အခန်း ၆၁၄
Vol. 41 Ch. 614
အခန်း ( ၆၁၄ ) ယွီရှန်း ဝက်သား တောက်တောက်ကြော်နှင့် ပဲလမုန့်။
[ T/N* ယွီရှန်း ဝက်သား တောက်တောက်ကြော်မှာ ပါဝင်တဲ့ ‘ ယွီရှန်း ’ ဆိုတဲ့ စကားလုံးက ငါးအနံ့အရသာလို့ အဓိပ္ပာယ်ရပါတယ်။ ငါးအနံ့အရသာ ရှိတဲ့ ဝက်သား တောက်တောက်ကြော်ပေါ့။ နာမည်က အဲ့လို ဖြစ်နေပေမဲ့ တကယ်တမ်းကျ ဒီဟင်းလျာထဲမှာ ငါးကို ထည့်မသုံးဘူးရယ်။ ]
စုယန်ယန်သည် အရင်ဆုံး အမဲသားပြုတ် တစ်ခွက်ကို ချက်ပြီးမှ ဟောက်ချန်ဟွမ်း အကြိုက်ဆုံး ပုဇွန်ဟင်းကို ချက်ပြုတ်လိုက်သည်။
နောက်ဆုံးမှာတော့ သခင်ကြီးချိန်ကို ချက်ကျွေးမည်ဟု ကတိပေးထားသော ယွီရှန်း ဝက်သား တောက်တောက်ကြော်ကို သူမ ချက်ပြုတ်ပါတော့မည်။
“ ကျွန်မ နောက်ဆုံး ချက်ပြုတ်သွားမယ့် ဟင်းလျာက နည်းနည်းတော့ ထူးခြားတယ်။ ယွီရှန်း ဝက်သား တောက်တောက်ကြော်လို့ ခေါ်တယ်။ ဒါပေမဲ့ ဟင်းပွဲ တစ်ခုလုဲးမှာ ငါးကို မသုံးဘဲနဲ့ ငါးအစား ဝက်ပေါင်ရင်းသားကို အသုံးပြုသွားမှာပါ။ အဲ့ဒါကြောင့်ပဲ ဒီဟင်းပွဲကို ယွီရှန်း ဝက်သား တောက်တောက်ကြော်လို့ ခေါ်တာပါ။ ပြီးတော့ ဒီထဲမှာ ငါး အရသာလည်း ပါတယ်။ ”
“ ငါးကို ထည့်ချက်ထားသလို မွှေးနေတာက ငါးနဲ့ ငရုတ်သီးနဲ့ကို အခြောက်ခံပြီး ရောကြိတ်ထားတဲ့ အရသာမှုန့်ရယ် ၊ အချဉ်ဖောက်ထားတဲ့ ငရုတ်သီးတွေရယ်ကို အဓိက ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးထားလို့ပါ။ အဲ့ဒါကြောင့် ဟင်းချက်လိုက်တော့ ငါးအရသာ ထွက်လာတာပါ။ ”
စုယန်ယန်က စကားပြောနေရင်း တစ်ချိန်တည်းမှာပဲ ဝက်ပေါင်ရင်းသားကို အတုံး သေးသေးလေးတွေ ဖြစ်အောင် တုံးကာ ဆား ၊ ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် နှပ်ထားလိုက်သည်။ ထို့နောက် အရသာနှပ်ထားသော ဝက်ပေါင်ရင်းသားကို အိုးထဲ ထည့်ပြုတ်ကာ ကျက်သွားပြီ ဆိုတော့မှ အရင်ဆုံး ပန်းကန်ထဲ သက်သက် ဖယ်ထားလိုက်သည်။
ချက်စရာရှိတာ ချက်နေရင်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ခေါင်းမော့ ကြည့်လိုက်တော့ ဒီဟင်းပွဲကို တကယ့်ကို စိတ်ဝင်စားနေတဲ့ လူတွေ အများကြီး ရှိတာကို စုယန်ယန် မြင်သွားသည်။
စုယန်ယန်ရဲ့ မျက်လုံးထဲကို ထင်းခနဲ ဝင်လာတဲ့ ကွန်းမန့် တစ်ခုကတော့ …
[ ဒါက တကယ်ပဲ ယွီရှန်း ဝက်သား တောက်တောက်ကြော်လား တင်ဆက်သူ။ ဟေးရီ စားသောက်ဆိုင်ကနေ ယွီရှန်း ဝက်သား တောက်တောက်ကြော်ကို ငါ တစ်ခါ မှာစားဖူးတယ်။ အဲ့ဒါက ငါးနဲ့ လုပ်တာလို့တော့ ငါ ထင်တာပဲ။ ]
စုယန်ယန် ခဏတာ ဆွံ့အသွား၏။ အကြောင်းပြချက်က ယွီရှန်း ဝက်သား တောက်တောက်ကြော်ကြောင့် မဟုတ်ဘဲ စားသောက်ဆိုင်ကို သူ ထည့်ပြောနေတာကြောင့် ဖြစ်သည်။
အဲ့ဒါက ချန်ဟွမ်း သူမကို အရင်တုန်းက ပြောပြဖူးတဲ့ ၊ ဧည့်ခံပွဲတွေမှာ အကျွေးအမွေး တာဝန်ယူတယ် ဆိုတဲ့ သို့ထျန်းယီရဲ့ စားသောက်ဆိုင်နာမည် မဟုတ်လား။
“ အဲ့ဒီ စားသောက်ဆိုင်မှာ ရှင် စားခဲ့တဲ့ ငါးအရသာ ဝက်သား တောက်တောက်ကြော်က ဘယ်လို ပုံစံမျိုးလဲ ဆိုတာ ကျွန်မ မသိဘူး။ ဒါပေမဲ့ ရှေးခေတ်တုန်းက ငါးအရသာ ဝက်သား တောက်တောက်ကြော်ထဲမှာတော့ ငါးကို ထည့်မသုံးဘူး။ ” စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ ရှေးခေတ် စကားပုံ တစ်ခု ရှိတယ်။ ‘ ငါးအရသာ ဝက်သား တောက်တောက်ကြော်ထဲမှာ ငါး မပါသလို ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) ထဲမှာလည်း ဇနီး မပါ,ပါဘူး ’ တဲ့။ အဓိပ္ပာယ်ကတော့ ဒီစားကောင်းသောက်ဖွယ်တွေက ပြင်ပက လက်တွေ့ ပုံစံနဲ့ မတူဘူးလို့ အဓိပ္ပာယ်ရတယ်။ ”
မေးခွန်းမေးသူ ပြဿနာရှာတာ မဟုတ်ဘဲ ဒီတိုင်း မေးလိုက်ခြင်းသာ ဖြစ်သည်။ စုယန်ယန်ရဲ့ စကားတွေကို ကြားပြီးနောက် သူ ဘာမှ ဆက်မပြောတော့ပေ။
စုယန်ယန်ရဲ့ စကားက ကျန်တဲ့ ကြည့်ရှုသူတွေကိုလည်း ဆွဲဆောင်လိုက်ကာ သူတို့က စုယန်ယန် စားနေတဲ့ ‘ ပဲလမုန့် ’ ကို စိတ်ဝင်စားသွားကြသည်။
[ အဲ့ဒါက ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) လား တင်ဆက်သူ။ ဘာလို့ အဲ့ဒါကို ဇနီးမယားကိတ်မုန့်လို့ ခေါ်တာလဲ။ အဲ့ဒါကို စားပြီးရင် မိန်းမ တစ်ယောက် ရမှာလား။ အဲ့ဒါဆို ငါလည်း တစ်ခုလောက် စားဖို့ ကြိုတင် စာရင်းပေးချင်တယ်။ ]
[ ကြိုတင် စာရင်းပေးမယ် .. ဟုတ်လား။ မင်းကို ရိုက်နှက်မယ့် လူကို မင်း အရမ်း လိုချင်နေတာလား။ ]
[ မင်းက ဒီမှာ လာပြီး ကြိုတင် စာရင်းပေးရဲတယ်ပေါ့လေ။ မင်း အလုပ်သွားရင် အမှာစကားတွေကို နားထဲက အငွေ့ထွက်လောက်အောင် နားထောင်ပြီးမှ အလုပ်သွားချင်လား ဆိုတာကို ငါ သိချင်တယ်။ ]
“ ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) ကို ကိတ်မုန့်ပွတွေ လုပ်တဲ့ စားဖိုမှူး တစ်ယောက်ရဲ့ မိန်းမက ဖန်တီးခဲ့တာလို့ ပြောလို့ ရတယ်။ ဒီကိတ်မုန့်ရဲ့ အဓိက ပါဝင်ပစ္စည်းက ကျောက်ဖရုံသီး ဆိုတော့ ကိတ်မုန့်ဖုတ်ပြီးသွားရင် အပေါ်ယံ အသားလေးက ကြွပ်ရွပြီး စာရွက်လေး တစ်ရွက်လို ပါးလှပ်နေတာ။ အဲ့ဒါကြောင့် သူ့မှာ ‘ ဆောင်းတွင်းမှို ဖန်တီးခြင်း ’ ဆိုတဲ့ နာမည် လှလှလေးလည်း ရှိတယ်။ ပြီးတော့ ဒီကိတ်မုန့်က ချိုပြီး အရသာရှိလို့ လူကြီး လူငယ်မရွေး စားဖို့ သင့်တော်တယ်။ နောက်ပိုင်းကျ မင်္ဂလာဆောင် တော်တော်များများမှာ သူ့ကို မင်္ဂလာကိတ်အဖြစ် သုံးလာကြလို့ ‘ စုလျားရစ်ပတ် ကိတ်မုန့် ’ လို့လည်း ခေါ်သေးတယ်။ ”
ကြည့်ရှုသူ ပရိသတ်တွေက စုယန်ယန်ရဲ့ အကျဉ်းချုံ့ ရှင်းပြချက်ကြောင့် သွားရည်ယိုသွားခဲ့ကြသည်။ ကံမကောင်းစွာဖြင့် စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ထိုကိတ်မုန့် မပါဝင်ပေ။
စုယန်ယန်ရဲ့ စကားကို သူတို့ ကြားရသော်လည်း ထိုကိတ်မုန့်ကိုတော့ မြင်လည်း မမြင်ရ ၊ စားလည်း မစားရ။ တကယ့်ကို ဒုက္ခဆင်းရဲ တစ်မျိုးပါပဲ။
[ အဟင့် အဟင့် အဟင့် ၊ လူ တစ်ယောက်က သူ့နှလုံးသွေးနဲ့ စာရေးပြီး တင်ဆက်သူကို ပဲလမုန့်တွေ လုပ်ပေးဖို့ တောင်းပန်နေပါတယ်။ တစ်ကိုယ်တည်းသမား ကောင်မလေးတွေကလည်း နှစ်သိမ့်ပေးခံရဖို့ လိုတယ်။ ]
[ လူ နှစ်ယောက်က နှလုံးသွေးနဲ့ စာရေးပြီး တင်ဆင်မှုကို ပဲလမုန့် လုပ်ပေးဖို့ တောင်းပန်နေတာပါ။ ငါ့ရဲ့ နတ်သမီးလေးကို ချစ်ခွင့်ပန်ဖို့ အဲ့ဒါကို ငါ သုံးချင်တယ်။ ]
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲရှိ အမျိုးသားတွေက စုယန်ယန် ပြောပြတဲ့ ကိတ်မုန့်ရဲ့ မူလဇစ်မြစ်ကို ကြားတုန်းကတော့ အဲ့ဒီ ကိတ်မုန့်က သူတို့နဲ့ ဘာမှ မဆိုင်ပါဘူးဟု တွေးနေခဲ့သော်လည်း ထိုမက်ဆေ့ခ်ျတွေကို မြင်ချိန်မှာ ချက်ချင်းပဲ ဉာဏ်အလင်းပွင့်သွားကြလေသည်။ ဟုတ်သားပဲ ၊ ဒီကိတ်မုန့်ရဲ့ နာမည်က ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) ဆိုတော့ သူတို့ရဲ့ မိန်းမတွေ ၊ ကောင်မလေးတွေ ၊ နတ်သမီးလေးတွေကို ပေးဖို့ ဝယ်သွားလို့ ရပါသည်။
ပွေ့ဖက်မှုတွေ ၊ အနမ်းတွေကို လိုချင်ပြီး ပူညံပူညံ လုပ်တတ်တဲ့ မိန်းမ ( ကောင်မလေး ) မရှိတဲ့ လူရယ်လို့ ရှိလို့လား။ တစ်ဖက်သတ် သဘောကျနေတဲ့ မိန်းကလေးကို ဘယ်လိုမှ လိုက်လို့ မရတဲ့ လူတွေလည်း ဒုနဲ့ ဒေး။ ချစ်ခွင့်ပန်ခြင်းဟာ သူတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက ကောင်မလေးအပေါ် ရိုင်းပျရာကျသွားမည်ကို သူတို့ အားလုံး စိုးရိမ်ကြသည်။
******