အခန်း ၆၂၇
Vol. 42 Ch. 627
အခန်း ( ၆၂၇ ) ကိုယ်တိုင်ရိုက် ဒရာမာ။
သို့ထျန်းယီရဲ့ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားသော်လည်း ပါးစပ်ကတော့ “ အင်း ၊ ငါ့နာမည်အောက်မှာ ရှိတဲ့ စားသောက်ဆိုင်တွေထဲက တစ်ဆိုင်မှာ ကိစ္စလေး တစ်ခု ဖြစ်သွားတာ။ အခုတော့ ဖြေရှင်းပြီးပါပြီ” ဟု ပြောလိုက်သည်။
“ ကျွန်မ အခုလေးပဲ သွားကြည့်လာခဲ့တာ။ အဲ့ဒါက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပလက်ဖောင်းပေါ်က တင်ဆက်သူ တစ်ယောက်နဲ့ တစ်ခုခု ပတ်သက်နေမယ် ထင်တယ်”
သို့ထျန်းယီက သူမကို မျက်တောင် တစ်ချက် မခတ်ဘဲ စူးစိုက် ကြည့်နေသည်။ “ အဲ့ဆိုင်ခွဲက မန်နေဂျာကို ဖြစ်သွားတဲ့ ကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်လို့ ချက်ချင်း အလုပ်ထုတ်ပစ်ပြီးပြီ”
ဝမ်ကျင့်ဖျင်က ခေါင်းငုံ့ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ ကျွန်မကတော့ ဒီကိစ္စက … အဲ့လောက် မရိုးရှင်းဘူးလို့ ထင်တယ်”
“ အဲ့လောက် မရိုးရှင်းဘူး .. ဟုတ်လား” သို့ထျန်းယီက သူမကို စိတ်ဝင်တစား ကြည့်လိုက်သည်။ “ ဒီကိစ္စက ငါ့လက်အောက်က ဝန်ထမ်းတွေနဲ့ပဲ ပတ်သက်နေတာ မဟုတ်ဘူးလို့ မင်း ပြောချင်တာလား”
“ ဟုတ်တယ်” ဝမ်ကျင့်ဖျင်က ပြောရခက် အခက်တွေ့နေပုံဖြင့် ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “ တကယ်တော့ ကျူရှင်စရိတ်တွေ ၊ နေထိုင်မှုကုန်ကျစရိတ်တွေကို ကာမိဖို့အတွက် ကျွန်မလည်း အချိန် အတိုင်းအတာ တစ်ခုထိ တင်ဆက်သူ လုပ်ခဲ့ဖူးတယ်။ အဲ့ဒီ တင်ဆက်သူ ပေါ်မလာခင်အထိ ကျွန်မက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ စားကောင်းသောက်ဖွယ်ကဏ္ဍအတွက် ညွှန်းဆိုခံရတဲ့ တင်ဆက်သူ အသစ် တစ်ယောက် ဖြစ်ခဲ့တာ”
“ အိုး” သို့ထျန်းယီက မျက်ခုံးပင့်လိုက်သည်။ “ ဒါဆို မင်း ဘာလို့ အခုနောက်ပိုင်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဆက်မလုပ်ဘဲနဲ့ အနုပညာလောကထဲ ဝင်လာတာလဲ”
ဝမ်ကျင့်ဖျင်က နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။ “ ပလက်ဖောင်းပေါ်ကို သူမ ရောက်လာတဲ့ အချိန်တုန်းက ကျွန်မက ရသစုံ အစီအစဉ် တစ်ခုမှာ ပါဝင်နေလို့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်တာကို အချိန် တစ်ခုထိ နားထားခဲ့တာ။ ကျွန်မ အားတုန်း အွန်လိုင်းသုံးတော့ ကျွန်မရဲ့ ကြည့်ရှုသူတွေ ပို့ထားတဲ့ သတိပေးစာတွေကို မြင်လိုက်ရတယ်။ မိန်းကလေး တစ်ယောက်က ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုပုံစံကို ရည်ရွယ်ချက်ရှိရှိ အတုခိုးပြီး ကျွန်မ ချက်ပြဖူးတဲ့ ဟင်းလျာ တချို့ကို ကူးယူနေတယ်တဲ့။ အဲ့အချိန်တုန်းက ကျွန်မလည်း အရမ်း ဒေါသထွက်သွားတာနဲ့ သူမကို သွားသတိပေးခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ သိမှာလဲ … ”
“ ဘာကိုလဲ”
“ အဲ့ဒီ မိန်းကလေးမှာ အားကောင်းတဲ့ ကျောထောက်နောက်ခံ ရှိနေမယ်လို့ ကျွန်မ ထင်မထားဘူး။ သူမက အမှန်တရားကို ပြောင်းပြန်လှန်ပြီး ကျွန်မကပဲ သူမကို ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်ဖို့ လုပ်နေတယ်လို့ ပြောခဲ့တယ်။ သူမက သူမကို ကူညီပေးဖို့ သုတေသနအဖွဲ့အစည်းက လူ တစ်ယောက်ကိုတောင် ငှားရမ်းခဲ့တယ်။ အဲ့တုန်းက ကျွန်မက ပလက်ဖောင်းပေါ်က သာမန် တင်ဆက်သူလေး တစ်ယောက် ဆိုတော့ သုတေသနအဖွဲ့အစည်းလို အဖွဲ့အစည်းကြီး တစ်ခုကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
ဝမ်ကျင့်ဖျင်ရဲ့ မျက်လုံးထောင့်တွေက ရုတ်တရက် နီရဲသွားကာ အာဏာရဲ့ အောက်မှာ အနိုင်ကျင့်ခံရသော သနားဖွယ်ရာ အားနည်းသူ တစ်ယောက်လို ပုံစံလေး ဖြစ်နေခဲ့သည်။
“ သိပ်မကြာလိုက်ဘူး ၊ ပလက်ဖောင်းက ကျွန်မနဲ့ စာချုပ်ကို ရပ်စဲခဲ့တယ်။ သူတို့က ကျွန်မက ကုမ္ပဏီရဲ့ စည်းကမ်းတွေကို မလိုက်နာဘူး ၊ ပလက်ဖောင်းရဲ့ ဂုဏ်သတင်းကို ကျဆင်းစေတယ် ဆိုပြီး ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ချန်နယ်ကနေ ကျွန်မ ရ,ရမယ့် ပိုက်ဆံတွေ အကုန်လုံးကိုတောင် သိမ်းပစ်ခဲ့တာ။ အစတုန်းက ကျွန်မနဲ့ သက်ဆိုင်တဲ့ ပိုက်ဆံကို မရရုံတင် မကဘူး ၊ ပလက်ဖောင်းကိုလည်း ပိုက်ဆံတွေ အများကြီး လျော်ကြေး ပေးခဲ့ရတယ်”
သို့ထျန်းယီက ဘာမှ ပြန်မပြော။ ဝမ်ကျင့်ဖျင်က အံကြိတ်ပြီး ဆက်ပြောလိုက်သည်။ “ နောက်ပိုင်းကျမှ တစ်ခုခုတော့ မူမမှန်ဘူး ဆိုတာကို သဘောပေါက်သွားတော့ ကျွန်မ ပုံတူကူးခံထားရတယ်လို့ ကျွန်မကို လာသတိပေးထားတဲ့ ပရိသတ်တွေကို ကျွန်မ သွားရှာချင်ခဲ့တယ် ၊ ဒါပေမဲ့ ကျွန်မ သိလိုက်ရတာက … ”
သို့ထျန်းယီက သူမကို စိတ်ဝင်စားစွာ စိုက်ကြည့်နေသည်။ “ ဘာကို သိလိုက်တာလဲ”
“ အဲ့လူတွေ အကုန်လုံး ပျောက်ခြင်းမလှ ပျောက်သွားပြီ ဆိုတာကို သိလိုက်ရတယ်”
သူမရဲ့ အတွေးတွေကို ထွင်းဖောက် မြင်နေသော သို့ထျန်းယီက ပြုံးလိုက်သည်။ “ အဲ့လူတွေက ရည်ရွယ်ချက်ကြီး တစ်ခုနဲ့ မင်းနားကို ကပ်ခဲ့တာလို့ မင်း ထင်တယ်ပေါ့ ၊ ပြီးတော့ သူတို့က မင်းကို သူမကို ပြဿနာရှာအောင်လို့ ဆွပေးသွားတယ်ပေါ့”
ဝမ်ကျင့်ဖျင်က စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီးမှ အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ ဒီတစ်ခေါက် ဖြစ်သွားတဲ့ ကိစ္စက ကျွန်မ ဖြစ်သွားတာနဲ့ တူတယ်လို့ ခံစားရတယ်”
ဝမ်ကျင့်ဖျင်ရဲ့ စကားက မရေမရာ ဖြစ်သော်လည်း သို့ထျန်းယီ အခု ဖြစ်သွားတဲ့ ကိစ္စကို တစ်ယောက်ယောက်က အစီအစဉ်ဆွဲထားတာ ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောသွားသည်။ သူမရဲ့ မန်နေဂျာပဲဖြစ်ဖြစ် ၊ သို့ထျန်းယီရဲ့ မန်နေဂျာပဲဖြစ်ဖြစ် အကုန်လုံး အရူးလုပ်ခံလိုက်ရတာပင်။
သို့ထျန်းယီရဲ့ မျက်နှာက မှုန်မှိုင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ “ ငါ နားလည်ပြီ။ ငါ တစ်ယောက်ယောက်ကို စုံစမ်းထားခိုင်းလိုက်မယ်”
ဝမ်ကျင့်ဖျင်က သူမရဲ့ စကားတွေကို သူ ယုံကြည်သွားပြီး ထိုတင်ဆက်သူကို ပြဿနာသွားရှာတော့မည်ဟု တွေးကာ မျက်လုံးထဲမှာ အပြုံးရိပ်တို့ ဖြတ်ပြေးသွားသည်။
“ ဒါဆို ရှင် ဌာနခေါင်းဆောင်လီနဲ့ ဆက်ဆွေးနွေးလို့ ရပြီနော်။ ကျွန်မ ဟင်းသွားချက်လိုက်ဦးမယ်”
“ ကောင်းပြီ” သို့ထျန်းယီက ဝမ်ကျင့်ဖျင်ရဲ့ လက်ကို လွီတ်ပေးလိုက်ပြီး သူမ ထွက်သွားတာကို ကြည့်နေသည့်။
သူမ ထွက်သွားသည်နှင့် သို့ထျန်းယီရဲ့ မျက်နှာက မည်းမှောင်သွားသည်။ “ မင်း သူမ ပြောသွားတဲ့ စကားတွေကို ယုံလား”
လီယွဲ့ အံ့ဩသွားသည်။ သူ သို့ထျန်းယီကို လှည့်ကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါသည်။ “ သုတေသနအဖွဲ့အစည်းတွေက လူတွေက ငတုံးတွေ မဟုတ်ဘူးဗျ” ဟန်ဆောင်နေတဲ့ မိန်းမ တစ်ယောက်ဘက်ကနေ သူတို့ ရပ်တည်ပေးပါ့မလား ဆိုတာကို သူ ကောင်းကောင်း သိသည်။
******