← Chapters

အခန်း ၁၆၁

Vol. 16 Ch. 161

အခန်း ၁၆၁

Vol. 16 Ch. 161

အခန်း ၁၆၁ - လက်ဆောင်ပေးခြင်းလား၊ အကြွေးတောင်းခြင်းလား

ဌာနမှူးချင်းကျန့်ယုံသည် အသည်းအသန် ဖျားနာနေသည့်ပုံစံဖြင့်အပိုလုပ်ကာ ချောင်းဆိုးပြလိုက်ပြီး

"ငါက လက်ထောက်ဌာနမှူးဝူကို ဧည့်ခန်းထဲစကားစမြည် ပြောရမှာ... အဟွတ်... အဟွတ်... ဒါပေမဲ့ ငါက... အဟွတ်... နေမကောင်းဖြစ်ပြီး ကုတင်ပေါ်မှာပဲလဲနေရတော့..."

ဝူကျိရှန်းသည် ချင်းကျန့်ယုံ၏ ထိုကဲ့သို့သော အခြေအနေကို ပထမဆုံး မြင်လိုက်ရချိန်တွင် အမှန်ပင် လန့်သွားခဲ့သည်။သွေးတိုးရောဂါသည် နာတာရှည်ရောဂါ ဖြစ်သဖြင့် သာမန်အခြေအနေတွင်ထိုမျှအထိ ဖြစ်မလာနိုင်ပေ။

သွေးတိုးရောဂါမှာ ရောဂါထချိန်တွင် မူးဝေခြင်း နှင့်လဲကျခြင်း စသည့် ပြင်းထန်ပြီး ထင်ရှားသော လက္ခဏာများ ရှိတတ်သဖြင့် ခွဲခြားရလွယ်ကူသော်လည်း ယခုကဲ့သို့ သေလုမြောပါး ပုံစံမျိုးတော့ မဖြစ်နိုင်ချေ။

ဌာနမှူးချင်းကျန့်ယုံ ခံစားနေရသည့် လေဖြတ်ချင်သော လက္ခဏာမှာ သာမန်သွေးတိုးရောဂါကြောင့် မဟုတ်ဘဲ နှလုံးနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများကြောင့် ဖြစ်နေလျှင်ပင် ယခုလက္ခဏာများနှင့် ကိုက်ညီမှု မရှိပေ။

သွေးတိုးခြင်းနှင့် နှလုံး၊ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများ ပြင်းထန်လာပါက ရုတ်တရက် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သော်လည်း ချင်းကျန့်ယုံမှာမူ အသက်ရှုမဝဘဲ အလွန်အားနည်းနေသည့် ပုံစံမျိုး ဖြစ်နေပြီး ချောင်းဆိုးသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ၎င်းမှာ အဆုတ်ပွရောဂါ သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအချို့တွင်သာ တွေ့ရတတ်သည့် လက္ခဏာများ ဖြစ်၏။

"ဌာနမှူးရဲ့ ရောဂါက တော်တော်လေး ပြင်းထန်နေတဲ့ ပုံပဲ။ ကျွန်တော် သွေးခုန်နှုန်းလေး စမ်းကြည့်ပါရစေ"

သူသည် ချင်းကျန့်ယုံ၏ လက်ကောက်ဝတ်ကို ကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။ နှလုံးခုန်သံမှာ အားကောင်းပြီး သွေးခုန်နှုန်းမှာလည်း တည်ငြိမ်နေကာ အသက်ရှုမဝ၍ နှလုံးခုန်မြန်သည့်လုံးဝမရှိရာ အသက်အန္တရာယ်နီးနေသည့် ရောဂါ နှင့်လုံးဝမတူပေ။

စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ချင်းကျန့်ယုံကသာ ရောဂါက သိပ်ပြင်းထန်နေတာဟု ပြောနေသော်လည်း သူ၏ မျက်နှာအသားအရေမှာ စိုပြည်နီမြန်းနေခြင်းပင်။

ဝူကျိရှန်းသည် သူ နေမကောင်းဟန်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်လာသော်လည်း အတပ်တော့ မပြောနိုင်သေးချေ။

"ဌာနမှူး၊ ကျွန်တော် ဌာနမှူးရဲ့ ရောဂါကို အဖြေရှာရလွယ်အောင် ပစ္စည်းလေးတစ်ခုယူလာခဲ့တယ်။ ဘယ်ဘက်လက်မောင်းလေး ဆန့်ပေးပါ"

ဝူကျိရှန်း ယူလာသည့် ပစ္စည်းအသေးစားလေးမှာ သယ်ဆောင်ရလွယ်ကူသည့် သွေးပေါင်ချိန်စက် ဖြစ်လေသည်။

အစပိုင်းတွင် သူသည် ချင်းကျန့်ယုံ၏ ရောဂါကို သွေးတိုးကြောင့် ဖြစ်ပွားသော နောက်ဆက်တွဲ ဝေဒနာများဟု တွက်ဆထားခဲ့သဖြင့် ရောဂါအခြေအနေကို ပိုမိုသေချာစေရန် သွေးပေါင်ချိန်စက်ကို အထူးတလည် ယူဆောင်လာခဲ့ခြင်း ဖြစ်၏။

သူသည် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ချင်းကျန့်ယုံ၏ သွေးပေါင်ချိန်ကို စတင် တိုင်းတာလိုက်သည်။

"ဒါက ဘာပစ္စည်းလဲ"

"ဒီပစ္စည်းကို..."

သူသည် သွေးပေါင်ချိန်စက် ဟု နာမည်အမှန်ကို ပြောပြချင်သော်လည်း ပြောပြလျှင်ပင် ထိုသူ နားလည်မည်မဟုတ်ကြောင်း သိသဖြင့် ဝေဝါးဝါးသာ ပြောလိုက်လေသည်။

"ဒီပစ္စည်းက ရောဂါကုသရာမှာ ကူညီပေးတဲ့ ကိရိယာတစ်ခုပါ"

"ဒီအရာက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ..."

ချင်းကျန့်ယုံသည် သွေးပေါင်ချိန်စက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် အလွန် စူးစမ်းလိုစိတ် ဖြစ်နေပုံရ၏။

မကြာမီ ချင်းကျန့်ယုံ၏ တိကျသော သွေးပေါင်ချိန် ထွက်ပေါ်လာသည်။ အပေါ်သွေး ၁၄၀ ရှိပြီး အောက်သွေးမှာ ၉၀ ကျော်ရုံမျှသာ ရှိ၏။

၎င်းမှာပုံမှန်ထက် အနည်းငယ် မြင့်မားနေသည်မှာ မှန်သော်လည်း သွေးတိုးရောဂါဟုပင် မသတ်မှတ်နိုင်ဘဲ သာမန်ထက် အနည်းငယ် မြင့်တက်နေခြင်းသာ ဖြစ်လေသည်။

သူ၏ သွေးပေါင်ချိန်က အနည်းငယ် မြင့်နေသော်လည်း ပုံမှန်ပမာဏထက် ကျော်လွန်သွားခြင်း မရှိဘဲ နှလုံးခုန်သံနှင့် အသက်ရှုနှုန်းမှာလည်း အခြေခံအားဖြင့် ပုံမှန်ပင် ဖြစ်ရာပြင်းထန်စွာ ဖျားနာနေစရာ အကြောင်းမရှိပေ။

"ဌာနမှူးရဲ့ ရောဂါက..."

ဝူကျိရှန်းသည် သူ နေမကောင်းဟန်ဆောင်နေမှန်း သိသွားပြီ ဖြစ်သော်လည်း ဖွင့်မပြောဘဲ ဝေဝါးဝါးသာ ပြောလိုက်၏။

"အနားယူဖို့ အချိန်အနည်းငယ်တော့ လိုအပ်ပါတယ်။ ပြန်ကောင်းလာမှာပါ"

"ငါက ဒီအရွယ် ရောက်နေပြီဆိုတော့ ပြန်ကောင်းလာပါတော့မလား... အဟွတ်... အဟွတ်..."

ချင်းကျန့်ယုံသည် ထပ်မံ‌ ချောင်းဆိုးဟန်ဆောင်ပြီးနောက် မျက်နှာသေဖြင့် ရေရွတ်လိုက်လေသည်။

"ဒီနှစ်ထဲမှာပဲ ငါ့ရဲ့ ဆံပင်နက်တွေက ဖြူကုန်ပြီ၊ လှုပ်နေတဲ့ သွားတွေလည်း ကျိုးကုန်ပြီ။ မှတ်ဉာဏ်တွေလည်း နေ့စဉ် ဆုတ်ယုတ်လာသလို ရည်မှန်းချက်တွေကလည်း တစ်ရက်ထက်တစ်ရက် လျော့နည်းလာရတယ်..."

ဌာနမှူး ချင်းကျန့်ယုံသည် သမိုင်းနှင့် စာပေကျမ်းဂန်များကို နှံ့စပ်သူ ဖြစ်၏။ သူ ရွတ်ဆိုလိုက်သော စာသားများမှာ ထန်မင်းဆက်ခေတ်က ဟန်ယွီ ရေးသားခဲ့သည့် ညီ တစ်ကျိပ်နှစ်ယောက်မြောက်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်လင်္ကာထဲမှ ဂန္ထဝင်ကဗျာစာသားများ ဖြစ်လေသည်။

ချင်းကျန့်ယုံက‌သူနေမကောင်းဖြစ်နေသည်ကိုအခွင့်ကောင်းယူကာဝူကျိရှန်းပေးလာမည့်လာဘ်လာဘကိုမျှော်နေခြင်းဖြစ်၏။

ဝူကျိရှန်းက ဘာမှမပြောဘဲ သူ၏အကျီထဲသို့ လက်နှိုက်လိုက်သည်။

ထိုလုပ်ရပ်ကြောင့် ဌာနမှူးချင်းကျန့်ယုံသည် စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွား၏။ သူက တကယ်ပဲ လက်ဆောင်ပေးဖို့ လာတာပဲ။ ဘာလက်ဆောင် ယူလာသလဲဆိုတာ ကြည့်ရသေးတာပေါ့။

သို့သော် ချင်းကျန့်ယုံ လုံးဝ အိပ်မက်ပင် မမက်ဖူးသည့် အရာတစ်ခု ဖြစ်ပျလာခဲ့သည်။ ဝူကျိရှန်း အကျီထဲမှ ထုတ်လိုက်သော ပစ္စည်းမှာ တန်ဖိုးကြီး လက်ဆောင်မဟုတ်ဘဲ စာရွက်အပိုင်းအစလေး တစ်ရွက်သာ ဖြစ်နေလေသည်။

"ဒါက ဘာပစ္စည်းလဲ"

"အရင်တုန်းက စစ်ပွဲအတွက် ဆေးဝါးတွေ ဝယ်ယူစဉ်က ဆေးပစ္စည်းတွေ အပြည့်အစုံ ရရှိဖို့အတွက် ကျွန်တော်ကငွေကြေးစိုက်ထုတ်ပေးခဲ့တာပါ။ ဒီနှစ်ထဲမှာ နန်းတော်ကနေ ရန်ပုံငွေ အလုံအလောက် ချပေးတာနဲ့ပြန်ပေးမယ်လို့ အစက ပြောထားခဲ့ပါတယ်။ ဒါက ငွေလွှဲပြောင်းပေးဖို့ စာရွက်စာတမ်း ဖြစ်ပါတယ်၊ဌာနမှူးလက်မှတ်ထိုးပြီး တံဆိပ်တုံး ထုပေးပါ"

လွန်ခဲ့သော နှစ်ဝက်ခန့်က ဝူကျိရှန်းသည်စစ်ပွဲအတွက် ငွေတေး သောင်းချီ တန်ဖိုးရှိသော ဆေးဝါးများကို ဝယ်ယူပေးခဲ့သော်လည်း ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ငွေတေး ထောင်ဂဏန်းမျှသာ ပေးခဲ့သည်။ နောက်ဆုံးတွင် ဝူကျိရှန်းသည် လင်ဇီးမှိုများ စိုက်ပျိုးကာထိုငွေပမာဏကို ရှာဖွေစိုက်ထုတ်ခဲ့ရခြင်း ဖြစ်၏။

ထိုစဉ်က ချင်းကျန့်ယုံ ပြောခဲ့သည့် စကားအရ နန်းတော်မှ ဘဏ္ဍာရေး ရန်ပုံငွေချပေးသည်နှင့်တစ်ပြိုင်နက် ဝူကျိရှန်း စိုက်ထုတ်ထားသော ငွေများကို ပြန်လည် ပေး‌ချေမည်ဟူ၍ ဖြစ်သည်။

ယခုအခါ နန်းတော်မှဘဏ္ဍာရေး ရန်ပုံငွေများ မှာ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏ ပြည်သူ့ဘဏ္ဍာစာရင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်ရာ ထိုငွေများကို ပိုင်ရှင်ထံ ပြန်ပေးရမည့်အချိန် ရောက်ပြီ ဖြစ်သည်။

သူသည် ဝူကျိရှန်းကို လက်ဆောင်ပေးရန် လာသည်ဟု ထင်မှတ်ထားခဲ့သော်လည်း အကြွေးတောင်းရန် လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ဌာနမီူးချင်းကျန့်ယုံမကျေမနပ် ဖြစ်သွားတော့သည်။

ငါက ဒီလောက်တောင် နေမကောင်းဖြစ်နေတာကို မင်းက ငါ့ဆီ အကြွေးလာတောင်းသေးတယ်။မင်းရဲ့ အထက်လူကြီးအပေါ် ရိုသေလေးစားမှု မရှိတော့ဘူးလား။

"မင်း နန်းတော်ရဲ့ ကိစ္စရပ်တွေအတွက် ငွေကြေး စိုက်ထုတ်ပေးခဲ့တာက တိုင်းပြည်အပေါ် တကယ်ပဲ သစ္စာရှိပြီး စွမ်းဆောင်ရည် ရှိတာပါပဲ..."

ပုံမှန်အားဖြင့် အထက်လူကြီးတစ်ယောက်က လက်အောက်ငယ်သားကို စတင် ချီးမွမ်းပြီဆိုလျှင် ၎င်းမှာ ကောင်းသော လက္ခဏာ မဟုတ်ပေ။ချင်းကျန့်ယုံ၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။

"ဒါပေမဲ့ ငါတို့ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှာ လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်..."

ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှာ ဘာအရေးကြီးတဲ့ ကိစ္စတွေ ရှိလို့လဲ။

အရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တောင် ပုံမှန် နန်းတော် ရန်ပုံငွေတွေနဲ့ပဲ ဖြေရှင်းရမှာ လေ။ ငါ့ရဲ့ ကိုယ်ပိုင်ငွေနဲ့တော့ ဖြေရှင်းလို့ မရဘူး မဟုတ်လား။

ပြီးတော့ ငါကလည်း ငွေ အရေးတကြီး လိုအပ်နေတာ။

"ဌာနမှူး၊ ဒီပစ္စည်းလေးကို မြင်ပါသလား"

ဝူကျိရှန်းသည် သွေးပေါင်ချိန်စက်ကို ညွှန်ပြကာ ပြောလိုက်သည်။

"ကျွန်တော်က ဒီငွေတွေကိုသုံးပြီး အခုလို ပစ္စည်းမျိုး အမြောက်အမြား ထုတ်လုပ်ချင်လို့ပါ၊ ဒါမှ နောင်ခါမှာ ရောဂါရှာဖွေရတာ ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်"

ပင်နီဆလင်ကို ချက်ချင်း မထုတ်လုပ်နိုင်သေးသဖြင့် ဝူကျိရှန်းသည် သွေးပေါင်ချိန်စက်များကို စမ်းသပ် ထုတ်လုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။ ၎င်းတို့မှာ အများသုံး ဆေးဘက်ဆိုင်ရာ ကိရိယာများ ဖြစ်ပြီး အသုံးပြုရ လွယ်ကူသဖြင့် စတင်ရန် လွယ်ကူပေသည်။

ထိုငွေပမာဏမှာ ဝူကျိရှန်းနှင့်သာ သက်ဆိုင်သော်လည်း သူသည် ချင်းကျန့်ယုံ၏ မကျေနပ်မှုကို ခံလိုက်ရပြီ ဖြစ်သဖြင့် ဤကိစ္စမှာ ကိုင်တွယ်ရ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

"ရောဂါကုသပြီး အသက်ကယ်ဖို့အတွက် အရေးကြီးဆုံးက ကောင်းမွန်တဲ့ဆေးပညာနဲ့ ထူးကဲတဲ့ ဆေးဝါးတွေပဲ ။ ထူးဆန်းတဲ့ ကိရိယာတွေနောက်ကိုပဲ အမြဲ လိုက်နေတာကတော့ မသင့်တော်ဘူး"

ဌာနမှူးချင်း၏ အမြင်တွင် ကောင်းမွန်သော ဆေးပညာနှင့် ဆေးဝါးများသာလျှင် ရောဂါကုသခြင်း၏ အခြေခံအုတ်မြစ် ဖြစ်ပြီး ထူးဆန်းသော ကိရိယာဆန်းများနှင့် လျှောက်လုပ်နေခြင်းမှာ အဓိပ္ပာယ်မရှိသော ကိစ္စမျှသာဖြစ်သည်ဟုယူဆထား၏။

သွေးပေါင်ချိန်စက်ကို ပထမဆုံးအကြိမ် မြင်ဖူးသော ချင်းကျန့်ယုံက ၎င်းကို အရေးမကြီးသည့် ကိရိယာအဖြစ် ပြောဆိုလိုက်သဖြင့် ဝူကျိရှန်းမှာ အလွန် စိတ်ပျက်သွားရလေသည်။

"ဒါပေမဲ့...လက်ထောက်ဌာနမှူးရှုကတော့ ကျွန်တော့်ရဲ့ ငွေထုတ်ယူမှုကို သဘောတူထားပြီးပြီ..."

လက်ထောက်ဌာနမှူးရှုစီဝင်သည် အတွင်းရေး ကိစ္စရပ်များကို တာဝန်ယူရသော သူဖြစ်ပြီး ဘဏ္ဍာရေး ဝင်ငွေနှင့် အသုံးစရိတ် မှာ သူ၏ တာဝန် ဖြစ်သည်။ ထိပ်ဆုံးရာထူးသို့ တိုးမြှင့်ခံရရန်အတွက် သူသည် ဝူကျိရှန်း၏ ထောက်ခံမှုကို အရေးတကြီး လိုအပ်နေသဖြင့် ဝူကျိရှန်းက ဤငွေများကို ထုတ်ယူရန် တောင်းဆိုသောအခါ ဝေခွဲမနေဘဲ လက်မှတ်ထိုးပေးခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့်သူသည်ဌာနမှူး ဖြစ်သော ချင်းကျန့်ယုံထံမှ တံဆိပ်တုံးနှင့် လက်မှတ် ရရှိရုံမျှဖြင့် ငွေထုတ်ယူနိုင်မည် ဖြစ်သည်။

"ငါ..."

ချင်းကျန့်ယုံသည် မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ရှုမဝသည့် ပုံစံဖြင့်ပြောလိုက်လေသည်။

"ငါက အသည်းအသန် ဖျားနာနေတာဆိုတော့ ရုံးလုပ်ငန်းတွေကို ကိုင်တွယ်ဖို့ အချိန်မရှိဘူး... အဟွတ်... အဟွတ်... ငါ့ရဲ့ ရောဂါအခြေအနေ နည်းနည်း ပြန်ကောင်းလာမှပဲ... အဟွတ်... အဲဒီအကြောင်းကို ပြောကြတာပေါ့... အဟွတ်..."

*********

All Chapters