အခန်း ၆၀၃
Vol. 41 Ch. 603
အခန်း ( ၆၀၃ ) မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။
စုယန်ယန်က ယုကျစ်ယန်ရဲ့ ထူးဆန်းသော မျက်နှာ အမူအရာကို သတိပြုမိသွားကာ သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။ သူမ ခပ်တိုးတိုး မေးလိုက်၏။ “ ဘာဖြစ်လို့လဲ။ ”
“ အဟမ်း … ” ယုကျစ်ယန်က သူ့ဖုန်းထဲက မက်ဆေ့ခ်ျတွေကို စုယန်ယန် မမြင်အောင် သူ့ဖုန်းကို အမြန် ဝှက်ထားလိုက်သည်။ “ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် အခု သခင်မလေးကို သခင်လေးနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်နော်။ ”
စုယန်ယန်က ဘာကိုမှ သံသယမဖြစ်။ သူမရဲ့ ခင်ပွန်း ဗိုက်ဆာနေလောက်ပြီ ဟူသော အတွေးဖြင့် အပေါ်ထပ်ကို ယုကျစ်ယန်နောက်မှ မြန်မြန် တက်လာခဲ့လိုက်သည်။
ထိုအချိန်မှာ စုယန်ယန်ကတော့ ဟောက်ချန်ဟွမ်း ဗိုက်ဆာနေပြီဟု ထင်နေသော်လည်း ဟောက်ချန်ဟွမ်းကတော့ ရုံးခန်းထဲမှာ ထိုင်ရင်း စိတ်က တခြားကို ရောက်နေတာ ဖြစ်သည်။
စုယန်ယန်က ဟောက်ကော်ပိုရေးရှင်းမှာ ရောက်နှင့်နေပါပြီ။ သူ ဘယ်မှာ ရှိနေမှန်း သိသလို သူမ ဘယ်ကို သွားရမလဲ ဆိုတာလည်း သိသည်။
သို့သော်လည်း သူ့ရုံးခန်းတံခါးဝမှာ စုယန်ယန် ပေါ်လာချိန်ထိ ဟောက်ချန်ဟွမ်းက ပြောင်မြောက်စွာ သရုပ်ဆောင်နေဆဲ ဖြစ်သည်။ သူက တအံ့တဩ မေးလာသည်။ “ မင်း ဘာလို့ ဒီကို လာတာလဲ။ ”
“ ရှင် အခုတလော အလုပ် အရမ်း ရှုပ်ပြီး အစားအသောက်ပျက်နေတယ်လို့ ကျစ်ယန်ဆီက ကျွန်မ ကြားထားတယ်။ အဲ့ဒါကြောင့် ကျွန်မ ရှင် ကြိုက်တဲ့ အစားအသောက် နည်းနည်းပါးပါး ချက်လာခဲ့တယ်။ ပူတုန်းလေး စားလိုက်နော်။ ”
ခုနလေးကမှ ညစာ စားထားသော ဟောက်ချန်ဟွမ်း ဆွံ့အသွားလေသည်။
ခဏလောက် နားမလည်နိုင် ဖြစ်နေပြီးမှ ဟောက်ချန်ဟွမ်းရဲ့ စူးရှသော အကြည့်က ယုကျစ်ယန်ဆီ ကျရောက်သွားသည်။
ယုကျစ်ယန် ထိတ်လန့်သွား၏။ နောက်ဆုံးတော့ သူ ပြဿနာထဲ ဝင်တိုးမိပြီ ဖြစ်ကြောင်း နားလည်သွားသည်။
စုယန်ယန်ကတော့ ယုကျစ်ယန်က သူ့အကြောင်းကို သူ မသိအောင် သူမအား ပြောပြလိုက်၍ ဟောက်ချန်ဟွမ်း ဒေါသထွက်သွားတာလို့ အထင်မှားကာ ယုကျစ်ယန်အတွက် ဝင်ကာပေးနေရှာသည်။ “ သူ့ကို ကြောက်အောင် မလုပ်ပါနဲ့။ ရှင် အစား မှန်မှန် မစားမှာ စိုးရိမ်လို့ ရှင့်ကို မျက်ခြည်မပြတ် စောင့်ကြည့်ပေးပါလို့ သူ့ကို ကျွန်မ မှာထားတာ။ ” မျှော်လင့်မထားစွာဖြင့် သူမ မှာထားတာလည်း အလကား ဖြစ်မသွားပါ။
စုယန်ယန်က ဟောက်ချန်ဟွမ်းကို ခွင့်မပြုသလို ကြည့်လိုက်သည်။ သူမရဲ့ အကြည့်က ‘ ရှင် ကျန်းမာရေး ပြန်ကောင်းသွားတာတောင် မကြာသေးတာကို အရမ်း ခေါင်းမာနေပြီပဲ။ ကျွန်မ ရှင့်ကို တအား အလိုလိုက်မိသွားတာလား ’ ဟု ပြောနေပုံပေါ်သည်။
ခေါင်းမာသော ဟောက်ချန်ဟွမ်း တစ်ယောက် ပြောစရာစကား ပျောက်ရှသွားပါသည်။ သူက သူ့ဇနီးလေးကို သူ အလုပ်မှာ ဘယ်လောက် ကြည့်ကောင်းကြောင်း မြင်စေချင်တာ ဖြစ်ကာ အဆူခံချင်တာ မဟုတ်ပေ။
ဟောက်ချန်ဟွမ်းက သူ့ကိုယ်သူ ကာကွယ်ဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ စုယန်ယန်က သူ့ကို အခွင့်အရေး မပေးချေ။
“ ကျွန်မ ရှင့်အကြိုက် ကြက်သားနဲ့ ကျောက်ပုစွန် ကုန်းဘောင်ကြီးကြော် ယူလာခဲ့တယ် ၊ ပြီးတော့ အသီးအရွက်ဟင်း တစ်ပွဲလည်း ပါတယ်။ စွပ်ပြုတ်ကဝောာ့ ကျွန်မ နေ့ခင်းတုန်းကမှ စပြီး ပြုတ်ထားတဲ့ ဘဲပေါင်းစွပ်ပြုတ်။ ရှင် အခုတလော အိုဗာတိုင်တွေ ဆင်းနေရတာ ဆိုတော့ အကုန်လုံး ကုန်အောင် စားရမယ်နော်။ ”
နောက်မှာ ရပ်နေတဲ့ ယုကျစ်ယန်က ထိုဟင်းပွဲအမည်တွေကို ကြားချိန်မှာ ဘယ်လိုမှ မတတ်နိုင်ဘဲ တံထွေးမျိုမျမိ၍ သူ့လည်ဇလုပ်က နိမ့်လိုက် မြင့်လိုက် ဖြစ်သွားသည်။ အီးး ၊ သူ ဗိုက်ဆာလှပြီ။
စုယန်ယန်ကတော့ သူ့စိတ်ထဲက ညည်းညူသံတွေကို သတိမထားမိဘဲ အပူခံ ထမင်းဘူးလေးကို စားပွဲပေါ် တင်ကာ အဖုံးဖွင့်လိုက်သည်။ အစားအသောက်ရနံ့နှင့် စွပ်ပြုတ်ရနံ့တွေက ထမင်းဘူးထဲမှ လှိုက်တက်လာကာ ရုံးခန်း တစ်ခုလုံးထဲမှာ မွှေးကြိုင်ပျံ့လွင့်သွားသည်။
ယုကျစ်ယန်ရဲ့ အစာအိမ်က တဂွီဂွီ အသံမြည်လာသည်။ အသံက အရမ်း မကျယ်သော်လည်း လူ ဘယ်နှယောက်မှ မရှိဘဲ တိတ်ဆိတ်နေတဲ့ ရုံးခန်းထဲမှာဝောာ့ ထိုအသံက အလွန် သိသာပါသည်။
စုယန်ယန်က သူ့ကို ဖျတ်ခနဲ လှည့်ကြည့်ပေမဲ့ ဟောက်ချန်ဟွမ်းကတော့ ကြောက်စရာကောင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။ စုယန်ယန် ဘာမှ မပြောနိုင်သေးခင်မှာပဲ သူ မေးလိုက်၏။ “ မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ ”
သူ့စကားထဲမှာ မကျေမနပ် ခံစားချက်နှင့် ဒေါသတို့က သိသိသာသာ ပေါ်လွင်နေသည်။ ယုကျစ်ယန်ရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားပြီး အခြေအနေကို နားလည်စွာ ပြန်ပြောလိုက်သည်။ “ ကျွန်တော် အခု သွားတော့မှာပါ ၊ အခု သွားမှာပါ။ ”
သူ နောက်တစ်ခေါက် စားလို့ ရသေးပေမဲ့ အသက်ဆုံးရှုံးသွားလျှင်တော့ ဘယ်တော့မှ စားလို့ ရတော့မှာ မဟုတ်ပါ။
ယုကျစ်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ ရုံးခန်းထဲမှ မီတာ ( ၁၀၀ ) အပြေးသမား တစ်ယောက်ကဲ့သို့ ပြေးထွက်လာခဲ့လိုက်သည်။ သူ ထွက်မသွားခင်မှာ သူတို့ကို တံခါးတောင် ကူပိတ်ပေးခဲ့သည်။
ရုံးခန်းကျယ်ထဲမှာ စုယန်ယန်နှင့် သူ နှစ်ယောက်တည်း ကျန်တော့မှ ဟောက်ချန်ဟွမ်းရဲ့ မှုန်ကုပ်နေသော မျက်နှာက နည်းနည်းလေး ပြေလျော့သွားသည်။
သူ ထိုင်ဖို့ လုပ်နေစဉ်မှာပဲ နောင်တရစွာ ညည်းတွားနေသော စုယန်ယန်ရဲ့ စကားကို ကြားလိုက်ရသည်။ “ သူ ဘာလို့ အဲ့လောက် မြန်မြန် ထွက်ပြေးသွားတာလဲ။ ကျွန်မ ဒီနေ့ သူ့ကိုပါ ညစာ စားခိုင်းမလို့ အများကြီး ယူလာခဲ့တာကို။ သူ မရှိတော့ဘူး ဆိုတော့ ဒါတွေ အကုန်လုံးကို ရှင်ပဲ အကုန် စားရမယ်နော်။ မဟုတ်ရင် နှမြောစရာကြီး။ ”
ဟောက်ချန်ဟွမ်း : “ ??! ”
******