အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) အတွေးစတချို့
ယွမ်ဟောက်ဖုန်းနှင့် ကွမ်ထင်းထင်းတို့၏ အောင်သွယ် ကြင်ဖက်တွေ့မှုသည် အမှန်တကယ်ပင် အောင်မြင်သွားခဲ့လေသည်။
၎င်းမှာ လူတိုင်းအတွက် လုံးဝကို ထင်မှတ်မထားစရာ ကိစ္စတစ်ခုပင်။
ကွမ်ထင်းထင်း၏ မြင့်မားလှသော စံနှုန်းသတ်မှတ်ချက်များကြောင့် ဤအိမ်ထောင်ရေး ဖြစ်မြောက်ရန် မလွယ်ကူကြောင်းနှင့် အထူးသဖြင့် ယွမ်ဟောက်ဖုန်းကိုယ်တိုင်မှာလည်း ငြင်းဆန်လိုသည့် အရိပ်အယောင်များ ပြသခဲ့ခြင်းကြောင့် သူတို့နှစ်ဦး ရှေ့ဆက်နိုင်ကြလိမ့်မည်မဟုတ်ဟု အားလုံး တွေးထင်ထားခဲ့ကြ၏။
သို့သော်လည်း အခြေအနေများမှာ ထိုသို့ ဖြစ်မလာခဲ့ဘဲ အားလုံး၏ အထင်ကို ရိုက်ချိုးကာ အမှန်တကယ် လက်ထပ်ဖြစ်သွားကြလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။
စင်စစ်အားဖြင့် ကြင်ဖက်တွေ့သည့် ထိုနေ့၌ပင် အဆင်ပြေသွားခဲ့ကြခြင်းမျိုး မဟုတ်ဘဲ မျက်နှာပျက်ပျက်နှင့်ပင် လမ်းခွဲခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ရက်အနည်းငယ်မျှအကြာတွင် ယွမ်ဟောက်ဖုန်း၏ မိခင်ဖြစ်သူ ကျောက်ရုံမှာ အိမ်တိုင်းစေ့ လှည့်လည်ကာ မင်္ဂလာသတင်း လိုက်လံအကြောင်းကြားလာသောအခါ ချန်ချင်းယွီတစ်ယောက် ဆွံ့အမှင်တက်သွားရတော့၏။
သူတို့နှစ်ဦး အောင်သွယ်ဆန်းဆန်းနှင့် အဆင်ပြေသွားကြသည်မှာ အံ့ဩစရာ ကောင်းနေပြီဖြစ်ရာ ယခုကဲ့သို့ ရုတ်တရက် အလျင်အမြန် လက်ထပ်ကြဦးမည်ဟူသော သတင်းကြောင့် ပို၍ပင် တုန်လှုပ်စရာ ကောင်းနေတော့သည်။
ခေတ်ကာလအရ အိမ်ထောင်ပြုခြင်းများ မြန်ဆန်တတ်သည်ဆိုသော်ငြားလည်း ဤမျှအထိ မမြန်သင့်ပေ။ ချန်ချင်းယွီသည် အလွန်အမင်း စပ်စုချင်စိတ် ပြင်းပြလာမိ၏။
၎င်းတို့နှစ်ဦးမှာ မည်သို့မျှ အဆင်မပြေနိုင်သည့် အတွဲမျိုးဖြစ်ပါလျက် မည်သို့မည်ပုံ ပေါင်းဖက်သွားကြသည်ကို သူမ လုံးဝ နားမလည်နိုင်အောင် ဖြစ်ရသည်။ သို့သော်လည်း ယွမ်မိသားစု၌ ထူးဆန်းသော ကိစ္စရပ်များ အမြဲလိုလို ဖြစ်ပွားတတ်သဖြင့် အိမ်နီးနားချင်းများမှာလည်း အထူးအဆန်း မဟုတ်သည့်နှယ် နေသားကျနေကြပြီ ဖြစ်၏။
ဆောင်းဦးရာသီ ကုန်လွန်၍ ဆောင်းအအေးဓာတ်သည် ရောက်ရှိလာပြီး သည်းထန်စွာ ကျဆင်းနေသော နှင်းပွင့်များကြောင့် အအေးဒဏ်သည် ပိုမိုပြင်းထန်လာခဲ့သည်။ တော်သေးသည်မှာ ချန်ချင်းယွီတို့ မိသားစုသည် ယခုနှစ်တွင် ဂွမ်းကပ်အင်္ကျီအသစ်များ လဲလှယ်ချုပ်လုပ်ထားနိုင်ခဲ့ခြင်းပင်။ ယမန်နှစ်ရှိ အင်္ကျီအဟောင်းများကိုသာ ဆက်ဝတ်ဆင်ရမည်ဆိုပါက ယခုကဲ့သို့ အအေးဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ယခုနှစ် ဆောင်းရာသီသည် အစကတည်းက အပူချိန် ပြင်းထန်စွာ ကျဆင်းခဲ့သဖြင့် အထူးပင် အေးခဲရက်စက်လှသော ဆောင်းရာသီတစ်ခုဟု ဆိုရပေမည်။ ချန်ချင်းယွီသည်လည်း အလုပ်သွားရန် မလိုသဖြင့် အပြင်သို့ အလွန်ပင် ထွက်ခဲလှ၏။
ဤအခြေအနေတွင် ၎င်းတို့ နေထိုင်ရာ အိမ်အိုလေး၏ အားသာချက်မှာ ပေါ်လွင်လာခဲ့သည်။ ပုံမှန်အချိန်များတွင် အခန်းကျဉ်းမြောင်းလွန်းသည်ဟု မကြာခဏ ညည်းတွားမိသော်လည်း ယခုအခါတွင်မူ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်၏။ အိမ်အကျယ်အဝန်း သေးငယ်သဖြင့် အခန်းတွင်း လျင်မြန်စွာ နွေးထွေးလာပြီး အိမ်ကြီးအိမ်ကောင်းများနှင့်စာလျှင် ငွေကုန်ကြေးကျများစွာ သက်သာစေသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်မီးသွေးခဲများ၏ ဈေးနှုန်းသည်လည်း မသက်သာလှသောကြောင့်တည်း။
ကလေးငယ်များမှာမူ အအေးဒဏ်ကို ဂရုမထားဘဲ ဝင်းထဲ၌ ပြေးလွှားဆော့ကစားနေကြသည်။ ချန်ချင်းယွီ တစ်ယောက် ငါးဖမ်းမထွက်ဖြစ်တော့သဖြင့် ကလေးများအတွက်လည်း ပိုမို လွတ်လပ်သော အချိန်များ ရရှိနေခဲ့၏။
ရာသီဥတု အေးစက်လွန်းသဖြင့် လူများသည် နွေးထွေးသော ရာသီများကဲ့သို့ ရှေ့ဝင်းထဲတွင် စုဝေးကာ စကားစမြည် မပြောဖြစ်ကြတော့ပေ။ သို့သော်လည်း ဝင်းအတွင်း၌ လူစုလူဝေး အဖြစ်များဆုံး နေရာနှစ်နေရာ ရှိနေဆဲ ဖြစ်သည်။ တစ်နေရာမှာ ရှီကျန့်ရှန်းတို့ အိမ်ဖြစ်ပြီး အခြားတစ်နေရာမှာမူ ပိုင်ဖုန်းရှန်းတို့ အိမ်ဖြစ်၏။ လူများသည် အားလပ်သည့် အခါတိုင်း ထိုနေရာများသို့ သွားရောက်ကာ စကားဖောင်ဖွဲ့တတ်ကြသည်။
ချန်ချင်းယွီသည် တစ်ခါတစ်ရံမှသာ အပြင်ထွက်လေ့ရှိပြီး အချိန်အများစုကိုမူ ပိုမိုနွေးထွေးသော မိမိအိမ်တွင်း၌သာ ကုန်ဆုံးစေသည်။ သူမသည် အအေးဒဏ်ရော အပူဒဏ်ကိုပါ အလွန် ခံနိုင်ရည်မရှိသူလေးပင်။
ယနေ့နံနက်တွင် အဘွားကြီးကျောက် အလုပ်သွားချိန်၌ ချန်ချင်းယွီသည် အိမ်တွင် သစ်အယ်သီးများ လှော်နေခဲ့၏။ သူမတို့ မိသားစုနှင့် ချိုက်မင်မင်တို့ မိသားစုသည် အပ်ချုပ်စက်လက်မှတ်နှင့် ပစ္စည်းများကို အချင်းချင်း လဲလှယ်ခဲ့ကြသဖြင့် တော်တော်များများ ရရှိထားခဲ့သည်။ နှစ်ဖက်စလုံးမှာ ထိုလဲလှယ်မှုကို ထိုက်တန်သည်ဟု ယူဆကြသဖြင့် အားလုံး စိတ်ကျေနပ် ပျော်ရွှင်နေကြ၏။
"မေမေ... သားလည်း စားချင်တယ်..."
ရှောင်ကျားသည် အတောင်ပံဖြန့်ထားသော ငှက်ငယ်လေးကဲ့သို့ သူ၏ လက်ဖဝါးလေးနှစ်ဖက်ကို ဆန့်တန်းကာ ပြေးဝင်လာခဲ့သည်။
ချန်ချင်းယွီသည်လည်း ပြုံးရွှင်စွာဖြင့်
"ရော့... သားနဲ့ ညီမလေးအတွက် ငါးစေ့စီနော်… ပိုစားချင်ရင် ခဏနေကျမှ အခွံ အတူတူခွာကြတာပေါ့"
"ဟုတ်ကဲ့ပါ မေမေ~"
သားအမိများ စကားပြောနေကြစဉ် အပြင်မှ ပြန်လာသော ကျောက်ရုံကို လှမ်းမြင်လိုက်ရသည်။ သူမ၏ မျက်နှာအမူအရာမှာ လုံးဝ မကောင်းလှပေ။ စဉ်းစားကြည့်လျှင် မင်္ဂလာသတင်း လိုက်လံပြောကြားသည့် နေ့ကတည်းက သူမ၏ မျက်နှာမှာ မသာမယာ ဖြစ်နေခဲ့ပြီး အပြုံးများမှာလည်း ဟန်ဆောင်ထားရမှန်း သိသာလှ၏။ ထို့ကြောင့်ပင် ချန်ချင်းယွီတစ်ယောက် ပိုမို စပ်စုချင်နေခဲ့ခြင်း ဖြစ်သည်။
ကျောက်ရုံသည် မျက်နှာအုံ့မှိုင်းမှိုင်းဖြင့် လျှောက်လာနေပြီး သူမ၏ အနောက်တွင်မူ ကွမ်ထင်းထင်း ပါလာခဲ့၏။
ချန်ချင်းယွီသည် စိတ်ထဲမှ 'အိုဟို...' ဟု ရေရွတ်လိုက်မိသည်။
သူမတို့ အိမ်တံခါးမှာ ပွင့်နေသဖြင့် ကွမ်ထင်းထင်း လှမ်းမြင်ကာ နှုတ်ဆက်လာ၏။
"ချန်ချင်းယွီ... တို့တွေ နောက်အပတ် တနင်္ဂနွေကျရင် မင်္ဂလာပွဲလုပ်တော့မယ်၊ ပြီးရင် အိမ်နီးနားချင်းတွေ ဖြစ်ကြတော့မှာဆိုတော့ ပိုပြီး အဆက်အသွယ် လုပ်ကြတာပေါ့..."
ချန်ချင်းယွီ အံ့အားသင့်သွားပြီး
"အာ... အေးပါ"
ယနေ့မှာ သောကြာနေ့ ဖြစ်နေပြီဖြစ်ရာ နောက်အပတ် တနင်္ဂနွေနေ့ ဆိုသည်မှာ အမှန်တကယ်ပင် သိပ်မလိုတော့ပေ။ ချန်ချင်းယွီ အလွန်သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"မင်္ဂလာပွဲအတွက် အားလုံး ပြင်ဆင်ပြီးပြီလားဟင်..."
ကွမ်ထင်းထင်း ဝင့်ကြွားသော အပြုံးဖြင့်
"ပြင်ဆင်ပြီးတာပေါ့.. လူ့ဘဝမှာ တစ်ခါပဲ လက်ထပ်ရတာဆိုတော့ အရာရာကို အမြင်တင့်တယ်အောင် ပြင်ဆင်ချင်တာ သဘာဝပဲ မဟုတ်လား..."
"အင်း... ဟုတ်တာပေါ့"
ကွမ်ထင်းထင်း ဆက်လက်၍
"တို့ ဝတ်စုံအသစ်တစ်ထည် ချုပ်ထားတယ်၊ လာကြည့်မလား..."
ချန်ချင်းယွီသည် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ကွမ်ထင်းထင်းတစ်ယောက် လာရောက် ကြွားဝါချင်နေမှန်း ချက်ချင်း ရိပ်မိလိုက်၏။ ထို့ကြောင့် ချက်ချင်းပင် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
"ကြည့်ချင်တာပေါ့၊ သွားကြည့်ရအောင်..."
သူမသည် လူတစ်ယောက် လက်ထပ်သည်ကို အနီးကပ် မမြင်ဖူးသေးသဖြင့် မင်္ဂလာပွဲ၏ စည်ကားသိုက်မြိုက်မှုကို သွားရောက် ကြည့်ရှုလိုသည်။
လမ်းလျှောက်နေစဉ် ကွမ်ထင်းထင်းမှာ နှမြောတသဟန်ဖြင့်
"နှမြောစရာကောင်းတာက တို့တွေက ဆောင်းရာသီမှာ လက်ထပ်ရတာဆိုတော့ ဂါဝန်ဝတ်လို့မရဘူး..တကယ် နှမြောဖို့ကောင်းတယ်၊ အနီရောင်ဂါဝန်လေးသာ ဝတ်ရရင် သေချာပေါက် ပိုလှမှာ"
ပြောဆိုရင်း ကျောက်ရုံကို စောင်းငဲ့ကြည့်ကာ စိတ်ထဲမှ……
'ယောက္ခမကြီး... ကြားတယ်မလား... ကျွန်မက နွေရာသီကျရင် အနီရောင်ဂါဝန်တစ်ထည် လိုချင်သေးတယ်… အခြေအနေ သိတတ်တယ်ဆိုရင် အခုကတည်းက အလိုက်သိသိနဲ့ ဝယ်ပေးထားလိုက်ပါ'
သို့သော်လည်း ကျောက်ရုံမှာမူ လုံးဝ မကျေမနပ် ဖြစ်နေခဲ့၏။ သူမအနေဖြင့် နွေရာသီတွင် လက်ထပ်သည်ကိုသာ ပို၍ လိုလားပေသည်။ အဘယ်ကြောင့်ဆိုသော် ဆောင်းရာသီတွင် ဝတ်စုံချုပ်လုပ်ရန် အထည်လက်မှတ် မည်မျှအထိ အကုန်အကျများမည်ကို သူမ တွက်ချက်နေမိ၍ပင်… ၎င်းမှာ အလွန် ဖြုန်းတီးရာ ရောက်သည်ဟု ထင်မြင်နေမိ၏။
ကျောက်ရုံသည် အနာဂတ်ချွေးမလောင်းအပေါ် မကျေမနပ် ဖြစ်နေသော်လည်း ယခုအခါတွင်မူ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဟန်ဆောင်အပြုံးဖြင့်ပင်
"သမီး သဘောကျတယ်ဆိုရင် နွေရာသီကျမှ တို့တွေ ဝယ်ကြတာပေါ့"
'ရှင်းရှင်းပြောရရင်တော့ ညည်းအတွက် ငါ တစ်ပြားမှ အပိုအကုန်မခံနိုင်ဘူး'
ကွမ်ထင်းထင်းသည်လည်း နှုတ်ခမ်းကို မဲ့လိုက်ပြီး ……
'တော်တော် တွက်ချက်တဲ့ ယောက္ခမပဲ… တကယ်လို့ ကျွန်မကို ဝယ်မပေးရင်တော့ ပြဿနာရှာပစ်ဦးမှာ'
၎င်းတို့နှစ်ဦးမှာ တစ်ယောက်တစ်ပေါက် တွေးတောနေကြသော်လည်း ချန်ချင်းယွီမှာ မိမိအိမ်တံခါးကို ပိတ်ကာ ယွမ်မိသားစုအိမ်သို့ နောက်မှ လိုက်ပါလာခဲ့ပြီ ဖြစ်သည်။ သူမသည် ယွမ်မိသားစုအိမ်ထဲသို့ ဝင်ခဲလှပြီး ပုံမှန်အားဖြင့် ပြတင်းပေါက်မှသာ ချောင်းကြည့်လေ့ရှိ၏။ ယခုမူ အိမ်ထဲသို့ ဝင်ရောက် လေ့လာခွင့် ရရှိခဲ့ပြီ ဖြစ်သည်။
ယွမ်ဟောက်ဖုန်း လက်ထပ်တော့မည် ဖြစ်သော်လည်း အစိုးရတိုက်ခန်း ချပေးရန်မှာ ချက်ချင်း ဖြစ်နိုင်ချေမရှိသေးပေ။ သူသည် အလုပ်ပြောင်းရွှေ့လာခါစ ဖြစ်သဖြင့် အိမ်ရာ ချက်ချင်းမရနိုင်သေးသည့်အပြင် အလုပ်သမားဆောင်၌လည်း မင်္ဂလာဆောင်၍ မရနိုင်သဖြင့် မိဘအိမ်၌သာ ပြန်လည်နေထိုင်ရမည် ဖြစ်သည်။
အခန်းတွင်းရှိ ဗီရိုကို အသစ်
လဲလှယ်ထားသဖြင့် ယခင်ထက် ပိုမို သစ်လွင်တောက်ပနေသော်လည်း ကွမ်ထင်းထင်း တောင်းဆိုထားခဲ့သော အပ်ချုပ်စက်နှင့် ရေဒီယိုတို့ကိုမူ ဝယ်ယူရခြင်း မရှိသေးပေ။
ကွမ်ထင်းထင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမ၏ လက်ပတ်နာရီကို ထုတ်ပြလာ၏။
"ကြည့်စမ်း... ဒါ တို့ရဲ့ လက်ပတ်နာရီလေ၊ လှတယ်မလား..."
ချန်ချင်းယွီ သေချာကြည့်ကာ
"ရှန်ဟိုင်းတံဆိပ်လားဟင်..."
ကွမ်ထင်းထင်း မာန်ဝင့်စွာဖြင့်
"ဟုတ်တယ်.. ဒီနာရီက ယွမ်နှစ်ရာနီးပါး ပေးရတာ၊ ဒါပေမဲ့ တို့က သတင်းဝါဒဖြန့်ချိရေးဌာနမှာ အလုပ်လုပ်တာဆိုတော့ ဒီလိုမျိုးတော့ အဆင့်ရှိဖို့ လိုအပ်တာပေါ့"
ထို့နောက် ကွမ်ထင်းထင်းသည် သူမ၏ အထည်ထုပ်ကို ဖြေလိုက်ပြီး အသားကုန်ကြွားလေသည်။
"ကြည့်ပါဦး... ဒါ တို့အသစ်ချုပ်ထားတဲ့ ဝတ်စုံလေ၊ အနီရောင်တောက်တောက်လေး… သိုးမွှေးသားနဲ့ ချုပ်ထားတာ၊ လမ်းမပေါ်မှာ ဒီလို စစ်မှန်တဲ့ အနီရောင်တောက်တောက်မျိုး တွေ့ရခဲတယ်နော်"
စင်စစ်အားဖြင့် သူမသည် အောင်သွယ်ပေးသည့်နေ့၌ အဘွားကြီးကျောက်နှင့် ဝတ်စုံချင်း ဆင်တူဝတ်မိသွားခဲ့မှန်း သိရှိသွားပြီးနောက် အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။ အဘွားကြီးကျောက် ဝတ်ဆင်ထားသည်ကို သူမ ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း ဒေါသထွက်မှုကိုမူ မထိန်းနိုင်ခဲ့ပေ။ သူမကဲ့သို့သော အထက်တန်းလွှာနှင့် အဘွားကြီးကျောက်ကဲ့သို့သော သာမန်လူတန်းစားတစ်ဦး ဝတ်စုံချင်း ဆင်တူနေခြင်းမှာ မည်သို့မျှ လက်ခံနိုင်စရာမရှိဟု ယူဆထား၏။ ထို့ကြောင့်ပင် ယခုတစ်ကြိမ်တွင် ချန်ချင်းယွီကို တမင်သက်သက် ခေါ်ယူကာ ကြွားဝါပြနေခြင်း ဖြစ်သည်။
ချန်ချင်းယွီသည် နီရဲတောက်ပနေသော အင်္ကျီနှင့် ဘောင်းဘီကို ကြည့်လိုက်မိကာ….
'ဝါး......'
ဤဝတ်စုံမှာ အမှန်တကယ်ပင် မင်္ဂလာဆန်လှ၏။ သို့သော် တကယ်၍ ချန်ချင်းယွီသာ ဝတ်ဆင်ရမည်ဆိုပါက လူကြားထဲသို့ ထွက်ရဲမည်မဟုတ်ပေ…..
သောက်ကျိုးနည်း… အနီရောင်တောက်တောက်ကြီး… ကျွဲခွေ့မှာတောင် ကြောက်ရတယ်…
သို့သော် မင်္ဂလာဆောင်မည့်သူ ဖြစ်သဖြင့် ယခုကဲ့သို့ ဝတ်ဆင်ခြင်းမှာ သဘာဝကျသည်ဟု တွေးမိသည်။
ချန်ချင်းယွီ ရိုးသားစွာဖြင့် စပ်စုမေးမြန်းလိုက်၏။
"နင်က အပ်ချုပ်စက်လည်း လိုချင်သေးတယ်လို့ ကြားတယ်၊ ဘယ်တော့လောက် ဝယ်မှာလဲဟင်... ပြီးတော့ ရေဒီယိုလည်း လိုချင်သေးတယ်ဆို၊ အဲဒါတွေက ဝယ်ရခက်တယ် မဟုတ်လား..."
သူမသည် မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဆက်လက်၍
"အဲဒါဆို... ဟိုနေ့က သဘောတူထားတဲ့အတိုင်းပဲ ဆက်လုပ်မှာလား... မင်္ဂလာဧည့်ခံပွဲအတွက်ကော ဘာဟင်းလျာတွေ ပြင်ဆင်ထားလဲ... ရာသီဥတုကလည်း ဒီလောက်အေးနေတာ၊ အပြင်မှာ ဧည့်ခံပွဲလုပ်လို့ မရဘူးလေ… နင်တို့ မိသားစုက ဘယ်လို စီစဉ်ထားလဲဟင်..."
ချန်ချင်းယွီ၏ စပ်စုသမျှ မေးခွန်းများမှာ အလွန်ပင် ရိုးသားဟန်ပေါ်နေ၏။
'စပ်စုစိန် ချန်ချင်းယွီ' တစ်ယောက် အွန်လိုင်း တက်လာပြီ….
သို့သော်လည်း ကွမ်ထင်းထင်းမှာမူ ထိုကိစ္စများကို ပြောဆိုရန် ဝန်လေးနေပုံရပြီး မျက်နှာအမူအရာမှာ ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။
သူမ မကျေမချမ်းဖြင့် တွန့်ဆုတ်တွန့်ဆုတ် ရေရွတ်လိုက်ကာ
"အဲဒါတွေကတော့... လိုတာပေါ့၊ မကြာခင် ရတော့မှာပါ၊ တို့မိသားစုက လက်မှတ်တွေ လဲလှယ်နေတုန်းမို့လို့"
ချန်ချင်းယွီ : "အော်... အဲဒါဆို လက်ထပ်ပြီးရင် နင်တို့က ဒီအိမ်မှာ မိဘတွေနဲ့ အတူတူနေမှာပေါ့… အိမ်စရိတ်ကော ခွဲပေးမှာလားဟင်..."
ထိုအခါ ကွမ်ထင်းထင်းတစ်ယောက် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့၏။
"အိမ်စရိတ် ခွဲပေးရမယ် ဟုတ်လား... ဘာအိမ်စရိတ်လဲ... တို့ကတော့ အိမ်စရိတ် တစ်ပြားမှ မပေးနိုင်ဘူး။ တို့တွေ ကလေးယူဖို့အတွက် ပိုက်ဆံစုရဦးမှာ..."
ချန်ချင်းယွီ : "အော်..."
ကျောက်ရုံသည် အနာဂတ်ချွေးမဖြစ်သူ၏ ပြောစကားများကို ကြားရသောအခါ နောက်တစ်ကြိမ် မကျေမနပ် ဖြစ်သွားရပြန်သော်လည်း ဘာမျှမပြောဘဲ အောင့်အီးသည်းခံနေခဲ့ရလေသည်။
ချန်ချင်းယွီသည် အခြေအနေကို ချက်ချင်းပင် ရိပ်မိလိုက်၏။ ဤအိမ်ထောင်ရေး၏ နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေရမည်ဟု သူမ ခံစားမိသော်လည်း နှမြောစရာကောင်းသည်မှာ မည်သူမျှ ဖွင့်ဟပြောဆိုကြမညမဟုတ်ပေ။ ချန်ချင်းယွီသည် တည့်တိုးကြီးသာ မေးမြန်းပစ်လိုက်ချင်သော်လည်း ထိုသို့မေးပါက အိမ်ထဲမှ မောင်းထုတ်ခံရမည်ကို သိနေ၍ အောင့်အီးထားလိုက်ရသည်။
"ကျောက်ရုံ... ကျောက်ရုံရေ..."
အဘွားကြီးပိုင်၊ အဘွားကြီးရှီနှင့် အခြားလူအနည်းငယ် စုဝေးရောက်ရှိလာကြ၏။ ကျောက်ရုံမှာလည်း ပြန်ထူးလိုက်ကာ…
"အေး... ငါ ဒီမှာရှိတယ်"
ပိုင်ဖုန်းရှန်း : "ညည်းတို့အိမ်က နောက်အပတ်ဆို မင်္ဂလာပွဲလုပ်တော့မှာမလား… ဝေးလံတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးနားချင်းက ပိုအားကိုးရတာမို့လို့ ကူညီစရာရှိရင်လည်း အားမနာတမ်းသာ ပြောနော်။ တို့တွေကတော့ ပုံမှန်ဆို အားနေကြတာပဲ"
ကျောက်ရုံ : "သိတာပေါ့... အားလုံးကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ အချိန်က လိုသေးတာမို့လို့ သိပ်ပြီး ပြင်ဆင်စရာ မရှိသေးပါဘူး၊ တို့အိမ်က ဟောက်ဖုန်းကပဲ မင်္ဂလာပွဲအတွက် အားလုံးကို စီစဉ်ထားပြီးသားပါ"
"ဟောက်ဖုန်းက တကယ် အစွမ်းအစရှိတာပဲ"
"ရှောင်ကွမ်... ညည်းကတော့ ကံကောင်းတာပဲနော်…ဟောက်ဖုန်းက လူတော်လေးဟဲ့"
"ကျွန်မကလည်း အလုပ်အကိုင် အတည်တကျ ရှိတာဆိုတော့ ကံကောင်းတာပေါ့"
ကွမ်ထင်းထင်း ဝင့်ဝင့်ကြွားကြွား ပြောလိုက်၏။
သူမသည် ဘေးပတ်ပတ်လည်ကို မာန်ပါပါဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ ဤအမျိုးသမီးများထဲတွင် မည်သူမျှ အလုပ်အကိုင် မရှိကြပေ။ ထိုကဲ့သို့သော အမျိုးသမီးများကို သူမ အထင်သေးရုံသာ ရှိ၏။ သူမသည် ချန်ချင်းယွီကို အထူးတလည် စောင်းငဲ့ကြည့်လိုက်ပြီး စိတ်ထဲတွင် အလွန်အမင်း အထက်စီးဆန်သော ခံစားချက်တို့ ဖြစ်ပေါ်နေမိသည်။
'ဟင်း... အရင်တုန်းက ငါ့ထက် သာခဲ့ရင်ကော ဘာဖြစ်လဲ... အခုတော့ ငါက အားလုံးထက် အသာဆုံးပဲ'
"ချန်ချင်းယွီ... တို့ မင်္ဂလာဆောင်တဲ့နေ့ကျရင် လာကူညီပေးပါဦးနော်..တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးပေါ့"
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"အဲဒါတော့ မဖြစ်ဘူးရှင့်… မင်္ဂလာပွဲတွေမှာ ငါ့ကို အကူအညီ လာတောင်းလို့ မရဘူးလေ"
ကျောက်ရုံလည်း ချက်ချင်းပင် ကြားဖြတ်၍ ကမန်းကတန်း ဝင်ပြောလိုက်သည်။
"ရှောင်ချန်ကို သွားပြီး အလုပ်မရှုပ်စေပါနဲ့အေ၊ တို့ဝင်းထဲမှာတင် ကူညီမယ့်သူတွေ အများကြီး ရှိပါတယ်"
ကျောက်ရုံသည် ချန်ချင်းယွီကို အကူအညီ မတောင်းချင်ပေ။ ချန်ချင်းယွီ၏ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း အားလုံး သိကြသဖြင့် ယခုကဲ့သို့ မင်္ဂလာရှိသော ပျော်ရွှင်စရာ အခမ်းအနားမျိုးတွင် သူမကို အကူအညီတောင်းခြင်းမှာ လာဘ်မကောင်းဟု ယူဆကြ၏။ ထို့ပြင် ချန်ချင်းယွီသည် အမှန်တကယ်ပင် ကံဆိုးစေသူတစ်ဦး ဖြစ်ပြီး သူမ၏ ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး ကွယ်လွန်ခဲ့ကြသည်။ ဤပွဲသည် သူမတို့ မိသားစုအတွက် မင်္ဂလာပွဲဖြစ်ရာ ထိုကဲ့သို့သော အခိုက်အတန့်မျိုး မဖြစ်စေချင်ပေ။
အကယ်၍ အကူအညီတောင်းရန် လူရှာမည်ဆိုလျှင်ပင် လင်မယားနှစ်ယောက်စလုံး ကျန်းကျန်းမာမာ ရှိပြီး သားသမီး စုံစုံလင်လင် ရှိသောသူကိုသာ ရှာဖွေရမည် ဖြစ်၏။ ထိုမှသာ စစ်မှန်သော မင်္ဂလာရှိမှုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်။
"ရှောင်ချန်က ငယ်သေးတော့ ဒီလိုကိစ္စတွေကို နားမလည်သေးဘူး..အသက်ကြီးတဲ့သူတွေပဲ လုပ်တာက ပိုအဆင်ပြေပါတယ်"
"ဟုတ်တယ်... ဟုတ်တယ်၊ တို့တွေကတော့ အတွေ့အကြုံ အများကြီး ရှိပြီးသား၊ ရှောင်ချန်ကတော့ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးသေးဘူးလေ"
သူတို့ စကားဖောင်ဖွဲ့နေကြစဉ် ကောင်လေးတစ်ယောက် ဝင်းထဲသို့ အပြေးအလွှား ဝင်လာပြီး လှမ်းအော်လေသည်။
"ဒေါ်လေးချန်... ဒေါ်လေးချန်..."
ချန်ချင်းယွီသည် သူမကို လှမ်းခေါ်နေသည့် အသံကို ခပ်ရေးရေး ကြားလိုက်ရသဖြင့် နှုတ်ဆက်စကားဆိုကာ ချက်ချင်းပင် အပြင်သို့ ထွက်လာခဲ့သည်။
"ကျွန်မ သွားကြည့်လိုက်ဦးမယ်"
သူမ ရှေ့ဝင်းထဲသို့ ရောက်သောအခါ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် မတ်တပ်ရပ်၍ သူမကို လှမ်းခေါ်နေသည်ကို တွေ့လိုက်ရ၏။
ချန်ချင်းယွီ အံ့ဩသွားပြီး
"အာ... မင်းကိုး..."
စင်စစ်အားဖြင့် ချန်ချင်းယွီသည် ထိုကောင်လေးကို မှတ်မိနေ၏။ သူသည် သူမနှင့်အတူ ငါးမျှားလေ့ရှိသော မိတ်ဆွေ 'ဆရာယွီ' ၏ သားဖြစ်ပေသည်။
ဤကောင်လေးသည် တစ်ခါတစ်ရံတွင် ဖခင်ဖြစ်သူနှင့်အတူ မြစ်ဆိပ်၌ ငါးမျှားလိုက်လေ့ရှိသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ချန်ချင်းယွီနှင့် ရင်းနှီးသွားခဲ့ခြင်း ဖြစ်သည်။ သူမ ဤရပ်ကွက်တွင် နေထိုင်သည်ကိုမူ အတန်းဖော်တစ်ဦးထံသို့ လာရောက်လည်ပတ်စဉ် သိရှိသွားခဲ့၏။
ချန်ချင်းယွီ : "ဘာဖြစ်လို့လဲဟင်... တစ်ခုခု လိုအပ်လို့လား..."
ပထမတန်း ကျောင်းသားအရွယ်သာ ရှိသေးသော ကောင်လေးသည် စကားကို ချက်ချက်ချာချာဖြင့်
"ကျွန်တော့်အဖေက ဒေါ်လေးကို သွားရှာခိုင်းလိုက်တာ… ကျုံးရေမြောင်းရဲ့ ရေခဲပြင်ကို တစ်ယောက်ယောက်က အပေါက်ဖောက်လိုက်လို့ ငါးဖမ်းသမားတွေ အများကြီး ရောက်နေကြပြီတဲ့… ဒေါ်လေးလည်း ငါးဖမ်းချင်ရင် မြန်မြန်လာခဲ့ပါလို့ ပြောခိုင်းလိုက်တယ်"
ချန်ချင်းယွီသည် မျက်လုံးများ တောက်ပသွားပြီး ဝမ်းသာအားရ ဆိုလိုက်၏။
"ဟုတ်ပြီ... ဒေါ်လေး အခုချက်ချင်း သွားမယ်၊ ခဏလေး စောင့်ဦးနော်၊ လမ်းပြပေးဦး"
သူမသည် သန့်ရှင်းသော အင်္ကျီများကို ဝတ်ဆင်ကာ ငါးဖမ်း၍မရနိုင်သဖြင့် အဝတ်အစား လဲလှယ်ရန် အိမ်ထဲသို့ အမြန်ပြေးဝင်ခဲ့သည်။ ထို့ပြင် ဗီရိုထဲမှ သကြားလုံးအနည်းငယ်ကိုလည်း လက်တစ်ဆုပ်စာ ယူဆောင်ခဲ့၏။
ချန်ချင်းယွီ လှမ်းအော်၍ အကူအညီတောင်းလိုက်ကာ
"ဒေါ်လေးမေ့... ဒေါ်လေးမေ့ရေ... ကလေးတွေကို ခဏလောက် ကြည့်ပေးပါဦးနော်၊ ကျွန်မ ငါးသွားဖမ်းမလို့"
အဒေါ်ကြီးမေ့ အံ့အားသင့်စွာဖြင့်
"ဟေ..."
ရာသီဥတုက အခုလို အေးစိမ့်နေတာကို...
ရှောင်ကျား : "မေမေ... သားတို့ကော လိုက်လို့မရဘူးလား..."
ချန်ချင်းယွီ : "လူတွေ အများကြီးဆိုတော့ အန္တရာယ်ရှိမှာ စိုးလို့ပါ သားရဲ့.. ပြီးတော့ ရေခဲပြင်ကလည်း သိပ်ပြီး စိတ်မချရဘူးလေ၊ လိမ္မာတယ်နော်... ညကျရင် မေမေ ပြန်လာရင် ငါးစွပ်ပြုတ် ချက်ကျွေးမယ်"
မကြာသေးမီအတွင်း ရာသီဥတု အလွန်အေးစက်နေသဖြင့် သူမ ငါးမဖမ်းဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ကလေးများသည်လည်း ငါးလတ်လတ်ကလေးများ မစားရသည်မှာ ကြာပြီဖြစ်ရာ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် သဘောတူလိုက်ကြ၏။
"ဒါဆိုရင် မေမေ... မြန်မြန် ပြန်လာနော်..."
"စိတ်ချပါ... မေမေ မြန်မြန် ပြန်လာခဲ့မယ်"
သူမသည် ကောင်လေးနောက်သို့ အမြန်လိုက်ပါလာခဲ့ပြီး ယူလာသော သကြားလုံးများကို ကမ်းပေးကာ
"ရော့... သတင်းလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"
ကောင်လေး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ဝမ်းသာအားရဖြင့်
"ရပါတယ်ဗျာ့"
သူသည် နှာရည်ကို သုတ်လိုက်ရင်း
"ကျွန်တော့်အဖေက မြန်မြန်လာမှ နေရာကောင်းရမှာတဲ့… အဲဒါကြောင့် ကျွန်တော် တစ်လမ်းလုံး ပြေးလာတာ"
"လိမ္မာလိုက်တဲ့ ကလေးလေး"
သူမ ချီးကျူးလိုက်မိသည်။ လိမ္မာပြီး အလိုက်သိသော ကလေးကို မည်သူမဆို ချစ်ခင်ကြသည်သာ…
ပြောရလျှင် ယခုခေတ် ကလေးများသည် သိသိသာသာ ပိုမို အလိုက်သိတတ်ကြ၏။ ဆင်းရဲကျပ်တည်းသော လူနေမှုဘဝကြောင့် ဆိုးသွမ်းသောကလေး ရှားပါးပြီး အများစုမှာ လိမ္မာကြခြင်း ဖြစ်နိုင်ပေသည်။ နှစ်ဦးသား ကျုံးရေမြောင်းဘက်သို့ လျှောက်လှမ်းလာစဉ် တစ်စုံတစ်ယောက် မိမိအနောက်မှ လိုက်လာသည်ကို ချန်ချင်းယွီ အာရုံခံမိလိုက်၏။ သူမ သာမန်ကာလျှံကာဟန်ဖြင့် လှည့်ကြည့်လိုက်သောအခါ…….
'အိုဟိုး... ကွမ်ထင်းထင်းပါလား...'
ဘာလဲ... ကွမ်ထင်းထင်းက သူမနောက်ကို လိုက်လာတာလား...
ချန်ချင်းယွီတစ်ယောက် ဆွံ့အသွားရကာ…
ဒီကောင်မကတော့ တကယ်ကိုပဲ…
အမှန်တကယ်လည်း ကွမ်ထင်းထင်းသည် သူမနောက်သို့ လိုက်လာခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက် ချန်ချင်းယွီကို လာရောက် သတင်းပေးပြီး ငါးဖမ်းရန် ခေါ်ထုတ်သွားသည်ကို ကွမ်ထင်းထင်း အိမ်၌ ကြားသိခဲ့ရသော်လည်း သူမ လုံးဝ မယုံကြည်ပေ။ ယခုကဲ့သို့ ရာသီဥတုမျိုးတွင် မည်သူ ငါးဖမ်းကြမည်နည်း။ သူမသည် ငါးဖမ်းသည်ဟု အကြောင်းပြကာ အခြားယောက်ျားတစ်ဦးနှင့် တိတ်တဆိတ် သွားရောက် ချိန်းတွေ့နေခြင်းလော့… သို့မဟုတ်လျှင်လည်း တရားမဝင် မှောင်ခိုဈေးကစားရန် ကြံစည်နေခြင်းလော့…
ကွမ်ထင်းထင်း၏ မျက်လုံးများ ကစားသွားပြီး စိတ်ထဲတွင် သံသယများ ကြီးထွားလာခဲ့၏။ ထို့ကြောင့် ချက်ချင်းပင် အနောက်မှ လိုက်လာခဲ့ခြင်း ဖြစ်သည်။
ချန်ချင်းယွီ ဘာလုပ်နေသည်ကို သူမ ကိုယ်တိုင် မြင်တွေ့လို၏။
တကယ်၍ တစ်ခုခု မှားယွင်းမှု ရှိခဲ့ပါက ချက်ချင်းပင် လက်ပူးလက်ကျပ် ဖမ်းဆီးမည်ဟု ကြံရွယ်ထားသည်။ သူမသည် ဤဝင်းအတွင်းသို့ မကြာမီ ပြောင်းရွှေ့နေထိုင်တော့မည် ဖြစ်ရာ ဝင်းအတွင်း၌ မလိုလားအပ်သော အဖျက်သမားများ ရှိနေသည်ကို ခွင့်မပြုနိုင်ပေ။
ကွမ်ထင်းထင်းသည် ချန်ချင်းယွီနောက်သို့ တစ်လမ်းလုံး လိုက်ပါလာခဲ့သည်။ စင်စစ်အားဖြင့် ချန်ချင်းယွီ၌ စက်ဘီးတစ်စီး ရှိသော်လည်း ယနေ့တွင် ဝမ်မေ့လန်ကို ခေတ္တ ငှားရမ်းထားခဲ့ခြင်း ဖြစ်၏။ ဝမ်မေ့လန်၏ စက်ဘီးမှာ ပြင်ဆင်ရန် ပို့ထားရခြင်း ဖြစ်သည်။ ၎င်းတို့၏ စက်ရုံမှာ အနည်းငယ် ဝေးကွာသဖြင့် လမ်းလျှောက်ပါက အချိန်ကုန်လွန်းလှ၏။ ထို့ကြောင့် ချန်ချင်းယွီထံမှ စက်ဘီးကို ခေတ္တ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
ချန်ချင်းယွီသည် ဝမ်ကျန့်ကော်ကို အလွန် မုန်းတီးသော်လည်း ဝမ်မေ့လန်အပေါ်တွင်မူ အဆင်ပြေ၏။
သူမ စတင်ရောက်ရှိခါစတွင် ဝမ်မေ့လန်သည် သူမအတွက် ဆေးကုသစရိတ်များ စိုက်ထုတ်ပေးခဲ့ဖူးကြောင်း မှတ်မိနေသည်။ ထိုအကြောင်းပြချက်တစ်ခုတည်းနှင့်ပင် ချန်ချင်းယွီသည် သူမအပေါ် မကောင်းပေးဘဲ မနေနိုင်ပေ။ သူမသည် လမ်းလျှောက်နေခြင်း ဖြစ်သော်လည်း အလွန် လျင်မြန်စွာ လျှောက်လှမ်းနိုင်၏။ ကွမ်ထင်းထင်းမှာ အနောက်မှ လိုက်ပါရင်း အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရသည်။
သူမ စိတ်ထဲမှ တိုးတိုးလေး ကျိန်ဆဲနေမိကာ…
'လမ်းကို အဲဒီလောက် မြန်မြန်လျှောက်နေတာ၊ သေချာပေါက် မကောင်းတာ ကြံစည်နေတာပဲ… အရင်တုန်းကတော့ သံယောဇဉ်ကြီးလှချေရဲ့လို့ ပြောနေကြတာ၊ ကြည့်ရတာ သူကလည်း ရိုးသားတဲ့သူတော့ မဟုတ်ဘူး'
ချန်ချင်းယွီသည် ကွမ်ထင်းထင်း ဘာတွေ တွေးတော ညည်းတွားနေသည်ကို မသိသော်လည်း ကွမ်ထင်းထင်းတစ်ယောက် ရူးသွပ်နေသည်ဟုသာ ထင်မြင်မိသည်။ စဉ်းစားကြည့်လျှင် ယခုခေတ်ကာလတွင် ဤကဲ့သို့ စိတ်လှုပ်ရှားလွယ်ပြီး ထူးဆန်းအံ့ဩဖွယ်ကောင်းသော လူမျိုးများကို မကြာခဏ တွေ့မြင်ရတတ်သည်မှာ သဘာဝလိုပင် ဖြစ်နေလေ၏။ သူမသည် ကွမ်ထင်းထင်း ဘာလုပ်ချင်နေသည်ကို ဂရုမစိုက်ဘဲ ကျုံးရေမြောင်းဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။ အတန်ကြာ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ရောက်ရှိသွားခဲ့၏။
ချန်ချင်းယွီသည် အဝေးမှပင် ရေခဲပြင်ပေါ်ရှိ ကြီးမားသော အပေါက်အချို့ကို လှမ်းမြင်လိုက်ရသည်။
ဝိုး... တကယ်ကို အားထုတ်ထားကြတာပဲ…
ထိုနေရာတွင် ငါးမျှားတံများကိုယ်စီ ကိုင်ဆောင်ထားကြသော ငါးဖမ်းသမား အနည်းဆုံး ဆယ့်ငါးယောက်၊ နှစ်ဆယ်ခန့် ရှိနေသည်။ ချန်ချင်းယွီသည် အမြန်သွားရောက်ကာ ဆိတ်ငြိမ်သော နေရာတစ်ခု၌ ဝင်ရောက်နေရာယူလိုက်၏။
သူတို့သည် ပုံမှန်အားဖြင့် စကားမပြောဖြစ်ကြသော်လည်း အမြဲတွေ့နေကျ ငါးဖမ်းသမားများ ဖြစ်သဖြင့် မျက်မှန်းတန်းမိနေကြကာ အချင်းချင်း ခေါင်းငြိမ့် နှုတ်ဆက်လိုက်ကြသည်။
ချန်ချင်းယွီ မသိနားမလည်စွာဖြင့် စပ်စုလိုက်၏။
"ရေခဲပြင်မှာ ဘာလို့ အပေါက်ကြီး ဖြစ်နေတာလဲဟင်..."
သက်ကြီးရွယ်အိုတစ်ဦးမှာ သဘောကျစွာ ရယ်မောရင်း
"ဟဲဟဲ... ဟိုဘက်က အဘိုးကြီးနှစ်ယောက် စကားများပြီး လောင်းကြေးထပ်ကြတာလေ.. အဲဒါနဲ့ တစ်ယောက်က လူခေါ်ပြီး အပေါက်ဖောက်ခိုင်းလိုက်တာ၊ တို့တွေကတော့ ကြားကနေ အကျိုးအမြတ်ရတာပေါ့.. ညည်းကလည်း သတင်း တော်တော်မြန်တာပဲ"
ချန်ချင်းယွီသည်လည်း ရယ်မောကာ
"သတင်းဦးမှ ဖြစ်မှာပေါ့အဘိုးရဲ့၊ ဆောင်းရာသီမှာ ငါးဖမ်းရတာ မလွယ်ဘူးလေ"
သူမသည် ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်သောအခါ ဆရာယွီကို လှမ်းမြင်လိုက်ရသော်လည်း ထိုဘက်သို့ သွားမပူးပေါင်းဖြစ်ခဲ့ပေ။ ကွမ်ထင်းထင်း သူမနောက်တွင် ပါလာနေသဖြင့် ပြဿနာ မဖြစ်စေချင်ပေ။ ဘာပဲဖြစ်ဖြစ် ငါးဖမ်းခြင်းကို မည်သည့်နေရာတွင်မဆို လုပ်ဆောင်နိုင်သည်ပင်… ချန်ချင်းယွီသည် ဆရာယွီ ဘာကို ဆိုလိုသည်ကို နားလည်၏။ သူသည် ယနေ့ ဖမ်းမိသမျှ ငါးအားလုံးကို သူမထံသို့ ရောင်းချချင်နေပုံရသည်။
ဒါ... ဒါက ငါ့အတွက်တော့ တွက်ခြေကိုက်တာပဲ...
ချန်ချင်းယွီသည် အခြားငါးဖမ်းသမားအချို့ထံမှ ငါးစာအနည်းငယ်ကို ဝမ်းသာအားရ ချေးယူလိုက်၏။
ငါးစာမပါဘဲ ငါးမျှားတံအလွတ်ကြီးနှင့် ငါးဖမ်း၍မရနိုင်ကာ၊ သူမတို့ မိသားစုသည်လည်း ကြိုတင်ပြင်ဆင်လာခဲ့ခြင်း မရှိသဖြင့် ချန်ချင်းယွီသည် အတွေ့အကြုံရှိ ငါးဖမ်းသမားကြီးများနှင့် ရိုးရိုးရှင်းရှင်းပင် လဲလှယ်ယူလိုက်ခြင်း ဖြစ်သည်။ ကွမ်ထင်းထင်း တစ်ယောက် အနားသို့ ရောက်လာသောအခါ ငါးဖမ်းသမား အများအပြားကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။
အမလေး... သူတို့တွေ တကယ်ကြီး ငါးဖမ်းနေကြတာပါလား...
သူမ သေချာလိုက်ရှာစရာပင် မလိုဘဲ ချန်ချင်းယွီကို ချက်ချင်း မြင်တွေ့လိုက်ရသည်၊ ချန်ချင်းယွီသည် အဘိုးကြီးများအုပ်စုကြားတွင် အလွန် ထင်ရှားပေါ်လွင်နေ၏။
ကွမ်ထင်းထင်: : "...ဘယ်လိုဖြစ်လို့ တကယ်ကြီး ငါးဖမ်းနေတာလဲ..."
ရှပ်ခနဲ...
ချန်ချင်းယွီ သူမ၏ ငါးမျှားတံကို ပင့်မြှောက်လိုက်ရာ ငါးတစ်ကောင် ပါလာခဲ့သည်။
"...သူ တကယ်ကြီး ဖမ်းမိတာပဲ... လေလုံးထွားနေတာ မဟုတ်ဘူးပဲ"
ကွမ်ထင်းထင်း အံ့ဩသွားမိ၏။ကွမ်ထင်းထင်းသည် ချန်ချင်းယွီကို လက်ပူးလက်ကျပ် ဖမ်းမိရန် ရည်ရွယ်ချက်ဖြင့် စိတ်လှုပ်ရှားစွာ လိုက်လာခဲ့ခြင်း ဖြစ်သော်လည်း အခြေအနေများမှာ သူမ မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။ သို့သော်လည်း အမှန်တကယ် လူဆိုးတစ်ယောက် ပေါ်လာသည်ထက်စာလျှင် ယခုကဲ့သို့ ဖြစ်သွားခြင်းသည် ပို၍ ကောင်းမွန်လှ၏။ တကယ်၍ လူတိုင်းသာ ကျန်းရှင်းဖှကဲ့သို့ ဖြစ်နေမည်ဆိုလျှင် ၎င်းတို့ဝင်းထဲမှ လူများမှာ အဘယ်မှာ မျက်နှာပြရတော့မည်နည်း။ သူမသည် နှုတ်ခမ်းကို မဲ့လိုက်ပြီး ငါးဖမ်းသမားများကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်၏။ ဤလူများသည် ပြည်သူ့အကျိုးကို ဆောင်ရွက်ရန်နှင့် လူ့အဖွဲ့အစည်းကို အကျိုးပြုရန်အတွက် ကောင်းမွန်စွာ အလုပ်မလုပ်ကြဘဲ မိမိတို့၏ မိသားစုအဝန်းအဝိုင်းလေးအတွက်သာ လှည့်ပတ်တွက်ချက်တတ်ကြသည်။
တကယ့်ကို အဆင့်အတန်းမရှိတဲ့ လူတွေပဲ…
သူမသည် ထိုသူများကို နောက်ထပ်တစ်ကြိမ် အထင်သေးစွာ စောင်းငဲ့ကြည့်ကာ နှာခေါင်းရှုံ့ပြီး ထွက်ခွါသွားတော့၏။ စင်စစ်အားဖြင့် ချန်ချင်းယွီသည်လည်း ကွမ်ထင်းထင်းကို အကဲခတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကွမ်ထင်းထင်း ဘာဖြစ်နေသည်ကို သူမ သေသေချာချာ မသိသော်လည်း ထွက်သွားသည်မှာ ကောင်းလှပေသည်။ ဤမိန်းမသည် တကယ့်ကို သည်းခံရခက်လွန်းလှ၏။
အရူးမပဲ...
သို့သော် တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျှင် သူမသည် ယွမ်ဟောက်ဖုန်းနှင့် တကယ်ကို သင့်တော်လှသည်၊ ယခင် ယွမ်ဟောက်ဖုန်းသည်လည်း သူမနောက်သို့ တောက်လျှောက် လိုက်ချောင်းဖူး၏။ ဤလင်မယားနှစ်ယောက်စလုံးမှာ အတူတူပင်ဖြစ်ပြီး ရေမြောင်းထဲမှ ကြွက်များနှင့် တူလှပေသည်။ ချန်ချင်းယွီသည် စိတ်အာရုံ စူးစိုက်ကာ ငါးဆက်မျှားနေခဲ့၏။ ဆောင်းရာသီတွင် ငါးများသည် အထူးပင် ဖမ်းရလွယ်ကူသဖြင့် အခြားသူများလည်း အဆင်ပြေနေကြသည်။ ချန်ချင်းယွီသည် ကြီးမားသော ငါးသုံးကောင်ကို ဆက်တိုက် ဖမ်းမိခဲ့သဖြင့် မျက်နှာတစ်ခုလုံး ပြုံးပန်းဝေနေခဲ့၏။ ထိုစဉ် သူမ၏ အနောက်၌ တစ်စုံတစ်ယောက် မတ်တပ်ရပ်နေသည်ကို အာရုံခံမိလိုက်သည်။ လှည့်ကြည့်လိုက်သောအခါ မရေမရာ မျက်မှန်းတန်းမိနေသော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။ ထိုလူသည် ချန်ချင်းယွီကို ကြည့်ကာ
"မင်းရဲ့ မျိုးရိုးအမည်က ကျန်း လားဟင်..."
ချန်ချင်းယွီ : "........."
ရုတ်တရက်ဆိုသည့်နှယ် သူမ ထိုသူ မည်သူဖြစ်ကြောင်း သတိရမိသွားသည်။ သူမသည် ဆောင်းဦးရာသီ
မိသားစုနှင့်အတူ ပျော်ပွဲစားထွက်စဉ် နံနက်စာ စားချိန်၌ ဤလူနှင့် ဆုံတွေ့ခဲ့ဖူးခြင်း ဖြစ်၏။ ထိုစဉ်က သူသည် သူမကို စူးစိုက်ကြည့်နေခဲ့သဖြင့် ချန်ချင်းယွီ အမှတ်ရနေခြင်း ဖြစ်သည်။ သို့သော်လည်း သူမ ငြင်းလိုက်ကာ
"ရှင် လူမှားနေပြီထင်တယ်… ကျွန်မရဲ့ မျိုးရိုးအမည်က ကျန်း မဟုတ်ပါဘူး"
ထိုလူ စဉ်စားခန်းဝင်သွားကာ
"အော်... ဟုတ်သားပဲ၊ မင်းရဲ့ မျိုးရိုးက ကျန်း မဖြစ်နိုင်ဘူး… မင်းက ဆရာကြီးကျန်းရဲ့ မြေးမလေး မဟုတ်လား..."
ချန်ချင်းယွီတစ်ယောက် လန့်ဖျပ်သွားရ၏။ ဆရာကြီးကျန်း ဆိုသည်မှာ သူမ၏ မိခင်ဘက်မှ အဘိုးဖြစ်ပေသည်။ ချန်ချင်းယွီသည် ဟုတ်သည်လည်း မပြော၊ မဟုတ်ဘူးလည်း မဆိုဘဲ အနည်းငယ် ပြုံးပြလိုက်ကာ မျက်နှာထား တည်တည်ဖြင့်သာ ငါးကို ဆက်လက် ဖမ်းနေခဲ့၏။
ထိုလူမှာ ဆက်၍
"ငါက ဆရာကြီးကျန်းရဲ့ တပည့်တစ်ယောက်ပါ… မင်း မမှတ်မိဘူးလား... မင်း ငယ်ငယ်တုန်းက ငါနဲ့ တွေ့ဖူးတယ်လေ"
ချန်ချင်းယွီ : "..."
သူမ စိတ်ထဲတွင် အသက်အရွယ် ကွာခြားချက်ကို တွက်ချက်ကြည့်ပြီး ဤလူ၏ စကားကို လုံးဝ မယုံကြည်ပေ။ သူမ၏ အဘိုးနှင့် အဘွားမှာ လွန်ခဲ့သော ငါးနှစ်ကျော်ကတည်းက ကွယ်လွန်သွားခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်မှာလည်း သူတို့ မကွယ်လွန်မီ နှစ်အနည်းငယ် ကတည်းက ပိတ်ထားခဲ့ပြီး ဖြစ်၏။ တက္ကသိုလ်တက်သည့် အသက်အရွယ်နှင့် တွက်ချက်ကြည့်လျှင် သူမ၏ အဘိုးအဘွားများ နောက်ဆုံးသင်ကြားပေးခဲ့သော တပည့်များသည် ယခု ဤလူ့ထက် အသက် ပိုမိုကြီးရင့်ရမည် ဖြစ်သည်။ ချန်ချင်းယွီသည် ဤလူ သူမကို အဘယ်ကြောင့် ဤအကြောင်းအရာများ လာရောက်ပြောပြနေသည်ကို မသိသော်လည်း သူ့ကို မယုံကြည်ပေ။ ချန်ချင်းယွီ ပြန်မပြောသော်လည်း ထိုလူသည် စိတ်ပျက်မသွားဘဲ ချန်ချင်းယွီ၏ အနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ
"ငါက လူလိမ်မဟုတ်ပါဘူး"
"ရှင် တကယ် လူမှားနေတာပါ"
သူမ တိုတိုတုတ်တုတ် ပြောရင်း သူ့ကို ဖယ်ထုတ်လိုက်သည်။ သူမက လုံးဝ ဝန်ခံမည် မဟုတ်ပေ။ ထိုလူသည် သူမ၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားပုံရသည်၊ သူသည် လူမမှားကြောင်း အသေအချာ ယုံကြည်နေ၏။ သို့သော်လည်း ချန်ချင်းယွီ မျက်နှာထား အေးစက်စက်ဖြင့် သူ့ကို အနားမကပ်ရန် တားဆီးထားသည်။
"အာ... ငါက လူဆိုးမဟုတ်ပါဘူး..."
ဘေးနားရှိ သက်ကြီးရွယ်အို ငါးဖမ်းသမား အချို့မှာ ဆက်ပြီး ကြည့်မနေနိုင်တော့ဘဲ ကြားဝင်ပြောဆိုလာကြသည်။
"လူငယ်လေး... ဟိုဘက် သွားပါကွာ.. ဘာလို့ အဲဒီကောင်မလေးကို လာပြီး အနှောင့်အယှက် ပေးနေတာလဲ... သူက မင်းကိုမသိဘူးလို့ ပြောနေတာပဲဥစ္စာ"
"ဟုတ်ပ... မင်း လုပ်စရာ ရှိတာ သွားလုပ်ပါ… ငါးမဖမ်းရင်လည်း ဒီမှာ လာပြီး တတွတ်တွတ် မလုပ်နဲ့၊ ငါတို့ ငါးတွေ လန့်ကုန်တော့မယ်"
"ရေခဲပြင်မှာ အပေါက်ဖောက်ဖို့ဆိုတာ ခဲယဉ်းလှတာ၊ ဒီလို အခွင့်အရေးကောင်းကို လာပြီး ပြဿနာ မရှာပါနဲ့ကွာ"
"အမှန်ပဲ၊ မင်းက အဲဒီလိုတွေ လာပြောနေတော့ ကောင်မလေးက မင်းကို လူဆိုးဆိုပြီး ကြောက်သွားမှာပေါ့… မြန်မြန် ထွက်သွားလိုက်ပါ၊ ယောက်ျားရင့်မကြီး ဖြစ်ပြီး သူတပါးကို ဒုက္ခမပေးပါနဲ့"
လူတိုင်း ဝင်ရောက် ပြောဆိုကြတော့၏။ လူငယ်သည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း
"ကျွန်တော့်နာမည်က ဟော်ကျင်း ပါ… ဆရာကြီးကျန်း သင်ကြားပေးခဲ့တဲ့ တပည့်တစ်ယောက်ဖြစ်ပြီး [….ခုနှစ်] က စာမေးပွဲအောင်ခဲ့တဲ့ အုပ်စုထဲကပါ၊ ဒါပေမဲ့ ကျွန်တော်က ကျောင်းစောစောပြီးသွားလို့ အလုပ်စောစော ရခဲ့တာ… ဝမ်ဖူကျန်း အနားက သမဝါယမ ကုန်တိုက်ကြီးမှာ အလုပ်လုပ်နေတာမို့လို့ တစ်ခုခု လိုအပ်တာရှိရင် လာရှာလို့ရပါတယ်"
"ရှင် တကယ်ပဲ လူမှားနေတာပါ"
သူမ ထပ်မံ ပြောလိုက်သည်။ […ခုနှစ်] မှ တက္ကသိုလ်ကျောင်းသားဆိုလျှင် ဆယ်နှစ်ကျော် ရှိခဲ့ပြီဖြစ်ရာ ဤလူသည် အသက်သုံးဆယ်နီးပါး ရှိနေပြီလော့၊ ကြည့်ရသည်မှာ ယုံကြည်ရန် ခက်ခဲလှသည်။ သို့သော်လည်း ချန်ချင်းယွီသည် ထိုလူကို နောက်တစ်ကြိမ် သေချာ ကြည့်လိုက်မိ၏။ တက္ကသိုလ်ကျောင်းသားတစ်ဦး အချိန်စောစော ဘွဲ့ရရှိခဲ့ခြင်း~~ ၁၉၆၆ သို့မဟုတ် ၁၉၆၇ ဝန်းကျင်တွင် စာသင်ကြားမှုများ ရပ်ဆိုင်းသွားခဲ့ကြောင်း သူမ ခပ်ရေးရေး မှတ်မိနေသည်~~ ထိုမျှအထိ စောစောစီးစီး ဘွဲ့ရရှိခဲ့သူဆိုလျှင် သူသည် သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားလှ၏။ ချန်ချင်းယွီသည် မလိုအပ်ဘဲ ပတ်သက်မှုများ မရှိလိုသဖြင့် ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။ အခြားသူမှ သူမ လိမ်ညာနေမှန်း သိနေလျှင်လည်း ဂရုမစိုက်ပေ။ သူမအနေဖြင့် အဆက်အသွယ် မလုပ်ဘဲ နေပိုင်ခွင့် ရှိသည်သာ…
ဟော်ကျင်းသည် ချန်ချင်းယွီ၏ အေးစက်လှသော သဘောထားကို သတိပြုမိသွားပုံရပြီး နောက်ထပ် ဆက်မပြောတော့ကာ အနှောင့်အယှက် မပေးတော့ပေ။
"တစ်ခုခု လိုအပ်ရင် လာရှာပါ"
ထိုသို့သာ ထပ်လောင်းပြောကြားပြီး အခြားတစ်ဖက်သို့ လျှောက်လှမ်းသွား၏။ သူသည် အခြားတစ်စုံတစ်ယောက်နှင့်အတူ ငါးဖမ်းရန် လာခဲ့ခြင်း ဖြစ်ပုံရသည်၊ ချန်ချင်းယွီ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ငါးမျှားခြင်းအပေါ်တွင်သာ စိတ်အာရုံ ပြန်လည် စုစည်းလိုက်သည်။ မည်သူဖြစ်သည်ဆိုခြင်းမှာ အရေးမကြီးပေ… ချန်ချင်းယွီသည် ငါးမျှားခြင်းကိုသာ အာရုံစိုက်ခဲ့ရာ အံ့ဩစရာကောင်းလောက်အောင်ပင် အတော်လေး အဆင်ပြေခဲ့၏။ သူမသည် အခြားသူအချို့နှင့်လည်း ငါးအချို့ကို လဲလှယ်ခဲ့သေးသည်။ မပြန်မီတွင် ဆရာယွီ ဖမ်းမိထားသော ငါးအားလုံးကိုပါ ဝယ်ယူခဲ့သဖြင့် နှစ်ဦးနှစ်ဖက် ပျော်ရွှင်သွားကြ၏။
မည်သို့ပင် လဲလှယ်သည်ဖြစ်စေ နှစ်ဦးနှစ်ဖက်စလုံး စိတ်ကျေနပ်မှု ရှိရန် အရေးကြီးဆုံး ဖြစ်သည်။ ဆရာယွီသည် သားဖြစ်သူ၏ အနောက်မှ ဂုဏ်ယူဝင့်ကြွားစွာ လိုက်ပါလာရင်း
"တွေ့လား... ငါ မင်းကို သူ့ကို သွားခေါ်ခိုင်းတာ မှန်တယ်မလား... ဒီပိုက်ဆံနဲ့ ခေါက်ဆွဲနှစ်ပန်းကန် ဝယ်စားလို့ရတယ်၊ နှစ်ပတ်စာ လောက်ငတယ်ဟဲ့"
"ငါးက အရသာ ရှိတာ"
ဆရာယွီ : "မင်းက ငါးကို တစ်လုပ်ပဲ စားလို့ရတာလေ… ခေါက်ဆွဲနှစ်ပန်းကန်လို မင်း ဗိုက်ပြည့်မယ် ထင်လို့လား... မင်း အူကြောင်ကြောင် နိုင်လှချေလား..."
သူသည် ကပ်စေးနှဲချင်လွန်း၍ မဟုတ်သော်လည်း သားသမီး အများအပြား ရှိနေသဖြင့် အားလုံးကို ကျွေးမွေးပြုစုရန်မှာ အမှန်တကယ်ပင် မလွယ်ကူလှပေ။ လူတစ်ယောက်တည်းနှင့် လူကိုးယောက်ကို လုပ်ကျွေးနေရခြင်းဖြစ်ရာ မည်သို့လျှင် မချွေတာဘဲ နေနိုင်မည်နည်း။
"ကျွန်တော် အူကြောင်ကြောင် မဟုတ်ပါဘူး"
ဆရာယွီ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး
"သကြားလုံးတွေကို ထုတ်ပေးစမ်း"
"ဟာ......"
"မင်း သကြားလုံးစားနေတာ ငါမမြင်ဘူး အောက်မေ့နေလား… အဲဒါ ရှောင်ချန် ပေးလိုက်တာ သေချာတယ်၊ ရှောင်ချန်က ကလေးတွေအပေါ် လက်ဖွာဆုံးပဲ… ငါ ငါးဖမ်းလာတာ ဒီလောက်ကြာပြီ၊ မင်းတို့အကြောင်း မသိဘူးမှတ်လို့လား… အခုချက်ချင်း ထုတ်ပေး၊ အိမ်ကျရင် အားလုံး အတူတူ စားကြမယ်"
"ဒါက ကျွန်တော် လိုက်လုပ်ပေးလို့..."
"ဘာကို မင်းလုပ်ပေးတာလဲ... ငါက စီစဉ်ပေးလိုက်တာလေ... မြန်မြန် ထုတ်ပေး..."
ဖခင်နှင့် သားဖြစ်သူတို့သည် ဗလာဖြစ်နေသော ငါးပုံးကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့ကြသော်လည်း သူတို့၏ အိတ်ကပ်ထဲတွင်မူ ပိုက်ဆံများ ပြည့်နှက်နေခဲ့လေသည်။
ချန်ချင်းယွီသည် ယနေ့တွင် ငါးများစွာ ဖမ်းမိထားခဲ့လေပြီ… ရေခဲပြင်ကို အပေါက်ဖောက်၍ ဖမ်းရသဖြင့် ပုံမှန်ထက်လည်း ပိုမိုများပြားလှရာ သူမတစ်ယောက် အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေခဲ့၏။ အမှန်တကယ်ပင် ချန်ချင်းယွီသည် စားသောက်ဖွယ်ရာများနှင့် ပတ်သက်လာလျှင် ကံထူးသူတစ်ဦးဟု ဆိုရပေမည်။ သူမသည် ငါးပုံးကို သယ်ဆောင်ကာ အိမ်သို့ ပြန်ရန် လမ်းတစ်ခုထဲသို့ ချိုးဝင်လိုက်စဉ် လမ်းကြားလေးထဲ၌ မမျှော်လင့်ဘဲ အသိဟောင်းတစ်ဦးနှင့် ထိပ်တိုက်တိုးမိလေတော့သည်။
အာ......
မုန့်သည်မလေးပါလား…
ထိုအမျိုးသမီးငယ်သည်လည်း ချန်ချင်းယွီကို မြင်လိုက်ရသဖြင့် တော်တော်လေး အံ့အားသင့်သွားပြီးနောက် ကမန်းကတန်း နှုတ်ဆက်လာ၏။
"ဒီနေ့ တစ်ယောက်တည်းလားဟင်..."
ပုံမှန်ဆိုလျှင် သူမသည် ကလေးများကို အမြဲ တတွဲတွဲ ခေါ်ဆောင်လာတတ်သောကြောင့်ပင်…
ချန်ချင်းယွီ : "ငါးသွားဖမ်းတာမို့လို့ ကလေးတွေကို မခေါ်လာခဲ့ဘူး… ဒီနေ့ကော ဘာမုန့်ကောင်းကောင်းတွေ ပါလဲဟင်..."
ဤအမျိုးသမီးငယ်၏ မုန့်လုပ်လက်ရာမှာ တကယ့်ကို ကောင်းမွန်လှပြီး အထူးသဖြင့် နှမ်းကပ်မုန့်မှာ အလွန်အရသာရှိသည်။ ချန်ချင်းယွီသည် သူမကိုယ်တိုင် ချက်ပြုတ်ရာတွင် အမွှေးအကြိုင်နှင့် အဆာပလာများကို လက်ဖွာဖွာ သုံးတတ်သဖြင့် အခြားသူများထက် လက်ရာပိုကောင်းသည်ဟု ယူဆထားသော်လည်း၊ ရဲရဲဝံ့ဝံ့ မုန့်ထွက်ရောင်းရဲသည့် ဤမိန်းကလေးနှင့် ယှဉ်လိုက်ပါက ထိုမိန်းကလေး၌ တကယ့်ကို ထူးခြားသော လက်ရာအစွမ်း ရှိနေသည်မှာ အမှန်ပင်။
အမျိုးသမီးငယ် : "ကျွန်မလည်း အခုတင်မှ အပြင်ထွက်လာတာ၊ မရောင်းရသေးဘူး..."
ချန်ချင်းယွီ : "အဲဒါဆို ငါ့ကို အရင်ပြပါဦး"
အမျိုးသမီး : "ရတာပေါ့၊ ဒီနေ့တော့ ကောက်ညှင်းမုန့်နဲ့ အသားမျှင်
အစပ်ချောင်းလေးတွေ ပါတယ်အမ…ကြည့်ပါဦး... ကောက်ညှင်းမုန့်တွေက အခုလေးတင် အိုးထဲက ချလာတာဆိုတော့ ပူပူနွေးနွေးလေးပဲ ရှိသေးတယ်… ဒီအသားမျှင် အစပ်ချောင်းကတော့ ဝက်သားနဲ့ လုပ်ထားတာ… အသားချည်းပဲ ဆိုပေမဲ့ ကြည့်လိုက်ပါဦး... ဆီရွှဲနေတာပဲ၊ တကယ့်ကို ရှယ်ပဲ၊ ဒါက အမြည်းအဖြစ် စားဖို့ အကောင်းဆုံးပဲလေ"
"အပေါ်ကနေ နှမ်းစေ့လေးတွေပါ ဖြူးပေးထားသေးတယ်"
မုန့်သည်အမျိုးသမီးမှာ မုန့်ကောင်းကြောင်း ဝင့်ကြွားစွာ ပြောပြနေ၏။
ချန်ချင်းယွီ လှမ်းကြည့်လိုက်သောအခါ တကယ့်ကို ကောင်းမွန်လှပြီး ခေတ်သစ်ကာလတွင် ရောင်းချနေသော အစားအစာများနှင့်ပင် ခပ်ဆင်ဆင် တူနေသည်။
ချန်ချင်းယွီသည် ထိုအမျိုးသမီးငယ်ကို သေချာ ထပ်မံကြည့်ရှုမိ၏။
ဘုရားရေ... ဒီမိန်းကလေးက ခေတ်ကူးပြောင်းလာတဲ့သူ ဒါမှမဟုတ် လူဝင်စားများ ဖြစ်နေမလား...
သို့သော်လည်း ထိုသို့ မဖြစ်နိုင်လောက်ပေ။ ခေတ်ကူးခြင်းနှင့် လူဝင်စားခြင်း ဆိုသည်မှာ မုန်လာဥနှယ် နေရာတကာ အလွယ်တကူ ရှိနေတတ်သည်မျိုး မဟုတ်ပေ။ လူသားတို့၏ ဉာဏ်ပညာမှာ အကန့်အသတ်မရှိသည် ဖြစ်ရာ ဤခေတ်ကာလရှိ လူများ ဤကဲ့သို့ မုန့်မျိုး မလုပ်နိုင်ဟု အတပ်ပြော၍မရပေ။ ထို့ပြင် တကယ်၍ တစ်စုံတစ်ခု ထူးခြားနေလျှင်ပင် သူမနှင့် မဆိုင်ပါပေ…
သူမကတော့ သာမန် ဝယ်ယူသူတစ်ဦးမျှသာတည်း…
"ကျွန်မသုံးတဲ့ ဝက်သား အိမ်မွေးဝက်အစစ် ဖြစ်လို့ အသားအဆင့်အတန်းက ထိပ်တန်းပဲ၊ တောဝက်သား မဟုတ်ဘူးနော်… ဒီအသားမျှင်လေးတွေက တကယ့်ကို အရသာရှိတာ၊ တစ်လုပ်လောက် မြည်းကြည့်ပါဦးလား"
အမျိုးသမီးငယ်သည် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း အံကြိတ်ကာ ခွင့်ပြုလိုက်သည်။
သူမသည် ချန်ချင်းယွီနှင့် အကြိမ်အနည်းငယ် ဆုံတွေ့ဖူးသဖြင့် သူမသည် မုန့်ဝယ်လျှင် လက်ဖွာတတ်မှန်း သိနေ၏။ ချန်ချင်းယွီလည်း အားနာမနေဘဲ အနည်းငယ် ယူ၍ မြည်းစမ်းကြည့်လိုက်သည်။
အင်း......
သူမ၏ မျက်လုံးများ ချက်ချင်း ဝိုင်းစက်တောက်ပသွား၏။
အရသာ ရှိလိုက်တာ...
တကယ့်ကို အရသာ ရှိလိုက်တာ…
စပ်စပ်မွှေးမွှေးလေးနှင့် ကောင်းလိုက်ပါဘိ…
အမျိုးသမီးငယ်သည် ချန်ချင်းယွီ၏ အမူအရာကို အကဲခတ်ရင်း ဂုဏ်ယူစွာ ပြုံးလိုက်ကာ
"ဘယ်လိုလဲ... မဆိုးဘူးမလား... ကျွန်မရဲ့ ချက်ပြုတ်နည်းက မိရိုးဖလာ လက်ရာလည်း ဖြစ်သလို၊ ကိုယ့်ဘာသာကိုယ်လည်း တီထွင်တတ်တာဆိုတော့ ဒီလိုကိစ္စတွေမှာ ကျွန်မက တော်တော်လေး ဝါသနာပါတယ်"
ချန်ချင်းယွီ ပြတ်ပြတ်သားသားပင်
"နှစ်မျိုးစလုံး အကုန်ယူမယ်"
အမျိုးသမီးငယ် မျက်လုံးအဝိုင်းသားဖြင့် မယုံနိုင်ဟန် မေးလာ၏။
"ရှင်... ဘာပြောလိုက်တာလဲ..."
ချန်ချင်းယွီ : "ကောက်ညှင်းမုန့်ရော၊ အသားမျှင် အစပ်ချောင်းရော အကုန်လုံး ယူမယ်လို့ ပြောတာ"
ရာသီဥတုသည် အလွန်အေးစိမ့်နေသည့်အပြင် မုန့်များမှာ အရသာရှိလှသဖြင့် အိမ်ယူသွားပါက ခဏချင်းနှင့် ကုန်သွားမည်မှာ အသေအချာပင် ဖြစ်သည်။
"အ... အ... အမ... တကယ်ကြီး နောက်နေတာ မဟုတ်ဘူးမလား... ဒါတွေ အကုန်လုံးကို ယူမလို့လား... အားလုံးပေါင်းရင် ဈေးတော်တော်ကြီးတယ်နော်"
ချန်ချင်းယွီ : "အကုန်ယူမယ်၊ ဈေးကြီးပေမဲ့ တန်ဖိုးရှိတာပဲဥစ္စာ... ပြီးတော့ နောက်တစ်ခါ နင်နဲ့ ဘယ်တော့ ပြန်ဆုံမလဲ မသိနိုင်ဘူးလေ… ဒါက တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးပဲ"
မုန့်သည်မလေး : "..."
စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလိုပဲ…
ထိုသို့ တွေးမိသော်လည်း သူမသည် ချန်ချင်းယွီနှင့် နောက်တစ်ကြိမ် ဆုံတွေ့ရန် အချိန်နှင့် နေရာကို ကြိုတင်ချိန်းဆိုရန် မလုပ်ဝံ့ပေ။ယခင်က ပုံမှန်ဝယ်သူတစ်ဦးကြောင့် သူမ တရားမဝင် ရောင်းဝယ်မှုဖြင့် အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် သူမသည် အမြဲတမ်း သတိကြီးစွာ ထားနေရပြီး ကံတရားအပေါ်၌သာ ပုံအပ်ထားရ၏။ ထိုသို့ တွေးကြည့်လျှင် ဤသို့ ဆုံတွေ့ရခြင်းသည် 'တစ်သက်မှာ တစ်ခါ ကြုံရမယ့် အခွင့်အရေး' ဟုဆိုသည်မှာ သဘာဝကျလှပေသည်။
"ဟုတ်ကဲ့ပါ အမ…ဒါပေမဲ့ အမမှာ ထည့်စရာ ပုံး ဒါမှမဟုတ် အိတ် ပါမလာဘူးမလား..."
ချန်ချင်းယွီ : "နင်ရဲ့အိတ်တွေအတိုင်းပဲ ပေးလိုက်ပါ၊ အိတ်ဖိုးပါ တွက်ပေးမယ်"
မုန့်သည်မလေး ခေတ္တမျှ စဉ်းစားပြီး ခေါင်းခါပြကာ
"အိတ်ဖိုးတော့ မယူတော့ပါဘူး… ဒီအိတ်နှစ်လုံးကို အလကားပဲ ပေးလိုက်ပါမယ်၊ အမက ကျွန်မဆီကနေ မကြာခဏ ဝယ်နေကျ ဖြစ်တဲ့အပြင်၊ ဒီတစ်ခါလည်း အကုန်လုံး သိမ်းကျုံးဝယ်ပေးတာဆိုတော့ အိတ်ဖိုး မယူချင်တော့ဘူး"
ပြောရလျှင် ကောက်ညှင်းမုန့်နှင့် အသားမျှင် အစပ်ချောင်း နှစ်မျိုးစလုံးမှာ တန်ဖိုးကြီးပစ္စည်းများ ဖြစ်ကြ၏။ ကောက်ညှင်းမုန့်အတွက် ဆန်လိုသလို၊ အသားမျှင်အတွက် ဝက်သားလိုသည်မှာ ဆိုဖွယ်ရာမရှိပေ။ ၎င်းတို့မှာ မူလကတည်းက အရင်းနှီးရောင်းချရမှု မြင့်မားပြီး လုပ်အားခ ကုန်ကျစရိတ်လည်း မနည်းလှပေ။ချန်ချင်းယွီသည် အပြင်ထွက်သည့်အခါတိုင်း ငွေသားအမြောက်အမြားကို အလေ့အထအရ ဆောင်ထားတတ်သူ ဖြစ်သောကြောင့်သာ ယခုကဲ့သို့ အကုန်လုံးကို တစ်ပြိုင်နက်တည်း ဝယ်ယူနိုင်ခြင်း ဖြစ်၏။
အခြားနည်းလမ်း မရှိပေ…
နောက်ပိုင်း ဆယ်စုနှစ်များစွာ ကြာသည့် ခေတ်ကာလကဲ့သို့ ဖုန်းဖြင့် ကလစ်နှိပ်ကာ ငွေပေးချေ၍ ရသည်မျိုး မဟုတ်ပေ။ တစ်ခုခုကို အမှန်တကယ် ဝယ်ယူလိုပါက ငွေသားအပြည့်အဝ ရှိနေရန် လိုအပ်သည်။ ချန်ချင်းယွီသည် စိတ်လုံခြုံမှု မရှိတတ်သူ ဖြစ်သဖြင့် အပြင်ထွက်လျှင် ငွေသားအလုံအလောက် ယူဆောင်သွားလေ့ရှိပြီး၊ ပစ္စည်းဝယ်ယူသည့်အခါ ရုတ်တရက် အခက်အခဲ မဖြစ်စေရန် ပြင်ဆင်ထားခြင်း ဖြစ်၏။ အမြဲတမ်း အသုံးပြုရန် မလိုသော်လည်း ယခုကဲ့သို့ မမျှော်လင့်ဘဲ ဝယ်ယူရသည့် အခါမျိုးတွင်မူ အလွန် အသုံးတည့်လှပေသည်။
အမျိုးသမီးနှစ်ဦးသည် လျင်မြန်စွာပင် အရောင်းအဝယ် ပြုလုပ်ပြီးသွားကြရာ၊ မုန့်သည်မလေးသည် မျက်နှာတစ်ခုလုံး ပြုံးရွှင်လျက် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွါသွားလေ၏။
၎င်းမှာ တကယ့်ကို ကံကောင်းသော အစပျိုးခြင်းပင်….
တစ်ခါတည်းနှင့် အကုန်ကုန်သွားသဖြင့် အိမ်အနီးအနားများသို့ လှည့်လည်ရင်း အဖမ်းခံရမည့် အန္တရာယ်ကို မစွန့်စားရတော့ပေ။ ယခုကဲ့သို့ အေးစိမ့်သော ရာသီဥတုတွင် အိမ်၌သာ အေးအေးလူလူ နားနေနိုင်တော့မည် ဖြစ်သည်။
အို... ကံကောင်းလိုက်တာ...
အိတ်နှစ်လုံးကို သယ်ဆောင်ထားသော ချန်ချင်းယွီသည်လည်း မိမိကိုယ်ကိုယ် အလွန်အမင်း ကံကောင်းသည်ဟု ခံစားနေရ၏။ သူမသည် ဘဝ၏ အခြားသော အပိုင်းကဏ္ဍများတွင် သာမန်မျှသာ ဖြစ်သော်လည်း အစားအသောက်နှင့် ပတ်သက်လာလျှင်မူ ထူးထူးခြားခြား ကံကောင်းတတ်ကြောင်း သတိပြုမိသွားသည်။
ကြည့်စမ်း... မုန့်ကောင်းကောင်းတွေ ဝယ်လာနိုင်ခဲ့ပြီ မဟုတ်လား…
ချန်ချင်းယွီသည် ပျော်ရွှင်မြူးတူးစွာဖြင့် သီချင်းတညည်းညည်းနှင့် အိမ်သို့ ပြန်လာခဲ့၏။
"ဟင်..."
မိမိတို့ နေထိုင်ရာ လမ်းမကြီးပေါ်သို့ မရောက်မီမှာပင် မမျှော်လင့်ဘဲ ကွမ်ထင်းထင်းကို လှမ်းမြင်လိုက်ရသည်။
ကွမ်ထင်းထင်းသည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေပုံရပြီး ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့၏။
သူမသည် စောစော၌ ချန်ချင်းယွီနောက်သို့ လိုက်လာခဲ့ပြီးနောက် ချန်ချင်းယွီ အမှန်တကယ် ငါးဖမ်းနေသည်ကို မြင်မှ ပြန်လှည့်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းအရာမှာ အနည်းဆုံး လွန်ခဲ့သော နှစ်နာရီ၊ သုံးနာရီခန့်ကတည်းက ဖြစ်ရာ၊ ယခုအချိန်အထိ သူမ ဤနေရာတွင် ဘာလုပ်နေသနည်း။ ချန်ချင်းယွီသည် ချက်ချင်းပင် ထောင့်ချိုးတစ်ခု၌ ပုန်းကွယ်လိုက်၏။
ဟင်းဟင်း... ဘာတွေဖြစ်မလဲ စောင့်ကြည့်ရအောင်...
ဘဝကြီးက ပျင်းစရာကောင်းတယ်လို့ ဘယ်သူပြောလဲ… ဒီလိုမျိုး ဖျော်ဖြေရေး သတင်းတိုလေးတွေကို စောင့်ကြည့်ရတာကလည်း စိတ်ဝင်စားဖို့ကောင်းသားပဲ…
သို့သော်လည်း ချန်ချင်းယွီ စောင့်ကြည့်နေစဉ်မှာပင် ယွမ်ဟောက်ဖုန်း ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ချန်ချင်းယွီ : "..."
'သူတို့က ချစ်သူတွေဖြစ်ပြီး မကြာခင် လက်ထပ်ကြတော့မှာဆိုတော့ အတူတူ ဈေးဝယ်ထွက်ဖို့ ချိန်းထားတာ ထင်ပါရဲ့၊ ကြည့်ရတာ စိတ်လှုပ်ရှားစရာတော့ မရှိလောက်ဘူး။'
ချန်ချင်းယွီတစ်ယောက် ပုန်းနေရာမှ ထွက်လာရန် ပြင်လိုက်စဉ်မှာပင် ယွမ်ဟောက်ဖုန်း စိတ်မရှည်သော အသံဖြင့်
"မင်း ငါ့ကို ဘာလို့ လာရှာတာလဲ..."
ကွမ်ထင်းထင်းသည်လည်း မခံချင်စိတ်ဖြင့် ပြန်အော်ကာ
"အဲဒါ ဘာအမူအရာလဲ..."
ယွမ်ဟောက်ဖုန်း : "ငါ အလုပ်တွေ ရှုပ်နေတာ… အလုပ်ဆင်းမှ စကားပြောလို့ မရဘူးလား..."
ကွမ်ထင်းထင်း နှာခေါင်းရှုံ့လိုက်ပြီး
"ကျွန်မက ရှင်ရှိရာကို မလာရင် ရှင်ကော ဘယ်တော့ ကျွန်မဆီ လာမှာလဲ... အချင်းချင်း ဆုံတောင် မဆုံရဘဲနဲ့ 'အလုပ်ဆင်းမှ' ဆိုတာက ဘာထူးမှာလဲ... ပြောဦးမယ်... ကျွန်မ ကုန်တိုက်မှာ မင်္ဂလာမောင်နှံ ရုပ်ပုံပါတဲ့ ခေါင်းအုံးစွပ် အလှလေးတစ်စုံ တွေ့ခဲ့တယ်… တကယ့်ကို လှတာ၊ ရှင် သွားဝယ်ပေးပါဦး၊ ကျွန်မတို့ မင်္ဂလာဆောင်ကျရင် သုံးရအောင်"
ယွမ်ဟောက်ဖုန်း၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး
"ငါတို့တွေ အခြေအနေတွေကို အားလုံး သဘောတူပြီးပြီ မဟုတ်လား... မင်း ဘာလို့ ပစ္စည်းတွေ ထပ်ခါတလဲလဲ တောင်းနေရတာလဲ... ငါတို့က အတူတူ ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ လက်ထပ်ကြတာလေ… မင်း အခု ဘာလုပ်နေတာလဲ..."
ကွမ်ထင်းထင်း : "ကျွန်မ မင်္ဂလာပွဲအတွက် ကောင်းကောင်းမွန်မွန်လေးတွေ လိုချင်တာ သဘာဝပဲလေ… မဟုတ်ရင် လက်ထပ်ရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ... ရှင်က ကျွန်မကို လက်ထပ်ဖို့ သဘောတူထားတာပဲ၊ ဒီလိုအရာတွေကို ပြင်ဆင်ပေးသင့်တာပေါ့။ ကျွန်မ အစ်မတုန်းကဆိုရင်..."
"မင်းအစ်မက သူ့ထက် အသက်အနှစ်နှစ်ဆယ်ကြီးတဲ့သူနဲ့ လက်ထပ်ခဲ့တာလေ.. ငါက မင်းအစ်မယောကျာ်းနဲ့ မတူဘူး၊ မင်း အဲဒီလို မာနကြီးပြီး ဂုဏ်ပြိုင်နေတာတွေကို တော်စမ်းပါတော့..."
"လူ့ဘဝမှာ တစ်ခါပဲ လက်ထပ်ရတာကို မာနကြီးတယ်လို့ ပြောရသလား... ကျွန်မ အဲဒီ မင်္ဂလာမောင်နှံ ခေါင်းအုံးစွပ်ကို လိုချင်တယ်၊ လိုချင်တာကို ပြောတာ... တကယ်လို့ ရှင် ဝယ်မပေးရင် ကျွန်မ ရှင်နဲ့ လက်မထပ်ဘူး"
"မင်း တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ... မင်း တောင်းဆိုတာတွေ မများလွန်းဘူးလား... မင်းက အဆမတန်တွေ လျှောက်တောင်းနေတာ၊ တကယ်ကြီး လက်ထပ်ချင်လို့ကော ဟုတ်ရဲ့လား......"
"ကျွန်မက ဘာလို့..."
နှစ်ဦးသားမှာ လမ်းလယ်ခေါင်၌ အပြင်းအထန် စကားများ ရန်ဖြစ်ကြတော့သည်။
ချန်ချင်းယွီသည် စိတ်ပျက်လက်ပျက်ဖြင့် ဆွံ့အသွားရ၏။
ပြောစရာစကားတောင် မရှိတော့ဘူး…
အမှန်ပါပဲ... ဤကဲ့သို့သော အဖြစ်အပျက်မျိုးမှာ နေရာတိုင်းတွင် အမြဲတစေ ဖြစ်ပွါးနေတတ်သည်သာ…
သို့သော်လည်း ချန်ချင်းယွီသည် ကွမ်ထင်းထင်း တောင်းဆိုသည်မှာ မမှားဟု ခံစားမိသည်၊ မိမိမင်္ဂလာပွဲအတွက် ကောင်းမွန်လှပသောအရာများကို လိုချင်တောင့်တခြင်းမှာ နားလည်ပေးနိုင်စရာပင် ဖြစ်သည်။ အကယ်၍ မတတ်နိုင်လောက်အောင် အဆမတန်ဟု ထင်မြင်ပါက ပထမကတည်းက သဘောမတူဘဲ နေနိုင်၏။ သို့သော်လည်း တစ်ခါ သဘောတူခဲ့ပြီးပြီ ဖြစ်ရာ သူမအတွက် အနည်းဆုံးတော့ တစ်ခုခု ပြင်ဆင်ပေးသင့်ပေသည်။ မည်သို့ပင်ဖြစ်စေ ကွမ်ထင်းထင်းသည် သူမအလိုရှိသောအရာများကို အစကတည်းက အထင်အရှား ပြောပြထားခဲ့ပြီးသားပင်…
သို့သော် ဧည့်ခံပွဲနီးမှ ကွမ်ထင်းထင်းဘက်မှ ပစ္စည်းများ ထပ်တိုးတောင်းဆိုလာခြင်းမှာ အနည်းငယ်...
ဒါနဲ့... သူတို့တွေ လက်ထပ်စာချုပ် လက်မှတ်ထိုးပြီးကြပြီလား…
အကယ်၍ အဆင်မပြေဘူးဆိုဘျှင်လည်း နောက်ဆုတ်လိုက်ရုံသာ ရှိသည်။
အကယ်၍ နောက်မဆုတ်ဖြစ်ကြဘူးဆိုလျှင်လည်း တစ်ယောက်ကိုတစ်ယောက် အပြစ်တင် စောင်းမြောင်းရင်းသာ ဖြတ်သန်းကြရလိမ့်မည်...
ချန်ချင်းယွီသည် လမ်းထောင့်မှနေ၍ အတန်ကြာအောင် ဆက်လက်စောင့်ကြည့်နေခဲ့ပြီး ထိုသူနှစ်ဦး စိတ်ပျက်လက်ပျက်နှင့် လမ်းခွဲသွားကြသည်ကို မြင်လိုက်ရ၏။
သူတို့သည် ဒေါသတကြီးဖြင့် အသီးသီး ထွက်ခွာသွားကြတော့သည်။
ချန်ချင်းယွီ : "..."
'လက်တောင်မထပ်ရသေးဘူး၊ အခုကတည်းက ဒီလိုဖြစ်နေကြပြီ…ဒီအိမ်ထောင်ရေးက တကယ်ကြီး လိုအပ်လို့လား...'
ချန်ချင်းယွီတစ်ယောက် နားမလည်နိုင်အောင် ဖြစ်ရသည်၊ သူမ အမှန်တကယ်ပင် စဉ်းစား၍မရပေ။
သူတို့နှစ်ဦးကြား၌ မည်သည့်သံယောဇဉ်အခြေခံမျှ မရှိကြပါဘဲ၊ အောင်သွယ်မှုတစ်ခုမှတစ်ဆင့် တစ်ကြိမ်တစ်ခါမျှသာ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်၏။ တစ်ယောက်ကိုတစ်ယောက် သည်းမခံနိုင်ကြပါလျက်နှင့် အဘယ်ကြောင့်များ ဇွတ်မှိတ်ကာ လက်ထပ်ချင်နေကြရသနည်း။
၎င်းမှာ ပို၍ပင် ရှုပ်ထွေးစရာ ကောင်းနေတော့သည်။
သူမသည် အတင်းအဖျင်းကို ကြည့်ရှု့ပြီးနောက် ငါးပုံးကို ဆွဲကာ အိမ်သို့ ခပ်သုတ်သုတ် ပြေးပြန်ခဲ့၏။
သူမထံတွင် အဖိုးတန်ပစ္စည်းများစွာ ပါလာခဲ့သဖြင့် သူတပါးမှ မှောင်ခိုသမားဟု အထင်မမှားစေရန် မြန်မြန်ထွက်ခွာသွားခြင်းက အကောင်းဆုံး ဖြစ်သည်။
ချန်ချင်းယွီသည် အိမ်သို့ တောက်လျှောက် ပြေးပြန်လာခဲ့စဉ် မွန်းတည့် ၁၂ နာရီကျော်သွားခဲ့ပြီ ဖြစ်၏။ အကယ်၍ ဗိုက်သာမဆာခဲ့လျှင် သူမ နောက်ထပ် အတန်ကြာအောင် ငါးမျှားနေမိဦးမည်မှာ သေချာသည်။ မွန်းတည့်အချိန် ဖြစ်သော်လည်း ဝင်းအတွင်း၌ ဆူညံမနေပေ။ ဆောင်းရာသီသည် နွေရာသီကဲ့သို့ စည်ကားသက်ဝင်မှု မရှိလှပေ။
ချန်ချင်းယွီ တံခါးဖွင့်ဝင်လိုက်သောအခါ ကလေးနှစ်ယောက်စလုံး စောင်လေးများခြုံကာ အိမ်၌ တစ်ရေးတစ်မော အိပ်ပျော်နေကြသည်ကို တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းအစုံမှာ အလိုအလျောက် ပြုံးယောင်သန်းသွားခဲ့၏။
ထို့နောက် အုတ်ကုတင်၏ အစွန်းတွင် မက်မွန်သီးကိတ်မုန့်အစအနလေးများ ပေကျံနေသည်ကို သတိပြုမိလိုက်ရာ ကလေးများသည် နေ့လယ်စာမစားဘဲ မုန့်များကိုသာ စားထားကြမှန်း သိလိုက်ရသည်။
ချန်ချင်းယွီသည် ဤမုန့်များကို ဝယ်ယူကာ ဗီရိုပေါ်၌ တင်ထားခဲ့ခြင်း ဖြစ်ပြီး၊ အကယ်၍ နေ့လယ်စာစားချိန်ကျော်သည်အထိ သူမ အိမ်သို့ ပြန်မရောက်လာပါက အလိုရှိသလောက် ယူစားနိုင်ကြောင်း ကလေးများကို မှာကြားထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကလေးငယ်နှစ်ဦးကို အလွန်အမင်း ဝမ်းသာမြူးတူးစေခဲ့၏။
ချန်ချင်းယွီသည် ဝယ်လာသော ပစ္စည်းများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက် ငါးများကို ဆေးကြောရန် ရေခပ်ခဲ့သည်။ သူမသည် မကြောင်လေးများကို အစာမကျွေးဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်၏။ သူမ ငါးဖမ်းမထွက်ဖြစ်တော့ကတည်းက ဆောင်းရာသီတွင် ငါးဖမ်းမည်မဟုတ်ကြောင်း ကြောင်လေးများကို သေသေချာချာ မှာကြားထားခဲ့ခြင်း ဖြစ်သည်။
ကြောင်ကလေးများ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူမ သတိပေးထားခဲ့၏။
ယနေ့တွင် ငါးအမြောက်အမြား ရရှိခဲ့သဖြင့် ချန်ချင်းယွီသည် ဆေးကြောသန့်စင်ပြီးနောက် ပိုလျှံနေသော ငါးအူ၊ အစအနများကို အပြင်သို့ သယ်ဆောင်လာခဲ့သည်။
"မီမီ... မီမီရေ..."
လမ်းပေါ်ရှိ ကြောင်အားလုံးကို 'မီမီ' ဟုသာ ယေဘုယျ လှမ်းခေါ်ကြသည် မဟုတ်လော့…
အိမ်သာတက်ရန် ထွက်လာသော အဒေါ်ကြီးမေ့ ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ
"ညည်းက တကယ် စိတ်ကောင်းနှလုံး ကောင်းတာပဲအေ”
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း
"ဒေါ်လေးမေ့ကလည်း... ကိုယ့်ကိုယ်ကိုယ် ပြန်ချီးကျူးနေတာနဲ့ အတူတူပါပဲ... ကျွန်မက ဒေါ်လေးဆီကနေ သင်ယူထားတာလေ"
အဒေါ်ကြီးမေ့ တဟားဟား အော်ရယ်တော့သည်။
၎င်းမှာ အမှန်ပင် ဖြစ်၏။ ချန်ချင်းယွီသည် ယခင်က လေလွင့်ကြောင်လေးများအကြောင်းကို မသိရှိခဲ့ဘဲ၊ အဒေါ်ကြီးမေ့ ကြောင်များကို ကျွေးမွေးရန်အတွက် ငါးပါးဟက်များနှင့် ငါးအူများကို တောင်းခံလေ့ရှိရာမှတစ်ဆင့် သိရှိလာခဲ့ခြင်း ဖြစ်သည်။
ကြောင်ကလေးများသည် ဘေးပတ်လည်တွင် ဝိုင်းအုံလာကြပြီး၊ ကောင်းမွန်လှသော အစားအစာများ မဟုတ်သော်လည်း အငမ်းမရ စားသောက်နေကြရှာ၏။
ယခုခေတ်ကာလတွင် ကြောင်များကို အလိုလိုက်အကြိုက်ဆောင်ထားရန် မဆိုထားနှင့်၊ လူသားများပင်လျှင် ရုန်းကန်နေကြရသဖြင့် ကြောင်များအတွက် ပို၍ပင် ခက်ခဲလှပေသည်။
ချန်ချင်းယွီသည် ကြောင်များကို အစာကျွေးပြီးနောက် အဒေါ်ကြီးမေ့နှင့်အတူ အိမ်ထဲသို့ လမ်းလျှောက်ဝင်လာခဲ့၏။
အဒေါ်ကြီးမေ့ : "ဒီနေ့ ငါးတော်တော် ရလာတယ်ပေါ့..."
ချန်ချင်းယွီ : "ဟုတ်ကဲ့၊ အဘိုးကြီးအချို့က လူခေါ်ပြီး ရေခဲပြင်ကို အပေါက်ဖောက်ခိုင်းထားလို့လေ… ကျွန်မလည်း နည်းစနစ်ကို သေသေချာချာ မသိပေမဲ့ အဲဒီလိုလုပ်တာက ငါးဖမ်းဖို့ တကယ့်နည်းလမ်းကောင်းပဲ၊ ငါးတွေအများကြီး ရတာပဲ"
အဒေါ်ကြီးမေ့ : "ညည်းက တကယ် အစွမ်းအစရှိပါတယ်အေ၊ နောက်ဆုံးတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အသက်မွေးနိုင်ခဲ့ပြီပဲ"
"အသက်မွေးဝမ်းကျောင်း ကောင်းကောင်းလုပ်ရမှာပေါ့ ဒေါ်လေးရဲ့၊ အိမ်မှာ ကလေးတွေ ရှိနေတာကို"
အဒေါ်ကြီးမေ့ သက်ပြင်းချရင်း
"အေးပါ... တို့တွေ လူကြီးတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်သလို နေလို့ရပေမဲ့၊ ကလေးတွေကိုတော့ မျက်နှာငယ်အောင် မထားနိုင်ဘူးလေ"
ချန်ချင်းယွီ ပြုံးလိုက်မိသည်။
အဟမ်း… အာ... ကျွန်မက ဟန်ဆောင်ချင်လို့ ယဉ်ယဉ်ကျေးကျေး ပြောလိုက်တာပါနော်… ကျွန်မက ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးရှင့်…
"ဩော်... ဒါနဲ့၊ ဒီနေ့ ညည်းအပြင်ထွက်သွားပြီးတော့ ကွမ်ထင်းထင်းလည်း ညည်းနောက်ကနေ လိုက်ထွက်သွားတာ… သူကော ညည်းနဲ့အတူ ငါးလိုက်ဖမ်းတာလား..."
ချန်ချင်းယွီ ခေါင်းခါပြကာ
"ဟင့်အင်း၊ မဟုတ်ပါဘူး.. သူက အခြားကိစ္စ ရှိလို့ ထွက်သွားတာ ထင်ပါတယ်"
အဒေါ်ကြီးမေ့ နှာခေါင်းရှုံ့လိုက်ပြီး
"ငါကြည့်ရသလောက်တော့ အဲဒီမိန်းကလေးက လူကောင်းမဟုတ်ဘူး… ညည်း စောင့်ရုံစောင့်ကြည့်လိုက်၊ ယွမ်မိသားစုကတော့ ပြဿနာတွေနဲ့ မပြတ်တော့ဘူး… ကျောက်ရုံကလည်း အလွယ်တကူ အလျော့ပေးမယ့် ယောက္ခမမျိုး မဟုတ်ဘူးလေ"
"ဟယ်... ကွမ်ထင်းထင်းနဲ့ ဟောက်ရွှယ်က လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်ဘူးလားဒေါ်လေးရဲ့၊ သူမ ကြားထဲကနေ ညှိနှိုင်းပေးရင် အဆင်ပြေသွားမှာပါ"
"ဟဲဟဲ... အဲဒါကို ဘယ်သူက ယုံမှာလဲ... ဟောက်ရွှယ်ဆိုတဲ့ မိန်းကလေးက ဒီလိုကိစ္စတွေကို ဂရုစိုက်မယ့်သူ မဟုတ်ဘူး၊ ဩော်... ဒါနဲ့၊ ညည်းကို ပြောစရာ ရှိသေးတယ်၊ လျှို့ဝှက်ချက်အကြီးကြီးတစ်ခုလေ။"
ချန်ချင်းယွီသည် ချက်ချင်းပင် နားစွင့်လိုက်မိသည်၊ သူမသည် လျှို့ဝှက်ချက်များကို ကြားနာရရန် အလွန် ဝါသနာပါသူ ဖြစ်၏။
အဒေါ်ကြီးမေ့ အသံကို တိုးနိုင်သမျှ တိုးကာ လျှို့ဝှက်စွာဖြင့်
"ဟောက်ရွှယ်က မကြာခင် အမြဲတမ်းဝန်ထမ်းအဖြစ် ရာထူးတိုးတော့မယ်တဲ့"
ချန်ချင်းယွီ မျက်လုံးအဝိုင်းသားဖြင့် မယုံနိုင်ဟန်ဖြင့် မေးလိုက်မိသည်။
"......... ရှင်... တကယ်ကြီးလား...... ဒီလို ယာယီဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် တိုက်ရိုက် ရာထူးတိုးပေးလေ့မရှိဘူး မဟုတ်လားဟင်... သူတို့က တစ်နှစ်လောက် ယာယီလုပ်ပြီးမှ ကျန်တဲ့အခြေအနေတွေကို ဆက်ကြည့်ကြတာ မဟုတ်ဘူးလား..."
"အဲဒါကြောင့်ပေါ့အေ၊ ညည်း စဉ်းစားကြည့်ဦး၊ သူတို့မိသားစုမှာ အဆက်အသွယ် အင်အား တောင့်တင်းလို့ပေါ့… ဟောက်ရွှယ်က အခု အဲဒီကိစ္စကို အပြင်းအထန် ကြိုးစားနေတာ… အဆင်ပြေသွားတာနဲ့ သူမဆီ အကြောင်းကြားစာ ရောက်လာလိမ့်မယ်၊ ဒါကို ဒီဝင်းထဲမှာ ငါပထမဆုံး သိတာ၊ ညည်းက ဒုတိယမြောက်ပဲ၊ သူများကို လျှောက်မပြောနဲ့ဦးနော်"
ချန်ချင်းယွီ ကမန်းကတန်း ခေါင်းငြိမ့်ပြလိုက်၏။
အဒေါ်ကြီးမေ့ ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာပြသည်။
"ငါလည်း တွေးနေတာ၊ ဟောက်ရွှယ်က ဘာဖြစ်လို့ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ရာထူးတိုးရတာလဲလို့၊ညည်း တွေးကြည့်စမ်း... ဒါက ဟောက်ဖုန်းရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်နေမလား... အားလုံးက ဒီအချိန်မှာတင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်နေတာလေ… ညည်းလည်း သိတဲ့အတိုင်း ယွမ်ဟောက်ဖုန်းက ကြင်ဖက်တွေ့တုန်းက ကွမ်ထင်းထင်းရဲ့ တောင်းဆိုချက်တွေကို လုံးဝ မကျေနပ်ခဲ့ဘူးမလား၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းကျမှ ဘာလို့ ရုတ်တရက် သဘောတူလိုက်ရတာလဲ... နောက်ကွယ်မှာ တစ်ခုခု ရှိနေတာ သေချာတယ်၊ ငါသံသယဖြစ်တာကတော့ ဒါဟာ ဟောက်ရွှယ်ရဲ့ အလုပ်ကိစ္စနဲ့ ဆက်စပ်နေလိမ့်မယ်"
"စဉ်းစားကြည့်ရင်တော့ ဟုတ်နိုင်တယ် ဒေါ်လေး”
"ဟုတ်တာပေါ့၊ မဟုတ်ရင် ငါက ဘာလို့ ဒီလိုတွေ ပြောနေပါ့မလဲ..."
"ဒါဆို... ယွမ်ဟောက်ဖုန်းက သူ့ညီမရဲ့ အလုပ်အကိုင်အတွက်နဲ့ အနစ်နာခံပြီး လက်ထပ်လိုက်တာပေါ့ ဟုတ်လား... သူက သူ့ညီမအပေါ် အဲဒီလောက်အထိ တကယ်ကြီး ကောင်းတာလားဟင်..."
အဒေါ်ကြီးမေ့ နှုတ်ခမ်းကို မဲ့လိုက်ရင်း
"ညည်းက ငယ်သေးတော့ ဇာတ်လမ်းရဲ့ အနက်အဓိပ္ပာယ်နဲ့ အရှုပ်အထွေးတွေကို နားမလည်သေးပါဘူးအေ"
ချန်ချင်းယွီသည် ထိုစကားကို အလွန် စိတ်ဝင်တစားဖြင့် သေသေချာချာ ဆက်လက် နားထောင်နေခဲ့လေ၏။
“ဟောက်ဖုန်းနဲ့ ကွမ်ထင်းထင်းတို့ လက်ထပ်တာကလေ… တောင်းတဲ့တင်တောင်းကြေးတွေ၊ ပစ္စည်းပစ္စယတွေက နည်းနည်းများပြီး အဆမတန် တောင်းဆိုလွန်းတယ်ဆိုပေမဲ့ နှစ်ဖက်မိသားစု အခြေအနေချင်းက သိပ်မကွာတော့ ဘယ်သူက အမြတ်ထွက်တယ် ဘယ်သူက နစ်နာတယ်လို့ ပြောမရဘူး၊ တကယ်တော့ အဓိက တင်တောင်းကြေးက ငွေခြောက်ဆယ့်ခြောက်ယွမ်ပဲ မဟုတ်လား… လက်ပတ်နာရီက ကွမ်ထင်းထင်း ကိုယ်တိုင်ပတ်မှာ၊ အပ်ချုပ်စက်နဲ့ ရေဒီယိုကလည်း သူတို့လင်မယား အိမ်ထောင်အသစ်လေးအတွက် သုံးမှာဆိုတော့ မိန်းကလေးအိမ်မှာ ကျန်ရစ်ခဲ့တာမှ မဟုတ်တာ… ဒါပေမဲ့ အဲဒီအပေးအယူကြောင့်သာ ဟောက်ဖုန်းက သူ့ညီမလေးအတွက် အလုပ်အကိုင်တစ်ခု တကယ်ရအောင် လုပ်ပေးနိုင်ရင်တော့ အဲဒါ တကယ့်ကို မခေတဲ့ကိစ္စပဲ… အလုပ်တစ်ခုရဖို့က ဘယ်လောက်တောင် ပိုက်ဆံကုန်ရလဲ၊ ကြည့်တော့သာ ညီမဖြစ်သူအတွက် အနစ်နာခံသလိုလိုနဲ့ လက်တွေ့မှာ သူကိုယ်တိုင်လည်း မရှုံးဘူးလေ… ဟောက်ရွှယ်ကလည်း အစ်ကိုဖြစ်သူရဲ့ အကြွေးအမြတ်ကြီးကို တင်သွားပြီဆိုတော့ နောင်ကျရင် အစ်ကိုဖြစ်သူကို ကောင်းကောင်းကြီး ကျေးဇူးဆပ်ရမှာပေါ့၊ ဟောက်ရွှယ် ယာယီအလုပ်သမား ဖြစ်တာနဲ့ အမြဲတမ်းဝန်ထမ်း အလုပ်သမား ဖြစ်တာက လုံးဝမတူဘူးလေ။ သူသာ အမြဲတမ်း ဖြစ်သွားရင် အစီအစဉ်ကောင်းကောင်းဆွဲပြီး အခြေအနေကောင်းတဲ့ အိမ်ထောင်ဘက်နဲ့ ညားနိုင်တယ်၊ အဲဒီကျမှ ယွမ်ဟောက်ဖုန်းကို ပြန်ပြီး ထောက်ပံ့လို့ရတာပဲ… တွက်ကြည့်ရင် ယွမ်ဟောက်ဖုန်းက ဘယ်လိုမှ မရှုံးဘူး”
အဒေါ်ကြီးမေ့ပြောပုံကို ကြည့်ရုံနှင့်ပင် တစ်ခုခု ကြားထားသိထား၍ ဖြစ်ရမည်ဟု ချန်ချင်းယွီ တွေးမိသည်။ သူမသည် “ဖြစ်နိုင်တယ်” ဟု အပေါ်ယံ သုံးနှုန်းနေသော်လည်း လေသံမှာမူ အခိုင်အမာ ယုံကြည်ချက်အပြည့် ရှိနေ၏။ တစ်ခုခုကို အသေအချာ သိထား၍သာ ယခုလို ပြတ်ပြတ်သားသား ပြောနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ချန်ချင်းယွီ : “သူတို့မိသားစုကတော့ တကယ့်ကို လူစွာတွေချည်းပဲနော်”
“ဒါပေါ့၊ အသေအချာပေါ့”
အဒေါ်ကြီးမေ့ ချက်ချင်းပင် ထောက်ခံလေသည်။
ထိုစဉ် အဒေါ်ကြီးမေ့သည် လမ်းလျှောက်လာသူတစ်ဦးကို လှမ်းမြင်လိုက်ရသဖြင့် မျက်လုံးအစုံ ပြူးကျယ်သွားကာ
“ငါ… အမလေး၊ သောက်ကျိုးနည်း...”
“ဘာဖြစ်လို့လဲ ဒေါ်လေး”
ချန်ချင်းယွီလည်း အဒေါ်ကြီးမေ့ ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ရာ အလွန်ပင် ပိန်ချုံးနွမ်းနယ်နေသော လီလင်းလင်းကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားမိ၏။
“သူက ဘာဖြစ်တာလဲ မသိဘူးနော်”
အဒေါ်ကြီးမေ့က စိုးရိမ်တကြီးဖြင့် လီလင်းလင်းအနားသို့ ခပ်သွက်သွက် လျှောက်သွားကာ
“လင်းလင်း … ညည်း ဘာဖြစ်လို့လဲ၊ နေကောင်းရဲ့လား”
လီလင်းလင်း ခေါင်းကို အသာအယာခါယမ်းရင်း မျက်နှာငယ်လေးဖြင့် တိုးတိုးလေး ပြန်ဖြေသည်။
“ကျွန်မ ဘာမှမဖြစ်ပါဘူး၊ အအေးပတ်သွားလို့ပါ”
ရက်ပိုင်းအတွင်းမှာတင် သူမသည် ပို၍ ပိန်ညှောင်သွားပြီး မျက်နှာထက်၌ သွေးမရှိဘဲ စိတ်ဓာတ်ကျဆင်းနေသည့် ပုံစံ ပေါက်နေ၏။အဒေါ်ကြီးမေ့မှာ စေတနာဖြင့်
“အခုက ရာသီဥတုက အေးလာပြီလေ၊ အပြင်ထွက်ရင် အဝတ်အစား ထူထူဝတ်ဦး.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ဂျင်းပြုတ်ရည်လေးဘာလေး သောက်ဦး… မသက်သာရင် ဆေးရုံသွားပြဦးနော်၊ အအေးပတ်တာက ပစ်ထားလို့မရဘူး၊ ကြည့်ပါဦး ညည်းမျက်နှာက ဘယ်လောက်တောင် နွမ်းဖတ်နေလဲ”
“ကျွန်မ သိပါတယ်”
လီလင်းလင်း စကားအရှည်ကြီး မပြောချင်သဖြင့် ခပ်ပြတ်ပြတ်ပင် အေးစက်စက် တုံ့ပြန်ပြီး ရှေ့သို့ ဆက်လျှောက်သွားလေသည်။
သူမ ထွက်သွားသည်နှင့် အဒေါ်ကြီးမေ့ ချန်ချင်းယွီဘက်လှည့်ကာ နှုတ်ခမ်းတပြင်ပြင်ဖြင့်
“ငါ့အမြင်ပြောရရင်တော့ သူ အအေးပတ်တာ မဟုတ်ပါဘူးအေ၊ ယွမ်ဟောက်ဖုန်း လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ရင်ကွဲနာကျနေတာ… သူတို့မိသားစု ဘာတွေတွေးနေလဲ ငါလည်း စဥ်းစားလို့ကိုမရဘူး၊ ယွမ်ဟောက်ဖုန်းကို သဘောကျနေရင်လည်း ကိုယ့်ဘက်က အရင် လူကြီးစုံရာနဲ့ လာပြောတာမျိုး၊ အောင်သွယ်တော် ရှာတာမျိုး အမြန်လုပ်ပါလား… ဘာမှမလုပ်ဘဲ ဒီတိုင်း အချိန်ဆွဲနေတော့ ယွမ်ဟောက်ဖုန်းကပဲ သူ့ကို အရင်လိုက်ကပ်ရမှာလား… အခုခေတ်မှာ ဖူးစာဖက်ရှာရင် အခြေအနေကို ကြည့်ကြတာ၊ ကိုယ့်ဘက်က အခြေအနေမပေးရင် ပိုပြီး ကြိုးစားအားထုတ်ရမှာပေါ့… ဘာမှလည်း မကြိုးစားဘဲ အခုမှ လာပြီး ဝမ်းနည်းနေလို့ ဘာထူးမှာလဲ… ဟိုက ဝုန်းဒိုင်းကြဲ လက်ထပ်ဖို့ သတ်မှတ်လိုက်ပြီ၊ သူကတော့ ဒီမှာ လာပြီး ရုပ်ပျက်ဆင်းပျက် ခံစားနေတယ်… ဒါက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာကလွဲရင် သူများက လာပြီး သနားနေမှာမို့လို့လား… လင်စန်းရှင်းကလည်း တကယ့်ကို ကလေးကို မဆုံးမတတ်လိုက်တာ”
ချန်ချင်းယွီက အဒေါ်ကြီးမေ့ကို တစ်ချက် ငေးကြည့်မိ၏။ အိမ်ရာဝင်းကြီးတစ်ခုလုံးတွင် အဒေါ်ကြီးမေ့ကဲ့သို့ အခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်းနှင့် အမှန်အတိုင်း မြင်တတ်သူမှာ ရှားပါးလှပေသည်။
အဒေါ်ကြီးမေ့ သက်ပြင်းတစ်ချက်ချရင်း
“လူဆိုတာကလေ… ကိုယ်လိုချင်တဲ့အရာရှိရင် နှုတ်ကနေ ထုတ်မပြောဘဲ၊ သူများက လာပေးမယ့်အချိန်ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်… လောကမှာ ဘယ်သူကမှ ကိုယ့်ကို အလကား လာပြီး အလိုလိုက်နေမှာ မဟုတ်ဘူး”
ချန်ချင်းယွီလည်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် နားထောင်နေသည်။
အဒေါ်ကြီးမေ့ သဘောကျစွာ ရယ်မောရင်း
“ကဲ… ငါလည်း လျှောက်ပြောနေမိပြီ”
“ဒေါ်လေးပြောတာ တကယ် အဓိပ္ပာယ်ရှိပါတယ်”
“အမလေး… အပြင်မှာ တကယ်အေးလာပြီ၊ နှင်းကျတော့မယ် ထင်တယ်။ ကဲ… အိမ်ထဲ ပြန်ကြစို့”
“ဟုတ်ကဲ့ ဒေါ်လေး သွားစို့”
ချန်ချင်းယွီ အိမ်ပြန်ရောက်သောအခါ အိမ်အလုပ်များကို သိမ်းဆည်းလိုက်ပြီး ငါး ဆားသိပ်မည့် အလုပ်ကိုမူ ခေတ္တရပ်နားထားလိုက်၏။ ယခုကဲ့သို့ အေးစိမ့်လှသော ရာသီဥတုတွင် အစားအစာများ ပုပ်သိုးသွားရန် အကြောင်းမရှိပေ။ ငါးများကို တံခါးအနီးရှိ နံရံတွင် ချိတ်ဆွဲထားလိုက်ရုံဖြင့် တစ်ညအတွင်း ခဲသွားမည်ဖြစ်ရာ ဆားကိုလည်း ချွေတာရာရောက်သလို၊ ပြန်နွှာစားသည့်အခါတွင်လည်း လတ်လတ်ဆတ်ဆတ် အရသာကို ရရှိနိုင်သဖြင့် အလွန်ပင် တွက်ခြေကိုက်လှသည်။
ချန်ချင်းယွီက အဒေါ်ကြီးမေ့ကို အိမ်ရာဝင်းထဲမှ အမြင်အမြော်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ထားသကဲ့သို့ အဒေါ်ကြီးမေ့သည်လည်း ချန်ချင်းယွီကို ထိုနည်းတူပင် ထင်မြင်နေခဲ့၏။
အခြားအိမ်နီးနားချင်းများ သတိမထားမိကြသော်လည်း အဒေါ်ကြီးမေ့မှာ ဒုတိယဝင်းတွင် နေထိုင်ပြီး ချန်ချင်းယွီတို့အိမ်နှင့် မျက်စောင်းထိုးတွင်ရှိသော အိမ်နီးချင်းဖြစ်သဖြင့် အခြေအနေအရပ်ရပ်ကို ကောင်းကောင်းသိသည်။ လင်းကျန့်ဝမ် ထွက်သွားပြီးနောက် အဘွားကြီးကျောက်တစ်ယောက် ချန်ချင်းယွီကို အော်ဟစ်ဆဲဆိုခြင်း မရှိတော့သည်မှာ ကြာပြီဖြစ်ပြီး၊ ယခုဆိုလျှင် ယောက္ခမနှင့် ချွေးမတို့သည် သာမန်မိသားစုများကဲ့သို့ သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ကြပြီ ဖြစ်၏။
အဘွားကြီးကျောက် ရန်ရှာပြဿနာရှာခြင်း မရှိတော့သဖြင့် သူတို့မိသားစုဘဝလေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် စည်ပင်လာသည်။ ထို့အပြင် အဘွားကြီးကျောက်မှာ အလုပ်အကိုင် ရသွားသည့်အတွက်ကြောင့် လူပုံစံမှာလည်း ယခင်ထက် ပိုမိုကျန်းမာလန်းဆန်းလာပြီး စိတ်အခြေအနေလည်း ပြောင်းလဲသွားခဲ့၏။ ယခင်ဆိုလျှင် ပါးစပ်ဟသည်နှင့် ဘိုးဘွားဘီဘင်ပါမကျန် ဆဲဆိုတတ်သော မိန်းမကြီးမှာ ယခုအခါ အလုပ်ရသွားသဖြင့် အနေအထိုင် အပြောအဆိုမှာ တည်ငြိမ်၍ သိက္ခာရှိလာသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ချန်ချင်းယွီအနေဖြင့် ထိုစဉ်က အလုပ်ရာထူးကို မိမိကိုယ်တိုင် မဆက်ခံဘဲ အဘွားကြီးကျောက်ကို ဆက်ခံစေခဲ့ခြင်းမှာ အလွန်မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း သက်သေပြနေ၏။
သူမကိုယ်တိုင် ကလေးကို စောင့်ရှောက်ခြင်းမှာ အဘွားကြီးကျောက် စောင့်ရှောက်သည်ထက် ပိုမိုကောင်းမွန်လှသည်။ ထို့ပြင် သူမသည် ငါးလည်း မျှားတတ်သေးရာ၊ ထိုငါးများကို ပိုက်ဆံနှင့် မလဲလှယ်လျှင်ပင် မိသားစုစားဝတ်နေရေးအတွက် များစွာ အထောက်အကူပြု၏။ မည်သို့ပင်ဖြစ်စေ ယခုနှစ်အတွင်း သူတို့မိသားစု၏ လူနေမှုဘဝမှာ ယခင်ထက် များစွာ ကောင်းမွန်လာခဲ့သည်။ ၎င်းမှာ ချန်ချင်းယွီ ငါးမျှားတတ်ခြင်းကြောင့်သာမက အဘွားကြီးကျောက် အလုပ်ရသွားပြီး ထမင်းစားဆောင်တွင် ထမင်းစားနိုင်ခြင်းကြောင့်လည်း ပါဝင်၏။ ထမင်းစားဆောင်သို့ အလုပ်ပြောင်းလိုက်ခြင်းမှာလည်း အလွန်ပင် မှန်ကန်လှပေသည်။
ထို့ကြောင့် အဒေါ်ကြီးမေ့သည် ချန်ချင်းယွီကို ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့သော်လည်း စာပေတတ်မြောက်ထားသူဖြစ်၍ စာရင်းအင်း တွက်ချက်မှုတွင် အလွန်ပင် စေ့စပ်သေချာလှသည်ဟု တွေးမိကာ၊ သူမကို ရှားပါးလှသော လူတော်လူလိမ္မာလေးတစ်ဦးအဖြစ် စိတ်ထဲမှ ချီးကျူးနေမိတော့၏။
နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး လူတော်များဟု သတ်မှတ်နေကြသော်လည်း၊ လီလင်းလင်း၏ အမြင်တွင်မူ အဒေါ်ကြီးမေ့နှင့် ချန်ချင်းယွီတို့ နှစ်ယောက်လုံးမှာ တကယ့် ငတုံးငအများသာ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိ၏ ရင်တွင်းဒုက္ခကို နားမလည်ကြကာ မိမိကိုတကယ်ပင် အအေးပတ်နေသည်ဟု ယုံကြည်နေကြ၏။ သူမသည် အအေးပတ်နေခြင်း မဟုတ်ဘဲ ရင်ကွဲမတတ် ခံစားနေရခြင်းသာ ဖြစ်သည်။
ယွမ်ဟောက်ဖုန်းအပေါ် ထားရှိသော မိမိ၏ မေတ္တာတရားကို လူတိုင်း မြင်နိုင်လိမ့်မည်ဟု သူမ အမြဲတမ်း တွေးထင်ခဲ့သော်လည်း ယွမ်ဟောက်ဖုန်း ယခုလို စေ့စပ်ကြောင်းလမ်းမှု အောင်မြင်သွားလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့မိပေ။
‘အဲဒီမိန်းမက ဘာကောင်းလို့လဲ..အမြဲတမ်းဝန်ထမ်း အလုပ်တစ်ခုရှိတာကလွဲရင် ဘာမှ အသုံးမကျတဲ့အပြင် အဆမတန်လည်း တောင်းဆိုသေးတယ်၊ ငါတို့အိမ်ဆိုရင် ဒီလောက်အများကြီး ဘယ်တော့မှ တောင်းမှာ မဟုတ်ဘူး... ဒါပေမဲ့… သူက ဘာလို့ ငါ့ကိုကျတော့ လှည့်တောင်မကြည့်ရတာလဲ’
လီလင်းလင်းသည် အမြဲတမ်း မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေသူ ဖြစ်၏။ ဤအိမ်ရာဝင်းထဲရှိ အသက်အရွယ်တူ မိန်းကလေးများ၊ အမြဲတမ်း ဆူညံဆူညံ လုပ်တတ်သည့် ယွမ်ရှောင်ချွေပင်လျှင် အားကိုးရာ ရှိကြသော်လည်း မိမိမှာမူ အသုံးမကျစွာဖြင့် ကျန်ရစ်ခဲ့ရသည်။ ယခုဆိုလျှင် ပို၍ပင် နာကျင်ခံစားနေရပြီ ဖြစ်၏။
"ဘာလို့ ငါ့ရဲ့ ကောင်းကွက်တွေကို သူ မမြင်ရတာလဲ…"
လီလင်းလင်းတစ်ယောက် လမ်းကို ယိမ်းထိုးလျက် လျှောက်လှမ်းရင်း တွေဝေငေးမောနေမိသည်။
ယွမ်ဟောက်ဖုန်းနှင့် မပေါင်းဖက်ရလျှင် သူမ မည်သူ့ကို လက်ထပ်ရတော့မည်နည်း။ သူမနှင့် ဟောက်ဖုန်းသည် ငယ်သူငယ်ချင်း မွေးချင်းများနှယ် ကြီးပြင်းလာခဲ့ကြသည်မဟုတ်လော့… လီလင်းလင်း ရင်ထဲတွင် အလွန်အမင်း နာကျင်ခံစားနေ၏။
ယခင်က ရှီရှောင်ဝေကို သဘောကျခဲ့မိခြင်းမှာ အသက်ငယ်ရွယ်ပြီး လူလားမမြောက်သေး၍ ဖြစ်သော်လည်း၊ ယခု လူလားမြောက်လာချိန်တွင်မူ ဟောက်ဖုန်းသည် အဘယ်ကြောင့် မိမိ၏ အချစ်ကို မမြင်ရဘဲ ဤမျှလောက် ဒုက္ခပင်လယ်ဝေအောင် လုပ်ရက်ရသနည်း။ လောကကြီးသည် တကယ်ပင် မတရားလှပေ…
ယွမ်ရှောင်ချွေကဲ့သို့သော မိန်းမမျိုးပင်လျှင် အမြတ်အစွန်းများစွာ ရယူပြီး ထွက်ခွာသွားနိုင်ခဲ့သော်လည်း၊ မိမိမှာမူ အဘယ်ကြောင့် ယခုလို အဆင်မပြေမှုများနှင့်သာ ကြုံတွေ့နေရသနည်း။
လီလင်းလင်း ကံကြမ္မာကိုသာ အပြစ်တင် ညည်းတွားနေသော်လည်း၊ လူတစ်ယောက်၏ စိတ်နေသဘောထားသည်သာ ထိုလူ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားသည်ဟူသောအချက်ကိုမူ သူမ မသိရှာပေ။
ယွမ်ရှောင်ချွေမှာ ကျေးလက်သို့ ဆင်းသွားခဲ့သည်မှာ လအနည်းငယ် ရှိပြီဖြစ်သည်။ သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ခေါင်းမာပြီး ရန်လိုတတ်သည့် စရိုက်ကြောင့် ပညာတတ်လူငယ်များ နေထိုင်ရာနေရာတွင် ခြေကုပ်မြဲအောင် လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့၏။
နာမည်ကောင်းတော့ မထွက်လှပေ၊ သို့သော် အရေးမကြီးပေ…
သူမကို မည်သူမျှ အလွယ်တကူ လာမရှုပ်ရဲကာ၊ ပြဿနာရှာတတ်သူဟု သိထားကြသဖြင့် ဒုက္ခပေးမည့်သူလည်း နည်းပါးသွားသည်။
ယွမ်ရှောင်ချွေ ကျေးလက်သို့ ဆင်းလာစဉ် ပစ္စည်းပစ္စယ အမြောက်အမြား ယူဆောင်လာခဲ့သဖြင့် ရွာခံလူများနှင့် အခြားလူငယ်ပညာတတ်များသည် သူမထံမှ အမြတ်ထုတ်ရန် ကြံစည်ခဲ့ကြသေး၏။ သို့သော် ယွမ်ရှောင်ချွေသည် ကျောက်ရုံထံတွင် အကြီးအကျယ် သင်ခန်းစာရဖူးပြီးဖြစ်ရာ နောင်တွင် မည်သူ့ အလိမ်ကိုမှ ခံတော့မည်မဟုတ်ပေ။
ထိုသူများ၏ လှည့်ကွက်နှင့် အကြံအစည်များကို သူမ
သိရက်နှင့် မသိချင်ယောင်ဆောင်ကာ၊ ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ ဓားမကို ထုတ်ကာ ဗုန်းဗုန်းလဲအောင် ပေါက်ပစ်ပြီး ဆဲဆိုအော်ဟစ်ပစ်လိုက်သည်။ တစ်ဖက်လူကို အကြောက်တရားဝင်အောင် အရင်လုပ်သည့် ဗျူဟာကြောင့် ယခုအခါ လူအများစုသည် သူမကို ဝေးဝေးမှ ရှောင်ကြဉ်ကြလေ၏။
ဘယ်ပုံမှန်လူက ကျေးလက်ဆင်းတဲ့အခါ ဓားမကြီး တတွဲတွဲ သယ်လာပါ့မလဲ..
၎င်းတို့ရောက်ရှိနေသော အရပ်မှာ မော့ဟယ်မြို့နှင့် သိပ်မဝေးလှသဖြင့် ဆောင်းရာသီတွင် အလွန်အမင်း အေးစိမ့်လှသည်။ ယခုကဲ့သို့ ရာသီဥတုမျိုးတွင် ဆောင်းတွင်း၌ အပြင်မထွက်ကြဘဲ နေရပ်ထဲတွင်သာ စုပြုံကာ အဝတ်အစား ဖာထေးခြင်း စသည့် အိမ်တွင်းမှု အသေးအဖွဲလေးများကို လုပ်ကိုင်ကြခြင်း သို့မဟုတ် ဘာမှမလုပ်ခြင်းဖြင့် အချိန်ကုန်လွန်စေကြသည်။ ပျော်စရာမရှိသည့် ထိုအချိန်တွင် ယွမ်ရှောင်ချွေသည် ရှေ့ထွက်လာပြီး မိမိ၏ မိခင်၊ မိထွေးကိစ္စများနှင့် ဖခင်အရင်းကို တိုက်ခိုက်ခဲ့သည့် အကြောင်းများကို ပုံကြီးချဲ့ကာ လျှောက်ပြောတော့၏။
လူအများမှာ သူမ ပုံကြီးချဲ့ပြောနေမှန်း သိသော်လည်း ယုံကြည်ကြသူ အများအပြား ရှိသည်။ အကြောင်းမူကား သူမ သယ်ဆောင်လာသော အိုးခွက်ပန်းကန်များနှင့် အလစ်တွင် အလှည့်အပြောင်း ဝတ်ဆင်ခဲ့သည့် ဂွမ်းကပ်အင်္ကျီ၊ စောင်များကို မြင်တွေ့ရရုံဖြင့် ဤမိန်းမမှာ တကယ့်ကို မခေသော မိန်းမကြီးဖြစ်ကြောင်း သိသာနေ၍ပင်။
သူမ၏ နာမည်ဆိုးသည် ထပ်မံတိုးပွားသွားသော်လည်း သူမအတွက်မူ ပို၍ စိတ်ပေါ့ပါးသွားရသည်။
လူဆိုသည်မှာ တစ်ခါတရံ သူတစ်ပါး၏ အမြင်ကို ဂရုမစိုက်ဘဲ နေတတ်လျှင် ဘဝသည် ပိုမိုပျော်ရွှင်ပြီး လွတ်လပ်မှုကို ခံစားရတတ်၏။ သူမကို သဘောကျသူရှိသလို မုန်းသူလည်း ရှိသည်။ ကျေးလက်သို့ ရောက်နေရသော်လည်း ကြိုတင်ပြင်ဆင်မှု ကောင်းခဲ့သဖြင့် အလုပ်ပင်ပန်းသည်မှအပ အခြားသော အခက်အခဲကြီးကြီးမားမား မရှိခဲ့ပေ။ ပစ္စည်းမပါဘဲ ကျေးလက်ဆင်းလာပြီး ဘဝပျက်လုနီးပါး ဖြစ်နေရသူများကို သူမ များစွာ မြင်တွေ့ခဲ့ရ၏။ ထိုသူများမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်ကြရှာပေ။
ယွမ်ရှောင်ချွေသည် မိမိ၏ အမျှော်အမြင်ရှိမှုကို ထပ်မံ၍ ကျေးဇူးတင်မိသည်။ တစ်ခါတရံ သူမ တွေးမိသည်မှာ... ထိုစဉ်က မိမိအား တံခါးနားတွင် ခိုးနားထောင်ရန် သတိပေးခဲ့သည့်သူမှာ မည်သူဖြစ်မည်နည်းဟူ၍ပင်… စဥ်းစားသော်လည်း အဖြေမထွက်ပေ။
သို့သော် ကိစ္စမရှိပေ… လက်ရှိဘဝကို အဆင်ပြေအောင် ဖြတ်သန်းနိုင်ခြင်းသည် အရာအားလုံးထက် ပို၍ အရေးကြီးပေသည်။
တစ်ဖက်တွင်မူ ချန်ချင်းယွီတစ်ယောက် ရုတ်တရက် နှာချေလိုက်မိ၏။
“ဟတ်ချိုး...”
ငါပဲပေါ့ဟယ်… နင့်ကို သတိပေးတာ ငါကလွဲလို့ ဘယ်သူဖြစ်မှာလဲ… ငါပါ.. ငါပါ…