အခန်း ၅၅
Vol. 6 Ch. 55
အခန်း (၅၅) စိန်ခေါ်ခြင်းနှင့် ပညာဖလှယ်ခြင်း
“လျိုယွမ်ရှန်း... သူ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”
ထိုက်ယိတောင်ထိပ်၏ ပင်မခန်းမ အတွင်း၌ ဤအသံကို ကြားလိုက်ရသည့်အခါ တောင်ထိပ်သခင်အုပ်စု၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ကြသည်။
လျိုယွမ်ရှန်း ဟူသည် ယောင်ရှန်းဓားဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်သည်။
သူ၏ ဓားသိုင်းပညာမှာ ပြိုင်ဘက်ကင်း လှပေသည်၊ သူ၏ လူငယ်ဘဝတုန်းက ဓားသိုင်းပညာကို ထက်မြက်အောင် လေ့ကျင့်ရန်အတွက် မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းအသီးသီးကို လှည့်လည်စိန်ခေါ်ခဲ့ဖူးပြီး တစ်ကြိမ်မျှပင် ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ပေ။
သူသည် ထိုခေတ်ထိုအခါက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပြီး လက်ရှိ တောင်ထိပ်သခင်အချို့မှာလည်း ယခင်က သူ၏လက်ထဲတွင် ရှုံးနိမ့်ခဲ့ဖူးကြသည်။
ထို့ကြောင့်သာ ဤအမည်ကို ကြားလိုက်ရသည့်အခါ သူတို့၏ မျက်နှာများ ပျက်သွားခဲ့ရခြင်း ဖြစ်သည်။
“ယောင်ရှန်းဓားဂိုဏ်းက ဘာအကြောင်းပြချက်မှမရှိဘဲ လျိုယွမ်ရှန်းကို စေလွှတ်လိုက်တာဆိုတော့ သူ ဘာအတွက် လာတာလဲဆိုတာ ငါတို့ မသိရသေးဘူး”
“ဒါက တစ်နှစ်အကြာမှာ ကျင်းပမယ့် တာအိုဖလှယ် ပြိုင်ပွဲအတွက် ဖြစ်နိုင်တယ်”
“သူက သူ့ရဲ့ တပည့်ကိုပါ ခေါ်လာတာဆိုတော့ ဒီခရီးစဉ်က ကောင်းတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်လောက်ဘူး”
“ဘာကို ကြောက်နေရမှာလဲ ငါတို့ ထိုက်ယိမြင့်မြတ်နယ်မြေက အရှေ့ဘက်ဒေသရဲ့ နံပါတ်တစ် မြင့်မြတ်နယ်မြေပဲ၊ သူ့ကို ကြောက်နေရမှာလား”
“မှန်တယ်၊ မှန်တယ် စစ်သည်တွေ လာရင် တားဆီးမယ်၊ ရေလာရင် မြေကြီးနဲ့ ကာ မယ်”
ပင်မခန်းမ အတွင်းရှိ တောင်ထိပ်သခင်များက အပြင်းအထန် ဆွေးနွေးနေခဲ့ကြသည်။
ဤခဏ၌ ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ပြောလိုက်၏။ “တိတ်ကြစမ်း။ ဝူယာ... မင်း သွားပြီး သူတို့ကို ဧည့်ခန်းမ ဆီ ဦးဆောင်ခေါ်ခဲ့ပါ။ တောင်ထိပ်သခင်အားလုံး... ငါနဲ့အတူ လိုက်ပြီး သူတို့ကို သွားကြိုကြမယ်”
“ဟုတ်ကဲ့”
ချင်းယန်တောင်ထိပ်၏ တောင်ထိပ်သခင်ဖြစ်ပြီး ရှုချွမ်းနှင့် ယခင်က တွေ့ဆုံခဲ့ဖူးသော နျဲ့ဝူယာက အမိန့်ကို နာခံလျက် ထွက်ခွာသွားခဲ့တော့သည်။
.....
ဝူး...
ဂိုဏ်းတံခါးဝ၏ အပြင်ဘက်တွင် ဟင်းလင်းပြင်ကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြီး နျဲ့ဝူယာ၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တွင် ရှိနေသော ဖိတ်ကြား လွှာမှာ ချက်ချင်းပင် မီးလောင်ကျွမ်းသွားခဲ့တော့သည်။
“ဘယ်သူလဲလို့ ငါ စဉ်းစားနေတာ၊ ယောင်ရှန်းဓားဂိုဏ်းက အဖိုးကြီးလျို ဖြစ်နေတာကိုး။ ဘာလဲ... မင်းတို့ရဲ့ ယောင်ရှန်းဓားဂိုဏ်းမှာ ငြိမ်ငြိမ်မနေဘဲ ငါ့ရဲ့ ထိုက်ယိမြင့်မြတ်နယ်မြေဆီကို ဘာကိစ္စရှိလို့ ပြေးလာတာလဲ”
နျဲ့ဝူယာသည်လည်း ယခင်က လျိုယွမ်ရှန်း၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ဖူးသူတစ်ဦး ဖြစ်သဖြင့် သူ၏ စိတ်ထဲတွင် ရန်ငြိုးအာဃာတ ရှိနေခဲ့ခြင်း ဖြစ်သည်။
ရောက်ရှိလာသောလူကို မြင်လိုက်ရသည့်အခါ လျိုယွမ်ရှန်းက အော်ဟစ်ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “နျဲ့ဝူယာ... နှစ်တွေ ဒီလောက်အထိ ကြာသွားခဲ့တာတောင် မင်းက ကောင်းကင်တက်လှမ်းခြင်း ခြင်း နယ်ပယ် ရဲ့ အဆင့် ၇ မှာပဲ ပိတ်မိနေတုန်းပဲကိုး။ မင်းက တကယ်ကို မစွမ်းဆောင်နိုင်သေးဘူးပဲ၊ ငါကတော့ ကောင်းကင်ဘုရင် နယ်ပယ် ကို ခြေလှမ်းတစ်ဝက် ရောက်နေပြီ”
ချက်ချင်းဆိုသလိုပင် နျဲ့ဝူယာ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာလည်း အလွန်ပင် ဆိုးဝါးသွားခဲ့ရသည်။
လျိုယွမ်ရှန်း၏ စကားများက သူ၏ အနာဟောင်းကို တည့်တည့်ကြီး ထိုးဆွလိုက်ခြင်း ဖြစ်သည်။
လျိုယွမ်ရှန်း၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရကတည်းက သူ၏ စိတ်ဓာတ် မှာ ချို့ယွင်းချက် ရှိသွားခဲ့ရသဖြင့် ကောင်းကင်တက်လှမ်း ခြင်း နယ်ပယ် အဆင့် ၇ သို့ ရောက်ရှိပြီးနောက် ရှေ့သို့ ဆက်လက်တိုးတက်ရန် အလွန်တရာ ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။
“ဟွန်း... စကားလုံးတွေနဲ့ပဲ အနိုင်မယူဖို့ ကြိုးစားစမ်းနဲ့”
နျဲ့ဝူယာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လျိုယွမ်ရှန်းနှင့် ဆက်လက်စကားပြောရန် စိတ်မပါတော့ပေ။
သူက ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း တံခါးပိတ် ကျင့်ကြံခြင်း ဝင်ရောက်တော့မည်ဖြစ်ပြီး ကောင်းကင် တက်လှမ်း ခြင်းအဆင့် အဆင့် ၈ သို့ မရောက်မချင်း အပြင်သို့ ပြန်မထွက်လာတော့ဟု စိတ်ထဲမှ ကျိန်ဆိုလိုက်မိသည်။
“ငါ့နောက်ကို လိုက်ခဲ့၊ မြင့်မြတ် အရှင်က ပင်မခန်းမမှာ စောင့်နေပြီ”
သူက ထိုလူနှစ်ဦးကို ချူယန်တောင်ထိပ်ရှိ ဧည့်ခန်းမဆီသို့ ဦးဆောင်ခေါ်ခဲ့တော့သည်။
ပင်မခန်းမအတွင်း၌ ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်နှင့် တောင်ထိပ်သခင်အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။
လျိုယွမ်ရှန်းက သူ၏ တပည့်နှင့်အတူ ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ထိုက်ယိမြင့်မြတ်နယ်မြေအရှင်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“လျိုယွမ်ရှန်းက ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်ကို ဂါရဝပြုပါတယ် ”
ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “တာအိုမိတ်ဆွေလျို... ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး။ ယခုတစ်ခေါက် လာရတဲ့ အကြောင်းရင်းကို မေးပါရစေ”
လျိုယွမ်ရှန်းက သူ၏ လက်များကို အနည်းငယ် ဆုပ်လိုက်ရင်း “ကျွန်တော် ယခုတစ်ခေါက် ဂိုဏ်းကနေ ထွက်လာခဲ့တာက သဲဝါမြင့်မြတ် အရှင် ရဲ့ ဖိတ်ကြားချက်ကြောင့် ပါ ၊ အရှေ့ဘက်ဒေသမှာရှိတဲ့ ဂိုဏ်းအသီးသီးကို တာအိုဖလှယ် ပြိုင်ပွဲ ကျင်းပမယ့်နေရာ သတင်းပို့ဖို့အတွက် လာခဲ့တာပါ”
“ဒီတစ်ကြိမ် တာအိုဖလှယ် ပြိုင်ပွဲကို သဲဝါမြင့်မြတ်နယ်မြေက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး တည်နေရာကတော့ မိုင်ပေါင်းသန်းချီကျယ်ပြောတဲ့ သဲဝါ ကန္တာရရဲ့ အလယ်ဗဟိုမှာ ဖြစ်ပါတယ်”
“ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်အနေနဲ့ အချိန်ကို မေ့မသွားဖို့ မျှော်လင့်ပါတယ်”
“ဒါ့အပြင်...”
လူတိုင်းက လျိုယွမ်ရှန်း စကားပြောပြီးပြီဟု ထင်မှတ်နေကြစဉ်မှာပင် သူက ထပ်မံ၍ စကားဆိုလာခဲ့သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ထိုက်ယိမြင့်မြတ်နယ်မြေက ယန်ရှန်း လို့ခေါ်တဲ့ မီးလျှံဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင်ကို တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့တယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ကျွန်တော် အသစ်လက်ခံထားတဲ့ တပည့်လေးကို ခေါ်ဆောင်လာပြီး သူ အမြင်ကျယ်သွားစေဖို့အတွက် မြင့်မြတ်နယ်မြေရဲ့ တိုက်ရိုက်တပည့်တွေနဲ့ ပညာချင်းဖလှယ် ယှဉ်ပြိုင်ခွင့် ပေးစေချင်ပါတယ်”
လျိုယွမ်ရှန်း၏ စကားများကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာထက်တွင် “ထင်တဲ့အတိုင်းပဲ” ဟူသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြသည်။
လျိုယွမ်ရှန်း၏ ရည်ရွယ်ချက်မှာ ဤမျှရိုးရှင်းလိမ့်မည်မဟုတ်ကြောင်း သူတို့ သိထားကြသည်။
ယခုအခါ ၎င်းက အမှန်တကယ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
သူတို့က သူ၏ နောက်တွင် ရှိနေသော ကုန်းလင် ထံသို့ အကြည့်များကို ပို့လွှတ်လိုက်ကြသည်။
သူတို့၏ လူငယ်ဘဝတုန်းက အရှေ့ဘက်ဒေသတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သော ဤလူက မည်ကဲ့သို့သော တပည့်မျိုးကို လက်ခံထားသနည်းဆိုသည်ကို သူတို့ သိလိုကြသည်။
မကြည့်လျှင် ဘာမှမဖြစ်သော်လည်း ကြည့်လိုက်သည့်အခါတွင်မူ သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် တင်းမာသွားခဲ့ရတော့သည်။
သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ဤလူငယ်က နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ငါး သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဓားအရိုး ကို ပိုင်ဆိုင်ထားပြီး သူ၏ ဓားတာအို ကျင့်ကြံမှုမှာ စင်ကြယ် သော ဓားနှလုံးသား အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တစ်ချက်တည်းဖြင့် သိနိုင်ကြသည်။
ဤကဲ့သို့သောလူမျိုးက ကျင့်ကြံမှုအဆင့် နိမ့်နေဦးတော့၊ အဆင့်တူ အတွင်း ပြိုင်ဘက်မရှိသလောက် ရှားပါးလှပေသည်၊ မကြာသေးမီကမှ တိုက်ရိုက်တပည့် ဖြစ်လာခဲ့သော ယန်ရှန်းကိုမူ ပြောနေစရာပင် မလိုတော့ပေ။
ယန်ရှန်းက မီးလျှံဝိညာဉ်ခန္ဓာကိုယ်ဖြစ်ပြီး မြင့်မြတ်နယ်မြေ၏ အပြည့်အဝ ပံ့ပိုးမှုကို ရရှိထားသော်လည်း သူက လက်ရှိတွင် သေမျိုးအဆင့် ကျော်လွန်ခြင်းနယ်ပယ် အဆင့်ငါး တွင်သာ ရှိသေးသည်။ ကြီးမားလှသော အဆင့် ကြီးတစ်ခုလုံး ကွာခြားနေခဲ့ရာ သူက မည်သို့လုပ်ပြီး အနိုင်ရရှိနိုင်ပါ့မည်နည်း။
ဒါက ထိုက်ယိမြင့်မြတ်နယ်မြေကို တမင်သက်သက် သိက္ခာချရန် လာရောက်ခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
မဟုတ်ပါက သူသည် ပညာဖလှယ်ရန်အတွက် ယန်ရှန်း အမည်ကို သီးသန့်ထုတ်ဖော်၍ ပြောဆိုနေလိမ့်မည် မဟုတ်ပေ။
ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်က ၎င်းကို ကြားလိုက်ရသည့်အခါ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒါဆိုရင်တော့ တာအိုမိတ်ဆွေကို စိတ်ပျက်စေမိတဲ့အတွက် စိတ်မကောင်းပါဘူး။ အဲဒီကလေး ယန်ရှန်းက လက်ရှိမှာ တံခါးပိတ် ကျင့်ကြံခြင်း ဝင်ရောက်နေတာမို့လို့ ခဏလောက်တော့ အပြင်ထွက်လာနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သူက သေမျိုးအဆင့် ကျော်လွန်ခြင်း နယ်ပယ် အဆင့်ငါး မှာပဲ ရှိသေးတာမို့လို့ နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ငါး မှာရှိတဲ့လူရဲ့ ပြိုင်ဘက် ဖြစ်နိုင်ဖို့က အရမ်းကို ဝေးကွာလွန်းပါသေးတယ်”
ဤကဲ့သို့ ထင်ရှားလှသော ရန်စမှုကို ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က လွယ်လွယ်ကူကူဖြင့် အောင်မြင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ယောင်ရှန်းဓားဂိုဏ်းမှ ထူးချွန်ထက်မြက်သော ပါရမီရှင်များ ဆက်တိုက် ထွက်ပေါ်လာခဲ့သဖြင့် အရှေ့ဘက်ဒေသအတွင်း ထိုဂိုဏ်း၏ အရှိန်အဝါမှာ ပိုမိုမြင့်မားလာခဲ့ပြီး ထိုက်ယိမြင့်မြတ်နယ်မြေကိုပင် ကျော်လွန်ရန် သိပ်သည်းလှသော အရိပ်အယောင်များ ပြသနေခဲ့သည်။
ဂိုဏ်းနှစ်ခုစလုံး၏ ထိပ်တန်း သိုင်းပညာရှင်များ၏ စွမ်းအားမှာ များစွာကွာခြားခြင်းမရှိသဖြင့် ယောင်ရှန်းဓားဂိုဏ်းသခင်သည်လည်း ဤကဲ့သို့သော လှည့်ကွက်များကို အသုံးပြုကာ ထိုက်ယိမြင့်မြတ်နယ်မြေ၏နေရာကို အစားထိုးလျက် အရှေ့ဘက်ဒေသ၏ နံပါတ်တစ် အင်အားစု ဖြစ်လာစေရန် ရည်ရွယ်နေခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် လျိုယွမ်ရှန်းက သူ၏ တပည့်ကို ခေါ်ဆောင်လာပြီး စိန်ခေါ်ခြင်းမှာလည်း စမ်းသပ်လိုသည့် ရည်ရွယ်ချက် သေချာပေါက် ရှိနေခဲ့သည်။
“ရပါတယ်၊ ကျွန်တော်တို့ စောင့်နိုင်ပါတယ်”
“ပြီးတော့ ကျွန်တော် ကုန်းလင်ကို သူ့ရဲ့ ကျင့်ကြံမှုကို ယန်ရှန်းနဲ့ အဆင့်တူတယ့် အထိ ဖိနှိပ်ထားခိုင်းပါ့မယ်၊ အကြီးက အငယ်ကို အနိုင်ကျင့်တာမျိုး ဘယ်တော့မှ ဖြစ်မလာစေရပါဘူး။ မြင့်မြတ်နယ်မြေအရှင်အနေနဲ့ စိတ်အေးအေးထားပါ”
လျိုယွမ်ရှန်းက ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
“သူ့ကို ဒီတစ်ခေါက် အပြင်ခေါ်လာတာကလည်း သူ့ကို လေ့ကျင့်ပေးဖို့နဲ့ တစ်နှစ်အကြာမှာ ကျင်းပမယ့် တာအိုဖလှယ် ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ပဲ ဖြစ်ပါတယ်”
“ထိုက်ယိမြင့်မြတ်နယ်မြေဟာ အရှေ့ဘက်ဒေသရဲ့ နံပါတ်တစ် အင်အားစုဖြစ်တာမို့လို့ တိုက်ပွဲကနေ ရှောင်လွှဲနေလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး မဟုတ်ဘူး လား”
လျိုယွမ်ရှန်းက ဤစကားများကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်လည်း ၎င်းတို့၏ ဆိုလိုရင်းမှာ အထူးပင် ထင်ရှားလှပေသည်။
အဓိပ္ပာယ်မှာ 'မင်းတို့ရဲ့ ကြီးမြတ်လှတဲ့ မြင့်မြတ်နယ်မြေကြီးက တပည့်တစ်ယောက်ရဲ့ ပညာဖလှယ်မှုကိုတောင် ရင်မဆိုင်ရဲဘူးဆိုရင် နံပါတ်တစ် အင်အားစုဆိုတဲ့ ဘွဲ့အမည်ကို စွန့်လွှတ်လိုက်တာက ပိုကောင်းလိမ့်မယ်' ဟူ၍ ဖြစ်သည်။
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က ၎င်းကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ နှလုံးသားထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။
ဤလျိုယွမ်ရှန်းက တကယ်ကို ရောက်တတ်ရာရာ ရန်စလွန်းလှပေသည်။
သို့သော်လည်း ထိုက်ယိမြင့်မြတ်နယ်မြေ၏ ဂုဏ်သိက္ခာအတွက် ခဏမျှ စဉ်းစားပြီးနောက် သူက ကျိယန်တောင်ထိပ် ၏ တောင်ထိပ်သခင်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းစကား ပါးလိုက်သည်။ “လူလွှတ်ပြီး ယန်ရှန်းကို လာခိုင်းလိုက်ပါ၊ ဒါပေမဲ့ သူ့ကို အရမ်း အလျင်စလို အပြင်ထွက်မလာခိုင်းနဲ့ဦး။ သူတို့ကို ခဏလောက် အရင် စောင့်ခိုင်းထားလိုက်”
“မြင့် မြတ်အရှင်... ယန်ရှန်းက ဂိုဏ်းကို ရောက်တာ မကြာသေးဘူးဆိုတော့၊ ကျွန်တော် စိုးရိမ်တာက...”
ကျိယန်တောင်ထိပ်သခင်က ယန်ရှန်း ရှုံးနိမ့်သွားမည်ကို စိုးရိမ်သဖြင့် တုံ့ဆိုင်းနေခဲ့သည်။
“ထပ်ပြီး ပြောမနေနဲ့တော့၊ ဒါပဲ ဆုံးဖြတ်လိုက်ပြီ”
မြင့်မြတ်နယ်မြေအရှင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဟုတ်ကဲ့”
ကျိယန်တောင်ထိပ်သခင်သည် လျင်မြန်စွာပင် ထွက်ခွာသွားခဲ့တော့သည်။
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က လျိုယွမ်ရှန်းကို ကြည့်ကာ ပြောလိုက်သည်။ “တာအိုမိတ်ဆွေ... ခဏလောက် စောင့်ပေးပါဦး။ ငါ ယန်ရှန်းကို လာခဲ့ဖို့ လူလွှတ်ပြီး အကြောင်းကြားထားပြီးပါပြီ”
“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... မင်း တို့မြင့်မြတ်နယ်မြေရဲ့ မီးလျှံဝိညာဉ်ခန္ဓာကိုယ် တိုက်ရိုက်တပည့် ရောက်လာဖို့ အချိန်အနည်းငယ် လိုသေးတာဆိုတော့ အခြားတပည့်တွေကို အရင်ဆုံး ပညာချင်းဖလှယ် ယှဉ်ပြိုင်ခွင့် ပေးထားလိုက်ရင်ကော”
လျိုယွမ်ရှန်းက ဆက်လက်၍ ပြောလာခဲ့သည်။
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်၏ မျက်မှောင်ကြုတ်မှုမှာ ပိုမို၍ နက်နဲသွားခဲ့ရသည်၊ ဤလျိုယွမ်ရှန်းက တကယ်ကို ပိုမို၍ ရန်လိုလာခဲ့ပြီ ဖြစ်သည်။
ထိုစဉ်မှာပင် တောင်ထိပ်သခင်တစ်ဦးက အကြံပြုချက်တစ်ခု ပေးလာခဲ့သည်။ “မြင့် မြတ်အရှင်... သူ့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်တာကော ဘယ်လိုလဲ အခြား အတွင်းစည်းတပည့်တွေကို အရင်ဆုံး သွားခိုင်းပြီး ဒီကလေးရဲ့ ခွန်အား အချို့ကို ကုန်ဆုံးအောင် လုပ်ထားလိုက်ရင် ယန်ရှန်း အနိုင်ရဖို့ အခွင့်အရေး ပိုများလာနိုင်တာပေါ့”
မြင့်မြတ်နယ်မြေအရှင်က စဉ်းစားကြည့်လိုက်ရာ ၎င်းကလည်း ဖြစ်နိုင်ချေရှိသည်ဟု ခံစားရသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်တော့သည်။
“ဒါကလည်း အဆင်ပြေတာပဲ။ အဲဒီလိုဆိုရင်တော့... ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ဘယ်တောင်ထိပ်ကမဆို အခြား အတွင်းစည်းတပည့်တွေအနေနဲ့ လာရောက်ပြီး ပညာဖလှယ် ယှဉ်ပြိုင်နိုင်ပါတယ်”
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပင်မခန်းမ၏ အပြင်ဘက်တွင် ပွဲကြည့်ရန် စုဝေးနေကြသော လူအုပ်ကြီးမှာ ရုတ်တရက်ပင် ဆူညံသွားခဲ့ရတော့သည်။
ခန္ဓာကိုယ် ထွားကျိုင်းသန်မာပြီး နောက်ကျောတွင် ဓားပြားကြီးတစ်လက်ကို လွယ်ထားကာ ကျင့်ကြံမှုအဆင့် သေမျိုးအဆင့်ကျော်လွန်ခြင်း နယ်ပယ် အဆင့် ၁ တွင် ရှိနေသော အတွင်းစည်းတပည့်တစ်ဦးက လူအုပ်ကြီးကို တိုးဝှေ့လျက် ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူက ကုန်းလင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ခပ်အေးအေးအသံဖြင့် ပြောလိုက်သည်။ “လဲ့ယန်တောင်ထိပ် က တပည့် ချင်းချန် ... ပညာ ဖလှယ်လို ပါတယ်”
“ သေမျိုးအဆင့်ကျော်လွန်ခြင်း နယ်ပယ် အဆင့် ၁ ဟုတ်လား လာခဲ့လေ”
ကုန်းလင်က ချင်းချန်ကို အထင်သေး စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ ကျင့်ကြံမှုကို သေမျိုးအဆင့်ကျော်လွန်ခြင်း နယ်ပယ် အဆင့် ၁ သို့ ဖိနှိပ်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
သူက ချင်းချန်ကို သူ၏ မျက်စိထဲသို့ လုံးဝ ထည့်မထားခဲ့ပေ။
သူ့အတွက်မူ ချင်းချန်က အလွန်ပင် သာမန်ဆန်လွန်းလှသဖြင့် သူနှင့် ပညာဖလှယ်ရခြင်းမှာ မည်သည့် အားစိုက်ထုတ်မှုမျှ လိုအပ်လိမ့်မည်မဟုတ်ကြောင်း ခံစားနေရသည်။