အခန်း ၆၁၉
Vol. 42 Ch. 619
အခန်း ( ၆၁၉ ) သခင်ကြီးချိန်ရဲ့ တိုက်ကွက်။
ဟောက်ချန်ဟွမ်းက အနည်းငယ် မျက်ခုံးပင့်လိုက်ကာ သူမရဲ့ နားထဲ တီးတိုး ပြောလိုက်သည်။ “ ဇာတ်သိမ်းမှာ ဝတ်ရုံနီ မိန်းကလေးက ဝံပုလွေကြီး စားတာ ခံလိုက်ရတယ် ဆိုတာကိုရော ပြောပြလား။ ”
“ ဟမ်။ ” စုယန်ယန်က သူ ပြောတာကို သေချာ မကြားလိုက်၍ သူ့ကို အူကြောင်ကြောင်လေး လှည့်ကြည့်လိုက်သည်။
“ ဘာမှ မဟုတ်ဘူး။ ” သူမ ပင်ပန်းနေတယ် ဆိုတာ ဟောက်ချန်ဟွမ်း သိသည်။ သူ သူမရဲ့ ပခုံးတွေရဲ့ ဆုပ်ကိုင်ကာ သူ့ရင်ခွင်ထဲကို မှီခိုင်းလိုက်၏။ “ မင်း ပင်ပန်းနေတာလား။ ”
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ခါးကို ဖက်ကာ သူ့ရင်ခွင်ထဲမှာ နွေးထွေး၍ ဇိမ်ကျနေသည်။ “ နည်းနည်းပါပဲ။ ကျွန်မနဲ့ အိပ်မလားဟင်။ ”
မနက်တုန်းက အိပ်ရာ စောစော ထခဲ့ကြသော စုဲတွဲလေးသည် အတူတူ တစ်ရေး အိပ်လိုက်ကြသည်။
အခြား တစ်ဖက်မှာတော့ သခင်ကြီးချိန်က သူ့ချွေးမအား နေ့လယ်စာ စားတုန်းက ရိုက်ထားသည့် ဓာတ်ပုံကို တောင်းနေသည်။ ထို့နောက် “ စီနီယာ ငါးဖမ်းအဖွဲ့ ” ဟူသော Group လေးကို ထောင်ကာ ထိုဓာတ်ပုံကို ပို့ပေးလိုက်၏။
ဟယ်ချန်ချန် : [ ဓာတ်ပုံ ] [ ဓာတ်ပုံ ] [ ဓာတ်ပုံ ] [ ဓာတ်ပုံ ] [ ဓာတ်ပုံ ] [ ဓာတ်ပုံ ] [ ဓာတ်ပုံ ]
ထို့နောက် အဘိုးလီရဲ့ အကောင့်ကို နှိပ်ကာ ကော်ပီ တစ်ခု ပို့ပေးလိုက်သည်။
အဘိုးလီက သူ့သားနှင့် မြေးကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူတို့ကို အလကားသက်သက် ပျိုးထောင်မိခဲ့တာ ဖြစ်သည်။ သူတို့က ထမင်းစားနေချိန်မှာတောင် သားသမီးဝတ္တရား ၊ မြေးဝတ္တရား မကျေပွန်ကြ။ အိမ်ကို ယူလာဖို့ သူ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အသားနှပ်ဟင်းကိုတောင် သူတို့က စားချင်နေကြသည်။ တကယ့်ကို မွေးရကျိုးမနပ်တာပဲ။
လီမိသားစုရဲ့ သားအဖ နှစ်ယောက်သည် သူတို့အဖေရဲ့ အထင်သေးသလို အကြည့်ကို ကြည့်ကာ ရှက်သွားကြသည်။ သူတို့အဖေက သူတို့အပေါ် အမြဲတမ်း စည်းကမ်းတင်းကျပ်သော်လည်း ဒီနေ့လိုတော့ မျက်နှာကြီး မှုန်ကုပ်မည်းမှောင်မနေခဲ့ပေ။
သူတို့ နှစ်ယောက်သည် သူတို့ရဲ့ မိန်းမတွေကို အကူအညီတောင်းဖို့ လှမ်းကြည့်လိုက်သော်လည်း တုံဏှိဘာဝေ အကြည့် နှစ်ခုကိုသာ ပြန်ရလိုက်သည်။
ဒါဆို ဘာဖြစ်သွားတာလဲ … ။
ခဏလောက် စဉ်းစားကြည့်ပြီးနောက် မိသားစု တစ်စုလုံးဟာ အဘိုးလီရှေ့က အသားနှပ်ဟင်း ထည့်ထားတဲ့ ဘူးလေးကို ပြိုင်တူ ကြည့်လိုက်မိကြသည်။
သခင်ကြီးချိန်ရဲ့ အိမ်ကို သခင်ကြီးလီ သွားပြီး စားစရာ တချို့ကို လုယူခဲ့တဲ့ အရင်တစ်ခေါက်တုန်းက အိမ်မှာ ကလေးတွေ တစ်ယောက်မှ မရှိသောကြောင့် အကုန်လုံးကို သူ တစ်ယောက်တည်း ကံကောင်းစွာ စားခဲ့ရသည်။။
ကလေးတွေက ထိုဟင်းလျာကို ပထမဆုံး မြင်ဖူးတာပင်။ သူတို့ရဲ့ မျက်နှာပေါ်မှာ မေးခွန်း သင်္ကေတတွေ ပြည့်နှက်သွားကာ သွားရည်မယိုမိဘဲ မနေနိုင်ပေ။ အသားက အမည်းရောင်ဖြစ်နေပေမဲ့ အလွန် အနံ့မွှေးသည်။
သို့သော်လည်း သူတို့ ရှေ့မတိုးရဲကြပါ။ ထိုအချိန်မှာပဲ အဘိုးလီရဲ့ ဖုန်းက တုန်ခါသွားကာ မက်ဆေ့ခ်ျ အနည်းငယ် ဝင်လာသည်။
အဘိုးလီက အစတုန်းကတော့ ထိုမက်ဆေ့ခ်ျကို ဂရုမစိုက်သော်လည်း ပို့လိုက်တဲ့ လူက သူ့သူငယ်ချင်း အဘိုးကြီး ဖြစ်နေတာကို မြင်တော့ ခဏ စဉ်းစားကာ နှိပ်လိုက်သည်။
အဆုံးသတ်မှာတော့ အမည်မသိသော စားကောင်းသောက်ဖွယ်တွေ အများကြီးရဲ့ ဓာတ်ပုံတွေက ဖုန်းမျက်နှာပြင်ပေါ်မှာ လျှံတက်လာသည်။
အဘိုးလီက မျက်မှောင်ကြုတ်လိုက်ပြီး ကိစ္စတွေက သူ ထင်သလောက် မရိုးရှင်းမှန်း နားလည်သွား၏။
သူ ထင်တာ အသေအချာပါပဲ။ နောက် ၁ စက္ကန့်အကြာတွင် သခင်ကြီးချိန် လှမ်းပို့တဲ့ ဓာတ်ပုံ တစ်ပုံကို သူ မြင်လိုက်ရသည်။ စားချင်စရာကောင်းသော အသား တောက်တောက်ကြော် ပန်းကန်ကို ရိုက်ထားသော ဓာတ်ပုံ ဖြစ်သည်။ အပေါ်ကနေ အုပ်ထားတဲ့ အသီးအရွက်တွေကလည်း အရောင်အသွေး စုံလင်လှပသည်။
ဟယ်ချန်ချန် : မင်း မြင်လား။ ယန်ယန်က ငါတစ်ယောက်တည်းအတွက် ယွီရှန်း ဝက်သား တောက်တောက်ကြော်လို့ ခေါ်တဲ့ ဟင်းကို သေချာလေး ချက်ပေးထားတာ။
မုကျစ်လီ : ယွီရှန်း ဝက်သား တောက်တောက်ကြော် ( ငါးအနံ့အရသာရှိတဲ့ ဝက်သား တောက်တောက်ကြော် ) .. ဟုတ်လား။ ငါးလား … ။ မင်း ငါး တစ်ကောင်မှ မပါဘူးလို့ ငါ ထင်နေတာ။
သခင်ကြီးချိန်က ထိုတုံ့ပြန်စကားကို မြင်ချိန်မှာ မျက်နှာအိုကျသွားပြီး ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်သည်။
ဟယ်ချန်ချန် : ဒီဟင်းကို ဝက်သားနဲ့ ချက်ထားတာလေ။ ငါးကို စားရသလို အရသာ ရပေမဲ့ တကယ်တမ်းကျ ဝက်သားနဲ့ လုပ်ထားတာ။ မင်း ဒါမျိုး အရင်က မမြင်ဖူးဘူးမို့လား။
မုကျစ်လီ : မဖြစ်နိုင်တာပဲ။ ဝက်သားက ဘယ်လိုလုပ် ငါးအရသာထွက်မှာလဲ။
သခင်ကြီးချိန်သည် တစ်စုံတစ်ယောက်ရဲ့ မျက်လုံး အပြူးသား ၊ ပါးစပ် အဟောင်းသား ဖြစ်နေသော မျက်နှာကြီးကို ဖန်သားပြင်ပေါ်ကနေတောင် စိတ်ကူးကြည့်လို့ ရနေကာ ကျေနပ်သွားသည်။
ဟယ်ချန်ချန် : မင်းမှာ ဗဟုသုတနည်းတယ် ဆိုတာကို ဒါက သက်သေပြနေတာ။ မင်း မမြင်ဖူးတာနဲ့ပဲ ဝက်သားက ငါးအရသာ မထွက်နိုင်ဘူးလို့ ပြောလို့ မရဘူးလေ။ ငါ မင်းကို ပြောပြမယ် ၊ ဒီအသားက တကယ့်ကို နူးညံ့ပြီး အရသာရှိတယ်။ ချိုချဉ်ငံစပ် အရသာတွေကို စုံနေတာပဲ။ စားကောင်းချက်ကတော့ …
သခင်ကြီးချိန်ရဲ့ စကားကြောင့် အဘိုးလီက တံထွေးမျိုချလိုက်သော်လည်း မယုံကြည်နိုင် ဖြစ်နေဆဲ။ သူ့မျက်လုံးထဲမှာတော့ ဒါက သာမန် အသားဟင်း တစ်ခွက်ပါပဲ။
မုကျစ်လီ : အဓိပ္ပာယ်မရှိလိုက်တာ။ ဟင်း တစ်ခွက်ထဲမှာ ဘယ်လိုလုပ် အရသာတွေ အဲ့လောက် စုံနိုင်မှာလဲ။ ကြည့်ရုံနဲ့ လုံးဝ စားမကောင်းမှာ သေချာတယ်။
******