← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈) ဆောင်းရာသီ ဟင်းသီဟင်းရွက်ဝယ်ယူခြင်း

ညနေစောင်း နေဝင်ရိုးရီအချိန်၊ အိမ်ပြန်လမ်းတစ်လျှောက် ချန်ချင်းယွီတို့တစ်သိုက်မှာ စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ရလဒ်ကောင်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြသည်။

တောဝက်တို့၊ ဂျင်ဆင်းတို့၊ လင်ဇီးမှိုတို့ကဲ့သို့ အဖိုးတန်ရတနာများ မရရှိခဲ့သော်လည်း ကြက်၊ ယုန်၊ မှိုနားရွက်နှင့် စပျစ်သီးများကိုမူ အလျှံပယ် ရရှိခဲ့ကြသဖြင့် ရင်ထဲတွင် ကြည်နူးပီတိဖြစ်နေကြ၏။

ဤမျှရရှိသည်ကိုပင် ချန်ချင်းယွီတို့တစ်သိုက်မှာ အလွန်ကံကောင်းလှပြီဟု သတ်မှတ်ထားကြပြီး၊ ချက်ချင်းအိမ်မပြန်သေးကာ တောတောင်အလှကို ခံစားရင်း ခေတ္တမျှ ဆက်လက်ဆော့ကစားခဲ့ကြသည်။ ထိုစဉ်အတွင်း ပုစဉ်းရင်ကွဲများကိုပါ အတော်များများ ဖမ်းမိခဲ့ကြသဖြင့် ကလေးများအတွက်မူ မရှိမဖြစ် အရသာရှိလှသော စားစရာတစ်ခု တိုးပွါးလာခဲ့၏။

နွေရာသီရောက်လျှင် ကောင်လေး၊ ကောင်မလေးများမှာ ခြင်းတောင်းငယ်များကိုယ်စီဖြင့် တောအုပ်ထဲသို့ ပုစဉ်းရင်ကွဲ ဖမ်းရန် သွားလေ့ရှိကြပြီး၊ ၎င်းတို့ကို မီးကင်လိုက်ပါက အသားကဲ့သို့ပင် အလွန်အရသာရှိလှသဖြင့် ကလေးများ အကြိုက်တွေ့လှသော အဆာပြေမုန့်တစ်ခု ဖြစ်လာခဲ့သည်။ ချန်ချင်းယွီသည် အိမ်တွင်ရှိစဉ် ကလေးများနှင့် လုဖမ်းရမည်စိုးသဖြင့် တစ်ခါမှ မဖမ်းခဲ့သော်လည်း၊ ယခုကဲ့သို့ တောထဲသို့ရောက်သည့်အခါတွင်မူ အားနာမနေတော့ကာ စိတ်ကြိုက်ဖမ်းဆီးတော့၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမမှာလည်း မိခင်ဖြစ်သူနောက်မှ ခုန်ပေါက်ကာ လိုက်ပါနေကြသည်။ တောထဲတွင် ပုစဉ်းရင်ကွဲများ အလွန်ပေါများလှပြီး ဆူညံစွာ အော်မြည်နေကြကာ ဖမ်းရသည်မှာလည်း မခက်ခဲလှပေ။ ချန်ချင်းယွီ သာမက အဘွားကြီးကျောက်ပင်လျှင် ဖမ်းမိလေ၏။ ၎င်းတို့သည် စာကလေးကဲ့သို့ ပျံသန်းမြန်သော ငှက်မျိုးမဟုတ်သဖြင့် ဖမ်းရသည်မှာ အမှန်ပင် လွယ်ကူလှသည်။

သူတို့အားလုံး ပုစဉ်းရင်ကွဲ အမြောက်အမြား ဖမ်းမိခဲ့ကြသဖြင့် ကလေးငယ်များမှာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာလေးများပင် နီရဲနေကြ၏။

"ဒီတောတောင်အရပ်က တကယ်ကို ကောင်းလွန်းတယ်..."

"တကယ်ကို ကောင်းလွန်းလို့ပါပဲ..."

ချန်ချင်းယွီ ပြုံးရွှင်စွာဖြင့်

"အမြဲတမ်း အခုလိုမျိုး ရိတ်သိမ်းလို့ ရနေမယ်ဆိုရင်တော့ ပုံမှန်ရက်တွေလည်း ကျွန်မ နေ့တိုင်းလာချင်တယ်"

အဘွားကြီးကျောက် တဟားဟားရယ်မောကာ

"ညည်း စိတ်ကူးယဉ်နေတာကတော့ တကယ့်ကို လှပလွန်းတာပဲအေ"

ချန်ချင်းယွီ : "လူတစ်ယောက်အနေနဲ့ အိပ်မက်လေးတောင် မမက်ရတော့ဘူးလား..."

ဒါပေမဲ့… နေ့တိုင်းလာပြီး နေ့တိုင်း အခုလို ရလဒ်ကောင်းတွေ ရဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်တဲ့ကိစ္စပဲ…ချန်ချင်းယွီလည်း ဆက်ပြီး အိပ်မက်မမက်တော့ပါဘူးလေ…

"ကျွန်မတို့ ဒီတောကြက်ကို အိမ်ပြန်ရောက်ရင်..."

ပြောနေစဉ်မှာပင်၊ မျက်စိလျှင်လှသော ချန်ချင်းယွီသည် ယုန်တစ်ကောင်ကို လှမ်းမြင်လိုက်ရသဖြင့် စကားပင် ဆုံးအောင်မပြောနိုင်ဘဲ လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ဝုန်းကနဲ ပြေးထွက်သွားတော့သည်။

အဘွားကြီးကျောက်မှာ လန့်ဖြန့်သွားပြီး ရင်ဘတ်ဖိကာ အော်မိ၏။

"အမလေး... အမေရေ..."

မကြာမီအချိန်အတွင်းမှာပင် ချန်ချင်းယွီသည် ယုန်တစ်ကောင်နှင့် ကြက်တစ်ကောင်ကို လက်မှ မြှောက်ကိုင်ကာ ပြုံးပျော်ရွှင်မြူးစွာဖြင့် ပြန်လည်ရောက်ရှိလာပြီး

"တွေ့လား... ကျွန်မပဲ စိတ်ကူးယဉ်တာလား... ဒါ ကျွန်မရဲ့ တကယ့်အရည်အချင်းပဲ ဟိဟိ... အာ... မဟုတ်သေးပါဘူး၊ ဒီနေ့ ကျွန်မတို့ ကံကောင်းလွန်းလို့ပါ"

သူမ စိတ်ထဲတွင်လည်း 'ဒီနေ့ကတော့ တကယ်ကို အပြင်ထွက်ဖို့ သင့်တော်တဲ့နေ့ပဲ' ဟု တဖန်ပြန်၍ ရေရွတ်မိပြန်သည်။

"အခုအချိန်မှာ အယူသီးတဲ့အရာတွေကို မဖြန့်ချိရဘူးလို့ ကန့်သတ်ထားတာ နှမြောဖို့ကောင်းတယ်၊ မဟုတ်ရင် နေ့စဉ်ပြက္ခဒိန်စာအုပ်လေးတစ်အုပ်လောက် ဝယ်ပြီး အဲဒီထဲမှာ ရေးထားတဲ့ ကံဇာတာတွေကို ကြည့်ရဦးမယ်၊ အရင်ကတော့ ရှိပေမဲ့ အခုတော့ ရောင်းတာမရှိတော့ဘူး"

အဘွားကြီးကျောက် သက်ပြင်းချကာ ဆို၏။

ချန်ချင်းယွီ : "ကျွန်မက အစစအရာရာ ကောင်းမွန်နေတော့ ဘယ်နေရာသွားသွား ကံကောင်းခြင်းတွေပဲ သယ်ဆောင်လာတာပေါ့"

အဘွားကြီးကျောက်၏ နှုတ်ခမ်းများ တလှုပ်လှုပ်ဖြစ်သွားပြီး၊ အတန်ကြာအောင် သည်းခံထိန်းချုပ်လိုက်ရကာ စိတ်ထဲတွင်လည်း ……

'ဟင်းဟင်း... ငကြွားမ… ညည်းကဖြင့် နာမည်ကြီးတဲ့ နိမိတ်မကောင်းတဲ့ ကြယ်ဆိုးကိုများ... ကိုယ့်ကိုယ်ကို ရွှေချနေလိုက်တာ... ဒါပေမဲ့လည်း... ဘာပဲပြောပြော ဒီကံဆိုးမက လက်စလက်နတော့ တကယ်ကို ပြတ်သားပြီး ရက်စက်တာပဲ၊ ပြီးတော့ ဒါက လူသူဝေးတဲ့ ဆင်ခြေဖုံးအရပ်မို့ ငါလည်း အသက်ကိုတော့ နှမြောရဦးမယ်'

ချန်ချင်းယွီ : "ဒါတွေ အကုန်လုံး စားလို့မကုန်ရင် ပုပ်သိုးသွားမလား မသိဘူး"

"ညည်းက ဘယ်လိုလုပ် စားလို့မကုန်ဘဲ ရှိမှာလဲ... ဒီလိုအရာမျိုးတွေက စားလို့မကုန်ဘူးဆိုတာ မရှိဘူး၊ ဘယ်လိုနည်းနဲ့မှ ဖြုန်းတီးပစ်လို့ မဖြစ်ဘူး… ယုန်သားကိုတော့ အငန်ဓာတ်နည်းနည်း ပိုထည့်ပြီး ဆားနယ်ထားလိုက်"

"အိမ်ပြန်ရောက်ရင် သေချာစဉ်းစားကြည့်ဦးမယ်"

ချန်ချင်းယွီ ဆိုကာ ပြုံးလိုက်ပြီး

"ကိစ္စမရှိပါဘူး... ဒီရက်ပိုင်းမှာ ကျွန်မတို့တစ်တွေ နေ့တိုင်း အသားပဲ စားကြတာပေါ့၊ အသားစားလို့ ရိုးအီသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး"

အဘွားကြီးကျောက်လည်း ၎င်းစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းကို အားတက်သရော ညိမ့်လိုက်၏။

ယခုတစ်ခေါက် ခရီးစဉ်တွင် ယောက္ခမနှင့် ချွေးမနှစ်ဦးစလုံး အောင်ပွဲခံနိုင်ခဲ့ကြသဖြင့် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် အိမ်ပြန်လာကြသည်။ သူတို့ အပြင်ထွက်သည့်အချိန်မှာ ကြာမြင့်လှသဖြင့်၊ အိမ်ရာဝင်းကြီးအတွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် မှောင်ရီပျိုးစပြုနေပြီ ဖြစ်၏။ ထိုအချိန်တွင် အိမ်ထောင်စုအသီးသီးမှ လူများသည် ထမင်းစားသောက်ပြီးစီးကာ အရှေ့ဘက်ဝန်းအတွင်း၌ ထိုင်၍ စကားစမြည် ပြောဆိုနေကြပြီး၊ ယောက္ခမနှင့် ချွေးမနှစ်ဦး အထုပ်အပိုးအပြည့်ဖြင့် ပြန်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသည်။

အဘွားကြီးဝမ် အပြေးအလွှား လှမ်းမေးကာ

"နင်တို့ ဒီနေ့ ပျော်ပွဲစား သွားတာမဟုတ်ဘူးလား၊ ဒါတွေက ဘာတွေလဲ... အမလေး... ဒီခြင်းတောင်းကြီးကလည်း အရုပ်ဆိုးလိုက်တာ"

အဘွားကြီးကျောက် မကျေမနပ်ဖြင့် ပက်ပက်စက်စက် ပြန်ပြောလေသည်။

"ရက်လုပ်နိုင်တာကိုပဲ တော်တော်ဟုတ်နေပြီဟဲ့၊ နင်တတ်ရင် နင်လုပ်လေ… ပြီးတော့ ဒါက နင့်အတွက် သုံးဖို့မှ မဟုတ်တာ၊ လှတာ မလှတာ နင်နဲ့ ဘာဆိုင်လို့လဲ... ဒါထက်... နင်ကရော ဘာလို့ အိမ်မပြန်သေးတာလဲ၊ နင့်သားအိမ်မှာပဲ ဆက်နေဦးမလို့လား... နင်လည်း တော်တန်ရုံပဲ ကောင်းပါတယ်၊ နင် အမြဲတမ်း ဒီမှာပဲ နေနေတော့ နင့်ချွေးမလေးမှာ ပိန်ချုံးနွမ်းလျနေပြီ၊ နင့်အိမ်က အဘိုးကြီးကိုလည်း ပစ်ထားတယ်၊ ဘာလဲ... နင် အိမ်မှာမရှိတဲ့အချိန် အဘိုးကြီးက အပြင်မှာ တခြားမိန်းမတွေနဲ့ ပွေရှုပ်နေမှာ မကြောက်ဘူးလား... အဲဒီကျမှ နင့်ထက်ငယ်တဲ့ ညီမလေးတစ်ယောက် ခေါ်လာရင်တော့ နင် ငိုစရာမြေတလင်းပြင်တောင် ရှိမှာမဟုတ်ဘူး"

အဘွားကြီးဝမ်မှာ ဒေါသအိုးပေါက်ကွဲမတတ် ဖြစ်သွားပြီး

"နင်ကတော့ တကယ့် လျှာအရိုးမရှိအတိုင်း လျှောက်ပြောနေတာ… ငါတို့အိမ်က အဘိုးကြီးရဲ့ အကျင့်စာရိတ္တက အရမ်းကောင်းပြီးသား… နင် သူ့အကြောင်း မကောင်းမပြောနဲ့"

"ဟဟဟ..."

အဘွားကြီးကျောက် လှောင်ပြုံးပြုံးကာ မျက်စောင်းထိုး၍ ထပ်ပြောလေ၏။

"ဘယ်သူ စိတ်ဆင်းရဲနေရလဲဆိုတာ ကာယကံရှင်ပဲ သိတာပေါ့"

"..."

အဘွားကြီးဝမ် ဒေါသများ ငယ်ထိပ်ထိရောက်လာလေပြီ…

ရှီကျန့်ရှန်း အခြေအနေကို ထိန်းသိမ်းရန် အလျင်အမြန် ကြားဝင်ဖျန်ဖြေပေးကာ

"ကဲပါ... တော်ကြပါတော့၊ အားလုံးက ဝင်းတစ်ခုတည်းမှာ နေကြတဲ့ အိမ်နီးနားချင်းကောင်းတွေပဲဥစ္စာ၊ ဒီလို အဓိပ္ပာယ်မရှိတာတွေကို ဘာလို့ ပြောနေကြတာလဲ… အားလုံးက နှုတ်ခမ်းကသာ လွှတ်ခနဲပြောတတ်ပေမဲ့ စိတ်သဘောထား ကောင်းကြတဲ့သူတွေပဲဟာ၊ စိတ်အနှောင့်အယှက် မဖြစ်ကြပါနဲ့၊ ဒါနဲ့... အဘွားကြီးကျောက် ရှင်တို့ ဒီနေ့ မြို့ပြင်ဘက်ကို သွားခဲ့တာလား... ဘယ်လိုလဲ... အဆင်ပြေရဲ့လား..."

အဘွားကြီးကျောက် မိမိပေါင်ကို မိမိရိုက်ကာ ဝင့်ကြွားစွာဖြင့်

"ဘယ်လိုလုပ် အဆင်မပြေရမှာလဲ... တကယ့်ကို ကောင်းလွန်းလို့ပါပဲဟယ်၊ အမလေး... ငါ နင်တို့ကို ပြောပြရဦးမယ်..."

သူမ လှည့်ကြည့်ကာ အမိန့်ပေး၍

"ချန်ချင်းယွီ... နင် အိမ်ပြန်ပြီး ညစာချက်နှင့်တော့၊ ငါ ဒီမှာ ခဏထိုင်ဦးမယ်"

"ငါ တကယ်ကို မထင်ထားဘူး၊ တောထဲမှာ အဖိုးတန်ပစ္စည်းတွေက တကယ့်ကို ပေါများတာပဲ… အဲဒီနားမှာ စမ်းချောင်းလေးတစ်စင်း ရှိတယ်၊ နင်တို့ ခန့်မှန်းကြည့်စမ်း... အဲဒီစမ်းချောင်းထဲမှာ ပုစွန်တွေ ရှိနေတယ်လေ... ငါ့ဖြင့် မယုံနိုင်ဘူး၊ မြင်မြင်ချင်း မျက်လုံးအစုံတောင် ပြုတ်ကျမတတ်ပဲ၊ တောထဲက စမ်းချောင်းလေးထဲမှာ ပုစွန်တွေ ရှိနေလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး၊ ဘယ်ကနေ ရောက်လာမှန်းလည်း မသိဘူး… တကယ့်ကို ထူးဆန်းအံ့ဩဖို့ကောင်းတာပဲ၊ ပြီးတော့ မှိုနားရွက်တွေ၊ စပျစ်သီးတွေလည်း ရှိသေးတယ်၊ ငါတို့ တောကြက်တစ်ကောင်တောင် ဖမ်းမိခဲ့သေးတယ်၊ အောင်မယ်လေး... ဒီရလဒ်တွေကို နင်တို့ တကယ်ပဲ စိတ်ကူးမိမှာ မဟုတ်ဘူး… တောဘက်က ဝေးလည်းဝေး၊ ပင်လည်းပင်ပန်းပေမဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ တကယ့်ကို ထိုက်တန်လွန်းလို့ပါ... ငါလည်း တော်တော်စွမ်းတာနော်... အဲဒီပုစွန်တွေကို ငါပဲ အကုန်လုံး ဆယ်ယူခဲ့တာ၊ ငါ့ရဲ့စွမ်းဆောင်ရည်ကတော့ သာမန်လူတွေနဲ့ကို ယှဉ်လို့မရဘူး..."

လက်ဟန်ခြေဟန်ဖြင့် အသားကုန် ကြွားဝါလေတော့သည်။

အားလုံး အဘွားကြီးကျောက်လက်ဟန်ခြေဟန်ဖြင့် ကြွားဝါနေသည်ကို ကြည့်ပြီး နှုတ်ခမ်းစူနေကြသော်လည်း သူမ၏စကားကိုမူ ယုံကြည်ကြ၏။ အကြောင်းမူကား လက်ရှိတွင် ပစ္စည်းပစ္စယများ ရှားပါးလှသဖြင့် သူမ ကြွားဝါနေသော်လည်း ပစ္စည်းကိုမူ အမှန်တကယ် ပြသနိုင်သောကြောင့်ဖြစ်ပြီး၊ အဘွားကြီးကျောက်အနေဖြင့် ပိုက်ဆံပေးဝယ်ရန် နှမြောတတ်သည်ကိုလည်း အားလုံး သိရှိထားကြသောကြောင့်လည်းပါသည်။

ထို့အပြင် သူမ ဤမျှ စိတ်လှုပ်ရှားနေသည်ကို ကြည့်ခြင်းဖြင့်လည်း အမှန်ဖြစ်ကြောင်း ထင်ရှားနေ၏။

ထိုစဉ် မာကျန်းး လှမ်းမေးကာ

"ဒေါ်လေးကျောက်... အဲဒါ ဘယ်ဘက်အရပ်မှာလဲ... ကျွန်တော်လည်း လာမယ့်အပတ်ကျရင် သွားကြည့်ဦးမယ်"

အဘွားကြီးကျောက် ခေတ္တဆွံ့အသွားပြီးနောက် ချက်ချင်းပင်

"အမလေး... မာကျန်းး နင်က ယောက်ျားရင့်မကြီးတစ်ယောက်ဖြစ်ပြီး ယောက်ျားတွေနဲ့ သွားစကားမပြောဘဲ မိန်းမတွေကြားထဲ ဘာလို့ လာရောနေတာလဲ… နင် သွားလည်း ပုစွန်တွေ ရှိတော့မှာ မဟုတ်ဘူး၊ ငါက ဒီနေ့ မျိုးပြုတ်သွားအောင်အထိ အကုန်ဆယ်လာခဲ့တာ။ ဒါပေမဲ့ နင် သွားချင်တယ်ဆိုရင်လည်း ရပါတယ်၊ ပလုံးတောင်းတစ်လုံး ယူသွားတာ အကောင်းဆုံးပဲ၊ ငါတို့က သွားကစားရုံပဲဆိုတော့ ကြိုတင်ပြင်ဆင်မှုမရှိလို့ အဲဒီမှာတင် လက်တန်းလုပ်ခဲ့ရတာ၊ ငါ နင့်ကို ပြောပြမယ်... နင် အဲဒီလမ်းအတိုင်း..."

သူမ လမ်းညွှန်ပေးလိုက်သည်။ သူမအနေဖြင့် ဤကိစ္စကို ဖုံးကွယ်မထားပေ။ အကြောင်းမှာ ထိုနေရာကို ဖုံးကွယ်ထားသော်လည်း သူတစ်ပါး သွားမည်ဆိုပါက ရောက်ရှိသွားမည်သာ ဖြစ်၍ ဖုံးကွယ်နေစရာ မလိုအပ်ပေ။

အဘွားကြီးကျောက် ဆက်လက်၍

"ပုစဉ်းရင်ကွဲဖမ်းတဲ့ ခြင်းတောင်းငယ်တစ်လုံးလောက်လည်း ယူသွားတာ အကောင်းဆုံးပဲ၊ ငါတို့ ဒီနေ့ လက်ဗလာနဲ့ ဖမ်းတာတောင် အများကြီး ရခဲ့တာ၊ နင် တန်ဆာပလာ ယူသွားရင် ပိုပြီးတော့တောင် ဖမ်းမိဦးမယ်၊ ဒါတွေကို အိမ်ပြန်ရောက်လို့ဆီသတ်လိုက်ရင် ဟင်းတစ်ခွက် ဖြစ်သွားတာပဲ၊ ဒါလည်း အသားပဲလေ"

မာကျန်းး : "ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဒေါ်လေးကျောက်"

ထို့နောက် သူ့ဇနီးဖြစ်သူအား စိတ်အားထက်သန်စွာဖြင့် လှမ်းပြောလိုက်၏။

"မိန်းမ... ငါတို့လည်း လာမယ့် တနင်္ဂနွေနေ့ကျရင် သွားကြစို့"

ချိုက်မင်မင်သည်လည်း စိတ်အားထက်သန်စွာဖြင့် ပြန်လည်ပြောကြားလိုက်လေသည်။

"ကောင်းပြီလေ... ကျွန်မ အမဲလိုက်တာ၊ သားကောင်ဖမ်းတာ အတော်ဆုံးပဲ၊ အရင်က ကျွန်မတို့နေတဲ့အရပ်မှာလည်း တောင်တွေရှိတော့ ဒါမျိုးက ကျွန်မအတွက် အေးဆေးပဲ"

မာကျန်းသည် ချိုက်မင်မင်ကို ပြုံးလျက် စိုက်ကြည့်နေမိသည်။ သူတစ်ပါး သူမကို မည်မျှပင် အထင်သေးပါစေ၊ မိမိနှင့် မထိုက်တန်ဟု မည်မျှပင် ထင်မြင်နေကြပါစေ၊ မာကျန်း မျက်စိထဲတွင်မူ မိမိဇနီးသည်မှာ အကောင်းဆုံးဖြစ်နေဆဲပင်။ ဤနှစ်များအတွင်း ကျေးလက်တောရွာတွင် သူ အဆင်ပြေပြေ နေထိုင်နိုင်ခဲ့ခြင်းမှာ ဇနီးဖြစ်သူကြောင့်သာ ဖြစ်ရာ၊ သူမသည် အလုပ်အကိုင် အလုပ်နိုင်ဆုံး၊ အတော်ဆုံးနှင့် အကောင်းဆုံးသော ဇနီးတစ်ယောက် ဖြစ်၏။

မာကျန်း ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"အမေ... စောင့်ရုံသာ စောင့်ကြည့်နေလိုက်။ အမေ့ချွေးမက အစွမ်းပြတာကို မြင်ရတော့မှာ"

ပိုင်ဖုန်းရှန်း မချိပြုံးလေး ပြုံးလိုက်သော်လည်း အလွန်ပင် သိမ်မွေ့စွာဖြင့်

"ကောင်းပါပြီလေ... ဒါဆို ငါပါ နင်တို့နဲ့ လိုက်ခဲ့ရမလား..."

"ရတာပေါ့ အမေ… ဒါပေမဲ့ အမေကတော့ ကျွန်တော်တို့နောက်ကနေလိုက်ပြီး ခြေချုပ်လက်ချုပ်ဖြစ်အောင် မလုပ်နဲ့ဦးနော်"

"ဘယ်လိုလုပ် အဲလိုဖြစ်ရမှာလဲ..."

ပိုင်ဖုန်းရှန်း သားဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးကာ…

'ဒီကောင်ကတော့ ဘာမှ နားမလည်ဘူး'

ကောင်စုတ်လေး… ငါက ဘယ်နေရာမှာ အသုံးမကျလို့လဲ… ငါက အရမ်း အသုံးဝင်တယ်ဟဲ့…

သို့သော်လည်း လာမည့်အပတ်တွင် တောင်ပေါ်တက်ရမည်ကို တွေးမိသောအခါ သူမလည်း ဝမ်းသာသွားပြီး

"ဒါဆို အဲဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ၊ အဲဒီကျရင် ငါပါ နင်တို့နဲ့ လိုက်ခဲ့မယ်"

ချိုက်မင်မင်သည် ယောက္ခမမျက်စိထဲတွင် အလွန် သာမန်ကာလျှံကာဖြစ်သော ချွေးမတစ်ယောက် ဖြစ်သည်။ ကျေးလက်တောရွာမှ လာသူဖြစ်၍ အစိုးရရိက္ခာဝေစု မရရှိသည့်အပြင်၊ ရုပ်ရည်သည်လည်း မလှပ၊ ကိုယ်လုံးကိုယ်ထည်မှာလည်း ထွားကြိုင်းလှ၏။ အရေးကြီးဆုံးအချက်သည် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကလေးတစ်ယောက်မျှ မထွန်းကားခဲ့ခြင်းပင်။

ကြည့်ရသည်မှာ အပြစ်အနာအဆာပေါင်း သောင်းခြောက်ထောင်နှင့် ပြည့်နှက်နေပုံရပြီး၊ အကယ်၍သာ ဤအိမ်ရာဝင်းအတွင်းရှိ တခြားသော အဘွားကြီးများ၏ ချွေးမသာ ဖြစ်ခဲ့ပါက ၎င်းတို့သည် သားဖြစ်သူကို ကွာရှင်းရန် နေ့စဉ်ရက်ဆက် သွေးထိုးလှုံ့ဆော်ကြမည်မှာ သေချာ၏။ သို့သော် ပိုင်ဖုန်းရှန်းမှာမူ ထိုသို့မလုပ်ခဲ့ပေ။ သူမသည်လည်း ဤချွေးမအပေါ် မကျေနပ်ချက်များ ရှိသော်လည်း အပေါ်ယံဆက်ဆံရေးတွင်မူ တော်တန်ရုံ အဆင်ပြေအောင် ဆက်ဆံပေးပြီး ချွေးမကို ညှဉ်းပန်းနှိပ်စက်ခြင်းလည်း မပြုပေ။

ဤသည်မှာ အမှန်တကယ်ပင် ရှားပါးလှသော ယောက္ခမကောင်းတစ်ဦးဟု ဆိုရပေမည်။

အမှန်စင်စစ် ပိုင်ဖုန်းရှန်း၏ စိတ်သဘောထားမှာ အလွန်အမင်း ကောင်းမွန်လွန်း၍တော့ မဟုတ်ပေ။ အဓိကမှာမူ... ချိုက်မင်မင်အနေဖြင့် မာကျန်း၏ မောင်နှမများကိုသာ အထူးကျေးဇူးတင်ရမည် ဖြစ်သည်။

မာကျန်း၏ ညီမလတ်သည် အချစ်အတွက်ဆိုလျှင် မျက်စိမှိတ် လိုက်မည့်သူဖြစ်ပြီး၊ နာမည်ကြီးတက္ကသိုလ်မှ ဘွဲ့ရထားသော အဆင့်မြင့်ပညာတတ်တစ်ဦး ဖြစ်သည့်တိုင်… တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်သည့်တိုင်… အချစ်အတွက်ကြောင့်နှင့် အနောက်မြောက်ဒေသ အဝေးကြီးသို့ ထွက်ခွာသွားခဲ့ရာ၊ ထိုအချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ် ပြတ်လုနီးပါး ဖြစ်သွားခဲ့၏။ သူ အသက်ရှင်လျက်ရှိနေသည်ကိုသာ မိသားစုက သိရှိကြတော့သည်။ သာမန်စာဂျပိုးလေးတစ်ယောက်၊ စာကျက်သည်မှလွဲလျှင် တခြားဘာမှ ထူးထူးခြားခြား မရှိသည့်သူသည် အဘယ်ကြောင့် ရုတ်တရက်ကြီး အချစ်အတွက် ယခုလို ရူးသွပ်သွားရသည်ကို မည်သူမှ နားမလည်နိုင်ကြပေ။

သူမသည် စင်စစ်အားဖြင့် နာမည်ကြီးတက္ကသိုလ်မှ ဘွဲ့ရထားသူဖြစ်၍ အလုပ်အကိုင်လည်း အလွန်ကောင်းမွန်ခဲ့သူ ဖြစ်သည်။

မာကျန်း၏ ညီသည်လည်း အစ်မလတ်၏ အကူအညီကြောင့် သတင်းစာပုံနှိပ်စက်ရုံတွင် အမြဲတမ်းဝန်ထမ်း အလုပ်တစ်ခု ရရှိခဲ့ပြီး ကြီးကြပ်ရေးမှူးငယ် ဖြစ်လာခဲ့ရာ အလုပ်အကိုင်မှာ အလွန်ပင် ကောင်းမွန်လှ၏။ သို့သော် ပြဿနာမှာ ဤညီငယ်သည်လည်း အချစ်ရူးတစ်ယောက် ဖြစ်နေခြင်းပင်။ သူသည် စက်ရုံမှ မုဆိုးမတစ်ဦးကို အသေအလဲ စွဲစွဲလမ်းလမ်း ချစ်ကြိုက်နေခဲ့ပြီး သူမ၏အိမ်ထောင်ကို အပင်ပန်းခံကာ ဝိုင်းဝန်းလုပ်ကျွေးနေခဲ့သည်။ ထိုအမျိုးသမီးသည် သူ့ထက် အသက် ၁၀ နှစ်နီးပါး ပိုကြီးသည့်အပြင် ကလေးအများအပြားလည်း ရှိကာ၊ အဓိကအချက်မှာ သူမသည် ကလေးထပ်မံ မွေးဖွားနိုင်ခြင်း မရှိတော့ခြင်းပင်။ သို့သော်လည်း ဤညီငယ်မှာမူ မည်သည့်နောင်တမျှမရှိဘဲ သစ္စာရှိရှိဖြင့် ဆက်လက်ချစ်နေခဲ့၏။

ဤအချစ်ရူး မောင်နှမနှစ်ယောက်နှင့် နှိုင်းယှဉ်လိုက်သောအခါ မာကျန်းမှာမူ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့သည်။

ချိုက်မင်မင် မည်မျှပင် မပြည့်စုံပါစေ၊ ပိုင်ဖုန်းရှန်း၏ အမြင်တွင်မူ သားအငယ်ဆုံး သဘောကျနေသော ထိုမုဆိုးမနှင့် နှိုင်းယှဉ်ပါက အဆတစ်ရာမက သာလွန်ကောင်းမွန်နေပေ၏။ အရာရာတိုင်းတွင် နှိုင်းယှဉ်ချက် ရှိလာလျှင် သက်သာရာရစမြဲ ဖြစ်သည်။

ထို့ကြောင့် ချိုက်မင်မင်သည် မိမိ၏ယောက္ခမမှာ ထင်သလောက် ဆက်ဆံရ မခက်ခဲကြောင်း အံ့ဩစွာ သိရှိသွားခဲ့၏။ အမှန်တကယ်တမ်း မလာခင်၌ သူမ၏ရင်ထဲတွင် စိုးရိမ်ပူပန်မှုများစွာ ရှိခဲ့သော်လည်း၊ ရောက်လာပြီးနောက်တွင်မူ ယောက္ခမသည် သူမအပေါ် ဆက်ဆံပုံသည် မိမိ၏မိခင် မိမိယောင်းမအပေါ် ဆက်ဆံပုံထက်ပင် သာလွန်ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ချိုက်မင်မင်လည်း စိတ်ဖိစီးမှုများစွာ လျော့ကျသွားခဲ့ရ၏။

"ကျွန်မတို့ အရှေ့မြောက်ဒေသမှာလည်း တောင်တွေ အများကြီးရှိတယ်၊ တောင်ပေါ်မှာ တောထွက်ပစ္စည်းတွေ အများကြီး ရတတ်တယ်။ နှစ်တိုင်း ဆောင်းဦးရိတ်သိမ်းချိန် ပြီးတာနဲ့ လူတိုင်း တောင်ပေါ်မှာပဲ အချိန်ကုန်ကြတာ… ဒါပေမဲ့ တောင်ပေါ်ကလည်း အရမ်းအန္တရာယ်များပါတယ်၊ အကယ်၍ တောဝက်တွေ၊ ဝံပုလွေအုပ်တွေနဲ့ တွေ့ရင်တော့ တကယ်ကို ကြောက်ဖို့ကောင်းတယ်"

"တောဝက်ကလည်း ကြောက်ဖို့ကောင်းလို့လား..."

ချိုက်မင်မင် ခေါင်းညိတ်ကာ

"တကယ်တော့ ဒီကောင်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းက ဝံပုလွေတစ်ကောင်ထက်တောင် ပိုကြီးမားပါသေးတယ်၊ သူတို့ရဲ့ အရေခွံက အရမ်းထူတော့ သာမန်ဓားတွေ၊ မြားတွေနဲ့ဆိုရင် လုံးဝ အသားထဲမဝင်ဘူး… ဒါပေမဲ့ ကျွန်မတို့ဆီမှာတော့ နှစ်တိုင်း တစ်ကြိမ် အမဲလိုက်ပွဲ ရှိတတ်တယ်၊ ပြည်သူ့စစ်တွေက ရွာထဲက ယောက်ျားတွေကို ဦးဆောင်ပြီး တောင်ထဲဝင်ကြတာ၊ ရက်အနည်းငယ်လောက် ကြာတတ်တယ်။ အဲဒီကျရင် ရလာတဲ့ သားကောင်တွေကို ရွာသားတွေကို ခွဲဝေပေးကြတာပေါ့၊ အလုပ်

ရမှတ်မှတ်တမ်းနဲ့ လဲလှယ်လို့ရတယ်"

"အာ... အဲလိုဆိုရင်တော့ တကယ်ကောင်းတာပဲ"

"ဟုတ်ပါတယ်"

အိမ်ရာဝင်းအတွင်းရှိ လူကြီးအချို့မှာ ငယ်စဉ်က ကျေးလက်တောရွာတွင် နေထိုင်ခဲ့ဖူးကြသော်လည်း၊ ၎င်းဒေသမှ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူတို့သည်လည်း အနီးနားတစ်ဝိုက်မှ လူများသာဖြစ်ကြသဖြင့် အရှေ့မြောက်ဒေသ၏ အကြောင်းကိုမူ အမှန်တကယ်ပင် သေချာမသိရှိကြပေ။ အမဲလိုက်ပွဲအကြောင်း ကြားရသောအခါ အားလုံး စူးစမ်းလိုစိတ်များ ပြင်းထန်လာကြ၏။

"ဒါဆို အရှေ့မြောက်ဒေသ တောင်တွေထဲမှာ ဂျင်ဆင်းတို့၊ လင်ဇီးမှိုတို့ တကယ်ရှိတာလား... ဟုတ်လား... ငါ့ချွေးမကတောင် ဒီနေ့ တတွတ်တွတ်ပြောနေသေးတယ်၊ အကယ်၍ ဂျင်ဆင်းသာ တူးမိရင် သိပ်ကောင်းမှာပဲတဲ့..."

"နင့်အိမ်ကလူတွေကတော့ တကယ့်ကို စိတ်ကူးယဉ်လွန်းတာပဲ"

အဘွားကြီးဟွမ် တိုးတိုးရေရွတ်လိုက်သည်။

အဘွားကြီးကျောက် မျက်စောင်းထိုးကာ ပက်ခနဲ ပြန်ပြေချလိုက်၏။

"ငါ အိပ်မက်မက်ချင်လို့ မက်တာ၊ နင်နဲ့ ဘာဆိုင်လဲ..."

ချိုက်မင်မင် : "ကျွန်မတို့ဆီက တောင်တွေထဲမှာလည်း အဲဒီလို အဖိုးတန်ပစ္စည်းမျိုးကို ရှာဖို့က မလွယ်ကူပါဘူး၊ ကျွန်မ အသက်ရှင်လာတဲ့တစ်လျှောက်မှာလည်း ဒီလိုကံကောင်းတဲ့အကြောင်းမျိုး တစ်ခါ၊ နှစ်ခါလောက်ပဲ ကြားဖူးတာ… ဒါတွေက ရှားမှရှားမို့လို့လည်း တန်ဖိုးကြီးနေတာပေါ့..."

"ဟုတ်ပ..."

"ဟေ့... ကျောက်ရုံ၊ နင့်အိမ်မှာ အရင်က အဲဒါမျိုး ရှိဖူးတယ်မလား... ယွမ်ရှောင်ချွေက တကယ်ပဲ ယူသွားတာလား..."

"ဒီဂျင်ဆင်းဆိုတာကတော့ တကယ့် ရတနာပဲ"

အားလုံးမှာ ယွမ်ရှောင်ချွေ ယခင်က ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရမိကာ ကျောက်ရုံကို လှမ်း၍ မေးလိုက်ကြသည်။

ကျောက်ရုံ စိတ်မကောင်းသောပုံစံဖြင့် ခါးသီးစွာ ပြုံးလိုက်ရုံသာ တတ်နိုင်ခဲ့၏။ ဤကိစ္စသည် သူမ၏ရင်ထဲတွင် အနက်ရှိုင်းဆုံးသော နာကျင်မှုပင် ဖြစ်သည်။

'ဒီသေချင်းဆိုးမလေး... ငါ့ကို အခွင့်အရေးသာ ပေးမတွေ့စေနဲ့၊ မဟုတ်ရင်တော့ ငါ သူမကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး… အဲဒါက ဂျင်ဆင်းဟဲ့ ... ဂျင်ဆင်းဟဲ့...'

ထိုအရာသည် အမှန်စင်စစ် သူမပိုင်ဆိုင်သော အရာ ဖြစ်၏။

ဤမျှနှစ်ပေါင်းများစွာအတွင်း သူမကိုယ်တိုင်ပင် အသုံးမပြုရက်ဘဲ၊ အရေးကြီးဆုံးသော အသက်ကယ်ရမည့် အချိန်ကျမှ သုံးရန် သေတ္တာအောက်ခြေတွင် ဝှက်၍ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သော်လည်း၊ အဆုံးသတ်တွင်မူ ထိုမိန်းကလေးငယ်၏ လက်ထဲသို့ ပါသွားခဲ့ရသည်။

တကယ့်ကို သေထိုက်တဲ့ကောင်မလေးပဲ...

သူမ သက်ပြင်းချကာ

"ကျွေးထားရုံနဲ့တော့ လူမဖြစ်လာဘူးဆိုတာ ဒါမျိုးပဲပေါ့..."

ကျောက်ရုံသည် ယခုအခါ ယွမ်ရှောင်ချွေအကြောင်း ပြောမိတိုင်း သူမကို အစိမ်းလိုက်ဝါးစားချင်စိတ်ပေါက်မတတ် မုန်းတီးနေမိ၏။

သို့သော်လည်း သူမသည် မိမိ၏မုန်းတီးမှုကို အတင်းအကျပ် အောင့်အည်းသည်းခံနေရပြီး မိမိ တည်ဆောက်ထားသော ပုံရိပ်ကို အပျက်မခံဝံ့ပေ။ သူမ၏ ပုံရိပ်သည် ဤကဲ့သို့ ရက်စက်တတ်သူမျိုး မဟုတ်၍ပင်။

"သူ ကျွန်မတို့ဆီကနေ ပစ္စည်းတွေ ဘယ်လောက်အထိ ယူသွားလဲဆိုတာ ရှင်တို့လည်း အမြင်ပဲ… တော်သေးတာက ကျွန်မတို့လင်မယားနဲ့ သားဖြစ်သူမှာ အပြင်မှာ မိတ်ဆွေအပေါင်းအသင်း ရှိနေလို့သာ ဟိုကဒီကနေ ရှာဖွေပြီး အသက်ဆက်နိုင်ခဲ့တာ… မဟုတ်ရင်တော့ ကျွန်မတို့အိမ်မှာ ဟင်းချက်ဓားတောင် ကျန်ခဲ့မှာ မဟုတ်ဘူး၊ ရှောင်ချွေဆိုတဲ့ ကလေးက ဘယ်လောက်အထိ ဆိုးသွမ်းလိုက်လဲဆိုတာ ရှင်တို့ပဲ စဉ်းစားကြည့်တော့"

သူမ၏စကားကို ကြားရသောအခါ အားလုံး၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ပြောင်းလဲသွားကြသည်။ အချို့မှာ သနားကြပြီး၊ အချို့မှာမူ ဂရုမစိုက်သကဲ့သို့ ရှိနေကာ၊ တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်အတွေးကိုယ်စီ ရှိနေကြ၏။

သို့သော်လည်း... အဘွားကြီးဟွမ်မှာနှာခေါင်းကို ရှုံ့ကာ နမ်းရှိုက်ကြည့်ရင်း

"ဒါက ဘာအနံ့လဲ၊ ဘာလို့ ဒီလောက်တောင် မွှေးကြိုင်လတ်ဆတ်နေရတာလဲ..."

အဘွားကြီးကျောက် : "သေချာပေါက် ငါတို့အိမ်က ဖြစ်ရမှာပေါ့၊ ငါ့ချွေးမလေး ဆန်ပြုတ်ပြုတ်နေတာ ထင်တယ်.. ဒီနေ့ ပုစွန်လေးတွေ နည်းနည်း ဆယ်လာခဲ့တယ်မဟုတ်လား၊ ညဘက်ကျတော့ ဆန်ပြုတ်လေး ပြုတ်သောက်မလို့လေ"

အားလုံး အဘွားကြီးကျောက်ကို အားကျတုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်နေကြပြီး မနာလိုဖြစ်နေသူများလည်း ရှိကြ၏။ ဤအရာသည် ဟင်းတစ်ခွက်အဖြစ် မလောက်ငသော်လည်း အလွန်အဖိုးတန်လှပြီး တကယ့်ကို ဈေးကြီးလှသည်မဟုတ်လော့။ သာမန်မိသားစုများ ဝယ်စားကြမည်မဟုတ်ရာ၊ ဤကဲ့သို့ ကံထူးသည့်ကိစ္စမျိုး ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ အဘွားကြီးကျောက် အတွက်မူ တကယ့်ကို အမြတ်ထွက်သွားခြင်းပင်။

ပြောရလျှင် ယခုနှစ်အတွင်း အဘွားကြီးကျောက်တို့ မိသားစု၏ လူနေမှုဘဝမှာ သိသိသာသာ ကောင်းမွန်လာသည်ဟု အားလုံးက ခံစားနေကြရသည်။ ဝင်ငွေလည်း မနည်းလှပေ။ ချန်ချင်းယွီ ငါးမျှားသည့်ရလဒ်သည်ပင် အတော်လေး ကောင်းမွန်လှ၏။

အဘွားကြီးဟွမ် မျက်လုံးလေး ကစားလိုက်ပြီး ရန်တိုက်ပေးသည့်သဘောဖြင့်

"နင့်ချွေးမက ငါးမျှားတာ ဒီလောက်တော်တာ၊ အရင်က ဘာလို့မမျှားခဲ့တာလဲ၊ အကယ်၍ အရင်ကတည်းကသာ မျှားခဲ့ရင် ဘဝက စောစောစီးစီး တိုးတက်နေပြီပေါ့"

အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ အေးစက်စွာ ရယ်မောလိုက်သည်။

အဘွားကြီးဟွမ် ဘာတွေးနေလဲ သူမ မသိဘဲ နေပါ့မလား… ဟမ့် …အားလုံးက နှစ်ပေါင်းများစွာ အပြိုင်အဆိုင် တိုက်ခိုက်လာခဲ့တဲ့သူတွေလေ… နင်တို့ ဘာတွေးနေလဲ ငါသိတာပေါ့ဟဲ့…

"သူမက အရင်က ငါးတစ်ခါမှ မမျှားဖူးဘူးလေ၊ ကိုယ့်ကိုယ်ကိုယ် တော်မှန်း ဘယ်လိုလုပ် သိမှာလဲ... ဒါကလည်း ဘဝက ဒီအခြေအနေကို ရောက်လာတော့ အစစအရာရာ ပိုပြီး ကြံဆရတာပေါ့၊ ဒါပေမဲ့ ဘုရားသခင်က လူကို လမ်းပိတ်မထားပါဘူးဟယ်… နင် မပြောနဲ့ဦး၊ သူက လူသစ်လေးဆိုပေမယ့် ဒီလိုပါရမီမျိုး ရှိနေတာ… တခြားဟာတွေ ထားလိုက်ဦး.. ငါ့ချွေးမက ဦးနှောက်ကတော့ တကယ်ကို ဉာဏ်ကောင်းတာ… ပြီးတော့ သူက အထက်တန်းအောင်ထားတဲ့သူလေ၊ တခြား တစ်နှစ်ပဲတက်ပြီး ဘွဲ့လက်မှတ်ယူတဲ့သူမျိုး မဟုတ်ဘူး၊ အပြတ်အသတ် သုံးနှစ်တိတိ သေချာတက်ခဲ့တာ"

အဘွားကြီးကျောက်ကတော့ ကြွားဝါနေလေပြီ…

အိမ်ထဲမှ ချန်ချင်းယွီသည် နားစွင့်၍ ကြားလိုက်ရသဖြင့် မျက်နှာလေး ရဲခနဲ ဖြစ်သွားရရှာ၏။

အင်း…သူတို့ ကျောင်းတက်ခဲ့စဉ်က အခြေအနေကိုတော့... မပြောဘဲ နေတာက ပိုကောင်းပါလိမ့်မယ်…

သို့သော်လည်း ယောက္ခမဖြစ်သူ ကြွားလုံးထုတ်နေသည်ဖြစ်ရာ သူမထွက်၍ လာပြီး အရှက်ခွဲ၍ မရပေ။

ထို့ပြင် သူမသည် အမှန်တကယ်ပင် အထက်တန်းကျောင်း တက်ခဲ့ဖူးသည်သာ… အတိတ်ဘဝရော ယခုဘဝရော တက်ခဲ့ဖူးသဖြင့်၊ ယေဘုယျအားဖြင့် မူလတန်းအောင်၊ ရံဖန်ရံခါ အလယ်တန်းအောင်များပြားလှသော ဤခေတ်ကာလနှင့် နှိုင်းယှဉ်ပါက သူမက သာလွန်နေဆဲပင်။

အဟိ...

ချန်ချင်းယွီ အပြင်သို့ လှမ်း၍ ခေါ်လိုက်ကာ

"အမေ... ထမင်းစားလို့ရပြီ"

အဘွားကြီးကျောက် ချက်ချင်းပင် ထရပ်ကာ

"အမလေး... ငါလည်း ညစာမစားရသေးဘူး၊ သွားပြီ... သွားပြီ"

"သူ့ရဲ့ ဝင့်ကြွားနေတဲ့ ပုံစံကို ကြည့်ဦး"

အဘွားကြီးဟွမ် မကျေမနပ် ရေရွတ်သည်။

"သူတို့မိသားစု ခုရက်ပိုင်း ဘဝက အဆင်ပြေနေတော့ ဝင့်ကြွားတာပေါ့အေ"

ရှီကျန့်ရှန်းမှာမူ မျက်လုံးလေး ဝေ့ဝဲသွားကာ၊ သူတို့မိသားစု ဘဝနေရေး ကောင်းမွန်နေခြင်းမှာ ကွယ်ရာမှ ကူညီပေးနေသော "သရဲ" ကြောင့် ဖြစ်ရမည်ဟု တွေးမိ၍။

မဟုတ်ရင် ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်ပြီး ကံကောင်းနေရမှာလဲ… ချန်ချင်းယွီ ငါးမျှားရင်လည်း ငါးရတယ်… တောထဲ ပျော်ပွဲစား ထွက်တော့လည်း စမ်းချောင်းထဲမှာ ပုစွန်တွေ ဖမ်းမိတယ်…

ဒါက သရဲရှိနေတာကို ပိုပြီး သက်သေပြနေတာ မဟုတ်ဘူးလား...

တကယ်ကို ကြောက်စရာကောင်းလိုက်တာ...

ရှီကျန့်ရှန်း ပို၍ပင် သတိကြီးစွာ ထားလိုက်မိသည်။

ဒီယောက္ခမနဲ့ ချွေးမနှစ်ယောက်ကိုတော့ အပြစ်မလုပ်ဝံ့ပါဘူးအေ…

ပိုင်ဖုန်းရှန်း : “ငါတို့လည်း လာမယ့်အပတ် သွားကြမယ်၊ ကောင်းတာလေးတွေ ရှိမလားလို့၊ ပုစဉ်းရင်ကွဲတွေကို ကြော်ပြီး အရက်မြည်းစရာ လုပ်စားရင်တောင် အတော်လေး ကောင်းတာပဲ"

"ဒါတော့ ဟုတ်တယ်"

လူအများအပြား စိတ်လှုပ်ရှားနေကြသော်လည်း ဆင်ခြေဖုံးအရပ်သို့ သွားရန်အတွက်မူ အတော်များများ လက်လျှော့လိုက်ကြ၏။ စက်ဘီးမရှိပါက လမ်းလျှောက်သွားရန် အချိန်အတော်ပေးရမည် ဖြစ်သည်။ ထိုအချိန်ဆိုလျှင် ပင်ပန်းနွမ်းနယ်လွန်း၍ ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ ရလဒ်ကောင်းကောင်း မရရှိခဲ့ပါက တွက်ချက်ကြည့်လျှင် တစ်နေ့တာ အသွားအပြန် လုပ်ရသည်မှာ မထိုက်တန်လှပေ။

သို့သော်လည်း လူတိုင်း ဤကိစ္စကို အကြောင်းပြု၍ ဝိုင်းဝန်းဆွေးနွေးနေကြလေသည်။

ချန်ချင်းယွီတို့ အိမ်တွင်မူ ထမင်းဝိုင်း စတင်နေပြီ ဖြစ်၏။

ချန်ချင်းယွီ ပုစွန်များကို ရေစင်စင်ဆေး၍ အိုးအငယ်တစ်လုံးဖြင့် ပြုတ်ထားပြီး၊ ပုစွန်ဆန်ပြုတ်ကိုလည်း ပြုတ်ထားသည်။ တခြားဟင်းလျာများ မလုပ်သော်လည်း အချဉ်သနပ်လေး တစ်ခွက် သုပ်ထားသဖြင့် ညဘက်တွင် စားရသည်မှာ အလွန် ခံတွင်းမြိန်လှ၏။

"အင်း... တကယ်ကို လတ်ဆတ်ပြီး မွှေးကြိုင်တာပဲ၊ လျှာပါ မျိုချမိမတတ်ပဲ"

"မေမေ... အရသာ ရှိတယ်"

"စားလို့ ကောင်းတယ်... ကောင်းတယ်"

လူတိုင်း ကိုယ်စီကိုယ်ငှ မှတ်ချက်ပေးကြပြီး၊ ချန်ချင်းယွီလည်း အလွန်အရသာရှိသည်ဟု ခံစားရကာ ပန်းကန်ကို ပိုက်၍ ဆန်ပြုတ်သောက်ရင်း ဤကဲ့သို့သော ဘဝသည် တကယ်ကို ကောင်းမွန်လှသည်ဟု တွေးနေမိ၏။

သူမကတော့ စားရတာ ပျော်ရွှင်နေသရွေ့ တခြားအရာတွေက သိပ်ပြီး အရေးမကြီးတော့ပါဘူး…

ချန်ချင်းယွီသည် တစ်ကိုယ်ရေ လိုအပ်ချက် အလွန်နည်းပါးသော လူစားမျိုး ဖြစ်သည်။

"မနက်ဖြန်ကျရင် သားတို့ကို ပုစဉ်းရင်ကွဲ ကြော်ကျွေးမယ်"

"ဟာ... ဟုတ်ကဲ့..."

"မေမေ... စားလို့ ကောင်းလား..."

ချန်ချင်းယွီ : “သားတို့ မစားဖူးဘူးလား..."

ကလေးငယ်လေးမှာ ခေါင်းလေးကို စောင်းကာ စဉ်းစားကြည့်ပြီးနောက်

"စားဖူးတယ်၊ မီးကင်ထားတာ စားဖူးတယ်၊ ဖေဖေက..."

ကလေးငယ်မှာ စကား ခဏရပ်သွားပြီး နည်းနည်း စိတ်မကောင်းဖြစ်သွားကာ

"ဖေဖေက ကျွန်တော်တို့ကို ကင်ကျွေးတာ"

ချန်ချင်းယွီ ခေါင်းညိတ်ကာ နှစ်သိမ့်လိုက်၏။

"ဒါဆို ဒီတစ်ခေါက်တော့ မေမေက ဆီကြော်ပေးမယ်"

"ဟုတ်ကဲ့~"

"အမေ... မနက်ဖြန်မနက် ကျရင် ကျွန်မကို စောစောနှိုးဦးနော်၊ ကြော်ပြီးရင် အမေ အိတ်ထဲထည့်သွားပြီး စားလို့ရတာပေါ့"

အဘွားကြီးကျောက် : "အေး... အေးအေး၊ ငါ့ချွေးမလေးက တကယ့်ကို အလိုက်သိတတ်တဲ့သူဆိုတာ ငါ သိပြီးသားပါ”

‘ဟူး... ဒီချွေးမက နောက်ဆုံးတော့ တစ်ယောက်တည်း အပိုင်မစားတော့ဘူးပဲ’

အဘွားကြီးကျောက် : "အေး... ဒါနဲ့၊ မာကျန်းတို့က လာမယ့်အပတ် သွားကြမလို့တဲ့၊ ငါထင်တာတော့ သူတို့ ငါတို့ ရလဒ်ကောင်းတာကို မြင်ပြီး သွားချင်ဇောတွေ ထနေကြတာ နေမှာ"

ချန်ချင်းယွီ : "သွားပါစေ၊ သူတို့ဘာသာ သူတို့သွားတာပဲ၊ ဒါပေမဲ့ ကျွန်မတို့ လာမယ့်အပတ် သွားမလား မသွားဘူးလားဆိုတာကတော့ နောက်မှပဲ ပြောကြတာပေါ့… တစ်ပတ်ကြိုပြီး စီစဉ်နေစရာ မလိုပါဘူး၊ အပြောင်းအလဲက ရှိနိုင်တာပဲ"

"ဒါလည်း ဟုတ်တာပဲ"

တစ်မိသားစုလုံး အလွန်ပင် စိတ်ကျေနပ်စွာ စားသောက်ခဲ့ကြသည်။

"အော်... ဒါနဲ့၊ ဒီနေ့ ယွမ်ဟောက်ဖုန်းက ကြင်ဖက် သွားတွေ့တာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်သွားလဲ..."

အဘွားကြီးကျောက် : "အမလေး... ငါ မေးဖို့ မေ့သွားတယ်၊ နေဦး... ငါ သွားမေးကြည့်လိုက်ဦးမယ်၊ ငါ့စိတ်ထဲတော့ ငါတို့ ဝင်းထဲမှာ ကြင်ဖက်တွေ့တဲ့ကိစ္စဆိုတာ အောင်မြင်တယ်လို့ကို မရှိဘူး"

ချန်ချင်းယွီ : "..."

ဒါက သူမ အရင်ပြောခဲ့တဲ့ စကား မဟုတ်ဘူးလား... အမယ်လေး… စကားကလည်း ခိုးတတ်ပ…

သို့သော်လည်း သူတို့ ထင်မှတ်ထားသည့်အတိုင်းပင် ဤကိစ္စမှာ အမှန်တကယ် မအောင်မြင်ခဲ့ပေ။

ယွမ်ဟောက်ဖုန်းသည် ထိုမိန်းကလေးကို သဘောမကျခဲ့ပေ။

အဘွားကြီးကျောက်သည် နောက်ပိုင်းတွင် အကြောင်းစုံကို သိရှိသွားပြီးနောက်၊ ကွယ်ရာတွင် ချန်ချင်းယွီအား တိုးတိုးတိတ်တိတ်ဖြင့် အတင်းပြောလေ၏။

"တကယ်တော့ အဲဒီမိန်းကလေးက သူ့ကို သဘောမကျတာအေ့… လူပျိုလေးဖြစ်ပြီး ကောင်းကောင်းမွန်မွန် အဖော်မရှာဘဲ၊ မိန်းမတစ်ယောက်ရဲ့ဆီကနေ အကျိုးအမြတ်တွေ လိုက်ယူနေတာကို သူက ရှက်ရကောင်းမှန်းမသိဘူး… ဒီလိုလူမျိုးက အထဲကနေ အကုန်ခမ်းခြောက်နေပြီ၊ တော်သေးတာပေါ့ အဲဒီမိန်းကလေးနဲ့ မညားတာ၊ မဟုတ်ရင် အဲဒီမိန်းကလေးပဲ နစ်နာရမှာ… သူကများ သူဘက်က သဘောမကျဘူးလို့ ပြောရဲသေးတယ်၊ တကယ့်ကို ရယ်စရာကောင်းလိုက်တာ"

ချန်ချင်းယွီလည်း ထိူစကားကို အလွန်ပင် သဘောတူ ထောက်ခံမိ၏။

လတ်တလောအတွင်း အိမ်ရာဝငမးကြီးတစ်ခုလုံးတွင် အောင်သွယ်အပ်နှံသူ၊ ကြင်ဖက်တွေ့သူများဖြင့် အလွန်ပင် စည်ကားသိုက်မြိုက်နေသော်လည်း၊ အားလုံးမှာ ထင်သလောက် အဆင်ပြေချောမွေ့နေကြသည်တော့ မဟုတ်ပေ။

အထူးသဖြင့် ဤဝင်းအရှေ့ပိုင်းရှိ အိမ်ထောင်မရှိသေးသော လူပျိုလူလွတ် အမျိုးသားများထဲမှ တစ်ယောက်မှ ကြင်ဖက်တွေ့ပွဲ မအောင်မြင်ခဲ့ကြပေ။

ချန်ချင်းယွီ မချိတင်ကဲဖြင့်

"ဒါက ဘယ်လိုကံတရားမျိုးလဲ... တကယ်ပဲ ကျရှုံးတဲ့နှုန်းက ဒီလောက်တောင် မြင့်မားနေရတာလား..."

နောင်နှစ်ပေါင်းများစွာ ကြာမြင့်သော ခေတ်ကာလတွင်မူ ဘလိုငမးဒိတ်များ၌ အကြိမ်ကြိမ်အလီလီ ကျရှုံးရသည်မှာ သာမန်ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သော်လည်း၊ ယခုခေတ်ကာလတွင်မူ ပုံမှန်အားဖြင့် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှ ကြိုးစားကြည့်ရုံဖြင့်ပင် အိမ်ထောင်ဖက် ရရှိသွားတတ်ကြ၏။

ဤသည်မှာ သက်သက်မဲ့ အတင်းအကျပ် စီစဉ်ပေးသော အိမ်ထောင်ရေးမျိုး မဟုတ်ဘဲ၊ တစ်ဖက်နှင့်တစ်ဖက်၏ မိသားစုနောက်ခံ အခြေအနေချင်းကို အပြန်အလှန် သေချာစွာ နားလည်သဘောပေါက်ပြီးနောက်၊ ကိုက်ညီမှုရှိပါက လက်ထပ်ရန် ဆွေးနွေးကြခြင်းဖြစ်ရာ အလွန်ပင် သဘာဝကျလှသော အလေ့အထတစ်ခု ဖြစ်သည်။

အမှန်စင်စစ် မိမိဘာသာ လွတ်လပ်စွာ ချစ်ကြိုက်ကြသော စုံတွဲများလည်း ရှိကြသော်လည်း၊ ဤခေတ်တွင်မူ အောင်သွယ်ဖြင့် ကြင်ဖက်တွေ့ကြခြင်းသည် ပို၍ အသုံးများလှ၏။

ထို့ကြောင့် မိမိတို့ အိမ်ရာဝင်းအတွင်းရှိ လူများ တစ်ယောက်ပြီးတစ်ယောက် ဤမျှဆက်တိုက် ကျရှုံးနေကြသည်မှာ အမှန်ပင် တွေ့ရခဲလှသော ထူးဆန်းမှုတစ်ခု ဖြစ်နေတော့သည်။

သြော်... မေ့လို့… အားလုံး ကျရှုံးနေကြသည်တော့လည်း မဟုတ်ပေ။

အနောက်ဘက်ဝင်းထဲမှ အချို့လူများမှာ အိမ်ထောင်ဖက် ရှာဖွေတွေ့ရှိသွားကြပြီဖြစ်သော်လည်း၊ အရှေ့ဘက်ဝင်းမှ တက်ကြွလှုပ်ရှားနေကြသော ထိုလူပျိုလူလွတ် အစုအဖွဲ့မှာမူ ယခုထက်ထိ လူပျိုကြီးဘဝဖြင့်သာ ကျန်ရှိနေကြဆဲ ဖြစ်၏။

ဥပမာအားဖြင့် အိမ်ထောင်ပြုရန် အလွန်အမင်း စိတ်လောနေသော ဝမ်တာ့ချွေ၊ ယောက်ျားရော မိန်းမပါမကျန် ရူးသွပ်စွာ စိတ်ဝင်စားတတ်သော ကျန်းရှင်းဖှ၊ "ထူးချွန်ထက်မြက်သော လူငယ်လေး" ဟု တင်စားကြသည့် ယွမ်ဟောက်ဖုန်းနှင့် ရွှီကောင်းမင်၏ တတိယမြောက် သားဖြစ်သူတို့မှာ အကြိမ်ကြိမ် ကြင်ဖက်တွေ့ပွဲ ပျက်ခဲ့ကြသော သာဓကများပင် ဖြစ်ကြသည်။

ယခုအခါ ကျန်းရှင်းဖှသည်လည်း ဤကြင်ဖက်တွေ့ပွဲ ရေစီးကြောင်းထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။

သူသည် စိတ်လှုပ်ရှား စိုးရိမ်ပူပန်လွန်း၍ ရူးသွပ်မတတ် ဖြစ်နေကာ၊ ချက်ချင်း လက်ငင်းပင် အိမ်ထောင်ပြုချင်နေမိသည်။ မဟုတ်ပါက ဝင်းထဲရှိ လူအားလုံး သူ့ကို မျက်နှာလွှဲခဲပစ် ဆက်ဆံကြပြီး ရှောင်ဖယ်နေကြမည်သာ… ကျန်းရှင်းဖှသည် လူလွတ်ကြီးဘဝမှ အမြန်ဆုံး ရုန်းထွက်ချင်နေရှာ၏။

'ငါသာ အိမ်ထောင်ပြုလိုက်ရင် ငါ့ကို ယောက်ျားရော မိန်းမပါ စိတ်ဝင်စားတဲ့ နှစ်ဖက်ချွန်ဆိုတဲ့ ကောလာဟလတွေက အခြေအမြစ်မရှိဘူးဆိုတာ လူတွေ သိသွားကြမှာပဲ...'

သူ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။

အင်း… သူ့ဘက်ကတော့ အတွေးကမ္ဘာထဲမှာ အကွက်စေ့စေ့ စီစဉ်ထားတာပေါ့၊ ဒါပေမဲ့ သူတစ်ပါးက ဘယ်လိုထင်မလဲဆိုတာကတော့….

တခြားစီပေါ့နော်…

သို့သော်လည်း သူ မည်မျှပင် သေချာစွာ ကြံစည်ထားသည်ဖြစ်စေ၊ အောင်သွယ်ခကို ငွေပုံပေး၍ အပ်နှံထားခဲ့သော်လည်း အရာရာသည် ချောမွေ့မနေခဲ့ပေ။

သာမန်လူကောင်း မိန်းကလေးများမှာ သူ့ကို လုံးဝ ရွေးချယ်မည်မဟုတ်ပေ၊ အထူးသဖြင့် သူကိုယ်တိုင်သည်လည်း အနာဂတ်အလားအလာ ကောင်းမွန်သော မိန်းကလေးမျိုးကိုသာ လိုချင်နေခြင်း ဖြစ်သည်။

'ငါကတော့ ငါ့မိန်းမဟောင်းထက် နိမ့်ကျတဲ့သူကို လုံးဝ လက်မထပ်နိုင်ဘူး၊ မဟုတ်ရင် ငါကွာရှင်းလိုက်တာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ...'

သူသည် မိမိကို ကွာရှင်းပြတ်စဲရန် ဇနီးဖြစ်သူဘက်မှ အရင်စတင်ခဲ့ပြီး ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်ကို လုံးဝ မေ့လျော့နေပုံရ၏။ မိမိကြောင့် ဖြစ်သည်ဟု တွေးမိပုံ မပေါ်ပေ…

သို့သော် ယခုအချိန်၌ သူ တခြားအတွေးမရှိတော့ပေ။ မိမိမှာ မိန်းမဟောင်း၏ အပစ်ပယ်ခံလိုက်ရသည်သာမက သူမထက် နိမ့်ကျသော မိန်းမကို ယူရလျှင် မည်မျှ သိက္ခာကျမည်ကိုသာ သူ ခံပြင်းနေ၏။

ဘာပဲပြောပြော အဲဒီမိန်းမယုတ်ရဲ့ လင်အသစ်က တည်ငြိမ်တဲ့ အစိုးရအလုပ် အကိုင် ရှိတယ်မဟုတ်လား…

ဒါပေမဲ့ အလုပ်အကိုင် တည်ငြိမ်တဲ့ မိန်းကလေးကရော သူ့လိုလူမျိုးကို လက်ထပ်ချင်ပါ့မလား... သောက်ကျိုးနည်း… ဖားပြုတ်က ငန်းသားစားချင်နေတယ်…

သို့သော် ဤသည်မှာ ကျန်းရှင်းဖှ၏ တင်းကျပ်လှသော သတ်မှတ်ချက်ဖြစ်ရာ၊ ငွေကြေးလက်ခံရရှိထားသော အောင်သွယ်အဘွားကြီးမှာလည်း မိမိစွမ်းဆောင်နိုင်သမျှ အစွမ်းကုန် ကြိုးစားပေးရုံသာ ရှိတော့သည်။

အစပိုင်းတွင် အောင်သွယ်အဘွားကြီးမှာ မိန်းကလေးဘက်ကို လှည့်စားထားပြီး၊ လက်ထပ်စာချုပ် အမြန်လုပ်ခိုင်းရန် ကြံစည်ခဲ့၏။ အကယ်၍ နောက်မှ အမှန်တရားကို သိရှိသွားခဲ့လျှင်လည်း မတတ်နိုင်သည့် အခြေအနေရောက်နေမည်သာ… ဤလောကတွင် ကိုယ်ကျင့်တရားမရှိသော အောင်သွယ်များစွာ ရှိစမြဲပင်။ သို့သော် အောင်သွယ်မကြီး၏ အကွက်သည် ကောင်းမွန်လှသော်လည်း၊ ဖျက်လိုဖျက်ဆီး လုပ်မည့်သူများမှာ အမြဲ ရှိနေခဲ့၏။ ကျန်းရှင်းဖှ၏ နာမည်ဆိုးမှာလည်း အလွန်ပင် ကျော်လွန်းလှသဖြင့် လူအများမှာ သူ့ကို အထင်သေးရုံသာမက၊ အပြင်လူများပင် သူ့ကို လာရောက်နှောင့်ယှက် ဖျက်ဆီးကြသည်။

စင်စစ်အားဖြင့် ကျန်းရှင်းဖှသည် ဂျိုပေါက်နေသော စိမ်းစိမ်းလေးနှင့် တိတ်တဆိတ် ပတ်သက်ခဲ့ရာမှ ဤဇာတ်လမ်းအားလုံး စတင်ခဲ့ခြင်း ဖြစ်၏။ လျိုကျင့်နှင့် ပတ်သက်ခဲ့သော လူအတော်များများ ထောင်ထဲ ရောက်သွားခဲ့ကြသော်လည်း၊ ကျန်းရှင်းဖှတစ်ယောက်သာ ဒဏ်ရာဒဏ်ချက်မျှမရှီ လွတ်မြောက်လာခဲ့သည်။ ထိုသို့ဆိုလျှင် ထောင်ကျသွားသူတို့၏ မိသားစုဝင်များမှာ သူ့အပေါ် မည်သို့လျှင် မနာကျည်းဘဲ နေနိုင်မည်နည်း။

ထောင်ကျသွားသူများတွင် အမှန်တကယ် အပြစ်ရှိနေသည်မှာ သေချာသော်လည်း၊ မိသားစုဝင်များအနေဖြင့်မူ နာကျည်းမှုကို ရင်ထဲတွင် ထားရှိကြစမြဲ ဖြစ်၏။ လူတိုင်း ကျန်းရှင်းဖှ၏ ဇနီးဟောင်းကဲ့သို့ လင်ယောက်ျား ဖောက်ပြန်သည်နှင့် ပြတ်ပြတ်သားသား ကွာရှင်းမည့်သူမျိုး မဟုတ်ကြပေ။ ယခုခေတ်တွင် လူအတော်များများသည် မိမိလင်ယောက်ျားကို အပြစ်မမြင်ဘဲ၊ အပြင်ဘက်မှ မိန်းမကိုသာ မုန်းတီးတတ်ကြသည်။ မိမိလင်ယောက်ျား ထောင်ကျနေလျှင်ပင် မိသားစုနှင့်အတူ ထာဝရ ရှိနေပေးရန်သာ ဆုတောင်းတတ်ကြ၏။

ထို့ကြောင့် ဤပြဿနာအားလုံးကို ဖန်တီးခဲ့သော ကျန်းရှင်းဖှသည် သူတို့အမြင်တွင် အမှန်တကယ်ပင် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှပေသည်။

ဘာပဲပြောပြော သူတို့သာ မပတ်သက်ခဲ့ရင်၊ လျိုကျင့်ယောကျာ်းရဲ့ တိုင်တန်းမှုလည်း ရှိလာမှာမဟုတ်သလို၊ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာမှာမဟုတ်ဘူး….

ထိုလူတွေလည်း ထောင်ကျမှာမဟုတ်ဘူး… အဲ့ဒါအကုန် နှစ်ဖက်ချွန်ကောင် ကျန်းရှင်းဖှကြောင့်ပဲ…

သာမန်လူများမှာ လက်တုံ့ပြန်ရန် မဝံ့ရဲကြသော်လည်း၊ ကျန်းရှင်းဖှ၏ ကြင်ဖက်တွေ့ပွဲများကို လိုက်လံနှောင့်ယှက် ဖျက်ဆီးရန်အတွက်မူ အဓိက အရင်းအမြစ်ကြီး ဖြစ်လာခဲ့သည်။

သူနှင့် အောင်သွယ်မကြီးတို့သည် သူ၏ နှစ်ဖက်ချွန်ဖြစ်မှုကို မည်မျှပင် ဖုံးကွယ်ထားပါစေ၊ သူ ကြင်ဖက်သွားတွေ့သည်နှင့် မည်သည့်မိန်းကလေးမဆို၊ အိမ်သာသွားသည့် ခေတ္တခဏအတွင်းမှာပင် အမှန်တရားကို တစ်ယောက်ယောက်မှ လာရောက်ဖွင့်ချလိုက်သဖြင့် သိရှိသွားကြတော့၏။ အချုပ်အားဖြင့်ဆိုရသော် ကျန်းရှင်းဖှ၏ ကြင်ဖက်တွေ့ပွဲများမှာ လုံးဝ မအောင်မြင်ခဲ့ပေ။

နောက်ဆုံးတွင် သူသည် မိမိ၏ နာမည်ပျက်ကို အရှုံးပေးကာ ဝန်ခံလိုက်ရသော်လည်း၊ ဤသည်ကပင် သူ့အား ပို၍ ဆိုးရွားသော အမျိုးသမီးများနှင့်သာ ကြင်ဖက်တွေ့ရန် လမ်းစဖြစ်စေခဲ့သည်။ တခြားသော ပြဿနာရှိသူများ၊ လင်ကွာထားသူများ သို့မဟုတ် ရုပ်ဆိုးလွန်းသူများနှင့်သာ တွေ့ရလေ၏။ သို့သော် ထိုသို့သော အမျိုးသမီးများသည်ပင် ကျန်းရှင်းဖှကို ပြန်၍ ရွေးချယ်နေကြသေးသည်။

သြော်... ကျန်းရှင်းဖှ ကိုယ်တိုင်သည်လည်း ရွေးလွန်းသဖြင့်၊ သူ၏ ကြင်ဖက်တွေ့ပွဲများမှာ ဘယ်လိုမှ အဆင်မပြေ ချောမွေ့မှု မရှိခဲ့ပေ။

အလားတူပင်၊ ဝမ်တာ့ချွေအတွက်လည်း အခြေအနေက မလွယ်ကူလှပေ။ သူသည် အသက်အရွယ် ရလာပြီဖြစ်၍ တည်ငြိမ်သောအလုပ်ရှိသည့် မိန်းကလေးကို လိုချင်၏။ ရုပ်ရည်ကို ဂရုမစိုက်ဟု ဆိုသော်လည်း၊ သူ့တွင် ကူညီစောင့်ရှောက်ပေးမည့် သက်ကြီးရွယ်အို ဆွေမျိုးမရှိရာ၊ အကယ်၍ လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ကြပါက ကလေးများကို မည်သူ ကြည့်ရှုစောင့်ရှောက်ပေးမည်နည်း။

ထို့ပြင် ယွမ်ဟောက်ဖုန်းမှာမူ ရုပ်ရည်ချောမောပြီး အနာဂတ်

အလားအလာ ကောင်းမွန်သူဖြစ်သော်ငြား သူ၏ ကြင်ဖက်တွေ့ပွဲများမှာ ပို၍ပင် ခက်ခဲလှသည်။

ကိစ္စတစ်ခု အဆင်မပြေလျှင် နောက်တစ်ခုသည်လည်း ထပ်မံ အဆင်မပြေဖြစ်ကာ၊ သူတို့အတွက် ဘာတစ်ခုမျှ အဆင်သင့်မဖြစ်ခဲ့ကြပေ။ ယွမ်ဟောက်ဖုန်းမှာမူ မိမိသဘောကျမည့်သူကို လုံးဝ ရှာမတွေ့နိုင်ခဲ့ပေ။ ရွှီကောင်းမင်၏ သားငယ်ကိစ္စတွင်မူ ရွှီကောင်းမင်နှင့် သူ၏ဇနီးဖြစ်သူတို့သည် လိုချင်တာထက် ပို၍ ရွေးချယ်လွန်းနေသောကြောင့် ဖြစ်၏။

အတိုချုပ်ပြောရလျှင် မည်သည့်အရာမျှ ထမမြောက်ခဲ့ပေ။

သူတို့သည် ဆောင်းဦးရာသီ ရောက်သည်အထိ တရစပ် ကြင်ဖက်တွေ့ကြည့်ခဲ့ကြသော်လည်း၊ ရာသီဥတု အေးစိမ့်လာပြီး လပေါင်းများစွာ ကုန်လွန်သွားခဲ့သည့်တိုင်အောင် တစ်ယောက်မှ အောင်ပွဲမခံနိုင်ခဲ့ကြရှာပေ။ အိမ်ရာဝင်းအတွင်းရှိ လူအားလုံး ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက်များကိုပင် ဝယ်ယူစုဆောင်းနေကြပြီ ဖြစ်သည်။ လူပျိုကြီးများသည် လူပျိုကြီးဘဝအတိုင်းပင် ရှိနေဆဲဖြစ်ကာ၊ ကြင်ဖက်တွေ့ပွဲလမ်းမထက်တွင် ဆက်လက် လျှောက်လှမ်းနေကြဆဲ ဖြစ်၏။

ချန်ချင်းယွီမှာမူ သူတို့အတွက် ပြောစရာစကားပင် မရှိတော့ဘဲ ဆွံ့အမိရုံသာ တတ်နိုင်တော့သည်။

သူတို့က ကိုယ့်ရဲ့ ကိုယ်ပိုင်အခြေအနေကိုတောင် ပြန်မသုံးသပ်ဘဲ အိမ်ထောင်ဖက် ရှာနေကြတာ… အံ့ဩပါ့… ဒါများ အဆင်မပြေရင်လည်း အဲဒီအမျိုးသမီးတွေကိုပဲ သွားပြီး အပြစ်မတင်သင့်ဘူးလေ… ဘယ်လို သောက်ကျိုးနည်း ယောကျာ်းတွေပါလိမ့်…

သို့သော် ဤအရာအားလုံးသည် ချန်ချင်းယွီနှင့် ဘာမှမသက်ဆိုင်လှပေ။

စောစောစီးစီး မိုးမလင်းမီ အာရုဏ်တက်အချိန်တွင်၊ သူမ၏ အိမ်တံခါးကို လာရောက်တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

“ဒေါက် ဒေါက် ဒေါက်”

"ချင်းယွီ... ချင်းယွီ ရေ"

ချန်ချင်းယွီသည် မျက်လုံးများကို ပွတ်သပ်ရင်း ထထိုင်လိုက်ကာ

"ဘယ်သူလဲရှင့်..."

ချိုက်မင်မင် : "ချင်းယွီ... အစ်မမင်မင်ပါ .. ဒီနေ့ ငါတို့ ဆောင်းဦးဟင်းသီးဟင်းရွက်တွေ သွားဝယ်ကြမလို့လေ… မြန်မြန်ထတော့၊ မဟုတ်ရင် အကောင်းစားတွေ ရတော့မှာ မဟုတ်ဘူး"

ချန်ချင်းယွီသည် ဝုန်းကနဲ ထရပ်လိုက်ပြီး အလျင်အမြန်ပြောလိုက်ကာ

"လာပြီ... လာပြီ"

ထိုအချိန်တွင် အဘွားကြီးကျောက်လည်း နိုး၍ ထထိုင်လိုက်ကာ

"ငါလည်း နင်နဲ့အတူ လိုက်ခဲ့မယ်"

အမျိုးသမီးနှစ်ဦးစလုံး အဝတ်အစားများကို သွက်သွက်လက်လက် အမြန်လဲဝတ်လိုက်ကြပြီး၊ နှစ်ယောက်စလုံး ဂွမ်းကပ်အင်္ကျီအဟောင်းကြီးများကို ကိုယ်စီဝတ်ဆင်ထားကြသည်။ ချန်ချင်းယွီ အချိန်ကို လှမ်းကြည့်လိုက်ရာ မနက် ၃ နာရီ ၁၀ မိနစ်သာ ရှိသေး၏။

ချန်ချင်းယွီ : "အစ်မ... ကျွန်မ ထပါပြီ… နှစ်မိနစ်လောက်ပဲ စောင့်ဦးနော်"

"အေးအေး... ဒါဆို ငါတို့ အရှေ့ဘက်ဝင်းကို အရင်သွားနှင့်မယ်နော်"

ချန်ချင်းယွီ : "ဟုတ်ကဲ့..."

ယခုအခါ အောက်တိုဘာလနှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်၍ ရာသီဥတုသည် အတော်လေး အေးစိမ့်နေပြီဖြစ်ကာ၊ အထူးသဖြင့် မိုးမလင်းမီ စောစောပိုင်းအချိန်တွင် ပို၍ ဆိုးလှသည်။ အပြင်ဘက်တွင် အတော်လေး ချမ်းအေးလှသဖြင့် ချန်ချင်းယွီသည် အပေါ်အင်္ကျီတစ်ထည် ထပ်မံဝတ်ဆင်လိုက်၏။အဘွားကြီးကျောက်လည်း မိမိကိုယ်ကို လုံခြုံအောင် ထူထူထဲထဲ ထုပ်ပိုးထားလေသည်။

သူတို့နှစ်ဦး အတူတူ ထွက်လာကြပြီး ချန်ချင်းယွီမှာ လက်တွန်းလှည်းလေးကို တွန်းလာခဲ့၏။

ဤလှည်းမှာ အဘွားကြီးကျောက်၏ လုပ်ဖော်ကိုင်ဖက်ထံမှ ခေတ္တငှားလာခြင်း ဖြစ်သည်။ ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက်များ ဝယ်ယူရန် အကြောင်းကြားစာကို ကြိုတင်ထုတ်ပြန်ထားခဲ့သဖြင့်၊ လူတိုင်း တတ်နိုင်ပါက လက်တွန်းလှည်းငယ်တစ်စီးစီ ချေးငှားလာကြပြီး၊ မတတ်နိုင်သူများအဖို့ ဆာလာအိတ် အမြောက်အမြားကို သယ်ဆောင်လာကြ၏။ ချန်ချင်းယွီအတွက်မူ ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက် ဝယ်ယူခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။

အိမ်တွင် သုံးနှစ်အရွယ် ကလေးငယ်နှစ်ဦးသာ ရှိသော်လည်း၊ ချန်ချင်းယွီ တံခါးကို အပြင်မှ သော့ခတ်ထားခဲ့သဖြင့် သူမ၏ရင်ထဲတွင် အတော်လေး စိတ်အေးသွားရ၏။

သူမနှင့် ယောက္ခမဖြစ်သူတို့သည် အရှေ့ဘက်ဝင်းသို့ အလျင်အမြန် ရောက်ရှိသွားကြသည်။ အိမ်ရာဝင်းအတွင်းရှိ မိသားစုအတော်များများ ရောက်ရှိနေကြပြီဖြစ်ကာ အားလုံးနွေးနွေးထွေးထွေး ဝတ်ဆင်ထားကြ၏။ သူတို့အားလုံး ခပ်သွက်သွက် လျှောက်လှမ်းခဲ့ကြသည်။ နှစ်စဉ်နှစ်တိုင်း ရပ်ကွက်ကော်မတီသည် ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက် အရောင်းပွဲကို စီစဉ်ပေးလေ့ရှိသဖြင့်၊ ပုံမှန်ထက်စော၍ မနက် ၆ နာရီတွင် စတင်ရောင်းချမည် ဖြစ်၏။

သို့သော်လည်း အရှေ့ဆုံးမှ တန်းစီလိုပါက စောစောစီးစီး ရောက်ရှိနေရန် လိုအပ်သည်။

ချန်ချင်းယွီတို့တစ်သိုက် ရောက်ရှိသွားချိန်တွင် မနက် ၃ နာရီခွဲပင် မရှိသေးသော်လည်း၊ တန်းစီနေသူ လူပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေပြီ ဖြစ်၏။ ထင်ရှားသည်မှာ သူတို့ထက် စောစီးစွာ ရောက်ရှိနေသူများ ရှိနေခြင်းပင်… အားလုံး အမြန်ဆုံး တန်းစီလိုက်ကြတော့သည်။ ယခုအချိန်တွင် မည်သူမျှ ကြားဖြတ်တန်းစီခြင်းမျိုး မလုပ်ဝံ့ပေ။ ကြားဖြတ်သူရှိပါက နောက်မှလူများ၏ ဝိုင်းဝန်းဆွဲဆုတ် ထိုးကြိတ်ခြင်းကို ခံရမည် ဖြစ်၏။ ဤသည်မှာ ဆောင်းရာသီတစ်ခုလုံး၏ စားဝတ်နေရေးနှင့် သက်ဆိုင်သော အရေးကြီးကိစ္စကြီး ဖြစ်သဖြင့်၊ လူတိုင်း အိပ်ရေးပျက်ခံကာ စောစောစီးစီး ရောက်ရှိလိုကြလေသည်။

တန်းစီနေစဉ်အတွင်း ချန်ချင်းယွီ စဉ်းစားကြည့်မိ၏။

'အင်… လွန်ခဲ့တဲ့ တစ်နှစ်က ငါ့ရဲ့ အရင် အချိန်တုန်းကဆိုရင်တော့ မနက်အစောကြီး ၃ နာရီမှာ မုန်လာထုပ်ဝယ်ဖို့ တန်းစီနေရလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမိမှာ မဟုတ်ဘူး'

ဘဝဆိုတာ ဆန်းပြားလိုက်တာ…

သို့သော် ပတ်ဝန်းကျင်မှ မြိုင်မြိုင်ဆိုင်ဆိုင် စကားပြောဆိုသံများကို ကြည့်ခြင်းအားဖြင့် လူတိုင်းဤအရာကို အသားကျနေကြပြီ ဖြစ်ပုံရသည်။

ထို့ပြင် ချန်ချင်းယွီအနေဖြင့် မုန်လာထုပ်များကို အဆင့်သုံးဆင့် ခွဲခြားထားကြောင်း ပထမဆုံးအကြိမ် ကြားသိခဲ့ရပြီး၊ နောက်ကျမှ ရောက်လာသူများမှာ ဈေးအပေါဆုံးအမျိုးအစားကိုသာ ရရှိနိုင်တော့မည် ဖြစ်၏။ ဈေးပေါသောအမျိုးအစားသည် ဈေးသက်သာသည်မှာ မှန်သော်လည်း၊ လူအများစုသည်ကား အရည်အသွေး ပိုမိုကောင်းမွန်သောအမျိုးအစားကိုသာ လိုချင်ကြသည်။ ဈေးပေါသောအမျိုးအစားမှာ သိပ်မကောင်းလှသဖြင့်၊ အဆုံးသတ်တွင် သေချာတွက်ချက်ကြည့်ပါက ငွေကြေး သိပ်ပြီး သက်သာလှသည်လည်းမဟုတ်ပေ။

ချန်ချင်းယွီ၏ အရှေ့တည့်တည့်တွင် အဘွားကြီးပိုင်နှင့် သူမ၏ချွေးမဖြစ်သူ ချိုက်မင်မင်တို့ ရှိနေကြသည်။

ပြောရလျှင် ဤချွေးမလေး ရှိနေသဖြင့် အဘွားကြီးပိုင်မှာ အတော်လေး စိတ်သက်သာရာရလှ၏။ ချိုက်မင်မင်၏ နောက်ခံအခြေအနေသည် မကောင်းလှသော်လည်း၊ သူမမှာ အလွန်ပင် လုပ်ရည်ကိုင်ရည် ရှိလှသည်။ ချိုက်မင်မင် မြို့ပေါ်သို့ ပြောင်းရွှေ့လာစဉ်မှစ၍ အဘွားကြီးပိုင်၏ လူနေမှုဘဝမှာ အဆင်ပြေချောမွေ့လာခဲ့ရ၏။

သူတို့မိသားစုသည် ရံဖန်ရံခါတွင် ကောင်းမွန်သောအရာများကိုပင် ဝယ်ယူစားသောက်နိုင်ကြသေးသည်။

ချိုက်မင်မင်တွင် အစိုးရရိက္ခာဝေစု မရှိသော်လည်း၊ သူမသည် အလွန်အလုပ်ကြိုးစားသူ ဖြစ်ကာ၊ ရံဖန်ရံခါတွင် ချန်ချင်းယွီနှင့်အတူ ငါးမျှားလိုက်လေ့ရှိ၏။ ချိုက်မင်မင်မှာ ငါးမျှားရာတွင် တကယ့်ကို ညံ့ဖျင်းလှသည်မှာ အမှန်ပင်။ သူမ၏ မိသားစုသည် တောင်ပေါ်ဒေသတွင် နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး ပင်လယ်နားတွင် နေခဲ့ကြခြင်းမဟုတ်သဖြင့်၊ ငါးဖမ်းသည့်အတတ်တွင် သူမမှာ အထူးကျွမ်းကျင်နေခြင်းမျိုး မရှိပေ။ သို့သော်လည်း သူမသည် တခြားသောသူများထက်စာလျှင် ပို၍ ပေါက်မြောက်လေ၏။

ဥပမာအားဖြင့်၊ ထိုစဉ်က အဘွညးကြီးကျောက် လမ်းညွှန်ပေးခဲ့သည့်အကြိမ်တွင် မာကျန်းသည် မိခင်နှင့် ဇနီးဖြစ်သူတို့ကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်ခဲ့ကြပြီး သူတို့သုံးဦးစလုံး ရလဒ်ကောင်းများစွာ ရရှိခဲ့ကြသည်။ ချိုက်မင်မင်သည် တောကြက်တစ်ကောင်ကိုပင် ဖမ်းမိခဲ့ပြီး၊ မှိုနားရွက်များကိုလည်း အမြောက်အမြား ခူးဆွတ်နိုင်ခဲ့၏။ ဤအရာများသည် နွေရာသီတွင် သိပ်ပြီး ထူးခြားလှသည်မဟုတ်သော်လည်း၊ ဟင်းသီးဟင်းရွက် ရှားပါးလှသော ဆောင်းရာသီတွင်မူ အလွန်ပင် အဖိုးတန်လှသော စားစရာများ ဖြစ်လာခဲ့သည်။

ချိုက်မင်မင်တစ်ယောက် လုပ်ရည်ကိုင်ရည်ရှိသလို၊ အတွေ့အကြုံရှိသော အဘွားကြီးပိုင်သည်လည်း ထိုနေ့တွင် မှိုနားရွက်များကို အိတ်တစ်အိတ်အပြည့် ရရှိအောင် သိမ်းဆည်းနိုင်ခဲ့၏။

ချိုက်မင်မင်၏ ထက်မြက်မှုကြောင့်၊ သူမသည် ရက်အနည်းငယ်ခြားတစ်ခါ မြို့ပြင်ဘက်သို့ သားကောင်ရှာရန် ထွက်လေ့ရှိသည်။ အမြဲတမ်း သားကောင်ရလေ့မရှိသော်လည်း၊ ရံဖန်ရံခါတွင်မူ သူတို့၏ ဘဝကို မြှင့်တင်ပေးနိုင်ခဲ့ပြီး တောထွက်ပစ္စည်းများကိုလည်း အတော်အတန် စုဆောင်းနိုင်ခဲ့၏။ အဘွားကြီးပိုင်သည် ယခုအခါ ဤချွေးမအပေါ် အလွန်ပင် သဘောကျကျေနပ်နေပြီ ဖြစ်သည်။ ကလေးမထွန်းကားသေးသည့်အချက်မှလွဲ၍ အဘွားကြီးပိုင်သည် သူမကို အစစအရာရာ စိတ်တိုင်းကျနေ၏။

အမှန်စင်စစ် ချိုက်မင်မင် ငါးမျှားခြင်းတွင် မကျွမ်းကျင်ဘဲ တောင်ပေါ်တွင် ပစ္စည်းရှာဖွေခြင်း၌သာ ကျွမ်းကျင်သည်ကို ချန်ချင်းယွီ ပို၍ စိတ်အေးရသည်။

သူတစ်ပါး မသိနိုင်သော်လည်း၊ မိမိကိုယ်ကိုယ်မူ သူမ အသိဆုံးသာ… သူမ ငါးမျှားတတ်သည်ဆိုသည်မှာ တစ်ဝက် အမှန်ဖြစ်ပြီး၊ ကျန်တစ်ဝက်သည်ကား ကြွားဝါခြင်းသာ ဖြစ်သည်~~~

သူမက ပိုက်ဆံပေးပြီး ငါးကို ဝယ်ယူထားတာလေ…

ထို့ကြောင့်ပင် သူမ ဖမ်းမိလာသောငါးများသည် အမြဲတမ်း အကောင်ကြီးပြီး ပေါများနေခြင်း ဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်မှာ သူမနှင့်အတူ အမြဲလိုက်နေပါက၊ မကြာမီအချိန်အတွင်း အမှန်တရား ပေါ်ပေါက်သွားပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ချိုက်မင်မင်သည် ကြိမ်ရေ အနည်းငယ်သာ အတူလိုက်ပြီးနောက် ဆက်မလိုက်တော့ပေ။

သို့သော်လည်း သူတို့အိမ်ရာဝင်းအတွင်း၌မူ ချိုက်မင်မင်နှင့် ချန်ချင်းယွီတို့သည် အတော်လေး ရင်းနှီးကျွမ်းဝင်ကြသည်။

ချန်ချင်းယွီသည် ခေတ်သစ်စကားဖြင့် ပြောရလျှင် ရိုးရှင်းစင်ကြယ်ပြီး နုနယ်ပျိုမြစ်လှသော ထိပ်တန်း အလှပန်းလေးတစ်ပွင့် ဖြစ်၏။ အမှန်တွင် သူမ၏ ရုပ်ရည်သွင်ပြင်မှာ အတိတ်ဘဝရော ယခုဘဝမှာပါ သိပ်ပြီး ပြောင်းလဲခြင်းမရှိပေ။ သို့သော် အတိတ်ဘဝ၌ သူမသည် အရပ်အမောင်း မြင့်မားထွားကြိုင်းလှပြီး အရပ် ၁၇၅ စင်တီမီတာနှင့် ကိုယ်အလေးချိန် ၁၆၅ ပေါင် ရှိခဲ့သဖြင့် မည်သူမျှ သူမ ရုပ်ရည်ကို ထိုသို့ မတွေးခဲ့ကြပေ။ အလွန်စင်ကြယ်နုနယ်သော မျက်နှာလေး ရှိနေလျှင်ပင် ခန္ဓာကိုယ်ကြီးမှ ဖုံးလွှမ်းသွားမည်သာ ဖြစ်၏။

ထို့အပြင် သူမသည် တိုက်ခိုက်ရေးတွင်လည်း အလွန်ထက်မြက်လှသဖြင့် မည်သူမှ သူမ၏ ရုပ်ရည်ကို အာရုံမစိုက်ကြပေ။

တကယ့်ကို ကင်းကောင်ဘာဘီလေးပေါ့….

လက်သီးတစ်ချက်တည်းနဲ့တင် ယောက်ျားရင့်မကြီးတစ်ယောက်ကို လွင့်ထွက်သွားအောင် လုပ်နိုင်တဲ့သူရဲ့ ရုပ်ရည်ကို ဘယ်သူက ဂရုစိုက်နေပါ့မလဲ…

သို့သော် ယခုဘဝမူကား အခြေအနေကွဲပြားခြားနားသွားခဲ့လေပြီ… သူမ၏ တစ်သက်တာလုံးတွင် ထမင်းဝဝလင်လင် မစားခဲ့ရဖူးသောကြောင့် ဖြစ်နိုင်သည်၊ သူမ၏ အရပ်သည် ၁၆၀ စင်တီမီတာသာ ရှိတော့သည်။ ယခုအခါ စားဝတ်နေရေး ကောင်းမွန်လာပြီး ဘဝမှာအဆင်ပြေလာခဲ့သော်လည်း၊ အသက်နှစ်ဆယ်ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်၍ အရပ်သည် ရှည်မလာနိုင်တော့ကာ၊ ကိုယ်အလေးချိန်သည်လည်း ပေါင် ၉၀ ပင် မပြည့်ပေ။ သူမသည် တကယ့်ကို ဖြူစင်နုနယ်လှသော အဖြူရောင် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ဖြစ်နေရှာ၏။

ဤရုပ်ရည်သွင်ပြင်နှင့် သူမ ပေးစွမ်းသော ခံစားချက်တို့သည် မည်သူ့ကိုမျှ ရန်လိုခြင်း သို့မဟုတ် လွှမ်းမိုးချုပ်ကိုင်ခြင်း မရှိပေ။ ထို့ကြောင့် ကျေးလက်တောရွာမှ လာသော ချိုက်မင်မင်သည် သူမနှင့် ဆက်ဆံရသည်မှာ မည်သည့် စိတ်ဖိစီးမှုမျှ မရှိကာ၊ ချန်ချင်းယွီနှင့်အတူ ရှိနေရသည်ကို အထူးပင် ပျော်ရွှင်နှစ်သက်လျက် ရှိနေလေသည်။

ချန်ချင်းယွီသည် အိမ်ရာဝင်းကြီးတစ်ခုလုံးတွင် မိတ်ဆွေအပေါင်းအသင်း သိပ်မရှိသော်လည်း၊ ကာလအတန်ကြာ ရင်းနှီးလာပြီးနောက်တွင်မူ သူမနှင့် ချိုက်မင်မင်တို့သည် အတော်လေး အဆင်ပြေပြေ ဆက်ဆံနိုင်ခဲ့ကြ၏။

ချိုက်မင်မင်သည် ကျေးလက်တောရွာ၌ ရှိစဉ်၌ အခြေအနေ အတော်အတန် ကောင်းမွန်သူဖြစ်သော်လည်း၊ မြို့ပေါ်သို့ ရောက်လာသည့်အခါတွင်မူ အခြေအနေက တခြားစီ ဖြစ်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမသည် ကျေးလက်တောရွာမှသည် မြို့တော်ကြီးဆီသို့ ပြောင်းရွှေ့လာခဲ့ရခြင်းဖြစ်ရာ၊ မိမိကိုယ်ကိုယ် အယုံကြည်ဆုံးသော လူတစ်ယောက်ပင်လျှင် စိမ်းသက်မှုနှင့် အားငယ်မှုကို ခံစားရတတ်၏။ ပင်ကိုယ်၌ပင် မိမိကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိလှသော သူမအတွက်မူ ဆိုဖွယ်ရာမရှိတော့ပေ။ တခြားသောအရာများအား တောင့်ခံနိုင်သေးသော်လည်း၊ အဓိက ပြဿနာကြီးမှာမူ လက်ထပ်ပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကလေးတစ်ယောက်မျှ မထွန်းကားသေးသဖြင့် သူမ၏ရင်ထဲတွင် အမြဲတမ်း မလုံမလဲ ဖြစ်နေရခြင်းပင်။

မြို့ပေါ်မှာပဲဖြစ်ဖြစ်… ကျေးလက်မှာပဲဖြစ်ဖြစ် ကလေးမရှိတာက ကြီးမားတဲ့ကိစ္စကြီးလေ…

ထို့ကြောင့်လည်း သူမသည် လင်ယောက်ျား၏ မိသားစုတွင် ဤမျှအလုပ်ကြိုးစားပြီး အစွမ်းပြနေခြင်းဖြစ်ကာ၊ မိမိကိုယ်ကိုယ် သက်သေပြချင်နေခြင်းလည်း ဖြစ်၏။

"အမေ... အိမ်ပြန်နားပါလားဟင်။ သမီးတစ်ယောက်တည်းလည်း အဆင်ပြေပါတယ်"

ချိုက်မင်မင် လှမ်းပြောလိုက်သည်။

ပိုင်ဖုန်းရှန်း : "ရပါတယ်အေ၊ ငါလည်း နင်နဲ့အတူ လိုက်ခဲ့ပါ့မယ်…

လူနှစ်ယောက်ဆိုတော့ ပိုပြီး အဆင်ပြေတာပေါ့"

အဘွားကြီးကျောက်မှာမူ မကျေမနပ်ဖြင့်

"နင့်အိမ်မှာ ယောက်ျားတွေ ရှိနေတာပဲဥစ္စာ၊ နင့်လင်ကို ဘာလို့ လာအလုပ်မခိုင်းတာလဲ... နင်က ဘာလို့ သူ့ကို အလိုလိုက်နေရတာလဲ..."

ပိုင်ဖုန်းရှန်း : "ငါတို့အိမ်က အဘိုးကြီးမာ က အပြင်ခရီး ထွက်သွားတယ်လေ၊ နင်လည်း သိရက်သားနဲ့"

မာကျန့်ယီသည် လွန်ခဲ့သော ရက်အနည်းကယ်ကတည်းက အပြင်သို့ အလုပ်ကိစ္စဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။

အဘွားကြီးကျောက် : "နင့်မှာ သားကြီး ရှိသေးတယ်မဟုတ်လား..."

ပိုင်ဖုန်းရှန်း : "သားကြီး လာရင်လည်း အပိုပဲဟယ်။ ဒီမှာက မနက် ၆ နာရီကျမှ စရောင်းမှာဆိုတော့ သူလာလည်း အလကားပဲ… သူက ၆ နာရီမထိုးခင်ကတည်းက ကျောင်းကို စက်ဘီးစီးပြီး သွားရတာလေ၊ သူ လာခဲ့ရင်တောင် ဒီမှာ တန်းစီနေတုန်းပဲ ရှိဦးမှာ၊ ပြီးရင် ပြန်သွားရမှာပဲဥစ္စာ… ဘာအလုပ်မှလည်း ဝိုင်းလုပ်ပေးနိုင်မှာ မဟုတ်ဘူး၊ အဲဒါကို သူလာတော့ ဘာထူးမှာလဲ..."

မာကျန်း၏ကျောင်းမှာ မြို့ဆင်ခြေဖုံးတွင် ရှိသဖြင့် စက်ဘီးစီး၍ သွားလျှင်ပင် တစ်နာရီကျော်ခန့် ကြာမြင့်တတ်၏။ နွေရာသီတွင်မူ ကိစ္စမရှိသော်လည်း၊ အေးစိမ့်လှသော ဆောင်းရာသီတွင်မူ တကယ့်ကို ငရဲကျသကဲ့သို့ပင်။ သူသည် မိုးမလင်းမီကတည်းက ထွက်ခွာရပြီး မှောင်ရီပျိုးမှသာ အိမ်သို့ ပြန်ရောက်တတ်သည်။ ဤနေရာမှ ဟင်းသီးဟင်းရွက် အရောင်းပွဲသည် မနက် ၆ နာရီကျမှ စတင်မည်ဖြစ်ရာ မာကျန်း လာရောက်ခြင်းမှာ အမှန်ပင် အသုံးမဝင်လှပေ။ ဟင်းသီးဟင်းရွက် ဝယ်ရန် သူတို့အလှည့် မရောက်သေးခင်မှာပင် သူ အလုပ်သွားရမည့်အချိန် ရောက်ရှိသွားပေလိမ့်မည်။

"ငါ့ရဲ့ တတိယသားကတော့ အိမ်ကို လုံးဝ ပြန်မလာတော့ဘူး"

ပိုင်ဖုန်းရှန်း ညည်းတွားရှာ၏။

အဘွားကြီးကျောက်မှာ ပရိယာယ်ဖြင့် ကလိလိုက်လေသည်။

"ငါ ကြားတာတော့ အဲဒီမုဆိုးမတို့ ရပ်ကွက်မှာလည်း ဒီနေ့ ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက်တွေ စရောင်းတယ်တဲ့… နင့်ရဲ့ တတိယသားက အဲဒီဘက်ကို ဝိုင်းကူဖို့ သွားနေတာ နေမှာပေါ့..."

နှစ်ယောက်စလုံး မုဆိုးမချင်း တူတူပင်ဖြစ်သော်လည်း၊ မိမိတို့မှာ အရာရာကို ကိုယ်တိုင် ရုန်းကန်နေရချိန်တွင်၊ ထိုအမျိုးသမီး၏ အကူအညီပေးသူများမှာမူ ပို၍ပင် အစွမ်းပြနေကြရာ နှိုင်းယှဉ်၍ပင် မရနိုင်ပေ…

ပိုင်ဖုန်းရှန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ ပြန်မပြောတော့ပေ။

အရာရာတိုင်းသည် နှိုင်းယှဉ်လိုက်မှသာ ပို၍ ထင်ရှားလာတတ်သည်မှာ အမှန်ပင်။ ဤသို့ ကြည့်လိုက်ပါက သူမ၏ ချွေးမကြီးမှာ တကယ့်ကို ကောင်းမွန်လွန်းလှပေ၏။ သူမ၏ အပြစ်အနာအဆာများမှာ ယှဉ်လိုက်ပါက မှေးမှိန်သွားလေသည်။

ဟူး… ဒါထက်... ကိုယ်မွေးထားတဲ့ ကလေးတွေကျမှ ဘာလို့ တစ်ယောက်မှ အိမ်ထောင်ဖက်ရှာရတာ မလွယ်ကူကြတာလဲ မသိဘူး…

အဘွားကြီးနှစ်ဦးက တတွတ်တွတ်စကားပြောနေကြသလို၊ ချိုက်မင်

မင်မှာလည်း ချန်ချင်းယွီနှင့် စကားစမြည် ပြောဆိုနေ၏။

"နင်တို့နှစ်ယောက်စလုံး အပြင်ထွက်လာတော့ ကလေးတွေ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာ အဆင်ပြေရဲ့လား..."

ချန်ချင်းယွီ : "အဆင်ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူး"

ချိုက်မင်မင်မှာ ဤအချက်ကို အလွန် အားကျနေမိကာ

"နင့်အိမ်က ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က တကယ့်ကို အလိုက်သိပြီး လိမ္မာလိုက်တာ… ငါလည်း ဘယ်တော့မှ ကလေးတစ်ယောက် ရလာမလဲ မသိဘူး"

ချန်ချင်းယွီ ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက်

"နင် ဘာလို့ ဆေးရုံ သွားပြီး စစ်ဆေးမကြည့်တာလဲ..."

သူမ အသံကို အလွန်အမင်း နှိမ့်လိုက်ပြီး

"အကယ်၍ နင်နဲ့ မာကျန်း နှစ်ယောက်စလုံး သွားကြည့်ရင်၊ ဘာပြဿနာရှိလဲဆိုတာ ချက်ချင်း သိရမှာမဟုတ်ဘူးလား... အိမ်မှာတင် ကိုယ့်ဘာသာ စဉ်းစားနေလို့တော့ အဖြေထွက်မှာ မဟုတ်ဘူး"

ချိုက်မင်မင် : "အာ... ငါနဲ့ မာကျန်းက ရွာမှာရှိတုန်းက ရွာက ဆေးဆရာနဲ့ပြဖူးတယ်လေ… ဆေးဆရာကတော့ ဘာမှ သိပ်မထူးခြားဘူး၊ အချိန်မကျသေးလို့ ဖြစ်မှာပါလို့ ပြောတာပဲ"

ချန်ချင်းယွီ : "ရွာက ဆေးဆရာတွေက ဘယ်တော့မှ ပေကျင်းက ဆရာဝန်တွေလောက် မတော်နိုင်ပါဘူးဟယ်… တခေါက်လောက် ထပ်သွားပြကြည့်ပါဦး၊ ဒီလိုကိစ္စမျိုးတွေကို အချိန်ဆွဲထားလို့ မဖြစ်ဘူး… အချိန်တွေ အကြာကြီး ဆွဲထားရင် အသက်ကြီးသွားလိမ့်မယ်၊ အဲဒီကျမှ ကလေးမွေးရရင် ပိုပြီး နာကျင်ရလိမ့်မယ်"

ချန်ချင်းယွီသည် ချိုက်မင်မင်တစ်ယောက် ကလေးအလွန် ရချင်နေသည်ကို သိရှိထား၏။ အကယ်၍ မရချင်ပါက ဤကဲ့သို့သော စကားမျိုးကို ပြောလိမ့်မည် မဟုတ်ပေ။ ချိုက်မင်မင်သည် ကလေးရချင်နေသည့်အပြင် စိတ်သဘောထားလည်း ပွင့်လင်းသူဖြစ်သဖြင့် ဤကိစ္စကြောင့် စိတ်ကောက်သွားမည်မဟုတ်ရာ၊ ချန်ချင်းယွီ ဤသို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်း ဖြစ်၏။

"နင်နဲ့ မာကျန်း အတူတူ သွားကြည့်ကြပေါ့… အကယ်၍ တစ်နေရာမှာ အဆင်မပြေရင် တခြားဆေးရုံတွေပါ ထပ်သွားကြည့်၊ သေချာအောင် အတည်ပြုတာက အမြဲတမ်း အကောင်းဆုံးပဲ"

"အာ... အဲလိုလုပ်လို့ ရပါ့မလား..."

"ဘာလို့ မရရမှာလဲ... နင်က ကလေးတွေကို ဒီလောက် ချစ်တာပဲဥစ္စာ။ တတ်နိုင်ရင်တော့ စောစောမွေးတာက နောက်ကျမှ မွေးတာထက် ပိုကောင်းတာပေါ့"

ချိုက်မင်မင် စဉ်းစားတွေးတောသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး

"အင်း..." ဟု လေးလေးနက်နက် ပြန်တုံ့ပြန်လိုက်၏။

ချိုက်မင်မင် ဆက်လက်၍

"ငါလည်း ကလေး စောစောရချင်တာပဲ၊ သားလေးပဲဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ် ကလေးရှိရင် ကောင်းတာပဲ။ ငါ အကြောက်ဆုံးက ကလေးမရမှာပဲ"

ချန်ချင်းယွီမှာမူ ကလေးရရှိရေးအပေါ် ဤမျှ စွဲလမ်းစိတ်မရှိသဖြင့် သိပ်ပြီး နားမလည်နိုင်သော်လည်း၊ သူမ၏ အမြင်ကိုမူ လေးစားပေးသည်။

လူတိုင်းတွင် မတူညီသော အတွေးအခေါ်များနှင့် မတူညီသော ပြုစုပျိုးထောင်မှုနောက်ခံများ ရှိကြသည်သာ…

ထို့အပြင် ချန်ချင်းယွီတွင် ကလေးရှိနှင့်ပြီးသားဖြစ်ရာ၊ စကားများများ ထပ်ပြောနေပါက မိမိကိုယ်ကိုယ် ကြွားဝါနေသကဲ့သို့ ဖြစ်သွားမည်စိုးသဖြင့် သူမ ခေါင်းသာ ညိတ်ပြလိုက်ပြီး တခြားဘာမှ ထပ်မပြောတော့ပေ။

သို့သော် ချိုက်မင်မင်သည်ကား တတွတ်တွတ် ဆက်ပြောနေဆဲပင်။ သူမသည် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုရင်း

"မြို့ပေါ်မှာ ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက် ဝယ်ရတာ ဒါ ငါ့အတွက် ပထမဆုံးအကြိမ်ပဲ.. ငါတို့ရွာမှာကျတော့ ဒီလိုမျိုး မဟုတ်ဘူး"

ချန်ချင်းယွီ : '...'

ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက် ဝယ်ရတာ ဒါ ငါ့အတွက်လည်း ပထမဆုံးအကြိမ် အတွေ့အကြုံပါပဲဟယ်…

သို့သော်လည်း သူမမှာ ထိုသို့ ထုတ်မပြောသင့်သဖြင့်

"ငါတို့တွေ အတော်လေး စောစောရောက်လာတာဆိုတော့ အကောင်းစားတွေကို ရွေးလို့ရမှာပါ"

ချိုက်မင်မင် : "အမှန်အတိုင်း ပြောရရင်၊ မြို့နဲ့ ကျေးလက်က တကယ်ကို ကွဲပြားခြားနားတာပဲ… နင်တို့အားလုံးက အကောင်းစားတွေကို ဝယ်ဖို့ တန်းစီနေကြတာ၊ ဒါသာ ငါတို့ရွာမှာဆိုရင်တော့ ဈေးအပေါဆုံးတွေကို ဝယ်ဖို့ တန်းစီကြမှာ.. ဈေးပေါတာတွေကို ဝယ်ပြီးမှသာ ဈေးကြီးတာတွေကို ဝယ်ကြတာမျိုး"

ချန်ချင်းယွီ : "အကောင်းစားနဲ့ သာမန်အမျိုးအစားရဲ့ ဈေးနှုန်းက သိပ်ပြီး မကွာခြားလှပေမဲ့၊ အရသာနဲ့ အရည်အသွေးကတော့ အများကြီး ကွာခြားတယ်လေ..တွက်ခြေကိုက်မှု အမြင်ကနေ ကြည့်ရင်တော့ အကောင်းစားကို ဝယ်တာက သေချာပေါက် ပိုပြီး ကိုက်တာပေါ့… မဟုတ်ရင် လူတိုင်းက ဘာလို့ အကောင်းစားတွေကိုပဲ လုဝယ်နေကြမလဲ... အားလုံးက လူအတွေမှ မဟုတ်တာ"

ချိုက်မင်မင် : "ငါတော့ သိပ်နားမလည်သေးဘူး"

"ကြာရင် နင်လည်း အသားကျသွားမှာပါ"

"အင်း... ငါ သိပါတယ်"

ချိုက်မင်မင်မှာ ဘာကိုမဆို ဆန်းသစ်နေသည်ဟု ခံစားနေရသော်လည်း၊ အမှန်စင်စစ် ချန်ချင်းယွီသည်လည်း ထို့အတူပင် ဖြစ်သည်။ သူမတွင် ယခင်လူ၏ မှတ်ဉာဏ်များ ရှိနေသော်လည်း ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ဖူးသဖြင့် ခံစားချက်သည် ကွဲပြားနေဆဲပင်။ ထို့ကြောင့် သူမသည်လည်း စူးစမ်းလိုစိတ်ဖြင့် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုရင်း အလွန်ဆန်းသစ်နေမိ၏။

ချိုက်မင်မင် : "အော်... ဒါနဲ့၊ နင်တို့တွေ ပြီးခဲ့တဲ့အပတ်က ပျော်ပွဲစား ကြတုန်းကလေ၊ အဲဒါ နွေရာသီအစောပိုင်း ပထမဆုံးအကြိမ်တုန်းက ထင်တယ်၊ အဆိပ်ရှိတဲ့မြွေတစ်ကောင် ဖမ်းမိခဲ့ကြတယ် ဟုတ်လား..."

ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း

"အင်း... ရောင်းလိုက်ပြီလေ၊ အဲဒါ ယွမ်သုံးဆယ်တောင် ရခဲ့တာ"

ထိုမျှလောက် ဝယ်ယူသည့်ဈေးနှုန်း မြင့်မားလိမ့်မည်ဟု ချန်ချင်းယွီကိုယ်တိုင်ပင် ထင်မထားခဲ့မိပေ။ ကြားရသလောက် ထိုမြွေမှာ တွေ့ရခဲသော အဆိပ်ပြင်းမြွေအမျိုးအစား ဖြစ်သည့်အပြင်၊ တွေ့ရခဲရုံတင်မကအသက်လည်း မသေသေးဟု ဆိုသည်။ ချန်ချင်းယွီသည် ထိုစဉ်က မြွေကို ရိုက်ရုံသာ ရိုက်ပြီး မေ့သွားအောင် လုပ်ခဲ့မိခြင်း ဖြစ်၏။ မြွေ မသေသေးသောကြောင့် သေသွားသောမြွေထက် ဈေးပိုရခဲ့ခြင်း ဖြစ်သည်။

ချန်ချင်းယွီကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရ၏။

ယွမ်သုံးဆယ်တောင်လေ...

ဘုရားရေ...

သို့သော် ထိုယွမ်သုံးဆယ်ကို ချန်ချင်းယွီသည် ထိုစဉ်ကတည်းက အကုန်သုံးပစ်ခဲ့၏။

သူမသည် ကတိတည်သူတစ်ဦး ဖြစ်ရာ၊ မြွေရောင်းရငွေအားလုံးကို ကလေးများအတွက် စားစရာဝယ်ပေးမည်ဟု ကတိပေးခဲ့သည့်အတိုင်း ကတိတည်အောင် လုပ်ဆောင်ခဲ့သည်။ ချန်ချင်းယွီသည် မုယောစပါးနို့မှုန့်သုံးဗူး ဝယ်ယူခဲ့ပြီး ယခုအချိန်ထိ တစ်ဗူးပင် ကုန်အောင်မစားရသေးပေ။

ချိုက်မင်မင် အံ့ဩတုန်လှုပ်စွာဖြင့် လေကို တရှူးရှူးရှိုက်ရင်း

"သုံးဆယ်... ဒါ တကယ့်ကို ဈေးကြီးတာပဲ"

ချန်ချင်းယွီ : "အဲဒါ ပြောတာပေါ့"

ချိုက်မင်မင် : "ဒါနဲ့ အဲဒါက ဘယ်လိုသတ်မှတ်ချက်မျိုး ရှိလို့လဲဟင်... ငါ မနေ့က တောင်ပေါ်တက်တုန်းကလည်း တစ်ကောင် ရိုက်သတ်မိလို့ ယူလာခဲ့တယ်၊ ဒီနေ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီးရင် သွားရောင်းမလို့ စဉ်းစားထားတာ"

ချန်ချင်းယွီ : "အသေက အရှင်လောက် ဈေးမရဘူး၊ အဆိပ်ရှိတဲ့မြွေက အဆိပ်မရှိတဲ့မြွေထက် ပိုဈေးရတယ်.. ကျွန်မလည်း အဲဒီတစ်ခေါက်ပဲ အတွေ့အကြုံရှိတာဆိုတော့ ဒီလောက်ပဲ သိထားတာ"

"အင်း... အဆိပ်ရှိတဲ့မြွေပဲ၊ အဲဒါကို ငါ သိတယ်၊ ဒါပေမဲ့ ငါ ရိုက်သတ်လိုက်မိပြီ"

သူမ ဆိုကာ အနည်းငယ် နှမြောတသဖြစ်သွားသော်လည်း၊ မကြာမီမှာပင် ပြန်ပြောလိုက်၏။

"မသတ်လို့လည်း မရဘူးလေ၊ ငါ စိတ်မချဘူး… အကယ်၍ လူကို ကိုက်လိုက်ရင် သွားပြီပဲ"

ချန်ချင်းယွီ : "ကျွန်မတို့တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာပါ… ကျွန်မသာဆိုရင်လည်း စိတ်အေးရအောင် ရိုက်သတ်မိမှာပဲ၊ ကျွန်မတို့တုန်းက မြွေက သစ်ပင်ပေါ်ကို လွင့်စင်သွားပြီး ဆောင့်မိလို့ မေ့သွားတာ…အဲဒီတုန်းက သေလားရှင်လား သေချာမသိလို့ မစစ်ဆေးရဲကြဘူး.. ခြင်းတောင်းထဲ အမြန်ထည့်ပြီး အတွေ့အကြုံရှိတဲ့သူတွေဆီ တိုက်ရိုက် သွားအပ်လိုက်တာပဲ"

ချိုက်မင်မင် ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်၊ သေချာမသိတဲ့အချိန်မှာ တကယ်ကို မထိရဲဘူး.. ဒီကောင်တွေက ခေါင်းကို ဖြတ်လိုက်ရင်တောင် အဲဒီခေါင်းက ပြန်ပြီး ပေါက်နိုင်ကိုက်နိုင်သေးတာ၊ အန္တရာယ် အလွန်များတယ်"

"ငါကတော့ သုံးဆယ်အထိ မမျှော်လင့်ပါဘူး၊ တစ်ဆယ်လောက်ရရင်ပဲ စိတ်ကျေနပ်ပါပြီ။ ငါ့ယောက်ျားရဲ့ တစ်လလစာမှ သုံးဆယ်ပဲ ရှိတာ၊ ဆယ်ယွမ်ဆိုရင် လစာရဲ့ သုံးပုံတစ်ပုံနဲ့ ညီမျှနေပြီလေ"

ချန်ချင်းယွီ : "ကျွန်မအထင်တော့ အဲဒီလောက်တော့ ရနိုင်ပါတယ်၊ ဒီကောင်တွေက တော်တော်လေး တန်ဖိုးရှိတာ"

ချိုက်မင်မင်လည်း ထိုစကားကို အလွန်သဘောကျသွား၏။

ယခုမှသာ သူမသည် အရှုံးကြီးရှုံးခဲ့သည်ဟု ခံစားရလေသည်။ ယခင် ရွာမှာရှိစဉ်က မြွေဆိုးနှင့်တိုးပါက ရိုက်သတ်ပြီး ပစ်ထားလိုက်ရုံသာ ရှိခဲ့ပြီး၊ အဆိပ်မရှိလျှင် ကိုယ့်ဘာသာ ချက်စားကြ၏။ မည်သူမှ ဤအရာကို ရောင်းစား၍ ရလိမ့်မည်ဟု မတွေးမိခဲ့ကြပေ… အကယ်၍ ချန်ချင်းယွီ မြွေရောင်းပြီး ပိုက်ဆံရခဲ့သည်ကို မသိလျှင် သူမသည်လည်း ယခုတစ်ကြိမ်တွင် မြွေကို လုံးဝ ယူလာခဲ့မည် မဟုတ်ပေ။

သူတို့ရွာရှိ လူများသည်လည်း လုံးဝ အမြင်မကျယ်ကြသည်တော့ မဟုတ်ပေ။ ဆေးဖက်ဝင်အပင်များနှင့် တိုးပါက ဝယ်ယူရေးစခန်းသို့ သွားရောက်ရောင်းချရမှန်း သိကြသော်လည်း၊ ဤမြွေဆိုးကိုမူ တကယ်ကို မတွေးမိခဲ့ကြခြင်း ဖြစ်၏။

သူမသည် မူလက လုံးဝမသိရှိခဲ့သော်လည်း၊ ကျန်းမုန့်မုန့် မုယောစပါးနို့မှုန့် သောက်ချင်လွန်းသဖြင့် ပူဆာနေသည်ကို ကြားမိရာမှ၊ ချန်ချင်းယွီ မြွေဆိုးရောင်းရငွေဖြင့် ကလေးများကို မုယောစပါးနို့မှုန့် ဝယ်ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။ ထို့ပြင် ကျန်းမုန့်မုန့်သည် ကျန်းရှင်းဖှကို မြွေဆိုးသွားဖမ်းရန် အတင်းတိုက်တွန်းနေခဲ့သေးရာ...

ချိုက်မင်မင် : “…..”

တကယ့်ကို အမြင်ကျယ်သွားရတာပဲ… အံ့ဩစရာ သမီးလေးပေါ့…

ထို့နောက် ဆက်လက်၍

"ဒါနဲ့ ရာသီဥတုက တဖြည်းဖြည်း အေးလာပြီဆိုတော့၊ ဆောင်းတွင်းကျလို့ ရေခဲပြင်တွေ ပိတ်သွားရင် နင် ငါးသွားမမျှားတော့ဘူး မဟုတ်လား...”

ချန်ချင်းယွီ ခေါင်းညိတ်ကာ

"မမျှားဖြစ်တော့ဘူး ထင်တယ်"

"တချို့လူတွေကတော့ ရေခဲပြင်ကို တွင်းတူးပြီး ငါးမျှားကြတာမျိုး ရှိပေမဲ့၊ ရလဒ်က ဘယ်လိုရှိမလဲ မသိဘူး… ရာသီဥတုက အရမ်းအေးမှာဆိုတော့ အခြေအနေကို ကြည့်ရဦးမှာပေါ့… တော်သေးတာက ကျွန်မတို့အိမ်က နွေဦးကတည်းက နည်းနည်းစီ စုဆောင်းထားတာဆိုတော့ ဆောင်းတွင်းမှာ ဟင်းမပြတ်နိုင်ပါဘူး"

"နင်ကတော့ တကယ်တော်တာပဲ၊ ငါးမျှားတာ နင့်ထက်တော်တဲ့သူ ငါ တစ်ခါမှ မမြင်ဖူးဘူး"

ချန်ချင်းယွီက ပြုံးရုံသာ ပြုံးလိုက်သည်။

ဟုတ်တာပေါ့... အဲဒါ "ငွေကြေးအစွမ်း" ကြောင့်လေ...

မဟုတ်ရင် ဆောင်းတွင်းမှာ ငတ်ကုန်မှာပေါ့… ဆောင်းတွင်းမှာ ဘာဟင်းသီးဟင်းရွက် ရှိမှာလဲ၊ မုန်လာထုပ်နဲ့ မုန်လာဥဖြူပဲ ရှိတာ၊ တခြားဘာမှ မရှိဘူး…

ထို့ကြောင့်ပင် ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် အဆင်ပြေနေသည့်အချိန်တွင် ပစ္စည်းအချို့ကို စုဆောင်းထားကြခြင်း ဖြစ်ပြီး၊ ဆောင်းတွင်းကျမှ စားဝတ်နေရေးကို အနည်းငယ် မွမ်းမံနိုင်ကြမည် ဖြစ်သည်။

ချိုက်မင်မင် အသံကို နှိမ့်လိုက်ပြီး

"ငါ နင်နဲ့ ငါးခြောက်နည်းနည်းလောက် လဲလို့ရမလား..."

ချန်ချင်းယွီ မျက်ခုံးပင့်သွား၏။

ချိုက်မင်မင် : "ငါ မှိုခြောက်တွေနဲ့ လဲပေးမယ်လေ… အကယ်၍ နင် သဘောကျတယ်ဆိုရင် အစေ့အဆန်တွေနဲ့လည်း လဲလို့ရတယ်၊ ငါ့အိမ်မှာ အကုန်ရှိတယ်"

ဤပစ္စည်းများသည် ကျေးလက်တောရွာတွင် မရှားပါးလှပေ၊ အထူးသဖြင့် တောင်တန်းကြီးများနှင့် နီးကပ်သော သူတို့ကဲ့သို့ ကျေးရွာများတွင်မူ ဝီရိယရှိရှိ ရှာဖွေပါက အမြောက်အမြား ရရှိနိုင်၏။ သူမ၏ မိဘများသည် သူမကို အလွန်ချစ်ကြသဖြင့်၊ သမီးဖြစ်သူ မြို့ပေါ်တွင် ဒုက္ခရောက်မည် စိုးရိမ်သောကြောင့် တတ်နိုင်သမျှ ပစ္စည်းများကို အမြဲ ပေးပို့ထောက်ပံ့ကြသည်။

သူတို့တွင် တခြားထူးထူးခြားခြား ပစ္စည်းများ မရှိသော်လည်း၊ ဤဒေသထွက်ပစ္စည်းများကိုမူ အမြောက်အမြား ပေးပို့ပေးကြ၏။

ချိုက်မင်မင်သည် ချန်ချင်းယွီမှာ ပုံမှန်အားဖြင့် သူတစ်ပါးနှင့် ပစ္စည်းချင်း မလဲမှန်း သိရှိထားသည်။ ဤအချက်ကို သူမ နားလည်ပေးနိုင်၏။ အဘယ်ကြောင့်ဆိုသော် အစပြုမိပါက နောက်ပိုင်းတွင် ကိုင်တွယ်ရ ခက်ခဲသွားတတ်ပြီး၊ ဘယ်သူ့ကို လဲပေးပြီး ဘယ်သူ့ကို မလဲပေးဘူး ဆိုသည်… အကြောင်းများဖြင့်ပင် သူတစ်ပါးကို စိတ်ဆိုးစေရန် လွယ်ကူလှသည်။ ထို့ကြောင့် သူမသည် သူတစ်ပါး မျက်စိကျလောက်မည့် ငါးစိမ်းများကို မလဲဘဲ၊ ငါးခြောက်ကိုသာ တိုက်ရိုက်လဲလှယ်ရန် တောင်းဆိုခဲ့၏။ ဆောင်းတွင်း၌ အိမ်တွင် ပေါင်းစားပါက မည်သူမျှ သိနိုင်မည်မဟုတ်ပေ။

မှိုခြောက်နှင့် အစေ့အဆန်များကို လဲလှယ်ရန် အကြံပြုခြင်းမှာလည်း အမြတ်ထုတ်လို၍ မဟုတ်ဘဲ၊ ချန်ချင်းယွီ ဤအရာများကို သဘောကျသည်ကို သူမ သတိထားမိသောကြောင့် ဖြစ်သည်။

ချန်ချင်းယွီသည် မှိုစားရသည်ကို အလွန်နှစ်သက်ပုံရပြီး၊ အစေ့အဆန်ခြောက်များကိုလည်း ကြိုက်နှစ်သက်ပုံရ၏။ ချန်ချင်းယွီ၏ ဆွေမျိုးတစ်ယောက် သစ်ကြားစေ့အချို့ ပေးပို့လာခဲ့စဉ် ချန်ချင်းယွီတို့ မိသားစုဝင်များ အလွန်ပျော်ရွှင်စွာ စားသုံးခဲ့ကြသည်ကို သူမ တွေ့ခဲ့ရသည်။

အဟမ်း… ယွီမေကျွမ်း... ယွီမေကျွမ်းက ပေးပို့တာလို့ ဘယ်သူက ထင်ထားမှာလဲဟယ်၊ တကယ့်ကို သရဲဝင်ပူးသလိုပဲ…

သို့သော် ဤအကြောင်းကြောင့်ပင် နှစ်ဦးနှစ်ဖက်မှာ ရံဖန်ရံခါတွင် အဆက်အသွယ် ရှိလာခဲ့ကြ၏။

ချိုက်မင်မင် : "စိတ်ချပါ၊ နင် ငါ့အကြောင်း သိတာပဲ၊ ငါ နှုတ်လုံပါတယ်"

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

ချိုက်မင်မင်သည် အလွန်ပင် ဝမ်းသာအားရ ပြုံးပျော်သွားတော့သည်။

တွေ့လား... တွေ့လား... တခြားသူတွေ လဲရင်တော့ မရဘူး၊ ဒါပေမဲ့ သူမကျတော့ ရတယ်လေ… သူမက တကယ့်ကို မျက်နှာပန်းပွင့်သူပဲ…

"ငါ့အိမ်မှာ ဒီလိုပစ္စည်းတွေ အများကြီးရှိတယ်၊ ငါတို့ကျေးလက်မှာတော့ မရှားပါးဘူးလေ၊ အဖေနဲ့အမေက ငါ့ဆီ ခဏခဏ ပို့ပေးတယ်"

ချန်ချင်းယွီလည်း မြင်၏။ ချိုက်မင်မင်သည် ကျေးလက်မှ လာသူဖြစ်သော်လည်း၊ သူမတွင် ကောင်းမွန်သော မိဘနှစ်ပါး ရှိနေသည့်အပြင်၊ မောင်နှမများသည်လည်း ညီမဖြစ်သူ၏ သွေးစုပ်ပြီး အသက်ရှင်နေကြသူများ မဟုတ်ကာ၊ အစစအရာရာ ဝိုင်းဝန်းထောက်ပံ့ပေးကြသည်။ သားသမီးချင်း ခွဲခြားဆက်ဆံပြီး ယောက်ျားလေးကိုသာ ဦးစားပေးသော မိသားစုအများစုနှင့် လုံးဝ ကွဲပြားခြားနားလှ၏။

ဤအကြောင်းကြောင့်ပင် ချိုက်မင်မင်သည် ပွင့်လင်းရိုးသားပြီး သဘောထားကြီးသူ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ ကလေးမရနိုင်သည့်အချက်ကြောင့် စိတ်မလုံမလဲ ဖြစ်နေရခြင်းသာ မရှိပါက၊ သူမ၏ ဘဝသည် အတော်လေးကို ပေါ့ပါးချောမွေ့နေမည်သာ…

ချန်ချင်းယွီသည် ရံဖန်ရံခါတွင် ချိုက်မင်မင်ကို အတော်လေး အားကျမိသည်။ သူမသည် ဘဝနှစ်ခုစလုံးတွင် မိဘမေတ္တာကံ မပါခဲ့ဖူးပေ။ မိသားစု၏ အလိုလိုက်ခြင်းကို ခံရသော မိန်းကလေးများကို တကယ်ကို အားကျမိ၏။ တစ်ဦးတည်းသော သမီး အချို့ထက်ပင် မိသားစု၏ ပိုမို အလေးပေးခြင်းကို ခံရသည် မဟုတ်လော့။

လီလင်းလင်းသည် လီချန်ရွှမ်း၏ တစ်ဦးတည်းသော သမီးဖြစ်သော်လည်း၊ ရုပ်ဝတ္ထုပစ္စည်းပိုင်းကို ခဏဖယ်ထား၍ မိဘ၏ စိတ်မေတ္တာပိုင်းကိုသာ ပြောရလျှင် ချိုက်မင်မင်၏ မိဘများလောက် လုံးဝ မမှီပေ။

ထို့အပြင် ရုပ်ဝတ္ထုပစ္စည်းပိုင်းတွင်လည်း မယှဉ်နိုင်ပေ။

ချိုက်မင်မင်၏ မိဘများသည် သမီးဖြစ်သူအတွက် ပစ္စည်းများ ပို့ပေးရန် မနှမြောကြပေ။

"ငါ နည်းနည်းလောက် လဲပြီးရင် အဲဒါကို ငါ့အမေတို့အိမ်ဆီလည်း ပြန်ပို့ပေးမလို့… ငါတို့ဘက်က ပင်လယ်နဲ့လည်း မနီး၊ ရေကန်နဲ့လည်း မနီးတော့ ပင်လယ်စာက အလွန်ရှားတယ်.. ငါးဆိုရင် တကယ့်ကို ဈေးကြီးတာ"

ချိုက်မင်မင် သက်ပြင်းချရင်း

"နင် မသိပါဘူး၊ ငါတို့ဘက်က ကျေးလက်တောရွာမှာ အုပ်စုသမဝါယမဘက်က ရောင်းတဲ့ ငါးဈေးက ပေကျင်းက ဈေးထက်တောင် ပိုကြီးနေသေးတယ်၊ ငါ တကယ်ကို အံ့ဩသွားရတာပဲ"

ချန်ချင်းယွီ : "နင်တို့ဘက်မှာက တောထွက်ပစ္စည်းတွေ ရှိတာပဲဥစ္စာ၊ ဒါက တခြားသူတွေထက် သာတဲ့အချက်ပေါ့.. တောထွက်ပစ္စည်းမရှိတဲ့ အရပ်တွေမှာဆိုရင် တောထွက်ပစ္စည်းတွေက အရမ်းဈေးကြီးမှာပဲ"

"ဒါလည်း ဟုတ်တာပါပဲ"

သူတို့နှစ်ဦး တတွတ်တွတ် စကားပြောရင်း အချိန်ကုန်လွန်လာခဲ့ရာ မကြာမီမှာပင် မနက် ၆ နာရီသို့ ရောက်ရှိလာတော့သည်။

ပိုင်ဖုန်းရှန်း : "အဘွားကြီးကျောက်... နင် အလုပ်မသွားဘူးလား"

အဘွားကြီးကျောက် : "ငါ ဒီနေ့ စားဖိုဆောင်ဘက်နဲ့ ညှိထားတယ်၊ မနက် ၇ နာရီမှ ရောက်မယ်လို့ ပြောထားတယ်"

သူတို့ ထမင်းစားဆောင်သည် တခြားသူများထက် တစ်နာရီစော၍ ရောက်ရှိနေရသည် ဖြစ်သော်လည်း စက်ရုံမှ သတ်မှတ်ထားသော အလုပ်ချိန်သည် ထိုသို့မဟုတ်ပေ။ထို့ကြောင့် သူတို့ ထမင်းစားဆောင်ဘက်မှ အနည်းငယ် နောက်ကျမည်ဖြစ်သော်လည်း စက်ရုံ၏ သတ်မှတ်ချက်အရ ရက်မှန်ခွင့်ပျက်ကွက်သည်အထိတော့ နောက်မကျနိုင်ပေ။

အဘွားကြီးကျောက် ဆက်၍

"ငါ့အိမ်က တခြားအိမ်တွေလို ယောက်ျားရင့်မာကြီးတွေ ရှိနေတာမဟုတ်တော့ ကိုယ့်ဘာသာကိုယ်ပဲ ပိုပြီး ရုန်းကန်ရတာပေါ့"

ဤစကားမှာ အမှန်ပင် ဖြစ်သည်။

သို့သော် ဤစကားကို ပြောပြီးနောက်တွင်မူ လူတိုင်း တိတ်ဆိတ်သွားကြပြီး ခေတ္တမျှ ဘာပြန်ပြောရမှန်း မသိဖြစ်သွားကြ၏။ အပြန်အလှန်အားဖြင့် ဤစကားတွင် ခနဲ့တဲ့တဲ့ ရယ်စရာဆန်ဆန် အဓိပ္ပာယ် ပါဝင်နေသည်ဟု ခံစားလိုက်ရသည်။

ဘာပဲပြောပြော... ယခု လတ်တလော အခြေအနေကို လူတိုင်း ကိုယ်တိုင် မြင်တွေ့နေရသည် မဟုတ်ပါလား…

ချန်ချင်းယွီသည် မလှမ်းမကမ်းတွင် သမီးဖြစ်သူ လီလင်းလင်းကို ခေါ်ဆောင်ကာ တန်းစီနေသော လင်စန်းရှင်းကို လှမ်းကြည့်လိုက်

သည်။ အင်း... လီချန်ရွှမ်း ရောက်မလာဘူး…

ထို့နောက် တစ်ယောက်တည်း တန်းစီနေသော အဘွားကြီးဟွမ်ကို လှမ်းကြည့်လိုက်၏။

အင်း... ကျန်းမိသားစုမှ သားအဖနှစ်ယောက်လည်း ရောက်မလာကြဘူး…

ထို့ပြင် တန်းစီနေနှင့်ပြီးသားဖြစ်သော အစ်မကြီးဖန်ကို ကြည့်လိုက်ရာ၊ အလုပ်မရှိဘဲ အိမ်မှာနားနေသော သူမ၏ ယောက်ျားဖြစ်သူ ရှီရှန်းပင်လျှင် ရောက်မလာခဲ့ပေ။

ရှီကျန့်ရှန်းတို့ မိသားစုတွင်လည်း ရွှီကောင်းမင်နှင့် သားဖြစ်သူ ရှောင်စန်းတို့ ရောက်မလာကြဘဲ၊ ရှီကျိန်းရှန်း တစ်ယောက်တည်းသာ တန်းစီနေရသည်။

ယွမ်ဟောက်မင်တို့ မိသားစုတွင်ပင် ကျောက်ရုံ တစ်ယောက်တည်းသာ ရှိနေ၏။

ဟူး... ယောက်ျားတွေများနော်...

ရှိနေတာနဲ့ မရှိနေတာ ဘာထူးလို့လဲ… ဘာမှ အသုံးမဝင်ပါလား…

ဒီယောက်ျားရင့်မကြီးတွေများ ဘယ်လောက်တောင် မျက်နှာပြောင်ကြသလဲ…

မိမိတို့၏ အမျိုးသမီးများကိုသာ ဤကဲ့သို့ ပင်ပန်းကြီးစွာ အလုပ်လုပ်ခိုင်းထားကြသည်။

သူမနှင့် မသက်ဆိုင်သည့် ကိစ္စဖြစ်သော်လည်း ချန်ချင်းယွီသည် ထိုသူများကို အတော်လေး အထင်သေးမိ၏။

သို့သော် ဤလူများထဲတွင် ဝမ်ကျန့်ကော်မှာမူ ဟန်ဆောင်ကောင်းလှသည်။ သူသည် ဇနီးဖြစ်သူ ဝမ်မေ့လန်နှင့်အတူ နှစ်ယောက်တူတူ လာရောက် တန်းစီနေခြင်း ဖြစ်ကာ၊ ဝမ်မေ့လန်၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာလျက် ရှိ၏။ သူမသည်လည်း တခြားသော အမျိုးသမီးရဲဘော်များကို လှမ်းကြည့်ရင်း မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ဖြစ်ပေါ်နေမိသည်။

တခြားမိသားစုများနှင့် နှိုင်းယှဉ်ပါက မိမိ၏ ယောက်ျားမှာ လုံးဝ ကွဲပြားခြားနားလှပေသည်။

ချန်ချင်းယွီသည် ဝမ်ကျန့်ကော်ကို အမြင်မကြည်သော်လည်း ဝမ်ကျန့်ကော်သည် ပတ်ဝန်းကျင်အမြင်တွင် ဟန်ဆောင်ကောင်းသူတစ်ဦး ဖြစ်ကြောင်းကိုမူ ဝန်ခံရမည်။

ဤလူများအားလုံးနှင့် နှိုင်းယှဉ်လိုက်သည့်အခါတွင်မူ သူသည် အလွန်ပင် ကောင်းမွန်လွန်းလှသည်ဟု ထင်ရ၏။ အကယ်၍ ဤလူသည် ယခင်က မိမိတို့မိသားစုကို ကြံစည်တွက်ချက်ရန် ကြိုးပမ်းခဲ့ဖူးသည်ကို မသိရှိထားလျှင်၊ ချန်ချင်းယွီသည်လည်း သူ့ကို လူကောင်းတစ်ယောက်ဟု ထင်မှတ်မိပေလိမ့်မည်။ သို့သော် ဤကဲ့သို့ စိတ်သဘောထား နက်နဲပြီး ကောက်ကျစ်သူများကိုမူ ချန်ချင်းယွီသည် ရွှီကောင်းမင်တို့ထက်ပင် ပို၍ စိတ်ပျက်မိသည်။

မည်သို့ပင်ဆိုစေကာမူ ရွှီကောင်းမင်၊ အဘိုးကြီးကျန်း သို့မဟုတ် ကျန်းရှင်းဖှ တို့ကဲ့သို့သော လူမျိုးများမှာ အနည်းဆုံး အပြင်ပန်းတွင်သာ ဗြောင်ပြကြသဖြင့် လူတိုင်း သိရှိပြီး ကြိုတင်ကာကွယ်နိုင်ကြသည်။

ဤကဲ့သို့ အတ္တကြီးပြီး စိတ်သဘောထား ကောက်ကျစ်နက်နဲသူများသည်သာ အမှန်တကယ် ကြောက်စရာကောင်းလှ၏။

ဝမ်မေ့လန်အတွက် တကယ့်ကို နှမြောစရာပင်။

ဝမ်မေ့လန်က စိတ်ရင်းကောင်းပေမယ့် အင်း… သူ့လင်ကတော့…

သို့သော်လည်း ကာယကံရှင်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူ သဘောတူနေခြင်း ဖြစ်၍ သူမအနေဖြင့်လည်း စကားအပိုများပြီး အမုန်းခံနေရန် မလိုအပ်ပေ။

ချန်ချင်းယွီ အတွေးများနေစဉ်မှာပင် ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး ~~

"စပြီ... စပြီ၊ တံခါးပွင့်ပြီ..."

All Chapters