← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) ပျော်ပွဲစားထွက်ခြင်း

ရာသီဥတုသည် သာယာကြည်လင်နေပြီး အပြင်ထွက်လည်ပတ်ဖို့အတွက် ကြုံခဲလှသည့် ပိတ်ရက်ကောင်းတစ်ခု ဖြစ်သည်။

မနက်ခင်း လေးနာရီသာသာရှိသေးသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်နေပြီဖြစ်ကာ ပုစဉ်းရင်ကွဲကောင်တို့၏ အော်မြည်သံများလည်း မရပ်မနား စီစီညံလျက် ရှိ၏။ လူတိုင်း ထိုအသံများနှင့် ယဉ်ပါးနေကြပြီဖြစ်၍ အိပ်စက်အနားယူခြင်းကို အနည်းငယ်မျှ အနှောင့်အယှက် မဖြစ်စေပေ။

ချန်ချင်းယွီသည် စောစောစီးစီး ထကာ မနေ့ညက ကင်ထားသည့် အသားများကို ဗူးထဲသို့ သေသေချာချာ ထည့်လိုက်ပြီး ဆေးကြောထားသော ဟင်းသီးဟင်းရွက်အချို့ကိုလည်း အတူတူ ထုပ်ပိုးလိုက်သည်။ ယခုခေတ်တွင် အသားဟူသည် အလွန်အဖိုးတန်လှသဖြင့် အကင်အဖြစ် စားလေ့ရှိသူ ရှားပါးလှသော်လည်း အသားကင်နှင့် နွေရာသီဟူသည်မှာမူကား အလွန်ပင် လိုက်ဖက်လှပေ၏။

ထို့နောက် ရေနွေးအိုးထဲသို့ ရေဖြည့်ကာ အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ကလေးများကို လှမ်း၍ နှိုးလိုက်တော့သည်။

“ရှောင်ကျား၊ ရှောင်ယွမ်... ထကြတော့”

ရှောင်ကျားသည် အိပ်ချင်မူးတူးဖြင့် မိခင်ဖြစ်သူ၏ အသံကြောင့် မျက်လုံးလေးများကို ဖွင့်လာပြီး

“မေမေ~” ဟု တိုးတိုးလေး ရေရွတ်ရှာ၏။

ချန်ချင်းယွီ သားငယ်လေး၏ ပါးပြင်ကို ခပ်ဖွဖွလေး ဆိတ်ဆွဲရင်း

“ဒီနေ့ တို့တွေ မြို့ပြင်ဘက်ကို ပျော်ပွဲစားထွက်ကြမလို့လေ... မှတ်မိသေးတယ်မလား”

ရှောင်ကျားတစ်ယောက် ချက်ချင်းပင် ထထိုင်လိုက်ပြီး ခေါင်းလေးကို တဆတ်ဆတ်ညိတ်ကာ

“မှတ်မိတာပေါ့... သားတို့ ပျော်ပွဲစားထွက်မလို့ဟာကို”

ဤသည်မှာ ကလေးငယ်လေးများအတွက် ပထမဆုံးအကြိမ် ပျော်ပွဲစားထွက်ခြင်း ဖြစ်၏။ ယခင် မိခင်ဖြစ်သူနှင့်အတူ မြို့ပြင်ဘက်သို့ မကြာခဏ လိုက်ဖူးသော်လည်း မှိုသွားကောက်ခြင်းသာ ဖြစ်သဖြင့် ယခုနှင့်မူ မတူပေ။ ရည်ရွယ်ချက်ချင်း မတူသလို စိတ်ခံစားချက်ချင်းလည်း ကွာခြားလှသည်။ ရှောင်ကျား မျက်နှာလေး ဝင်းပသွားရင်း လိမ္မာကြောင်း ပြလိုက်၏။

“မေမေ... သား မြန်မြန်လုပ်မယ်နော်”

ချန်ချင်းယွီ : “ဒါဆိုရင်လည်း ထပြီး မျက်နှာသစ်၊ သွားတိုက်တော့လေ”

“ဟုတ်ကဲ့”

ထို့နောက် သူသည် ညီမဖြစ်သူ၏ ခြေထောက်လေးများကို မိမိခြေထောက်ဖြင့် ခပ်ဖွဖွလေး တို့လိုက်ရာ၊ ရှောင်ယွမ်သည်လည်း မျက်လုံးလေးများကို ပွတ်သပ်ရင်း ထထိုင်ကာ ချစ်စဖွယ်အသံလေးဖြင့် ဆိုလေသည်။

“ရှောင်ယွမ်လည်း ထပြီရှင့်”

ကလေးနှစ်ယောက်လုံးသည် စွပ်ကျယ်အင်္ကျီ၊ ဘောင်းဘီတိုနှင့် ဖိနပ်များကို အသီးသီး ဝတ်ဆင်ကာ ရေဘုံဘိုင်ရှိရာသို့ ထွက်လာကြ၏။ ကောင်လေးသည် အုတ်ကန်ကို မမှီသဖြင့် ခုံပုအသေးလေးကို မလာရင်း

“ညီမလေး... ညီမလေး အရင်တက်”

သူသည် အလွန်ပင် အလိုက်သိတတ်သော ကလေးတစ်ယောက် ဖြစ်ပင်။ ရှောင်ယွမ်လေးမှာလည်း အစ်ကိုဖြစ်သူအား

“အတူတူ တက်ရအောင်လေ”

ရှောင်ကျား ငုံ့ကြည့်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်၏။

“အင်း... တစ်ယောက်တစ်ဝက်ပေါ့”

ခုံပုလေးသည် နှစ်ယောက်ရပ်ရန် လုံလောက်စွာ ကြီးမားလှပေသည်။

ကလေးနှစ်ယောက်သည် အုတ်ကန်နံဘေးတွင် မတ်တတ်ရပ်ကာ သွားတိုက်နေကြသည်။ ချန်ချင်းယွီထက် စောစီးစွာ ထနှင့်ပြီးသားဖြစ်သော အဘွားကြီးကျောက်သည် အိမ်သုံးကျင်ငယ်အိုးကို သွန်ရန် အပြင်သို့ ထွက်သွား၏။ သူတို့ နေထိုင်ကြသည်မှာ ပေကျင်းမြို့ဟောင်းရှိ ရှေးဟောင်းလေးဘက်ပိတ် အိမ်ဝင်း ဖြစ်သဖြင့် အိမ်သာများသည် လမ်းကြားထဲတွင်သာ ရှိကြသည်။ ထို့ကြောင့် မနက်တိုင်းတွင် ကျင်ငယ်အိုးသွန်မည့်သူများဖြင့် တန်းစီစောင့်ဆိုင်းနေကြရစမြဲ ဖြစ်၏။

အဘွားကြီးကျောက် အပြင်မှ ပြန်လာပြီး တတွတ်တွတ် မြည်တွန်တောက်တီးလာသည်။

“ပိတ်ရက်ကြီးကို... ဘယ်သူမှလည်း အိပ်ရေးဝအောင် မအိပ်ကြဘူး၊ ဘာလို့ ဒီလောက်တောင် စောစောထနေကြတာလဲ မသိပါဘူး”

ချန်ချင်းယွီက သဘောကျစွာ ရယ်မောရင်း

“လူတိုင်းလည်း ဒီပိတ်ရက်မှာ တစ်ခုခု လုပ်ချင်ကြလို့ ဖြစ်မှာပေါ့ အမေရဲ့”

အဘွားကြီးကျောက် နှုတ်ခမ်းကို မဲ့လိုက်ရင်း ကြက်များကို အစာကျွေးရန် ခပ်သွက်သွက် လျှောက်သွားတော့သည်။ သူတို့အိမ်တွင် ကြက်နှစ်ကောင်သာ မွေးထားသော်လည်း ဥအလွန်ဖြစ်ထွန်းသဖြင့် အဘွားကြီးကျောက် အလွန်ပင် ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ရှာ၏။

“ငါတို့တစ်ဝင်းလုံးမှာ ငါတို့မွေးတဲ့ကြက်တွေက အမွေးအတောင် အလှဆုံးပဲ... ဥလည်း အများဆုံးဥတယ်”

သူမ လေသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် ပြောတတ်သည်။

ယင်းမှာ လေလုံးထွားခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် သိသာထင်ရှားလှသဖြင့် တစ်ဝင်းလုံးရှိ လူများကြားတွင် အားကျစရာ ဖြစ်နေရ၏။

အဘွားကြီးကျောက်သည် ဤအရာအားလုံးမှာ ချန်ချင်းယွီ ငါးရှာလာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ကောင်းကောင်းသိသည်။ ထို့ကြောင့် ငါးများကို အကြေးခွံခွာ၊ ဗိုက်ဖောက်သည့်အခါတိုင်း ငါးပူဖောင်းကဲ့သို့သော မလိုချင်သည့် အစိတ်အပိုင်းများကို ကြက်မကြီးများအတွက် ချန်ထားလေ့ရှိ၏။ ချန်ချင်းယွီသည် ငါးမျှားရာတွင် အလွန်ပင် လက်ဖွာသည်ဟု ဆိုရမည်။ ငါးအသားများကို မိသားစု စားသုံးရန်အတွက် သုံးပြီး၊ ကျန်ရှိသော အပိုင်းအစများကိုမူ ကြက်မကြီးနှစ်ကောင်နှင့် အပြင်ဘက်မှ လေလွင့်ကြောင်များအတွက် ပေးကမ်းလေ့ရှိသည်။

သူမသည် အရာရာကို အလေအလွင့်မရှိအောင် အသုံးချတတ်သူတည်း…

အထူးသဖြင့် သူတို့အိမ်ရှိ ကြက်မကြီးဆိုလျှင် အမွေးအတောင်များ ပြောင်လက်ချောမွေ့နေပြီး၊ ဥသည့်ဥများကို ပြုတ်လိုက်လျှင် အနှစ်မှာ ရွှေဝါရောင်သန်းနေကာ အလွန်ပင် အရသာရှိလှသည်။ မည်သူ့ကြက်ဥနှင့်မျှ နှိုင်းယှဉ်၍မရပေ။ ထို့ကြောင့် အဘွားကြီးကျောက်သည် မိမိ၏ ကြက်ဥများကို မည်သူနှင့်မျှ မလဲလှယ်ပေ။ မည်သူမှလည်း လာရောက်လဲလှယ်နိုင်စွမ်းမရှိပေ။ ယခုကဲ့သို့ ကောင်းမွန်သောအရာများကို မိမိအိမ်တွင်သာ စားသုံးသင့်ပေသည်။

အကယ်၍ အပြင်လူနှင့် သွားရောက်လဲလှယ်ပါက တန်ဖိုးတူစျေးနှုန်းနှင့်သာ လဲရမည်ဖြစ်သဖြင့် အကြီးအကျယ် ရှုံးပေလိမ့်မည်။

ကြက်ဥအကြောင်း ပြောရင်းနှင့်

“မနေ့က ပြုတ်ထားတဲ့ ကြက်ဥတွေကိုလည်း အကုန်ယူနော်”

ချန်ချင်းယွီ : “သိပါတယ် အမေရဲ့”

ယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံး ပစ္စည်းများကို အထုပ်နှစ်ထုပ် အပြည့်ပြင်ဆင်ပြီးမှ အတူတူ ထွက်လာခဲ့ကြသည်။

သမီးငယ်လေး ရှောင်ယွမ်သည် ပန်းပွင့်လေးများပါသည့် ခေါင်းစည်းကွင်းဖြင့် ဆံပင်ကို နှစ်ဖက် ခွဲကျစ်ထားပြီး၊ အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထား၏။ သူမလေးသည် ကိုယ်တိုင်၏ အဝတ်အစားများကို ငုံ့ကြည့်ရင်း

“မေမေ... ဂါဝန်လေးဝတ်ရင် ပိုလှတာပေါ့လို့”

သမီးငယ်လေးသည် အလှအပကို စတင်၍ သတိထားတတ်နေပြီ ဖြစ်သည်။

“ဂါဝန်လေးက လှမှန်း မေမေ သိတာပေါ့... ဒါပေမဲ့ တို့တွေက ပျော်ပွဲစားသွားမှာလေ၊ တောင်ပေါ်ကို သွားကြမှာ… ဂါဝန်ဝတ်ထားရင် သွားရလာရတာ အဆင်မပြေဘူးလေသမီးရဲ့၊ တောင်ပေါ်မှာ သစ်ပင်တွေ၊ မြက်ရိုင်းတွေ အများကြီးရှိတော့ ဂါဝန်ဝတ်ထားရင် ခြေထောက်တွေ ခြစ်မိကုန်မှာပေါ့… ပြီးတော့ မြွေတွေ၊ ပိုးမွှားတွေ၊ ကြွက်တွေလည်း ရှိသေးတယ်... ခြင်တွေလည်း ကိုက်လိမမယ်။ ကြည့်လေ... မေမေတို့အားလုံးလည်း ဒီလိုပဲ ဝတ်ထားကြတာ… နည်းနည်းပူပေမဲ့ ဒုက္ခအေးတာပေါ့”

ချန်ချင်းယွီ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

ရှောင်ယွမ်သည် ချက်ချင်းပင် သဘောပေါက်သွားပြီး ခေါင်းညိမ့်ကာ

“ရှောင်ယွမ် နားလည်ပါပြီ”

ရှောင်ယွမ် သိချင်သည်များကို ပြောပြီးသွားပြီဖြစ်၍ ရှောင်ကျားလည်း ဝင်ပြောပြန်သည်။

“မေမေ... သားတို့ မနက်စာ မစားရသေးဘူးနော်”

သူသည် ဗိုက်ကလေးကို ပွတ်ရင်း ပြောရှာ၏။

မနက်စာမစားရလျှင် ဗိုက်ဆာတော့မည် မဟုတ်ပါလား…

“သိတာပေါ့... တို့တွေ အပြင်ထွက်ပြီး မနက်စာ စားကြမယ်လေ.. ပျော်ပွဲစားထွက်တာပဲ... ထူးထူးခြားခြား ဖြစ်ရမှာပေါ့”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ယောက်…

“…”

ကလေးနှစ်ယောက်လုံး၏ မျက်နှာလေးများ ချက်ချင်းပင် ဝမ်းသာအားရဖြစ်ကာ ပြုံးရွှင်သွားကြသည်။

ရှောင်ကျား : “မေမေ... သားတို့ စားသောက်ဆိုင်မှာ သွားစားကြမှာလားဟင်”

ချန်ချင်းယွီ : “ဟုတ်တာပေါ့”

ရှောင်ကျား : “ဝိုး... ပျော်စရာကြီး...”

ချန်ချင်းယွီ : “ပျော်လား”

“ပျော်တာပေါ့...”

မိသားစုလေးယောက်သား အတူတူ ထွက်လာခဲ့ကြသည်။ ချန်ချင်းယွီ စက်ဘီးကို တွန်းလာပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ သူမ၏ ဘေးမှ ကပ်၍ လိုက်ပါလာကြ၏။ မနက်စာ သွားစားမည့်နေရာသည် သိပ်မဝေးလှကာ အနီးနားရှိ ဆိုင်တစ်ဆိုင်သာ ဖြစ်သည်။ ယခင်က ဤဆိုင်မျိုးသည် ပုဂ္ဂလိကပိုင် ဆိုင်များဖြစ်ကြသော်လည်း နောက်ပိုင်းတွင် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်ပိုင် ဖြစ်လာခဲ့ကြပြီး၊ ထို့နောက်တွင်မူ... လက်ရှိအခြေအနေမှာ မည်သို့ဖြစ်နေပြီလဲဆိုသည်ကို ချန်ချင်းယွီ ကောင်းကောင်းမသိတော့ပေ။ သို့သော် ဤနေရာသည် နိုင်ငံပိုင် စားသောက်ဆိုင်နှင့် ဆင်တူပြီး မနက်စာ စားရန်အတွက် သာမန်နေရာတစ်ခု ဖြစ်သည်ကိုမူ သူမ သိထား၏။

မနက်ခင်းဖြစ်၍ ဆိုင်ထဲတွင် လူ သိပ်မရှိသေးကာ ချန်ချင်းယွီတို့ မိသားစုသည် ဒုတိယမြောက် ရောက်လာသည့် ဖောက်သည်များ ဖြစ်ကြသည်။

သူမ လှည့်၍ အဘွားကြီးကျောက်ကို လှမ်းမေးလိုက်၏။

“အမေ... ဘာစားချင်လဲ”

အဘွားကြီးကျောက် : “ငါကတော့ ဝက်ကလီစာပြုတ် တစ်ပွဲရယ်၊ မုန့်ကွင်းကြော်ရယ်၊ ပဲနို့ချဉ်ရယ်ပဲ... နင် ကြိုက်တာမှာလိုက်တော့”

ချန်ချင်းယွီသည် ပဲနို့ချဉ်၏ အနံ့ကို အလွန်ပင် မခံနိုင်ပေ။ တကယ်ကို မခံစားနိုင်၊ အသည်းခိုက်အောင်ကို မကြိုက်ခြင်းတည်း…

ထို့ကြောင့် သူမသည် “အီကြာကွေးနှစ်ပေါင်ရယ်၊ ပြီးတော့...” ဟု ဆိုကာ အခြားအရာများကိုပါ မှာကြားလိုက်သည်။

ချန်ချင်းယွီသည် အတော်များများကို မှာလိုက်ခြင်း ဖြစ်၏။

အပြင်ထွက်စားမှတော့ အနည်းဆုံးတော့ ဝဝလင်လင် ကောင်းကောင်းမွန်မွန် စားကြရမယ်လေ…

“ထိုင်ကြစို့”

“ဟုတ်ကဲ့”

လူ သိပ်မရှုပ်သဖြင့် မှာထားသည်များ ချက်ချင်းပင် ရောက်ရှိလာသည်။ တစ်ယောက်လျှင် ဝက်ကလီစာပြုတ် တစ်ပွဲစီရရှိပြီး ချန်ချင်းယွီသည် အသည်းကြော်ကိုလည်း မှာထားသေး၏။ သူတို့အားလုံး အရသာရှိရှိနှင့် မြိန်ရေယှက်ရေ စားသောက်နေကြစဉ် ဆိုင်ထဲသို့ ဖောက်သည်များ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ ထိုအထဲမှ အမျိုးသားတစ်ယောက်သည် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်ပြီးနောက် နောက်ထပ်တစ်ကြိမ် ထပ်၍ စိုက်ကြည့်နေပြန်၏။

သို့သော် သူသည် နှုတ်ဆက်ခြင်းတော့ မပြုပေ။ သူလည်း မနက်စာမှာပြီးနောက် သူတို့အနောက်ဘက် ဝိုင်းတွင် ဝင်ထိုင်သည်။ သို့သော် စားသောက်နေစဉ်အတောအတွင်း ချန်ချင်းယွီကို မကြာခဏဆိုသလို မော့မော့ကြည့်နေပြန်၏။

ချန်ချင်းယွီသည် ထိုလူ မိမိကို စိုက်ကြည့်နေသည်ကို သိသော်လည်း သူသည် ကြည့်ရုံသာ ကြည့်နေသဖြင့် ဘာမှ သွားပြော၍မရပေ။ ‘ဘာကြည့်နေတာလဲ’ ဟု သွားရောက်မေးမြန်းရန်မှာလည်း မသင့်တော်လှပေ။

ချန်ချင်းယွီ မမြင်ချင်ယောင်ဆောင်နေသော်လည်း အဘွားကြီးကျောက်မှာမူ ထိုမျက်လုံးကလည်ကလည်နှင့် လူရှုပ်ကို အကြိမ်ကြိမ် မကျေမနပ် စိုက်ကြည့်နေသည်။

‘ကြည့်... ကြည့်နေလိုက်တာ၊ ဘာကို ကြည့်နေတာလဲ… သောက်လုံးက.. နောက်တစ်ခါ ထပ်ကြည့်ရင်တော့ သတ်ပစ်မယ်...’

အဘွားကြီးကျောက် စိတ်ထဲမှ ကြိမ်းဝါးရင်း ထိုလူ့ကို လူသတ်တတ်မတတ် မျက်လုံးများဖြင့် စိုက်ကြည့်နေတော့၏။

ချန်ချင်းယွီတို့ စောစောရောက်ပြီး ခပ်သွက်သွက် စားခဲ့ကြသဖြင့် မကြာမီပင် ဆိုင်ထဲမှ အတူတူ ပြန်ထွက်လာခဲ့ကြသည်။ အပြင်သို့ ရောက်သည်နှင့် အဘွားကြီးကျောက်သည် ချက်ချင်းပင် မကျေမနပ် ညည်းတွားတော့၏။

“အဲဒီမသန်မစွမ်းက ညည်းကိုပဲ တစိုက်မတ်မတ် ကြည့်နေတာ... ကြည့်လိုက်တာမှ လွန်ရော၊ ဘာကို ကြည့်နေမှန်းလည်း မသိဘူး။ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ”

ချန်ချင်းယွီ : “ခြေမသန်ဘူး ဟုတ်လား”

အဘွားကြီးကျောက် : “ညည်း မမြင်လိုက်ဘူးလား၊ ဟဲဟဲ... ငါပြောသားပဲ၊ မြေခွေးအိုက ပိုပြီး လည်ပါတယ်ဆိုတာ… ညည်းမျက်စိက ငါ့လောက် မစူးရှသေးပါဘူး၊ သူ လမ်းလျှောက်တာ သိပ်မသိသာပေမဲ့ ခြေမသန်တာကို ငါကတော့ တန်းသိတယ်”

ချန်ချင်းယွီ : “သူ ဘယ်လိုပဲဖြစ်ဖြစ်ပါ အမေရယ်... ကျွန်မတို့က ကိုယ့်လမ်း ကိုယ်သွားပြီး သူ့ကို ဂရုမစိုက်ဘဲ ထားလိုက်တာ အကောင်းဆုံးပါပဲ”

“ဒါတော့ ငါသိတာပေါ့... သူများ လာပြီး ပြဿနာရှာရဲရင်တော့ ငါကလည်း သူ့ကို ရိုက်ရဲတယ်၊ လူကောင်းဖြစ်အောင် ကောင်းကောင်း ဆုံးမပေးလိုက်မယ်”

ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်ပြီး အတန်ကြာမှ

“ရှောင်ကျား၊ ရှောင်ယွမ်... သားတို့ သမီးတို့ စားလို့ကောင်းရဲ့လား”

“စားလို့ကောင်းတယ် မေမေ”

“ရှောင်ယွမ်လည်း အများကြီး ကြိုက်တယ်”

ကလေးငယ်များအတွက်မူ စားလို့မကောင်းသည့် အရာဟူ၍ မရှိပေ။ ကလေးနှစ်ယောက်လုံးသည် အမြဲတမ်း တလုပ်တည်းနှင့် အဝလွေးတတ်ကြသဖြင့် ဤအချက်နှင့် ပတ်သက်၍ ဘယ်တော့မှ စိတ်ပူစရာမလိုပေ။

ချန်ချင်းယွီ : “ဒါဆိုရင်လည်း ကောင်းပြီ... စက်ဘီးပေါ် တက်ကြစို့၊ ရှောင်ကျားက အရှေ့မှာထိုင်၊ အမေကတော့ ရှောင်ယွမ်ကို ပွေ့ပြီး အနောက်မှာ ထိုင်လိုက်”

အဘွားကြီးကျောက် : “ရတယ်... အဆင်ပြေတယ်”

သူမသည် ချန်ချင်းယွီကဲ့သို့ နွားသိုးတစ်ကောင်ခွန်အားမျိုး ရှိသည်မဟုတ်ရာ လူအများကြီးကို တင်ပြီး ဤမျှ ဝေးဝေးကြီးကို နင်းရမည်ဆိုလျှင် သူမ တောင့်ခံနိုင်မည်မဟုတ်ပေ။

ချန်ချင်းယွီ : “အဆင်သင့် ဖြစ်ပြီလား”

“ဖြစ်ပြီ”

ချန်ချင်းယွီ စက်ဘီးပေါ်သို့ ဖျတ်ခနဲ တက်လိုက်ပြီး ခပ်သွက်သွက်ပင် ထွက်ခွာလာခဲ့သည်။ မြို့ထဲမှ ဆင်ခြေဖုံးအထိ ခရီးသည် မနီးလှသော်လည်း စက်ဘီးစီးသွားလျှင် အဆင်ပြေပေ၏။ နှစ်နာရီကျော်၊ သုံးနာရီနီးပါးခန့်သာ ကြာမြင့်မည် ဖြစ်သည်။

ချန်ချင်းယွီသည် လမ်းတစ်လျှောက်လုံး နင်းလာခဲ့၏။ အချိန်သည် မနက် ခြောက်နာရီကျော်ရုံသာ ရှိသေးပြီး ခုနစ်နာရီပင် မထိုးသေးသော်လည်း နေမင်းသည် ကောင်းကင်ယံထက်တွင် မြင့်မားစွာ ရောက်ရှိနေပြီဖြစ်ကာ ရာသီဥတုမှာ အတော်ပင် ပူပြင်းလှသည်။ လမ်းမများပေါ်တွင် လေတစ်ချက်ကလေးမျှ မတိုက်ခတ်ပေ။ သူမ စက်ဘီးနင်းနေသော်လည်း လေပြေလေညင်းကလေးမျှပင် မရှိသဖြင့် အပူရှိန်ကား သက်သာမသွားပေ။

ချန်ချင်းယွီသည် အားလုံးကို ခေါ်ဆောင်ကာ မြို့ပြင်ဘက်သို့ ဦးတည်စီးနှင်းလာခဲ့ပြီး အပြင်ဘက်သို့ ရောက်လေလေ လူသူရှင်းလင်းလေလေ ဖြစ်လာသည်။

ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သော်လည်း ဆင်ခြေဖုံးဘက်သို့ ဖြစ်စေ၊ တောင်ပေါ်သို့ ဖြစ်စေ သွားမည့်သူ ရှားပါးလှ၏။ ဤကဲ့သို့ ခဲရာခဲဆစ် ကြုံရသော ပိတ်ရက်တွင် လူအများစုက တစ်နေ့တာအတွက် အလုပ်ရှုပ်နေကြစမြဲ ဖြစ်သည်။ အထူးသဖြင့် လင်မယားနှစ်ယောက်လုံး အလုပ်လုပ်ရသည့် မိသားစုများအတွက် တနင်္ဂနွေနေ့ဟူသည် အနားယူရန် မဟုတ်လော့။ထို့ကြောင့် သူတို့မိသားစုကဲ့သို့ စိတ်အေးလက်အေး ရှိကြမည်မဟုတ်ပေ။

အကယ်၍ တစ်စုံတစ်ယောက် အပြင်ထွက်လည်ပတ်ချင်သည်ဆိုလျှင်ပင် မြို့ထဲရှိ ပန်းခြံတစ်ခုခုကိုသာ ရွေးချယ်ကြလိမ့်မည်။

ယခုကဲ့သို့ ဆင်ခြေဖုံးအထိ လာရခြင်းသည် အလွန်ပင် ပင်ပန်းလှ၏။

“ရောက်တော့မယ်နော်”

ချန်ချင်းယွီ လှမ်းပြောလိုက်သည်။

လမ်းတစ်လျှောက်လုံး ချန်ချင်းယွီနှင့်အတူ စက်ရုံမှ အတင်းအဖျင်းမျိုးစုံကို စကားစမြည် ပြောလာခဲ့သော အဘွားကြီးကျောက်သည် ယခုအခါတွင်မူ မောဟိုက်စွာ သက်ပြင်းချရင်း ညည်းလေ၏။

“ညည်းကလည်း... မြို့ပြင်ဆင်ခြေဖုံးအထိ လာလိုက်တာ၊ တကယ်ကို ဝေးလွန်းပါတယ်”

ချန်ချင်းယွီ : “ကျွန်မ စဉ်းစားမိတာကတော့... ဆင်ခြေဖုံးကို လာမှ တောင်ပေါ်မှာ လျှောက်သွားလို့ရမှာလေ… ကံကောင်းရင် တောကြက် ဒါမှမဟုတ် ယုန်ကလေး ဘာလေး မိနိုင်သေးတယ်... ဒါဆိုရင် ကျွန်မတို့ရဲ့ ဟင်းခွက်တွေ ပိုပြီး ကောင်းသွားတာပေါ့”

ထိုအခါ အဘွားကြီးကျောက်၏ မျက်လုံးများက ဝင်းပသွားပြီး

“အို... ဟုတ်သားပဲ၊ ညည်း သိလား... တောင်ပေါ်မှာ အဲဒါမျိုးတွေ တကယ်ပဲ အများကြီး ရှိတတ်တယ်။ ငါတို့ ကံကောင်းလို့ ရှာတွေ့ရင် ကင်စားလို့ရသလို၊ အိမ်ပြန်သယ်သွားပြီး အာလူး ဒါမှမဟုတ် မှိုတွေနဲ့ ရောချက်စားရင်လည်း အလွန် အရသာရှိတာ”

သူမ ဆက်လက်၍ တတွတ်တွတ် ဆက်ပြောနေသည်။

“ယုန်သားဆိုရင်တော့ ယုန်သားစပ်စပ်လေး ချက်စားလို့ရတယ်။ ငါကတော့ ယုန်သားကို စပ်စပ်လေးချက်မှ ပိုပြီး အရသာရှိတယ်လို့ ထင်တာပဲ”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်လည်း တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။

ဤမျှ ငယ်ရွယ်သော ကလေးအများစုသည် အစပ်မစားနိုင်ကြသော်လည်း ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်ကား အနည်းငယ် စားနိုင်ကြသည်။ အနည်းငယ်မျှသာ စားနိုင်ခြင်း ဖြစ်သော်လည်း ကလေးများခမျာ ဝင်ပြောချင်ကြသေး၏။

ရှောင်ယွမ် : “ငရုတ်သီးမပါရင် အရသာက နည်းနည်း လိုနေသလိုပဲ”

အို... ကလေးက အတည်ပေါက်

ကလေးနဲ့ ပြောနေလိုက်တာ…

ရှောင်ကျားလည်း ထောက်ခံကာ

“ဟုတ်တယ်... နည်းနည်းလေး ထည့်လိုက်ရင် ကွက်တိပဲ”

ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း

“မင်းတို့လေးတွေကတော့ တကယ့် လူလည်လေးတွေပဲ... ဒါပေမဲ့ ပြောတာကတော့ အမှန်ဆုံးပဲနော်”

လူကြီးနှစ်ယောက်နှင့် ကလေးနှစ်ယောက်တို့သည် တောင်ခြေသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြ၏။

“ရောက်ပြီ... စက်ဘီးပေါ်က ဆင်းကြစို့”

အဘွားကြီးကျောက် ကလေးကို အောက်သို့ ချပေးရင်း

“အိုခေ... ငါ့လက်မောင်းတွေက ပိုပိုပြီး လေးလာသလိုပဲ၊ သူ တဖြည်းဖြည်း ဝလာတယ် ထင်တယ်”

ချန်ချင်းယွီ : “ကလေးတွေက ကြီးလာတာကိုး အမေရဲ့... အသက်ကြီးလာရင် သဘာဝအတိုင်း ပိုပြီး လေးလာမှာပေါ့.. ပြီးတော့ ကလေးဆိုတာ ထွားထွားကြိုင်းကြိုင်းလေး ဖြစ်နေမှ ချစ်စရာကောင်းတာ မဟုတ်ဘူးလား”

“ဟုတ်ပါတယ်”

ကလေးမလေးမှာ အသံလွင်လွင်လေးဖြင့် တုံ့ပြန်ထောက်ခံလေသည်။

ချန်ချင်းယွီ : “ကဲ... သွားကြစို့”

ပျော်ပွဲစားထွက်လာကြခြင်းဖြစ်ပြီး မြို့ပြင် ဆင်ခြေဖုံးအရပ်ရှိ တောင်ပေါ်သို့ အလောတကြီး တက်ရန်မလိုသဖြင့် သူတို့အားလုံး ခြေလှမ်းမှန်မှန်ဖြင့် အေးအေးလူလူ လျှောက်လာခဲ့ကြသည်။ တောင်ပေါ်တွင် လူသူသိပ်မတွေ့ရပေ။ ယင်းမှာလည်း သဘာဝကျလှပေသည်၊ ဤနေရာသည် မည်သည့်ရွာနှင့်မျှ နီးစပ်မှုမရှိသဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ လူများပင်လျှင် ဤလမ်းဘက်သို့ လာလေ့မရှိကြပေ။

“ပန်းလေးတွေ... ပန်းလေးတွေ...”

ရှောင်ယွမ်သည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ပြေးသွားလေ၏။ တောင်ကုန်းတစ်ခုလုံးတွင် ဝေဆာစွာ ပွင့်လန်းနေသော ပန်းရောင်စုံတို့က အလွန်ပင် တောက်ပတင့်တယ်လှပေသည်။

ချန်ချင်းယွီ ရေရွတ်မိ၏။

“လှလိုက်တာ...”

ရှောင်ယွမ် : “မေမေ... သမီး ပန်းပွင့်လေးတွေ ခူးလို့ရမလားဟင်”

ချန်ချင်းယွီ : “ခူးရတာပေါ့သမီးရဲ့… သူများအိမ်က စိုက်ခင်းထဲကပန်းတွေကိုသာ ခူးလို့မရတာ... တောတောင်ထဲက ပန်းတွေကိုတော့ ခူးလို့ရပါတယ်… သမီးကြိုက်ရင် ခူးလေ”

“ဒါဆို သမီး တစ်ပွင့်ခူးမယ်...”

ရှောင်ယွမ် ဝမ်းသာအားရ ဆိုသည်။

အဘွားကြီးကျောက်သည် မြေးမလေး၏ ပျော်ရွှင်မြူးတူးနေသော မျက်နှာလေးကို ကြည့်ကာ မေးလိုက်၏။

“ကောင်မလေး... ပန်းသရဖူလေး ဆောင်းချင်လား”

ရှောင်ယွမ် : “ဟင်...”

သမီးငယ်လေးသည် ကောင်းကောင်းနားမလည်သဖြင့် အဘွားဖြစ်သူကို ကလေးသဘာဝ မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ရှုနေရှာသည်။

အဘွားကြီးကျောက် နှာခေါင်းတစ်ချက်ရှုံ့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့်

“မထင်ရဘူးမလား... အဘွားက အကုန်လုပ်တတ်တာနော်.. ပန်းသရဖူလည်း ရက်တတ်တယ်.. နင် ဆောင်းချင်ရင် အဘွား လုပ်ပေးမယ်... ဟုတ်ပြီလား”

“ဟုတ်... လုပ်ချင်တယ်”

ရှောင်ယွမ် အသံသာသာလေးဖြင့် တုံ့ပြန်လိုက်၏။

အဘွားကြီးကျောက်သည် လက်နှစ်ဖက်ကို အနောက်မှာပူး၊ ခေါင်းကိုမော့ကာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် လျှောက်သွားတော့သည်။

အခြားသူများမလုပ်တတ်ပေမဲ့… ငါလုပ်တတ်တယ်လေ… အဟမ်း… ကိုယ် လုပ်တတ်တာကို ဂုဏ်ယူရတာ သာမန်ကိစ္စပါပဲ.. အဟမ်း..

သူမသည် ပတ်ဝန်းကျင်ရှိ မိုးမခပင်မှ ကိုင်းအချို့ကို ချိုးယူလိုက်ပြီး ပန်းပွင့်အချို့ကိုလည်း ခပ်သွက်သွက် ခူးဆွတ်ကာ အလုပ်ရှုပ်သွားတော့၏။

ချန်ချင်းယွီသည် မျက်လုံးအဝိုင်းသားဖြင့် အံ့သြမှင်တက်ကာ ကြည့်နေမိသည်။

နေပါဦး ဒီအဘွားကြီးက ဒီလောက်ထိ လက်မှုပညာ ကျွမ်းတယ်ပေါ့… တကယ်ကို အစွမ်းအစ ရှိပါပေတယ်…

သူမ၏ လက်ထဲတွင် အရွယ်အစားစုံ၊ အရောင်စုံ ပန်းပွင့်လေးများဖြင့် တန်ဆာဆင်ထားသော ပန်းသရဖူလေး တစ်ခု တဖြည်းဖြည်း ပုံပေါ်လာသည်မှာ အလွန်ပင် လှပလွန်းလှသည်။ အားလုံးပြီးစီးသွားသောအခါ အဘွားကြီးကျောက်မှာ

“ဘယ်လိုလဲ... လှရဲ့လား”

ရှောင်ယွမ်လေးသည် သွားရည်ကျမတတ် ပါးစပ်အဟောင်းသား ငေးမောရင်း

“ဝါး... အရမ်းလှတာပဲ...”

ကလေးသဘာဝ တောက်ပသော အရောင်အသွေးများကို နှစ်သက်ကြသည်ဖြစ်ရာ ယခုကဲ့သို့ လှပသော ပန်းလေးများကို အဘယ်မှာ မနှစ်သက်ဘဲ နေမည်နည်း။ ရှောင်ယွမ်လေးသည် ခြေဖျားလေးထောက်ကာ အသည်းအသန် အတင်းပူဆာတော့သည်။

“မြန်မြန်... မြန်မြန်၊ သမီး ဆောင်းချင်ပြီ၊ ဆောင်းပေးပါဦး... သမီး သိပ်ကြိုက်တာပဲ...”

ရှောင်ယွမ်သည် မူလက ချန်ချင်းယွီနှင့် ရုပ်ချင်းတူပြီး ပိန်ပိန်ညှောင်ညှောင် ကလေး ဖြစ်သော်လည်း ယခုအခါတွင်မူ ကိုယ်အလေးချိန် အနည်းငယ် တက်လာသဖြင့် အရုပ်ကလေးကဲ့သို့ ချစ်စဖွယ် ထူးခြားတင့်တယ်နေ၏။ ပန်းသရဖူလေးကို ဆောင်းလိုက်သည့်အခါတွင်မူ ပို၍ပင် ချစ်စရာကောင်းသွားလေသည်။

ချန်ချင်းယွီ လက်ခုပ်တီးကာ ချီးမွမ်းလိုက်၏။

“တကယ့်ကို ကောင်းမွန်လွန်းတယ်...”

ရှောင်ယွမ်လေး : “ဟိဟိ...”

ရှောင်ကျားသည် ညီမဖြစ်သူ၏ ခေါင်းပေါ်က ပန်းသရဖူကို ကြည့်ကာ ရဲရဲဝံဝံပင် တောင်းဆိုလိုက်သည်။

“အဘွား... သားကိုလည်း တစ်ခုလုပ်ပေးဦး...”

အဘွားကြီးကျောက် : “...”

ယောကျာ်းလေးတန်မဲ့ ပန်းသရဖူဆောင်းရတယ်လို့… ဒီကလေးကတော့… ဒါက သင့်တော်ပါ့မလား..

သူမက ငြင်းပယ်ရန် ပြင်လိုက်စဉ်မှာပင် ချန်ချင်းယွီ ဝင်၍

“အမေရယ်... ရှောင်ကျားအတွက်လည်း မြန်မြန်လေး တစ်ခုလောက် ရက်ပေးလိုက်ပါဦး၊ ရှောင်ယွမ်မှာ ရှိနေတော့ ရှောင်ကျားလည်း သေချာပေါက် လိုချင်ရှာမှာပေါ့”

အဘွားကြီးကျောက်မှာ သဘောတူလိုက်ရကာ

“ဒါဆိုရင်လည်း... ပြီးရောလေ”

အေးပေါ့လေ… ငါလိုယောက္ခမ ဘဝကလည်း မလွယ်ပါဘူးအေ… မလှန်နိုင်တော့ ချွေးမပြောတာ လိုက်နာနေရတယ်.. အဟင့်

သူမသည် စိတ်ထဲမှ တတွတ်တွတ် ညည်းညူနေသော်လည်း လက်သည်ကား ခပ်သွက်သွက် လှုပ်ရှားနေသည်။ သူမ ဘာတွေးနေသည်ကို အပြင်ပန်းကြည့်ရုံမျှဖြင့် လုံးဝမသိနိုင်ပေ။ အဘွားကြီးကျောက် လက်မှ ရက်လုပ်ရင်း ပါးစပ်မှ ကြွားဝါးနေပြန်၏။

“ငါပြောပြမယ်... ငါ့ရဲ့ လက်မှုပညာကတော့ လူအများစုနဲ့ နှိုင်းယှဉ်လို့တောင် မရဘူး… ငါ ငယ်ငယ်တုန်းကဆို အချောအလှလေးပေါ့... ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခြယ်သတဲ့နေရာမှာ အတော်ဆုံးပဲ...”

ချန်ချင်းယွီသည် အဘွားကြီးကျောက် ကြွားဝါနေသည်ကို ပြုံးပြုံးလေး ကြည့်နေရင်းမှ ရုတ်တရက် မျက်လုံးများ စူးရှတောက်ပသွားကာ လေးနက်တည်ကြည်သော လေသံဖြင့်

“အမေ... မလှုပ်နဲ့တော့”

အဘွားကြီးကျောက် : “ဟင်... ဘာဖြစ်လို့လဲ”

သူမ ဇဝေဇဝါ ဖြစ်သွားသော်လည်း ချက်ချင်းပင် ငြိမ်သက်သွားသည်။

ချန်ချင်းယွီ : “အမေ့ ခြေထောက်အောက်ကို ကြည့်လိုက်”

အဘွားကြီးကျောက် : “အမယ်လေး... သေပါပြီ...”

မြွေတစ်ကောင်သည် အဘွားကြီးကျောက်၏ ခြေထောက်အနီးသို့ ရောက်ရှိနေပြီဖြစ်ကာ လျှာလေးတလှုပ်လှုပ်ဖြင့် အချိန်မရွေး တိုက်ခိုက်ရန် ပြင်နေ၏။ ဤမြွေသည် ပုံပန်းသဏ္ဍာန် ထူးဆန်းလှပြီး သာမန် မြက်လျှောမြွေကလေး မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ချန်ချင်းယွီသည် အနီးနားရှိ သစ်ကိုင်းတစ်ချောင်းကို အလွယ်တကူ ကောက်ယူလိုက်ပြီး အားပြင်းပြင်းဖြင့် လွှဲရိုက်လိုက်ရာ၊ မြွေသည် လေထဲသို့ ဝဲပျံသွားပြီး သစ်ပင်ကြီးကို “ဗုန်း” ခနဲ အရှိန်အဟုန်ဖြင့် ဆောင့်မိကာ မြေပြင်ပေါ်သို့ အသက်မပါသည့်အလား ငြိမ်သက်စွာ ကျရောက်သွားတော့သည်။

အဘွားကြီးကျောက် : “အမယ်လေး... ကြောက်စရာကြီး... အဲဒီမြွေက အဆိပ်ရှိတဲ့ ပုံပဲ.. ဘုရား... ဘုရား... ညည်းသာ မျက်စိလျှင်လျှင်နဲ့ မမြင်လို့ကတော့... နောက်နှစ် ဒီလိုအချိန်ဆိုရင် တောင်ပေါ်တက်ပြီး ငါ့ကို ဆွမ်းကျွေးနေရလောက်ပြီ...”

ရင်ဘတ်ကလေး တဖိဖိဖြင့် ပြောရှာသည်။

ချန်ချင်းယွီ : “လျှောက်မပြောပါနဲ့အမေရယ်။ ဒါနဲ့... အဲဒီမြွေက အဖိုးတန်လား”

အဘွားကြီးကျောက် : “အင်...”

သူမ အာပေါင်အာရင်းသန်သန်ဖြင့် ဆက်လက်မြည်တွန်ရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် စကားစကို ရပ်လိုက်၏။ အဘွားကြီးကျောက်သည် ချက်ချင်းပင် စိတ်ဝင်စားသွားကာ

“ငါ သွားကြည့်ဦးမယ်”

သူမ အနားသို့မကပ်ရဲသဖြင့် အဝေးမှသာ အသေအချာ ဝိုင်းပတ်ကြည့်ရှုရင်း ကောက်ချက်ချလိုက်သည်။

“အဆိပ်ရှိတဲ့မြွေ ဖြစ်ပုံရတယ်... ငါတို့ ခပ်ရိုးရိုး မြင်တွေ့နေကျ မြွေမျိုး မဟုတ်ဘူး”

သူတို့သည် တောင်ပေါ်တက် တောလိုက်နေကျ လူများမဟုတ်ကြသဖြင့် ဤအရာများကို ကောင်းကောင်း နားမလည်ကြပေ။ သို့သော် ချန်ချင်းယွီမှာ စဉ်းစားခန်းဖွင့်ကာ

“ဒါကို ဝယ်မယ့်လူ ရှိမလား”

အဘွားကြီးကျောက် : “ရှိတာပေါ့... ရှိတာပေါ့… တကယ်လို့ အဆိပ်ရှိတဲ့မြွေသာဆိုရင် ဆေးဆိုင်တွေ၊ ဆေးရုံတွေနဲ့ ပစ္စည်းဟောင်းအဝယ်ဒိုင်တွေက အကုန်ဝယ်ကြတယ်”

“ဒါဆိုရင် ကောင်းတာပေါ့... ဘယ်လောက်ပဲရရ၊ ပိုက်ဆံရရင် ပြီးတာပဲ၊ ဒါပေမဲ့ ဒါကို ဘယ်လိုသယ်သွားကြမလဲ... သူ သေသွားပြီလား ဒါမှမဟုတ် မေ့သွားရုံတင်လား ဆိုတာလည်း ကျွန်မတို့ မသိဘူးလေ”

ချန်ချင်းယွီ စိုးရိမ်တကြီး ပြောလေသည်။

အဘွားကြီးကျောက် : “ဒါက လွယ်ပါတယ်... ငါ ခြင်းတောင်းအသေးလေးတစ်လုံး ရက်လိုက်မယ်၊ ညည်း အထဲထည့်လိုက်ပေါ့”

“အမေက ခြင်းတောင်းလည်း ရက်တတ်တာလား”

ချန်ချင်းယွီ အံ့သြတသ မေးမိ၏။

အိုးဟိုး ယောက္ခမက စွမ်းလှချည်လား… စောစောကသာသိရင် ဒေါ်လေးမေ့ကို ကောက်ရိုးဦးထုပ် ရက်ခိုင်းစရာတောင် မလိုဘူး.. သူ့ကိုပဲ ခိုင်းမှာပေါ့…

သို့သော် အဘွားကြီးကျောက်သည် အနည်းငယ် အနေခက်သွားဟန်ဖြင့် ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။

ချန်ချင်းယွီ: “......”

ရှောင်ကျား : “မေမေ... အဆိပ်ရှိတဲ့မြွေလားဟင်၊ အဲဒီမြွေက လူကိုကိုက်ရင် သေတတ်တယ်မလား... လူကို သတ်တတ်တယ်မလားဟင်”

ကလေးငယ်၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ဘေးရှိ ရှောင်ယွမ်မှာလည်း ချန်ချင်းယွီ၏ အဝတ်အစားကို ချက်ချင်းပင် ဆွဲကိုင်လိုက်ရှာ၏။

သေခြင်းတရားဟူသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အရာ ဖြစ်ပေသည်။

ကလေးများသည် မေ့လွယ်တတ်ကြသဖြင့် ပုံမှန်အချိန်တွင် ဘာမှမဖြစ်သော်လည်း အရေးကြီးသော အခိုက်အတန့်တွင် ‘သေခြင်း’ အကြောင်း ကြားလိုက်ရုံနှင့် သူတို့ကို အလွန်ချစ်ရှာသော ဖခင်ဖြစ်သူကို သတိရသွားကြစမြဲ ဖြစ်၏။

သေဆုံးခြင်းဆိုသည်မှာ တစ်ခါမှ ထပ်မတွေ့ရတော့ခြင်း၊ ဘယ်တော့မှ ပြန်မလာတော့ခြင်းကို ဆိုလိုခြင်း မဟုတ်လော့…

ကလေးများသည် သေခြင်းတရားကို အကြောက်ဆုံး ဖြစ်သည်။

သူတို့သည် အဘွားဖြစ်စေ၊ အမေဖြစ်စေ ထပ်မံ၍ ဆုံးရှုံးရမှာကို မလိုလားကြပေ။

အတိတ်က အဘွားဖြစ်သူသည် သူတို့အပေါ် ရက်စက်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ အလွန်ပင် ကောင်းမွန်နေပြီဖြစ်၏။

ကလေးများ၏ စိတ်နှလုံးသည် အလွန်ပင် နုနယ်လှပေသည်၊ တစ်စုံတစ်ယောက် မိမိအပေါ် အနည်းငယ်မျှ ကောင်းပြလိုက်ရုံနှင့် အတိတ်မှ မကောင်းမှုများကို မေ့ပျောက်သွားတတ်ကြသည်။ ကလေးငယ်လေးများ၏ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသော အမူအရာကို ချန်ချင်းယွီ ခံစားမိလိုက်၏။ သူမသည် ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်ချကာ ကလေးနှစ်ယောက်လုံးကို ရင်ခွင်ထဲသို့ ထည့်၍ ပွေ့ဖက်လိုက်ရင်း

“ရပါတယ်... ကလေးတို့၊ မကြောက်နဲ့နော်... ဘာမှမဖြစ်ဘူး… မေမေ ရှိတယ်... မြွေကို သားတို့ သမီးတို့ကို မကိုက်စေရဘူး… မေမေလည်း ဂရုစိုက်မှာပါ၊ ကြည့်လေ... မေမေက တော်တယ်မလား၊ တစ်ချက်တည်းနဲ့ သစ်ပင်ပေါ် ရိုက်တင်လိုက်တာလေ၊ မကြောက်နဲ့တော့နော်... ဟုတ်ပြီလား၊ အဘွား ခြင်းတောင်းရက်ပြီးရင် တို့တွေ ဒါကို ထည့်ပြီး မြို့ထဲကို သွားရောင်းကြမယ်၊ ဒီလိုလုပ်ရအောင်... ဒီမြွေကို ရောင်းလို့ရတဲ့ ပိုက်ဆံအကုန်လုံးနဲ့ ကလေးတို့ လန့်သွားတာ သက်သာအောင် မုန့်ကောင်းကောင်းတွေ အများကြီး ဝယ်ကျွေးမယ်... ဟုတ်ပြီလား”

ကလေးများသည် စိတ်သက်သာရာရသွားကြပြီး တပြိုင်နက်တည်း ခေါင်းညိတ်ကြကာ

“ဟုတ်ကဲ့...”

“အကုန်ဝယ်စားမယ်”

ထိုစဉ်အဘွားကြီးကျောက်မှာ “ရပြီ... ရပြီ” ဟု ဆိုကာ ကမ်းပေးလာ၏။

ချန်ချင်းယွီ မော့ကြည့်လိုက်ရာ…

“အင်...ဒါကြီးက”

လှပသော ပန်းသရဖူနှင့် နှိုင်းယှဉ်လျှင် ဤခြင်းတောင်းအသေးလေးမှာမူ တကယ့်ကို ကောက်ကောက်ကွေ့ကွေ့နှင့် အရုပ်ဆိုးလှပေသည်။

အဘွားကြီးကျောက် : “ငါ စဉ်းစားတာကတော့ မြွေတစ်ကောင်တည်းတင်ပဲဟာ... အကြီးကြီး လုပ်စရာမလိုပါဘူး၊ ဆံ့ရုံတင်ဆိုရင် ရပြီမလား”

ချန်ချင်းယွီ : “အင်း... ရပါတယ်”

ပြန်ဖြေလိုက်သော်လည်း၊

သူမ၏ မျက်နှာထက်တွင်မူကား မနှစ်မြို့ဟန်ပေါ်နေလေသည်။

သောက်ကျိုးနည်း… ဒါက ခြင်းတောင်းလား… တော်သေးတယ်.. ဦးထုပ်များ လုပ်ခိုင်းမိရင် ဘာပုံထွက်လာမှာပါလိမ့်…

အဘွားကြီးကျောက် : “ညည်းမျက်နှာက ဘာဖြစ်တာလဲ၊ ငါ့ကို ရွံနေတာလား.. ဒီလိုတော့ မလုပ်နဲ့လေ... ညည်းကိုယ်တိုင်လည်း ဒါမျိုး မလုပ်တတ်ဘဲနဲ့... ငါ့ထက်တောင် ညံ့သေးတယ်”

ချန်ချင်းယွီ : “အာ... ထားပါတော့လေ၊ ကျွန်မပဲ ထည့်လိုက်ပါ့မယ်”

“အမေတို့ အနောက်ကို နည်းနည်း ဆုတ်နေကြနော်... ဂရုစိုက်ဦး”

“အေး”

ချန်ချင်းယွီသည် မြွေ သေ၊ မသေကို လောင်းကြေးမထပ်ချင်သဖြင့် လက်နှင့် တိုက်ရိုက်မကိုင်ပေ။ ထို့ကြောင့် သစ်ကိုင်းခွကို အသုံးပြု၍ မြွေကို ကောက်ယူကာ ခြင်းတောင်းအသေးလေးထဲသို့ ထည့်လိုက်သည်။ ၎င်းနောက် အဖုံးပိတ်၍ မြွေသည် မေ့ရုံသာ မေ့နေခြင်းဖြစ်ပါက အပြင်သို့ ပြန်မထွက်နိုင်စေရန် အကြိမ်ကြိမ် သေသေချာချာ ချည်နှောင်လိုက်၏။

အဘွားကြီးကျောက် : “ငါ သယ်ပေးမယ်လေ”

“မလိုပါဘူးအမေရယ်... စက်ဘီးမှာပဲ တွဲချည်သွားလိုက်မယ်”

ချန်ချင်းယွီ ငြင်းလိုက်သည်။

ဤမတော်တဆ ဖြစ်ရပ်ကလေးသည် အနည်းငယ် အန္တရာယ်ရှိခဲ့သော်လည်း အရေးကြီးသည့် ကိစ္စတစ်ခု မဟုတ်ပေ။ အဘွားကြီးကျောက်သည် ရှောင်ကျားအတွက်ပါ ပန်းသရဖူလေး တစ်ခုကို ရက်ပေးခဲ့သေးသည်။ အမှန်တကယ်တမ်း အဘွားကြီးကျောက်သည် လက်မှုပညာ သိပ်မလိုသော အရာများကို ပြုလုပ်ရာတွင် အလွန်ကျွမ်းကျင်သော်လည်း၊ လက်မှုပညာ အနည်းငယ်မျှ လိုအပ်သော အရာများကို လုပ်သည့်အခါတွင်မူ ယခုခြင်းတောင်းကဲ့သို့ပင် အရုပ်ဆိုးလှပေ၏။

ထို့ကြောင့် ကောက်ရိုးဦးထုပ်ကို လဲလှယ်ခိုင်းစေခဲ့ခြင်းသည် တကယ့်ကို တန်လှပေသည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ပန်းသရဖူအသေးလေးများကိုယ်စီ ဆောင်းကာ အရှေ့မှ သီချင်းတညည်းညည်းနှင့် ခုန်ပေါက်ပြေးလွှားနေကြ၏။ အဘွားကြီးကျောက်လည်း အတော်ပင် သဘောကျနေပြီး

“အိမ်ကနေ ထွက်ထွက်ချင်းတင် တစ်ခုခု ရှာတွေ့နေပြီ... ငါတို့ တကယ့်ကို ကံကောင်းတာပဲ...”

ချန်ချင်းယွီကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အဘွားကြီးကျောက် : “ညည်း သိလား... ငါလည်း မှိုကောက်တာကလွဲရင် ဒီဘက်လမ်းကို သိပ်မလာဖြစ်ဘူး… တစ်ခါတလေ ဒီလိုလာရတာ တကယ့်ကို စိတ်ချမ်းသာဖို့ကောင်းတယ်”

“ဟုတ်တယ်”

ချန်ချင်းယွီ ထောက်ခံလိုက်၏။

“ကျွန်မတို့ ပတ်ပတ်လည်ကို ထပ်ရှာကြည့်ရအောင်... ပြီးရင် ထိုင်လို့ကောင်းမယ့် နေရာတစ်ခု ရှာတာပေါ့ အမြင့်ကြီးအထိ တက်စရာမလိုပါဘူး”

“အေးပါ... ညည်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

သူတို့ ခဏမျှ ဆက်လျှောက်လာခဲ့ကြရာ ကျောက်ဆောင်ကြီး တစ်ခုကို လှမ်းမြင်လိုက်ရ၏။

“ဒီနေရာကို သွားရအောင်”

ချန်းချင်းယွီ ခေါ်လိုက်ရာ အဘွားကြီးကျောက်သည်လည်း

“ငါလည်း ဒီနေရာကို သဘောကျတယ်”

ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများမှ အရိပ်ကောင်းကောင်း ပေးထားသည့်အပြင် ပို၍ကောင်းသည်မှာ အနီးနားတွင် တောင်ကျစမ်းချောင်းကလေး တစ်ခု ရှိနေခြင်း ဖြစ်သည် ~~ ပိတ်ရက် ပျော်ပွဲစားထွက်ရန် အကောင်းဆုံးနေရာပင်။ သူတို့အားလုံး ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်လိုက်ကြပြီး ချန်ချင်းယွီသည် ပြင်ဆင်လာသမျှ အရာအားလုံးကို ထုတ်လိုက်သည်၊ စားရမည့်အချိန် မရောက်သေးသဖြင့် အလောတကြီး လုပ်ရန်မလိုပေ။

ချန်ချင်းယွီ : “အမေ... ပတ်ပတ်လည်ကို လျှောက်ကြည့်ချင်လား”

အဘွားကြီးကျောက် : “ငါ ခဏလောက် ထိုင်ဦးမယ်... ပြီးမှပဲ ပြောကြတာပေါ့”

ချန်ချင်းယွီ : “ကောင်းပြီလေ... ဒါဆိုရင် အမေ ကလေးနှစ်ယောက်ကို ကြည့်ထားပေးနော်၊ ကျွန်မပတ်ပတ်လည်ကို လျှောက်ကြည့်ပြီး တောကြက် ဒါမှမဟုတ် ယုန်ကလေးတွေ ရှိမလားလို့ သွားရှာလိုက်ဦးမယ်၊ ရှိရင်တော့ ကျွန်မတို့ နေ့လယ်စာအတွက် ဟင်းတစ်ခွက် ပိုရတာပေါ့”

အဘွားကြီးကျောက် : “ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အဝေးကြီး မသွားနဲ့ဦးနော်... ရှာမတွေ့ရင်လည်း ကိစ္စမရှိပါဘူး”

ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ အဘွားကြီးကျောက် ထံမှ ယခုကဲ့သို့ အလိုက်သိတတ်သော စကားမျိုး ကြားရခဲလှပေ၏။

အဘွားကြီးကျောက် မျက်စောင်းထိုးကာ

“ညည်းမျက်နှာက ဘာသဘောလဲ.. တကယ်ပဲ... ညည်းက ငါ့ကို ဘာမှနားမလည်တဲ့ လူအကြီးလို့ ထင်နေတာလား… ငါလည်း ဘာလုပ်ရမလဲဆိုတာ သိတာပေါ့”

ချန်ချင်းယွီမှာ“...အော်~” ဟု လေသံဆွဲကာ ပြန်တုံ့ပြန်လိုက်၏။

သူမ အချိန်မဆွဲဘဲ ခပ်သွက်သွက်ပင် မှာလိုက်ကာ

“သားတို့ သမီးတို့ အနားမှာပဲ ဆော့နော်... အဝေးကြီး မသွားနဲ့ဦး.. မေမေ ကောင်းတဲ့အရာလေးတွေ ရှိမလားလို့ သွားကြည့်လိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ မေမေ ... ကြိုးစားပါနော်...”

ကလေးများ ပြန်ပြောကြ၏။

ချန်ချင်းယွီ မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြရင်း ပြုံးကာ

“သွားပြီ... သွားပြီ...”

အကယ်၍ သူမ ကမ္ဘာကူးပြောင်းလာခါစ အချိန်ဆိုလျှင် ကလေးများကို အဘွားကြီးကျောက်နှင့် ထားခဲ့ရန် မဝံ့ရဲပေ… သူမကို မယုံကြည်နိုင်ပေ။ သို့သော် ယခုအခါတွင်မူ အချိန်များ ကုန်လွန်ခဲ့ပြီဖြစ်၍ အခြေအနေများလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဘွားကြီးကျောက်သည် ကလေးနှစ်ယောက်ကို သူမထက်ပင် ပို၍ ဂရုစိုက်၏။ အဆုံးစွန်ထိ တွေးကြည့်လျှင် သူမ၊ ချန်ချင်းယွီဟူသည်မှာ ချွေးမဖြစ်သဖြင့် အသက်ကြီးလာသည့်အခါ တာဝန်ယူကျွေးမွေးချင်မှ ကျွေးမွေးမည်ဖြစ်သော်လည်း ကလေးများကိုမူ သေသေချာချာ ကြည့်ရှုစောင့်ရှောက်ထားပါက အားကိုး၍ ရနိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် သူတို့က သူ့မြေးအရင်းခေါက်ခေါက်တွေလေ…

ထို့အပြင် သူတို့သည် လင်းကျန့်ဝမ် ချန်ထားခဲ့သော ကလေးများ ဖြစ်ကြသဖြင့် အဘွားကြီးကျောက်သည် မည်မျှပင် အတ္တကြီးသူဖြစ်ပါစေ မိမိသားဖြစ်သူ၏ ကောင်းကွက်များကို သတိရနေဆဲ ဖြစ်၏။

ချန်ချင်းယွီသည် အဘွားကြီးကျောက် ကလေးနှစ်ယောက်ကို ပစ်ထားမည်ကို သိပ်ပြီး စိုးရိမ်မနေတော့ပေ။ သူမသည် တောင်ပေါ်သို့ တစ်ယောက်တည်း တက်လာခဲ့ပြီး ဘယ်ပြန်ညာပြန် ကြည့်ရှုရင်း ခပ်သွက်သွက် လျှောက်လာခဲ့သည်။ ယခုခေတ်ဖြစ်နေ၍ တော်သေးသည်၊ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ တောင်ပေါ်တက် တောလိုက်ခြင်းမှာ တစ်သက်တစ်ကျွန်း ကျခံရမည့် အပြစ်ဒဏ်မျိုး ဖြစ်လာလိမ့်မည်။

သို့သော် ယခုအချိန်တွင်မူ အလွန်ပင် သာမန်ကိစ္စတစ်ခု ဖြစ်၏။

‘အင်း... ဒါကလည်း လုံးဝကြီးတော့ ဟုတ်မနေဘူးပဲ’

တောကြက်နှင့် ယုန်များသည် ကာကွယ်စောင့်ရှောက်ထားသော သတ္တဝါများ မဟုတ်ကြသဖြင့် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ကြာလျှင်ပင် ပြဿနာရှိမည်မဟုတ်ပေ။

သို့သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ တောကောင်သားများကို စားမည့်သူ မရှိသလောက် ရှားပါးသွားလိမ့်မည်။ တောရိုင်းတိရစ္ဆာန်များကို စားသောက်မှုကို ငြင်းဆိုရန် လူတိုင်းစ၍ လုပ်ဆောင်ကြလိမ့်မည်ဖြစ်ကာ လူများသည်လည်း အစားအစာ မပြတ်လပ်ကြသဖြင့် ဤအရာမျိုးကို အထူးတလည် ရှာဖွေစားသောက်ကြတော့မည် မဟုတ်ပေ။ သို့သော် ယခုအချိန်ကမူ ကွာခြားလှသည်။ လူများသည် စားစရာ၊ သောက်စရာ ပြတ်လပ်နေကြသဖြင့် ဤသို့ရရှိပါက မိမိတို့၏ လူနေမှုဘဝကို အမှန်တကယ်ပင် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ချန်ချင်းယွီသည် မိမိ၏ ကံကောင်းမှုကို မျှော်လင့်ရင်း ပတ်ပတ်လည်ကို လျှောက်ကြည့်နေ၏။ သူမသည် ခေတ်ဟောင်းဝတ္ထုများထဲမှ မင်းသမီးများကဲ့သို့ တောဝက်ကြီးများနှင့် တိုးကာ အသားများရောင်းပြီး ချမ်းသာကြွယ်ဝသွားဖို့အထိတော့ မမျှော်လင့်ပေ။ ထိုအကောင်များကို ဖမ်းရသည်မှာလည်း မလွယ်ကူလှပေ။ တောဝက်များသည် အသားအရေ အလွန်ထူထဲပြီး အလွန်ပင် ကြမ်းတမ်းလှသဖြင့် အိမ်မွေးဝက်များနှင့် လုံးဝမတူပေ။ ချန်ချင်းယွီသည် တောဝက်နှင့် တိုးမှာကို တကယ်ကို မလိုလားပေ။

သူမသည် ခွန်အားကြီးမားပြီး စွမ်းဆောင်ရည်ရှိသော်လည်း တောဝက်တစ်ကောင်နှင့်တော့ မတိုက်ခိုက်ချင်ပေ။ မိမိနှင့်အတူ ကလေးများပါ လိုက်လာသည် မဟုတ်လော့။

ထို့အပြင် တောဝက်သားသည် အမှန်တကယ်တော့ ထင်သလောက် အရသာမရှိဘဲ ညှီစော်အလွန်နံသည်ဟု ကြားဖူးပေသည်။

သူမ တောင်းဆိုချက်က မမြင့်မားလှပါဘူးရှင် ~~ တောကြက်၊ တောကြက်ကလေးဆိုလျှင် ရပါပြီ…

ချန်ချင်းယွီ လျှောက်သွားနေစဉ်မှာပင် ရုတ်တရက် နတ်ဘုရားများမှ ဖေးမကူညီလိုက်သကဲ့သို့ တောကြက်တစ်ကောင် ဝဲပျံဆင်းလာသည်... ချန်ချင်းယွီ၏ ခန္ဓာကိုယ်မှာ ဦးနှောက်ထက်ပင် ပို၍ လျှင်မြန်စွာ လှုပ်ရှားသွားပြီး ချက်ချင်းပင် အရှေ့သို့ လွှားခနဲ ပြေးတက်ကာ လက်ထဲမှ မိုးမခကိုင်းဖြင့် ခပ်သွက်သွက် လွှဲရိုက်လိုက်၏။ ဤအချင်းအရာသည် စောစောပိုင်း မြွေကို သတ်ပြီးနောက် သူမ ရှာဖွေတွေ့ရှိခဲ့သော စမတ်ကျသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ မိုးမခကိုင်းများသည် တကယ်ကို အသုံးဝင်လှပြီး အထူးသဖြင့် အကိုင်းအနည်းငယ်ကို ပူးချည်ထားပါက အဝေးမှ ပစ်မှတ်ကို လှမ်း၍ တိုက်ခိုက်နိုင်သဖြင့် ခဲဖြင့်ပစ်ပေါက်ခြင်းထက် ပစ်မှတ်ကို ပိုမိုတိကျစွာ ထိမှန်စေနိုင်၏။

သူမ အနားသို့ပင် မရောက်သေးခင်မှာပင် လွှဲရိုက်လိုက်ရာ တောကြက်သည် မြေပြင်ပေါ်သို့ ဆန့်ငင်ဆန့်ငင်ဖြစ်ကာ လဲကျသွားတော့သည်။

ချန်ချင်းယွီ အနားသို့ရောက်သွားပြီး အလွယ်တကူပင် ဖမ်းဆီးလိုက်၏။

အမယ်..ငါက တကယ့်ကို ပါးနပ်လွန်းလှပါလား…

တောကြက်တစ်ကောင် ရရှိမှု +၁၊ လန်းတယ်ဟေ့...

ချန်ချင်းယွီသည် မျက်လုံးလေးများ မှေးသွားသည်အထိ ဝမ်းသာအားရ ပြုံးလိုက်ရင်း

“ငါ တကယ့်ကို တော်လွန်းတယ်... တော်လိုက်တာ... တော်လိုက်တာ...”

သူမသည် အလွန်ဝမ်းသာသွားပြီး အနီးနားရှိ မိုးမခပင်~~ တောင်ပေါ်တွင် တောလိုက်ရာ၌ အကောင်းဆုံးသော ကူညီသူကို ရှာဖွေတွေ့ရှိကာ တောကြက်ကို မိုးမခကိုင်းများဖြင့် ခပ်သွက်သွက် ချည်နှောင်လိုက်သည်။ ချန်ချင်းယွီ တဟဲဟဲ ရယ်မောရင်း ဆက်လက်လျှောက်လှမ်းလာခဲ့၏။

“ဟင်... ဒီမှာ မှိုနားရွက် အစုလိုက်အပြုံလိုက် ရှိနေတာပဲ”

ချန်ချင်းယွီသည် ပစ္စည်းသယ်ရန် ဘာမှယူမလာခဲ့သဖြင့် နှမြောတသစွာဖြင့် လက်လျှော့လိုက်ရသော်လည်း မော့ကြည့်ကာ တည်နေရာကို သေသေချာချာ မှတ်သားထားပြီး နောက်မှ ပြန်လာရန် စီစဉ်လိုက်သည်။ ဤတောင်တန်းကြီးများသည် တကယ့်ကို ရတနာများဖြင့် ပြည့်နှက်နေပေ၏။

“တောကြက်... တောကြက်ကလေး၊ တောကြက်တွေ နောက်ထပ် ရှိဦးမယ်ဆိုရင်...”

ဖုန်း... ဖုန်း... ဖုန်း...

ချန်ချင်းယွီသည် ယနေ့တွင် တကယ့်ကို နှုတ်ထွက်စကား နိမိတ်ပုံစံ ကျွမ်းကျင်မှုကို အသက်သွင်းလိုက်နိုင်ခြင်း ဖြစ်သည်။

သူမ ပြောပြီးရုံတင်ရှိသေး~~ နောက်ထပ် တောကြက်တစ်ကောင်ကို လှမ်းမြင်လိုက်ရပြန်၏။ ချန်ချင်းယွီသည် ဘာမှတွေးမနေတော့ဘဲ ၎င်းကို ဖမ်းရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။

အမှန်တကယ် တောင်ပေါ်ရှိ တောကြက်များနှင့် ယုန်များကို ဖမ်းရသည်မှာ အလွန်ပင် ခက်ခဲလှသည်ဟု နာမည်ကြီးသော်လည်း၊ ခက်ခဲမှုဟူသည်မှာ လူပုဂ္ဂိုလ်ပေါ်တွင်သာ မူတည်ပေ၏။ ချန်ချင်းယွီအတွက်မူ အနည်းငယ်မျှပင် မခက်ခဲလှပေ။

သူမသည် ခွန်အားကြီးမား၊ လျှင်မြန်၊ တိကျပြီး ဖျတ်လတ်လှသဖြင့် သူမအတွက် မခက်ခဲခြင်း ဖြစ်သည်။ ဝါရင့်မုဆိုးတစ်ယောက်ပင်လျှင် သူမထက် ပို၍ ကောင်းအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းတွင် မိမိတို့၏ အားသာချက်ကိုယ်စီ ရှိကြစမြဲ ဖြစ်၏။ အကယ်၍ ချန်ချင်းယွီကို စာကျက်ခိုင်းပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေခိုင်းမည်ဆိုလျှင် သူမ သေချာပေါက် အောင်မြင်မည်မဟုတ်မှန်း သူမကိုယ်တိုင် ကောင်းကောင်းသိသည်။ နောက်လာမည့် ၁၉၇၇ ခုနှစ် စာမေးပွဲစနစ်ကို ပြန်လည်ကျင့်သုံးလျှင်ပင် သူမ အောင်မြင်မည် မဟုတ်ပေ။

သူမသည် အထက်တန်းကျောင်းကို အပျော်သဘောမျှသာ တက်ခဲ့ခြင်းဖြစ်ပြီး၊ တက်ချင်လွန်း၍ မဟုတ်ဘဲ ထိုခေတ်ထိုအခါက အခြေအနေများကြောင့်သာ ဖြစ်သည် ~~ ထိုအချိန်က နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်နေချိန်ဖြစ်၍ ဆရာ၊ ဆရာမများပင် စာသင်ရန် ကြောက်ရွံ့နေကြရသည်။ အရာအားလုံးက စက်ရုပ်ဆန်ဆန် ပြီးစလွယ် ဖြတ်သန်းခဲ့ကြရခြင်း ဖြစ်၏။

မိမိကိုယ်တိုင်အတွက်မူကား၊ ငယ်စဉ်ကတည်းက အားကစားသမားတစ်ယောက် ဖြစ်ခဲ့သဖြင့် သဘာဝအတိုင်း စာပေပညာနှင့် ပတ်သက်၍ အစွမ်းအစ မရှိပေ။

ထို့ကြောင့် ချန်ချင်းယွီသည် မိမိကိုယ်မိမိ ကောင်းကောင်း သိမြင်နားလည်မှု ရှိ၏။

သူမ တက္ကသိုလ် မတက်ချင်ပါ…

သူမသည် စာပေပညာရေးတွင် အမှန်တကယ် မထူးချွန်သော်လည်း၊ ဤကဲ့သို့သော အရာများတွင်မူကား အကြွင်းမဲ့ ထူးချွန်လှပေသည်။

လူတိုင်းတွင် မိမိတို့၏ အားသာချက်ကိုယ်စီ ရှိကြသည်ဖြစ်ရာ ချန်ချင်းယွီသည် ဤနယ်ပယ်တွင် အလွန်ပင် ထူးကဲပြောင်မြောက်လှပေ၏။

တောကြက်တစ်ကောင် ဖမ်းရခြင်းသည် သူမ၏ ထူးချွန်ပြောင်မြောက်လှသော အစွမ်းအစများနှင့် ယှဉ်လျှင် အရည်အချင်း ဖြုန်းတီးရာ ရောက်သည်ဟု ထင်ရသော်လည်း၊ မိမိ၏ လူနေမှုဘဝကို မြှင့်တင်နိုင်ခြင်းသည်သာ အမှန်ကန်ဆုံးအရာ ဖြစ်ပေသည်။ ချန်ချင်းယွီသည် ဒုတိယမြောက် တောကြက်တစ်ကောင်ကိုပါ ခပ်သွက်သွက်ပင် ထပ်မံဖမ်းဆီးလိုက်ပြန်၏။

တောကြက်ရရှိမှု +၂၊ လန်းတယ်ဟေ့...

ချန်ချင်းယွီသည် လက်တစ်ဖက်တွင် တောကြက်နှစ်ကောင်ကို ဆွဲပြီး ကျန်လက်တစ်ဖက်တွင်မူ မိုးမခကိုင်းကို ကိုင်ကာ သီချင်းတညည်းညည်းဖြင့် လျှောက်လာခဲ့သည်။ ယနေ့တွင် သူမ အလွန် စိတ်ချမ်းသာနေရ၏။

“ငါတော့ အောင်နိုင်သူပီပီ ရယ်မောမယ်... အားရပါးရ ရယ်မောမယ်...”

သူမ သီချင်းများ အော်ဆိုနေတော့သည်။

သူမ ဆိုနေသည့် သီချင်းစာသားများသည် ဟိုစပ်စပ် သည်စပ်စပ်နှင့် ရှုပ်ထွေးနေသော်လည်း ဘာပဲဖြစ်ဖြစ် သူမ ပျော်နေဖို့သာ အဓိက ဖြစ်ပေသည်….

“ထမင်းစားပြီးရင် သစ်သီးလေး ဘာလေး စားလိုက်ရရင် သိပ်ကောင်းမှာပဲ... ဟင်... အမေလေး... ငါ့နှယ် ကံကောင်းလိုက်တာ... နှုတ်က ထွက်တဲ့အတိုင်း တန်းရတာပဲဟေ့... တောကြက်လည်း ရပြီ၊ သစ်သီးလည်း ရပြီ... သီးညှာတွေနဲ့ စပျစ်သီးတွေပါလား...”

ချန်ချင်းယွီသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခဏမျှ ဝေခွဲမရဖြစ်သွားသော်လည်း၊ စပျစ်သီးအချို့ကို ဆွတ်ခူးကာ သစ်ရွက်အကြီးကြီးတစ်ခုဖြင့် သေသေချာချာ ထုပ်ပိုးလိုက်၏။ ဤနေရာက အနည်းငယ် ဝေးလွန်းလှသည်၊ မှိုနားရွက်များရှိသည့် နေရာထက်ပင် အများကြီး ပိုဝေးသဖြင့် နောက်တစ်ခါ ပြန်လာရန် မတန်ပေ။

သူမ ခဏမျှ စဉ်းစားပြီးနောက် နောက်ထပ် စပျစ်သီးအနည်းငယ်ကိုပါ ထပ်မံဆွတ်ခူးလိုက်၏။

သူမ ပြောသည့်အတိုင်း တန်းဖြစ်နေသဖြင့် ယခုတစ်ကြိမ်တွင်မူ ဂျင်စင်းကို လိုချင်မိပြန်သည်။

နှုတ်ထွက်စကား နိမိတ်စွမ်းအား...

“ဂျင်စင်း... ဂျင်စင်း... ဂျင်စင်း...”

ဂျင်စင်းဟူသည်မှာ ခေတ်ဟောင်းသို့ ကူးပြောင်းလာသည့် အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် လိုအပ်သော ရတနာတစ်ပါး မဟုတ်လော့~~

သူမ စိတ်ကြိုက် လျှောက်ပြောကြည့်ပြီးနောက်~~~

ဂျင်စင်းတစ်မြုံလောက် ပေါ်လာအောင် လုပ်ပေးစမ်းပါ…

ချန်ချင်းယွီသည် ပတ်ပတ်လည်ကို ဆက်လက်၍ လျှောက်ကြည့်နေသော်လည်း... အင်...

ဂျင်စင်းမြစ်တစ်မြစ်ကလေးမျှပင် လှမ်း၍မမြင်ရပေ။ ဇွဲမလျှော့သော ချန်ချင်းယွီသည် နောက်ထပ်တစ်ပတ် ထပ်မံဝိုင်းပတ်ရှာဖွေကြည့်ပြန်သည်…

အာ... ဘာမှမရှိသေးပါလား…

သေချာတာသည်မှာ နှုတ်ထွက်စကား နိမိတ်စွမ်းအားဟူသည်မှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေသည်၊ တကယ်မရှိလျှင် ဘယ်လိုမှ ပေါ်လာမည်မဟုတ်ပေ။

ဂျင်စင်းဟူသည် အမှန်တကယ်ပင် ရှားပါးလှ၏။ ချန်ချင်းယွီသည် အကြိမ်ကြိမ် ရှာဖွေပြီးနောက် ဘာမှရှာမတွေ့သော်လည်း စိတ်မပျက်ပေ။ သူမကိုယ်တိုင်လည်း သေချာပေါက် ရှာတွေ့လိမ့်မည်ဟု တကယ်ကြီး မမျှော်လင့်ထားခဲ့၍ပင်။

စိတ်ကူးယဉ်ကြည့်ရုံသက်သက်ပဲလေ…

“ကတော် ... ကတော်...”

“အိုး... နောက်ထပ် တောကြက်တစ်ကောင်ပါလား...”

သူမ ဝမ်းသာအားရ ရေရွတ်ရင်း ခပ်သွက်သွက်ပင် အရှေ့သို့ တိုးသွားတော့သည်။

တောကြက်ရရှိမှု +၃၊ ပိုလို့တောင် လန်းသွားပြီ...

ယနေ့တွင် သူမသည် တောကြက်များနှင့်သာ တကယ်ကို ကံစပ်နေပုံရ၏။ ယုန်တစ်ကောင်ကလေးမျှ မတွေ့ရသော်လည်း ကြက်သုံးကောင်ကိုမူ ဖမ်းမိထားပြီးပြီ ဖြစ်သည်။

သူမသည် တောကြက်များနှင့် တစ်စုံတစ်ရာ အငြိုးအတေးရှိနေသည့်အလား သူတို့၏ အသိုက်ကိုပါ အုန်းအုန်းကျွက်ကျွက် ဖြစ်အောင် မွှေနှောက်လိုက်သကဲ့သို့ပင်။

ကြက်သုံးကောင်တောင်မှပဲ...

ချန်ချင်းယွီသည် ယနေ့နေ့ရက်လေးသည် အလွန်ပင် အံ့သြစရာကောင်းလှသည်ဟု ခံစားမိနေ၏။

ကံကောင်းလွန်းလှချည်လား…

ယနေ့ ရရှိခဲ့သော အသီးအပွင့်များမှာ အတော်ပင် ကောင်းမွန်လှသော်လည်း၊ ချန်ချင်းယွီသည် တောက်ပနေသော နေရောင်ခြည်ကို တစ်ချက်လှမ်းကြည့်ကာ ဆက်လက်၍ မရှာဖွေတော့ရန် ဆုံးဖြတ်လိုက်သည်။ မနက်ခင်းတစ်ခုလုံး အလုပ်ရှုပ်ထားသဖြင့် သူမ အနည်းငယ် ဗိုက်ဆာနေပြီဖြစ်ကာ နေ့လယ်စာ စားရန်အတွက် ပြန်ရမည့်အချိန်သို့လည်း ရောက်ရှိနေပြီ ဖြစ်၏။

ချန်ချင်းယွီသည် ကြက်သုံးကောင်နှင့် တောစပျစ်သီးတစ်ဆုပ်ကို သယ်ဆောင်ကာ အေးအေးလူလူပင် ပြန်လျှောက်လာခဲ့သည်။

“တောယုန်ကလေး... တောယုန်ကလေး၊ နင် ဘယ်တွေ ရောက်နေတာလဲ”

ချန်ချင်းယွီသည် မိမိဘာသာ တိုးတိုးလေး ညည်းတွားလာမိသော်လည်း၊ စောစောကဲ့သို့ နှုတ်ထွက်စကား နိမိတ်စွမ်းအားကို မျှော်လင့်နေ၍ မရတော့ပေ….

အင်း… ဂျင်ဆင်းလည်း မရှိသလို ယုန်လည်း ပေါ်မလာခဲ့ဘူး…

သူမသည် လာခဲ့သည့် လမ်းအတိုင်း ပြန်လျှောက်လာခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ အခြားဘာကိုမျှ ထပ်မံမတွေ့ရတော့ပေ။ ပြန်လာသည့် လမ်းတွင် ချန်ချင်းယွီသည် အဝေးမှ အဘွားကြီးကျောက်နှင့် ကလေးလေးများ တတွတ်တွတ် စကားပြောနေကြသည့် အသံများကို လှမ်းကြားနေရသည်။ ကလေးငယ်နှစ်ယောက်သည်လည်း အတော်ပင် ကျယ်လောင်စွာ ဆော့ကစားနေကြပုံရ၏။

ချန်ချင်းယွီ အဝေးကနေ လှမ်း၍ အော်ဟစ်ကာ

“ပြန်လာပြီဟေ့...”

“မေမေ...”

“မေမေ ပြန်လာပြီ...”

ကလေးနှစ်ယောက်သည် အပြေးကလေး ရောက်လာကြပြီး ချက်ချင်းပင် “မေမေ...” ဟု ဝမ်းသာအားရ ခေါ်ကြ၏။

ချန်ချင်းယွီ : “ဘာတွေ လုပ်နေကြတာလဲ။ မေမေ အဝေးကတည်းက အော်သံတွေ ကြားနေရတယ်”

ကလေးငယ်လေးများမှာ တတွတ်တွတ်ဖြင့်

“မေမေ... အဘွားက ပုစွန်တွေ ထပ်ဖမ်းနေပြန်ပြီ”

ချန်ချင်းယွီ ဇဝေဇဝါဖြစ်သွားရင်း

“ပုစွန်ဖမ်းတယ် ဟုတ်လား”

ကလေးနှစ်ယောက်သည် သူမ၏ လေသံထဲက ဇဝေဇဝါဖြစ်မှုကို ရိပ်မိသွားကြပြီး ခပ်သွက်သွက်ပင် ရှင်းပြကြ၏။

“ပုစွန်လေ... စားဖို့ ပုစွန်တွေလေ...”

ချန်ချင်းယွီ၏ နှုတ်ခမ်းများက မသိမသာ တွန့်လိမ်သွားပြီး

“............................................”

သောက်ကျိုးနည်း…ဒါက ဖြစ်နိုင်ခြေရှိတယ်လို့ ထင်သလား…

တကယ်ကော သဘာဝကျရဲ့လား.. ပုစွန်ဖမ်းလို့ရတဲ့ တစ်ခုတည်းသော နေရာက တောင်ပေါ်က စမ်းချောင်းကလေး မဟုတ်ဘူးလား… အဲဒီတောင်ကျစမ်းချောင်းထဲမှာ ပုစွန်တွေ ရှိနေတယ်ပေါ့...

ဒါက တစ်စုံတစ်ယောက်ရဲ့ ပြက်လုံးများလား…

ချန်ချင်းယွီသည် ဘုရားသခင် သူမကို အထူးအခွင့်အရေးတစ်ခု ပေးလိုက်သကဲ့သို့ ခံစားမိလိုက်သည်။ သူမ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်ရင်း

“ငါ လာကြည့်ဦးမယ်”

ထိုအခိုက်အတန့်တွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း ချန်ချင်းယွီ သယ်ဆောင်လာသော ပစ္စည်းအများအပြားကို လှမ်းမြင်သွားကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြတော့သည်။

“တောကြက်တွေ... တောကြက်တွေ အများကြီးပဲ... တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... သုံးကောင်တောင် ရှိတာပဲ...”

ကလေးနှစ်ယောက်သည် အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ ခုန်ပေါက်ရင်း ဆူညံစွာ အော်ဟစ်ကြ၏။

“မေမေ... မေမေက တကယ့်ကို တော်လွန်းတယ်... တကယ့်ကို အစွမ်းထက်တာပဲ...”

ချန်ချင်းယွီ ပြုံးလိုက်ရင်း

“ဒါပေါ့... မေမေက ဒီလောက်အထိ တော်တာလေ၊ ကဲ... ပစ္စည်းတွေ အရင်ချလိုက်ဦးမယ်၊ အမေ... စမ်းချောင်းထဲမှာ တကယ်ပဲ ပုစွန်တွေ ရှိနေတာလား”

အဘွားကြီးကျောက်သည် ဘောင်းဘီရှည်ကို လိပ်တင်ကာ ခြေဗလာဖြင့် စမ်းချောင်းထဲတွင် အလုပ်ရှုပ်နေရင်း ဝမ်းသာအားရ ပြန်ပြောသည်။

“ရှိတာပေါ့... ညည်း သိလား၊ တကယ်ကို ရှိတာဟေ့... ငါတို့ တကယ့်ကို ကံကောင်းတာပဲ...”

ချန်ချင်းယွီသည် ပစ္စည်းများကို ခပ်သွက်သွက် ချလိုက်ပြီး အနားသို့ လျှောက်သွားကာ မအောင့်နိုင်ဘဲ အံ့ဩတကြီး ရေရွတ်မိတော့သည်။

“အမေလေး... တကယ်ကြီး ရှိတာပဲပါလား... ဒါ ဘာဖြစ်တာလဲ”

အဘွားကြီးကျောက် : “ဘာဖြစ်တာလဲ... ညာဖြစ်တာလဲတွေ လျှောက်ပြောမနေနဲ့တော့၊ လာပြီး ကူဦး”

သူမသည် မလှမ်းမကမ်းတွင် ချထားသော တောကြက်များကို လှမ်းကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့်

“ဘုရားရေ... ညည်းရဲ့ ရိတ်သိမ်းမှုကလည်း မဆိုးလှဘူးပဲ... တောကြက်တွေ ဒီလောက်အများကြီး ဘယ်လိုလုပ် ဖမ်းမိတာလဲ”

“ဘယ်လိုလုပ်ရှိရမလဲ... ကျွန်မ ပညာရှင်မို့လို့ပေါ့...”

ချန်ချင်းယွီ ကြွားလိုက်ရာ၊

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်နေ၏။

အဘွားကြီးကျောက် : “ညည်းက အရင်တုန်းက ဘာလို့ တောင်ပေါ်ကို မလာခဲ့တာလဲ…အမြဲတမ်းသာ လာခဲ့ရင် ငါတို့ဘဝတွေ ဒီထက်အများကြီး ပိုကောင်းနေမှာပေါ့”

ချန်ချင်းယွီ မရယ်ဘဲမနေနိုင်တော့ကာ

“ကျွန်မ လေလုံးထွားနေတာကို အမေက တကယ်ကြီး ယုံနေတာလား.. ကျွန်မက ဘယ်လောက်စွမ်းစွမ်း... တောင်ပေါ်မှာ တောကြက်တွေ ရှိနေမှ ရမှာပေါ့၊ အမေ ကြည့်လေ... ပြီးခဲ့တဲ့ အခေါက်တုန်းက ကျွန်မ မြို့ပြင်ဘက်ကို မှိုလာကောက်တုန်းက တောင်ပေါ်အထိ တက်ခဲ့တာပဲလေ၊ ဘာမှမမိခဲ့ပါဘူး… တောလိုက်တယ်ဆိုတာ အမြဲတမ်း ကံပေါ်မှာပဲ မူတည်တာပါ၊ ဒီနေ့က နေ့ကောင်းရက်သာမို့လို့ ကျွန်မတို့ ကံကောင်းကြတာ”

အဘွားကြီးကျောက် ပြန်တွေးကြည့်ရာ ဟုတ်သည်ဟု သဘောတူလိုက်၏။ ယခင်က နွေဦးရာသီတွင် မိုးအလွန်ရွာသွန်းသဖြင့် မိုးရွာပြီးတိုင်း ချန်ချင်းယွီသည် မြို့ပြင်ဘက်သို့ မှိုလာကောက်လေ့ရှိသော်လည်း ပထမဆုံးအကြိမ်တွင်သာ တောကြက်တစ်ကောင် မိခဲ့ပြီး နောက်ပိုင်းတွင် ဘာမှမရခဲ့ပေ။ အရာအားလုံးသည် ကံတရားပေါ်တွင်သာ မူတည်ပေသည်။

“ဒါဆိုရင်တော့ ဒီနေ့က ငါတို့ အပြင်ထွက်ဖို့ တကယ်ကို နေ့ကောင်းရက်မြတ် ဖြစ်နေတာပေါ့”

“အင်း... အဲလိုလည်း ပြောလို့ရပါတယ်”

ချန်ချင်းယွီသည် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်လိုက်ပြီး ဘောင်းဘီရှည်ကို လိပ်တင်ကာ ရေထဲသို့ ခပ်သွက်သွက် ဆင်းလိုက်၏။

ကလေးနှစ်ယောက် ပို၍ပင် စိတ်လှုပ်ရှားသွားကြကာ

“မေမေ... ကြိုးစားထား...”

“အဘွား... ကြိုးစားထား…”

“အိုး... ပျော်စရာကြီး...”

“သမီး ပုစွန် သိပ်ကြိုက်တာပဲ”

“သားလည်း ကြိုက်တယ်...”

အပြိုင်အဆိုင် တတွတ်တွတ် ပြောနေကြပြန်သည်။

ခဏမျှ အလုပ်လုပ်ပြီးနောက် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့၏ ဝမ်းဗိုက်ထဲမှ တဂူးဂူးနှင့် ဆာလောင်သံများ ထွက်ပေါ်လာ၏။

“ကျွန်မ နည်းနည်း ဗိုက်ဆာလာပြီ.. အရင်ဆုံး တစ်ခုခု စားကြရအောင်လေ၊ ပုစွန်ဖမ်းတာက ထမင်းစားပြီးမှ ဖမ်းလည်း အလောတကြီး မဟုတ်ပါဘူး”

သူမသည် စမ်းချောင်းဘေးရှိ သစ်ရွက်ကြီးပေါ်တွင် တွန့်လိမ်လှုပ်ရှားနေကြသော ပုစွန်များကို လှမ်းကြည့်လိုက်သည်။

အင်း... အတော်လေး များလှပေတကား…

အဘွားကြီးကျောက် : “ကောင်းပြီလေ...”

“ကျွန်မ မီးမွှေးလိုက်မယ်… အမေ ကြက်တစ်ကောင်လောက် သွားဆေးပေးမလား... ကျွန်မတို့ တစ်ကောင် ကင်စားကြတာပေါ့”

အဘွားကြီးကျောက်မှာ ချက်ချင်း

“ကောင်းပြီ...” ဟု ဖြေကာ၊

နှစ်ယောက်သား အလုပ်ခွဲလုပ်ကြတော့သည်။ တောအုပ်ထဲတွင် မီးမွှေးရခြင်းမှာ သိပ်ပြီး စိတ်မချရသော်လည်း ကံကောင်းသည်မှာ ယခုသည် နွေဦး သို့မဟုတ် ဆောင်းဦးရာသီ မဟုတ်သည့်အပြင် ရာသီဥတုမှာ ပူပြင်းပြီး လေမတိုက်ပေ။ အနီးနားတွင် စမ်းချောင်းလည်း ရှိနေသဖြင့် ချန်ချင်းယွီ စိတ်အေးသွားရ၏။

“သားတို့ သမီးတို့... မေမေနဲ့အတူ သစ်ကိုင်းခြောက် သွားကောက်ရအောင်”

“ဟုတ်ကဲ့ပါ...”

ကလေးငယ်နှစ်ယောက်လုံး ကူညီခွင့်ရသဖြင့် ဝမ်းသာအားရဖြစ်ကာ ခြေထောက်တိုတိုလေးများဖြင့် မမောမပန်း ခပ်သွက်သွက် လှုပ်ရှားကြ၏။ ယခုကဲ့သို့ တောအရပ်၌ ပျော်ပွဲစားထွက်ရသည့် နေ့ရက်မျိုးသည် သူတို့အတွက် ဆန်းသစ်ပြီး အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှပေသည်။ ချန်ချင်းယွီသည် သစ်ကိုင်းခြောက် အများအပြားကို ခပ်သွက်သွက် စုဆောင်းလိုက်ပြီးနောက် မီးခြစ်ကို ထုတ်လိုက်၏။

သူတို့သည် အသားကင်စားကြမည် ဖြစ်သော်လည်း အသားကင်စင်ဟူ၍ မရှိပေ~~ ယခုခေတ်တွင် ဘယ်မှာသွားရှာ၍ ရပါမည်နည်း။

သို့သော် အစားအသောက်နှင့် ပတ်သက်လာလျှင် ခက်ခဲမှုများကို ကျော်လွှားနိုင်မည့် နည်းလမ်း အမြဲရှိစမြဲ ဖြစ်သည်။

ဒါမျိုးက သူမကို ဘာမှ အခက်အခဲ မဖြစ်စေပါဘူးလေ…

ချန်ချင်းယွီသည် သစ်ကိုင်းအချို့ကို အသုံးပြု၍ ယာယီအသားကင်စင်ကလေး တစ်ခုကို ဖန်တီးလိုက်၏။

သူမသည် စားနိုင်သောက်နိုင်စွမ်းရှိပြီး ဟင်းချက်သည့် နေရာတွင်လည်း ဘယ်တော့မှ လက်မနှေးပေ။ အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်စမြဲပင်…

ချန်ချင်းယွီသည် မနေ့က ဝယ်ထားသည့် အသားတစ်ပေါင်ခန့် ရှိပြီး တစ်နပ်စာအတွက် လုံလောက်လှသည်။ ၎င်းကို ထုတ်ယူကာ ခပ်သွက်သွက်ပင် ကင်လိုက်၏။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် သစ်ကိုင်များကောက်နေရင်း မျက်လုံးဝိုင်းကြီးများဖြင့် မကြာခဏ လှမ်းကြည့်နေကြသည်။ အသားကင်၏ မွှေးပျံ့လှသော အနံ့အသက်များ လွင့်ပျံလာသည့်အခါတွင်မူ ကလေးနှစ်ယောက်လုံး တံတွေးများကို တဂလုလု မျိုချနေကြပြီး ခြေလှမ်းများလည်း ပို၍ သွက်လာကြ၏။

ချန်ချင်းယွီ : “မလောကြနဲ့ဦးနော်... ကျက်ရင် မေမေ ပေးစားမယ်”

“ဟုတ်ကဲ့ပါ...”

ဒါက တကယ်ကို အံ့သဩစရာကောင်းလိုက်တာ…

“ချင်းယွီ... ဒီပုစွန်တွေကို ငါတို့ ဘယ်လိုစားကြမလဲ”

ချန်ချင်းယွီ : “အသားတွေ စားပြီးရင် ပုစွန်တွေကို တံစို့ထိုးပြီး ကင်စားကြတာပေါ့”

သူတို့သည် ကိုယ်တိုင် အသားကင်တံစို့များကို ပြုလုပ်ကြသည်။ သံတံစို့ဟူသည်မှာ... ဟိဟိ၊ အမြဲတမ်း အလွယ်တကူ မရနိုင်သော်လည်း ချန်ချင်းယွီတွင် ပါးနပ်သော အစီအစဉ် ရှိပေ၏။ သူမသည် အဘိုးနှင့် အဘွားတို့၏ အိမ်ဟောင်းသို့ သွားစဉ် ထိုကြေးနန်းသံများကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ချန်ရိကျွင်းသည် လေတိုက်သည့်အခါ ပြတင်းပေါက်များ သေသေချာချာ မပိတ်ဘဲ ထူးဆန်းသောအသံများ ထွက်ပေါ်လာစေရန် ထိုအရာများကို ပြတင်းပေါက်အက်ကွဲကြောင်းများကြားတွင် ညှပ်ထားလေ့ရှိ၏။

ချန်ရိကျွင်း ဘာတွေ ကြံစည်နေပါစေ သူမ ဂရုစိုက်ပါဘူး…

သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ထိုနေရာသို့ အထူးတလည် သွားရောက်ကာ အားလုံးကို သိမ်းကျုံးသယ်ဆောင်လာခဲ့၏။ ငါးကင်စားသည့်အခါ အဆင်ပြေစေရန် စဉ်းစားထားခြင်း ဖြစ်သော်လည်း ယနေ့တွင်မူ ပထမဆုံးအကြိမ်အဖြစ် အသားကင်ရန်အတွက် အသုံးပြုရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အဘွားကြီးကျောက် : “ကြက်ကင်ကိုတော့ ငါပဲ လုပ်လိုက်ပါ့မယ်… ညည်း ဆား ယူလာခဲ့ရဲ့လား”

ချန်ချင်းယွီ : “ယူလာတာပေါ့”

သူတို့သည် တောကြက် သို့မဟုတ် ယုန်များနှင့် တိုးနိုင်သည်ကို ကြိုတင်တွေးဆထားကြသဖြင့် ဆားတင်မကဘဲ ငရုတ်သီးမှုန့်ကိုပါ ယူဆောင်လာခဲ့ကြလေသည်။ ပျော်ပွဲစားထွက်ကြသည်ဖြစ်ရာ အရာရာကို အဆင်သင့် ပြင်ဆင်ထားရမည်သာ…

“အသားကင်စားရတာ တကယ်ကို ကောင်းမှာပဲ...”

ချန်ချင်းယွီ ရေရွတ်လိုက်၏။

အသားတံစို့များ အဆင်သင့်ဖြစ်ပြီကို မြင်သောအခါ ချန်ချင်းယွီမှာ ကမ်းပေးကာ

“ကဲ... အရင်စားကြစို့၊ တစ်ယောက်ကို နှစ်ချောင်းစီနော်။ ရော့...”

ယခုတစ်ကြိမ်တွင်မူ မျှတလှပေသည်။

“ဂရုစိုက်ဦးနော်... ပူတယ်”

“ဟုတ်ကဲ့...”

“ဖြည်းဖြည်းစားကြ”

“ကြားလား”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့အတွက်မူ ဤကဲ့သို့ အသားစားရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ယခင် အပြင်သို့ ခိုးထွက်ကာ စားဖူးကြသော်လည်း ယခုကဲ့သို့ တံစို့ထိုးထားသော အသားကို စားရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။

ရှောင်ကျားသည် စူးစမ်းလိုစိတ်ဖြင့် ခေါင်းလေးငုံ့ပြီး တစ်လုပ်ကိုက်ကြည့်လိုက်ရာ မျက်လုံးလေးများ ချက်ချင်းပင် ဝိုင်းစက်သွားတော့သည်။ အသား၏ မွှေးပျံ့လှသော အရသာသည် အာခေါင်ထဲသို့ ပျံ့နှံ့သွားသဖြင့် သူ ခပ်သွက်သွက်ပင် တတွတ်တွတ်ဖြင့်

“မေမေ... တကယ် စားလို့ကောင်းတယ်... ဒီအသားက တကယ် အရသာရှိတယ်...”

ချန်ချင်းယွီ ဂုဏ်ယူစွာဖြင့်

“ဒါပေါ့... မေမေက မနေ့ညကတည်းက ဒါတွေကို နှပ်ထားတာလေ”

အင်း... တကယ် စားလို့ကောင်းလှပေသည်။

ဤအသား၏ အရသာမှာ အလွန်ပင် လတ်ဆတ်လှ၏။

သဘာဝအတိုင်း ရရှိသောအရာမှာ အကောင်းဆုံး ဖြစ်ပေသည်။

“စိတ်ကြိုက် စားကြနော်.. ဒီနေ့ တို့တွေမှာ စားစရာတွေ အများကြီးရှိတယ်.. မလောက်ရင် ကြက်နှစ်ကောင် ထပ်ကင်မယ်... ဗိုက်ပြည့်အောင် စားကြတာပေါ့”

“ဟုတ်ကဲ့ပါ...”

အဘွားကြီးကျောက်ပင်လျှင် မျက်နှာတစ်ခုလုံး ပြုံးရွှင်နေလေ၏။

ဘယ်သူကများ မိမိစိတ်ကြိုက် အသားကို အဝလွေးနိုင်မှာလဲ.. ဟဲဟဲ

သူမအိမ်ပဲ ရှိတာပေါ့...

ဟားဟားဟား...

သူမအိမ်က တကယ်ကို အစွမ်းထက်လိုက်တာ…

အဘွားကြီးကျောက်သည် အဘွားအိုများထဲတွင် မိမိထက် ပို၍ စိတ်ချမ်းသာရသူ မရှိနိုင်တော့ဟု ခံစားမိရင်း ပျော်ရွှင်စွာဖြင့် တဟားဟား ရယ်မောနေတော့သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ယောက်သည် ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်ကာ၊ တစ်ကိုယ်လုံး လျှောကျလုနီးပါး အေးအေးလူလူ မှီထိုင်ရင်း အသားကင်တံစို့များကို မြိန်ရေယှက်ရေ စားသောက်နေကြ၏။ ကလေးငယ်များ၏ မျက်လုံးလေးများထဲတွင် အတိုင်းအထက်အလွန် ကျေနပ်ပီတိဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

“ဝအောင်စားကြနော်... အများကြီး ကျန်သေးတယ်”

“ဟုတ်ကဲ့ပါ မေမေ”

အဘွားကြီးကျောက် : “ဟယ်... ဒါက တောစပျစ်သီးတွေလား”

ချန်ချင်းယွီ : “ဟုတ်တယ် အမေ... ကျွန်မ မြည်းကြည့်ပြီးပြီ၊ အရမ်းချိုတာပဲ… ထမင်းစားပြီးမှ အချိုတည်းကြတာပေါ့”

“အေး... ကောင်းတာပေါ့… ဒါမျိုးတွေက အပြင်မှာ သွားဝယ်ရင် စျေးမနည်းဘူးအေ... ဒါကြောင့်မို့လို့လည်း တောင်ပေါ်မှာ ရတနာတွေ အပြည့်ရှိတယ်လို့ ပြောကြတာပေါ့”

အဘွားကြီးကျောက် ဆိုကာ စကားစပ်ရင်း တတွတ်တွတ် ညည်းညူပြန်၏။

“ဒါနဲ့... ယွီမေကျွမ်း ငါတို့ကို ဘာပစ္စည်းတွေ ပို့လိုက်လဲမသိဘူးနော်၊နင် မနက်ဖြန် သွားယူတဲ့အခါကျရင် သေသေချာချာ ကြည့်ဦး”

ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်၍ အလုပ်ပိတ်နေ၍သာ… သို့မဟုတ်ပါက အဘွားကြီးကျောက်တစ်ယောက် ယနေ့ကတည်းက ထိုအထုပ်ကို အတင်းသွားယူချင်နေလောက်ပြီ ဖြစ်၏။

“သိပါပြီ အမေရဲ့”

“ဟော... နင်က တံစို့ထဲမှာ မှိုတွေကိုပါ ထည့်ကင်ထားတာလား”

“ဟုတ်တယ်... မှိုကင်လေးကလည်း တကယ် စားလို့ကောင်းတာ အမေရဲ့...”

သူတို့ မိသားစုလေးယောက်သည် ပါးစပ်ထဲတွင် အနံ့မွှေးမွှေးလေးများ စွဲကျန်နေသည်အထိ အားရပါးရ စားသောက်နေကြပြီး စိတ်ကျေနပ်မှု အပြည့် ရှိနေကြသည်။

“နောက်ထပ် ဘာကျန်သေးလဲ ကြည့်ရအောင်...”

“မေမေ... သား အသားကင် နောက်တစ်ချောင်း ထပ်စားချင်လို့...”

“အာ... ဒီပုစွန်တွေကို ဒီလိုကင်စားတာလည်း တကယ် အရသာရှိတာပဲပဲ...”

“ချွေးမရေ... ငါ့ကို ပဲထောင့်ရှည်ကင် တစ်ချောင်းလောက် ပေးစမ်းဦး၊ မြည်းကြည့်ရအောင်”

“အင်း... ကြက်ကင်ကလည်း တကယ်ကို စားလို့ကောင်းလိုက်တာ...”

...

သူတို့လူစုသည် တစ်ယောက်တစ်ပေါက်ဖြင့် မနားတမ်း စကားပြောရင်း စားသောက်နေကြရာ စိတ်နှလုံးထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ ယခုကဲ့သို့သော နေ့ရက်မျိုးသည် တကယ့်ကို သာယာလှပေသည်။

သူတို့အုပ်စုသာ တောင်ပေါ်တွင် ပျော်ပွဲစားထွက်နေကြခြင်းဖြစ်ပြီး အခြားမည်သူမျှ တက်မလာကြသဖြင့် ပို၍ပင် စိတ်အေးချမ်းကြရ၏။ အဘွားကြီးကျောက်က စိတ်လှုပ်ရှားစွာဖြင့်

“ငါတို့မှာ ဒီလိုနေ့ရက်မျိုး ကြုံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...”

ချန်ချင်းယွီကမူ ပေါက်စီကင်ချပ်များကို စားရင်း ကျောက်ဆောင်ပေါ်တွင် လှဲလျောင်းနေကာ ကျောက်တုံး၏ အအေးဒဏ်ကိုလည်း ဂရုစိုက်ပုံမပေါ်ပေ။

သူမသည် ထူထပ်လှသော ချုံပုတ်များကို မော့ကြည့်ရင်း

“ကိုယ်ကသာ လိုချင်စိတ်ရှိရင် ဒီလိုနေ့ရက်တွေက အမြဲတမ်း ရှိနေမှာပါပဲ.. အပတ်တိုင်း မလာနိုင်ရင်တောင် ရက်ပိုင်းခြားပြီးတော့ လာလို့ရတာပဲလေ၊ နောက်တစ်ခါလာရင်လည်း အခုလို လိမ္မာတဲ့ တောကြက်တွေနဲ့ပဲ ထပ်တိုးပါစေလို့ မျှော်လင့်ရတာပဲ”

“ဟားဟားဟားဟား~”

အဘွားကြီးကျောက်နှင့် ကလေးများ သဘောကျစွာ ရယ်မောကြတော့သည်။

ယနေ့တွေ့ခဲ့သော တောကြက်များမှာ တကယ့်ကို အလွန်အမင်း ‘လိမ္မာ’ ကြသည် မဟုတ်လော့~~

အဘွားကြီးကျောက် : “ငါကလည်း အခုလို လိမ္မာတဲ့ ပုစွန်တွေကိုပဲ အမြဲတမ်း ရှာတွေ့ပါစေလို့ မျှော်လင့်တာပဲ၊ ညည်း သိလား... ငါ စောစောက စမ်းချောင်းဘက်ကို သွားကြည့်ရုံတင် ရှိသေးတာ၊ ရေထဲမှာ ပုစွန်တွေ ဒီလောက်အများကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ဒါက တကယ်ကို... ငါ့အထင်တော့ ငါတို့ ဒီနေ့ အပြင်ထွက်ဖို့ နေ့ကောင်းရက်သာကို ရွေးမိတာ ထင်တယ်”

ချန်ချင်းယွီလည်း ခေါင်းညိတ်ပြလိုက်၏။

“ဗူးထဲက ဟာတွေလည်း ကုန်ပြီဆိုတော့... နေ့လယ်ကျရင် ငါ ရေထဲဆင်းပြီး ပုစွန်တွေ ထပ်ဖမ်းဦးမယ်၊ အကုန်ပြောင်အောင် ဖမ်းပစ်ရမယ်… ညကျရင် အိမ်ပြန်ရောက်မှပဲ ချက်စားကြတာပေါ့၊ နေ့လယ်စာအတွက် ကင်စားရတာကလည်း ကောင်းပါတယ်… ဒါပေမဲ့ ချက်စားရင်တော့ ပိုပြီး အရသာရှိမှာ သေချာတယ်”

အဘွားကြီးကျောက် အစီအစဉ်ဆွဲနေသည်။

“ကောင်းပြီလေ”

ချန်ချင်းယွီ ခေါင်းညိတ်ရင်းသဘောတူကာ ဆက်လက်၍ အကြံပြုလိုက်၏။

“ကျွန်မတို့ ဒါတွေကို ဆန်ပြုတ်ချက်စားလို့လည်း ရတယ်... ပုစွန်ဆန်ပြုတ်လေ...”

“အိုးဟိုး... အဲဒါဆို သိပ်ကောင်းမှာပဲ၊ လျှာလည်သွားလောက်အောင် လတ်ဆတ်မှာ”

အဘွားကြီးကျောက် ဆိုလေသည်။

“ဟုတ်ပါ့...”

ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်ပြီးနောက်

“အမေ... ကျွန်မကို ခြင်းတောင်းနောက်တစ်လုံးလောက် ထပ်ရက်ပေးပါဦး၊ စောစောက မှိုနားရွက်တွေကို တွေ့ခဲ့တာ... ဒါပေမဲ့ သယ်ဖို့ ပစ္စည်းမပါလို့ လက်လျှော့ခဲ့ရတာလေ”

“အော်... အေးအေး၊ ရတယ်... ငါ ရက်ပေးပါ့မယ်”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပူဆာကြကာ

“မေမေ... မေမေ.. သားတို့လည်း လိုက်ကြည့်ချင်တယ်”

“ကောင်းပြီလေ... သားတို့ သမီးတို့လည်း လိုက်ခဲ့ကြပေါ့၊ ကလေးတို့ မျက်စိက စူးရှတာပဲ... မေမေကို အခြား ကောင်းတဲ့အရာလေးတွေ ရှိမလားဆိုတာ ကူပြီး ကြည့်ပေးကြနော်...”

“စိတ်ချပါ မေမေ...”

ရှောင်ကျား ရင်ဘတ်ကလေးကို လက်ဖြင့် ပုတ်ပြရင်း

“မေမေ... သားကိုသာ လွှဲထားလိုက်၊ သား လုပ်နိုင်ပါတယ်”

ရှောင်ယွမ်မှာလည်း အပြိုင်အဆိုင် ဝင်ပြောကာ

“သမီးလည်း ကူကြည့်ပေးနိုင်ပါတယ်”

နေ့လယ်စာ စားသောက်ပြီးနောက် ချန်ချင်းယွီသည် ထမင်းဘူးထဲသို့ ရေဖြည့်ကာ မီးကြွင်းမီးကျန်များကို လုံးဝငြိမ်းသတ်လိုက်သည်။ ထို့ပြင် တောမီးလောင်နိုင်ခြေကို အမြစ်ပြတ်စေရန် ပတ်ဝန်းကျင် တစ်ဝိုက်ကိုပါ ရေဖြင့် သေသေချာချာ ပက်ဖြန်းပေးခဲ့၏။ သူမ၏ စေ့စပ်သေချာလှသော အမူအရာကို ကြည့်ပြီး ရှောင်ကျားမှာ

“မေမေ... သားတို့ ဘာလို့ ဒီလိုလုပ်ရတာလဲဟင်”

ချန်ချင်းယွီ : “တောမီးမလောင်အောင် ကာကွယ်ရတာလေ… ဒီမီးကို သေသေချာချာ မငြိမ်းသတ်ဘဲ ထားခဲ့ရင် မတော်တဆ ဘေးနားက ပစ္စည်းတွေကို ကူးစက်သွားနိုင်တယ်။ ဒီပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး... သစ်ကိုင်းခြောက်တွေချည်းပဲဆိုတော့ မီးလောင်လွယ်တယ်.. အဲလိုသာ လောင်သွားရင် ပြန်ပြင်လို့မရတဲ့ အပျက်အစီး အကြီးကြီး ဖြစ်သွားလိမ့်မယ်...”

သူမသည် ဆုံးမသြဝါဒပေးသည့် နေရာတွင် သိပ်ပြီး အပြောမကောင်းသော်လည်း ကလေးများကိုမူ စိတ်ရှည်လက်ရှည်ဖြင့် အလေးအနက် ရှင်းပြ၏။

ကလေးနှစ်ယောက်လုံးသည်လည်း ခေါင်းလေးများ ညိတ်ကာ သေသေချာချာ နားထောင်ကြသည်။

ထိုစဉ် အဘွားကြီးကျောက် လှမ်း၍

“ချွေးမရေ... ခဏကျရင် ကလေးတွေကို ခေါ်ပြီး လမ်းလျှောက်

ထွက်လိုက်ဦး… ငါကတော့ ဒီနားမှာပဲ ရှိနေမှာ၊ စမ်းချောင်းပုစွန်တွေကိုတော့ မျိုးပြုတ်အောင် ဖမ်းပစ်ဦးမယ်… သူတို့ရဲ့ မျိုးဆက်တွေကို ငါတို့ ဟင်းအိုးထဲ အကုန်ထည့်ပစ်ရမယ်...”

ချန်ချင်းယွီ ရယ်မောလိုက်ကာ

“ဟုတ်ကဲ့ပါ အမေရေ~”

အဘွားကြီးကျောက်မှာမူ ပျော်ရွှင်မြူးတူးစွာဖြင့် ပုစွန်များကို ဆက်လက်ဖမ်းဆီးနေတော့သည်။

နေ့လယ်စာ စားပြီးနောက် ကလေးနှစ်ယောက်လုံး အားအင်ပြည့်ဝနေဆဲဖြစ်သည်ကို မြင်ရသဖြင့် ချန်ချင်းယွီသည် သူတို့ကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့၏။

ရှောင်ကျား လမ်းလျှောက်ရင်း

“မေမေ... တောင်ပေါ်က သစ်ပင်တွေက အကုန်တူတူပဲနော်.. ရှောင်ကျား တစ်ယောက်တည်း လျှောက်သွားရင် လမ်းပျောက်သွားမှာ သေချာတယ်”

ရှောင်ယွမ်သည်လည်း ခေါင်းလေးညိတ်ပြီး

“သမီးလည်း တူတူပဲ”

“ဒါကြောင့်မို့လို့ မေမေရဲ့ အနားကနေ လုံးဝ မခွာရဘူးလို့ ပြောတာပေါ့”

“မေမေ... မေမေ... ဟိုးဘက်မှာ ကြည့်ပါဦး... ဥတွေ ရှိနေတယ်...”

ရှောင်ယွမ် ရုတ်တရက် အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သည်။

“ဟင်... ဘယ်မှာလဲ”

သူမသည် သမီးဖြစ်သူ ညွှန်ပြသည့် ဘက်သို့ လှမ်းကြည့်လိုက်ရာ...

ဟော... တကယ်ကြီး ရှိနေပါလား...

မြက်ခင်းပြင်ထဲတွင် ဥငါးလုံး၊ ခြောက်လုံးခန့် ရှိနေ၏။ ချန်ချင်းယွီသည် ထိုနေရာသို့ ခပ်သွက်သွက် သွားလိုက်သည်။ ဝါး... ဤဥမျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း တောငန်းဥများ ဖြစ်သည်ကိုမူ တန်းပြီး သိလိုက်၏။ သူမ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

“မေမေ စောစောက ဒီလမ်းအတိုင်း ဖြတ်လျှောက်သွားတာတောင် မမြင်မိဘူး… ရှောင်ယွမ်လေးရဲ့ မျက်စိက တကယ်ကို စူးရှတာပဲ...”

ရှောင်ယွမ်သည် ချီးမွမ်းခံရသဖြင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဗိုက်ကလေးကို ရှေ့သို့ ပင့်ထုတ်ကာ အသားကုန် ကြွားလုံးထုတ်နေတော့သည်။

ချန်ချင်းယွီသည် တောငန်းဥများကို ခပ်သွက်သွက် ကောက်ယူလိုက်၏။ယခုခေတ်တွင် ကြက်ဥ၊ ဘဲဥဟူသည် အလွယ်တကူ ဝယ်ယူ၍မရနိုင်ပေ။ သို့မဟုတ်ပါက သူမတို့ မိသားစုလည်း ကြက်များ မွေးနေစရာ မလိုပါပေ။ ဤတောငန်းဥများ၏ အရသာသည်လည်း သေချာပေါက် ကောင်းမွန်လိမ့်မည်။

“ဒါက ရှောင်ယွမ်လေး ရှာတွေ့တာဆိုတော့... မနက်ဖြန်မနက်ကျရင် မေမေ ကြက်သွန်မြိတ်ပန်ကိတ် လုပ်ပေးမယ်… အဲဒီထဲမှာ ဒီဥတွေအကုန်လုံး ထည့်ပေးမယ်... ဟုတ်ပြီလား”

“ဟုတ်ကဲ့... ဝိုး ဝိုး.. ပျော်စရာကြီး...”

ကလေးများ အော်ကြလေသည်။

ကလေးနှစ်ယောက်လုံးသည် ကြက်သွန်မြိတ်ပန်ကိတ်ကို အကြိုက်ဆုံး မဟုတ်လော့…

ရှောင်ကျား အားကျမခံဖြင့်

“ညီမလေးတောင် ရှာတွေ့သေးတာပဲ... သားလည်း ပိုပြီး ကြိုးစားရှာရမယ်”

“အေးပါ... မေမေက သားကို ယုံကြည်ပြီးသားပါ”

သူမသည် မိုးမခကိုင်း အချို့ကို ခုတ်ယူကာ တစ်ချောင်းနှင့်တစ်ချောင်း လိမ်ကျစ်ပြီး လက်ထဲတွင် အဆင်သင့် ကိုင်ထားလိုက်၏။

“မေမေ... ဒါက သားရဲတိရစ္ဆာန်အသေးလေးတွေကို ရိုက်ဖို့လားဟင်”

“ဟုတ်တယ်... မြွေတွေကို ရိုက်တဲ့အခါမျိုးမှာလည်း အရမ်း အသုံးဝင်တယ်လေ”

“သိပ်ကောင်းတာပဲ... မေမေ... သားတို့မိသားစု စားရသောက်ရတာက နာ့နာတို့အိမ်ထက် အများကြီး ပိုကောင်းတယ်နော်… သူတို့အိမ်က အခု သားတို့အိမ်လောက် စားစရာ မစုံဘူး”

“အင်း... မေမေ သိတာပေါ့။ ဒါပေမဲ့ အပြင်ထွက်ပြီး သူများကို လျှောက်မပြောရဘူးနော်… သားက သူများကို လျှောက်ပြောရင် သူများတွေ တို့အိမ်ကို လာပြီး တောင်းကြလိမ့်မယ်၊ ဒါတွေက တို့တွေစားဖို့ပဲလေ... သူများကို ပေးလိုက်ရင် တို့တွေမှာ စားစရာ ကျန်တော့မှာ မဟုတ်ဘူး… အဲဒီကျရင် သားတို့လည်း ကောင်းကောင်းစားရတော့မှာ မဟုတ်ဘူးလေ”

“ဟုတ်ကဲ့... မေမေ”

ကလေး၏ လေသံသည် နုနယ်သော်လည်း ပြတ်သားလှပေသည်။

ကလေးများသည် လမ်းတစ်လျှောက်လုံးတွင် တတွတ်တွတ်ဖြင့် စကားများစွာ ပြောလာကြသော်လည်း၊ ချန်ချင်းယွီသည် စိတ်မပျက်ဘဲ စကားတစ်လုံးချင်းစီကို သေသေချာချာ ပြန်လည်တုံ့ပြန်ပေး၏။

သူမ ငယ်ငယ်၌ မည်သည့်လူကြီးမှ သူမ၏ စကားကို သေသေချာချာ နားမထောင်ပေးခဲ့ဖူးသဖြင့် ပစ်ပယ်ခံရသည့် ခံစားချက်ကို သူမ ကောင်းကောင်းသိသည်။ ထို့ကြောင့် သူမ၏ ကလေးများကိုမူ ထိုကဲ့သို့သော ခံစားချက်မျိုး မကြုံတွေ့စေချင်ပေ။

“ကဲ... ရောက်ပြီဟေ့... တို့တွေ မှိုနားရွက်တွေ သွားကောက်ကြရအောင်”

“ဟုတ်ကဲ့ပါ မေမေ~”

“အား... မေမေ... ယုန်ကလေးတစ်ကောင်ပါလား...”

သူတို့ ထိုင်ပင်မထိုင်ရသေးမီ မြက်ခင်းပြင်ထဲမှ တရှပ်ရှပ်အသံနှင့်အတူ ရှောင်ကျားသည် ချန်ချင်းယွီထက်ပင် လက်ဦးကာ အလန့်တကြား အော်ဟစ်လိုက်၏။

“မေမေ့ တာဝန်ထားလိုက်...”

သူမသည် လက်ထဲက မိုးမခကိုင်းကို ဝှေ့ယမ်းရင်း ရှေ့သို့ ခပ်သွက်သွက် ပြေးဝင်သွားတော့သည်။

မိုးမခကိုင်းဖြင့် အရိုက်ခံလိုက်ရသဖြင့် ယုန်ကလေးမှာ ယိမ်းထိုးသွားစဉ်၊ ချန်ချင်းယွီ အဟုန်ပြင်းစွာဖြင့် နောက်ထပ်တစ်ချက် ထပ်မံရိုက်နှက်လိုက်ပြန်၏။ သူမ၏ လက်ဆသည် မြန်ဆန်လွန်းလှပေသည်။

“အား... ယုန်ကလေး... ယုန်ကလေး မိပြီ...”

“တို့တွေ ညကျရင် စပ်စပ်လေးနဲ့ ယုန်သားဟင်း စားရတော့မယ်”

ဂလု...

သူတို့အားလုံး နေ့လယ်စာ စားပြီးကာစ ဖြစ်သော်လည်း ထိုစကားကြောင့် တံတွေးများ မသိမသာ မျိုချမိကြပြီး သွားရည်ကျလာကြသည်။

အကုန်လုံး မစားနိုင်တော့ရင်တောင် စားချင်စိတ်ကတော့ ရှိနေဆဲ မဟုတ်လား…

ကလေးနှစ်ယောက်လုံး တံတွေးများကို အတင်းမျိုချရင်း

“မေမေ... သားကော တော်တယ် မဟုတ်လားဟင်”

“တော်တာပေါ့...”

ချန်ချင်းယွီ အလေးအနက် ချီးကျူးလိုက်ကာ

“သားတို့ သမီးတို့ နှစ်ယောက်လုံးက တကယ့်ကို တော်လွန်းပါတယ်”

ကလေးငယ်နှစ်ယောက်လုံး မျက်နှာလေးများ ရွှင်လန်းသွားကြကာ၊ ချန်ချင်းယွီ၏ မျက်နှာတွင်လည်း ပြုံးပန်းများ ဝေဆာနေသည်။ ယနေ့ ရရှိခဲ့သောအရာများသည် မျှော်လင့်ထားသည်ထက်ပင် အများကြီး ကျော်လွန်နေခဲ့ပြီ ဖြစ်၏။ တောင်ပေါ်တက်တိုင်း ယခုကဲ့သို့သာ အမြဲတမ်း ရှာဖွေတွေ့ရှိနေမည်ဆိုပါက သူမတစ်ယောက် တောင်ပေါ်မှာတင် တစ်သက်လုံး နေထိုင်သွားနိုင်လောက်ပေသည်။

သူမသာ အရှေ့မြောက်ပိုင်းဘက်မှ တောင်တန်းကြီးများပေါ်သို့ ရောက်ရှိနေလျှင် မည်မျှအထိ ရတနာများ ရနိုင်မည်ကိုပင် စိတ်ကူးယဉ်ကြည့်မိ၏။ အရှေ့မြောက်ပိုင်း တောင်တန်းကြီးများတွင် ဂျင်ဆင်းများ၊ လင်ဇီးမှိုများ စသည့် ရတနာများစွာ ရှိနေပြီး ရှာဖွေရလွယ်ကူသည်ဟု ကြားဖူး၍ ဖြစ်သည်။

ဒါပေမဲ့လည်း...

အာ... လမ်းပျောက်သွားနိုင်တာပဲ...

ထိုဒေသ၏ တောနက်ကြီးများသည် ဤနေရာနှင့် လုံးဝမတူပေ။ ဒေသခံများသာလျှင် ထိုတောနက်ထဲသို့ ရဲရဲဝံဝံ ဝင်ရဲကြသည်။

‘ဟူး... ယွမ်ရှောင်ချွေတစ်ယောက် အရှေ့မြောက်ပိုင်းကို ရောက်သွားကတည်းက အခြေအနေ ဘယ်လိုရှိနေလဲ မသိဘူးနော်’

သို့သော်လည်း ချန်ချင်းယွီသည် ယွမ်ရှောင်ချွေအတွက်မူ သိပ်ပြီး စိတ်မပူပေ။

ယွမ်ရှောင်ချွေတွင် ထူးဆန်းသော ကံတရားတစ်ခု ရှိနေပြီး သူမသည် အမြဲတမ်း ကံကောင်းတတ်ကာ ဘေးအန္တရာယ်များမှ ကင်းဝေးလေ့ရှိသည်ဟု သူမ ခံစားမိ၏။ သူမသည် ခေါင်းကို ခါယမ်းလိုက်မိသည်။ ယခင်၌ သူများကိုသာ ကံကောင်းတတ်သည်ဟု ထင်ခဲ့သော်လည်း ယနေ့တွင်မူ သူမကိုယ်တိုင်လည်း တကယ်ကို ကံကောင်းနေသည်ဟု ခံစားလိုက်ရ၏။ ယနေ့ ရရှိခဲ့သော ရလဒ်များမှ။ အရာရာကို သက်သေပြနေသည် မဟုတ်လော့။

သူမသည် ကြိတ်ပြုံးလိုက်ရင်း ထိုင်ချလိုက်ကာ

“ကဲ... တို့တွေ မှိုနားရွက်တွေကို စပြီး ကောက်ကြရအောင်”

“ဟုတ်ကဲ့ပါ မေမေ...”

“မေမေ... ညကျရင် သားတို့ ကြက်စွပ်ပြုတ် သောက်ရမလား၊ ဒါမှမဟုတ် စပ်စပ်လေးနဲ့ ယုန်သားဟင်း စားရမလားဟင်”

စကားများသော ရှောင်ကျားမှာတတွတ်တွတ်ဖြင့် ထပ်မံမေးမြန်းလာပြန်သည်။

“သားတို့ သမီးတို့ သဘောအတိုင်းပဲလေ”

ချန်ချင်းယွီ ကလေးများကို ဆုံးဖြတ်ခွင့် ပေးလိုက်၏။

“ဟင်... သားတို့ သဘောအတိုင်း ဟုတ်လား”

ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း

“ဟုတ်တယ်... ဒီတစ်ကြိမ်တော့ သားတို့ သမီးတို့ပဲ ဆုံးဖြတ်.. ညကျရင် ဘာစားချင်လဲ... အဲဒါ ချက်စားကြတာပေါ့... ဟုတ်ပြီလား”

ကလေးနှစ်ယောက်လုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြကာ

“ဟုတ်ကဲ့ပါ...”

ယခုဆိုလျှင် သူတို့လည်း ဆုံးဖြတ်ချက်အကြီးကြီးများကို ချမှတ်နိုင်ပြီ….

All Chapters