← Chapters

အခန်း ၆၂၉

Vol. 42 Ch. 629

အခန်း ၆၂၉

Vol. 42 Ch. 629

အခန်း (၆၂၉) မလွယ်ကူတဲ့ ခွေးကလေးဘဝ။

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေကို ကြည့်ကာ စိတ်ဆိုးသွားသည်။ သူမ သူ့လက်ကို လွှင့်ပစ် တွန်းထုတ်၍ ခုတင်ပေါ်မှ ဆင်းခဲ့လိုက်၏။

ဘယ်အချိန်မှာ စနောက်ရမယ် ၊ ဘယ်အချိန်မှာ ရပ်ရမယ် ဆိုတာကို နားလည်သော ဟောက်ချန်ဟွမ်းက သူမကို ဆက်မစနောက်တော့ဘဲ ခုတင်ပေါ်မှ ထလိုက်ပါသည်။ သူ့အဝတ်အစားတွေကို ဆွဲဆန့်ပြီးမှ သူမနှင့်အတူ ခြံအရှေ့ဘက်သို့ ထွက်ခဲ့လိုက်သည်။

ချင်ရွှယ်ရူက သူတို့ နှစ်ယောက် ထွက်လာတာကို မြင်တော့ နှစ်ယောက်လုံးကို အကြိမ် အနည်းငယ်လောက် ဟိုကြည့်ဒီကြည့် ကြည့်ပြီးမှ အပြုံးယဲ့ယဲ့ဖြင့် မေးလိုက်သည်။ “ နင်တို့ နိုးပြီလား”

“ ဟုတ်” စုယန်ယန်က သူမရဲ့ စူးစမ်းချင်သလို အကြည့်ကို ရှောင်ဖယ်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ အဘိုးနဲ့ ဦးလေး ဘယ်မှာလဲဟင်”

“ နင့်ဦးလေးကတော့ တစ်ခုခု သွားဝယ်တယ်။ အဘိုးကတော့ လွန်ခဲ့တဲ့ တစ်နာရီကတည်းက သွမ်းသွမ်းကို ခေါ်ပြီး လမ်းလျှောက်ဖို့ ထွက်သွားတာ။ သူ ခဏနေ ပြန်ရောက်လောက်ပါပြီ”

သူတို့ သခင်ကြီးချိန်အကြောင်း ပြောနေရုံရှိသေး ၊ ရင်းနှီးနေတဲ့ ခွေးဟောင်သံလေးကို အပြင်ဘက်ကနေ ကြားလိုက်ရသည်။ အသံလာရာဆီ သူတို့ သုံးယောက်လုံး လှမ်းကြည့်လိုက်တော့ ခြေတံတိုလေးတွေဖြင့် ပြေးလာသော ခွေးလေးကို မြင်လိုက်ရသည်။ အနောက်မှာတော့ လည်ပတ်ကြိုး ပတ်ပေးထားတဲ့ ခွေးလေးနောက်ကို အေးအေးဆေးဆေး လိုက်လာတဲ့ သခင်ကြီးချိန်။

“ သွားကြမယ် သွားကြမယ် သွားကြမယ်။ ကျွတ် ၊ ဒီခြေထောက်လေးတွေက တိုနေတာ ဆိုးတာပဲ။ ငါတို့ မြန်မြန် ပြေးလို့ မရဘူး”

စုယန်ယန်နှင့် ကျန်လူတွေ ဆွံ့အသွားကြ၏။

ခြေတံတို သွမ်းသွမ်း : “ … ” သူ့ကို လမ်းလျှောက်ခိုင်းတာလည်း အဘိုးချန်ပဲ။ သူ့ခြေထောက်တွေကို တိုလွန်းတယ် ဆိုပြီး မကျေမနပ် ပြောနေတာလည်း အဘိုးချန်ပဲ။ တော်တော်လေးကို တရားလွန်သွားပြီ … ။

ခဏအကြာ နောက်ဆုံးမှာတော့ သခင်ကြီးချိန်ရော ၊ သွမ်းသွမ်းရော အိမ်ထဲ ဝင်လာခဲ့ကြသည်။

ခွေးလေးက ခြေထောက်တွေကို ဆန့်ကား၍ အရှေ့ကို ခုန်အုပ်နေကာ ကြမ်းပြင်ပေါ်ရှိ ခွေးစားသည့် ခွေးစာ ဘီစကစ် အချပ်လိုက်ကို ကြေမွသွားစေသည်။

အဲ့ဒါကို မြင်တော့ သခင်ကြီးချိန်က သူ့ကို ဆူပူချင်စိတ်ပေါက်လာခဲ့သည်။ “ မင်းက တစ်နေ့တခြား ပို,ပိုအပျင်းကြီးလာတယ်။ အရင်တုန်းက ငါ မင်းကို ဆော့ဖို့ ခေါ်သွားရင် တက်ကြွနေလိုက်တာများ။ ဟိုပြေးဒီပြေးနဲ့ နောက်ကနေ လိုက်ဆွဲလို့တောင် မရဘူး။ ဒီနေ့ကျတော့ တစ်ပတ်ပဲ ပြေးပြီး ဆက်မပြေးတော့ဘူး။ ငါကတောင် မင်းကို ပြန်ဆွဲခေါ်နေရတယ်။ တကယ်ပါပဲ … ”

သခင်ကြီးချိန်က သွမ်းသွမ်းလေးမှာ ဆောင့်ကြောင့် ထိုင်ချကာ သူလေးကို သေချာ ဖျစ်ညှစ်ကြည့်လိုက်သည်။ ထို့နောက် သူ သဘောပေါက်သွားပြီး ပြောလိုက်၏။ “ ပြီးခဲ့တဲ့ နှစ်လမှာ မင်း တကယ့်ကို အစားတွေ အများကြီး စားခဲ့တယ်လို့ ငါ ထင်တယ်။ ကြည့်လိုက်ပါဦး ၊ နောက်ဆုံးတစ်ခေါက်တုန်းကထက်တောင် မင်း ပိုဝလာတယ်။ အခုဆို ငါ မင်းကိုတောင် မချီနိုင်တော့ဘူး။ ခွေးဖြစ်ပြီးတော့ မင်း ဘာလို့ အဲ့လောက် အစားကြီးနေရတာလဲ။ မင်းက ဝက် မဟုတ်ဘူး။ မင်း ဝိတ်လျှော့မှ ဖြစ်မယ်။ သူ့ကို ဒီည အသားမကျွေးပါနဲ့ အန်တီဖန့်ရေ။ အသီးအရွက် နည်းနည်းပါးပါးလောက်ပဲ ပြင်ပေးလိုက်ပါ”

“ ဝုတ် ဝုတ် ဝုတ် ဝုတ် … ” ခြေတံတိုတိုလေးတွေကို ပိုင်ဆိုင်ထားရတာ အထင်သေးစရာ ကိစ္စ ဆိုပေမဲ့ အခုတော့ အဘိုးချန်က သူ့ရဲ့ ခန္ဓာကိုယ်နှင့် အမြန်နှုန်းကိုပါ လာတိုက်ခိုက်နေပါပြီ။ အဆိုးဆုံးကတော့ သူ့ညစာကိုပါ ဆွဲလုသွားတာပဲ။ အဲ့လိုကြီး အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်ဘူးလေ … ။

သူ မ‌ကျေမနပ် တရစပ် ဟောင်နေတာကို ကြားသော သခင်ကြီးချိန်က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်ပြီး လေးနက်စွာ ပြောသည်။ “ မင်း အသားစားချင်ရင် စားလို့ ရမယ်။ ဒါပေမဲ့ မနက်ဖြန်က စပြီး မနက်ပိုင်းနဲ့ ညပိုင်းမှာ ငါနဲ့ အတူတူ လမ်းလျှောက်ထွက်ရမယ်။ မင်း များများ ပြေးနိုင်ရင် များများ ဝိတ်ကျလိမ့်မယ်”

“ ဝုတ်” သူ ဆန္ဒပြတော့မည့် အချိန်မှာပဲ စုယန်ယန်က သူ့ဘေးမှာ ထိုင်ချကာ သူ့လည်ပင်းလေးကို ဖျစ်ညှစ်လိုက်လေသည်။ သူမက ခွေးလေးကို ဟိုဘက်ဒီဘက် လှုပ်ယမ်းနေရင်း ကြိုးစားချော့မော့နေရှာသည်။ “ လိမ္မာပါကွယ် ၊ အဘိုးက နင့်ကို ချစ်လို့သာ လမ်းလျှောက်ဖို့ ခေါ်သွားတာပါ။ နင် အသားလည်း စားလို့ မရဘူး ၊ ငါးဆားနယ်လို့ စားလို့ မရဘူး။ နင် အသီးအရွက်တွေ မစားချင်ရင်တော့ လိလိမ္မာမ္မာနဲ့ လမ်းလျှောက်ထွက်ရမယ်။ ပိုပြီး အမြင်ကျယ်စမ်းပါဟာ”

“…” သူ့လို ခွေးလေး တစ်ကောင်အပေါ် ထားတဲ့ ဒီလူအိုကြီးရဲ့ အချစ်က သည်းမခံနိုင်စရာကောင်းလောက်အောင် နက်ရှိုင်းလိုက်ပုံများ … ။

ဒီနေရာကို မလိုက်ချင်ဘဲ အတင်းအကျပ် အခေါ်ခံလာရုံသာမက ဝိတ်ကိုလည်း အတင်းအကျပ် လျှော့ခိုင်းနေသည်။ သူသည် ကိုယ့်ကိုယ်ကိုယ်ပဲ တိတ်ဆိတ်စွာ ပွေ့ဖက်လိုက်ရင်း ကီလိုမီတာပေါင်း ထောင်ချီ ဟိုးအဝေးက သူ့ဇနီးလေးက သတိရ လွမ်းဆွတ်နေမိလေသည်။

ပစ္စည်း သွားဝယ်သော ချန်ကျွင်းဟောက် ပြန်မလာခင်အထိ သူတို့တွေ သွမ်းသွမ်းနှင့် ဆော့နေခဲ့ကြသည်။

ချင်ရွှယ်ရူက စုယန်ယန် နေ့ခင်းတုန်းက အကြာကြီး အိပ်ထားတာကို မြင်တော့ ဒီနေ့မနက် သူမ စောစော နိုးလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ နေ့ခင်းတုန်းက သူမ ဟင်းတွေ အများကြီး ချက်ထားရလို့ ပင်ပန်းနေပါလိမ့်မည်။

အဲ့ဒီ ညမှာ ချင်ရွှယ်ရူသည် စုယန်ယန်ကို မီးဖိုချောင်ထဲ ထပ်ဝင်ခွင့်မပေးတော့ပါ။ အန်တီဖန့်ကို သူမ နေ့ခင်းတုန်းက စားလို့ မပြီးသေးသည့် ဟင်းလျာများကိုသာ ပြန်နွှေးခိုင်းလိုက်သည်။ ထို့နောက် အသားနှပ်ဟင်းလျာ တချို့ကိုပါ ညစာစာရင်းထဲ ထပ်ဖြည့်လိုက်ပါသည်။

******

All Chapters