အခန်း ၆၀၄
Vol. 41 Ch. 604
အခန်း ( ၆၀၄ ) အတူ စားကြရအောင်။
ဟောက်ချန်ဟွမ်းက စားပွဲပေါ်ရှိ ဟင်းပွဲ သုံးပွဲ ၊ စွပ်ပြုတ် တစ်ခွက်နှင့် ထမင်း ပန်းကန်လုံးကြီး တစ်လုံးကို ကြည့်လိုက်သည်။
၇၀ % ၊ ၈၀ % လောက် ဗိုက်ပြည့်နေပြီးသား သူ့အစာအိမ်က စတင် နာကျင်လာသည်။ တစ်စုံတစ်ယောက်ကို သူ့စိတ်ထဲကနေ နေနှင့်ဦးပေါ့ဟု တေးမှတ်ထားလိုက်ပါသည်။
ဗိုက်ဟောင်းလောင်း ဖြစ်နေသော ယုကျစ်ယန်သည် နှာခေါင်းယားသလို ခံစားလာရကာ ဟပ်ချိုးခနဲ နှာချေလိုက်မိလေသည်။
ထို့နောက် သူ ကိုယ့်ကိုယ်ကိုယ် ပြန်ဖက်ကာ ချမ်းတုန်လာမိသည်။ ခံစားချက် သိပ်မကောင်းချေ။
ဟောက်ချန်ဟွမ်းက သူ့ကိုယ်သူ အာရုံပြောင်းရန်အတွက် စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ အောက်ထပ်မှာ ကိုယ်တို့ဝန်ထမ်းတွေက တစ်ခုခု မူမမှန်တာ လုပ်သေးလား။ ”
“ တစ်ခုခု မူမမှန်တာ လုပ်သေးလား … ” စုယန်ယန် ခဏလောက် စဉ်းစားကြည့်လိုက်၏။ “ ဟင့်အင်း ၊ ရှင့်ဝန်ထမ်းတွေက တော်တော်လေး သဘောကောင်းပြီး ဖော်ရွေပါတယ်။ ”
ဟောက်ချန်ဟွမ်း : “ … ” သူတို့တွေ ပွက်လောရိုက်နေမှာကို သူ စိုးရိမ်နေခဲ့တာပင်။
စုယန်ယန်က ဟောက်ချန်ဟွမ်း စကားဆက်ပြောမှာကို စောင့်မနေဘဲ အစားအသောက်တွေကို သူ့ရှေ့ တွန်းပို့လိုက်သည်။ သူမ ပြုံးပြီး ပြောလိုက်၏။ “ ကျစ်ယန် ပြောတာ ရှင် နေ့လယ်စာလည်း သိပ်မစားဘူး ၊ ပြီးဝောာ့ စားသောက်ဆိုင်က ညဘက် ပို့လိုက်တဲ့ အစားအသောက်တွေကိုဆို ထိတောင် မထိဘူးတဲ့။ ရှင် အခု ဗိုက်ဆာနေတယ် မဟုတ်လား။ မြန်မြန် စားလိုက်။ ”
ဟောက်ချန်ဟွမ်းက သူ့ဇနီးလေးရဲ့ စိတ်ပူနေသော မျက်လုံးတွေထဲကို ကြည့်လိုက်သော်လည်း သူ မငြင်းဆန်နိုင်ပါ။ စုယန်ယန် ပေးသော နေ့လယ်စာ ထမင်းဘူးကို ယူကာ ဘာမှ မပြောဘဲ စတင် စားနေလိုက်သည်။
သူ အဲ့လို ပုံစံ ဖြစ်နေတာကို မြင်တော့ စုယန်ယန်က သူ တကယ် ခံတွင်းပျက်နေတာပဲဟု ထင်သွားခဲ့သည်။ မနက်ဖြန်ကျ သူ့အတွက် ပိုမို ခံတွင်းတွေ့စေမည့် ဟင်းတွေကို ဘယ်လို ချက်ရင် ကောင်းမလဲ ဟူ၍ တိတ်တဆိတ် တွေးနေမိသည်။
ဟောက်ချန်ဟွမ်းသည် နှစ်လုတ် ၊ သုံးလုတ် စားပြီးနောက် သူ့အစာအိမ်ထဲ သွင်းရမည့် စားပွဲ တစ်လုံးစာအပြည့် အစားအသောက်တွေကို ကြည့်လိုက်သည်။ စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းနေပြီးမှ သူ ခေါင်းမော့ကာ စုယန်ယန်ကို ကြည့်လိုက်၏။ “ မင်းရော ဗိုက်ဆာနေလား။ ”
“ ကျွန်မက ရတယ်။ ဒီကို မလာခင်တုန်းက စားလာခဲ့ပြီးသားလေ။ ”
“ ကိုယ်နဲ့ နည်းနည်းလောက် ထပ်စားပါဦး။ နှစ်ယောက် လက်ဆုံစားရင် ပိုစားလို့ ဝင်တယ်။ ” စုယန်ယန် မငြင်းနိုင်သေးခင်မှာပဲ ဟောက်ချန်ဟွမ်းက စုယန်ယန်အား သူ့ထမင်းရဲ့ သုံးပုံ တစ်ပုံကို ခွဲပေးလိုက်သည်။ သူ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေ ချက်ချင်းပဲ လျှော့သွားပါသည်။
တကယ်ဝောာ့ စုယန်ယန်လည်း နည်းနည်းလေး ဗိုက်ဆာနေတာပါ။ သူမ ဟောက်ချန်ဟွမ်းအတွက် အစားအသောက်တွေ ပို့ပေးချင်သောကြောင့် အိမ်မှာ နှစ်လုတ် ၊ သုံးလုတ်လောက်ပဲ စားပြီး အမြန် ထွက်လာခဲ့တာ ဖြစ်သည်။
သို့သော်လည်း ဟောက်ချန်ဟွမ်းရဲ့ စားချင်စိတ်ကို ထည့်တွေးမိသဖြင့် သူမ သူ့စားစရာတွေကို လုမယူချင်ပါ။ ခဏနေ သူမ အိမ်ပြန်ရောက်ရင် အဆာပြေ တစ်နပ်လောက် ထပ်စားလို့ ရတာပဲဟု တွေးမိသည်။
ထိုသို့ တွေးနေရင်းနှင့် တကယ် စားချင်စိတ်မရှိတဲ့ ပုံစံပေါက်နေသော ဟောက်ချန်ဟွမ်းကို သူမ သတိထားမိသည်။ သူမ ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထမင်း ပန်းကန်လုံးကို ယူလိုက်တော့သည်။ “ ကောင်းပါပြီ။ ကျွန်မ ရှင်နဲ့ အတူ စားပေးပါ့မယ်။ ”
ဟောက်ချန်ဟွမ်း စိတ်သက်သာရာရသွားသည်။ သူ သူ့တူတွေကို ချပြီး စုယန်ယန်အတွက် ပုဇွန်တွေကို စတင် အခွံနွှာပေးလိုက်၏။
“ မြန်မြန် စား။ ကိုယ် မင်းအတွက် ပုဇွန်တွေ အခွံနွှာပေးမယ်။ ”
စုယန်ယန် အံ့ဩသွားသည်။ “ ရတယ်။ ကျွန်မဘာသာ လုပ်လိုက်ပါ့မယ်။ ရှင်လည်း စားဦးလေ။ ”
“ ကိုယ် အရင် အခွံနွှာထားလိုက်မယ် ၊ ပြီးမှ စားတာပေါ့။ ’” သူ ဖြည်းဖြည်းချင်း အခွံနွှာနေလျှင် စောစောတုန်းက စားထားသည့် အစာအိမ်ထဲက အစာဟောင်းတွေကို အစာချေဖျက်ဖို့ အချိန် အနည်းငယ် ထွက်လာလိမ့်မည်။
စုယန်ယန်က သူ စိတ်အားထက်သန်နေတာကို မြင်တော့ ဘာမှ ဆက်မပြောတော့ပေ။ တစ်ခါတရံ သူ ပုဇွန်တွေကို အခွံနွှာပြီးသွားလို့ သူမရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်လျှင် စုယန်ယန်က သူ့ကို ကျွေးဖို့ ကြိုးစားတတ်သည်။
ဟောက်ချန်ဟွမ်းရဲ့ အချိန်ဆွဲသည့် နည်းပရိယာယ်ကြောင့်လား ၊ သူ့ရဲ့ ချောမောမှုတွေကပဲ သူမကို ဆွဲဆောင်လိုက်တာလား မသိသော်လည်း သူမကို တစ်စုံတစ်ယောက် ကိုယ်တိုင် အခွံနွှာပေးသော ပုဇွန်တွေက အရသာရှိလှပါသည်။
သူတို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ခွံ့ကျွေးကာ စုယန်ယန် ယူလာသော အစားအသောက် အများစုကို ဟောက်ချန်ဟွမ်းက နှစ်နှစ်ခြိုက်ခြိုက် စားခဲ့သည်။ အထူးသဖြင့် ဘဲပေါင်းစွပ်ပြုတ်ပါပဲ။
အစားတွေ အများကြီး စားလိုက်မိခြင်းရဲ့ အကျိုးဆက်ကတော့ ဟောက်ချန်ဟွမ်း တစ်ယောက် ဗိုက်ပြည့်အင့်သွားတာပဲ ဖြစ်သည်။
သူ မတ်တပ်ရပ်ပြီးနောက် ပြန်ထိုင်ချင်စိတ် မရှိတော့ပေ။ စုယန်ယန်သာ သူ့ဘေးမှာ မရှိလျှင် အစာကျေဖို့ လမ်း တစ်ပတ် ထွက်လျှောက်မှာပင်။
ကံကောင်းထောက်မစွာဖြင့် စုယန်ယန်က ပင်ပန်းပြီး မျက်လုံး အနည်းငယ် မှေးစင်းလာတာမို့ မအီမသာဖြစ်နေတဲ့ သူ့ကို သတိမထားမိလိုက်။
“ မင်း ပင်ပန်းနေတာလား။ ” ဟောက်ချန်ဟွမ်းက သူမ ပင်ပန်းနေတာကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ သူမဘေးမှာ ဝင်ထိုင်ကာ သူမကို ပွေ့ဖက်လိုက်ပါသည်။
စုယန်ယန်ကလည်း သူ့ရင်ခွင်ထဲ တိုးဝင်လာသည်။ “ နည်းနည်းပါ။ ကျွန်မ နေ့ခင်းတုန်းက အမေနဲ့ ဈေးဝယ်ထွက်ရင်း အန်တီချင်နဲ့ တခြား လူတွေဖို့ ပစ္စည်း နည်းနည်းပါးပါး ဝယ်ခဲ့သေးတယ်။ ”
******