အခန်း ၆၃၀
Vol. 42 Ch. 630
အခန်း ( ၆၃၀ ) သူမနဲ့ လူစုကွဲမသွားစေနဲ့နော်။
မိသားစု အတူတူ ညစာ စားပြီးနောက် ချင်ရွှယ်ရူက ရုတ်တရက် ပြောလိုက်သည်။ “ နင်တို့လို လူငယ်တွေက တစ်ချိန်လုံး အိမ်ထဲမှာချည်း အောင်းမနေသင့်ဘူး။ ဒီနေ့ည ဈေးထဲမှာ မီးအိမ်ပွဲတော် ရှိတယ်။ နင်တို့ နှစ်ယောက်လုံး ဗဟုသုတရအောင်လို့ ချန်ဟွမ်းကို ခေါ်သွားလိုက်ပါလား ယန်ယန်”
“ မီးအိမ်ပွဲတော် … ” ဟောက်ချန်ဟွမ်း စိတ်ဝင်စားသွားသည်။
စုယန်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွား၏။ “ အင်း ၊ ဒီနေ့ မီးအိမ်ပွဲတော် ရှိတယ်။ မီးအိမ်ပွဲတော်က ဒီမှာ အရမ်း အသက်ဝင်တဲ့ ပွဲတော် တစ်ခုပဲ။ ရည်းစားမရှိတဲ့ ကောင်လေး ၊ ကောင်မလေးတွေ အများကြီး အဲ့ပွဲတော်ကို လာကြတယ်။ မီးအိမ်ပွဲတော်မှာ သူတို့ သဘောကျတဲ့ ကောင်လေး ၊ ကောင်မလေးတွေကို တွေ့ရင် သူတို့ရဲ့ မီးအိမ်ကို ပေးလိုက်တယ်။ တစ်ဖက်လူကလည်း သူတို့ကို သဘောကျရင် သူတို့ ပေးတဲ့ မီးအိမ်ကို လက်ခံလိမ့်မယ်”
သူမရဲ့ စကားကြောင့် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းမှောင်သွားသည်။ ဘာမီးအိမ်ပွဲတော်လဲ။ အဲ့ဒါ ကြင်ဖက်တွေ့ပွဲ အကြီးစားကြီးပဲကို။
စုယန်ယန် လှည့်ကြည့်လိုက်တော့ နည်းနည်းလေး မှုန်ကုပ်နေတဲ့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ အမူအရာကို မြင်သွားသည်။ သူမ အခုလေးတင် ပြောလိုက်တဲ့ စကားကို ပြန်သတိရသွားပြီး အမြန် ထပ်ပြောလိုက်၏။ “ တကယ်တော့ အဲ့ပွဲတော်ကို ရည်းစားမရှိတဲ့ လူတွေပဲ လာတာ မဟုတ်ပါဘူး။ စုံတွဲတွေ အများကြီးလည်း လာတယ်။ မီးအိမ်ပွဲတော်မှာ ရှိုးပွဲ အစီအစဉ်တွေလည်း အများကြီး ရှိတယ်။ ကျွန်မတို့ ကျုံးကို သွားပြီး မြစ်ရေပေါ်မှာ ဖယောင်းတိုင်တွေ ထွန်းလို့ ရတယ် ၊ ဆုတောင်းလို့ ရတယ်။ မီးရှူးမီးပန်းတွေကိုလည်း တောင်ပေါ်ကနေ ကြည့်လို့ ရတယ်။ သိပ်ပျော်စရာကောင်းတာ”
စုယန်ယန်က ဟောက်ချန်ဟွမ်းကို “ သွားကြရအောင်နော်။ ကျွန်မ သွားချင်လို့ပါ” ဟု ပြောနေသလို အကြည့်ဖြင့် ကြည့်နေသည်။
ဟောက်ချန်ဟွမ်းက သူမ အသနားခံနေတာကို တောင့်မခံနိုင်ဘဲ နောက်ဆုံးတော့ ခေါင်းညိတ်လိုက်၏။
သူတို့ နှစ်ယောက်ကို ဘေးကနေ သဘောတကျ ကြည့်နေသော ချင်ရွှယ်ရူက ပြောလိုက်သည်။ “ ယန်ယန် ပြောတဲ့ ပေါက်ကရ စကားတွေကို နားမထောင်နဲ့။ မီးအိမ်ပွဲတော်ကို လူငယ်တွေ အများကြီး လာပေမဲ့ လူကြီးတွေနဲ့ ကလေးတွေလည်း အများကြီး ရှိတယ်။ ယန်ယန် ငယ်ငယ်တုန်းကဆိုရင် သူ့ကို သူ့အဘိုးက အဲ့ပွဲတော်ကို ဆော့ဖို့ ခေါ်သွားအောင်လို့ အမြဲတမ်း ဂျီကျတတ်တယ်။ မီးအိမ်ပွဲတော်ကို ရောက်တာနဲ့ မျောက်အုန်းသီးရသလို ပျော်သွားတာ။ တစ်ခု ရှိတာ အဲ့မှာ လူတွေ အရမ်း ရှုပ်တော့ ယန်ယန့်ရဲ့ လက်ကို သေချာ ဆွဲထားဦးနော် ချန်ဟွမ်း။ သူမနဲ့ လူစုကွဲမသွားစေနဲ့”
စုယန်ယန်က မကျေမနပ် အော်ပြောလိုက်သည်။ “ သမီး ကလေး မဟုတ်တော့ပါဘူးနော် အန်တီချင်”
ချင်ရွှယ်ရူက ဟက်ဟက်ပက်ပက် ရယ်ရင်း ပြီးပြီးရော ပြန်ပြောလိုက်သည်။ “ ဟုတ်ပါပြီရှင် ဟုတ်ပါပြီ။ နင်က ကလေး မဟုတ်တော့ပါဘူး”
ဟောက်ချန်ဟွမ်းကလည်း စုယန်ယန်ရဲ့ လက်ကို သဘောတူညီစွာ ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ “ စိတ်မပူပါနဲ့။ ကျွန်တော် သူမနဲ့ လူစုမကွဲအောင်လို့ လက်ကို တင်းနေအောင် ဆွဲထားပါ့မယ်”
“ ဟုတ်ပြီ။ သွားတော့ သွားတော့” ချင်ရွှယ်ရူက ပြောရင်း လူငယ်လေး နှစ်ယောက်ကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။
မီးအိမ်ပွဲတော်က ချန်အိမ်တော်နှင့် သိပ်မဝေးပါ။ ဆယ်မိနစ်လောက် လမ်းလျှောက်လိုက်ရုံဖြင့် ရောက်သွားမှာ ဖြစ်ကာ သူတို့ နှစ်ယောက် ယှဉ်တွဲ လမ်းလျှောက်ရင်း ဟိုးအဝေးဆီက လှပသော အလင်းတန်းများကို မြင်နေရသည်။
“ မင်း ငယ်ငယ်တုန်းက မင်းအဘိုးနဲ့ ဒီကို မကြာခဏ လာဖူးလား”
“ မကြာခဏတော့ မလာဖြစ်ပါဘူး။ တစ်ကြိမ် ၊ နှစ်ကြိမ်လောက်ပဲ။ ရှစ်နာရီ ကိုးနာရီဝန်းကျင်ကျ မီးအိမ်ပွဲတော်မှာ မီးရှူးမီးပန်းတွေ ဖောက်ကြတယ်။ ကျွန်မက မီးရှူးမီးပန်းတွေ ကြည့်ရတာကို ကြိုက်တော့ ဒီဘက်မှာ ဆူဆူညံညံ အသံတွေကို ကြားတာနဲ့ ဒီမှာ လာဆော့ချင်လို့ ဂျီကျတော့တာပဲ။ ဒါပေမဲ့ မီးအိမ်ပွဲတော်မှာ လူ တအား ရှုပ်တော့ ကျွန်မအဘိုးကလည်း ကျွန်မလို ကလေးမလေး တစ်ယောက်တည်း ပတ်ပြေးနေမှာကို စိုးရိမ်နေတယ်လေ။ အဲ့ဒါနဲ့ ကျွန်မကို သူကိုယ်တိုင်ပဲ မလိုက်ပို့ချင် ပို့ချင်နဲ့ ပို့ပေးခဲ့ရတာ”
စုယန်ယန်က ထိုအချိန်တွေကို လွမ်းသွားကာ အနည်းငယ် ဝမ်းနည်းလာမိသည်။ “ အဘိုး အသက်ကြီးလာတော့ ဦးလေးနဲ့ ကျန်တဲ့ လူတွေက မီးအိမ်ပွဲတော်မှာ လူတွေ အရမ်း ရှုပ်မှာကို စိတ်ပူလာကြတယ်။ လူရှုပ်ရင် တစ်ယောက်နဲ့ တစ်ယောက် ဝင်တိုက်မိဖို့ လွယ်တယ်လေ။ ကျွန်မနဲ့ အဘိုးအတွက် တကယ် အဆင်မပြေလို့ ဘယ်သူကမှ မသွားခိုင်းတော့ဘူး”
ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားက နူးညံ့သွားကာ ခပ်တိုးတိုး ကတိပေးလိုက်သည်။ “ မင်းနဲ့အတူ အဖော်လုပ်ပေးဖို့ ကိုယ့်ကို လိုအပ်တဲ့အခါတိုင်း ကိုယ် လိုက်ခဲ့ပါ့မယ်”
“ ရှင်ကရော ကျွန်မကို တစ်ယောက်တည်း သွားခိုင်းမှာတဲ့လား”
သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို ဟောက်ချန်ဟွမ်း ချက်ချင်း နားလည်လိုက်ကာ သူမရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။ ဒီလို ကြင်ဖက်တွေ့ပွဲ အကြီးစားကြီးဆီ သူမကို တစ်ယောက်တည်း လွှတ်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ သူ အသက်ရှင်နေသမျှ ကာလပတ်လုံး ဘယ်တော့မှ အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး။
မီးအိမ်ပွဲတော် ပတ်ဝန်းကျင်တစ်ဝိုက်ကို လှပသော ရောင်စုံမီးအိမ်များဖြင့် အလှဆင်ထားသည်။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက တိရစ္ဆာန်ပုံစံ မီးအိမ်လေး နှစ်လုံး ယူလာခဲ့သည်။ တစ်လုံးက ယုန်ပုံသဏ္ဍာန် မီးအိမ် ၊ နောက်တစ်လုံးကတော့ ကျားပုံသဏ္ဍာန် မီးအိမ်။
ဒီလို ချစ်စရာ ပစ္စည်းလေးတွေကို ဟောက်ချန်ဟွမ်း ကိုင်ဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်မည် ထင်ရဲ့။ သူ့လက်ထဲမှာ ကိုင်ထားပုံက အတော်လေး ကိုးရိုးကားရားနိုင်နေသော်လည်း တစ်ချိန်တည်းမှာပဲ သူ့အတွက် အသစ်အဆန်း အရာလေး တစ်ခုလို ခံစားရပါသည်။