အခန်း ၆၂၆
Vol. 42 Ch. 626
အခန်း ( ၆၂၆ ) ဝမ်ကျင့်ဖျင်ရဲ့ ကြောက်စိတ်။
စုယန်ယန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ပညာတွေကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသော ပညာရှင်မိသားစုမှ ဆင်းသက်လာသည်ဟု ထင်တဲ့ လူတွေတောင် ရှိသည်။ မဟုတ်ရင် ဘယ်လိုလုပ် ရှေးခေတ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ၊ မှတ်တမ်းတွေ အများကြီး ရှိနေနိုင်မှာလဲ။
သူမရဲ့ သရုပ်မှန်ကို သူမ ချမပြရတဲ့ အကြောင်းပြချက်က သိုသိုသိပ်သိပ် နေထိုင်ချင်လို့ ဖြစ်ပြီး သူမ သဘောကျသော အရာကို လုပ်နေစဉ်မှာ သူမမိသားစုကိုလည်း အနှောင့်ယှက်မခံရစေချင်သောကြောင့် ဖြစ်သည်။
လူ အများစုက ထိုအကြောင်း သေချာ သိပြီးသား ဆိုပေမဲ့ စူးစမ်းချင်စိတ်ကြောင့် သူမရဲ့ သရုပ်မှန်ကို ပိုလို့တောင် ဖော်ထုတ်ချင်ခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့်ပဲ သူတို့ဟာ မရိုးသားသော နည်းလမ်း တချို့ကို တုံ့ဆိုင်းမှုမရှိ အသုံးပြုခဲ့ကြသည်။
ထိုနည်းလမ်းတွေက အကျိုးသက်ရောက်မှု များများစားစား မရှိသလို ကျိုးယန်ပိုင်နှင့် တခြား လူတွေက အကုန် ရှင်းလင်းပေးသွားသည်။
သို့ထျန်းယီက အင်တာနက်ပေါ်မှာ စုယန်ယန်အကြောင်း ဆွေးနွေးနေကြတဲ့ စကားဝိုင်းတွေကို ကြည့်နေရင်း ကံစမ်းမဲကို ထုတ်ယူရန် စားသောက်ဆိုင် ၊ ဒါမှမဟုတ် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို သွားကြတဲ့ ဖိုးကံကောင်း ကြည့်ရှုသူတွေကို သတိထားမိသွားသည်။ သူ့မျက်လုံးတွေ တောက်ပသွားကာ ပဟေဠိဆန်သော ထိုအမျိုးသမီးကို စိတ်ဝင်စားသွားမိသည်။
အထူးသဖြင့် ထိုအမျိုးသမီးဟာ အရင်တုန်းက ဝမ်ကျင့်ဖျင်နှင့် ပြဿနာတက်ဖူးပြီး အနိုင်ရခဲ့ဖူးသည်။
သေသေချာချာ သတိထား ကြည့်လျှင် ဝမ်ကျင့်ဖျင်ရဲ့ ကံဆိုးမှုတွေက ထိုအမျိုးသမီး ပေါ်ပေါက်လာပြီးနောက်မှ စတင်လာတာ ဖြစ်၏။
အဲ့အမျိုးသမီးက ဝမ်ကျင့်ဖျင်ထက် ပိုအရည်အချင်းရှိနေတာလား။ သူမရဲ့ ဆေးဖက်ဝင် ဟင်းလျာတွေက ဝမ်ကျင့်ဖျင်ရဲ့ အစားအသောက်တွေထက် ပိုထိရောက်မှုရှိနေတာလား။
သို့ထျန်းယီသည် စုယန်ယန်နှင့် ဝမ်ကျင့်ဖျင်တို့ နှစ်ယောက်ထဲမှ ဘယ်သူ့ကို အလေးထားရမလဲ ဆိုတာ တွက်ချက်နေစဉ်မှာပဲ ဝမ်ကျင့်ဖျင်က တံခါးဝမှာ ပေါ်လာခဲ့လေသည်။
ဝမ်ကျင့်ဖျင်က အပြင်ကနေ ပြန်ရောက်လာရုံရှိသေး ၊ ဟေးရီ စားသောက်ဆိုင်မှာ ဖြစ်သွားတဲ့ သတင်းကို ကြားလိုက်ရတာ ဖြစ်သည်။ ဇာတ်လမ်း အစအဆုံးကို နားလည်သွားပြီးနောက်တွင် ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာ ဖြူစုတ်သွားသည်။
မျက်နှာကို ထုတ်မပြဘဲ ရုတ်တရက်ကြီး ပေါ်ပေါက်လာပြီး စားကောင်းသောက်ဖွယ်တွေကို ရွေးချယ်ချက်ပြုတ်တတ်သော ထိုတင်ဆက်သူဟာ သူမလိုပင် အချိန်ကူးပြောင်းလာတာ ဖြစ်ရမည်ဟု အရင်တုန်းက သံသယဖြစ်ဖူးသည်။ ဝမ်ကျင့်ဖျင်သည် အခု ထိုတင်ဆက်သူက ယွီရှန်း ဝက်သား တောက်တောက်ကြော်အကြောင်း ပြောနေပြီး သုတေသနအဖွဲ့အစည်းကလည်း သူမဘက်မှ ရပ်တည်ပေးခဲ့ကြောင်း ကြားသွားသောအခါ ထိုအမျိုးသမီးက သူမလို အချိန်ကူးပြောင်းလာသူ တစ်ယောက် ဖြစ်ကြောင်း ပိုလို့တောင် သေချာသွားခဲ့သည်။
ထိုအသိက ဝမ်ကျင့်ဖျင်အား ကြောက်စိတ်မွှန်သွားစေသည်။ ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် အချိန်ကူးပြောင်းသူ နှစ်ယောက် ရှိနေရတာလဲ။ သူမပဲ စိတ်ထင်နေတာများလား။
သူမကို ကောင်းကင်ဘုံက ဒီနေရာဆီ အချိန်ကူးပြောင်းလာခိုင်းတာ သူမရဲ့ ကံတရားကို ပြောင်းလဲစေချင်လို့ မဟုတ်ဘူးလား။
ဟင့်အင်း ၊ အဲ့လို မဟုတ်ဘူး။ အဲ့လို မဟုတ်တာ သေချာတယ်။
အဲ့ဒီမိန်းမ အချိန်ကူးပြောင်းလာတာက သူမအတွက် ဘာမှ အကျိုးမရှိဘူး ဆိုရင် ကောင်းကင်ဘုံက သူမကို ပြန်အသက်သွင်းဖို့ ဘာလို့ အများကြီး အားစိုက်ခဲ့မှာလဲ။ သူတို့ ဘာလို့ …
ဘေးတစ်ဖက်တစ်ချက်ကို ချထားသော ဝမ်ကျင့်ဖျင်ရဲ့ လက်များသည် အလိုလို တင်းကျပ်သွားကာ ချွန်မြသော လက်သည်းများက သူမရဲ့ လက်ဖဝါးကို သွေးတွေ စီးကျလာတဲ့အထိ ထိုးစိုက်မိတော့မလို ဖြစ်သွားသည်။ အဲ့မိန်းမက အချိန်ကူးပြောင်းလာသူ တစ်ယောက် ဆိုရင်ရော ဘာဖြစ်သေးလဲ။ သူမသာ အဲ့မိန်းမကို သတ်နိုင်မယ် ဆိုရင် …
ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာက ရက်စက်သည့် အမူအရာသို့ ခဏတာ ပြောင်းလဲသွားကာ ဘာမှ တွေးမနေဘဲ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ တိုက်ဆိုင်စွာပဲ အင်တာနက်ပေါ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို လီယွဲ့အား သို့ထျန်းယီ ပြောပြနေတာကို သူမ အမှတ်မထင် ကြားခဲ့ရသည်။
စုယန်ယန်ရဲ့ ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ ကျယ်လောင်စွာ မြည်သွားကာ နှလုံးသားထဲမှ စိတ်မသက်မသာဖြစ်မှုကလည်း အမြင့်ဆုံး အခြေအနေကို ရောက်သွားသည်။
သူမကို သို့ထျန်းယီ ဘာ့ကြောင့် သူ့ဘေးမှာ ခေါ်ထားလဲ ဆိုတာကို ဝမ်ကျင့်ဖျင် ကောင်းကောင်း သိသည်။ တကယ်လို့ အဲ့မိန်းမကသာ …
သို့ထျန်းယီက ဝမ်ကျင့်ဖျင်ကို မြင်တော့ အံ့ဩသွားသော်လည်း ချက်ချင်းပဲ သူ့ရဲ့ တည်ငြိမ်တဲ့ ပုံစံကို ပြန်ထိန်းကာ သူမကို သူ့ဘေးကို လာခဲ့ဖို့ လက်ပြလိုက်သည်။
ဝမ်ကျင့်ဖျင်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်၍ သူ့ဆီကို လျှောက်သွားကာ သူ့လက်ကို အရင် ဆုပ်ကိုင်လိုက်ပါသည်။
“ မင်း ဘာလို့ ဒီနေ့ အစောကြီး ပြန်လာတာလဲ”
“ ဆရာမရှားမှာ ကိစ္စ တစ်ခု ရှိတာနဲ့ ဒီနေ့ ကျွန်မ စောစော ပြန်လာခဲ့တာပါ”
သို့ထျန်းယီက ဆရာမရှဲ့ ဘာဖြစ်နေလဲ ဆိုတာ ဂရုမစိုက်ဘဲ ဝမ်ကျင့်ဖျင်အား တိုးလျသော အသံဖြင့် သတိပေးလိုက်သည်။ “ ဆရာမရှားက ဟေးရီရဲ့ အတော်ဆုံး ဆရာမပဲ။ မင်း သူမဆီက ကောင်းကောင်း သင်ယူနိုင်ရင် ရိုက်ကူးရေးတွေ စတဲ့အခါ သိပ်ပင်ပန်းရမှာ မဟုတ်ဘူး”
ဝမ်ကျင့်ဖျင်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး နာခံစွာ ပြောလိုက်သည်။ “ ကျွန်မ သိပါတယ် ၊ ကျွန်မ ကြိုးစားပြီး သင်ယူပါ့မယ်”
ထို့နောက် သူမ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် သတိကြီးကြီးထားကာ ပြောလိုက်သည်။ “ ရှင် ဒီနေ့ သိပ်မပျော်ဘူးလို့ ဘဏ္ဍာစိုး ပြောတာ ကျွန်မ ကြားခဲ့တယ်”
+++++
******