အခန်း ၄၅၀၇
Vol. 225 Ch. 4507
အပိုင်း (၄၅၀၇) ရဲ့ဟီဂြိုလ်
ကမ္ဘာကြီးထဲမှာ အစွမ်းထက်ဆုံး အင်အားစုက အင်ပါယာကလန် ဖြစ်ပြီးတော့ ဒါက သေချာပေါက် ဟန်ပြသက်သက် မဟုတ်ဘူး။
တကယ်လို့ လင်းဟန်နဲ့ အစ်ကိုမျောက်က သူတို့ဘာသာ သူတို့ပဲဆိုရင် သူတို့က ကြောက်နေမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့ အနိုင်မယူနိုင်ဘူးဆိုရင်တောင် သူတို့က ပြေးသွားနိုင်ပါတယ်။ အနာဂတ်မှာ သူတို့တွေ ပြန်လာနိုင်မယ်ဆိုရင် လက်စားချေဖို့အတွက် အခွင့်အလမ်းအများကြီး ရှိနေပါလိမ့်မယ်။
ဒါပေမဲ့ အခုကျတော့ တကယ်လို့ သူတို့နဲ့အတူ ဆန်းကြယ်အင်ပါယာ တစ်ခုကို ပါဝင်ပတ်သက် စေပြီးတော့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် အင်ပါယာကလန်အတွက် သူတို့ဟာ ဘယ်လိုလုပ် ပြိုင်ဘက် တစ်ယောက် ဖြစ်နိုင်မှာလဲ။
ဒါက ကျောက်ဆောင်ကို ကြက်ဥ တစ်လုံးနဲ့ ပစ်ပေါက်သလိုမျိုး ဖြစ်သွားမှာပဲ ဖြစ်တယ်။
ဒါကြောင့် သူတို့ဟာ နတ်ဘုရားပင်လယ်ဂြိုလ်ကို လက်လွှတ်လိုက်ရုံပဲ တတ်နိုင်တယ်။
တခြားလုပ်နိုင်တာ မရှိပါဘူး။ အင်ပါယာကလန်က ဧရာမ သတ္တဝါကြီး တစ်ကောင်နဲ့ တူပြီးတော့ သူတို့တွေဟာ ဂြိုလ်တစ်လုံးကို မျက်စိကျလာရင် တခြားအင်ပါယာကလန် မရှိသရွေ့တော့ သူတို့တွေကို ဘယ်အင်အားစုကများ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မှာလဲ။
နောက်ဆုတ်။
လင်းဟန်ရဲ့ လူတွေပဲ ရှိတာ မဟုတ်ပါဘူး။ ချန်ကလန်ရဲ့ အဖွဲ့သားတွေလည်း နောက်ဆုတ် ရပါမယ်။
ပိုင်လိကလန်ရဲ့ ဂိုဏ်းအရှင်သခင်အဆင့် နှစ်ယောက်က ဒီနေရာမှာ သေဆုံးသွားခဲ့ပြီး ဒီနေရာရဲ့ ပိုင်ရှင်ဖြစ်တဲ့ ချန်ဖေးရန်ကလည်း ဒီကိစ္စကနေ ဘေးထွက်နေလို့ မရနိုင်ဘူး။ နောက်ပြိး အင်ပါယာ ကလန်တွေက ဘယ်လောက်တောင် လွှမ်းမိုးဗိုလ်ကျလိုက်လဲ။ တကယ်လို့ သူတို့က တရားခံကို ရှာမတွေ့ဘူးဆိုရင် သေချာပေါက် သူ့ကို သတ်ပစ်လိမ့်မယ်။
ဒါကြောင့် ချန်ဖေးရန်က လျှို့ဝှက်ဆန်းကြယ် အင်ပါယာ တစ်ခုရဲ့ အုပ်ချုပ်သူ အနေနဲ့ သူ့နေရာမှာ ဖင်တောင် မပူသေးခင်ပဲ တခြားနယ်မြေတွေဆီကို ခရီးဆက်ဖို့ အထုပ်အပိုး ပြင်ဆင်ရတယ်။
သူက အဆင်ပြေပါသေးတယ်။ သူက အစ်ကိုမျောက်နဲ့ လင်းဟန်သာ ဒီမှာရှိနေရင် သူတို့ဟာ တစ်နေ့မှာ ပြန်လာနိုင်မယ်ဆိုတာကို နားလည်ထားတယ်။ သူက သူ့ဘိုးဘေးတွေ သွေးနဲ့ချွေးနဲ့ တည်ထောင်ထားတဲ့ နတ်ဘုရားပင်လယ်ဂြိုလ်ကနေ ယာယီခဏတဖြုတ် ထွက်ခွာခဲ့ရတဲ့ အတွက် အနည်းငယ် မချိတင်ကဲ ခံစားရပေမဲ့ အင်ပါယာ မင်းသားတွေ အားလုံးက အရမ်းကို မကျေမချမ်း ဖြစ်နေခဲ့တယ်။
သူတို့တွေက တကယ့်ကို မကျေမနပ် ဖြစ်နေကြပါတယ်။
အစကတော့ သူတို့ဟာ လျှို့ဝှက်ဆန်းကြယ် အင်ပါယာရဲ့ ဒုတိယမျိုးဆက် သခင်လေးတွေ ဖြစ်နေပါပြီ။ ဒါပေမဲ့ အခုကျတော့ရော။ သူတို့က မူလအခြေအနေကို ပြန်ရောက်အောင် ရိုက်ချခံလိုက်ရတဲ့အပြင် တခြားနယ်မြေဆီကိုတောင် ထွက်ပြေးရမှာလား။ ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
အထူးသဖြင့် ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က အဓိက တရားခံတွေထဲက တစ်ယောက်ဟာ လင်းဟန် ဖြစ်နေတယ် ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာပေါ့။
လဗြွတ်။ ဒီကောင်ပဲလား။
ဒါပေမဲ့လည်း သူတို့က လင်းဟန်ဟာ ချန်ဖေးရန်ရဲ့ စီနီယာ ဖြစ်တဲ့အပြင် ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်လည်း ဖြစ်တယ်ဆိုတာကို အခုမှ သိကြတယ်။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က သူတို့ရဲ့ ဖခမည်းတော်ထက်တောင် ပိုမြင့်နေပါတယ်။
ဒီတော့ သူတို့က ဒါကို သည်းခံရုံကလွဲပြီး တခြားဘာများတတ်နိုင်မှာလဲ။ သူတို့က ဒါကို မျိုသိပ် ထားရပါမယ်။
တချိန်တည်းမှာ သူတို့က အရမ်းကို သိချင်စိတ်လည်း ဖြစ်မိတယ်။ လင်းဟန်က ဘယ်လိုများ ကျင့်ကြံအားထုတ် ခဲ့တာလဲ။ သူတို့က သက်တူရွယ်တူလောက်ပဲ ရှိပေမဲ့ ဘာဖြစ်လို့ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ အကြားမှာ ဒီလိုမျိုး ကွာဟချက် ကြီးကြီးမားမား တစ်ခု ရှိနေရတာလဲ။
လင်းဟန်က ဒီယင်ကောင်ငယ်လေးတွေရဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ဂရုမစိုက်ပါဘူး။ သူက ဝင်္ကပါကို ခင်းကျင်းလိုက်ပြီးတော့ နောက်ပိုင်း အင်ပါယာ ကလန်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို ရှောင်လွှဲဖို့အတွက် ဒီနေရာက တည်နေရာ ရွေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးမပြုခဲ့ဘူး။
လူစုလူဝေးကြီး နေရာပြောင်းခြင်း စတင်ပါပြီ။ ဒါပေါ့။ လင်းဟန်၊ အစ်ကိုမျောက်နဲ့ ချန်ဖေးရန်တို့က နောက်ဆုံးမှ ထွက်ခွာကြပါလိမ့်မယ်။
သူတို့က စကြဝဠာတွေ တစ်ခုပြီး တစ်ခု ဖြတ်ကျော်ခရီးဆက်ပြီး မြောက်ပိုင်းကောင်းကင် လောကဘုံကနေ အရှေ့ပိုင်း ကောင်းကင် လောကဘုံဆီကို ခရီးဆက်လာတယ်။ အဲဒီရောက်မှ သူတို့ရဲ့ နေရာပြောင်းခြင်းက နောက်ဆုံးမှာ အဆုံးသတ် သွားခဲ့တယ်။
သိပ်မကြာခင် ကြောက်စရာကောင်းတဲ့ သူတော်စင် အစွမ်း ဆင်းသက်လာခဲ့တယ်။ ကျိေ၀ အင်ပါယာ ကလန်ရဲ့ သူတော်စင် ရောက်လာပြီ။
ဒါက တားဆီးလို့ မရနိုင်တဲ့ အင်အားစု တစ်ခု ဖြစ်ပါတယ်။ လင်းဟန်နဲ့ တခြားသူတွေက ချက်ချင်းပဲ နောက်ဆုတ်ဖို့ တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါကို သုံးလိုက်တယ်။ တကယ်လို့ သူတို့သာ နည်းနည်းလေး နောက်ကျသွားရင် သူတော်စင်က သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားကို သုံးပြီးတော့ လေဟာနယ်ကို ပိတ်လှောင်ထားလိမ့်မယ်။ သူတို့တွေ ထွက်သွားချင်တယ် ဆိုရင်တောင် သူတို့မှာ ထွက်သွားနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။
သူတို့က စကြဝဠာကို ဖြတ်ကျော် ခရီးဆက်လာရင်းနဲ့ မကြာခင်ပဲ ရှေ့က လူတွေနဲ့ ပြန်ဆုံသွား ခဲ့တယ်။
ချန်ဖေးရန်က နှစ်ပေါင်းများစွာ ဧကရာဇ် တစ်ပါး ဖြစ်ခဲ့တာကြောင့် ဘာလုပ်ရမလဲ ဆိုတာကို သူက ကောင်းကောင်း နားလည်သဘောပေါက်ပါတယ်။ လင်းဟန်နဲ့ အစ်ကိုမျောက် အတွက်တော့ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။
အချိန်ကို တွက်ကြည့်လိုက်ရင် အင်ပါယာ ကလန်တွေ ကျင်းပမဲ့ လေလံပွဲ စတင်ဖို့ အချိန် ရှစ်လလောက် လိုပါသေးတယ်။
“နည်းနည်း စောနေသေးတာပဲ”
“ဒါပေမဲ့ ငါတို့တွေ အရင်ဆုံး စိတ်လှုပ်ရှားစရာတွေ ကြည့်ဖို့ သွားနိုင်တာပဲ”
သူတို့က ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ရဲ့ ပစ်မှတ်အရွယ်အစားကို ချုံ့ပစ်ဖို့ အတွက် ဒီတစ်ကြိမ်တော့ လင်းဟန်နဲ့ အစ်ကိုမျောက်ပဲ သွားကြလိမ့်မယ်။
ဒီဆုံးဖြတ်ချက်က ခွေးနက်ကြီးတို့ အဖွဲ့ကို စိတ်ပျက်သွားစေခဲ့တယ်။ သူတို့လည်း ဒီလိုမျိုး ပျော်စရာပွဲ တစ်ခုမှာ စိတ်လှုပ်ရှားချင်ကြတယ်။
လင်းဟန်ကတော့ တခြားသူတွေ နေ့တိုင်း တီးတိုးပြောနေတာကို သတိမပြုမိခဲ့ဘူး။ သူတို့ ဘာတွေ စီစဉ်နေလဲ ဆိုတာကို မသိဘူး။
အစ်ကိုမျောက်က လေဟာနယ်ကို စုတ်ဖြဲပြီးတော့ လင်းဟန်နဲ့အတူ ထွက်လာခဲ့တယ်။
ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် လှုပ်ရှားလိုက်တဲ့ အချိန်မှာ သူ့အမြန်နှုန်းက တည်နေရာ ရွေ့ပြောင်းခြင်း ဝင်္ကပါထက်တောင် အများကြီး မြန်ဆန်ပါတယ်။ နောက်ပြီး စကြဝဠာထဲမှာ အစ်ကိုမျောက်က ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို သုံးပြီးတော့ သူ့အမြန်နှုန်းကို တိုးနိုင်ပါတယ်။
ကိုးရက်ဆိုတဲ့ အချိန်အတွင်းမှာ သူတို့ဟာ ရဲ့ဟီဂြိုလ်ကို ရောက်လာခဲ့ပါပြီ။
ဒါက လေလံပွဲ ကျင်းပမဲ့ နေရာ ဖြစ်ပါတယ်။
ရဲ့ဟီဂြိုလ်ကို ဆေးဂြိုလ် တစ်ခုအဖြစ် လူသိများပါတယ်။ ဒီနေရာမှာ နတ်ဘုရားဆေးပင် အမျိုးအစား စုံလင်ပြီးတော့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ရင် နတ်ဘုရားဆေးပင်တွေက သေချာပေါက် တန်ဖိုးအရှိဆုံး အရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ လေလံပွဲ ကျင်းပတာက အဓိပ္ပါယ် ရှိပါတယ်။
လေလံပွဲ ကျင်းပဖို့ အချိန်က ရှစ်လလောက် လိုသေးပေမဲ့ စောပြီးတော့ ရောက်လာတဲ့ လူတွေ အများအပြား ရှိနေပါပြီ။ နောက်ပြီး သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကလည်း အမျိုးစုံလင်တယ်။ အားအနည်းဆုံးက အခြေခံ တည်ဆောက်ခြင်းအဆင့်တွေ ဖြစ်ပြီးတော့ နတ်ဘုရား လမ်းကြောင်းပေါ် ခြေစကာစ ဖြစ်ပြီး အစွမ်းထက်တဲ့ ဂိုဏ်းအရှင်သခင်အဆင့်တွေ၊ မီးစာကုန် ဆီခမ်းကာနီး မီးခိုးရောင်ဆံပင်တွေနဲ့ ဝါရင့် ဂိုဏ်းအရှင်သခင်တွေလည်း ရှိကြတယ်။
အင်ပါယာကလန်တွေရဲ့ လေလံပွဲက အရမ်းကို အကျိုးသက်ရောက်မှု ရှိပါတယ်။ လေလံပွဲ မစခင် နှစ်နှစ် ဒါမှမဟုတ် လေလံပွဲ ပြီးသွားတဲ့ နောက်မှာတောင် ဒီနေရာမှာ တိုက်ပွဲတွေ တိုက်ခိုက်မှာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ တားမြစ်ချက်ကို မနာခံတဲ့လူက အင်ပါယာ ကလန်တွေရဲ့ ဘုံရန်သူ ဖြစ်သွားပါလိမ့်မယ်။
ဒီအတွက်ကြောင့်ပဲ ရဲ့ဟီဂြိုလ်ပေါ်က အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ လူတွေရဲ့ မတော်တဆ အနိုင်ကျင့်ခြင်းတွေ ရပ်တန့်သွားပြီး အင်ပါယာကလန်တွေရဲ့ ခြိမ်းခြောက်နိုင်စွမ်းက ဘယ်လောက်ထိ အံ့အားသင့်စရာကောင်းလဲ ဆိုတာကို ဖော်ပြနေတယ်။
လေလံပွဲက မစသေးပေမဲ့ မရေမတွက်နိုင်တဲ့ လူတွေက အပြင်ဘက်မှာ ဈေးဆိုင်တွေ ခင်းကျင်းကာ ရောင်းချနေကြတယ်။ သက်တမ်းကုန်ခါနီး ဝါရင့် ဂိုဏ်းအရှင်သခင်တွေကတော့ နေရာအနှံ့အပြားမှာ သူတို့ရဲ့ အသက်ဓာတ်နဲ့ သက်တမ်းကို တိုးပေးနိုင်မဲ့ သဘာဝရတနာတွေနဲ့ မှော်ဆေးလုံးတွေကို လိုက်ရှာဖွေ နေကြတယ်။
လင်းဟန်က အလျင်စလို မလှုပ်ရှားသေးပါဘူး။ ခွန်အားသန်မာတဲ့ အရည်က အရမ်းကို အဖိုးတန်လွန်းပြီး ဂိုဏ်းအရှင်သခင်အဆင့်အိုကြီးတွေ၊ ကြီးမြတ်သော အရှင်သခင်အဆင့်တွေ သည်းကြီးမည်းကြီး တိုက်ခိုက်လုယူကြပါလိမ့်မယ်။ သူတော်စင်တွေတောင် လှုပ်ရှား လာနိုင်တယ်။
ဒါကြောင့် ဒါကို ဒီတစ်ကြိမ် လေလံပွဲအတွက် သိမ်းထားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါမှ သူ့တန်ဖိုး အမြင့်ဆုံး ရရှိနိုင်မှာပါ။
ဒါပေမဲ့လည်း သူက ငတုံး မဟုတ်ပါဘူး။ သူက ဟိုဟိုဒီဒီ လှည့်ပတ်သွားလာပြီး သူ့ကံကို စမ်းသပ်ကာ ပစ္စည်းကောင်း တစ်ခုခု ရမလားဆိုပြီး စိတ်ကူးနေတယ်။
ဒါပေမဲ့လည်း သူ့လက်ရှိ ကျင့်ကြံခြင်းအဆင့်က အရမ်းကို မြင့်မားလွန်းနေပြီး သူ့ကို ကူညီပေးနိုင်တဲ့ နတ်ဘုရားဆေးပင်တွေက အရမ်းကို နည်းပါးလွန်းပါတယ်။ နတ်ဘုရားဆေးပင်တွေ ဘယ်နေရာမှာ ပေါက်နေလဲ ဆိုတာကို ဘယ်သူမှ မသိပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က ကံကောင်း ထောက်မပြီး ကြုံတွေ့ခဲ့မယ်ဆိုရင်တောင် ပတ်ဝန်းကျင် အနေအထားက အရမ်းကို အန္တရာယ်များပြီး ခူးဆွတ်ရတာ အရမ်းကို ခက်ခဲပါလိမ့်မယ်။
ဒါကြောင့် ရက်အနည်းငယ် လျှောက်သွားပြီးတဲ့အထိ လင်းဟန်က ပစ္စည်းကောင်း တစ်ခုမှ ရှာမတွေ့ခဲ့ဘူး။
လင်းဟန်က ဒေါသမထွက်သလို စိတ်ပျက်ခြင်းလည်း မရှိပါဘူး။ သူက အစစ်အမှန် နဂါးရဲ့ ကံကောင်းခြင်းကို ရရှိထားတဲ့ လူတစ်ယောက် ဖြစ်တာကြောင့် ဘယ်လိုလုပ် သူက အရမ်းကို ကံဆိုးနိုင်မှာလဲ။
ဒါပေမဲ့လည်း တစ်လ၊ နှစ်လ၊ သုံးလ ကြာတဲ့အထိ သူက ကံကောင်းခြင်း နည်းနည်းလေးနဲ့မှ မဆုံတွေ့ရသေးဘူး။
ဒီအကြောင်းကို စဉ်းစားကြည့်လိုက်ရင် ဒါဟာ သာမန်ပါပဲ။ ဂိုဏ်းအရှင်သခင်အဆင့် ဒါမှမဟုတ် ပိုမြင့်တဲ့ အဆင့်မှာရှိတဲ့ ရတနာ တစ်ခုအတွက် ဘယ်သူကများ အခုချိန်မှာ အဲဒါကို ထုတ်ပြီးတော့ ရောင်းချလိမ့်မှာလဲ။
ဒါကို လေလံပွဲ အချိန်အထိ ချန်ထားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဲဒီမှာ လူတိုင်းက အလုအယက် လေလံဆွဲကြလိမ့်မယ်။ အဲဒါမှပဲ စိတ်ကျေနပ်စရာကောင်းတဲ့ တန်ကြေးတစ်ခုကို ရနိုင်စွမ်း ရှိမှာပါ။
အခုချိန်မှာ တကယ်လို့ လင်းဟန်က ဒီအဆင့် ရတနာ တစ်ခုကို ရယူချင်တယ်ဆိုရင် စိတ်မနှံ့တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့မှပဲ ရပါလိမ့်မယ်။ အခွင့်အရေးက အရမ်းအရမ်းကို နည်းပါး လွန်းပါတယ်။
လေလံပွဲ စတင်ဖို့ အချိန်က နီးကပ်လာတော့ သူက အစုတ်အပြတ်တွေ ကောက်ယူဖို့ စိတ်ကူးကိုလည်း ရပ်လိုက်တယ်။
သူက နည်းနည်းထပ်စောင့်တာက အကောင်းဆုံး ဖြစ်မှာပါ။
လေလံပွဲ စတင်ဖို့ အချိန်တစ်လလောက်ပဲ လိုတော့တဲ့ အချိန်မှာ ရဲ့ဟီဂြိုလ်ပေါ်ကို ရောက်လာတဲ့ လူအရေအတွက်ကလည်း အရမ်းကို များပြားလာခဲ့တယ်။ နောက်ပြီး သူတို့အားလုံးက အရမ်းကို အစွမ်းထက်တဲ့ နောက်ခံတွေကနေ လာကြတယ်။
လူငယ်မျိုးဆက်တွေ လာတဲ့အပြင် မျိုးဆက်ဟောင်းက လူတွေလည်း တော်တော်များများ ရောက်လာကြတယ်။ တချို့က သူတို့ရဲ့ ဂျူနီယာတွေကို ကူညီစောင့်ရှောက်ဖို့ ဖြစ်ပြီး တချို့ကတော့ သူတို့အတွက်သူတို့ လာကြတာ ဖြစ်တယ်။ တကယ်လို့ သူတို့သာ အံ့မခန်း သဘာ၀ ရတနာ တချို့ကို ရရှိပြီး သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့် ချိုးဖျက်တက်ရောက်နိုင်မယ်ဆိုရင် ဒါဟာ ကျင့်ကြံသူတိုင်း လိုချင်နေတဲ့ အရာတစ်ခု ဖြစ်တယ်။
ဒါကြောင့် အခုချိန်မှာ ရေပန်းအစားဆု့း အရာက နာမည်ကျော်ကြားတဲ့ လူတွေ ရောက်လာခြင်း ဖြစ်တယ်။
“ရွှေရောင်မျိုးဆက် အင်ပါယာသားတော်မင် ရောက်လာပြီဟ”
“သောက်ကျိုးနည်း သူက ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်တောင် ဖြစ်နေပြီ”
“ငါ့ဘိုးဘေးဆိုရင် အဆင့်မတက်နိုင်ပဲ ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင်အဆင့်ရဲ့ အထွတ်အထိပ် အဆင့်မှာ တစ်ဆို့နေတာ နှစ်ပေါပင်း တစ်သောင်းကျော် ရှိနေပြီ။ သူ့သက်တမ်းကလည်း ကုန်ခါနီးနေပြီ။ ဒါပေမဲ့ ဒီကောင်က အသက် တစ်ရာကျော်ပဲ ရှိဦးမယ်။ ကြီးမြတ်သော အရှင်သခင် အဆင့်ကိုတောင် အဆင့်တက်သွားပြီ။ သူတို့နှစ်ယောက်ကို ယှဉ်ကြည့်လိုက်ရင် ကွာဟချက်က တကယ့်ကို ကြီးမားလွန်းတာပဲ”
“ဟမ့် သူက အင်ပါယာသားတော်လေ။ ဒီတော့ ဘယ်သူက ယှဉ်နိုင်မှာလဲ”
“ဟာ အင်ပါယာသမီးတော်ရှူ ရောက်လာပြီဟေ့”
“အရမ်းကို ချောတာပဲ။ တကယ်လို့ သူသာ ဆန္ဒရှိရင် မိန်းမလှ စာရင်းထဲမှာ ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲ တစ်နေရာစာကတော့ သေချာတယ်”
“သောက်ကျိုးနည်း။ ဒီလူကတော့ ဘယ်လိုလုပ် ဒီလိုမျိုး သတ်ဖြတ်ခြင်းဆန္ဒမျိုး ရှိနေနိုင်ရတာလဲ”
“မွေးမေ့လေ သူ ဘယ်နေရာကိုသွားသွား အနီးနားက လူတွေ လဲကျကုန်တော့မှာပဲ”
လူတိုင်းက အံ့အားသင့် နေကြတယ်။ လူငယ်ပါရမီရှင်တွေက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြကာ သူတို့ထဲက တချို့ဆို တကယ့်ကို ကြောက်စရာကောင်းပြီး သူတို့ရဲ့ အရှိန်အဝါတွေက အရမ်းကို အံ့သြဖွယ်ရာကောင်းတယ်။
Chapter 4507 end