← Chapters

အခန်း ၆၀၇

Vol. 41 Ch. 607

အခန်း ၆၀၇

Vol. 41 Ch. 607

အခန်း ( ၆၀၇ ) ခေါင်းမာတဲ့ သွမ်းသွမ်း။

နည်းပညာဌာနက အစ်ကိုကြီး : အဟမ်း ၊ ဒီအချိန်ကြီး ဘော့စ်ရဲ့ ရုံးခန်းထဲမှာ သခင်မလေး အိပ်ရတာ မလွယ်ဘူးလို့ ထင်နေတာ ငါ တစ်ယောက်တည်းလား။ ညလည်း နက်နေပြီ ၊ အခန်းထဲမှာ ယောက်ျားနဲ့ မိန်းမ နှစ်ယောက်တည်း ရှိတာ။ ပြီးတော့ သူတို့က အိမ်ထောင်ရေးလည်း အဆင်ပြေတယ် ၊ မီးစ နည်းနည်း ထိလိုက်တာနဲ့ အရှိန်ပြင်းပြင်းနဲ့ ထတောက်တော့မယ် လောင်စာလိုမျိုးပဲ။

လူ တစ်ယောက်က ထိုကဲ့သို့ ခန့်မှန်းလိုက်သောအခါ အကုန်လုံး ချက်ချင်းပဲ အတွေးသစ် တစ်ခု ဝင်သွားကြသည်။ ဖုန်းမျက်နှာပြင်ပေါ်မှာ “ သေစမ်း ” ဟူသော စကားလုံးတွေ ပြည့်နှက်သွားပါသည်။

ပြည်သူ့ဆက်ဆံရေးဌာနက ဝံပုလွေလေး : သခင်မလေးက ဘော့စ်ရဲ့ ရုံးခန်းထဲမှာ ပင်ပန်းပြီး အိပ်ပျော်သွားတာလို့ နင် ပြောချင်တာလား။ အဲ့ဒါက သခင်မလေးရဲ့ လက်ကို သခင်လေး အရမ်း စိုးရိမ်နေတဲ့ ကိစ္စရဲ့ အဖြေ ဆိုလည်း မမှားဘူး။ ငါတို့ မမြင်သင့်တာတွေ မြင်သွားမှာကို သူ စိုးရိမ်နေတာ ဖြစ်ရမယ်။ ဟဲဟဲ။

ဥပဒေဌာနက နာမည်ကျော် ဝန်ထမ်းလေး : ကျွတ် … ငါကတော့ နင်တို့တွေ ကိုယ် လိုရာကို ဆွဲတွေးနေကြတာလို့ပဲ ထင်တယ်။ ငါမှာ သက်သေရှိတယ်။

လက်ရှိအချိန်မှာ ထိုခေါင်းစဉ်ဟာ ဦးတည်ချက်လွဲကာ ထင်မြင်ချက် အမျိုးမျိုး ကွဲထွက်သွားခဲ့ပါသည်။

လူ နှစ်ယောက်ကတော့ သူတို့ရဲ့ ဝန်ထမ်းတွေဟာ သူတို့အကြောင်းကို ရုံးထဲမှာ ပြောချင်ရာတွေ လျှောက်ပြောနေကြတာကို မသိဘဲ သိမ်းစရာရှိတဲ့ ပစ္စည်းတွေကို သိမ်းပြီး အိမ်ပြန်ဖို့ ပြင်ဆင်နေခဲ့ကြသည်။

စုယန်ယန်က သမ်းဝေရင်း ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲ မှီနွဲ့နေခဲ့သည်။ သူမရဲ့ ခြေထောက်တွေကို လှုပ်ရှားချင်စိတ်မရှိလောက်အောင် အားနည်းနေသည်။

ဘာတွေ ဖြစ်နေလဲ ဆိုတာ သူမ မသိပါ။ လွန်ခဲ့တဲ့ ရက် အနည်းငယ် အတောအတွင်း တကယ့်ကို ပင်ပန်းနေခဲ့တာမို့ မကြာခင် သူမ ဓမ္မတာလာတော့မှာလည်း ဖြစ်နိုင်သည်။

သူမ အဲ့ဒီလို ဖြစ်နေတာကို မြင်ဝောာ့ ဟောက်ချန်ဟွမ်းက ဒီတိုင်း ပြန်လွှတ်လိုက်ဖို့ ပိုလို့တောင် စိုးရိမ်သွားသည်။ သူက သူမကို ကုတ်အင်္ကျီ ကူဝတ်ပေးကာ ဂရုတစိုက် ပွေ့ချီလာခဲ့လိုက်ပါသည်။

သူတို့ မသိလိုက်တာကတော့ ထိုမြင်ကွင်းက ဧည့်ကြိုစားပွဲက ကောင်မလေးတွေရဲ့ မျက်လုံးထဲ ထင်ထင်ရှားရှား ကျရောက်သွားပြီး အရှိန်ကောင်းသော စကားဝိုင်း တစ်ခုကို စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်စေခဲ့တယ် ဆိုတာပါ။

ဧည့်ကြိုစားပွဲက ရှောင်းမိန် : ဘော့စ်က သခင်မလေးရှေ့မှာဆို အရမ်း နူးညံ့တာပဲ။ သခင်မ‌လေး ချမ်းနေမှာ စိုးလို့ သူက သူ့ဂျာကင်ကို ချွတ်ပြီး သခင်မလေးကို ဝတ်ပေးလိုက်သေးတယ်။ အိပ်ငိုက်နေတဲ့ သခင်မလေးက ဘယ်လိုမှ မျက်လုံးဖွင့်မရတော့ သူက သူမကို ဂျာကင် ကူဝတ်ပေးရင်းနဲ့ ချော့ချော့မော့မော့ ပြောနေခဲ့တာ။ ငါ အခု ပြောနေတာတွေက အမှန်တရားနော် ၊ ဓာတ်ပုံတွေလည်း ရှိတယ်။ အီးဟီး ၊ ဒါက ဘယ်လိုတောင် အဆုံးမရှိတဲ့ အချစ်မျိုးလဲ။ ငါ အားကျလိုက်တာ။

ဧည့်ကြိုစားပွဲရှိ ကောင်မလေးသည် သူမ တစ်ယောက်တည်း ထိုင်အားမကျနေသင့်ဘူးဟု ခံစားရသည်။ စားကောင်းသောက်ဖွယ်လေးတွေကို တစ်ယောက်တည်း စားတာထက် အများနှင့် အတူတကွ စားတာ ပိုကောင်းပါသည်။ သူမက ရိုက်ထားတဲ့ ဓာတ်ပုံတွေ အကုန်လုံးကို Group Chat ထဲ ပို့လိုက်တော့ မျှော်လင့်ထားသလိုပင် အားကျသူတွေ အများကြီး ထွက်ပေါ်လာခဲ့သည်။

ထိုဖြစ်ရပ် အပြီးတွင် ဟောက်ချန်ဟွမ်းက သူ အလုပ်ကြိုးစားနေတဲ့အခါ ဘယ်လောက် ကြည့်ကောင်းလဲ ဆိုတာကို စုယန်ယန်အား ပြရန် မကြိုးစားတော့သော်လည်း သူမအပေါ် ထားတဲ့ သူ့အချစ်ကိုတော့ သူ့ဝန်ထမ်းတွေရှေ့မှာ ထုတ်ဖော်ကြွားဝါကာ မဏ္ဍာပ်တိုင်တက်ပြပါသေးသည်။

ရက် အနည်းငယ် ကြာပြီးနောက် စုယန်ယန်နှင့် ချင်ရွယ်ရူတို့ တွေ့ဆုံဖို့ အချိန်ကျလာခဲ့သည်။

ဦးလေးကျန်းက သူ့ရဲ့ သခင်လေးနှင့် သခင်မလေးတို့ ရုတ်တရက်ကြီး တစ်လကျော်ကြာ အပြင်သွားမှာကို မြင်ရခြင်းအား ခံနိုင်ရည် မရှိပေ။

သူတို့ ထွက်ခွာမည့် နေ့ကို ရောက်ဝောာ့ ဦးလေးကျန်းက သတိပေးစကား မျိုးစုံကို ပြောကာ လမ်းတစ်လျှောက် သေသေချာချာ သတိထား မှတ်သားရမည့် ကိစ္စတွေကိုလည်း တတွတ်တွတ် ပြောနေခဲ့သည်။ အကြောင်းမသိသူတွေ ဆိုလျှင် စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို နွေရာသီ အပန်းဖြေခရီးထွက်တဲ့ မူလတန်းကျောင်းသား ၊ ကျောင်းသူလေးတွေလို့ ထင်သွားလောက်မည်။ မိဘတွေက သူတို့နောက် လိုက်ဖို့ မစောင့်နိုင်တော့တဲ့အထိ စိုးရိမ်ပူပန်နေကြ၏။

စုယန်ယန်ကတော့ ဒီအခြေအနေကို ကျင့်သားရနေပြီးသား ဖြစ်သည်။ သူမ အပြင်သွားတိုင်း သူမရဲ့ မိဘတွေနှင့် အစ်ကိုက နားပူလောက်အောင် မှာတမ်းခြွေကြသည်။ သူတို့က သူမကို ကြိုးချည်ပြီး သူတို့ သွားတဲ့ နေရာမှန်သမျှကို ခေါ်သွားချင်နေကြတာပင်။

နောက်ဆုံးမှာ ဦးလေးကျန်းရဲ့ကရားရေလွှတ် တတွတ်တွတ်ပြောခြင်းကို ထိုင်နားထောင်ပြီးနောက် အကြီးမားဆုံး ပြဿနာက သူမရဲ့ ခွေး ဖြစ်လေသည်။

သခင်ကြီးချန်က ဒီခွေး‌လေးကို အလွန် ချစ်တာမို့ စုယန်ယန်က သူ့ကို ဟောက်ချန်ဟွမ်းရဲ့ အိမ်ကို ပို့ပြီး မွေးတော့မည် ဖြစ်ကြောင်း ကြားချိန်မှာ အတော်လေး စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူမ ဒီတစ်ခေါက် ခရီးမှာ သူ့ကိုပါ မပါမဖြစ် ခေါ်သွားရမည်။

ဒါပေမဲ့ ကံမကောင်းစွာဖြင့် ဒီကောင်လေးက လင်းရှောင်ချီရဲ့ ဟွားဟွားနှင့် အခုတလော အလွန် ရင်းနှီးနေသည်။ လင်းရှောင်ချီနှင့် အပြင်သွားရမည် ဆိုလျှင် နေ့စဉ်နေ့တိုင်း ခုန်ပေါက်ပျော်ရွှင်နေတတ်၏။

များသောအားဖြင့် သူ့ယောက္ခမ လင်းရှောင်ချီက သူ့ကို ငြင်းပယ်သော်လည်း အနည်းဆုံးဝောာ့ သူ့မှာ တွေးစရာ တစ်စုံတစ်ခု ရပါလိမ့်မည်။

သို့သော် အကယ်၍ သူ့ကို စုယန်ယန် မခေါ်ဘဲ ချန်ထားခဲ့လျှင် သူက သူ့ဇနီးလေးကို အချိန် အတိုင်းအတာ တစ်ခုထိ တွေ့ရမှာ မဟုတ်ဝောာ့။

မိန်းမ တစ်ယောက်ကို မြင်ပြီးနောက် ကိုယ့်သခင်ကိုယ် မေ့သွားသော ကောင်ကလေးသည် ကျိုးကြောင်းဆီလျော်မှုမရှိစွာ အော်ဟစ်ငိုယိုကာ ဒရာမာခင်းနေ၏။ သူက တစ်အိမ်လုံး နေရာအနှံ့ ပြေးလွှားရင်း စုယန်ယန်တို့နှင့် လိုက်ဖို့ ငြင်းဆန်နေခဲ့သည်။

******

All Chapters