွက်ရင်တော့ အဲဒီလို ပုံစံမျိုး မလုပ်နဲ့ဦး၊ ဒုက္ခတွေ ရောက်ကုန်ပါ့မယ်"

သူမသည် လွန်ခဲ့သောတစ်ခေါက် ကျန်းရှင်းဖှကို ကစားလိုက်ရာမှ လူတစ်အုပ်ကြီး ထောင်ထဲ ရောက်သွားခဲ့ရသဖြင့် အဘွားကြီးကျောက်မှာ ယခုထိ ရင်တမမ ဖြစ်နေရဆဲပင်။ သူလျှိုကို ဖမ်းမိလိုက်ခြင်းသည် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း၊ အဘွားကြီးကျောက်အနေဖြင့် ထိုအရာအားလုံးသည် ချန်ချင်းယွီ ကျန်းရှင်းဖှကို ဆုံးမချင်ရုံသက်သက်ကြောင့် ဖြစ်လာရသည်ဟု ယနေ့တိုင် မယုံနိုင်သေးပေ…

ဒီလိုမျိုး ထူးဆန်းအံ့ဩစရာကောင်းပြီး တိုက်ဆိုင်လွန်းလှတဲ့ ကိစ္စမျိုးကို သူမ တစ်ခါမှ မကြုံဖူး၊ မကြားဖူးခဲ့ဘူး… ဒါတိုက်ဆိုင်တာ မဟုတ်ဘူး… ချန်ချင်းယွီ တမင်လုပ်တာပဲဖြစ်မယ်…

မကြားစဖူး အံ့ဩဖွယ်ရာပင်…

"ဒီရက်ပိုင်း ခြံဝင်းကြီးက တော်တော်လေး တိတ်ဆိတ်နေတယ်နော်"

ချန်ချင်းယွီ ပြုံးပြီး ခေါင်းညိတ်ထောက်ခံလိုက်၏။

"ဒါနဲ့... မနက်ဖြန်က စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ပဲ၊ နင် ငါးဖမ်းသွားဦးမှာလား"

ချန်ချင်းယွီ အံ့အားသင့်လျက်

"ငါးမဖမ်းရင် ကျွန်မက အိမ်မှာ ဘာလုပ်နေရမှာလဲ…ဘာကိစ္စရှိလို့လဲဟင်"

အဘွားကြီးကျောက် : "ဘာမှတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မနက်ဖြန် ယွမ်ဟောက်ဖုန်းရဲ့ ကြင်ဖက်တွေ့ပွဲ ရှိတယ်လို့ ကြားတယ်၊ နင်က မကြည့်ဘဲ နေမလို့လား"

ဤရက်ပိုင်းအတွင်း အောင်သွယ်

ကြင်ဖက်တွေ့မှုများ အများကြီး ရှိခဲ့သော်လည်း အများစုမှာ အပြင်ဘက်တွင်သာ သွားတွေ့ကြပြီး ခြံဝင်းထဲကို ပြန်ခေါ်လာခြင်းမျိုးသည် အနည်းငယ်သာ ရှိသည်။

ကောင်းပြီ... အဲဒါကို ဘယ်လိုပြောရမလဲဆိုတော့ အိမ်နီးချင်းယုံကြည်မှု လို့ပဲ ပြောရမလား…

ဤရက်ပိုင်းအတွင်း ကြင်ဖက်တွေ့သူများ သိပ်များနေပြီး၊ ခြံဝင်းထဲတွင်လည်း လူပျိုလူလွတ် အရွယ်ကောင်း ယောက်ျားပျိုများ ရှိနေကြ၍ ချိန်းတွေ့မည့် မိန်းကလေးကို တခြားသူ ကြားဖြတ်လုသွားမှာကို အားလုံး စိုးရိမ်နေကြခြင်း ဖြစ်၏။

အားလုံးက လူပျိုလူလွတ်တွေ ဖြစ်နေကြတာကိုး…

ချစ်သူရည်းစား အလုခံရခြင်းမျိုးမှာ သိပ်မရှိလှသော်လည်း ဖြစ်တတ်သည့် ကိစ္စဖြစ်၍ အားလုံးမှာ လောလောဆယ် အပြင်ဘက်တွင်သာ တွေ့ဆုံခြင်းသည် ပိုပြီး စိတ်ချရကြောင်း ယူဆကြသည်။

ယွမ်ဟောက်ဖုန်း တစ်ယောက်တည်းသာ ခြံဝင်းထဲတွင် ကြင်ဖက်တွေ့ဝံ့လောက်အောင် ယုံကြည်ချက် ရှိနေခြင်း ဖြစ်၏။

အဟမ်း… သူကတော့ သူ့လူကို တခြားသူ လုသွားမှာကို မကြောက်ဘူးလေ…

ချန်ချင်းယွီ နှာခေါင်းရှုံ့ သရော်ကာ

"သူက ကြင်ဖက်ချိန်းတွေ့ဦးမလို့လား၊ ဟဟ...”

ချန်ချင်းယွီ သရော်ပြုံး ပြုံးလိုက်မိ၏။

ယွမ်ဟောက်ဖုန်းတစ်ယောက် အပြင်မှာ ပြည့်တန်ဆာခေါင်းဆောင်မတစ်ယောက်နဲ့ ပွေရှုပ်နေတာကို သူတို့တွေ မသိဘူးလို့ အောက်မေ့နေတာလား… အဲဒါကိုတောင် အေးအေးဆေးဆေး မိန်းကလေးကောင်းတွေကို ဖျက်ဆီးဖို့ ကြံစည်ရဲသေးတယ်ပေါ့…

ချန်ချင်းယွီ : "ဘယ်မိန်းကလေးက ကံဆိုးမလို့လဲ မသိဘူး"

"ငါတို့လည်း ဘယ်လိုလုပ် သိမှာလဲ… သူတို့မိသားစုကလည်း ထုတ်မပြောဘူးလေ"

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည် ညစာအတူတူ ပြင်ဆင်ရင်း တိုးတိုးတိုးတိုးဖြင့် အတင်းပြောနေကြသည်။

"ဒီရက်ပိုင်းအတွင်း ငါ သူ့ကို ကြည့်မိတာ... လမ်းလျှောက်ရင် ခြေလှမ်းတွေက ပျော့ခွေနေပြီး မျက်ကွင်းတွေကလည်း ညိုမည်းနေတာပဲ၊ တစ်ကိုယ်လုံး အင်အားကုန်ခမ်း ခြောက်ကပ်နေတဲ့ ပုံစံမျိုး ထွက်နေတာ… ဒီလိုရုပ်နဲ့ ကြင်ဖကမတွေ့ဖို့ လုပ်နေတာကိုတော့ ငါ တကယ် စကားတောင် မဆိုချင်တော့ဘူး"

ချန်ချင်းယွီ ရယ်မောကာ

"သူ့ကိုယ်သူ ယုံကြည်ချက်တွေ သိပ်ရှိနေတာ ထင်တယ်"

"ယုံကြည်ချက် ရှိမရှိတော့ ငါမသိဘူး၊ ဒါပေမဲ့ သူ အခု တော်တော် ချမ်းသာနေတာတော့ အမှန်ပဲ… ကြည့်ဦးလေ... ဒီရက်ပိုင်းအတွင်း အဝတ်အစားသစ်တွေ၊ ဖိနပ်အသစ်တွေချည်းပဲ ဝတ်နေတာ၊ ညည်း မြင်လိုက်လား…လက်ပတ်နာရီအသစ်ကြီးတောင် ဝတ်ထားသေးတယ်"

ချန်ချင်းယွီ : "မိန်းမဆီက ပိုက်ဆံအလကားယူသုံးရတာ တော်တော် ဇိမ်ကျတာပဲနော်… ဒါပေမဲ့ လူတိုင်းကတော့ အဲဒီလိုမျိုး ပိုက်ဆံမရှာနိုင်ကြပါဘူး၊ သူ့ပုံစံက ခြောက်ကပ်နေတာ ကြည့်ဦး.. ပိုက်ဆံရလည်း မတန်ပါဘူး"

"နင်လည်း အဲ့လိုထင်တာမလား ငါလည်းအတူတူပဲ"

ချန်ချင်းယွီ : "အာ... ဟုတ်သားပဲ…အမေ... ကျွန်မ မနက်ဖြန် ငါးမဖမ်းတော့ဘူး၊ တို့တွေ မြို့ပြင်ဘက်ကို လမ်းလျှောက်ထွက်ကြမလား"

အဘွားကြီးကျောက် "........."

စကားဝိုင်းက ဘယ်လိုဖြစ်ပြီး ဒီဘက်ကို ရုတ်တရက်ကြီး လှည့်သွားရတာပါလိမ့်…

ချန်ချင်းယွီ : "ကျွန်မ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို အပြင်ခေါ်သွားချင်လို့ပါ… သူတို့ခမျာ ကျွန်မနဲ့အတူ ငါးဖမ်းလိုက်ရင်း ကမ္ဘာကြီးရဲ့ အဲဒီထောင့်ကျဉ်းလေးတစ်ခုထဲမှာပဲ အမြဲ ရှိနေရှာတာ… အခုလို အချိန်ရတုန်းလေး ကလေးတွေကို ပိုပြီး ဆော့ကစားခွင့် ပေးသင့်တယ်လေ၊ သူတို့ အသက်ကြီးလာမှ အပြင်ထွက်ရင် စိတ်နေစိတ်ထားက တစ်မျိုး ဖြစ်သွားလိမ့်မယ်" ဟ

အဘွားကြီးကျောက် : "နင် သဘောပါအေ"

ချန်ချင်းယွီ : "ပြီးရော ဒါဆို ဒါပဲနော် အမေ"

အဘွားကြီးကျောက်က စိတ်ထဲမရိုးမရွဖြင့်

"တကယ်တော့ ငါ ကြင်ဖက်တွေ့ဆုံတာတွေကို သွားကြည့်ချင်သေးတာ"

ချန်ချင်းယွီ : "ကျွန်မကတော့ အချိန်ကုန်ရုံပဲ ရှိလိမ့်မယ်၊ ဘာမှ ဖြစ်ထွန်းလာမှာ မဟုတ်ဘူးလို့ ထင်တာပဲ"

"နင်က ဘာကို ဆိုလိုတာလဲ"

ချန်ချင်းယွီ :"လွန်ခဲ့တဲ့တစ်ခေါက်က ကျွန်မတို့ခြံဝင်းထဲမှာ လုပ်တဲ့ ကြင်ဖက်ချိန်းတွေ့မှုတွေ တစ်ခုမှ အဆင်မပြေခဲ့ဘူးလေ…ဒါပေမဲ့ အပြင်မှာ သွားတွေ့တဲ့ဟာတွေကျတော့ အားလုံး အောင်မြင်ကြတယ်မဟုတ်လား… ကျွန်မတို့ခြံဝင်းကြီးက ကြင်ဖက်တွေ့ဆုံဖို့ နေရာကောင်း မဟုတ်ဘူးလို့ အမေ မထင်ဘူးလား"

အဘွားကြီးကျောက် စဉ်းစားကြည့်ရာ တကယ်ပင် ဟုတ်နေသဖြင့် သူမ၏ ပေါင်ကို ဖြတ်ခနဲ ရိုက်ကာ အလေးအနက်ဆိုလေတော့၏။

“နင်ပြောတာ တကယ် ဟုတ်တယ်... နင်ပြောမှပဲ ငါလည်း သတိထားမိတော့တယ်၊ အေ့... ဟုတ်ပါရဲ့"

ချန်ချင်းယွီ : "ဟုတ်တယ်မလား… ဒါကြောင့် သူများတွေ အဆင်မပြေဖြစ်မှာကို ကျွန်မတို့တွေ သွားကြည့်နေဖို့ တကယ်မလိုပါဘူး"

အဘွားကြီးကျောက် : "ဒါဆို မနက်ဖြန် မြို့ပြင်သွားရင် ဘာတွေ ယူသွားကြမလဲ… နေ့လယ်စာကို အဲဒီမှာပဲ စားရမှာ မဟုတ်လား"

ချန်ချင်းယွီ : "ဒီရက်ပိုင်း ငါးတွေပဲ ခဏခဏ စားနေရတာဆိုတော့ ငါးကိုတော့ ချန်ထားခဲ့ရအောင်… ကျွန်မ သားသတ်ရုံသွားပြီး အသားအချို့ ဝယ်လာခဲ့မယ်၊ တို့တွေ အသားကင် စားကြမလား"

"အေး... ကောင်းသားပဲ..."

ချန်ချင်းယွီ : "ငရုတ်သီးစိမ်းတွေနဲ့ ပဲသီးတွေကို ကင်စားရင်လည်း တော်တော် စားလို့ကောင်းမှာ"

အဘွားကြီးကျောက်

အံ့ဩတကြီးဖြင့်

"ဒီအရာတွေကိုပါ ကင်စားလို့ရတာလား"

"ရတာပေါ့ အမေရဲ့"

အဘွားကြီးကျောက် သဘောတူလိုက်ကာ

"ကဲ... ဒါဆိုလည်း ပြီးရောအေ"

သဘောတူညီမှု ရပြီးသည်နှင့် အဘွားကြီးကျောက်သည် သူမ၏ အိတ်လေးကို ဆွဲကာ အပြင်သို့ ခပ်သွက်သွက် ထွက်လာခဲ့၏။

လမ်းတွင် ရှီကျန့်ရှန်းနှင့် တိုးရာ သူမသည် လှမ်းမေးလာသည်။

"အဘွားကြီးကျောက်... ဘယ်လဲဟင်"

အဘွားကြီးကျောက် : "အသားသွားဝယ်မလို့အေ့… မနက်ဖြန် ကလေးတွေကို ခေါ်ပြီး မြို့ပြင်ကို ပျော်ပွဲစားထွက်ဖို့ အစီအစဉ်ရှိလို့လေ၊ အဲဒါ နေ့လယ်စာအတွက် ပြင်ဆင်မလို့"

'ညည်းကတော့ တကယ်ကို ကြွားလုံးထုတ်နေတာပဲ… အသားစားရတာကို တစ်ကမ္ဘာလုံး သိအောင် လိုက်ကြေညာနေတာလား… ညည်းတို့တွေကပဲ မစားနိုင်လို့ကျနေတာပဲ'

ရှီကျန့်ရှန်း စိတ်ထဲမှ ကဲ့ရဲ့ရှုံ့ချလိုက်မိသည်။ သို့သော် အပြင်ပန်းတွင်မူ သူမမှာ

"မနက်ဖြန် ခြံဝင်းထဲက ပွဲကောင်းကို မကြည့်တော့ဘူးလား"

အဘွားကြီးကျောက် လက်ခါပြလျက်

"ဟင့်အင်း... ငါ မကြည့်တော့ဘူး"

ထို့နောက် ချန်ချင်းယွီ ပြောခဲ့သည့် စကားကို သတိရပြီး အသံကို နှိမ့်လျက်

"ငါ့အထင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူးအေ… သွားကြည့်ရင်လည်း အချိန်ကုန်ရုံပဲ ရှိမှာ၊ ငါ ညည်းကို ပြောပြမယ်... သေချာ စဉ်းစားကြည့်ဦး၊ ငါပြောတာ ဟုတ်မဟုတ်…… ငါက ဉာဏ်ပြေးလို့ ချက်ချင်း သတိထားမိတာ၊ တခြားသူတွေဆို ဒါကို သတိတောင် မထားမိကြဘူး"

ရှီကျန့်ရှန်း : "ဟယ်... နေပါဦး၊ အဘွားကြီးကျောက် ရှင်ပြောတာ တကယ် အဓိပ္ပာယ်ရှိတယ်"

"ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်မတို့အိမ်ကလူလည်း ခြံဝင်းထဲမှာပဲ ကြင်ဖက်ချိန်းတွေ့တာ မအောင်မြင်ခဲ့ဘူး…ကြည့်ရတာ လူက အဆင်မပြေတာ မဟုတ်ဘဲ နေရာက မှားနေလို့ ထင်

တယ်"

အဘွားကြီးကျောက် : "ဒါပေါ့... သေချာတာပေါ့"

"မဟုတ်သေးပါဘူး... မဟုတ်သေးပါဘူး၊ ငါ ငါ့ယောက်ျားနဲ့ ချက်ချင်းသွားတိုင်ပင်ပြီး ချိန်းတွေ့မယ့်နေရာကို ပြောင်းခိုင်းရမယ်.. အခု ရာသီဥတုက ပူပြင်းနေတာဆိုတော့ ပန်းခြံထဲမှာ လှေလှော်ထွက်ဖို့ အကောင်းဆုံးပဲ၊ ငါ့သားရဲ့ ကြင်ဖက်တွေ့ဆုံမှုကို မဖြစ်ဖြစ်အောင် ပြောင်းရမယ်"

ရှီကျန့်ရှန်း ပျာပျာသလဲဖြင့် ပြေဆို၍ ပြေးထွက်သွား၏။

"ငါ ငါ့ယောက်ျားနဲ့ ချက်ချင်း သွားဆွေးနွေးရမယ်"

"ငါလည်း အသားသွားဝယ်ဖို့ လောနေပြီ"

အဘွားကြီးကျောက်သည်လည်း ခပ်သွက်သွက် ထွက်ခွာသွားသည်။

အိမ်ထဲမှ ထိုစကားများကို ကြားလိုက်ရသော ချန်ချင်းယွီမှာမူ ပြုံးလျက် ခေါင်းကိုသာ ခါမိ၏။

"အစ်မချန်... အိမ်မှာ ရှိလားခင်ဗျာ"

"ရှိတယ်"

ချန်ချင်းယွီ ပြန်ထူးကာ အပြင်သို့ ထွက်ကြည့်လိုက်စဉ်၊ တံခါးဝတွင် ရပ်နေသော ယွမ်ဟောက်ဖုန်းကို တွေ့လိုက်ရသည်။

ချန်ချင်းယွီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိပြီး မေးမြန်းလိုက်၏။

"ရှောင်ယွမ်... ဘာကိစ္စရှိလို့လဲ"

ယွမ်ဟောက်ဖုန်း : "အစ်မချန်... ဒီနေ့ ငါးအများကြီး ရတယ်လို့ ကြားလို့၊ ကျွန်တော် တစ်ကောင်လောက် လာလဲချင်လို့ပါ"

သူ့အမေ ဖြစ်သူသည်လည်း လွန်ခဲ့သောရက်၌ ငါးလာဝယ်ရန် ကြိုးစားခဲ့သော်လည်း အငြင်းခံခဲ့ရသည်ကို သူ ကောင်းကောင်းသိ၏။

ချန်ချင်းယွီသည် ထိုကိစ္စများကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ကာ၊ အဘွားကြီးကျောက်သည်လည်း လူချင်းတွေ့လျှင် ချက်ချင်း မောင်းထုတ်လေ့ရှိသည်။ ခြံဝင်းထဲမှ မည်သူမျှလည်း ကင်းလွတ်ခွင့်မရသဖြင့် မည်သူမျှ လာရောက်ပတ်သက်ခြင်း မပြုကြပေ။ အဆုံး၌ အဘွားကြီးကျောက်သည် စွာကျယ်မတစ်ဦး ဖြစ်သဖြင့် လူအများစုမှာ သူမကို မပြစ်မှားရဲကြပေ။ ငါးကလေးတစ်ကောင်အတွက်နှင့် ရန်သူမွေးရသည်မှာ မတန်သဖြင့် အခြားနေရာတွင်သာ ရှာဖွေကြတော့သည်။

ပိုက်ဆံမပေးရဘဲ နေမှာလဲ မဟုတ်ဘဲနဲ့… တခြားမှာပဲ ရှာတော့မှာပေါ့

သို့သော် ယခုတစ်ကြိမ်တွင် ယွမ်ဟောက်ဖုန်းမှာ ပို၍ လိုချင်နေသဖြင့် ချန်ချင်းယွီ့ထံသို့သာ လာခဲ့ရခြင်း ဖြစ်၏။ သူသည် အဘွားကြီးကျောက် မရှိသည့်အချိန်ကို အကွက်ချချောင်းမြောင်း၍ လာခဲ့ခြင်းဖြစ်ပြီး၊ စကားကောင်း အနည်းငယ်ပြောကာ လဲလှယ်ရန် ရည်ရွယ်ထားသည်။ အဘွားကြီးကျောက်နှင့် တွေ့တိုင်းတွင်မူ ပညာရှိနှင့် စစ်သား တွေ့သကဲ့သို့ ဖြစ်ကာ၊ မည်သည့် အကျိုးအကြောင်းပြချက်မျှ အရာမထင်တတ်ပေ။

"စိတ်ချပါ အစ်မချန်ရယ်၊ ကျွန်တော် အစ်မကို ဘယ်လိုမှ အခက်အခဲ မဖြစ်စေရပါဘူး… ကျွန်တော်တို့တွေ ပိုက်ဆံအကြောင်း မပြောဘဲ... ကျွန်တော် တစ်ခုခုနဲ့ လဲပေးမယ်လေ၊ အဆင်ပြေတယ်မလား"

ချန်ချင်းယွီ ခေါင်းခါပြကာ

"မရပါဘူး"

သူမ၏ ပြတ်သားမှုကြောင့် ယွမ်ဟောက်ဖုန်းမှာ အံ့အားသင့်သွားရသည်။

ချန်ချင်းယွီ ရိုးသားသော အမူအယာဖြင့် တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ဆိုလေ၏။

“ငါက အိမ်ကိစ္စတွေကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူး…ငါ့ကို ပြောလည်း အပိုပဲ၊ ယောက္ခမသာ သဘောမတူရင် ငါလည်း ဘယ်တော့မှ သဘောမတူရဲဘူး၊ ဒါက တကယ်ကို မဖြစ်နိုင်တာပါ… အကယ်၍ လဲချင်တယ်ဆိုရင် သူ့ဆီပဲ သွားပြောပါ၊ ဒါပေမဲ့... အခြားသူကိုပဲ ရှာလိုက်တာ ပိုကောင်းပါလိမ့်မယ်…တကယ်ပြောတာပါ... ငါ့ရဲ့ ယောက္ခမက စကားပြောရတာ မလွယ်ကူဘူး… ငါ မလိမ်ပါဘူး"

ယွမ်ဟောက်ဖုန်း : “…”

'ခင်များရဲ့ တကယ်ကို ရိုးသားဖြောင့်မတ်လွန်းတဲ့ ပုံစံကြီးကြောင့် ကျွန်တော် ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး'

သူသည် ခဏမျှ စဉ်းစားပြီး အသံကို နှိမ့်ကာ ဆိုလိုက်သည်။

"တကယ်တော့... ဒီငါးတွေကို အစ်မကိုယ်တိုင် ဖမ်းမိခဲ့တာပဲဥစ္စာ..."

ချန်ချင်းယွီ ချက်ချင်းပင် စကားဖြတ်လျက် ပြတ်ပြတ်သားသား ပြောလိုက်၏။

"တို့တွေကြားထဲ ရန်တိုက်ပေးဖို့ မကြိုးစားပါနဲ့… ငါကတော့ ယောက္ခမကို တကယ် မပြစ်မှားရဲဘူး… ယွမ်ဟောက်ဖုန်း... နင် မြစ်ဘက်ကို သွားပြီး လဲမယ့်သူကို ရှာလိုက်ပါ၊ တကယ်ပြောတာ... အဲဒီကို တန်းသွားလိုက်ရင် လဲပေးမယ့်သူ သေချာပေါက် ရှိလိမ့်မယ်.. နင် ငါ့ဆီ လာရင်တော့ ဘယ်လောက်ပဲ စကားချိုချို... အလုပ်ဖြစ်မှာ မဟုတ်ဘူး"

ချန်ချင်းယွီ၏ ထိုကဲ့သို့သော ပုံစံကို မြင်လိုက်ရသောအခါ ယွမ်ဟောက်ဖုန်းမှာ ဘာလုပ်ရမှန်း မသိတော့ပေ။ အစ၌ စကားကောင်းလေး ပြောလိုက်လျှင် တစ်ခုခုတော့ ထူးခြားလိမ့်မည်ဟု ထင်ခဲ့သော်လည်း၊ ချန်ချင်းယွီ၏ ယခုပုံစံကြောင့်... သူလည်း စိတ်ပျက်သွားရသည်။ ဤမျှ ရိုးအထူပိန်း၍ ကြောက်တတ်လွန်းသည့်သူမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သို့သော် သူမ ဤသို့ ကြောက်တတ်နေသည်မှာလည်း ယခုမှ ပထမဆုံးအကြိမ် မဟုတ်သည်ကို သူ သတိရလိုက်၏။

"ဟူး... ကဲပါလေ၊ ထားလိုက်ပါတော့… ကျွန်တော်လည်း ထပ်ပြီး စဉ်းစားကြည့်ပါဦးမယ်… ကျွန်တော် တကယ်ပဲ အစ်မရဲ့ယောက္ခမကို ရင်ဆိုင်ရမှာ ကြောက်လို့ပါ"

ယွမ်ဟောက်ဖုန်း ရှားရှားပါးပါး အမှန်အတိုင်း ပြောရှာသည်။

ချန်ချင်းယွီ ပြန်ပက်လိုက်ကာ

"နင်တောင် သူ့ကို မပြစ်မှားရဲတာ၊ ငါဆိုရင် ပိုဆိုးတာပေါ့"

ယွမ်ဟောက်ဖုန်းမှာမူ စိတ်ထဲတွင် 'တစ်ခါတလေကျရင်လည်း ဒီလိုရိုးသားလွန်းတဲ့ စကားတွေက လူကို တော်တော် ဒေါသထွက်စေတာပဲ' ဟု တွေးကာ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်ခဲ့ရတော့၏။

အမှန်အတိုင်း ပြောရလျှင်၊ ချန်ချင်းယွီ၏ ရုပ်ရည်သည် တကယ့်ကို လှပလွန်းလှသော်လည်း၊ သူမ၏ စရိုက်မှာ ထူးဆန်းကာ ချီးမွမ်းရန် တော်တော် ခက်ခဲလှသည်။

'သူမက ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတာ ဖြစ်ရက်နဲ့၊ ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ.. ကိုယ့်ကိုယ်ကိုယ်အတွက်တောင် ဘာမှ ရဲရဲဝံ့ဝံ့ မလုပ်ရဲဘူး'

ယွမ်ဟောက်ဖုန်းသည် လက်ရှိကာလတွင် ချန်ချင်းယွီကို သိပ်ပြီး စောင့်ကြည့်ခြင်းမပြုတော့ပေ။ အစပိုင်းတွင်မူ ယွီမေကျွမ်း၏ စကားကြောင့် ချန်ချင်းယွီ မိသားစုတွင် ငွေကြေးအမြောက်အမြား ရှိလိမ့်မည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်၏။

အဆုံး၌၊ လယ်သမားဆင်းရဲသားဖြစ်ခဲ့သည့် သူတို့၏ ဘိုးဘွားများနှင့် နှိုင်းယှဉ်လျှင်၊ သူမ၏ ဘိုးဘွားများမှာ ချမ်းသာကြွယ်ဝသူများ ဖြစ်ခဲ့ကြသည်သာ… သို့သော် သူမကို အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်တွင်မူ၊ ချန်ချင်းယွီထံတွင် မည်သည့်နေရာ၌ စည်းစိမ်ဥစ္စာ ရှိနေသည်ကို သူ ရှာမတွေ့ခဲ့ပေ။

သူမတို့ မိသားစုဘဝသည် ယခင်ထက် ပိုမိုကောင်းမွန်လာသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ စက်ရုံတွင် အလုပ်လုပ်ကြသည့် ခြံဝင်းထဲမှ လူအများစုမှာလည်း ငွေကြေးစီမံခန့်ခွဲမှု ကောင်းကြသဖြင့် ယခင်ထက် ဝန်ထုပ်ဝန်ပိုး ပို၍ ပေါ့ပါးနေကြသည်။ ၎င်းအပြင် အဘွားကြီးကျောက်အတွက် ထမင်းချက်ဆောင်မှ အစားအစာများကို ထောက်ပံ့ပေးနေသဖြင့် ငွေကြေး ပိုမိုစုမိကြ၏။ သူတို့ဘဝလေး အနည်းငယ် ပိုကောင်းလာသည်မှာ သဘာဝကျလေသည်။ ထို့အပြင် ချန်ချင်းယွီသည် ငါးဖမ်းတတ်ပြီး၊

သူမ၏ ကျွမ်းကျင်မှုမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ တိုးတက်လာပုံရ၏။ ၎င်းမှာ သူတို့၏ နေထိုင်မှု အခြေအနေကို မြှင့်တင်ပေးရုံတင်မက၊ စားသောက်စရိတ်ကိုပါ သက်သာစေသဖြင့် တကယ်ကို ကောင်းမွန်သည့်အရာ ဖြစ်သည်။

ထို့ကြောင့် သူတို့မိသားစု၏ အခြေအနေ တိုးတက်လာခြင်းမှာ ပုံမှန်ပင် ဖြစ်၏။

ယွီမေကျွမ်း ပြောခဲ့သည့်စကားများမှာ ယုံကြည်စရာ မရှိတော့ပေ။

အကယ်၍ သူတို့မိသားစုတွင် အမှန်တကယ် ပိုက်ဆံရှိနေလျှင် သူမအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း ဤမျှ ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းနေမည့်အစား ထိုငွေများကို အသုံးချခဲ့မည်မှာ ကြာပြီ ဖြစ်၏။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ယွမ်ဟောက်ဖုန်းသည် ယွီမေကျွမ်း၏ စကားများကို သိပ်မယုံတော့ပေ။ မယုံကြည်တော့သည့်အတွက်ကြောင့်လည်း ချန်ချင်းယွီကို အထူးတလည် အာရုံမစိုက်တော့ခြင်း ဖြစ်သည်။ ၎င်းအပြင်၊ လှပသည့် ရုပ်ရည်သည် ထမင်းကျွေးနိုင်သည်မဟုတ်ပေ၊ မာကျန့်ယီ၏ တတိယမြောက်သားကဲ့သို့ သံယောဇဉ်ကြီးလွန်းလှပြီး အဖော်ကို မဖြစ်ဖြစ်အောင် လိုက်ရှာနေသည့်သူမျိုးမှာလည်း လူနည်းစုသာ ရှိ၏။ လူအများစုသည်ကား လက်တွေ့ဆန်ကြသည်သာ ဖြစ်သည်။ သူကိုယ်တိုင်လည်း ထိုသို့သော လက်တွေ့ဆန်သူတစ်ဦး ဖြစ်ရာ၊ အခြေအနေကောင်းမွန်သည့် အဖော်မျိုးကို အဘယ်မှာ မလိုချင်ဘဲ ရှိပါမည်နည်း။

အထူးသဖြင့် လွန်ခဲ့သော တစ်လခန့်ကစ၍ ယွမ်ဟောက်ဖုန်းသည် ကောင်းမွန်သော ဘဝဆိုသည်မှာ ဘာလဲဆိုသည်ကို တကယ်ကြီး နားလည်လာခဲ့သည်။

သူ စားသမျှ၊ သုံးသမျှ အရာအားလုံးမှာ ကောင်းမွန်လှ၏။

သူသည် ရှန့်ရှန့်နှင့် လက်ထပ်ရန်အထိပင် စဉ်းစားနေခဲ့သည်။

အကယ်၍ သူတို့သာ လက်ထပ်ဖြစ်ခဲ့လျှင်၊ ဤစည်းစိမ်ပစ္စည်းအားလုံးသည် သူ့အပိုင် ဖြစ်လာတော့မည်။ ထိုအရာကို တွေးမိရုံမျှဖြင့်ပင် သူ့မှာ ရင်ခုန်စိတ်လှုပ်ရှားလို့ နေမိတော့၏။

ယခင်၌ ယွမ်ဟောက်ဖုန်းသည် ငွေကြေးဓနကို အရေးမစိုက်သကဲ့သို့ နေခဲ့ဖူးသော်လည်း၊ ယခုအခါတွင်မူ အရာရာတိုင်းသည် မိမိလက်ထဲ၌ အသာစီးရနိုင်မည့် အရင်းအနှီး မည်မျှရှိသလဲဆိုသည့်အပေါ်တွင်သာ မူတည်ကြောင်း ကောင်းကောင်းကြီး နားလည်သွားခဲ့ပြီ ဖြစ်သည်။ မိမိ၌ အရင်းအနှီးသာ လုံလောက်စွာရှိလျှင် မည်သူ့ကိုမဆို အလွယ်တကူပင် အနိုင်ယူ စည်းရုံးနိုင်မည်သာ… ရှန့်ရှန့်ဘက်မှ ဘာမှပင် ထုတ်မပြောရသေးသော်လည်း၊ သူသည်ကား သူမကို လက်ထပ်ရန်ပင် စိတ်ကူးယဉ်နေခဲ့ပြီ ဖြစ်၏။

တီဗွီ၊ ရေဒီယို၊ အပ်ချုပ်စက်၊ စက်ဘီး~~ ထိုအိမ်တွင် မရှိတာမရှိအောင် အစုံအလင် ရှိသည့်အပြင်၊ အမြဲမပြတ် လည်ပတ်နေသည့် စပါးချွေစက်၊ ကောင်းမွန်လှပလှသည့် အစားအသောက်များ၊ ငါးနှင့်အသား၊ ထို့ပြင် ဝတ်၍ပင် မကုန်နိုင်လောက်အောင်များပြားလှသည့် လှပသော အဝတ်အစားများလည်း ရှိနေသေးသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည် မိမိကိုယ်မိမိ မာနသိက္ခာရှိသော ယောက်ျားတစ်ယောက်ဟုပင် မခေါ်ဝံ့တော့ပေ…

သူသည် မိန်းမထံမှ ပိုက်ဆံအလကားယူသုံးရသည့် ဘဝမျိုးကိုသာ အသည်းအသန် လိုလားနေမိတော့၏။ သူ့အမေဖြစ်သူသည်လည်း သူ့စိတ်ကူးကို ရိပ်မိပုံရသဖြင့်၊ သူ့အတွက် ကြင်ဖက်တွေ့ပွဲများကို ကပျာကယာ စီစဉ်ပေးနေခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တွင် သူသည် ကြင်ဖက်တွေ့ပွဲအချို့ သွားခဲ့ဖူးသော်လည်း၊ တစ်ခုကိုမျှ သဘောမကျခဲ့ပေ။ ထိုသို့ငြင်းပယ်ခဲ့သည့် အကြောင်းရင်းသည်ကား အထူးပြောနေရန်ပင် မလိုအပ်ပေ။

ယွမ်ဟောက်ဖုန်းသည် အစပိုင်း ရှန့်ရှန့်ကို ဖားသည့်အနေဖြင့် ငါးအချို့ လာရောက်လဲလှယ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သော်လည်း၊ ချန်ချင်းယွီ ဤမျှအထိ အရိုးခံအတိုင်း ငြင်းလွှတ်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

ယွမ်ဟောက်ဖုန်း အဘယ်ကြောင့် ငါးလာလဲချင်ရသလဲဆိုသည်ကို ချန်ချင်းယွီ မသိသော်လည်း၊ သူမသေချာပေါက် ခွင့်ပြုမည်မဟုတ်ပေ။ သူမသည် တွက်ချက်မှုအပိုင်းတွင် ကျွမ်းကျင်သူ ဖြစ်၏။ ကုန်စည်ချင်း ဖလှယ်ခြင်းသည် စွန့်စားမှုကြီးလှရာ၊ အကယ်၍ လဲလှယ်သည့်ပမာဏ များသွားလျှင်ဖြစ်စေ၊ နည်းသွားလျှင်ဖြစ်စေ စကားများရန်ဖြစ်ရတတ်သည်။ ပိုက်ဆံနှင့် အရောင်းအဝယ်လုပ်လျှင်လည်း အကယ်၍ တန်ဖိုးထက် ပိုပေးမိပါက မှောင်ခိုဈေးကစားမှုဖြင့် စွပ်စွဲခံရနိုင်သည့် အန္တရာယ် ရှိပြန်၏။

ထို့ကြောင့်ပင် ချန်ချင်းယွီ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ယွမ်ဟောက်ဖုန်းတစ်ယောက် ယခုတလော မိမိကို အာရုံမစိုက်တော့သည်ကို သူမ သိ၏။ ယွမ်ဟောက်ဖုန်းတင်မကဘဲ ကျန်းရှင်းဖှလည်း သူမကို လုံးဝ လှည့်မကြည့်တော့ပေ။ ကျန်းရှင်းဖှဆိုလျှင် လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး မည်သည့်အရာကိုမျှ ထပ်မံကြွားဝါပြသခြင်း မပြုရဲတော့ပေ။ ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့ပင်လျှင် ယခုတလော ထူးထူးဆန်းဆန်း လိမ်လိမ်မာမာ ရှိနေကြပြီး၊ လျှို့ဝှက်ဆန်းကြယ်သလို ရှိနေသော်လည်း သူမတို့ မိသားစုအပေါ်တွင်မူ အလွန်ဖော်ရွေစွာ ဆက်ဆံနေကြသည်။

သူမ ဤကမ္ဘာသို့ စတင်ကူးပြောင်းရောက်ရှိလာစဥ်က အရာရာတိုင်းမှာ ဗြောင်းဆန်အောင် ရှုပ်ထွေးနေခဲ့သော်လည်း၊ ယခုအခါတွင်မူ အရာအားလုံးသည် ပြောင်းလဲသွားမည်ဟု မည်သူ ထင်မှတ်ထားပါအံ့နည်း။

"ချန်ချင်းယွီ... ချန်ချင်းယွီ ရှိလားရှင်"

ကျယ်လောင်သော အော်ခေါ်သံတစ်ခု ထွက်ပေါ်လာသဖြင့်၊ ချန်ချင်းယွီသည် ဒုတိယမြောက် ခြံဝင်းထဲမှ ခပ်သွက်သွက် ထွက်လာခဲ့ပြီး အပြင်တံခါးမကြီးဆီသို့ ဦးတည်သွားလိုက်သည်။

'ဒီနေ့တော့ ဘာလို့ ငါ့ကို လာရှာတဲ့သူတွေ ဒီလောက်တောင် များနေရတာလဲ'

သူမ အပြင်သို့ ထွက်ကြည့်လိုက်ရာ၊ မိမိကို လှမ်းခေါ်နေသူမှာ စာပို့သမား ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"ချန်ချင်းယွီ ဟုတ်ပါသလားခင်ဗျာ"

ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်

"ဟုတ်ကဲ့... ကျွန်မပါရှင်"

"ဒီနေရာမှာ လက်မှတ်လေး ထိုးပေးပါဦး… ညီမအတွက် စာတစ်စောင်နဲ့ ပါဆယ်ထုပ်တစ်ထုပ် ပါလာလို့ပါ"

အယ်... အံ့ဩစရာပဲ…

ချန်ချင်းယွီ ဝေခွဲမရသည့် ပုံစံဖြင့် ငုံ့ကြည့်လိုက်ပြီးနောက် လက်မှတ်ထိုးပေးလိုက်သည်။ စာပို့သူမှာ ယွီမေကျွမ်း ဖြစ်နေသည်တကား။

ဝိုး… သောက်ကျိုးနည်း…

ဒီကောင်မလေးက ဒီတစ်ကြိမ်မှာရော… ဘာကို လိုချင်ပြန်တာပါလိမ့်…

ပြီးခဲ့သည့်တစ်ခေါက် ယွီမေကျွမ်း စာရေးလာစဉ် ချန်ချင်းယွီ ပြန်စာ ရေးပေးခဲ့ဖူးသည်။ သူမ၏ ပြန်စာမှာ အလွန်တိုတောင်းပြီး လိုရင်းသာ ဖြစ်ကာ၊ စက်ရုံတွင် ကားတစ်စီး ရှိသည်ဟု ကြားသိရလျှင် မြောက်ဘက်ပိုင်းသို့ လာခဲ့မည်ဟုသာ ရေးသားခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း၊ ချန်ချင်းယွီနှင့် သူမ၏ ယောက္ခမတို့သည် ထိုကိစ္စရပ်များနှင့် တိုက်ရိုက် မပတ်သက်ကြဘဲ၊ ကြားခံညှိနှိုင်းပေးသူများသာ ဖြစ်ကြသည်။

ယွီမေကျွမ်း ထပ်မံ၍ စာရေးလာလိမ့်မည်ဟု ချန်ချင်းယွီ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ထို့အပြင် ပါဆယ်ထုပ်တစ်ထုပ်ပါ ပါလာသေး၏။

ဒါက တကယ့်ကို... ထူးဆန်းလှချည်လား…

ချန်ချင်းယွီသည် ထိုစာကို အိမ်ထဲသို့ ယူဆောင်လာခဲ့သည်။ ယွီမေကျွမ်းသည် စာမျက်နှာအတော်များများတွင် အသေးစိတ်ကို ရှည်လျားစွာ ရေးသားထားခြင်း ဖြစ်၏။

စာကို ဖတ်ရင်း ချန်ချင်းယွီမှာ…. ဆွံအလျက်…

အင်း... တော်တော်လေးကို သောက်ကျိုးနည်းအောင် ရှည်တာပဲ…

စာထဲတွင်မူ... သူမသည် အခြေချနေထိုင်ရာနေရာရှိ အခြား ပညာတတ်လူငယ်များ၏ မနာလိုဖြစ်မှုများ၊ အတင်းအဖျင်းပြောတတ်သော ရွာသားများက သူမအကြောင်း ကောလာဟလ လွှင့်နေကြမှုများနှင့် ကျေးရွာအုပ်စုခေါင်းဆောင်၏ သစ္စာဖောက်မှုများအကြောင်းကို ရင်ဖွင့်တိုင်တည်ထားသည်။ သူမသည် ကြားခံလူအဖြစ် ဆောင်ရွက်ပေးခဲ့သော်လည်း၊ ကိစ္စဝိစ္စများ အဆင်ပြေသွားပြီးနောက် မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့ဘဲ အလုပ်အကိုင်အသစ်တစ်ခုသာ ပြောင်းလဲလုပ်ကိုင်ခဲ့ရ၏။ ယခုအခါတွင်မူ သူမသည် နောက်ချေးများ သယ်ယူရသည့် အလုပ်ကို မလုပ်ရတော့ဘဲ ပုံမှန်အလုပ်ကိုသာ လုပ်ကိုင်နေရပြီ ဖြစ်သည်။

ယွီမေကျွမ်း ထိုကဲ့သို့ ကြီးမားသောအလုပ်မျိုးကို ကူညီပေးခဲ့ပြီးနောက်၊ အနည်းဆုံး သူမအား အလုပ်မှတ်တမ်းထိန်းသိမ်းသူကဲ့သို့သော သက်တောင့်သက်သာရှိသည့် အလုပ်မျိုး ပေးလိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လုံးဝဥဿုံ မရရှိခဲ့ပေ။

မိမိအနေဖြင့် ဆုံးရှုံးမှုများသာ ကြုံတွေ့ခဲ့ရပြီး၊ ကျေးရွာအုပ်စု ခေါင်းဆောင်၏ လှည့်စားခြင်းကို ခံလိုက်ရသည်ဟု ခံစားရကာ အလွန်အမင်း မတရားဖြစ်ရသည်ဟု ထင်မြင်နေမိ၏။ သို့သော် အခြေချရာနေရာရှိ လူများသည် သူမကို နားမလည်ကြသည့်အပြင်၊ သူမသည် လူလုံးပြကြွားဝါနေပြီး အခြားပညာတတ်လူငယ်များအတွက်ပါ ဒုက္ခရှာနေသည်ဟု စွပ်စွဲကြသေးသည်။

တခြားလူတွေအားလုံးက သာမန်အလုပ်တွေကိုပဲ လုပ်နေကြတာ၊ ဘာလို့ သူမတစ်ယောက်တည်းကပဲ ရွာက တောင်ပေါ်ထွက်ကုန်တွေကို ရောင်းချနိုင်အောင် ချိတ်ဆက်ပေးနိုင်ရတာလဲ…ဟမ့်…

တခြားဘယ်သူမှ မလုပ်နိုင်တာမို့၊ သူတို့အားလုံးက သူမကို မနာလိုဖြစ်နေကြတာ…

ရွာသားများသည်လည်း ရရှိလာသည့် အကျိုးကျေးဇူးများကို ကျေးဇူးမတင်ကြသည့်အပြင်၊ သူမ၏ အိမ်ထောင်ရေးလိမ်လည်မှုအကြောင်းကိုသာ ကွယ်ရာတွင် အတင်းပြောနေကြ၏။ လူအနည်းငယ်သာ တရားမျှတသည့် စကားတစ်ခွန်းနှစ်ခွန်း ပြောပေးကြရာ~~ သူတို့အားလုံးသည် တကယ်ကို အကြင်နာတရား မရှိသူများ ဖြစ်ကြသည်။ ယွီမေကျွမ်းသည် စာထဲတွင် စိတ်ပျက်စရာများကို အကြိမ်ကြိမ် ညည်းတွား ရေးသားထားပြီးနောက်၊ အဆုံးသတ်တွင်မှ ကျေးဇူးတင်စကား ဆိုထားလေ၏။ ချန်ချင်းယွီနှင့် ယောက္ခမဖြစ်သူ အဘွားကြီးကျောက်တို့ကို ကျေးဇူးတင်သည့်အနေဖြင့်၊ သူမ၏ စေတနာအမှတ်အသားအဖြစ် တောင်ပေါ်ထွက်ကုန်အချို့ကို ပါဆယ်ထုပ်၍ ပေးပို့လိုက်ခြင်း ဖြစ်သည်။

ထိုထွက်ကုန်များကို ရှာဖွေစုဆောင်းရစဉ်က မိမိ မည်မျှအထိ ပင်ပန်းနွမ်းနယ်ခဲ့ရသည်ကိုလည်း စာထဲတွင် အထူးတလည် အလေးပေး ရေးသားထားသေး၏။

ချန်ချင်းယွီမှာမူ 'အဟက်... တကယ်ပဲ' ဟု တွေးကာ နှုတ်ခမ်းလေး တွန့်ရုံမျှ ပြုံးမိသွားသည်။

သူမသည် ယွီမေကျွမ်းထံမှ တစ်စုံတစ်ခု ရရှိလိမ့်မည်ဟု အမှန်ပင် မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း ချန်ချင်းယွီသည် ဤအရာမှာ ယွီမေကျွမ်းကိုယ်တိုင် တွေးတောမိခြင်းမျိုး မဟုတ်ဘဲ၊ တစ်စုံတစ်ဦးသည် ဘေးမှ သတိပေးနှိုးဆော်ခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု သံသယဝင်မိ၏။ သူမက ယွီမေကျွမ်းကို အထင်သေး၍ မဟုတ်ဘဲ၊ သူတို့သည် "ညီအစ်မ" ချင်း ဖြစ်ခဲ့ကြသဖြင့် ယွီမေကျွမ်း၏ စရိုက်ကို သူမ ကောင်းကောင်းကြီး သိနေသောကြောင့် ဖြစ်သည်။

ယွီမေကျွမ်းမှာ မိမိအလိုအလျောက် တစ်စုံတစ်ခုကို ဦးဦးဖျားဖျား ပေးပို့လာခြင်းမှာ တကယ့်ကို အံ့ဩစရာ ကောင်းလှသည့် ဖြစ်ရပ်ပင်။

သို့သော်လည်း၊ ယွီမေကျွမ်းထံမှ ပစ္စည်းတစ်ခုကို ပထမဆုံးအကြိမ် လက်ခံရရှိသည့် ချန်ချင်းယွီ၏ စိတ်ခံစားမှုမှာ အနည်းငယ် ထူးဆန်းနေပြီး၊ ဖော်ပြရန်ခက်ခဲသော ခံစားချက်မျိုး ဖြစ်နေမိသည်။

အဘွားကြီးကျောက် ပြန်လာပြီး ချန်ချင်းယွီ ပြုံးနေသည်ကို မြင်သောအခါ လှမ်းမေးလိုက်၏။

"ဘာတွေ ကြည့်ပြီး ပြုံးစိစိ ဖြစ်နေတာလဲအေ"

ချန်ချင်းယွီ မော့ကြည့်ကာ

"ယွီမေကျွမ်းဆီက စာလာလို့လေ အမေ... အနောက်ကနေ နေထွက်တဲ့အလားပဲ... သူမက ကျွန်မဆီကို ပစ္စည်းတွေတောင် ပို့ပေးလာသေးတယ်"

အဘွားကြီးကျောက် အံ့ဩသင့်သွားကာ

"ဟယ်... ဟုတ်လား..."

"မနက်ဖြန်က တနင်္ဂနွေနေ့ဆိုတော့၊ တနင်္လာနေ့ကျမှ ကျွန်မ သွားထုတ်ပြီး သူမ ဘာတွေ ပို့လိုက်လဲဆိုတာ ကြည့်ရတော့မယ်…တကယ့်ကို ဂုဏ်ယူစရာကြီးပဲ"

အဘွားကြီးကျောက် : “နင်ပျော်နေတာကိုလည်း ကြည့်ဦး… ငါ အိမ်ထဲဝင်လာကတည်းက နင့် မျက်နှာမှာ အပြုံးတွေ ဝေဆာနေတာကို မြင်ရတယ်"

ချန်ချင်းယွီ ဖင်ပိတ်ငြင်းကာ

"မဟုတ်ပါဘူး... ကျွန်မ အဲလောက်ကြီး မပြုံးပါဘူး"

"ဘာမဟုတ်ရမှာလဲ၊ ငါ အတည်ပြောတာ"

ချန်ချင်းယွီ ရယ်မောလိုက်ပြီး

“ကျွန်မကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူး"

အဘွားကြီးကျောက် ခေါင်းခါလိုက်ပြီး 'ညည်းကတော့ တကယ်ကို အံ့ဩလွန်းလို့ ဖြစ်နေတာပဲ' ဟု စိတ်ထဲမှ တွေးလိုက်သည်။

သူမ ဆက်လက်၍

"ငါ့အထင်တော့ ယွီမေကျွမ်းက မိုက်မဲတဲ့သူ မဟုတ်ပါဘူး… သူ့အနေနဲ့ နင်နဲ့ အဆင်ပြေအောင် နေဖို့ လိုတယ်ဆိုတာ သိသင့်တာပေါ့… တောရွာမှာ နေရတာ သူ့အတွက် မလွယ်ကူလှဘူးလေ… ဝအောင် စားနိုင်ရင်တောင် တောရွာမှာက ရိက္ခာခွဲတမ်းလက်မှတ်တွေ မရှိဘူးဥစ္စာ… တစ်ခုခု လိုအပ်လာရင် တော်တော်လေး အဆင်မပြေ ဖြစ်ရတာ၊ ဒါပေမဲ့ တို့မိသားစုမှာကျတော့ အလုပ်သမားတစ်ယောက် ရှိတယ်လေ၊ လစဉ် ပုံမှန် ခွဲတမ်းလက်မှတ်အချို့ ရနေတာပဲ… တို့တွေနဲ့ အဆင်ပြေပြေ ရှိနေရင် တစ်ခုခု လိုအပ်တဲ့အခါ လာပြီး လဲလှယ်လို့ရတာပေါ့၊ သူ့မှာ အသိဉာဏ် အနည်းငယ်ပဲ ရှိရင်တောင် နင်နဲ့ မကြာခဏ အဆက်အသွယ် လုပ်ဖို့ လိုတယ်ဆိုတာ သိမှာပါ… ဒါမှမဟုတ်ရင် သူမက ဘယ်သူ့ကို သွားပြီး အဆက်အသွယ် လုပ်မှာလဲ၊ အဲဒီ သွေးအေးလှတဲ့ ပထွေးကိုလား၊ ဒါမှမဟုတ် အားကိုးလို့မရတဲ့ အမေအရင်းကိုလား၊ ဒါမှမဟုတ် ကျေးဇူးကန်းတဲ့ မောင်လေးကိုလား"

ထို့နောက် အဘွားကြီးကျောက် စကားစဖြတ်ကာ

"အေ့... ဒါနဲ့၊ နင့်အဖေနဲ့ သူ့မိသားစုက အခုတလော တော်တော်လေး ငြိမ်သက်နေကြတယ်နော်"

ချန်ချင်းယွီ : "သူတို့က အမြဲတမ်း ငြိမ်နေတာပဲဥစ္စာ… ကျွန်မဆီကို လာဖို့ဆိုတာ ဆယ်ခါတစ်ခါမရှိဘူး… သူတို့ စိတ်ထဲမှာတော့ ကျွန်မကို လျစ်လျူရှုထားနိုင်ရင် လျစ်လျူရှုထားကြတာပဲ… ကျွန်မ ငယ်ငယ်ကတည်းက ဒီလိုပါပဲ"

သူမ၏ ယုတ်မာလှသော ဖခင်နှင့် မိထွေးတို့သည် တကယ့်ကို စိတ်ပျက်စရာကောင်းပြီး လူမဆန်ကြသော်လည်း၊ မိမိတို့၏ သမီးဖြစ်သူထံမှ သွေးစုပ်ဖုတ်ကောင်များကဲ့သို့ အသည်းအသန် လိုက်လံနှိပ်စက်တတ်သည့် လူမျိုးများနှင့် နှိုင်းယှဉ်လျှင်၊ သူတို့သည်လည်း လူစားတစ်မျိုး ဖြစ်၏။

ဒါက သူတို့ စိတ်ကောင်းရှိလို့တော့ မဟုတ်ဘူး… သူတို့ကလည်း ထပ်တူထပ်မျှ ဆိုးသွမ်းကြသူတွေ ဒါပေမဲ့ သူတို့က ချန်ချင်းယွီ့အနားကို ကပ်မလာချင်ရုံပဲ…

သူတို့သည် သူမကို လျစ်လျူရှုထားကြသည်။

သူတို့ ဤသို့ပြုလုပ်ခြင်းဖြင့် ချန်ချင်းယွီကို စိတ်မသက်မသာ ဖြစ်စေလိမ့်မည်ဟု ထင်နေကြခြင်း ဖြစ်နိုင်သလို၊ သို့မဟုတ် သူမကို လုံးဝ ဂရုမစိုက်ကြခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် စင်စစ်တွင်မူ၊ ဤအရာသည် ချန်ချင်းယွီအတွက် မဆိုးလှပေ။ သူမကို အမြဲတမ်း လာရောက်နှောင့်ယှက်နေလျှင်သာ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်ရမည် မဟုတ်လော့။

သူတို့ မရှိခြင်းသည် သူမအတွက် အများကြီး ပို၍ အဆင်ပြေ စိတ်အေးရစေ၏။

‘ငါ့အဖေက ငါ့ကို တစ်ခါမှ ဂရုမစိုက်ခဲ့ဘူး၊ ဒါပေမဲ့ အဲဒါကပဲ ကောင်းပါတယ်… တို့နှစ်ယောက်စလုံး ကိုယ့်လမ်းကိုယ် လျှောက်ရတာပေါ့၊ အကယ်၍ သူသာ ငါ့အနားကို တကယ်ကြီး ကပ်လာရင်တော့ ငါ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး… သူက ငါ့အဖေအရင်း ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ သူက ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ရင် ငါက သူ့ကို ပိုပြီး စိတ်ဆင်းရဲအောင် ပြန်လုပ်မှာ'

သူတို့အကြားတွင် နက်ရှိုင်းလှသော နာကျည်းချက်များ ရှိနေကြသည်။

သူမ၏ အဘိုးနှင့် အဘွားတို့သည် ထိုဖခင်ဖြစ်သူက တိုင်တန်းမည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့်ပင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြရ၏။

သူမ ခေါင်းကို ခါလိုက်ရင်း

"အဲဒီ ကံမကောင်းတဲ့ လူတွေအကြောင်းကို မပြောပါနဲ့တော့ အမေရယ်"

အဘွားကြီးကျောက် : "အေးပါ... ပြီးရော"

အဘွားကြီးကျောက်အနေဖြင့် ချန်ချင်းယွီ့ရှေ့တွင် မည်သည့်ပြဿနာမျှ မရှာရဲသည့် အကြောင်းရင်းမှာ ချန်ချင်းယွီသည် သာမန်လူတစ်ယောက်မဟုတ်ဘဲ၊ မိမိ၏ အဖေအရင်းကိုပင် မျက်နှာမထောက်ဝံ့လောက်အောင် ပြတ်သားသူတစ်ဦး ဖြစ်ကြောင်း သိနေ၍ပင်။

"သူတို့အကြောင်း ထားလိုက်ပါတော့… တို့တွေ ဒီနေ့အတွက် ဘာတွေ ပြင်ဆင်ရမလဲဆိုတာပဲ ကြည့်ရအောင်"

အဘွားကြီးကျောက် စကားလမ်းကြောင်း လွှဲလိုက်သည်။

ချန်ချင်းယွီ : "တကယ်တော့ ကွန်ေမလည်း အဲဒါကို သိပ်ပြီး မကျွမ်းကျင်ပါဘူး၊ ကြုံသလိုပဲ လုပ်သွားရမှာပဲ… အသားကတော့ ဘယ်လိုပဲ ချက်ချက် စားလို့မကောင်းဘဲ မနေပါဘူး"

"အဲဒါတော့ ဟုတ်တယ်"

နှစ်ယောက်သား အလုပ်ရှုပ်သွားကြပြီး၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် မနက်ဖြန်တွင် ပျော်ပွဲစားထွက်ရမည်ဟု ကြားလိုက်ရသောအခါ၊ သူတို့၏ မျက်လုံးဝိုင်းကြီးများဖြင့် ပျော်ရွှင်စွာ ခုန်ပေါက်ကြလေတော့သည်။

"သမီးတို့ သွားချင်တယ်... သွားချင်တယ်..."

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"သွားရမှာပေါ့ ကလေးတို့ရဲ့... မေမေက မနက်ဖြန် သားတို့သမီးတို့ကို လှပတဲ့ ဂါဝန်လေးတွေနဲ့ ဘောင်းဘီတိုလေးတွေ ဝတ်ပေးမယ်၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့..."

ရှောင်ကျား တဒုန်းဒုန်း ခုန်ပေါက်

ရင်း ဝမ်းသာအားရ အော်နေ၏။

"ပျော်ပွဲစားထွက်ရမယ်... ပျော်ပွဲစားထွက်ရမယ်... တခြား ကလေးတွေကတော့ မသွားရဘူး..."

သူတို့လေးများသည် ယခင် တစ်ခါမျှ ပျော်ပွဲစား မထွက်ဖူးသော်လည်း၊ ပျော်ပွဲစားထွက်ခြင်းဆိုသည်မှာ ဘာလဲဆိုသည်ကို ကောင်းကောင်းသိကြသည်။ သူတို့၏ မျက်နှာလေးများတွင် ပျော်ရွှင်မှုများဖြင့် ဝေဆာနေကာ~~တခြားကလေးတွေ မသွားရလည်း သူတို့ကတော့ သွားရမယ် မဟုတ်လား…

ရှောင်ယွမ် : "သမီးတို့ အားလုံး သွားကြမှာလားဟင်။ အဘွားကော၊ မေမေကော သွားမှာလား"

ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်

"ဟုတ်တယ်လေ၊ အဘွားကော မေမေကော အားလုံး သွားကြမှာ၊ တို့တွေ အရသာရှိတဲ့ အစားအစာတွေ အများကြီး ပြင်ဆင်ထားတယ်… နေ့လယ်ကျရင် မြို့ပြင်မှာ ပျော်ပွဲစား စားကြမယ်.. သမီးလေး... အရင်က မြို့ပြင်မှာ ပျော်ပွဲစား တစ်ခါမှ မစားဖူးဘူးမလား"

ရှောင်ယွမ် : "မစားဖူးဘူး"

"မေမေ... မြို့ပြင်မှာ ပျော်ပွဲစားထွက်ရတာ ပျော်စရာကောင်းလားဟင်"

ချန်ချင်းယွီ : "မေမေ့အထင်တော့ တော်တော်လေး ကောင်းပါတယ်၊ ဒါပေမဲ့ ပျော်စရာကောင်းမကောင်း ဆိုတာကိုတော့ မနက်ဖြန်ကျမှ သမီးတို့ကိုယ်တိုင် သိရလိမ့်မယ်။ မိမိကိုယ်တိုင် ကြုံတွေ့ကြည့်ရမှာ မဟုတ်လား"

"ဟုတ်ကဲ့..."

ချန်ချင်းယွီ : "မနက်ဖြန် သွားလို့ သမီးတို့ သဘောကျတယ်ဆိုရင် နောက်တစ်ခေါက် ထပ်သွားကြတာပေါ့… အကယ်၍ သဘောမကျဘူးဆိုရင်တော့ နောက်တစ်ခါ မသွားတော့ဘူး"

အဘွားကြီးကျောက် ဘေးမှနေ၍ ဝင်ပြောလိုက်ကာ

"ကလေးအသေးလေးတွေက ကောင်းမကောင်း ဘယ်လိုလုပ် သိမှာလဲအေ"

ချန်ချင်းယွီ : "သိတာပေါ့ အမေရဲ့... ကျွန်မတို့ရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်က သိပ်ကို တော်တာပဲဥစ္စာ"

ရှောင်ကျား ချက်ချင်းပင် ကြွားဝါးကာ

"သား သိတယ်၊ သား အရာရာတိုင်းကို သိတယ်"

ရှောင်ယွမ်သည်လည်း သူမ၏ ကျစ်ဆံမြီးလေးကို ရမ်းလျက် အလေးအနက် ပုံစံဖြင့် ဆိုလေ၏။

"သမီးလည်း သိတယ်၊ သမီးက သိပ်ကို တော်တာ"

"သားလည်း တူတူပဲ..."

ကလေးနှစ်ယောက်မှာ စိတ်လှုပ်ရှားစွာဖြင့် တစာစာ စကားဆိုနေကြသည်။

အဘွားကြီးကျောက် : "ဒီကလေးတွေကတော့ စိတ်ညစ်စရာ ဘာမှမရှိဘဲ တစ်နေကုန် အလကားနေရင်း ပျော်နေကြတာပဲ"

ချန်ချင်းယွီ စိတ်ရင်းမှန်ဖြင့်

"အမေလည်း ဘာမှ စိတ်ညစ်စရာ မရှိဘဲနဲ့ဥစ္စာ... အမေ့မှာ ဘာစိတ်ညစ်

စရာ ရှိနေလို့လဲလို့"

အဘွားကြီးကျောက် : "... ..."

ညည်း စကားမပြောတတ်ရင် မပြောပါနဲ့လား… ညည်းနှယ် သူများကို ထိခိုက်လိုက်ရမှ ပျော်မှာလား…

ညည်းကို ငါမရိုက်နိုင်လို့ ညည်း သက်သာသွားတယ် မှတ်လိုက်… ဟွန်း..

သူမ နှာခေါင်းရှုံ့လျက် ဆိုလိုက်လေသည်။

"ငါကတော့ ကိုယ့်ဘာကိုယ် စိတ်ထဲ လျှော့ထားနိုင်လို့ပေါ့၊ မဟုတ်လို့ကတော့ ငါ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေအများကြီးနဲ့ဆိုရင် ကြာလှပြီ စိတ်ဓာတ်ကျ ပျက်စီးသွားတာ.. ငါမို့လို့သာ ကိုယ့်ဘာကိုယ် ပြန်လည်ထိန်းညှိနိုင်တာ၊ ငါကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ဒုက္ခမပေးဘူး… ငါက ဒီတစ်ဘဝပဲ အသက်ရှင်ရမှာ၊ အချိန်တိုလေး နှစ်အနည်းငယ်အတွင်းမှာ၊ ကံကောင်းရင် အသက် ၁၀၀ အထိ ရှင်ရမှာဆိုတော့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ်လေ"

ချန်ချင်းယွီသည် ရှားရှားပါးပါး ခေါင်းညိတ်ထောက်ခံမိသည်။

သူမ၏ ယောက္ခမဖြစ်သူသည် အကျင့်ဆိုးများ ရှိတတ်သော်လည်း၊ ဤကဲ့သို့သော အတွေးအခေါ် အယူအဆမျိုး ရှိနေခြင်းကပင် အခြားလူများထက် နှစ်ပေါင်းများစွာ ကြိုတင်၍ ရှေ့သို့ ရောက်ရှိနေခြင်း ဖြစ်သည် မဟုတ်လော့။

လူဆိုသည်မှာ... မိမိကိုယ်ကိုယ် အချစ်နိုင်ဆုံးဖြစ်ဖို့ အရေးကြီးဆုံးပင် ဖြစ်ပေ၏။

All Chapters