← Chapters

အခန်း ၁၆၅

Vol. 16 Ch. 165

အခန်း ၁၆၅

Vol. 16 Ch. 165

အခန်း ၁၆၅ - ပြိုင်ဘက်ကို အမြစ်ပြတ်ချေမှုန်းခြင်း

ဝေရှင်းဝူသည် အပြင်ပန်းတွင် ပျော်ပျော်နေတတ်ပြီး သော်လည်း စည်းကမ်းမရှိသော အလကားလူတစ်ယောက်တော့ လုံးဝ မဟုတ်ပေ။ သူသည် သူနှင့် ရှုစီဝင်ကြားတွင် လုံးဝ ရန်သူတော် ဆက်ဆံရေး ရှိနေသည်ကို ကောင်းကောင်းမွန်မွန် နားလည်ထားသည်။

သို့သော် ရှုစီဝင်သည် အလုပ်လုပ်ရာတွင် အမြဲတမ်း သတိကြီးစွာထားပြီး စနစ်တကျ ရှိလှသဖြင့် သူ၏ ပြစ်ချက်ကို ဖမ်းမိရန် အလွန် ခက်ခဲလှ၏။ ထို့ကြောင့် ဝေရှင်းဝူသည် ရှုစီဝင်၏ နောက်ကြောင်းကို စုံစမ်းစစ်ဆေးရန်အတွက် သူ၏ ဇာတိမြေသို့ လူများကို လျှို့ဝှက် စေလွှတ်ခဲ့သည်။

မျှော်လင့်မထားဘဲ ရှုစီဝင်သည် အိမ်ထောင်သည်တစ်ဦး ဖြစ်နေခဲ့၏။ သူသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ရုံတင်မကဘဲ ကလေးနှစ်ယောက်ပင် ရရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ အရာရှိဘဝ တက်လမ်းအတွက် အိမ်ထောင်ရေးရာဇဝင်ကို တမင်သက်သက် ဖုံးကွယ်ထားခဲ့ပြီးမှ ထိုက်ယွမ်မြို့ရှိ ချမ်းသာပြီး အဆက်အသွယ်ကောင်းသော မုဆိုးမကြီးတစ်ဦးကို ထပ်မံ လက်ထပ်ခဲ့ခြင်း ဖြစ်၏။

ထိုတွေ့ရှိချက်သည် ဝေရှင်းဝူအတွက်တော့ နတ်ကူမည့် အခွင့်အရေးကြီးပင်။ သူသည် ရှုစီဝင်၏ ဇနီးနှင့် ကလေးများကို ထိုက်ယွမ်သို့ ချက်ချင်း ခေါ်ဆောင်လာခဲ့ပြီး ကောင်းမွန်စွာ ကျွေးမွေး ဧည့်ခံထားခဲ့ပြီးအပြင်သို့ လုံးဝ အသိမပေးခဲ့ချေ။

သူ့လက်ထဲတွင်ရှုစီဝင်၏အားနည်းချက်ကြီး ရှိနေသောကြောင့်သာ သူသည် ရှုစီဝင်နှင့် ပူးပေါင်းကာ နာမည်အရင်းတပ်၍ တိုင်ကြားစာကို ရဲရဲဝံဝံ ရေးသားရဲခဲ့ခြင်း ဖြစ်သည်။

သူသည် ချင်းကျန့်ယုံ ရာထူးမှ ပြုတ်သွားမည့် အချိန်ကို စောင့်ဆိုင်းပြီးမှသာ ထိုအကွက်ကြီးကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။

"အရာရှိဝေကသာ ငါ့ကို ကရုဏာရှေ့ထားပြီး အမှန်အတိုင်း လာမပြောရင်တော့ ငါကတော့ ရှင် လှည့်စားတာကို ခံနေရဦးမှာပဲ"

သူမအနေဖြင့် ဇာတိမြေတွင် လယ်ထွန်လျက်၊ ကလေးများကို ထိန်းကျောင်းလျက်ဖြင့် ပင်ပန်းခံ ကြိုးစားနေခဲ့ရချိန်တွင် ရှုစီဝင်က ထိုက်ယွမ်မြို့၌ ချမ်းသာသော မုဆိုးမကြီးကို လက်ထပ်ထားသည်ဟူသော အသိက ဇနီးဖြစ်သူကို ထိန်းမနိုင်သိမ်းမရ ဒေါသထွက်စေခဲ့သည်။

သူမသည် ကျားနာတစ်ကောင်ကဲ့သို့ အော်ဟစ်ကာရှုစီဝင်၏ ဆံပင်ကို ဆွဲပြီး ပြင်းထန်စွာ ထုထောင်းရိုက်နှက်တော့သည်။ နှုတ်မှလည်း

"ရှုစီဝင်၊ ရှင်က ပညာရှိကျမ်းစာတွေကို ဒီလောက်နှစ်တွေအကြာကြီး ဖတ်ခဲ့ပြီးတော့ အခုကျမှဘာလို့ လူယုတ်မာဖြစ်နေရတာလဲ"

"ငါက အိမ်မှာ လယ်ထွန်ပြီး ကလေးတွေကို ထိန်းကျောင်းပေးခဲ့တယ်၊ ရှင့်ရဲ့ မိဘတွေကိုလည်း လုပ်ကျွေးပြုစုခဲ့တယ်။ ငါ ရှင့်အပေါ် ဘာတွေ မှားခဲ့လို့လဲ။ ဒါကို ရှင်က မုဆိုးမအိုကြီးကို လက်ထပ်ပြီး ငါတို့ သားအမိတွေကို ဇာတိမြေမှာ စကားတစ်ခွန်းမှ မပြောဘဲ ပစ်ထားခဲ့တယ် ဟုတ်လား။ ပညာရှိတွေရဲ့ သွန်သင်ချက်တွေ အားလုံး ခွေးစားကုန်ပြီ"

မူလဇနီး မမရှုသည် လက်ဖဝါး ခြေဖဝါး ကြီးမားသော သန်မာသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ နှစ်ပေါင်းများစွာ လယ်ယာလုပ်ကိုင်လာခဲ့ခြင်းကြောင့် သူမ၏ခန္ဓာကိုယ်သည်အားကောင်းမောင်းသန် ရှိနေပြီး ဒေါသထွက်နေသည့် အရှိန်ဖြင့် ရှုစီဝင်ကို လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်နေသဖြင့် ရှုစီဝင်၏ မျက်နှာမှာ တစ်ခဏအတွင်း ညိုမည်းယောင်ကိုင်းသွားခဲ့ရသည်။

ရှုစီဝင်သည် သူကိုယ်တိုင် မှားနေသည်ကို သိသဖြင့် သူ၏ ဇနီးက သူ့ကို သေလုမတတ် ရိုက်နှက်နေခြင်းကို ပြန်မခုခံရဲဘဲ ငြိမ်ခံနေရှာတော့သည်။

"ဟင်း... ဒီ မိန်းမကြမ်းကြီးကတော့..."

အထူးစုံစမ်းစစ်ဆေးရေးအရာရှိသည် ဆက်ကြည့်မနေနိုင်တော့ဘဲချက်ချင်း ဟန့်တားလိုက်၏။

"နင်က ဘယ်လိုတောင် သတ္တိရှိလို့ အရာရှိမင်းတစ်ဦးကို ဒီစုံစမ်းစစ်ဆေးရေးအရာရှိရဲ့ ရှေ့မှောက်မှာတင် ကိုယ်ထိလက်ရောက် ကျူးလွန်ရဲရတာလဲ..."

မမရှုမှာ လောကအကြောင်း ဘာမှမသိသော တောသူတစ်ဦး ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးအရာရှိလို အသေးအဖွဲလေး မပြောဘဲနှင့် သိကြားမင်းကိုယ်တိုင် ဆင်းလာလျှင်ပင် သူမက နောက်ဆုတ်မည့်သူ မဟုတ်ချေ။ ထို့ နောက်သူမက စုံစမ်းစစ်ဆေးရေးအရာရှိကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ဆဲဆိုလိုက်သေးသည်။

"ငါက ငါ့ယောက်ျားကို ငါရိုက်တာ၊ နင့်အပူ ပါလို့လား။ နင်က ဘာကောင်မို့လို့ ဝင်ပြီး လေပေါနေရတာလဲ။ နင် နောက်ထပ် တစ်ခွန်း ထပ်ပြောရင် နင့်ကိုပါ အသေသတ်ပစ်မယ်"

စကားပုံ ရှိသည်မဟုတ်ပါလား၊ တရားသူကြီး ဖြောင့်သော်လည်း လင်မယားရန်ကိုမူ မဆုံးဖြတ်နိုင်ဟူ၍။ လင်မယားချင်း ရန်ဖြစ်နေသည်ကို စုံစမ်းစစ်ဆေးရေးအရာရှိက မည်သို့ စီမံခန့်ခွဲနိုင်မည်နည်း။

ထိုအမျိုးသမီးက ကြမ်းတမ်းပြီး အကျိုးအကြောင်း သိသူမဟုတ်ချေ။ အကယ်၍ သူမက သူ၏ မျက်နှာကိုပါ ကုတ်ဖဲ့လိုက်လျှင် အလွန် အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် ရှုစီဝင်ဖက်က မှားယွင်းနေခဲ့ခြင်း ဖြစ်ရာ စုံစမ်းစစ်ဆေးရေးအရာရှိသည် ဆက်လက် ဖြန်ဖြေရန် ခက်ခဲသွားပြီး ဘေးသို့သာ ဆုတ်ခွာကာနေခဲ့ရတော့သည်။

မမရှုသည် ရှုစီဝင်၏ ဆံပင်ကို ဆွဲကာ မြေပြင်ပေါ်သို့ ဆွဲလှဲချလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ခွထိုင်ကာ တစ်ကိုယ်လုံးထုနှက်တော့သည်။

"ဒီနေ့တော့ နင့်လိုလူယုတ်မာကိုအသေသတ်ပစ်မယ်။ ငါ့ကိုယ်ငါ မုဆိုးမလို့ပဲ သတ်မှတ်လိုက်တော့မယ်"

ရှုပ်ထွေးဆူညံနေသော ရိုက်နှက်ပွဲနှင့် ကျယ်လောင်လှသော ဆူညံသံများကြောင့် ရုံးတော်အတွင်းရှိ အခြားလူများပါ သတိပြုမိသွားကြပြီ ဖြစ်၏။

ဘာမှမသိသေးသော ရုံးလုလင်များနှင့် ရုံးစေများမှာ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနထဲသို့ အလုအယက် ရောက်ရှိလာကြပြီးသူတို့၏ လက်ထောက်ဌာနမှူးရှုမှာ အမျိုးသမီးတစ်ဦး၏ ရက်ရက်စက်စက် ရိုက်နှက်ခြင်းကို ခံနေရသည်ကို မြင်သောအခါ သူတို့က ဝင်ရောက် တားဆီးရန် ပြင်ဆင်ကြသော်လည်း ဝေရှင်းဝူက ပိတ်ဆို့ ဟန့်တားလိုက်လေသည်။

"ဒါက လင်မယားချင်း ရန်ဖြစ်နေကြတာ။ ငါတို့ ပြင်ပလူတွေက ဝင်ပြီး ပိုရှုပ်အောင် မလုပ်ကြစို့။ မမရှုက အခု ဒေါသအထွတ်အထိပ် ရောက်နေတာ။ ဒီအချိန်မှာ သွားပြီး ဖြန်ဖြေတာက မီးလောင်ရာ လေပင့်သလို ဖြစ်သွားလိမ့်မယ်။ အားလုံးပဲ ဘေးကနေ လှမ်းကြည့်နေကြ။ မမရှုဒေါသပြေသွားရင် အားလုံး အဆင်ပြေသွားလိမ့်မယ်"

သူမရိုက်နှက်ပြီး၍ မောပန်းသွားသည့် အချိန်ကျမှသာ ဝေရှင်းဝူက လူကောင်းအဖြစ် ဟန်ဆောင်ကာ အနားသို့ ကပ်လာခဲ့သည်။

"မမရှု.. ဘာပဲဖြစ်ဖြစ် အရာရှိရှုက နန်းတွင်းအရာရှိတစ်ဦးပဲဗျာ။ ခင်ဗျားသူ့ကို ဒီလောက်အထိတော့ မရိုက်သင့်ပါဘူး။ သူ့ကိုမျက်နှာသာလေးတော့ ပေးဦးမှပေါ့..."

ဝေရှင်းဝူ၏‌စကားကို ကြားလိုက်ရသဖြင့် မမရှုသည် ချက်ချင်းပင် ဒေါသတကြီးဖြင့်ရှုစီဝင်၏ မျက်နှာကို လက်ဝါးဖြင့် ထပ်ခါတလဲလဲရိုက်လေ‌ တော့သည်။

"မျက်နှာ ဟုတ်လား။ ငါက ဒီအကျင့်မ‌ ကောင်းတဲ့လူယုတ်မာကိုဆယ့်ငါးနှစ်ကတည်းက လက်ထပ်ပြီး ဒီလောက်နှစ်တွေအကြာကြီး ဒုက္ခခံခဲ့တာ။ သူကကျတော့ ဘာလို့ လင်မယား သံယောဇဉ်ကို မငဲ့ကွက်ရတာလဲ။ သူကိုယ်တိုင်ကတောင် သူ့မျက်နှာကို မငဲ့တာ၊ ငါက ဘာလို့ သူ့ကို မျက်နှာနာနေရမှာလဲ"

"သူက ဒီမှာ ချမ်းသာတဲ့ မုဆိုးမအိုကြီးကို လျှို့ဝှက်လက်ထပ်ပြီး ကောင်းကောင်းစား၊ ပိုးဖဲကတ္တီပါတွေ ဝတ်နေချိန်မှာ ငါကတော့ အိမ်မှာ ဆေးခါးကြီး သောက်နေရသလို ဒုက္ခခံနေရတာ။ ငါကဘာမျက်နှာထောက်ရမှာလဲ"

လင်မယားရန်ပွဲကိုကြည့်၍ ဝူကျိရှန်းကတော့ အခြေအနေ အားလုံးကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဝေရှင်းဝူသည်ပြဇာတ်တစ်ခုလုံး၏ နောက်ကွယ်က ကြိုးကိုင်သူဖြစ်ပေသည်။

သူတို့နှစ်ဦးစလုံးသည် ချင်းကျန့်ယုံကို ဖြုတ်ချရန်အတွက်ပူးပေါင်းခဲ့ကြသော်လည်း ရန်သူတော် ဆက်ဆံရေးမှာမူ နည်းနည်းမှ ပြောင်းလဲသွားခြင်း မရှိချေ။ ချင်းကျန့်ယုံ ရာထူးပြုတ်သွားခြင်းနှင့်အတူ သူတို့ကြားက ပဋိပက္ခမှာ ပိုမို ပြတ်သားလာပြီး တိုက်ပွဲမှာလည်း ပိုမို ပြင်းထန်လာခဲ့သည်။

သူသည် မူလက ချင်းကျန့်ယုံ ထွက်သွားပြီးနောက် ထိုလူနှစ်ယောက် ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးဖြင့် အပြန်အလှန် တိုက်ခိုက် ကြံစည်ကြဦးမည်ကိုသိ‌နေသော်လည်းထိုသို့ မြန်ဆန်လိမ့်မည်ဟုထင်မထား‌ ပေ။

ဝေရှင်းဝူသည် အချိန်အကြာကြီး မစောင့်နိုင်ခဲ့ချေ။ ချင်းကျန့်ယုံ ရာထူးပြုတ်သည့် ပထမဆုံးနေ့မှာပင်သူသည် ရှုစီဝင်ကိုအသေသတ်မည့် အကျော်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ထိုကိစ္စမှာ ဝေရှင်းဝူ၏ တမင်သက်သက် ကြံစည်မှု ဖြစ်သော်လည်း ရှုစီဝင်ကိုယ်တိုင်ကလည်း အပြစ်မကင်းပေ။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်က အရင်ဆုံး မှားယွင်းခဲ့ခြင်း ဖြစ်၏။

အမှန်တော့ မင်မင်းဆက်လက်ထက်တွင် အွန်လိုင်း အိမ်ထောင်ရေးမှတ်ပုံတင် စနစ် မရှိသဖြင့် ရှုစီဝင်တွင် ဇာတိမြေ၌ ဇနီးနှင့် ကလေးများ ရှိနေသည်ကို မည်သူမျှ မသိကြချေ။ ပိုမိုကောင်းမွန်သော ရာထူးနှင့် စည်းစိမ်ချမ်းသာများကို ရရှိရန်အတွက် သူသည် အိမ်ထောင်ရှိပြီးသား ဖြစ်ကြောင်းကို ဖုံးကွယ်ကာ ချမ်းသာပြီး သြဇာရှိသော မုဆိုးမကြီးကို ထပ်မံ လက်ထပ်ခဲ့သည်။

၎င်းမှာ မယားပြိုင်ထားခြင်း သို့မဟုတ် အိမ်ထောင်ရေး ဖောက်ပြန်ခြင်းပင် ဖြစ်၏။

အိမ်ထောင်ရေးဖောက်ပြန်ခြင်းသည် ပိုင်ဆိုင်မှု သိမ်းဆည်းခံရပြီး အသတ်ခံရမည့် ကြီးလေးသော ရာဇဝတ်မှုမျိုး မဟုတ်သော်လည်း မင်းဆက်အားလုံးတွင် အရာရှိများ၏ အမူအကျင့်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အပေါ် အတော်အတန် တင်းကျပ်သော သတ်မှတ်ချက်များ ရှိကြသည်။

ရှုစီဝင်၏ အချစ်သစ်အတွက် ဇနီးနှင့် ကလေးများကို စွန့်ပစ်ခဲ့သည့် လုပ်ရပ်မှာကိုယ်ကျင့်တရားအရ လုံးဝ လက်ခံနိုင်စရာ မရှိချေ။ နန်းတော်က သူ့ကို အပြစ်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူ၏ အရာရှိဘဝ တက်လမ်းမှာတော့ လုံးဝ ပျက်စီးသွားခဲ့ရပြီဖြစ်သည်။

ပိုဆိုးသည်မှာထိုဖြစ်ရပ်သည်အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ရာ နန်းတော်က ရှုစီဝင်ကို ပြင်းထန်စွာ အပြစ်ပေးမည်မှာ အသေအချာပင်။ အကြီးအကဲ ဖြစ်လာရန် သူ၏ အိပ်မက်များမှာ ပြာပုံဘဝသို့ ရောက်ရှိသွားခဲ့ရပြီး ပြန်လည် ပြုပြင်၍ မရနိုင်တော့ချေ။

ရှုစီဝင်သည် မူလက မည်သည့် အဆက်အသွယ်မျှမရှိဘဲ နန်းတွင်းစာမေးပွဲကို အောင်မြင်ပြီးမှ အရာရှိဖြစ်လာခဲ့သော အောက်ခြေပညာတတ်တစ်ဦး ဖြစ်သည်။ သူနှင့် ဝေရှင်းဝူ နှစ်ယောက်စလုံးက ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏လက်ထောက်ဌာနမှူး များ ဖြစ်ကြသော်လည်းသူ၌ ဝေရှင်းဝူကို စိန်ခေါ်နိုင်မည့် အင်အား မရှိချေ။

သူသည် မုဆိုးမအိုကြီးကို လက်ထပ်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သူ၏ ယောက်ဖ ဖြစ်လာခဲ့သောကြောင့်သာ ဝေရှင်းဝူနှင့် ပြိုင်ဆိုင်နိုင်မည့် အင်အား ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သူသည် ဝေရှင်းဝူနှင့် ပူးပေါင်းကာ ချင်းကျန့်ယုံကို ဖြုတ်ချခဲ့ခြင်း ဖြစ်၏။

သူသည် ထိုမုဆိုးမကြီးကြောင့် တက်လှမ်းနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုအကြောင်းရင်းကြောင့်ပင် ဆိုးဆိုးရွားရွား ကျရှုံးသွားခဲ့ရလေသည်။

စကားပုံ ရှိသည်မဟုတ်ပါလား၊ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းက လူတစ်ယောက်တည်းကြောင့်ပင် ဖြစ်ရသည်ဟူ၍။ ၎င်းမှာ ကွယ်ရာတွင် ကံကြမ္မာက သတ်မှတ်ထားသည့်အတိုင်း ဖြစ်ပုံရပေသည်။

တစ်ရက်တည်းအတွင်းမှာတင်‌ ဝေရှင်းဝူသည် ဌာနမှူး ချင်းကျန့်ယုံနှင့် မိမိကို အကြီးဆုံး စိန်ခေါ်နိုင်သည့် ပြိုင်ဘက် ရှုစီဝင် နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ဖြုတ်ချနိုင်ခဲ့သည်။ ဝူကျိရှန်းကတော့ သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိတော့သဖြင့် အကြီးအကဲ ဖြစ်လာရန်မှာ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ရာ ဝေရှင်းဝူ၏မျက်နှာတွင်မျှော်လင့်ချက်များဖြင့်တောက်ပနေတော့သည်။

*********

`

All Chapters