← Chapters

အခန်း ၆၂၅

Vol. 42 Ch. 625

အခန်း ၆၂၅

Vol. 42 Ch. 625

အခန်း (၆၂၅) ကိုယ့်သေတွင်းကိုယ်တူးသူ။

ထိုစကားကို ကြားချိန်မှာ လျို့စွင်းနန် တုန်လှုပ်သွားသည်။ သူ့အနားသို့ တိုးကပ်လာသူကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

သူ စိတ်နှင့်ကိုယ် ပြန်ကပ်ပြီးနောက် စက္ကန့် အနည်းငယ်အကြာတွင်တော့ ရုန်းကန်ရင်း တောင်းပန်နေခဲ့ရပြီ ဖြစ်သည်။ “ ကျွန်တော် မှားသွားပါတယ် ၊ ကျွန်တောခ မှားသွားပါတယ်။ ကျွန်တော် အဲ့လို ထပ်မလုပ်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီတစ်ခေါက် ခွင့်လွှတ်ပေးပါ။ ကျွန်တော် မှားမှန်း သိပါပြီ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ထိုလူက သူ့ကို အထင်သေးစွာ ကြည့်ကာ အနက်ရောင်ဝတ်စုံ ဝတ်ထားသော သက်တော်စောင့်များကို ပြောလိုက်သည်။ “ သူ့လက်ကို ချိုးပစ်လိုက်”

ရိုးရှင်းသော စကား တစ်ခွန်းက လျို့စွင်းနန်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်သွားသည်။

လျို့စွင်းနန်ရဲ့ မျက်လုံးတွေဟာ အဆမတန် ပြူးထွက်လာကာ ပိုလို့တောင် မရမက ရုန်းကန်လေတော့သည်။

အလုပ်ထုတ်ခံရရုံပဲ အပြစ်ပေးခံရလျှင်တောင် အနာဂတ်မှာ သူ့လက်တွေ ၊ အချက်အပြုတ်စွမ်းရည်ကို သုံးပြီး မိသားစုကို ထောက်ပံ့လို့ ရသေးသည်။

သူ A မြို့တော်မှာ မနေရတော့ဘူး ဆိုလျှင်တောင် ဇာတိမြို့မှာ စားသောက်ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်ပါသေးသည်။

ဒါပေမဲ့ အခုတော့ သူ့ဘော့စ်က လူ တစ်ယောက်ကို သူ့လက်ကို ချိုးဖို့ အမိန့်ပေးလိုက်ပါပြီ။ သူ့ရဲ့ နောက်ကြောင်းပြန်လှည့်မယ့် အစီအစဉ်ကို ဘော့စ်က ဖျက်ဆီးပစ်ဖို့ ပြင်ဆင်ထားတာ သိသာ၏။ ဒီနေ့က စလို့ အချက်အပြုတ်နှင့် ပတ်သက်သော ပစ္စည်းတွေနားကို သူ ယောင်လို့တောင် ကပ်ခွင့် မရလောက်တော့။

လျို့စွင်းနန်သည် သူ့ကို သက်ညှာပေးရန် ဆက်တိုက် ရုန်းကန်တောင်းပန်နေခဲ့သော်လည်း အဆုံးသတ်တွင်တော့ ဘယ်သူမှ သူကို မသနားခဲ့။ ခဏအကြာမှာ စားသောက်ဆိုင်ထဲမှ ထွက်လာသည့် ငယ်သံပါအောင် အော်လိုက်သော အသံနက်ကြီးသည် ဖြတ်သွားဖြတ်လာများအား ထိတ်လန့်သွားစေ၏။ သူတို့အားလုံး ခြေလှမ်းတွေကို လှည့်ကာ ထိုကြောက်စရာ နေရာနှင့် ဝေးဝေးကို ရှောင်ထွက်လာခဲ့ကြသည်။

“ ပြီးသွားပြီလား”

“ သူ့လက်ကို ချိုးပြီး မောင်းထုတ်လိုက်” သို့ထျန်းယီဘေးမှာ တရိုတသေ ရပ်နေသည့် လီယွဲ့ က ခပ်တိုးတိုး ပြောလိုက်သည်။

သို့ထျန်းယီရဲ့ အမူအရာက မတင်မကျ ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ အချိန် အတော် ကြာပြီးနောက် သူ့ထံမှ စကားသံ ထွက်လာသည်။ “ ငတုံးကောင်”

လီယွဲ့ တုန်လှုပ်သွားသည်။ သူ ဘယ်မှာ တုံးအမိလို့လဲ … ။ လျို့စွင်းနန် ဆိုတဲ့ ကောင်က မန်နေဂျာ ဆိုတဲ့ ရာထူးကို အလွဲသုံးစား လုပ်ပြီး သူတို့သခင်လေးရဲ့ ဆိုင်ကို ရာရာစစ ဒုက္ခရောက်အောင် လုပ်နေတာလေ။ အဲ့ကောင်ကို သူ မကိုင်တွယ်ရင် ဘယ်သူ ကိုင်တွယ်မှာလဲ။

တကယ်တော့ ထိုကိစ္စကြောင့်ပဲ လျို့စွင်းနန်က ဒီလို တုန်လှုပ်စရာ အခြေအနေမျိုး မကြုံခဲ့ရတာပင်။ ကံမကောင်းစွာဖြင့် ထိုနာမည်ကြီး ဘလော့ဂါရဲ့ အင်အားကို လျှော့တွက်ပြီး ရန်မစသင့်သူကို သွားရန်စမိခဲ့သည်။

သူ ကျရှုံးသွားရုံသာမက သူ့ရဲ့ လက်အောက် ဝန်ထမ်းတွေကလည်း သူဟာ စားသောက်ဆိုင်အကြောင်းကို မကောင်းသော ရည်ရွယ်ချက်ဖြင့် အစီရင်ခံရန် မသမာတဲ့ နည်းလမ်းတွေကို သုံးခဲ့တဲ့ မန်လုရှန်း စားသောက်ဆိုင်ရဲ့ မန်နေဂျာ လုတားချွေ့နှင့် သွေးသားတော်စပ်နေမှန်း သိသွားခဲ့ကြသည်။

အတိအကျ ပြောရလျှင် ထိုပတ်သက်မှုကြောင့်ပဲ လျို့စွင်းနန်နှင့် သခင်လေး အခုလို ဆိုးဝါးသော အခြေအနေထိ ရောက်သွားတာ ဖြစ်သည်။ သို့ထျန်းယီက အွန်လိုင်းပေါ်မှာ လူပြောများနေသော စကားဝိုင်းတွေကို မြင်ချိန်မှာ စားသောက်ဆိုင်ရဲ့ အရှိန်အဝါကို အသုံးပြုကာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်ခံရမှုတွေနှင့် ဟေးရီ စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်း ထိခိုက်မှုတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့သည်။

ဒါပေမဲ့ အဲ့ဒါက အဆိုးဝါးဆုံး ကိစ္စ မဟုတ်သေးပါ။ လျို့စွင်းနန် အခုလို တုန်လှုပ်စရာ ဇာတ်သိမ်းနှင်ပ အဆုံးသတ်သွားတာရတဲ့ အကြောင်းပြချက်က သူ့ရဲ့ အကောင်းဆုံး ဟင်းလျာများထဲမှ ဟင်းချက်နည်း တချို့ကို သူ့တူ လုတားချွေ့အား လွှဲပြောင်းပေးကာ မန်လုရှန်း ဆိုတဲ့ စားသောက်ဆိုင်ကို ဖွင့်ခိုင်းခဲ့သောကြောင့် ဖြစ်၏။

ထိုစားသောက်ဆိုင်က ဟေးရီ စားသောက်ဆိုင်နှင့် ဘာမှ ယှဉ်လို့ မရပေမဲ့ သူ့မှာလည်း သူ့ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိပါသည်။

သင့်တော်ရာရာ စားသောက်ဆိုင်များမှ စားဖိုမှူးတွေကို ငှားရမ်းပြီးသည်နှင့် သူတို့ အလုပ်မထွက်မချင်း သူတို့ရဲ့ အရည်အချင်းတွေဟာ ပြင်ပကို ပေါက်ကြားလို့ မရပေ။

သူတို့ အလုပ်ထွက်ပြီးတဲ့နောက်ပိုင်း ဘာတွေပဲ ဖြစ်လာပါစေ ၊ သူတို့ရဲ့ အချက်အပြုတ်ပညာကို တခြား သူတွေကို သင်ပေးဖို့လည်း ခွင့်ပြုမထား။ အဲ့ဒီလို ပြစ်မှုကြီး တစ်ခုကို လျို့စွင်းနန် တမင် ကျူးလွန်တယ် ဆိုတာက တကယ့်ကို စည်းမျဉ်း တစ်ခုကို ချိုးဖောက်လိုက်တာနှင့် အတူတူပါပဲ။ စားသောက်ဆိုင်ရဲ့ ပိုင်ဆိုင်မှုကို သူ့ကိုယ်ပိုင် အကျိုးစီးပွားအတွက် အသုံးပြုလျှင် သူ့အလောင်း မြုပ်ရမည့် တွင်းကို ကြိုတူးထားရပါလိမ့်မည်။ သို့ထျန်းယီက သုံးစားမရတဲပ လူတွေကို မုန်းသလို သူ့ကို ပြဿနာရှာတဲ့ လူတွေကိုလည်း မုန်းသည်။ လျို့စွင်းနန်သည် သူတို့ နှစ်ယောက်ရဲ့ အမှားမခံသော အချက်တွေကို ထိသွားပြီမို့ အကျိုးဆက်တွေကို စိတ်ကူးကြည့်လို့ ရပါသည်။

သို့ထျန်းယီက သူ စွန့်ပစ်လိုက်ပြီ ဖြစ်တဲ့ ၊ သုံးစားမရတဲ့ လူအပေါ် အများကြီး အားစိုက်ထုတ်မှာ မဟုတ်ပေ။ သူ့လက်အောက်ဝန်ထမ်းတွေက ဒီကပ်ပါးကောင်ကို ကိုင်တွင်ဖြေရှင်းပြီးပြီ ဆိုတာကို အတည်ပြုပြီးနောက် သူ့စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းကို ထိခိုက်အောင် လုပ်ခဲ့သော ဘလော့ဂါဆီ အာရုံပြောင်းလိုက်သည်။

ရှေးခေတ်ယဉ်ကျေးမှု သုတေသနအဖွဲ့အစည်း ပါဝင်လာခြင်းက လူများစွာအား စုယန်ယန်ရဲ့ နောက်ခံအကြောင်း စတင် ဆွေးနွေးစေခဲ့သည်။ အရင်တုန်းက ထိုသုတေသနအဖွဲ့အစည်းဟာ ရှေးခေတ် တရုတ်ရိုးရာ ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင် စစ်ဆေးခဲ့ပြီး အခုတော့ အစားအစာယဉ်ကျေးမှု အရင်းအမြစ်ကိုပါ စစ်ဆေးနေပါပြီ။ စုယန်ယန်က သူမဟာ သာမန်လူ တစ်ယောက်ပါလို့ ထပ်တလဲလဲ ပြောနေပေမဲ့ လူများစွာကတော့ သူမရဲ့ နောက်ခံအကြောင်း သိချင်နေကြဆဲ ဖြစ်သည်။

******

All Chapters