အခန်း ၆၁၅
Vol. 41 Ch. 615
အခန်း ( ၆၁၅ ) သူမက အသားဖြူလိုက်တာမှ နှင်းစက်လေးကျနေတာပဲ။
သူတို့မှာ ထိုကိတ်မုန့် ရှိနေလျှင် သူတို့ရဲ့ ကောင်မလေး ( ဇနီး ) နှင့် စကားများပြီးချိန်မှာ သူမကို ချော့ဖို့ ဘာပစ္စည်း ဝယ်သွားရမှန်း မသိတဲ့ အဖြစ်အပျက်မျိုးတွေ ရှိလာတော့မှာ မဟုတ်ပေ။
သူတို့မှာ ဒီကိတ်မုန့် ရှိနေသရွေ့ သူတို့ရဲ့ နတ်သမီးလေးကို ချစ်ခွင့်ပန်ဖို့လည်း စိုးရိမ်စရာ မလိုတော့။ တစ်ဖက်လူက သူတို့ကို စိတ်မဝင်စားတဲ့ အကြောင်းကို အရိပ်အမြွက် ပြောပြလိုက်လျှင်တော့ ကိုးရိုးကားရားနိုင်ပြီး အနေရခက်စရာကောင်းပါလိမ့်မည်။ အနည်းအကျဉ်းလောက်ပဲ မသိမသာ အရိပ်အမြွက်ပြလျှင်လည်း တစ်ဖက်လူက ထိုအချက်ကို တော်တော်နှင့် သတိမထားမိမှာကို စိုးရိမ်ရသည်။
ချက်ချင်း ဆိုသလိုပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက အမျိုးသားတွေ အကုန်လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ကြ၏။ ဖန်သားပြင်ပေါ်မှာ ကွန်းမန့်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် တက်လာကာ သူတို့က တင်ဆက်သူအား ‘ ဒီကိတ်မုန့် လုပ်ဖို့ အခန်းထဲကနေ မကြာခဏ ကန်ထုတ်ခံရတဲ့ အိမ်ထောင်သည် အမျိုးသားတွေ ’ ၊ ‘ သနားစရာ တစ်ကိုယ်တည်းသမား အမျိုးသားတွေ ’ အပေါ် သနားစိတ် ယိုဖိတ်လာရန် မျှော်လင့်နေကြသည်။
စုယန်ယန်သည် ဒီကိတ်မုန့်က ကြည့်ရှုသူ များစွာကို အုတ်အော်သောင်းတင်း ဖြစ်သွားစေလိမ့်မည်ဟု ထင်မထားခဲ့။ ခဏအကြာတွင် သူမ ရယ်ရမလား ၊ ငိုရမလား မသိတော့ပါ။ “ ဒီတစ်ခေါက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက ကတိုက်ကရိုက် ဖြစ်သွားတာ ဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေလည်း ကြိုပြီး ပြင်မထားလိုက်ရဘူး။ နောက်တစ်ခေါက်မှ ကျွန်မ ရှင်တို့ကို ပဲလမုန့် လုပ်ပြပါ့မယ်။ ”
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ကြည့်ရှုသူတွေဟာ ဝမ်းနည်းသွားကြသော်လည်း အများစုကတော့ စုယန်ယန်က နောက်တစ်ခေါက်ကျ လုပ်ပြပါမည်ဟု ကတိပေးလိုက်သောကြောင့် ပျော်သွားကြသည်။ သူတို့က ထိုကတိကို သူတို့ မှတ်ထားမည် ဖြစ်ကြောင်းနှင့် တင်ဆက်သူကိုလည်း ကတိတည်ရန် ပြောခဲ့ကြသည်။
စုယန်ယန်က အပြုံး ယဲ့ယဲ့ဖြင့် တုံ့ပြန်လိုက်၏။ သူမ အိုးအဖုံး ဖွင့်ပြီး ကြက်သားစွပ်ပြုတ်ကို တစ်ချက် ကြည့်လိုက်သည်။ တစ်လက်စတည်း အိုးကို အပူပေးကာ ငရုတ်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးခြောက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို အိုးထဲ ထည့်ပြီး ဆီပူနှင့် ကြော်လိုက်သည်။ ထို့နောက် တောက်တောက် စင်းထားသည့် ကျက်ပြီးသား အသားတွေကို အိုးထဲ ထည့်ကာ အရောင်ပြောင်းသွားတဲ့အထိ မွှေကြော်လိုက်သည်။
ဂျင်း ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့က အစကတည်းက အရသာပြင်းတဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်သည်။ အိုးထဲမှာ အမယ်တွေ စုံသွားတော့ မွှေးရနံ့က လေထဲကို လှိုက်တက်လာသည်။ အဓိက ပါဝင်ပစ္စည်းကို ထည့်လိုက်လျှင် အနံ့က ပိုလို့တောင် မွှေးကြိုင်ပျံ့လွင့်လာလျက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ပရိသတ်တွေကို သူတို့ မျှော်လင့်နေကြသော ပဲလမုန့်အား ယာယီ မေ့လျော့သွားစေခဲ့သည်။
အိုးထဲက အသားက အရောင်ပြောင်းသွားသောအခါ သူမက အစိမ်းရောင် အသီးအရွက်နှင့် ကြွက်နားရွက်မှို တချို့ကို ရောထည့် ၊ မွှေကြော်ပြီးနောက် ပန်းကန်ပြားထဲ ထည့်လိုက်၏။
ဟင်းပွဲတွေ အကုန်လုံးကို တည်ခင်းပြီးချိန်မှာတော့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ရှိနေတဲ့ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။
စုယန်ယန်က ဟင်းပွဲတွေကို ဘေးမှာ ချကာ အိုးထဲမှာ အချိန် အတော်ကြာ နှပ်ထားသော အသားကို အိုးထဲကနေ ထုတ်ယူလိုက်သည်။ ထိုအသားကို အတုံးလေးတွေ ဖြစ်အောင် လှီးပြီးနောက်တွင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုလည်း ပြီးပြတ်လုနီးပါး ဖြစ်သွားသည်။
စုယန်ယန်က သူမအား ဟင်းပန်းကန်တွေ ကူသယ်ပေးဖို့ အန်တီဖန့်ကို ခေါ်လိုက်၏။ အဲ့ဒီနောက်လမီးဖိုချောင်ထဲမှ ထွက်လာလျှင် ရင်းနှီးနေတဲ့ မျက်နှာ သုံးခုကို မျှော်လင့်မထားဘဲ မြင်လိုက်ရသည်။
“ အဘိုးလီ ၊ အဘိုးဖန် ၊ အဘိုးသမ့်။ အဘိုးတို့တွေ ဒီကို ဘယ်လိုလုပ် အကုန်လုံး ရောက်နေတာလဲ။ ”
ထိုအဘိုးကြီးတွေက စုယန်ယန်ကို မြင်တော့ မျက်လုံးတွေ တောက်ပသွားကာ မျက်နှာ အမူအရာလည်း ပြောင်းလဲသွားသည်။ “ ယန်ယန်လေး ပြန်လာပြီပဲ။ နင် အခု ပိုတောင် လှလာသေးတယ်။ ”
“ ဟုတ်တယ်နော်။ နင် ငယ်ငယ်လေးတုန်းက ကျပ်ခိုးလေးလို မည်းသည်းနေတာပဲ။ အခုကျ အသားလည်း ဖြူလာတယ် ၊ အရပ်လည်း ရှည်လာတယ် ၊ လှလည်း လှလာတယ်။ နင်က ဟို ရုပ်ရှင်သရုပ်ဆောင်တွေထက်တောင် ပိုလှနေပြီ။ ”
စုယန်ယန် ဘာပြောလို့ ပြန်ပြောရမှန်း မသိ ဖြစ်သွားရသည်။ သူမ ငယ်စဉ်တုန်းက နည်းနည်းလေး အသားညိုခဲ့တာ မှန်ခဲ့သော်လည်း သူမကို အဲ့လိုကြီးတော့ ပြောစရာ မလိုပါ။
သခင်ကြီးချိန်က ထိုစကားကို ကြားပြီး မကျေမနပ် ဖြစ်သွားသည်။ “ ရှုး ရှူး ၊ ငါတို့ယန်ယန်လေးက ဘယ်တုန်းက အသားမည်းဖူးလို့လဲ။ အဲ့ဒါကို ကျန်းမာတဲ့ အညိုရောင် အသားအရေလို့ ခေါ်တယ်။ ဘာမှ မသိဘဲနဲ့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်။ သူမက အသားဖြူလိုက်တာမှ နှင်းစက်လေးကျနေတာပဲ။ ”
“ ဟုတ်တယ် ဟုတ်တယ်။ ” သခင်ကြီးချိန်နှင့် ငြင်းခုံနေသော အဘိုးလီက သံယောင်လိုက် ပြောသည်။ “ ယန်ယန်က ဘယ်လောက်ပဲ အသားမည်းပါစေ .. မင်းတို့ရဲ့ ခုန်ဆွ ခုန်ဆွ လုပ်နေတဲ့ ၊ ရွံ့တွေနဲ့ ပေတူးနေတဲ့ မျောက်လောင်းတွေထက်တော့ အများကြီး ပိုဖြူသေးတယ်။ အဲ့ဒါတောင် မင်းက မျက်နှာပြောင်တိုက်ပြီး ယန်ယန်ကို အထင်သေးရဲတာလား။ ”
သူ့ကိုယ်ကျိုးအတွက် ပြောရမည် ဆိုလျှင် နှုတ်သွက်လွန်းသော အဘိုးဖန်သည် လူကြားထဲမှာ ဝေဖန်ခံစရာ ပစ်မှတ် တစ်ခု ဖြစ်သွားရလေသည်။ “ … ” ငါ ဘယ်တုန်းက ယန်ယန့်ကို အထင်သေးလို့လဲ။ ငါက ယန်ယန့်ကို အထင်သေးနေတယ်လို့ မင်းတို့ ဘယ်မျက်လုံးနဲ့ ကြည့်လိုက်တာလဲ။ ငါ .. ငါ .. ငါ မတရား ခံရတာ။
အဘိုးလီက စုယန်ယန်ကို အရှက်မရှိစွာ မျက်နှာချိုသွေးဖို့ ကြိုးစားလိုက်သည်။ သူ သူမကို လှည့်ကြည့်ပြီး ပြုံးပြလိုက်၏။ “ နင် ဟင်းချက်နေတာလား ယန်ယန်။ ”
စုယန်ယန် ဆွံ့အသွားရသည်။ ဒီလူတွေ ကုန်းဆင်းဖို့ ရောက်လာတယ် ဆိုတာ သူမ သိပါသည်။
******