← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) ကြင်ဖက်တွေ့ခြင်းကို စောင့်ကြည့်ခြင်း

ဆောင်းဦးမိုးတစ်ပြိုက် ရွာသွန်းပြီးတိုင်း အအေးဓာတ်သည် တစ်ခါပိုလာစမြဲတည်း…

ဆောင်းဦးမှ ဆောင်းတွင်းဆီသို့ ကူးပြောင်းသွားသည့် အချိန်ကာလမှာ အလွန်ပင် မြန်ဆန်လှပေသည်။

မြို့ပြမှာဖြစ်ဖြစ်၊ ကျေးလက်မှာဖြစ်ဖြစ် ဆောင်းဦးရာသီဆိုလျှင် လူတိုင်း အလုပ်ရှုပ်ကြသည်ချည်းသာ။ ဆောင်းခိုရန်အတွက် လိုအပ်သည်များကို ဟိုဟိုဒီဒီ ပြင်ဆင်နေကြရင်း မသိလိုက်မသိဖာသာဖြင့် ဆီးနှင်းပွင့်များ ဝဲပက်ကျလာကာ ဂွမ်းကပ်အင်္ကျီ ထူထူများ ထုတ်ဝတ်ရမည့်ရက်သို့ ဆိုက်ရောက်လာခဲ့လေပြီ… ဆောင်းရာသီတွင် အရာအားလုံး အေးခဲသွားပြီဖြစ်၍ ရှီချာဟိုင် ရေကန်ကြီးပင် ရေခဲပြင်ကြီး ဖြစ်သွားခဲ့ရာ အခြားနေရာများလည်း ထူးမခြားနားပင်။ ချန်ချင်းယွီ၏ ငါးမျှားသည့် အလုပ်မှာလည်း အဆုံးသတ်သို့ ရောက်ရှိသွားခဲ့၏။

ငါးမမျှားတော့ကာ၊ ဆောင်းတွင်းစားသုံးရန် ဟင်းသီးဟင်းရွက်များကိုလည်း ပြီးခဲ့သည့်လကတည်းက ဝယ်ယူစုဆောင်းထားပြီးဖြစ်၍ အရာအားလုံး ဆောင်းတွင်းဖြတ်သန်းဖို့ရာ အဆင်သင့်ဖြစ်နေလေပြီ… ချန်ချင်းယွီတို့ မိသားစုတွင် ဆောင်းတွင်းစာ အတွက်အလျှံပယ်ရှိသည်။ ချိုက်မင်မင်နှင့် ဒေသထွက်ပစ္စည်းအချို့ လဲလှယ်ထားသည် ရှိသော်ငြား သူတို့အိမ်၌ ပစ္စည်းအတော်များများ ရှိနေသေး၏။ ချန်ချင်းယွီသည် လက်ဗလာနှင့် ဘယ်တော့မှ မပြန်တတ်သည့် လူစားမျိုးဖြစ်၍ တွေ့သမျှပစ္စည်းကို အနည်းနှင့်အများ ဆိုသလို ဝယ်ယူစုဆောင်းထားခဲ့သည်။

သို့သော်လည်း ချန်ချင်းယွီသည် ရင်းနှီးပြီးသားဖြစ်သည့် ဆရာယွီထံမှလွဲ၍ အခြားသူများထံမှ ဝယ်ယူရာတွင် ဟိုတစ်စ သည်တစ်စ ခွဲဝယ်တတ်သဖြင့် အများအမြင်တွင် သိပ်ပြီး သိပ်မသိသာလှပေ။

ဆရာယွီ၏ အကြောင်းကိုမူ သူမ စုံစမ်းထားပြီးဖြစ်၏။ အိမ်တွင် ကလေး ခုနစ်ယောက်ရှိပြီး ဝန်ထုပ်ဝန်ပိုး ကြီးမားလှသဖြင့် တွက်ချက်စေ့စပ်ရာတွင် ဧကရာဇ်တစ်ပါးကဲ့သို့ပင်။ သူ၏ ငွေရှာချင်စိတ်သည် ချန်ချင်းယွီထက်ပင် ပြင်းပြသေးသည်။ ချန်ချင်းယွီ ငါးအနည်းငယ် ဝယ်ယူခြင်းမှာ ဘာမှမဟုတ်သော်လည်း သူသည်ကား အမြောက်အမြား ထုတ်ရောင်းနေခြင်းဖြစ်၍ ပြဿနာရှိနိုင်၏။ ထို့အပြင် ဆရာယွီ၏ စိတ်နေသဘောထားကိုလည်း သိရှိထားသဖြင့် ချန်ချင်းယွီအနေဖြင့် သူ့ကို စိတ်ချလက်ချ ရှိလှပေသည်။

အခြားသူများထံမှလည်း ဟိုဟိုဒီဒီနှင့် အတော်များများ ဝယ်ဖြစ်ခဲ့၏။ ဤသို့ ငါးမှန်မှန်လာမျှားတတ်သည့် နေရာတွင် ချန်ချင်းယွီတစ်ယောက်တည်း ငါးဝယ်နေခြင်း မဟုတ်ပေ။ အချို့သော အဘိုးကြီးများမှာ ဘာမှမရသဖြင့် မျက်နှာပန်းလှစေရန် ငါးအချို့ကို ဝယ်ယူသွားတတ်ကြ၏။

ဤအပြုအမူသည် မှောင်ခိုဈေးကစားသကဲ့သို့ ဖြစ်နေသော်လည်း ငါးမျှားဝါသနာအိုးများအကြားတွင်မူ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သဖြင့် မည်သူမှ အထူးအဆန်းဟု မထင်ကြပေ။

ချန်ချင်းယွီ ပစ္စည်းများများ စုဆောင်းထားချင်သဖြင့် အချိန်ဆွဲကာ တရွေ့ရွေ့ ဝယ်ယူခဲ့ပြီး အိမ်တွင် ငါးခြောက်များ အတော်ပင် စုမိဆောင်းမိ ရှိနေပြီ ဖြစ်သည်။ အခြားအိမ်များ ငွေကြေးစုဆောင်းနေကြချိန်တွင် သူတို့အိမ်သည်ကား ငါးခြောက်များ စုဆောင်းနေခြင်း ဖြစ်၏။ သို့သော် ပစ္စည်းရှားပါးလှသည့် ဤခေတ်ကြီးတွင် မည်သူ အမြတ်ထွက်နေသလဲဆိုသည်ကိုမူ ကာယကံရှင်များသာ အသိဆုံး ဖြစ်လိမ့်မည်။

'ပစ္စည်းစုတာက ပိုက်ဆံစုတာထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတာပေါ့…’

ရာသီဥတုသည် တဖြည်းဖြည်း ပိုမိုအေးစိမ့်လာသည်။ ညချမ်းအချိန်တွင် မိုးဖွဲဖွဲလေး ရွာသွန်းခဲ့ဟန်တူပြီး မနက်မိုးလင်းသည်နှင့် အရာအားလုံး အေးခဲနေခဲ့ပြီ ဖြစ်၏။ အဘွားကြီးကျောက်တစ်ယောက် အလုပ်သွားရသည်မှာ ပို၍ပင် ပင်ပန်းဆင်းရဲနေရရှာသည်။ ချန်ချင်းယွီတို့ သားအမိသုံးယောက်မှာမူ အိပ်ရာထနောက်ကျတတ်ကြပြီးကလေးငယ်လေးများ ချမ်းအေးနေသည်ကို မြင်ရသဖြင့် သူမသည် နံနက်စာအဖြစ် ဂျင်းမျှင်လေးများ ထည့်ထားသည့် ခေါက်ဆွဲပြုတ်ထဲတွင် ကြက်ဥ မကျက်တကျက်လေး ခတ်ပေးလိုက်ရာ ကလေးများ မြိန်ရည်ယှက်ရည် စားသောက်ကြရှာ၏။

လူဆိုသည်မှာ ကောင်းကောင်းမွန်မွန် စားသောက်ရလျှင် သွေးလေလည်ပတ်မှု ကောင်းမွန်ကာ မျက်နှာအဆင်းလည်း ပိုမိုတောက်ပလာတတ်စမြဲပင်။

“မေမေ၊ သမီးတို့ ဒီနေ့ အပြင်သွားကြမလားဟင်”

ကလေးမလေးမှာ နေ့တိုင်းလိုလို မိခင်နှင့်အတူ အပြင်ထွက်နေကျဖြစ်၍ စိတ်လေလွင့်နေကာ နေ့တိုင်း အပြင်ထွက်ကစားဖို့သာ တွေးနေတော့သည်။

“မသွားတော့ဘူးကွယ်၊ သမီးတို့ အိမ်ရှေ့ဝင်းထဲမှာပဲ သွားကစားကြနော်”

ချန်ချင်းယွီ ပြောလိုက်ပြီးနောက် ဆက်လက်၍ မှာကြားလိုက်၏။

“အပြင်မှာ နည်းနည်းအေးတယ်၊ အပြင်ထွက်ရင် ဦးထုပ်နဲ့ လက်အိတ်တွေ သေချာစွပ်သွားကြဦး၊ ကြားလား”

“ဟုတ်ကဲ့၊ သိပါပြီ မေမေ”

ကလေးနှစ်ယောက်လုံး ခေါင်းလေး တငြိမ့်ငြိမ့်နှင့် လိမ္မာယဉ်ကျေးစွာ ပြန်လည်ဖြေကြားကြသည်။

ဤခေတ်ကာလတွင် ကလေးများကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်သာ လွှတ်ထားတတ်ကြသဖြင့် ချန်ချင်းယွီလည်း သူတို့ကို အလွန်အမင်း စိတ်မပူပေ။

အစားအသောက်စားပြီးနောက် အိမ်ရှိပစ္စည်းများကို သိမ်းဆည်းလိုက်၏။ ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက်များကိုမူ အိမ်ရာဝင်းကြီး၏ မြေအောက်ခန်းထဲတွင် ထားရှိသော်လည်း ငါးခြောက်များကိုမူ ချန်ချင်းယွီ ထိုနေရာသို့ မထားရဲပေ။ သူခိုးရှိမရှိ မသိ၍ သူမ မစွန့်စားချင်ပေ။

“ရှောင်ချန် ရေ… ရှောင်ချန်”

ချန်ချင်းယွီ ခါးကိုဆန့်ကာ လှည့်

ကြည့်ရင်း

“ဘာဖြစ်လို့လဲ ဒေါ်လေးမေ့”

ခေါ်သူမှာ အဒေါ်ကြီးမေ့ ဖြစ်နေသည်။ ချန်ချင်းယွီသည် သတင်းအချက်အလက်ပိုင်းတွင် နောက်ကောက်ကျကာ ဘာမှမသိသူဖြစ်သည့်အတွက် အဒေါ်ကြီးမေ့မှာသူမကို အတင်းအဖျင်းများ ပြောပြရသည်ကို အလွန်သဘောကျကာ မိမိကိုယ်ကိုယ် အမြင်ကျယ်ပြီး ဗဟုသုတစုံလင်သည်ဟု ခံယူထားသူ ဖြစ်၏။ ချန်ချင်းယွီ တံခါးဝသို့ လျှောက်သွားကာ

“ဘာကိစ္စရှိလို့လဲ ဒေါ်လေးမေ့ အထဲဝင်ထိုင်ပါဦး”

အဒေါ်ကြီးမေ့ ခေါင်းခါရင်း

“မထိုင်တော့ပါဘူးအေ၊ ငါ နင့်ကို ပြောပြမလို့၊ ယွမ်ဟောက်ဖုန်းက မိန်းမယူဖို့ ကြင်ဖက်တွေ့တော့မယ် သိလား”

ချန်ချင်းယွီ မျက်ခုံးပင့်သွားကာ

“ကြင်ဖက်တွေ့မယ်... နောက်တစ်ခါ ထပ်တွေ့ပြန်ပြီလား”

အဒေါ်ကြီးမေ့ ခေါင်းငြိမ့်ပြကာ

“အဲဒီလူတွေ့မယ့် မိန်းကလေးက ဘယ်သူလဲဆိုတာ နင် လုံးဝခန့်မှန်းမိမှာ မဟုတ်ဘူး”

ချန်ချင်းယွီ စနောက်သည့်သဘောဖြင့်

“ကွမ်ထင်းထင်းတော့ မဟုတ်ပါဘူးနော်”

အဒေါ်ကြီးမေ့မှာ အံ့အားသင့်သွားကာ

“ဟယ်… နင် သိနေတာလား”

ချန်ချင်းယွီလည်း ချက်ချင်းပင် မျက်လုံးအဝိုင်းသားဖြစ်သွားပြီး

“အာ… တကယ်ကြီး သူလား… ကျွန်မလည်း မသိပါဘူး၊ စိတ်ထဲရှိတာ လျှောက်ပြောလိုက်တာ… ဘယ်လိုဖြစ်တာလဲ၊ တကယ်ကြီး သူဖြစ်နေတာလား၊ သူက ကျွန်မတို့ အိမ်ရာဝင်းထဲမှာ ပြဿနာတွေများတယ်ဆိုပြီး ကြင်ဖက်တွေ့ဖို့ ဆန္ဒမရှိတော့ဘူးလို့ ပြောထားတာ မဟုတ်လား၊ အခုကျမှ ဘာလို့ ပြန်သဘောတူရတာလဲ”

သူမ အလွန်ပင် နားမလည်နိုင် ဖြစ်သွားရ၏။

ပြောရလျှင် ကွမ်ထင်းထင်းနှင့် ယွမ်ဟောက်ဖုန်းတို့သည် ထူးဆန်းသော ရေစက်ရှိကြပုံရသည်။ သူတို့နှစ်ဦး၏ ကြင်ဖက်တွေ့ပွဲကိစ္စမှာ နှစ်ဝက်မက ဆွဲဆန့်လာခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်နီးပါးပင် ရှိတော့မည်။ ဟိုလိုလို သည်လိုလိုနှင့် အကြောင်းမလှခဲ့ကြပေ။

ချန်ချင်းယွီ : “သူတို့ ဒီတစ်ခါ စီစဉ်ပြီးမှ ထပ်ပြီး မတွေ့ဖြစ်ဘဲ နေကြဦးမလားမသိဘူး”

“အဲလိုတော့ မဟုတ်လောက်ပါဘူးအေ၊ ဒီတစ်ခါတော့ တကယ် တွေ့ကြမှာ၊ ဒီနေ့ပဲ အိမ်ရာဝင်းထဲမှာ တွေ့ကြမှာ”

အဒေါ်ကြီးမေ့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

တွေ့လား… ဒါမှ ငါ့ပေါ့…သတင်းအချက်အလက်ဆိုတာ ငါအမြန်ဆုံးပဲ…

အဒေါ်ကြီးမေ့ အသံကိုနှိမ့်ကာ ကုန်းကုန်းကွကွဖြင့်

“ငါ အဘွားကြီးပိုင် ပြောတာ ကြားလိုက်တာတော့ ကွမ်ထင်းထင်းဘက်ကနေ အဘွားကြီးပိုင်ကို အရင် လာရှာတာတဲ့… ယွမ်ဟောက်ဖုန်းနဲ့ တွေ့ကြည့်ချင်တယ်လို့ ပြောတယ်တဲ့၊ တောက်… တကယ့် ကောင်မလေးပဲအေ၊ ငြင်းတုန်းကလည်း သူပဲ၊ အခုလို ဇွတ်အတင်း လာပြန်တာလည်း သူပဲ… သူကတော့ တကယ် မျက်နှာပြောင်နိုင်တာပဲ၊ တွေ့ပြီးရင် တစ်ဖက်က မျက်နှာပျက်အောင် လုပ်မှာကို မကြောက်ဘူးလားမသိဘူး… ငါကြည့်ရသလောက်တော့ ဟောက်ဖုန်းနဲ့ ကြင်ဖက်တွေ့ဖို့လည်း မလွယ်ပါဘူး… သူကလည်း စိတ်ကြီးတာ၊ ဟိုလူ့လည်း မကြိုက်၊ ဒီလူ့လည်း မကြိုက်နဲ့”

ချန်ချင်းယွီ ခေါင်းငြိမ့်ရင်း အသံတိုးတိုးဖြင့် “ဒါဆို… သူကကော” ဟု မေးကာ မျက်ရိပ်ပြလိုက်၏။

အဒေါ်ကြီးမေ့ ချက်ချင်း သဘောပေါက်သွားပြီး

“နင်က လီလင်းလင်းကို ပြောတာလား… သူကတော့ ဘယ်သိပါ့မလဲ”

သူမသည် လင်စန်းရှင်း၏ အကြံအစည်ကို လုံးဝ အထင်မကြီးပေ။ ကျောက်ရုံတို့ မိသားစုသည် အလွန်ပင် တွက်ချက်တတ်သူများ ဖြစ်ရာ ယွမ်ဟောက်ဖုန်းကို လီလင်းလင်းနှင့် မည်သို့မျှ သဘောတူမည်မဟုတ်ချေ။ အကြောင်းမှာ လီလင်းလင်း၌ အတည်တကျ အလုပ်အကိုင်ပင် မရှိသောကြောင့်တည်း။ ယွမ်ဟောက်မင် ဖြစ်စေ၊ ကျောက်ရုံဖြစ်စေ ဘယ်လိုမှ သဘောတူကြမည်မဟုတ်ပေ။

ထို့အပြင် ယွမ်ဟောက်ဖုန်း ကိုယ်တိုင်မှာလည်း လီလင်းလင်းအပေါ် ဘာထူးခြားသည့် ခံစားချက်မျှ မရှိကာ၊ လင်စန်းရှင်းတို့ သားအမိသည်သာ အလိုအလျောက် စိတ်ကူးယဉ်နေကြခြင်း ဖြစ်သည်။

“ဒီကိစ္စက လီလင်းလင်းနဲ့ ဘာမှမဆိုင်ဘူးလေ၊ ဘယ်သူက သူ့သဘောထားကို ဂရုစိုက်မှာလဲ”

ချန်ချင်းယွီလည်း လင်စန်းရှင်းတို့ အကောင်းမြင်လွန်းသည်ဟု ထင်မြင်မိ၏။ ကျောက်ရုံတို့ မိသားစုသည် မိမိကိုယ်ကျိုးရှာသမားများ ဖြစ်သဖြင့် သူတို့နှင့် မည်သည့်ပတ်သက်မှုမျှ ရှိလာလိမ့်မည် မဟုတ်ပေ။ ချန်ချင်းယွီ အသံတိုးတိုးဖြင့်

“ဒါပေမဲ့ ကျွန်မ မထင်ထားတာက ကွမ်ထင်းထင်းက အရင်တုန်းက သူတို့မိသားစုကို အဲဒီလောက် သိက္ခာချခဲ့တာတောင်၊ သူတို့က ပြန်တွေ့ဖို့ သဘောတူရဲသေးတယ်နော်”

“အရည်အချင်းနဲ့ အခြေအနေချင်း ကိုက်ညီနေသရွေ့ ဘာဖြစ်လို့ မရရမှာလဲ… ပြီးတော့ ကွမ်ထင်းထင်း အရင်တုန်းက စိုးရိမ်ခဲ့တာလည်း မမှားပါဘူးအေ၊ ကျန်းရှင်းဖှ ဆိုတဲ့လူ လိုက်ကြည့်နေတာတင် စိတ်ပျက်ဖို့ကောင်းတာ”

ဤစကားကိုမူ ချန်ချင်းယွီ အပြည့်အဝ ခေါင်းငြိမ့်ထောက်ခံမိသည်။

သူမကိုယ်တိုင်လည်း လက်တွေ့ခံစားဖူး၏။ ယခင် ထိုလူသည် ဘာမျှ မလုပ်ခဲ့သော်ငြား၊ သူ့၏ ရွံရှာဖွယ် ရုန့်ရင်းသော အကြည့်များသည် လူကို အော့နှလုံးနာစေသည်။

တော်သေးသည်မှာ တစ်လအကျဉ်းချခံရပြီး၊ သူလျှိုကိစ္စတွင်လည်း ပတ်သက်သွားခဲ့သဖြင့် လုံးဝ ငြိမ်ကုပ်သွားကာ ထပ်မံ၍ မရမ်းရဲတော့ခြင်ပင်…

“သူတို့ အဆင်ပြေပြေနဲ့ အထမြောက်သွားပါစေလို့ပဲ ဆုတောင်းရမှာပဲ”

အဒေါ်ကြီးမေ့ ရယ်မောကာ

“နင်ကတော့ တကယ့် စိတ်သဘောထားကောင်းတဲ့ လူပဲအေ”

ချန်ချင်းယွီ : “အဆင်ပြေသွားရင် မင်္ဂလာဆောင်ပွဲ သွားစားလို့ရတာပေါ့”

အဒေါ်ကြီးမေ့ : “ဟဟ… မင်္ဂလာပွဲမှာ စားဖို့ဆိုရင်လည်း လက်ဆောင်ပိုက်ဆံ ပေးရဦးမှာလေအေ”

ပြောပြီးနောက် နှစ်ယောက်သား ပြိုင်တူ ရယ်မောမိကြ၏။

နှစ်ဦးသား ရယ်မောကာ စကားစမြည် ပြောဆိုနေကြစဉ်၊ အလယ်ဝင်းထဲမှ ချိုက်မင်မင်လည်း လျှောက်လာခဲ့သည်။ သူမသည် သူတို့အနားသို့ တိုးကပ်လာပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။

“ရှင်တို့ သိကြလား.. ယွမ်မိသားစုက ဒီနေ့ ကြင်ဖက်တွေ့ပွဲ ရှိတယ်လေ”

ချန်ချင်းယွီ : “တို့တွေလည်း အဲဒါကို ပြောနေကြတာပဲ”

ချိုက်မင်မင် : “မနေ့ညကတည်းက သူတို့အိမ်ကြီးကို တံမြက်လှည်း ဖုန်ခါနဲ့ သန့်ရှင်းရေးတွေ အားသွန်ခွန်စိုက် လုပ်နေကြတာ၊ ပြောင်လက်နေတာပဲ”

ချန်ချင်းယွီသည် ကျောက်ရုံတစ်ယောက် လူအများကို မည်သို့ လှည့်စားတတ်သည်ကို ကောင်းကောင်းကြီး ကြုံဖူးထားသည်။

ဝမ်တာ့ချွေ လူတွေ့တုန်းကလည်း ကျောက်ရုံရဲ့ 'ကူညီမှု' ကြောင့် ပွဲပျက်သွားခဲ့ရတာ မဟုတ်လား..

ချန်ချင်းယွီ : “ဘယ်လိုလဲ… သူတို့အိမ်က ဘာကောင်းနိုးရာရာတွေ ပြင်ဆင်ထားလဲ”

“ငါလည်း သေချာတော့ မသိဘူး၊ အထဲဝင်မကြည့်မိလို့… ဒါပေမဲ့ ငါ့ယောက္ခမ ပြောတာတော့ မြေပဲတွေ၊ ဖရုံစေ့တွေနဲ့ သကြားလုံးတွေ အတော်များများ ဝယ်ထားတယ်တဲ့… တော်တော်လေး အလေးအနက်ထားတဲ့ ပုံပဲ”

ချန်ချင်းယွီ : “အလေးထားလေ ကောင်းလေပဲ၊ မင်္ဂလာပွဲ စားရတာပေါ့”

ချိုက်မင်မင် : “နင်ကတော့ မင်္ဂလာပွဲစားဖို့ပဲ သိတယ်”

နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် အဒေါ်ကြီးမေ့မှာ မေးမြန်းလိူက်၏။

“ရှောင်ချိုက်၊ နင် အခုတလော ဆေးသောက်တာ ဘယ်လိုလဲ”

ယခင်က ချိုက်မင်မင်သည် ချန်ချင်းယွီ၏ လမ်းညွှန်ချက်ကို ရရှိခဲ့သဖြင့် ဆေးရုံသို့ သွားရောက်ကာ သေချာပြသရန် ဆုံးဖြတ်ခဲ့သည်။ လင်မယားနှစ်ယောက်စလုံး တူတူသွားပြခဲ့ကြရာ သူတို့ဇနီးမောင်နှံနှစ်ဦးစလုံးတွင် တကယ်ပဲ ပြဿနာအနည်းငယ် ရှိနေသည်ကို တွေ့ရှိခဲ့ရ၏။ ရွာထဲမှ ရမ်းကုဆေးဆရာ၏ ဆေးမြီးတိုများသည် အမှန်တကယ် အားမကိုးရကြောင်း သက်သေပြလိုက်သကဲ့သို့ပင်။

သူတို့ ကလေးမရနိုင်ခြင်းမှာ ခန္ဓာကိုယ်၌ ဝေဒနာအချို့ ရှိနေသောကြောင့် ဖြစ်၏။

လင်မယားနှစ်ယောက်စလုံးတွင် ရောဂါအနည်းငယ်စီ ရှိနေကြခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းကြောင့် မဟုတ်ပေ။ သို့သော်လည်း ကြီးကြီးမားမား ပြဿနာမဟုတ်ဘဲ စောစောစီးစီး သိရှိပြီး ကုသမှုခံယူလျှင် ဆေးခြောက်လခန့် သောက်သုံးကာ ပြုပြင်ရုံဖြင့် အဆင်ပြေသွားမည်ဟု ဆို၏။ ၎င်းတို့မှာ နောက်ကျမှ သိရှိခဲ့ရခြင်းဖြစ်ပြီး၊ စောစောသိပါက သုံးလခန့် ဆေးသောက်ရုံဖြင့် ပျောက်ကင်းနိုင်ချေ ရှိသည်။

မာကျန်းရော ချိုက်မင်မင်ပါ အလွန် နောင်တရနေကြ၏။

အရင်က ဘာဖြစ်လို့ ဆေးရုံကို သွားမပြသမိခဲ့ကြပါလိမ့်…

ရွာမှ ဆေးဆရာသည် ဘာမှမဖြစ်ဘူးဟု ပြောသဖြင့် သူတို့လည်း ဘာမှ ထပ်မတွေးမိခဲ့ကြပေ။ ရလဒ်အနေဖြင့် အချိန်များစွာ နှောင့်နှေးခဲ့ရ၏။ ဤရောဂါသည် ကြီးမားသော ပြဿနာမဟုတ်သော်လည်း အချိန်ကြာမြင့်စွာ ပစ်ထားပါက နောင်တွင် လုံးဝ ကလေးမရနိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားနိုင်သည်။

နောက်ပိုင်းမှ သိရှိပြီး ကုသပျောက်ကင်းသွားလျှင်ပင် အသက်အရွယ် ကြီးရင့်သွားပါက ကလေးရရန် ခဲယဉ်းသွားပေလိမ့်မည်။

ထို့ကြောင့် ဆရာဝန်ညံ့လျှင် လူသေတတ်သည်ဟူသော စကားမှာ အမှန်ပင်။

အဒေါ်ကြီးမေ့ ချိုက်မင်မင်ကို ကြည့်ကာ ပြောလိုက်၏။

“မာကျန်းမိန်းမရေ… ငါပြောတာ နားဝင်မချိုရင်လည်း စိတ်မရှိပါနဲ့.. နင်တို့ရွာက ဆေးဆရာကိစ္စကို နင့်မိဘတွေကို သေချာပြောပြရမယ်၊ ငါတော့ တစ်ခုခု ကြံကြည့်နေသလိုပဲလို့ ခံစားရတယ်… စဉ်းစားကြည့်လေ၊ နင်တို့ဖြစ်တာက ရောဂါအကြီးကြီးလည်း မဟုတ်ဘူး…။ အဲဒီရွာဆရာက ဘယ်လောက်ပဲ ပညာမပြည့်ဝပါစေ၊ ဒီလောက် သေးငယ်တဲ့ ပြဿနာလေးကိုတော့ မသိဘဲ မနေပါဘူး၊ ပြီးတော့ နင်တို့ကပါ သူ့ကို ယုံကြည်နေကြတယ်ဆိုကတည်းက သူက ရွာထဲမှာ လူနာတွေကို ကုသပေးရာမှာ အတော်အသင့် အရည်အချင်းရှိလို့ပေါ့… ပညာ လုံးဝမရှိတာလည်း မဟုတ်ဘဲနဲ့ ဒါကို မသိဘူးလား… နင်သိထားရမှာက ဒီကိစ္စကိုသာ ဒီအတိုင်း ပစ်ထားရင် နောင်ကျရင် လုံးဝ ကလေးရမှာ မဟုတ်တော့ဘူး၊ ဒါကြောင့် မိဘတွေကို သေချာပြောပြထားဦး… နင့်မိဘတွေနဲ့ မောင်နှမတွေက ရွာမှာပဲ နေကြတာဆိုတော့ အဲဒီလူကို သိပ်ယုံကြည်နေရင် နောင်တစ်ချိန်မှာ အကောက်ကြံခံရရင် ဒုက္ခလှလှတွေ့လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ ပြဿနာလေးကိုတောင် မသိနိုင်လောက်အောင် ဆေးဆရာက အဲဒီလောက် မညံ့ပါဘူး၊ ရောဂါကြီးဖြစ်အောင် တမင်ဆွဲဆန့်ထားသလိုပဲ… တော်သေးတာက နင် မြို့တက်ပြီး စစ်ဆေးကြည့်လို့ပေါ့၊ မဟုတ်ရင် ရောဂါရင့်သွားပြီး နင်တို့မျိုးဆက် ပြတ်သွားလိမ့်မယ်… သေချာလေး သတိထားဦး၊ နင်တို့ လူငယ်တွေက အမြင်ကျဉ်းသေးတယ်၊ ငါတို့ကတော့ ခေတ်ဟောင်းကနေ ဖြတ်သန်းလာတာဆိုတော့ လူအချို့ ဘယ်လောက်အထိ ယုတ်မာတတ်လဲဆိုတာ သိတာပေါ့”

ချိုက်မင်မင်၏ မျက်နှာမှာ တည်ကြည်အေးစက်သွားပြီး သေချာ စဉ်းစားကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒေါ်လေးမေ၊ ကျွန်မ သေချာ သတိထားပါ့မယ်…ဒေါ်လေးပြောတာ တကယ်မှန်တယ်… ကျွန်မ အိမ်ကို စာတစ်စောင် ချက်ချင်း ပြန်ရေးရမယ်”

ဤသို့ ပြောလိုက်သည်နှင့် သူမ စိတ်စောသွားကာ စကားဝိုင်းကိုပင် ဆက်မစောင့်တော့ဘဲ အိမ်သို့ ချက်ချင်း အပြေးအလွှား ပြန်သွားတော့သည်။

အဒေါ်ကြီးမေ့ လှမ်းကြည့်ရင်း

“နင်တို့ကတော့ ငယ်ပါသေးတယ်…”

ချန်ချင်းယွီသည် ယခင်က ဤအချက်ကို လုံးဝ မတွေးမိခဲ့ပေ။ သူမအမြင်တွင် ကျေးလက်ရှိ ဗိန္နောဆေးဆရာများ အရည်အချင်း မပြည့်မီခြင်းမှာ သာမန်ကိစ္စဟု ထင်ခဲ့သော်လည်း အဒေါ်ကြီးမေ့ ပြောပြမှသာ သူမ၏ အတွေ့အကြုံသည် တကယ်ပင် လေးစားစရာကောင်းပြီး ယုတ္တိရှိကြောင်း နားလည်သွားရ၏။

အဒေါ်ကြီးမေ့ : “သက်တမ်းရင့်ဂျင်းက ပိုစပ်တယ်ဆိုတာ ဒါမျိုးပေါ့အေ၊ နင်တို့ သင်ယူစရာတွေ အများကြီး ရှိသေးတယ်”

ချန်ချင်းယွီ ပြုံးပြုံးလေး ခေါင်းငြိမ့်ကာ

“နောင်ကျရင်လည်း ကျွန်မကို အခုလိုပဲ သွန်သင်ဆုံးမပေးပါဦးနော်”

“ဟယ်… ငါက နင့်လို လူကို ဆုံးမစရာ လိုဦးမလာ.. နင့်ယောက္ခမက အရှုံးခံမယ့် လူစားမျိုးမှ မဟုတ်တာ”

အဘွားကျောက်သည် တကယ့် တိုက်ပွဲဝင် သူရဲကောင်းတစ်ဦး မဟုတ်လော့…. ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်မိသည်။

နှစ်ဦးသား စကားပြောနေကြစဉ် အပြင်မှ အဘွားကြီးပိုင်တစ်ယောက် ထူးဆန်းသော မျက်နှာပေးဖြင့် ပြန်လာသည်ကို တွေ့လိုက်ရ၏။

မှန်ပေသည်~~ အဘွားကြီးပိုင် ဖြစ်၏။ ယခုတစ်ကြိမ်တွင်လည်း ကြားခံစေ့စပ်ပေးသူမှာ သူမပင် ဖြစ်ရာ၊ အလုပ်တစ်ခုတည်းကို လူနှစ်ယောက် မရှုပ်စေရန် ကွမ်ထင်းထင်း သူမကို ထပ်မံ အကူအညီတောင်းခဲ့ခြင်း ဖြစ်၏။

အဘွားကြီးပိုင်သည် တစ်ယောက်တည်း ပြန်လာခြင်းမဟုတ်ဘဲ ကွမ်ထင်းထင်းကိုပါ ခေါ်ဆောင်လာခဲ့သည်။ ကွမ်ထင်းထင်ရသည် ဂွမ်းကပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး… အင်း… ထိုအင်္ကျီ၏ အရောင်အသွေးကတော့… အင်း…

အဒေါ်ကြီးမေ့သည် တိတ်တဆိတ် ချန်ချင်းယွီကို လှမ်းကြည့်လိုက်သည်။

ချန်ချင်းယွီမှာ ကောင်းကင်ကြီးကိုကြည့်၊ မြေကြီးကိုကြည့်နှင့် ကြက်ခြံကိုသာ စိုက်ကြည့်နေမိ၏။

အော်… အဘွားကြီးပိုင်ရဲ့ မျက်နှာကြီး ဘာလို့ အဲလောက် ထူးဆန်းနေလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်….

သောက်ကျိုးနည်း … တိုက်ဆိုင်မှုက ကြီးလှချည်လား… အရမ်းရီချင်နေပြီ…

ဘယ်သူက ထင်မှတ်ထားပါ့မလဲ…

ကွမ်ထင်းထင်း၏ ဂွမ်းကပ်အင်္ကျီသည် အဘွားကျောက်၏ အင်္ကျီနှင့် ဒီဇိုင်း ဆင်တူဖြစ်နေ၏…

အဘွားကြီးကျောက် နွေရာသီ၌ ချုပ်လုပ်ခဲ့သည့် ဂွမ်းကပ်အင်္ကျီအသစ်မှာ ဤဒီဇိုင်း၊ ဤအရောင်ပင် ဖြစ်သည်။ ချန်ချင်းယွီမှာ သူမယောက္ခမအတွက် တစ်ထည်သာ ချုပ်ပေးခဲ့ပြီး ကျန်သည့် ပိတ်စများကို အပ်ချုပ်ဆိုင်သို့ လဲလှယ်ပေးခဲ့ခြင်း ဖြစ်၏။ ယခုကြည့်ရသည်မှာ တစ်ပုံစံတည်း တူညီနေလေပြီ…မှောင်ခိုဈေးကွက်တွင် မည်သူမဆို ပိတ်စသွားဝယ်နိုင်သည် ဆိုသော်လည်း၊ ကွမ်ထင်းထင်းသည် သူမ သွားခဲ့သည့် အပ်ချုပ်ဆိုင်မှ ထိုပိတ်စကို ဝယ်ယူခဲ့ခြင်း ဖြစ်တန်ရာ၏။

ဤစက်ရုံဝင်းအနီးတွင် အပ်ချုပ်ဆိုင် တစ်ဆိုင်မက ရှိသော်လည်း စက်မှုစက်ရုံမှ လူအများစုမှာ ထိုဆိုင်သို့သာ အသွားများကြသည်။

ဒါကတော့…

ချန်ချင်းယွီသည် ခေါင်းငုံ့ကာ ဘာမှမပြောဘဲ နေသော်လည်း မျက်လုံးများမှာ ကွမ်ထင်းထင်းထံသို့ ရောက်နေဆဲ ဖြစ်၏။ ကွမ်ထင်းထင်းသည် အတော်လေး လှပအောင် ပြင်ဆင်လာခဲ့သည်။ ယခုခေတ်စားနေသည့် ကျစ်ဆံမြီးကို မကျစ်ဘဲ ဆံပင်ကို ဖားလျားချထားကာ အနီရောင် ကလစ်အဝိုင်းလေးတစ်ခု တပ်ထားပြီး၊ ပန်းပွင့်ဖတ်ကြီးများ ပါရှိသည့် ဂွမ်းကပ်အင်္ကျီလေးနှင့် ကြည့်ကောင်းနေရှာ၏။

သူမ၏ င်္အကျီသာ အဘွားကြီးကျောက်နှင့် သွားမတူနေလျှင်မူ ပို၍ပင် ကြည့်ကောင်းနေဦးမည်သာ…

အခုတော့… ဘယ်လိုပြောရမလဲ… တကယ်ကို ထူးဆန်းနေသလိုကြီး…

ချန်ချင်းယွီ ကွမ်ထင်းထင်းကို အကဲခတ်နေသလို၊ ကွမ်ထင်းထင်းလည်း ချန်ချင်းယွီကို အကဲခတ်နေသည်။

ကျောင်းတုန်းက ချမ်းသာပြီး လှပသည့် မိန်းကလေး (အခုခေတ်စကားအရဆိုလျှင် ပိုင်ဖုမေ့) တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ဘဝပျက်နေလေပြီ… သူမ စိတ်ထဲတွင် ထိုအချက်ကို တွေးတောကာ အလွန် ကျေနပ်နေပြီး အထက်စီးဆန်သော ခံစားချက်ကို ရရှိနေမိ၏။

“ချန်ချင်းယွီ၊ နင် အလုပ်မရှာရသေးဘူးလား”

စကားစလိုက်သည်နှင့် နှလုံးသားကို ဆူးနှင့်ဆွသကဲ့သို့ပင်။

ချန်ချင်းယွီမှာ အေးအေးဆေးဆေး နူးနူးညံ့ညံ့ပင် ပြန်ဖြေကာ

“မရှာရသေးပါဘူး၊ ငါ အလုပ်သွားလုပ်ရင် အိမ်ကို ဘယ်သူကြည့်မှာလဲ”

အခုအချိန်မှာ အလုပ်ရှာဖို့က အရေးကြီးနေလို့လား…

ကွမ်ထင်းထင်း ပို၍ မောက်မာသော လေသံ၊ သိမ်မွေ့သော အပြုံးတို့ဖြင့်

“အမျိုးသမီးတွေဆိုတာလည်း ကိုယ်ပိုင် အလုပ်အကိုင် ရှိရမယ်လေအေ၊ အိမ်ရှင်မသက်သက်ပဲ လုပ်နေလို့ ဘယ်ဖြစ်မလဲ… အမျိုးသမီးတွေကလည်း ကောင်းကင်တစ်ဝက်ကို မိုးနိုင်တာပဲ… တို့တွေက ရှေ့သို့ ချီတက်ရမှာ”

ချန်ချင်းယွီ : “အိမ်တိုင်းမှာ သူ့အခြေအနေနဲ့သူ ရှိတာပဲလေ”

သူမသည် စိတ်ဆိုးသည့် အရိပ်အယောင် လုံးဝမပြဘဲ

“ငါကတော့ လက်တွေ့အခြေအနေကိုပဲ ထည့်တွက်ရမှာပဲ… နင် ဒီနေ့ ကြင်ဖက်တွေ့ဖို့ လာတာ မဟုတ်လား.. အထဲမသွားဘူးလား”

ကွမ်ထင်းထင်း : “ငါသာ ကြင်ဖက်တွေ့ပွဲ အဆင်ပြေသွားရင် နောင်ကျရင် တို့တွေ အိမ်နီးနားချင်း ဖြစ်ကြတော့မှာပေါ့၊ အဲဒီကျရင် နင့်ဆီ လာလည်မယ်လေ”

ချန်ချင်းယွီ ပြုံးရုံသာ ပြုံးပြပြီး ပြန်မဖြေတော့ပေ။

အဘွားကြီးပိုင် ဝင်ပြောလိုက်ကာ

“ကဲ… သွားကြစို့၊ ယွမ်မိသားစုက စောင့်နေကြပြီ”

ယွမ်ဟောက်ဖုန်းသည် မီးရထားဌာနတွင် အလုပ်လုပ်သဖြင့် နားရက်မှာ ပုံသေမဟုတ်ပေ။ ယနေ့ သူ၏ နားရက်ဖြစ်သော်လည်း၊ ကျောက်ရုံမှာမူ ခွင့်ယူထားရခြင်း ဖြစ်၏။

အဘွားကြီးပိုင်လည်း အချိန်မဖြုန်းချင်တော့ပေ။

သူတို့နှစ်ဦး ထွက်သွားသည်နှင့် အဒေါ်ကြီးမေ့ တံတွေးတစ်

ချက်ထွေးကာ မကျေမနပ် ရေရွတ်လိုက်သည်။

“ဘာတွေ မောက်မာနေတာလဲ”

ချန်ချင်းယွီ : “သူ့မှာ မောက်မာနိုင်တဲ့ အရည်အချင်း ရှိတာကိုး”

အဒေါ်ကြီးမေ့ နှုတ်ခမ်းမဲ့လိုက်၏။

“သွားကြည့်ကြမလား”

“ကောင်းသားပဲ”

သူတို့တင်မက ရှီကျန့်ရှန်းပါ အိမ်ထဲမှ ကမန်းကတန်း ထွက်လာပြီး

“ကြင်ဖက်တွေ့ပွဲလား.. ဘာလို့ ကွမ်ထင်းထင်း ဖြစ်နေရတာလဲ၊ လာလာလာ… ငါလည်း သွားကြည့်ဦးမယ်”

ပြောဆိုကာ အတူတူ လိုက်ပါသွားကြတော့သည်။

အမှန်တွင် သူမသည်လည်း ယခင်က ကွမ်ထင်းထင်းကို သဘောကျခဲ့ဖူးသည်။ အကြောင်းမှာ ကွမ်ထင်းထင်း၏ အခြေအနေနှင့် အရည်အချင်းသည် မဆိုးလှသောကြောင့် ဖြစ်၏။ သို့သော် သူမ၏ အဘိုးကြီးမှာ သဘောမတူခဲ့ပေ။ ထိုမိန်းကလေးသည် နည်းနည်း ဇွတ်တရွတ်နိုင်ပြီး အာဏာပြချင်

တတ်သဖြင့် နောင်ကျလျှင် သူတို့အိမ်မှ တတိယကောင်လေးသည် ဇနီးဖြစ်သူကို နိုင်မှာမဟုတ်ဘူးဟု ဆိုခဲ့သည်။ ထို့ကြောင့်သာ သူမက ထည့်မစဉ်းစားခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ကွမ်ထင်းထင်းတစ်ယောက် ထပ်မံ၍ ကြင်ဖက်တွေ့လာပြန်သည်ကို မထင်မှတ်ထားသဖြင့် သူမလည်း ကမန်းကတန်း နောက်မှ လိုက်ပါလာခဲ့တော့သည်။

သုံးယောက်သား အတူတူ အလယ်ဝင်းဆီသို့ လျှောက်လှမ်းလာကြစဉ်၊ လင်စန်းရှင်းသည်လည်း ရှေ့ဝင်းဘက်မှ ကပျာကယာ ရောက်လာခဲ့၏။ သူမ၏ မျက်နှာမှာ အလွန်ပင် ပျက်နေပြီး မကျေမနပ် မေးလေသည်။

“ကြင်ဖက်တွေ့ပွဲလုပ်တာကို ဘာလို့ ငါ့ကို မပြောကြတာလဲ”

ဒီမေးခွန်းကတော့…

မည်သူမှ သူမကို ပြန်မဖြေကြပေ။

နင်က ဘာမို့လို့လဲ… ဘယ်သူ့ကို လာပြီး စစ်မေးနေတာလဲ…

အားလုံး စိတ်ထဲမှ တွေးနေကြသည်။

ချန်ချင်းယွီ လင်စန်းရှင်းကို တစ်

ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

'ရှင်ကတော့ လျိုကျင့်ရဲ့ အရှုပ်ထုပ်ကြီး ပေါ်သွားတာကိုပဲ ကျေးဇူးတင်လိုက်ပါတော့'

မဟုတ်လျှင် သူတို့မိသားစုမှာ သူများသားသမီးကို ကိုယ့်သားသမီးအမှတ်နှင့်ကျွေးမွေးစောင့်ရှောက်ရတော့မည်သာ… သို့သော် လျိုကျင့်၏ ကိစ္စ မြန်မြန်ဆန်ဆန် ပေါ်ပေါက်သွားခဲ့သဖြင့် လီချန်ရွှမ်းတစ်ယောက် ဖွင့်ပြောဖို့ အချိန်မရလိုက်ဘဲ လျိုကျင့်တစ်ယောက် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် လျိုကျင့် ပြန်လည်လွတ်မြောက်လာသောအခါ ကလေးကို ချက်ချင်း ဖျက်ချပစ်လိုက်၏။

လီချန်ရွှမ်းလည်း ဘာလုပ်ရမည်မသိ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ရသော်လည်း၊ ဤအကြောင်းရင်းကြောင့်ပင် လင်စန်းရှင်းမှာ ဘာမှမသိဘဲ အေးအေးဆေးဆေး ရှိနေနိုင်ခြင်း ဖြစ်၏။

သူမ သိမသွားတာကတော့…

မိမိအိမ်တွင် ကလေးတစ်ယောက် တိုးလာလုနီးပါး ဖြစ်ခဲ့ပြီး၊ သူမကိုယ်တိုင်လည်း ခေါင်းပေါ်တွင် ဂျိုတပ်ဆောင်းခံရလုနီးပါး ဖြစ်ခဲ့သည်ဟူသော အချက်ပင်။

လျိုကျင့်၏ အကျင့်စာရိတ္တမကောင်းမှုများ အတော်အသင့် ပေါ်ပေါက်သွားခဲ့သဖြင့် လီချန်ရွှမ်းလည်း ငြိမ်ကုပ်သွားခဲ့ရသည်။ ဤအနည်းငယ်သော လများအတွင်း ချန်ချင်းယွီ သူ့ကို တွေ့တိုင်း မျက်နှာကြီး သုန်မှုန်နေတတ်ရာ အခုထက်ထိ စိတ်ဒဏ်ရာ သက်သာရာမရသေးသည့် ပုံပင်။

လင်စန်းရှင်း ယခုထိ တတွတ်တွတ် ပြောဆိုနေဆဲ ဖြစ်ပြီး မိမိယောကျာ်း ပုံမှန်မဟုတ်သည်ကို စိုးစိမျှပင် မရိပ်မိရှာသေးပေ။

ချန်ချင်းယွီတစ်ယောက် စိတ်ထဲမှနေ ပြစ်တင်ဝေဖန်နေမိသော်လည်း အပြင်ကိုမူ ထုတ်မပြောပေ။

အခြေအနေကို လာရောက်ချောင်းကြည့်ရှုသူမှာ သူတို့တင်မကဘဲ အခြားအိမ်များမှ လူများလည်း ရှိနေကြသည်။ လူတိုင်းသည် ပြတင်းပေါက်နားတွင် စုအုံနေကြပြီး ဤအချိန်၌ အိမ်ထဲတွင်မူ အခြေအနေမှာ အလွန်ပင် သင့်မြတ်နွေးထွေးနေ၏။

ယွမ်ဟောက်ဖုန်းနှင့် ကွမ်ထင်းထင်းတို့ ကြင်ဖက်တွေ့မည့်ကိစ္စကို ပြောဆိုလာခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း ယခု သူတို့ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်၏။ ယွမ်ဟောက်ဖုန်းသည် ကွမ်ထင်းထင်းကို အထက်အောက် အကဲခတ်ကြည့်ရာ၊ သူမ၏ အင်္ကျီပေါ်သို့ အကြည့်ရောက်သွားချိန်တွင်မူ မျက်နှာပေးမှာ တကယ့်ကို ဖော်ပြရခက်လှပေသည်။

သို့သော်လည်း ကွမ်ထင်းထင်း၏ နောက်ခံအခြေအနေ ကောင်းမွန်မှန်း သူသိ၏။ မဟုတ်လျှင် သူလည်း တွေ့ဆုံဖို့ သဘောတူမည်မဟုတ်ပေ။

ယွမ်ဟောက်ဖုန်း ကွမ်ထင်းထင်းကို အကဲခတ်နေကာ၊ ကွမ်ထင်းထင်းမှာလည်း ထို့အတူပင်။ ယွမ်ဟောက်ဖုန်းသည် အင်္ကျီအဖြူရောင်ပေါ်တွင် လည်ဝိုင်းဆွယ်တာတစ်ထည် ထပ်ဝတ်ထားပြီး အင်္ကျီကော်လာစလေး ပေါ်နေကာ၊ ဆံပင်ကိုလည်း ဆီသေချာလူးပြီး စေ့စေ့စပ်စပ် ဖီးသင်ထားသည်။ မီးရထားဝန်ထမ်း ဖြစ်သော်လည်း ယူနီဖောင်းကို မဝတ်ဆင်ဘဲ သိုးမွှေးဘောင်းဘီအိအိကို ဝတ်ဆင်ထား၏။

ဤဝတ်စုံကို ကြည့်ရုံနှင့်ပင် တန်ဖိုးမနည်းမှန်း သိသာလှပေသည်။

ထို့အပြင် လက်ပတ်နာရီလည်း ရှိသေး၏။

သူ့လက်တွင် ရှန်ဟိုင်းတံဆိပ် လက်ပတ်နာရီအကောင်းစားတစ်လုံး ပတ်ထားသည်ကို သူမ သတိပြုမိလိုက်သည်။

ရုပ်ရည်နှင့် အခြေအနေကို ကြည့်ရုံမျှဖြင့် ကွမ်ထင်းထင်း စိတ်ထဲတွင် အဆင်ပြေသည်ဟု သတ်မှတ်လိုက်၏။

ကျောက်ရုံ : “သမီးကွမ်… လာလာ၊ လက်ဖက်ရည်လေး သောက်ဦး၊ အပြင်မှာ တော်တော်အေးတယ်မလား… မြည်းကြည့်ဦးနော်၊ တို့အိမ်က ကောင်လေးက ဒီနေ့ ကြင်ဖက်တွေ့မယ်ဆိုတာသိလို့ 'ကျန်းယီယွမ်' ဆိုင်ကနေ အကောင်းစား လက်ဖက်ခြောက်ကို တကူးတက သွားဝယ်ထားတာ… လက်ဖက်ရည်ပူပူလေး သောက်ပြီး ကိုယ်ခန္ဓာလေး နွေးအောင်လုပ်ဦး”

ပျာပျာသလဲ ဧည့်ခံရှာ၏။

ကွမ်ထင်းထင်း၏ မျက်ဝန်းများ လင်းလက်သွားသည်။

အင်း… ဒါကလည်း အမှတ်ပေးရမယ့် အချက်တစ်ခုပဲ…

အမှန်အတိုင်းပြောရလျှင် ယွမ်ဟောက်ဖုန်းသည် အိမ်ထောင်ပြုမည့် အရွယ်ရှိ လူငယ်များထဲတွင် အခြေအနေ အတော်ကောင်းမွန်သူ ဖြစ်သည်။ သူသည် အမြင်လည်း မြင့်သဖြင့် မိန်းကလေးအတော်များများကို သဘောမတူခဲ့ဘူးဟု ကြားဖူး၏။ ယခုအခါ ကွမ်ထင်းထင်းသည်လည်း နှုတ်ဟလာကာ

“ကျေးဇူးတင်ပါတယ် အဒေါ်၊ အဒေါ်လည်း ထိုင်ပါဦးရှင့်၊ ကျွန်မကို အဲလောက်ကြီး ဧည့်ခံနေဖို့ မလိုပါဘူး”

သူမ တောက်ပစွာ ပြုံးပြရင်း

“ရဲဘော် ယွမ်ဟောက်ဖုန်း၊ တို့တွေ တစ်ယောက်အကြောင်းတစ်ယောက် မိတ်ဆက်ကြမလားရှင့်”

ယွမ်ဟောက်ဖုန်း : “ရတာပေါ့”

ပြတင်းပေါက်အပြင်ဘက်ရှိ လူခေါင်းများမှာ နည်းမသွားသည့်အပြင်၊ ချိုက်မင်မင်သည်လည်း ဘယ်အချိန်ကတည်းက ရောက်လာသည်မသိ၊ ချန်ချင်းယွီအနားသို့ တိုးကပ်ကာ အသံတိုးတိုးဖြင့် မေးလာသည်။

“မြို့ပေါ်က လူတွေ့ပွဲတွေက ဒီလိုပဲလားဟင်… ငါတော့ ဒါပထမဆုံးအကြိမ် မြင်ဖူးတာပဲ”

ချန်ချင်းယွီ : “ကျွန်မတော့ အကြိမ်အနည်းငယ် မြင်ဖူးတယ်…”

သို့သော်လည်း သူများ ကြင်ဖက်တွေ့သည်ကို ချောင်းကြည့်ရသည်မှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ဗီဒီယိုအတိုလေးများကြည့်မည့်အစား ဤကဲ့သို့ တကယ့်လက်တွေ့ ကြင်ဖက်တွေ့ပွဲကို ချောင်းကြည့်ရခြင်းသည် ဤခေတ်ကာလတွင် ရှားပါးလှသည့် ဖျော်ဖြေရေးတစ်ခုတည်း။

အခွင့်အရေးရလျှင်တော့ ရှေ့ဆုံးတန်းကနေ ကြည့်ရမှာပေါ့လေ…

“ဒီမိန်းကလေးက နင့်ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်လို့ ကြားတယ် ဟုတ်လား”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

“ဟုတ်တယ်၊ ဒါပေမဲ့ သိပ်မရင်းနှီးပါဘူး”

သူမသည် လူတိုင်းကို ဤသို့ပင် ပြောလေ့ရှိရာ ချိုက်မင်မင်လည်း သဘောပေါက်သွား၏။

“ဒါဆို သူတို့အိမ်ရဲ့ အခြေအနေက ဘယ်လိုလဲဟင်… အစ်မကျောက်ရုံရဲ့ အမူအရာက တော်တော်လေး ကောင်းမွန်နေတာကို ကြည့်ရင် သူတို့အိမ်အခြေအနေက မဆိုးဘူး ထင်တယ်”

သူမ ဤနေရာသို့ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း သူမ၏ ယောက္ခမ၊ အမျိုးသားနှင့် ယောင်းမ၊ မတ်များသည် ဤအိမ်ရာဝင်းထဲရှိ လူအချို့၏ အကြောင်းကို ပြောပြထားဖူးသည်။ လူကြီးများသည် ကျောက်ရုံကို အတော်အသင့် နားလည်ပေးနိုင်ကြသော်လည်း၊ သူမ၏ ယောင်းမဖြစ်သူ ကလေးမလေးမှာ မတရားမှုကို မုန်းတီးတတ်သဖြင့် ကျောက်ရုံကို လုံးဝ အမြင်မကြည်ပေ။

ကျောက်ရုံ လုပ်ဆောင်ခဲ့သမျှ အရာများသည် မည်မျှပင် လှပအောင် ပြောဆိုပါစေ၊ လက်တွေ့တွင်မူ ယုတ်မာခဲ့သည်ချည်းသာ ဖြစ်သည်။ လူကြီးများမှာ ဟန်ဆောင်နိုင်ကြသော်လည်း ကလေးများသည်ကား ဟန်မဆောင်တတ်ကြပေ။ အချုပ်အားဖြင့် သူမ၏ ယောင်းမလေးမှာ ကျောက်ရုံဇနီးမောင်နှံကို အထင်မကြီးသဖြင့် သူမကို ထိုသူတို့၏ အပေါ်ယံရုပ်သွင်ကြောင့် လှည့်စားမခံရစေရန် ထပ်တလဲလဲ မှာကြားထားခဲ့၏။

ထို့ကြောင့် ချိုက်မင်မင်၏ စိတ်ထဲတွင် အတန်အသင့် သိရှိထားခြင်း ဖြစ်၏။

ချန်ချင်းယွီ : “အမှန်တော့ ကျွန်မလည်း သေချာမသိဘူး၊ တို့တွေ ကျောင်းတုန်းကလည်း အဆက်အသွယ် မရှိကြဘူးလေ… ဒါပေမဲ့ အခြေအနေကတော့ တော်တော်ကောင်းမှာပါ… သူက အရင်တုန်းက ရဲစခန်းမှာ အလုပ်လုပ်တာ၊ အခုကျတော့ စက်မှုစက်ရုံရဲ့ လုံခြုံရေးဌာနကို ပြောင်းလာတယ်၊ အဲဒါကလည်း ခဏတဖြုတ်ပဲ၊ အခုတော့ သတင်းဝါဒဖြန့်ချိရေးဌာနကို တိုက်ရိုက် ရောက်သွားပြီလေ၊ ဪ… သူက ဟောက်ရွှယ်နဲ့ ဌာနတူ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားကြတာ၊ အဲဒီအကြောင်းကြောင့်ပဲ သူက နောက်တစ်ကြိမ် လူတွေ့ဖို့ စိတ်ကူးရလာတာ ထင်တယ်”

တိုးတိုးလေး ရှင်းပြလိုက်၏။

နှစ်ဦးသား တိုးတိုးတိတ်တိတ် ပြောဆိုနေကြစဉ်၊ အိမ်ထဲတွင်လည်း တရားဝင် မိတ်ဆက်ခြင်း စတင်နေပြီ ဖြစ်သည်။

ယွမ်ဟောက်ဖုန်း :“ကျွန်တော့်အကြောင်း အရင်မိတ်ဆက်ပါရစေ… ကျွန်တော်က မီးရထားရုံးမှာ အလုပ်လုပ်တာပါ၊ အရင်တုန်းကတော့ ရထားနောက်လိုက်ပြီး လက်မှတ်စစ်လုပ်တယ်၊ အခုတလော အလုပ်အပြောင်းအလဲကြောင့် ဘူတာရုံအတွင်းက သတင်းဝါဒဖြန့်ချိရေးဌာနကို ရောက်သွားပြီ… ဒါက ရဲဘော်ကွမ်နဲ့ အတူတူပဲဆိုတော့ တို့တွေက လုပ်ငန်းတူတွေ ဖြစ်သွားကြတာပေါ့”

ကွမ်ထင်းထင်း သဘောကျစွာ ပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြသည်။ သူမသည် ယွမ်ဟောက်ရွှယ်ထံမှတစ်ဆင့် သူမ၏ အစ်ကို အလုပ်ပြောင်းသွားသည့် အကြောင်းကို သိရှိခဲ့ရသဖြင့် ဤကြင်ဖက်တွေ့ပွဲကို စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်၏။

ယခုခေတ်ကာလတွင် အလုပ်အကိုင် အပြောင်းအလဲ လုပ်နိုင်သူဟူသည်မှာ အဆက်အသွယ်နှင့် အရည်အချင်း ရှိသူများသာ ဖြစ်သည်။

၎င်းအပြင် သူတို့မိသားစု၏ အခြေအနေသည်လည်း မူလကတည်းကပင် အဆင်ပြေသား ဖြစ်၏။

ပြတင်းပေါက်အပြင်ဘက်ရှိ လူများမှာလည်း တိုးတိုးတိတ်တိတ်ဖြင့် ထပ်မံ၍ ပွစိပွစိ ပြောဆိုလာကြပြန်သည်။

“ယွမ်ဟောက်ဖုန်းက မီးရထားဌာနရဲ့ သတင်းဝါဒဖြန့်ချိရေးကို ပြောင်းသွားတာလား… ဒါ ပထမဆုံးအကြိမ် ကြားဖူးတာပဲအေ”

“သူတို့မိသားစုက တကယ်ပဲ နှုတ်လုံကြတာပဲ”

“ဒါပေမဲ့ ပြောရရင် ဒါကလည်း သိပ်တော့ မဆန်းပါဘူး၊ အမှန်ပဲလေ.. စဉ်းစားကြည့်လေ၊ အခုတလော ဟောက်ဖုန်းတစ်ယောက် ရထားနောက်လိုက်ပြီး ခရီးမထွက်ရတာ ကြာပြီမဟုတ်လား

“အေးပါဟယ်… ဟုတ်သားပဲ.. သူ အခုတလော ဝတ်တာစားတာလည်း ပိုပြီး သန့်ပြန့်ခန့်ညားလာတယ်.. အလုပ်ပြောင်းသွားလို့ကိုး၊ အမ်… ဒါပေမဲ့ သူကလည်း တကယ်ပဲ အရည်အချင်း ရှိတာပဲအေ… ယောကျာ်းရင့်မကြီးတွေ အရည်အချင်းရှိတာက ဘာထက်မဆို ပိုကောင်းတာပေါ့၊ အရင်တုန်းကတော့ ဟောက်ဖုန်းက အရွေးလွန်းတယ်လို့ ငါတို့ထင်ခဲ့တာ၊ အခုကြည့်ရတာတော့ သူ ရွေးတာလည်း ရွေးနိုင်လောက်တဲ့ အခြေအနေ ရှိလို့ပဲကိုး”

“နေဦး… သူက ဘယ်လိုနည်းနဲ့ အလုပ်ပြောင်းသွားတာပါလိမ့်၊ လူရှာပြီး အကူအညီတောင်းတာလား… ယွမ်ဟောက်မင်နဲ့ ကျောက်ရုံက ဘာပဲပြောပြော တက္ကသိုလ်ကျောင်းဆင်းတွေဆိုတော့ တို့လို သာမန်လူတွေထက်စာရင် အဆက်အသွယ် ပိုရှိကြတာပေါ့”

“အဲလိုလည်း ပြောလို့မရပါဘူးအေ၊ ယွမ်ဟောက်ဖုန်း ကိုယ်တိုင်က ကြိုးစားအားထုတ်လို့လည်း ဖြစ်နိုင်တာပဲ။ သူက အမြဲတမ်း တက်ကြွလှုပ်ရှားပြီး အလုပ်ထဲမှာ အရင်ကတည်းက စွမ်းဆောင်ရည် ကောင်းခဲ့တာလေ”

“ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါကတော့ ထင်တုန်းပဲ……”

လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြရာ ချန်ချင်းယွီမှာမူ ရင်ထဲ၌ အောင့်အည်းသည်းခံနေရသဖြင့် အတော်ပင် နေရခက်နေလေပြီ…

သူမ သိတယ်… သူမ အားလုံးကို သိနေတယ်လေ…

ယွမ်ဟောက်ဖုန်း မည်သို့ မည်ပုံ အလုပ်ပြောင်းသွားသည်ကို သူမ ကောင်းကောင်းကြီး သိထား၏။

သို့သော်လည်း သူမ ထုတ်ပြော၍မရပေ။

အား… တကယ်ပဲ မွန်းကြပ်လိုက်တာ… ရှင်တို့သိရင်တော့ အံ့ဩသွားကြမှာပဲ…ဝက်ဝက်ကွဲပဲ..

ဤမျှကြီးမားသော လျှို့ဝှက်ချက်ကို သူမတို့ ယောက္ခမနှင့် ချွေးမ နှစ်ယောက်တည်းသာ သိရှိထားခြင်းဖြစ်ရာ၊ အောင့်ထား… အောင့်ထားစမ်း ချန်ချင်းယွီ…

သို့သော် ပြောရလျှင် ယောကျာ်းတစ်ယောက် မာနလျော့၍ သိက္ခာချလိုက်မည်ဆိုပါက မိန်းမများထက်ပင် အခွင့်အရေး ပိုမိုမြန်ဆန်စွာ ရရှိတတ်ကြသည်မှာ အမှန်ပင်။

ကျောက်ရုံတစ်ယောက် ယွမ်ရှောင်ချွေကို တွန်းပို့ပြီး အကွက်ဆင်ခဲ့မှု မအောင်မြင်ဘဲ၊ မိမိသားဖြစ်သူမှာ ထိုနည်းလမ်းအတိုင်းပင် အခွင့်အရေးကို လျင်လျင်မြန်မြန် ဆုပ်ကိုင်နိုင်ခဲ့လိမ့်မည်ဟု သူမ ထင်မှတ်ထားမိမည် မဟုတ်ပေ။

ဒါက တကယ်ကိုပဲ…

ဟူး… ယွမ်ရှောင်ချွေတစ်ယောက် ကျေးလက်ကို ဆင်းသွားရတာ ဘယ်လိုများ နေရှာမလဲမသိဘူး…

အိမ်ထဲတွင်မူ မိတ်ဆက်ခြင်းမှာ ဆက်လက်ပြုလုပ်နေဆဲပင်။

ယွမ်ဟောက်ဖုန်း : “ကျွန်တော့် မိဘတွေနဲ့ ညီမအကြီးက စက်မှုစက်ရုံမှာပဲ အလုပ်လုပ်ကြတာပါ၊ ညီမလေးကတော့ ကျောင်းတက်နေတုန်းပဲ…အိမ်က အခြေအနေကတော့ တော်တော်လေး ရိုးရှင်းပါတယ်”

ကွမ်ထင်းထင်းက နှုတ်ခမ်းလေးကို သာသာလေးကိုက်ကာ မျက်ဝန်းအစုံဖြင့် ယွမ်ဟောက်ဖုန်းကို လှမ်းကြည့်ရင်း ပြောလိုက်၏။

“ကျွန်မကလည်း စက်မှုစက်ရုံကပဲလေ၊ ဟောက်ရွှယ်နဲ့လည်း လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ အလုပ်အကိုင်ပိုင်းကတော့ ပြောနေစရာ မလိုတော့ပါဘူး… ရဲဘော်လည်း သိပြီးလောက်မှာပါ၊ ကျွန်မတို့အိမ်မှာ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် ရှိတယ်၊ ကျွန်မက အငယ်ဆုံး… အဖေက ပလတ်စတစ်စက်ရုံက အလုပ်သမားပါ၊ အမေကတော့ အိမ်ရှင်မပေါ့… အစ်ကိုနဲ့ အစ်မက အိမ်ထောင်ကျကုန်ကြပြီ… အစ်ကိုက ပလတ်စတစ်စက်ရုံမှာပဲ လုပ်တာ၊ အစ်မကတော့ အလုပ်မရှိဘူး၊ ဒါပေမဲ့ အစ်မယောကျာ်း ကျွန်မခဲအိုက တော်လှန်ရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ (ဒုဥက္ကဋ္ဌ) ရှင့်”

ကွမ်ထင်းထင်းတို့ မိသားစုတစ်ခုလုံး ရာထူးတက် ကံပွင့်လာရခြင်းမှာ သူမ၏ အစ်မဖြစ်သူ နေရာကောင်းသို့ အိမ်ထောင်ပြုနိုင်ခဲ့သောကြောင့် ဖြစ်၏။

သူမ ကျောင်းပြီးသွားချိန်တွင် ကျေးလက်သို့ ဆင်းစရာမလိုဘဲ အလုပ်ရခဲ့ခြင်း၊ ရဲစခန်းမှသည် စက်မှုစက်ရုံသို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်းအားလုံးမှာ အရည်အချင်းရှိသည့် ထိုခဲအိုဖြစ်သူ၏ အရှိန်အဝါကြောင့်ပင် ဖြစ်သည်။

ထိုစကားကို ကြားရလျှင် မျှော်လင့်ထားသည့်အတိုင်း ကျောက်ရုံ၏ မျက်နှာမှာ ပိုမိုကျေနပ်အားရသွား၏။

သူမသည် သားဖြစ်သူကို အမြန်ဆုံး ကြင်ဖက်တွေ့ပွဲအောင်မြင်ပြီး အိမ်ထောင်ပြုစေချင်လှပြီ ဖြစ်သည်။ နောက်ခံအခြေအနေ နည်းနည်းညံ့လျှင်ပင် စောစောစီးစီး အခြေချနိုင်ဖို့သာ သူမ ဆန္ဒရှိတော့၏။ မဟုတ်လျှင် သားဖြစ်သူသည် ရှန့်ရှန့် ဆိုသည့် အဘွားကြီးနောက်သို့ နေ့တိုင်း လိုက်နေသဖြင့် ခန္ဓာကိုယ်ပါ ပျက်စီးသွားမည်ကို သူမ စိုးရိမ်နေမိလေသည်။

၎င်းပြင် ထိုအဘွားကြီးသည်လည်း စိတ်သဘောထားကောင်းသူမဟုတ်ဘဲ မိမိသားကို အခြားသူများနှင့်ပါ မိတ်ဆက်ပေးနေသေး၏။

တကယ့်ကို သေချင်းဆိုးမကြီး…

သို့သော်လည်း သူတို့အိမ်မှ ဟောက်ဖုန်းမှာ ယင်းကို ဘာမှမဟုတ်သကဲ့သို့ သဘောထားနေသည်။

ယောကျာ်းတစ်ယောက် ဤမျှအထိ သိက္ခာချခံနေရသည်မှာ မည်သို့မျှ မဖြစ်သင့်ပေ။

ယွမ်ဟောက်မင်တစ်ယောက်မှာ အသုံးမကျ၍ မည်သူမှမလိုချင်သောကြောင့်သာ… သူမအနေဖြင့် မိမိယောကျာ်းကိုသာ ပေးပစ်လိုက်ချင်ပြီး သားဖြစ်သူကိုမူ အထိခိုက်မခံနိုင်ပေ…

သို့သော်လည်း လွန်ခဲ့သည့် လအနည်းငယ်အတွင်း စည်းစိမ်ချမ်းသာများကို အလွန်အကျွံ ခံစားခဲ့ရသဖြင့် သားဖြစ်သူမှာ ယင်းဘဝကို ကျင့်သားရသွားရုံတင်မက၊ ရှန့်ရှန့် နှင့်ပင် လက်ထပ်ချင်စိတ် ပေါက်နေသဖြင့် ကျောက်ရုံတစ်ယောက် သေလုမတတ် လန့်ဖျန့်သွားခဲ့ရသည်။ သားဖြစ်သူကို အပြင်မှာ အပျော်အပါး လွှတ်ထားနိုင်သော်လည်း၊ မိမိနှင့် အသက်အရွယ်တူ အမျိုးသမီးတစ်ဦးကိုမူ ချွေးမအဖြစ် ဘယ်လိုမှ အိမ်ထဲသို့ အ၀င်မခံနိုင်ပေ။

အသက်ကြီးသည့် မိန်းမကို အိမ်ထောင်ဖက်အဖြစ် တွဲခေါ်ရမည့်ကိစ္စမျိုးကိုမူ တွေးပင်မတွေးရဲပေ…

ကျောက်ရုံ အကြောက်ဆုံးမှာ ထိုအချက်ပင် ဖြစ်၏။ မဟုတ်လျှင် နောင်ကျ လူတကာအလယ်တွင် မျက်နှာပြရဲတော့မည် မဟုတ်ပေ။ ထို့အပြင် ရှန့်ရှန့်သည်လည်း ကလေးမရနိုင်တော့ရာ နောင်တွင် မျိုးဆက်ပြတ်သွားလျှင် မည်သို့လုပ်မည်နည်း။ မည်သို့ပင်ဖြစ်စေ မြေးယောကျာ်းလေးတစ်ယောက် မရှိ၍ မဖြစ်ပေ။

ကျောက်ရုံ ဤမျှ စိတ်စောနေရခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်ရာ၊ အခုအချိန်တွင် သူမအနေဖြင့် များစွာ ရွေးချယ်မနေတော့ပေ။

ကွမ်ထင်းထင်း၏ အခြေအနေကောင်းမွန်နေသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ သာမန်မျှသာ ဖြစ်နေလျှင်ပင် ကျောက်ရုံအနေဖြင့် မည်သည့် အပြစ်မျှ ပြောလိမ့်မည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် အဘွားကြီးကို လက်ထပ်ရတာထက်စာရင်တော့ အဆပေါင်းများစွာ သာလွန်တယ် မဟုတ်လား…

အရာရာတိုင်းသည် နှိုင်းယှဉ်ချက်ရှိမှသာ အဖြေပေါ်တတ်သည်မှာ အဘွားကြီးပိုင်တို့ မိသားစုကဲ့သို့ပင်… ယခုအခါ ကျောက်ရုံလည်း ထိုနည်းတူ ခံစားနေရ၏။

အိမ်ထဲတွင် အခြေအနေများ သာယာချောမွေ့နေသော်လည်း၊ ပြတင်းပေါက်အပြင်ဘက်ရှိ ချန်ချင်းယွီမှာမူ အံ့အားသင့်လွန်းသဖြင့် မျက်လုံးကြီး အဝိုင်းသား ဖြစ်နေခဲ့သည်။ ကွမ်ထင်းထင်း၏ ခဲအိုဆိုသူမှာ ထိုလူ… ထိုလူ့ကို သူမ မြင်ဖူးသည်လေ။

သူမတင် မြင်ဖူးရုံမက၊ ကျောက်ရုံကိုယ်တိုင်လည်း မြင်ဖူးထားသည် မဟုတ်ပါလား….

ထိုစဉ်က ကျောက်ရုံတစ်ယောက် ယွမ်ရှောင်ချွေကို ထောင်ချောက်ဆင်ပြီး လူကုန်ကူးဖို့ ကြံစည်စဉ် ထိုနေရာတွင် ရှိနေခဲ့သည့် ညွှန်ကြားရေးမှူးပင် ဖြစ်၏။

သူမသည် ထိုနေရာတွင် ရှိနေခဲ့သည့် လူအချို့ကို ယခုထက်ထိ မှတ်မိနေသေးသည်။ အတွင်းရေးမှူးကျန်း၊ ဒုတိယစက်ရုံမှူးဟယ် နှင့် ထိုအဓိက ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူး နှစ်ယောက်တို့ ဖြစ်ပြီး သူတို့အားလုံးသည် တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြ၏။

ချန်ချင်းယွီအနေဖြင့် ထိုလူ၏ မျိုးရိုးအမည်ကို မမှတ်မိတော့သော်လည်း၊ ထိုသူမှာ အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး ရှိနေပြီဖြစ်ပြီး လုံးဝ မငယ်တော့သည်ကိုမူ မှတ်မိနေ၏။ ကွမ်ထင်းထင်း၏ အစ်မဆိုလျှင်မူ… ပြောရလျှင် ချန်ချင်းယွီ မှတ်မိသေးသည်။ သူမသည် ကွမ်ထင်းထင်းနှင့် မရင်းနှီးသော်လည်း အထက်တန်းကျောင်းတက်စဉ် မိုးရွာသည့်နေ့တစ်နေ့တွင် ကွမ်ထင်းထင်း၏ အစ်မဖြစ်သူ ထီးလာပေးသည်ကို မှတ်မိနေခြင်း ဖြစ်၏။ ထိုအစ်မသည် ကွမ်ထင်းထင်းထက် သုံးလေးနှစ်ခန့်သာ ကြီးပုံရပြီး အလွန်ပင် လှပချောမောလှသည်။ ထိုသို့ လှပလွန်း၍သာ တစ်ခါတည်း တွေ့ဖူးသည့် ချန်ချင်းယွီ ယခုတိုင် စွဲစွဲမြဲမြဲ မှတ်မိနေခြင်း ဖြစ်ပေလိမ့်မည်။

တွက်ချက်ကြည့်ရလျှင် ကွမ်ထင်းထင်း၏ အစ်မမှာ ယခုဆိုလျှင် အသက် နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ် နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး၊ ထိုဒုဥက္ကဋ္ဌကြီးမှာမူ ထိပ်ပြောင်လုနီးပါးနှင့် အသက်ငါးဆယ်နီးပါး ရှိနေပြီဖြစ်၏။ သူတို့နှစ်ဦး၏ သက်တမ်း ကွာခြားချက်မှာ အနှစ်နှစ်ဆယ်နီးပါး ရှိနေရာ၊ ဒါက တကယ့်ကိုပဲ…

လုံးဝကို မလိုက်ဖက်လွန်းတာကြီးလေ…

ပြီးတော့ အဲ့ဘိုးတော်က အပြင်မှာလည်း ခိုးစားတတ်သေးတယ် မဟုတ်လား… ပြီးခဲ့သည့်အကြိမ်ကပင် သက်သေရှိခဲ့တာပဲ…

ကျောက်ရုံ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာလည်း တကယ်ကို ကြောက်စရာကောင်းလှသည်။ ဤမျှအထိ သိနေပါလျက်နှင့် အမူအရာ လုံးဝမပျက်ဘဲ ဖုံးကွယ်ထားနိုင်ပြီး ကွမ်ထင်းထင်းနှင့် အေးအေးဆေးဆေး စကားပြောဆိုနေနိုင်သေး၏။ ကြည့်ရသလောက်တော့ ယွမ်ဟောက်ဖုန်းနှင့် ကွမ်ထင်းထင်းတို့သည် တစ်ဦးကိုတစ်ဦး သဘောကျ ကျေနပ်နေကြသည့် ပုံပင်။

အဒေါ်ကြီးမေ့ : “ငါကြည့်ရသလောက်တော့ သူတို့ပွဲက ဖြစ်မြောက်သွားမယ့် ပုံပဲအေ”

“ငါလည်း အဲလိုပဲ ထင်တယ်”

“မသေချာသေးပါဘူးအေ၊ နင်တို့လည်း သိတာပဲ ဟောက်ဖုန်းက ဘယ်လောက်အထိ ရွေးတတ်လဲဆိုတာ… ပြီးတော့ ဒီကွမ်ထင်းထင်းက သိပ်ပြီး အာဏာပြချင်တဲ့ပုံပဲ၊ မိန်းမသားဆိုတာ နူးညံ့သိမ်မွေ့မှ ပိုကောင်းတာ၊ သူက ကြည့်ရတာ ဇွတ်တရွတ်နိုင်လွန်းတော့ အိမ်ထောင်ရေးကို သာသာယာယာ ထိန်းသိမ်းနိုင်မယ့်ပုံ မဟုတ်ဘူး”

ဘယ်သူပြောလဲဆိုတာ တွေးနေစရာပင် မလိုပါဘူး… လင်စန်းရှင်းပဲပေါ့…

ချန်ချင်းယွီ လင်စန်းရှင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ လင်စန်းရှင်း၏ မျက်နှာမှာ မိမိအဖေအရင်းကြီး ဆုံးပါးသွားသကဲ့သို့ပင် သုန်မှုန်မည်းမှောင်နေလေ၏။

အမှန်တွင် ချန်ချင်းယွီ နားမလည်နိုင်သည်မှာ လင်စန်းရှင်းအနေဖြင့် ယွမ်ဟောက်ဖုန်းကို မိမိ၏ သမက်အဖြစ် ဤမျှအထိ လိုချင်နေပါလျှင် အဘယ်ကြောင့် တရားဝင် ကြင်ဖက်တွေ့ပွဲမစီစဉ်ဘဲ၊ အမြဲတမ်း တိတ်တဆိတ်သာ ချဉ်းကပ်ဖို့ ကြိုးစားနေရပါသနည်း။ အချိန်ဆွဲပြီး စည်းရုံးမည့် နည်းလမ်းသည် ယခုလို ခေတ်ကာလမျိုးနှင့် လုံးဝ မကိုက်ညီပေ။

ပြီးတော့ ကျောက်ရုံကလည်း အဲဒီလောက်အထိ ပါးနပ်လွန်းတာကို…

ချန်ချင်းယွီ လင်စန်းရှင်းကို ထပ်မံကြည့်ရှုရင်း နှာခေါင်းရှုံ့မိ၏။

'တောက် တကယ့် မျက်နှာပေးပဲ၊ ကြည့်လို့ကို မရဘူး၊ တော်တော့်ကို ကြည့်ရဆိုးလွန်းတယ်'

လင်စန်းရှင်း : “ရှေးအစဉ်အဆက်ကတည်းက ယောကျာ်းက အပြင်အလုပ်၊ မိန်းမက အိမ်တွင်းမှုကိုပဲ လုပ်ရတာ၊ ငါကြည့်ရသလောက်တော့ အဲဒီကောင်မလေးက အိမ်ထောင်ထိန်းသိမ်းမယ့် အချိုးမျိုး မဟုတ်ဘူး”

ရှီကျန့်ရှန်း လှောင်ပြုံးပြုံးကာ

“နင်လည်း တော်စမ်းပါတော့အေ၊ ကျောက်ရုံ ကြားသွားလို့ အပြင်ထွက်ပြီး နင့်ကို ကုတ်ဖဲ့နေဦးမယ်၊ ဘယ်သူက အဲလို လျှောက်ပြောနေလို့လဲ”

“ဟုတ်ပအေ၊ နင် အဲလိုပြောတာ မလျော်ကန်ပါဘူး”

“ငါကြည့်တာတော့ ဒီမိန်းကလေးရဲ့ နောက်ခံက အတော်ကောင်းပါတယ်… အရင်တုန်းက ဝမ်တာ့ချွေနဲ့ မအောင်မြင်ခဲ့တာ တော်သေးတာပေါ့၊ ဝမ်တာ့ချွေရဲ့ အရည်အချင်းက သူနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး”

လင်စန်းရှင်း : “အမှန်တော့ သူနဲ့ ဝမ်တာ့ချွေကမှ ကွက်တိပဲ၊ ဒီကောင်မလေးကလည်း ပိုက်ဆံမက်ပြီး လူတန်းစားချင်း ခွဲခြားတတ်တဲ့ လူစားမျိုးပဲဟာ”

ချန်ချင်းယွီအနေဖြင့် လင်စန်းရှင်းကို တကယ်ပင် အထင်သေးမိသွားတော့သည်။

သူများ ကွမ်ထင်းထင်း ကောင်သည်ဖြစ်စေ၊ မကောင်းသည်

ဖြစ်စေ၊ ရှင်က သူနဲ့ ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့ သူတပါးကို အမြဲတမ်း နာမည်ဖျက် ပုပ်ခတ်နေတာကတော့ တကယ့်ကို အောက်တန်းကျလွန်းနေပြီ… ဘယ်လိုမိန်းမစားပါလိမ့်…

လင်စန်းရှင်းသည် ပုံမှန်အားဖြင့် လူလုံးထွက်လေ့မရှိဘဲ နူးညံ့သိမ်မွေ့ကာ စကားပြောရလွယ်ကူသည့် လူကောင်းတစ်ယောက်ကဲ့သို့ နေတတ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ မိမိမိသားစု၏ အရေးကြီးကိစ္စနှင့် ပတ်သက်နေ၍လားမသိ၊ သူမ၏ မူလပင်ကိုယ်စရိုက်များစွာ ပေါ်ထွက်လာခဲ့၏။ ချန်ချင်းယွီသည် ထိုဒေါသများကို မခံနိုင်သဖြင့် သူမနှင့် တိတ်တဆိတ် လူခွာကာ အဝေးသို့ ခပ်လှမ်းလှမ်း တိုးသွားလိုက်တော့သည်။

အိမ်ထဲတွင်မူ အဘွားကြီးပိုင် စကားဆိုလာ၏။

“သမီးကွမ်… တို့အိမ်ရာဝင်းရဲ့ အခြေအနေကိုတော့ သမီးလည်း အများကြီး ကြားဖူး၊ စုံစမ်းဖူးမှာပါ… ဒါဆိုရင် သိမှာပေါ့၊ တို့ဝင်းကြီးက စည်ကားရုံတင်မကဘူး၊ ဟောက်ဖုန်းက တကယ့်ကို အကျင့်စာရိတ္တကောင်းတဲ့ လူငယ်တစ်ယောက်ဆိုတာလေ၊ မဟုတ်ရင်လည်း သမီးဘက်က လူတွေ့ဖို့ တောင်းဆိုမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား… သူက တကယ့်လူကောင်းလေးပါ၊ သမီးတို့ နှစ်ဖက်မိသားစု အခြေအနေချင်းကလည်း လိုက်ဖက်ညီလှပါတယ်… တို့ကတော့ အဆင်ပြေမယ်ထင်လို့ ကြားခံစေ့စပ်ပေးရတာပေါ့၊ အမှန်တော့ တို့လည်း နဂိုက အောင်သွယ်လုပ်ဖူးတာ မဟုတ်ပါဘူး၊ အရင်တုန်းက အိမ်ရာဝင်းထဲက လူငယ်တွေကို ဟိုဟိုဒီဒီ စီစဉ်ပေးဖူးတာပဲ ရှိတာ၊ တကယ်လို့ လိုအပ်ချက်လေးတွေ ရှိခဲ့ရင်လည်း စိတ်ထဲမထားပါနဲ့ကွယ်… အဓိက အဆင်ပြေမပြေဆိုတာ ဟောက်ဖုန်းရဲ့ လူအကဲခတ်မှုအပေါ်မှာပဲ မူတည်ပါတယ်… အကယ်၍ နှစ်ယောက်စလုံး သဘောကျတယ်ဆိုရင်လည်း နောက်ပိုင်း ပိုပြီး ရင်းနှီးအောင် တွဲကြည့်ကြတာပေါ့… အခုခေတ်က တို့ခေတ်တုန်းကလို မျက်စိမှိတ် အိမ်ထောင်ပြုရတဲ့ ခေတ်မှ မဟုတ်တော့တာ၊ အဆင်ပြေမယ်ထင်ရင် ပိုပြီး လေ့လာကြည့်ကြ၊ တကယ်လို့ ညားသွားကြရင်တော့ အကောင်းဆုံးပေါ့ကွယ်”

အဘွားကြီးပိုင်တစ်ယောက် နောက်ဆုံးတော့ အသုံးဝင်မည့် စကားများကို ပြောဆိုနိုင်ခဲ့ရှာသည်။

ကွမ်ထင်းထင်း ခေါင်းငြိမ့်ပြ၏။ သူမသည် ပွင့်လင်းပြတ်သားသူတစ်ဦး ဖြစ်သဖြင့် ယွမ်ဟောက်ဖုန်းကို တိုက်ရိုက်ကြည့်ကာ မေးလိုက်သည်။

“ရဲဘော်… ကျွန်မကို ဘယ်လိုမြင်လဲဟင်”

သူမ ဆက်လက်၍

“ကျွန်မကတော့ ရဲဘော်ကို အတော်လေး သဘောကျပါတယ်၊ တကယ်လို့ ရဲဘော်ကလည်း ကျွန်မအပေါ် အမြင်ကောင်းတယ်ဆိုရင်၊ တို့တွေ ဘဝခရီးလမ်းမှာ ရဲဘော်ရဲဘက်ကောင်းတွေအဖြစ် လက်တွဲပြီး လှပတဲ့ အနာဂတ်ကို အတူတူ တည်ဆောက်သွားကြတာပေါ့”

ယွမ်ဟောက်ဖုန်း ခေတ္တမျှ တိတ်ဆိတ်သွားရာ၊ ကျောက်ရုံ သူ့ကို ချက်ချင်းပင် ဆိတ်ဆွဲလိုက်

တော့သည်။

'ဒီလိုအခွင့်အရေးမျိုးက နောက်တစ်ခါ ထပ်ရဖို့ မလွယ်ဘူး'

နောက်ထပ်တွေ့မည့် မိန်းကလေးမှာ ပိုကောင်းလိမ့်မည်ဟု သူမ မပြောရဲပေ။ သားဖြစ်သူသည် ထိုအဘွားကြီးကို စိတ်ကူးယဉ်နေဆဲ ဖြစ်မည်ကိုသာ သူမ အကြောက်ဆုံး ဖြစ်သည်။ ထိုကဲ့သို့သော လူစားမျိုးနှင့် အပျော်တွဲပြီး အကျိုးအမြတ်ယူရုံဆိုလျှင် ရသော်လည်း၊ မည်သို့လျှင် လက်ထပ်ဖို့အထိ တွေးရဲရသနည်း။ တကယ့်ကို ရူးသွပ်လွန်းလှ၏။

ငါ့သားက တကယ့်ကို ရိုးအလွန်းတာပဲ…

သူမ စိတ်ထဲမှ ညည်းတွားမိသည်။

သူမသည် သားဖြစ်သူကို ထပ်မံ၍ ဆိတ်ဆွဲလိုက်ပြန်၏။

ယွမ်ဟောက်ဖုန်း ချက်ချင်း သတိပြန်ဝင်လာကာ တည်ကြည်စွာဖြင့် ပြောလိုက်၏။

“ရဲဘော်ကွမ်ကို ကျွန်တော် သဘောကျပါတယ်၊ ပွင့်လင်းပြီး ရိုးသားတဲ့ စရိုက်ရှိတာပ.. ရဲဘော် ကွမ်ထင်းထင်း… ကျွန်တော်နဲ့ ချစ်သူအဖြစ် တွဲဖို့ သဘောတူနိုင်မလားခင်ဗျာ”

ကွမ်ထင်းထင်း ပြုံးလိုက်ပြီး

“သဘောတူတာပေါ့”

ပြတင်းပေါက်အပြင်ဘက်ရှိ လူများမှာမူ ယခုမှသာ ဥဒါန်းကြူးမိကြသည်။

“အမလေး… တော်ပါသေးရဲ့”

ချိုက်မင်မင်က အသံတိုးတိုးဖြင့်

“ဒါနဲ့တင် ပြီးသွားတာလား.. ဒါဆို အောင်သွယ်ပွဲ အောင်မြင်သွားပြီပေါ့ ဟုတ်လား”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

“ဟုတ်တယ်လေ၊ ငါလည်း သူများ လူတွေ့ပွဲ ချက်ချင်းအောင်မြင်သွားတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”

ချိုက်မင်မင် : “……”

အံ့ဩ၍ စကားပင် မဆိုနိုင်တော့ပေ။

မသိရင် ခုနကတုန်းကတော့ နင်အကုန်သိသလိုလိုနဲ့ ဟန်ဆောက်နေတာပေါ့…

ရှီကျန့်ရှန်း : “ယွမ်ဟောက်ဖုန်းကပဲ အရင်ဆုံး ဦးဆောင်သွားလိမ့်မယ်လို့ မထင်ထားဘူး… တို့အိမ်က တတိယကောင်လေးလည်း မြန်မြန်လုပ်မှ ဖြစ်တော့မယ်”

“ငါကြည့်ရသလောက်တော့ သူတို့ သိပ်မကြာပါဘူးအေ၊ လုံးဝ မလိုက်ဖက်ဘူး… ဒီမိန်းကလေးက နည်းနည်းလေးတောင် အရှက်မရှိဘူး၊ တကယ့်ကို အရှက်မဲ့တဲ့ မိန်းကလေးပဲ”

ကဲ… ကဲ… သိပါပြီ၊ ဒါ နင်ပဲမလား လင်စန်းရှင်း…

ချန်ချင်းယွီ လှည့်မကြည့်ဘဲ ထိုစကားကို မည်သူပြောသည်ကို ကောင်းကောင်းကြီး သိ၏။

သို့သော်လည်း သူမ အသံတိုးတိုးလေးဖြင့်

“ဒါနဲ့… ဒေါ်လေးသမီး လီလင်းလင်းကော၊ ဘာလို့ လာပြီး အခြေအနေ မကြည့်တာလဲဟင်”

လင်စန်းရှင်း : “သူက ရပ်ကွက်ရုံးကို အိမ်တွင်းမှုအလုပ် သွားယူနေလို့လေ.. ငါကြည့်ရသလောက်တော့ ကျောက်ရုံက တမင်သက်သက် လုပ်တာပဲ၊ ငါ့သမီး အိမ်မှာမရှိတဲ့အချိန်ကို တကူးတက ရွေးပြီး သားဖြစ်သူကို လူတွေ့ပေးတာ၊ တကယ့်လူစားပဲ… သားဖြစ်သူရဲ့ သဘောထားကို နည်းနည်းလေးတောင် ထည့်မတွက်ဘူး”

ဘေးက လူများ : “……”

'နင်က ဘာတွေ လာပြီး စိတ်ကူးယဉ်နေတာလဲ’

'ယွမ်ဟောက်ဖုန်းက နင့်သမီးကို လုံးဝ အထင်မကြီးတာပါအေ’

'တကယ့်ကို စိတ်ကူးယဉ်ဆန်ပြီး လှလှပပကို တွေးနေတာပဲ’

အားလုံး စိတ်ထဲမှ နှာခေါင်းရှုံ့မိကြသည်။

ယခုခေတ်ကာလတွင် ချစ်သူဖြစ်ပြီးပါက အရာရာကို လျင်လျင်မြန်မြန် ဆုံးဖြတ်တတ်ကြ၏။ ကြင်ဖက်တွေ့ပွဲပြီး၍ တစ်ဦးကိုတစ်ဦး သဘောကျလျှင် မင်္ဂလာကိစ္စကို ချက်ချင်း ဆွေးနွေးကြစမြဲပင်။

ကျောက်ရုံ : “ထင်းထင်းရေ… သမီးက ပွင့်လင်းတဲ့လူဆိုတော့ အဒေါ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်… အခု သမီးတို့ချင်း အဆင်ပြေသွားပြီဆိုတော့၊ သမီးတို့အိမ်ဘက်က မင်္ဂလာကြေး (တင်တောင်းငွေ) ကို ဘယ်လောက် တောင်းဆိုချင်လဲဟင်”

အဒေါ်ကြီးမေ့နှင့် အခြား အသက်ကြီးသူအချို့မှာ ထိုသို့ကြားရလျှင် မနှစ်မြို့သဖြင့် ခေါင်းခါရင်း

“ပထမဆုံးအကြိမ် တွေ့ဆုံတာကို ဒါမျိုး လာမေးတာက စောလွန်းသေးတယ်အေ”

“ကျောက်ရုံ ဒါကို တမင်သက်သက် မေးတာ မဟုတ်လား… မိန်းကလေးက ဒီလိုကိစ္စမျိုးကို နားမလည်ဘဲ အားနာတတ်မှန်းသိလို့၊ အများကြီး မတောင်းရဲအောင် ဖြတ်မေးလိုက်တာလေ… ဒါဆို သူတို့မိသားစုအတွက် အများကြီး သက်သာသွားတာပေါ့”

“အဲလောက်အထိတော့ မဟုတ်လောက်ပါဘူး”

“ဘာလို့ မဟုတ်ရမှာလဲ၊ နင် ယွမ်ရှောင်ချွေရဲ့ ကိစ္စကို မေ့သွားပြီလား”

“အဲဒီ ယွမ်ရှောင်ချွေကမှ အချိုးမပြေတာပါအေ၊ သူက ကျောက်ရုံအပေါ် နာမည်ဖျက်တာ… ငါကြည့်ရသလောက်တော့ ကျောက်ရုံကလူမှုရေး သိတတ်ပါတယ်……”

“ငါကတော့ ယွမ်ရှောင်ချွေ ပြောတာက ပိုပြီး အမှန်တရားနဲ့ နီးစပ်တယ်လို့ ထင်တယ်……”

ချန်ချင်းယွီမှာ နားကို စွင့်ထားရင်း၊ ကွမ်ထင်းထင်းသည်ကား အားနာပြီး ထုတ်မပြောရဲမည့် လူစားမျိုး မဟုတ်ကြောင်း ကောင်းကောင်းကြီး သိနေ၏။

မျှော်လင့်ထားသည့်အတိုင်းပင် ကွမ်ထင်းထင်း တိုက်ရိုက်ပင် ပြောလိုက်တော့သည်။

“ကျွန်မတို့အိမ်က တောင်းတာ အများကြီး မဟုတ်ပါဘူး… အမေက ပြောတယ်၊ သမီးကို အစ်မဖြစ်သူလိုမျိုး နေရာကောင်းကြီးကို အိမ်ထောင်ပြုဖို့အထိ မမျှော်လင့်ပါဘူးတဲ့…ဒါပေမဲ့ မင်္ဂလာကြေး (တင်တောင်းငွေ) ကို ခြောက်ဆယ့်ခြောက်ယွမ် (၆၆ ယွမ်) တော့ အသေအချာ ပေးရမယ်… အစ်မတုန်းကဆိုရင် ငွေငါးရာတောင် ရခဲ့တာရှင့်၊ ကျွန်မက ၆၆ ယွမ်ပဲ တောင်းတာဆိုတော့ ဒါက အထိမ်းအမှတ် သဘောမျိုးပဲ ရှိတာပါ… ကျွန်မက ပေကျင်းမြို့ခံ မိန်းကလေးဖြစ်ပြီး ကိုယ်ပိုင်အလုပ်အကိုင်လည်း ရှိတာဆိုတော့၊ နည်းလွန်းရင် ကျွန်မမျက်နှာ ပျက်ရလိမ့်မယ်.. ကျွန်မက တောရွာကလို ဆယ်ယွမ်၊ အစိတ်နဲ့ လက်ထပ်တဲ့ မိန်းကလေးတွေနဲ့ မတူဘူးလေ… ၆၆ ယွမ်ကတော့ လျှော့လို့မရပါဘူး၊ ကျွန်မတို့အိမ်က တကယ့်ကို အလိုက်သိဆုံး တောင်းတာပါ… စက်ဘီးကိုတော့ ကျွန်မတို့အိမ်ကနေ မင်္ဂလာဆောင်ပစ္စည်းအဖြစ် ထည့်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ အပ်ချုပ်စက်နဲ့ ရေဒီယိုကတော့ ရှိကိုရှိရမယ်… အိမ်ထောင်ပရိဘောဂကိုတော့ အပိုင်းအစ ၃၆ မျိုး စုံလင်အောင် ချက်ချင်းကြီး မတောင်းဆိုပါဘူး၊ ဒါက ချက်ချင်းစုဖို့ မလွယ်မှန်း ကျွန်မတို့လည်း သိပါတယ်… ကျွန်မမိဘတွေက ကျွန်မကို လက်ထပ်ပေးလို့ အကျိုးအမြတ်ရဖို့ မရည်ရွယ်ပါဘူး၊ မင်္ဂလာဆောင်ပြီးရင် သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ပဲ မျှော်လင့်တာပါ… ပြီးတော့ မင်္ဂလာဆောင်တယ်ဆိုတာ ဂုဏ်ဒြပ်နဲ့ ညီဖို့လိုတယ်မလား၊ မင်္ဂလာပွဲကို လူအများကြီး လာကြမှာဆိုတော့ သိပ်ပြီး ချို့တဲ့လွန်းရင် မျက်နှာပျက်စရာကြီး… မင်္ဂလာဆောင်မယ့်နေ့မှာ ဝတ်မယ့် အဝတ်အစားအသစ်ကို အတွင်းအပြင် အစုံအလင် တစ်စုံ ဝယ်ပေးရမယ်၊ ပြီးတော့ လက်ပတ်နာရီတစ်လုံးပါ ဝယ်ပေးရင် အားလုံး အဆင်ပြေပါပြီ”

ဒါ… ဒါကြီး ..ဒီတောင်းဆိုချက်ကတော့…

အပြင်ဘက်ရှိ လူအားလုံး ရင်တမမဖြင့် အသက်ရှူပင် မှားလုနီးပါး ဖြစ်သွားကြရသည်။

ဟယ်…

ဒီနေ့ ရာသီဥတုက တကယ့်ကို အေးစိမ့်လွန်းလှချည်လား…

ဒီမိန်းကလေးက တကယ့်ကို တောင်းရဲလိုက်တာ…

ဒါ… ဒါကတော့…

ကျောက်ရုံ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားခဲ့လေသည်။

ပိုင်ဖုန်းရှန်းမှာမူ ပို၍ပင် အံ့အားသင့်လွန်းသဖြင့် အတော်ကြာအောင် စကားမဆိုနိုင်ဘဲ ရှိနေရှာ၏။ သူမ၏ သားကြီး မင်္ဂလာဆောင်စဉ် နှစ်ဖက်မိသားစု စိတ်ဆိုးနေကြသဖြင့် မင်္ဂလာပွဲမလာခဲ့ရာ၊ ပြားစေ့တစ်စေ့မျှ မကုန်ခဲ့ပေ။

တတိယသားအကြောင်းကတော့ ပြောမနေပါနဲ့တော့ အခုထိ လူပျိုကြီးဘဝနှင့် တစ်ယောက်တည်း ရှိနေတုန်း… မုဆိုးမအိမ်မှာ လုပ်အားပေးရင်းလေ…

သူမ မဝံ့မရဲဖြင့် မေးလိုက်မိကာ

“အခုခေတ်မှာ မင်္ဂလာဆောင်တာ ဒီလောက်အထိ ကုန်ကျစရိတ် များသွားပြီလား”

သူမသည် အပြင်ဘက်မှ လူအားလုံး၏ အံ့ဩတုန်လှုပ်မှုကို ကိုယ်စားပြု၍ မေးလိုက်ခြင်း ဖြစ်၏။

ယခုအခါ ချွေးမအမြန်လိုချင်နေသည့် ရှီကျန့်ရှန်းနှင့် အဘွားကြီးဟွမ်တို့မှာမူ လုံးဝ ဉာဏ်မမီတော့ဘဲ မှင်တက်သွားကြရသည်။

လုံးဝကို မှင်တက်အံ့ဩသွားကြခြင်း ဖြစ်၏။

သူတို့သည် လွန်ခဲ့သည့် မိနစ်ပိုင်းတင် ဤမိန်းကလေး၏ အခြေအနေကောင်းမွန်မှုကို အားကျနေခဲ့ကြသော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင်… အို… ဘုရားသခင်၊ ဒါတွေက ဘာစကားတွေပါလိမ့်…

အဘွားကြီးဟွမ်တစ်ယောက် မနေနိုင်တော့ဘဲ ချန်ချင်းယွီကို လှမ်းမေးလိုက်သည်။

“ညည်း မင်္ဂလာဆောင်တုန်းက မင်္ဂလာကြေး ဘယ်လောက် တောင်းခဲ့လဲအေ”

ချန်ချင်းယွီ : “……”

သူမသည် မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အဘွားဝကြီးဟွမ်ကို ကြည့်ပြီး အလွန်ပင် ရိုးသားလှစွာသော လေသံဖြင့် ပြန်ပြောလိုက်၏။

“ဒေါ်လေးဟွမ်ရယ်… ကျွန်မက သူနဲ့ မတူဘူးလေရှင့်… သူတို့က ကြင်ဖက်တွေ့ပွဲဆိုတော့ အခြေအနေတွေကို တစ်ခုချင်း ချပြပြီး တွက်ချက်ကြတာပေါ့.. အဆင်ပြေရင် ယူမယ်၊ အဆင်မပြေရင် မယူဘူး၊ ကြင်ဖက်တွေ့ပွဲဆိုကတည်းက စည်းကမ်းချက်တွေကို ကြည့်ရတာပဲလေ… အခြေအနေချင်း မကိုက်ညီရင် ငြင်းပယ်လိုက်ရုံပဲ၊ ဒါက သဘာဝကျပါတယ်.. ကျွန်မကတော့ မတူဘူးလေ၊ သမီးနဲ့ ကိုကိုကျန့်ဝမ်က လွတ်လပ်စွာ ချစ်ကြိုက်ခဲ့ကြတာရှင့်… ကျွန်မတို့တွေက ငယ်သူငယ်ချင်းတွေ၊ အမှန်အတိုင်း ပြောရရင် တစ်ယောက်နဲ့တစ်ယောက် အတူတူ ကြီးပြင်းလာခဲ့ကြတာ… တို့နှစ်ယောက်ရဲ့ သံယောဇဉ်က သူများတွေနဲ့ မတူဘူးလေ၊ အဲဒါကို မင်္ဂလာကြေးနဲ့ ဘယ်လိုလုပ် တိုင်းတာလို့ ရမှာလဲရှင့်… ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေချင်းလည်း မတူပါဘူး၊ ဒေါ်လေးလည်း သိတာပဲ၊ သမီးနဲ့ ကိုကိုကျန့်ဝမ် ဘယ်လောက် ချစ်ကြလဲဆိုတာ… ကျွန်မတို့တွေ မူလတန်းကတည်းက အတန်းဖော်တွေ၊ နောက်တော့ အလယ်တန်း၊ အထက်တန်းအထိ တစ်ခန်းတည်းသားတွေ ဖြစ်ခဲ့ကြတာ… အဲဒီတုန်းက ကျွန်မမှာ အမေမရှိဘူး၊ သူကလည်း အဖေမရှိရှာဘူး.. ကျွန်မတို့နှစ်ယောက်လုံးက အပေါင်းအသင်း သိပ်မရှိကြတော့ တိတ်တဆိတ် အတူတူ ဆုံတွေ့ဖြစ်ကြရင်း တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတာ… ကျွန်မတို့အတွက်တော့ တစ်ယောက်က တစ်ယောက်ရဲ့ ရင်ထဲမှာ လင်းလက်နေတဲ့ ကြယ်ပွင့်လေးတွေလိုပဲ၊ ကျွန်မတို့တွေ……”

“ဟတ်ချိုး… အဟွတ်၊ သိပြီ၊ သိပြီအေ.. ညည်း ဆက်မပြောနဲ့တော့၊ အသံလေး နည်းနည်းတိုးပါဦး၊ တိုးပါဦး……”

အဘွားကြီးဟွမ် တစ်ယောက် မိမိပါးစပ်ကို မိမိ ပြန်ရိုက်ချင်စိတ် ပေါက်သွားခဲ့ရသည်။ သူမသည် ဘာလို့များ ဤမျှအထိ ပါးစပ်သရမ်းပြီး ဤကိစ္စကို သွားမေးမိလေသနည်း…

ချန်ချင်းယွီက လင်တရူးမ ဆိုတာကို ဘယ်လိုလုပ် မေ့သွားရပါလိမ့်…

သူက သာမန်လူတွေနဲ့မှ မတူဘူး.. အမယ်လေးနော်…

ချန်ချင်းယွီသည် လင်တရူးဖြစ်သလို၊ လင်းကျမ့်ဝမ်မှာလည်း မယားတရူးဖြစ်ရာ၊ ထိုနှစ်ယောက်သည် အခြားလူများနှင့် လုံးဝ မတူကြပေ…

မေးမိတာ အပိုပဲ…

သူမကို ဤအကြောင်းအရာနှင့် ပတ်သက်၍ လုံးဝ ပေးမပြောသင့်ပေ။ ဤအကြောင်းကို ပြောလိုက်သည်နှင့် သူမသည် စကားအလွန်များသည့် 'ရှန့်လင်ဇနီး’ကဲ့သို့ ဖြစ်သွားတတ်၏။

အဘွားကြီးဟွမ် ဘယ်လိုမှ မခံနိုင်ပေ။

ပုံမှန်အချိန်တွင် အလွန်ပင် အကောင်းပကတိ ရှိနေသည့် လူတစ်ယောက်မှာ လင်းကျန့်ဝမ်အကြောင်းကို စကားစလိုက်သည်နှင့် စိတ်ကူးယဉ် ကယောင်ကတမ်း ဖြစ်သွားတတ်စမြဲပင်… လင်းကျန့်ဝမ် ဆုံးပါးသွားခါစ အချိန်၌ သူမ ဖြစ်ပျက်နေခဲ့သည့် ပုံစံကို အဘွားကြီးဟွမ် ပြန်တွေးမိပြီး ကြက်သီးပင် ထသွားမိသည်။

ဟူး…

ဤသို့ ကြည့်ရလျှင် နှိုင်းယှဉ်စရာ အကြောင်းမရှိပေ။

ဤအိမ်ရာဝင်းထဲတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မင်္ဂလာဆောင်ခဲ့ကြသူများထဲ၌ ချန်ချင်းယွီနှင့် လင်းကျန့်ဝမ်တို့၏ အခြေအနေသည် အခြားသူများနှင့် မတူပေ။ မာကျန်း၏ ဇနီးကို ကြည့်ပြန်လျှင်လည်း ထိုစဉ်က မာကျန်း ကျေးလက်သို့ ဆင်းသွားချိန်တွင် သမက်အဖြစ် အိမ်ထဲသို့ ဝင်နေရသည့် သဘောမျိုး ဖြစ်ခဲ့သဖြင့် ယင်းကိုလည်း ထည့်တွက်၍ မရပေ။ အခြား… အခြားလူလည်း မရှိတော့ဘူး…

ချန်ချင်းယွီသည် အဘွားကြီးဟွမ်၏ စိတ်ပျက်အားလျော့နေသည့် မျက်နှာပေးကို ကြည့်ကာ ပြောလိုက်သည်။

“အနောက်ဝင်းကို သွားပြီး မေးကြည့်ပါလားရှင့်”

သူတို့ဝင်းကြီးသည် အိမ်ရာဝင်း ငါးခု ရှိသော်လည်း၊ အနောက်ဝင်းနှင့် ရှေ့ဝင်းရှိ လူများမှာ အသွားအလာ အဆက်အသွယ် သိပ်မရှိကြပေ။ သူတို့သည် လူစိမ်းဆန်လွန်း၍ မဟုတ်ဘဲ၊ အနောက်ဝင်းရှိ လူအများစုမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စက်ရုံမှ အိမ်ခန်း တစ်ပြိုင်တည်း ချထားပေးခြင်း ခံရသည့် ဇနီးမောင်နှံ အငယ်လေးများ ဖြစ်ကြသောကြောင့် ဖြစ်၏။ စက်ရုံဘက်မှ အိမ်ခန်းချထားပေးရာတွင် တစ်သုတ်ပြီးတစ်သုတ် ခွဲ၍ စီစဉ်ပေးလေ့ရှိသည်။ အိမ်ရာအခက်အခဲ ရှိသဖြင့် လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်သည့် မိသားစုများကိုသာ ဦးစားပေး စီစဉ်ပေးခဲ့ကြရာ၊ အနောက်ဝင်းတွင် ဇနီးမောင်နှံနှစ်ဦးစလုံး အလုပ်သွားကြသည့် အိမ်များချည်း ဖြစ်နေတော့၏။

ထိုစဉ်က အိမ်ခန်းရချိန်တွင် ဇနီးမောင်နှံ အငယ်လေးများသာ ဖြစ်ကြသော်လည်း၊ ယခုနှစ်ပိုင်းအတွင်း အချို့မှာ ကလေးများ ရလာခဲ့ကြပြီ ဖြစ်သည်။ သို့သော် လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ကြရပြီး၊ ကလေးသည်လည်း ကျောင်းတက်ရမည့် အရွယ်သို့မရောက်သေးသဖြင့် ကလေးများကို ယောက္ခမအိမ် (သို့မဟုတ်) မိဘအိမ်သို့ ပို့ထားတတ်ကြကာ၊ အချို့မှာမူ အဝေးက ကလေးထိန်းကျောင်းများသို့ ပို့ထားကြသည်။ သူတို့ ရပ်ကွက်ရှိ ကျောင်းများသည် အသက် ငါးနှစ်အောက်ကို လက်မခံသော်လည်း၊ အခြား လက်ခံသည့် နေရာများ ရှိသေး၏။

ဤအခြေအနေများကြောင့် လူတိုင်းမှာ အိမ်နီးနားချင်း ဖြစ်ကြသော်လည်း နေ့စဉ်ဘဝတွင် အတူတူထိုင်ကာ စကားစမြည် ပြောဆိုဖို့ရာ အချိန်မရှိကြပေ။ အပျော်အပါး လာကြည့်လျှင်မူ ကြည့်ကြသော်လည်း၊ ရှေ့ဝင်းရှိ လူများနှင့်မူ သိပ်ပြီး ဝင်ထွက်သွားလာခြင်း မရှိကြပေ။

အဘွားကြီးဟွမ် : “အနောက်ဝင်းကလူတွေနဲ့ တကယ်ပဲ မရင်းနှီးဘူးအေ.. ဒါပေမဲ့ နောက်ကျရင် ငါ သွားမေးကြည့်ဦးမယ်… ငါ့ရဲ့ ပထမဆုံး ချွေးမတုန်းက မြို့ပေါ်က အလုပ်ရှိတဲ့ မိန်းကလေး ဖြစ်တာတောင် မင်္ဂလာကြေး ဆယ်ယွမ်ပဲ ပေးခဲ့ရတာ၊ အခုမှ နှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ ဆယ်နှစ်တောင်မပြည့်သေးဘူး၊ ဘာလို့ ဒီလောက်အထိ ဈေးကြီးသွားရတာလဲမသိဘူး”

“ဘယ်သူသိမှာလဲဟယ်… တို့အိမ်က သားကြီးနဲ့ သားလတ် မင်္ဂလာဆောင်တုန်းကလည်း ဒီဈေးနှုန်းဝန်းကျင်ပဲ ရှိတာ… အခုခေတ်မှာ တကယ်ပဲ ဈေးနှုန်းတွေ တက်သွားတာလားမသိဘူး”

လူတိုင်း စိုးရိမ်ပူပန်နေကြ၏။

ဒါက တကယ်ကို ဈေးကြီးလွန်းနေတာလေ…

အကယ်၍ အခြေအနေ ကောင်းမွန်လျှင် ၆၆ ယွမ်ကို အောင့်အည်းပြီး ပေးနိုင်သေးသည် ဆိုသော်ငြား၊ အပ်ချုပ်စက်၊ လက်ပတ်နာရီ၊ ရေဒီယို…

ဒါတွေက တကယ့်ကို သောက်ကျိုးနည်း..များလွန်းလှချည်ရဲ့…

ငွေရာဂဏန်းမက ကုန်ကျမည် ဖြစ်၏။ ထိုမျှမက ပစ္စည်းဝယ်ယူခွင့် လက်မှတ်ပါ လိုအပ်သေးရာ ထိုမျှများပြားသော လက်မှတ်များကို မည်သည့်နေရာမှ သွားရှာရမည်နည်း။

ဤသို့ တွက်ချက်ကြည့်လျှင် မင်္ဂလာဆောင်တစ်ခုအတွက် ငွေငါးရာပင် လောက်မည်မဟုတ်ပေ…

ဟူး…

ဘုရားသခင်ရေ…

လူတိုင်း မှင်တက်သွားကြရသည်။

ကျောက်ရုံနှင့် အဘွားကြီးပိုင်တို့လည်း မှင်တက်သွားကြရသလို၊ ယွမ်ဟောက်ဖုန်းမှာမူ အံ့အားသင့်သွားရသည်။ သူ

ပြုံးလိုက်ပြီးနောက် ပြောလိုက်၏။

“ဒါဆို မင်းတို့အိမ်ဘက်ကကော ဘာတွေ ပြန်ထည့်ပေးမှာလဲဟင် မင်းလည်း သိတဲ့အတိုင်း ကျွန်တော့်ရဲ့ အခြေအနေကလည်း မညံ့ပါဘူး”

ကွမ်ထင်းထင်: : “ကျွန်မတို့အိမ်ရဲ့ အခြေအနေကလည်း ကောင်းပါတယ်ရှင့်၊ ပြီးတော့ ကျွန်မရဲ့ ခဲအိုက ဒုဥက္ကဋ္ဌလေ၊ လူကြီးတစ်ယောက်ပဲဥစ္စာ… ဒီအဆက်အသွယ်တွေက အရင်းအမြစ်တွေ (အရင်းအနှီးတွေ) ပဲ မဟုတ်လား”

ယွမ်ဟောက်ဖုန်း မျက်ခုံးပင့်လိုက်မိသည်။ ဤစကားကို ကြားရသည်နှင့် သူတို့မိသားစုဘက်မှ မင်္ဂလာဆောင်ပစ္စည်း ဘာမျှ ပြန်ထည့်ပေးချင်သည့် ဆန္ဒမရှိမှန်း သိသာလှပေသည်။

ဘာမှ ပြန်မထည့်ပေးဘဲနဲ့ ဒီလောက်အထိ တောင်းရဲတယ်ပေါ့…

ယွမ်ဟောက်ဖုန်းသည် အပ်ချုပ်စက်နှင့် ရေဒီယို စသည်တို့မှာ မိမိတို့ အိမ်ထောင်ရေးအတွက် အသုံးပြုရမည်ဆိုလျှင်ပင် ဂရုမစိုက်တော့ပေ။ သူသည် ဤမိန်းကလေးကို ပထမဆုံး မြင်ဖူးစကဲ့သို့ သဘောမကျတော့ကာ၊ လောဘကြီးပြီး ဂုဏ်မက်သည့် အချိုးမျိုးကိုမူ မည်သူမှ အလကားနေရင်း သဘောကျလိမ့်မည် မဟုတ်ပေ။

အဆက်အသွယ်များသည် အရင်းအမြစ် ဖြစ်သည်ဆိုလျှင်မူ၊ သူ့ထံတွင်လည်း မရှိသည် မဟုတ်ပေ။

ယွမ်ဟောက်ဖုန်း လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ သူ့အနားတွင်မူ သူ့ကို ကူညီပံ့ပိုးပေးနိုင်သည့် ရှန့်ရှန့်တကွ အစ်မကြီးများ အတော်များများ ရှိနေသည် မဟုတ်လော့။

ပြောရလျှင် ၎င်းအရင်းအမြစ်များမှာ ကွမ်ထင်းထင်းထက် နည်းပါးသည်မဟုတ်ပေ။ ရှန့်ရှန့်မှာ သူ့ကို ကြိုတင်ကာကွယ်ပြီး စည်းခြားထားသော်လည်း၊ ယွမ်ဟောက်ဖုန်းသည် လူလည်တစ်ယောက်ဖြစ်သဖြင့် ရှန့်ရှန့် ဘာလုပ်နေသည်ကို အကုန်သိ၏။ ထိုအဘွားကြီးသည် လူငယ်လေးများကို အမျိုးသမီးကြီး (အစ်မကြီး) များနှင့် မိတ်ဆက်ပေးတတ်ပြီး၊ မိန်းမပျိုလေးများကိုလည်း အရှိန်အဝါရှိသော လူကြီး (အစ်ကိုကြီး) များနှင့် ချိတ်ဆက်ပေးတတ်သည်။

ထို့ကြောင့် သူမ၏လက်ထဲတွင် အဆက်အသွယ် အရင်းအမြစ်များစွာ ရှိနေခြင်းဖြစ်၏။

ယင်းမှာပင် ယွမ်ဟောက်ဖုန်းတစ်ယောက် စိတ်ကူးပေါက်ပြီး ရှန့်ရှန့်ကို လက်ထပ်ချင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ရမည့်

အကျိုးအမြတ်မှာ အလွန်တရာ များပြားလွန်းလှ၏။

ကွမ်ထင်းထင်း ပြောသည့် “အဆက်အသွယ်က အရင်းအမြစ်ပဲ” ဆိုသည့်စကားကို သူ လှိုက်လှိုက်လှဲလှဲ ထောက်ခံမိသော်လည်း၊ အခြေအနေသည် တကယ်သာ ဤသို့ဆိုလျှင် သူ ကွမ်ထင်းထင်းကို ရွေးချယ်နေစရာ မလိုအပ်ပေ။ သူ့တွင် ပိုကောင်းသည့် ရွေးချယ်စရာ ရှိနေသည်သာ… သူ၏ အပြုံးများမှာ သိသိသာသာ မှေးမှိန်သွားတော့သည်။

ချန်·အကဲခတ်·ချင်းယွီလေး : “ကြည့်ရတာ ပွဲပျက်တော့မယ့် ပုံပဲ၊ မဖြစ်နိုင်တော့ဘူး ထင်တယ်”

ဤစကားကို ဘေးလူများလည်း ထောက်ခံကြ၏။ အားလုံးမှာ မင်္ဂလာဆောင်ဖို့ရာ မဖြစ်နိုင်တော့ဟု ထင်ကြသည်၊ ဆိုရသော် တောင်းဆိုချက်သည် များလွန်းလှ၍ပင်။ ယွမ်မိသားစုမှာ ပြီးခဲ့သည့်လပိုင်းတင် ယွမ်ရှောင်ချွေ၏ ဓားစာခံလုပ် ခြစ်ထုတ်ခြင်းကို ခံထားရသဖြင့်၊ လအနည်းငယ်အတွင်းမှာတင် အကြွေးနှင့် ပစ္စည်းလက်မှတ်များကိုပင် ကုန်အောင် မဆပ်နိုင်သေးရာ၊ ဤမျှများပြားသော ငွေကြေးကို မည်သို့မှ ထုတ်ပေးနိုင်မည် မဟုတ်ပေ။

“ငါလည်း မဖြစ်နိုင်တော့ဘူးလို့ ထင်တာပဲ”

“တွေ့လား… ငါပြောသားပဲ၊ အပြင်က မိန်းမတွေက အားကိုးလို့မရပါဘူးဆိုတာ… လာလာချင်းပဲ အဲဒီလောက်အထိ တောင်းနေတာ၊ ကောင်းကင်ပေါ် ပျံတက်ချင်နေတာလား မသိဘူး၊ တို့သမီးသာ အိမ်ထောင်ပြုရင် အဲဒီ အပ်ချုပ်စက်၊ ရေဒီယို၊ လက်ပတ်နာရီတွေ ဘာမှပြင်စရာမလိုဘူး၊ ၆၆ ယွမ် မင်္ဂလာကြေးဆိုရင် ရပြီ”

လင်စန်းရှင်း ထပ်မံ၍ ဝင်ပြောပြန်သည်။

သို့သော်လည်း အဘွားကြီးဟွမ်၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရ၏။

အဘွားကြီးဟွမ် စောက်မြင်ကတ်ကတ်နှင့် ဆိုလေတော့သည်။

“သူ့မှာက တရားဝင်အလုပ်ရှိတယ်၊ မိသားစုအခြေအနေကလည်း ကောင်းလို့ ၆၆ ယွမ် တောင်းရဲတာအေ… နင့်သမီးကို ၆၆ ယွမ်နဲ့ ပေးစားမယ်ဆိုရင်တော့ လူအတွေကို သွားလိမ်သလို ဖြစ်နေမှာပေါ့၊ နင့်သမီးက ၆၆ ယွမ် မတန်ပါဘူးအေ”

လင်စန်းရှင်း ပြန်လည်ချေပချင်သော်လည်း၊ ပြဿနာရှာနေသူမှာ အဘွားကြီးဟွမ် ဖြစ်နေသဖြင့် အတန်တန် အောင့်အည်းသည်းခံကာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဘေးသို့ ကုန်းကုန်းကွကွဖြင့် ဆုတ်သွားရှာသည်။ သူမသည် ဤသို့ပင် ဖြစ်သည်၊ ပုံမှန်ဆိုလျှင် လူလုံးမပြဘဲ ကြောက်တတ်သော်လည်း တစ်ခါတရံတွင် လူကို ရင်ဘတ်အောင့်အောင် ကတ်သီးကတ်သတ် ပြောတတ်လေ၏။

ချန်ချင်းယွီတစ်ယောက် အကဲခတ်နေစဉ်၊ ရှီကျန့်ရှန်း ကိစ္စတစ်ခုကို သတိရသွားကာ လှမ်းမေးသည်။

“နင်တို့အိမ်မှာ အပ်ချုပ်စက်လက်မှတ် တစ်စောင် ရှိတယ်မဟုတ်လား ရှောင်ချန်”

ချန်ချင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ ဤအကြောင်းကို လူတိုင်း သိထားကြသဖြင့် ဖုံးကွယ်နေစရာ မလိုပေ။

ထိုစဉ်ကလည်း ယွမ်ရှောင်ချွေ၏ အကွက်ထဲတွင် ဤလက်မှတ် မပါဝင်ခဲ့ပေ။ အမှန်ပင် ယွမ်ရှောင်ချွေ ကျေးလက်ဆင်းရမည့်အချိန်တွင် အပ်ချုပ်စက်လက်မှတ်ကို ချေးယူသွားမည်ဆိုပါက အလွန် သိသာလွန်းပြီး လုပ်ကြံထားမှန်း ပေါ်လွင်သွားပေလိမ့်မည်။

ထို့အပြင် အပ်ချုပ်စက်လက်မှတ် တစ်စောင်တည်း ရှိခြင်းသည် သိပ်ပြီး ထူးဆန်းသည်မဟုတ်ရာ၊ ချန်ချင်းယွီတို့ သမီးယောက္ခမသည်လည်း ယင်းကို ဝှက်ဖွက်မထားခဲ့ကြပေ။

“ဒါဆို နင်တို့အိမ်က မဝယ်ဘူးလား”

ချန်ချင်းယွီ ရှက်ကိုးရှက်ကန်းလေး ပြုံးကာ

“ကျွန်မတို့အိမ်က ဝယ်ဖို့ မရည်ရွယ်ထားပါဘူး၊ လောလောဆယ် ဒီအတိုင်းပဲ ထားဦးမလို့… နောင်ကျရင် ဘယ်သူက လိုအပ်မလဲ ကြည့်ပြီး ပစ္စည်းတစ်ခုခုနဲ့ လဲလှယ်ရင်လည်း ရတာပဲလေ.. အပ်ချုပ်စက်တစ်လုံးကလည်း ငွေမနည်းဘူး၊ ကျွန်မတို့အိမ်က သုံးရတာလည်း နည်းတော့ ဝယ်လိုက်ရင် အရမ်းရှုံးမှာစိုးလို့ပါ”

ချိုက်မင်မင် စူးစမ်းလိုစိတ်ဖြင့်

“နင်တို့အိမ်က လဲမလို့လား.. နင့်ယောက္ခမကကော လဲဖို့ သဘောတူရဲ့လား”

ချန်ချင်းယွီ ရယ်မောရင်း

“လဲတာပေါ့… ဒါက ဘာလို့ မလဲနိုင်ရမှာလဲ”

ချိုက်မင်မင် တွေးတောသွားပုံရပြီး နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်

“ဒါဆို… ဒါဆိုရင် တကယ်လို့ ငါက လဲမယ်ဆိုရင်၊ နင့်ယောက္ခမက လဲဖို့ သဘောတူပါ့မလားဟင်”

သူမသည် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်သပ်နေ၏။

ချန်ချင်းယွီ : “ရတာပေါ့”

ချိုက်မင်မင်သည် ကျေးလက်တောရွာမှ ပြောင်းရွှေ့လာကတည်းက ဤနေရာတွင် တောရွာကဲ့သို့ လုပ်စရာအလုပ်များများစားစား မရှိသဖြင့် နေ့တိုင်း မိမိကိုယ်ကိုယ် အားယားနေသည်ဟု ခံစားနေရသည်။ အစောပိုင်း၌ ရက်အနည်းငယ်ခြားတစ်ခါ မြို့ပြင်ရှိ တောင်ပေါ်သို့ တက်ကာ ဟိုဟိုဒီဒီ ရှာဖွေနိုင်သေးသော်လည်း၊ ရာသီဥတု အေးစိမ့်လာချိန်တွင်မူ မသွားနိုင်တော့ပေ။

သူမတွင် အချိန်များ အလွန် ပိုလျှံနေသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေရရာ၊ အကယ်၍ အပ်ချုပ်စက်တစ်လုံး ရှိမည်ဆိုလျှင် မိမိအိမ်မှ အထည်များကို ဖာထေးချုပ်လုပ်မှု အဆင်ပြေသွားမည့်အပြင်၊ လက်ရည်ကျွမ်းကျင်လာပါက အပြင်ဘက်မှ အပ်ချုပ်အလုပ်အသေးအမွှားလေးများကိုပါ လက်ခံချုပ်လုပ်ပေးနိုင်မည် ဖြစ်၏။ ထိုအခါ မိသားစုအတွက် ဝင်ငွေတစ်ခု တိုးလာနိုင်ပေလိမ့်မည်။

“ကျွန်မတို့အိမ်က ပိုက်ဆံမယူဘူးနော်”

ချန်ချင်းယွီက သတိပေးလိုက်၏။

ချိုက်မင်မင် ခေါင်းငြိမ့်ကာ

“ငါသိပါတယ်”

ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံးသည် ဤကိစ္စမျိုးတွင် အလွန် သတိကြီးကြလွန်းသဖြင့် အိမ်ရာဝင်းထဲမှ လူများနှင့် ငွေကြေးကိစ္စ အပေးအယူလုပ်လေ့ မရှိကြပေ။

“ဒါဆိုရင် ဒေသထွက်ပစ္စည်းတွေနဲ့ လဲရင် ရမလားဟင်”

ချန်ချင်းယွီ : “ရတာပေါ့၊ ဘာလို့ မရရမှာလဲ”

တောတောင်ဒေသထွက်ပစ္စည်းဆိုသည်မှာ တကယ့် ပစ္စည်းကောင်းများ ဖြစ်သည်။ အထူးသဖြင့် သစ်အယ်သီးကြီးများ ဖြစ်ပြီး၊ ချန်ချင်းယွီ ပြီးခဲ့သည့်

အကြိမ် တစ်အိတ် လဲလှယ်စားဖူးရာ အလွန်ပင် မွှေးပျံ့အီဆိမ့်လှ၏။

မြေပဲသည်ပင် ဘယ်လိုမှ နှိုင်းယှဉ်၍ မရပေ။

“နည်းရင်တော့ မရဘူးနော်၊ အမေက လဲဖို့ သဘောတူတယ်ဆိုပေမဲ့ စကားပြောရ သိပ်တော့ မလွယ်ဘူးရှင့်။”

သူမ ထပ်လောင်းပြောလိုက်သည်။

အပ်ချုပ်စက်လက်မှတ်တစ်စောင်ဆိုလျှင် မှောင်ခိုဈေးကွက်တွင် ငွေလေးဆယ်ဝန်းကျင် ပေါက်ဈေးရှိရာ၊ ယင်းနှင့် တန်ဖိုးချင်း မျှတမည့် ပစ္စည်းမျိုးနှင့်သာ လဲလှယ်ရမည်ဖြစ်၏။

“မာကျန်းမိန်းမရေ… နင်တို့အိမ်မှာ အဲဒီလောက်အထိ များပြားတဲ့ တောဒေသထွက်ပစ္စည်းတွေ ရှိလို့လားအေ”

ရှီကျန့်ရှန်း စူးစမ်းလိုစိတ်ဖြင့် စမ်းသပ်မေးမြန်းလိုက်သည်။

ချိုက်မင်မင် : “ကျွန်မ မိဘအိမ်ကို စာရေးပြီး တောင်းလို့ရပါတယ်၊ မိဘအိမ်မှာတော့ သေချာပေါက် ရှိပါတယ်”

ရှီကျန့်ရှန်း : “……”

ညည်းမိဘအိမ်ကတော့ ညည်းဂုတ်သွေးစုပ်တာနဲ့ လုံးပါးပါးတော့မယ်…

အခြားလူများလည်း တိတ်ဆိတ်သွားကြတော့သည်။

သို့သော်လည်း အဘွာကြီးဟွမ်မှာမူ မိမိ၏ ချွေးမသည်လည်း ဤကဲ့သို့ မိဘအိမ်မှ ပစ္စည်းများကို ယူဆောင်ပြီး မိမိအိမ်လေးကို ဖြည့်ဆည်းပေးနိုင်လျှင် အတိုင်းထက်အလွန် ကောင်းမည်ဟု တွေးကာ သက်ပြင်းချမိ၏။

ကံဆိုးချင်တော့ သူ့ချွေးမလောင်းက ဘယ်နေရာမှာ ရှိနေမှန်းတောင် မသိရသေးဘူး…

အကယ်၍ သားဖြစ်သူကို ကျေးလက်မှ ရိက္ခာဝေစုမရှိသည့် မိန်းကလေးနှင့် ပေးစားရမည်ဆိုလျှင်မူ မဖြစ်နိုင်ပေ။

ချိုက်မင်မင်ခမျာ လူတိုင်း မိမိကို အထင်လွဲနေကြသည်ကို မသိရှာပေ။

သို့သော်လည်း အမှန်တကယ်တွင် မာကျန်း၏ဖခင် မာကျန့်ယီသည် အလုပ်လုပ်ရာတွင် အလွန်ပင် စေ့စပ်သေချာသူတစ်ဦး ဖြစ်သည်။ အစောပိုင်းတွင် သားဖြစ်သူကို တကယ်ပင် စိတ်ဆိုးဒေါသထွက်ခဲ့သဖြင့် သားအဖအဖြစ်မှ စွန့်လွှတ်ရမတတ် တင်းမာခဲ့သည့် ခေါင်းမာသော အဘိုးကြီး ဖြစ်သော်လည်း၊ ယခု ပြန်လည်အဆင်ပြေချိန်၌ ဖြောင့်မတ်မှန်ကန်စွာ ကူညီပေးမည်သာ ဖြစ်ပြီး ချွေးမဖြစ်သူကို မျက်နှာငယ်အောင် မလုပ်ပေ။

သူမသည် ပြီးခဲ့သည့်လ မိဘအိမ်သို့ စာရေးရာတွင် စက်မှုကုန်စည်လက်မှတ် ၁၀ စောင်တောင် ထည့်ပေးလိုက်သေး၏။ ၎င်းတို့မှာ မာကျန့်ယီ သူများထံမှ လဲလှယ်ပေးထားခြင်း ဖြစ်၏။ ယင်းမှာ ရွာခံလူများအတွက် တကယ့်ကို အဖိုးတန်ပစ္စည်းများ ဖြစ်ပြီး သူတို့ရွာတွင် အလွန်ပင် ရှားပါးလှသည်။ ဤစက်မှုလက်မှတ်များ ရှိပါက ဝယ်ယူနိုင်မည့် ပစ္စည်းများစွာ ရှိလာနိုင်ပေသည်။

တကယ့်ကို အသုံးဝင်လှ၏။

သူတို့ တောင်စောင်းအနီးမှ ကျေးလက်ရွာများတွင် တောတောင်ထွက်ပစ္စည်းဆိုသည်မှာ ဝီရိယရှိရှိ ရှာဖွေလျှင် ရနိုင်သော်လည်း၊ ဤကဲ့သို့သော မြို့ပေါ်မှ ပစ္စည်းလက်မှတ်မျိုးကိုမူ ရရှိရန် အလွန်ခက်ခဲလှကာ နှစ်စဉ် ခွဲတမ်းသည်လည်း အလွန်နည်းပါးသည်။ ရွာလူကြီးများပင် လျှင် အနည်းငယ်မျှသာ ရရှိကြပြီး၊ တစ်နှစ်ပတ်လုံး စုဆောင်းလျှင်ပင် ဒယ်အိုးတစ်လုံး ဝယ်ဖို့ရန် မလောက်ငပေ။ ထို့ကြောင့် ဤလက်မှတ်များသည် အကောင်းဆုံး ပစ္စည်းများ ဖြစ်ကြ၏။

ဒယ်အိုး၊ ပန်းကန်ခွက်ယောက် စသည့် အိမ်သုံးပစ္စည်းမှန်သမျှ ဝယ်ယူရာတွင် သုံးရသည် မဟုတ်လော့။

ချိုက်မင်မင်သည် လူတိုင်း မိမိကို အထင်လွဲနေသည်ကို မရိပ်မိဘဲ အတော်ပင် ပျော်ရွှင်နေရှာသည်။

ချန်ချင်းယွီလည်း ပျော်ရွှင်မိသည်၊ မိမိလိုအပ်သည့် ပစ္စည်းနှင့် လဲလှယ်နိုင်လျှင် အကောင်းဆုံးသာ… လူတိုင်း တောတောင် ဒေသထွက်ပစ္စည်းသည် ကျေးလက်တွင် တန်ဖိုးမရှိဟု ပြောကြသော်လည်း၊ မြို့ပေါ်မှာတွင်မူ လုံးဝ ဝယ်မရပေ။ သူတို့ မကြာခဏ သွားလေ့ရှိသည့် မြို့ပြင် တောင်ပေါ်တွင်ပင် မရှိပေ။ အကယ်၍ တစ်ယောက်ယောက် မိမိနှင့် လာရောက် လဲလှယ်မည်ဆိုပါက သူမအနေဖြင့် အလွန်ပင် ကျေနပ်မိမည်သာ…

သစ်အယ်သီးကြီးတွေက တကယ်ကို မွှေးပြီး စားလို့အကောင်းဆုံးပဲ…

All Chapters