အခန်း ၆၃၄
Vol. 43 Ch. 634
634 01
အခန်း ( ၆၃၄ ) သူမရဲ့ ခင်ပွန်းကို လာကျူးကျော်နေတာလား။
ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဟေးရီ စားသောက်ဆိုင်က စားသောက်ဆိုင်ကြီး တစ်ဆိုင် ဖြစ်နေဆဲပင်။ ဒီဖြစ်ရပ်က သူ့ဂုဏ်သတင်းကို ထိခိုက်စေသော်လည်း အရမ်းကြီး နာမည်ကျသွားတာမျိုး မရှိပါ။
စားသောက်ဆိုင်ရဲ့ လျင်မြန်သော တုံ့ပြန်မှုက ကာစတန်မာ အများစုကို တည်ငြိမ်သွားစေခဲ့သည်။
အဲ့ဒီလို စားသောက်ဆိုင်ကြီးကနေ နှစ်ဦးနှစ်ဖက် ပြေလည်အောင် လုပ်ဖို့ ကမ်းလှမ်းလာလျှင် သာမန် တင်ဆက်သူ တစ်ယောက်ပဲဖြစ်ဖြစ် ၊ စားသောက်ဆိုင်လေး တစ်ဆိုင်ရဲ့ တာဝန်ရှိသူပဲဖြစ်ဖြစ် လက်ခံကြလောက်သည်။
ဒါပေမဲ့ စုယန်ယန်က သာမန် တင်ဆက်သူ တစ်ယောက် မဟုတ်သလို စားသောက်ဆိုင်ခွဲတွေ တစ်ဆိုင်ပြီး တစ်ဆိုင် ဖွင့်ဖို့ကလည်း သူမရဲ့ အဓိက ဦးတည်ချက် မဟုတ်ပါ။
ထိုစားသောက်ဆိုင် စိတ်ကောင်းရှိနေခြင်းရဲ့ နောက်ကွယ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိလိမ့်မည် ဟူသော အထင်ကြောင့် သူမ သတိကြီးကြီးမထားဘဲ မနေနိုင်ပေ။
“ မင်း ဘာလို့ ငိုင်နေတာလဲ” ဟောက်ချန်ဟွမ်း ပြန်ရောက်လာတော့ ဖုန်းကို လက်ထဲမှာ ကိုင်ပြီး ငိုင်နေသော စုယန်ယန်ကို မြင်သွားသည်။
“ ဘာမှ မဟုတ်ပါဘူး” စုယန်ယန်က သူမရဲ့ ဖုန်းကို အိတ်ထဲ အမြန် ပြန်ထည့်ပြီး ဟောက်ချန်ဟွမ်းရဲ့ လက်ကို ဟန်မပျက် ကိုင်လိုက်သည်။ သူမတို့ နှစ်ယောက် ချိန်းတွေ့နေတာကို အနှောင့်အယှက်အဖြစ်မခံနိုင်ပါ။
“ ရှင် ပြီးပြီလား”
ဟောက်ချန်ဟွမ်းက ခေါင်းညိတ်ပြီး တစ်နေရာကို လက်ညိုးထိုးပြသည်။ “ မီးအိမ်တွေ အဲ့ဒီမှာ”
စုယန်ယန်ရဲ့ မီးအိမ်က ကြီးလွန်း၍ အားလုံးကြားထဲမှာ ထင်းထွက်နေသည်။
သူတို့ နှစ်ယောက် လက်ချင်း တွဲ၍ ဆက်လျှောက်လာခဲ့စဉ်မှာ ဟောက်ချန်ဟွမ်းက ရုတ်တရက် မေးလိုက်သည်။ “ မင်း အခု ဘာဆုတောင်းလိုက်တာလဲ”
“ ရှင်ရော။ ရှင်ရော အခု ဘာဆုတောင်းလိုက်တာလဲ”
ဟောက်ချန်ဟွမ်းက ခဏ တိတ်သွားပြီးမှ သူမကို ပြန်ပြောသည်။ “ ကိုယ် မင်းကို အရင် မေးတာလေ”
စုယန်ယန်က ထိုစကားကို ကြားတော့ အံ့ဩသွားသည်။ အရင်တုန်းက ဟောက်ချန်ဟွမ်းက အမြဲတမ်း သူမစကားကို တစ်ခွန်းဆို တစ်ခွန်း နားထောင်ခဲ့တာပါ။ သူမ ဘာမေးမေး ပြန်ဖြေခဲ့တာ။ ဒီတစ်ခေါက်တော့ သူက သူမကို တွန်းလှန်နေပြီပဲ။
စုယန်ယန် စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်သွားပေမဲ့ အလျော့မပေးခဲ့ပေ။ သူမ အကြည့်လွှဲပြီး ပြောလိုက်သည်။ “ အင်း ၊ ထုတ်ပြောလိုက်တဲ့ ဆုတောင်း ဆိုတာ မပြည့်တတ်ဘူးတဲ့။ အဲ့အကြောင်း ဆက်မပြောဘဲ နေရအောင်”
ဟောက်ချန်ဟွမ်းက ရယ်မောပြီး သူမရဲ့ မျက်နှာပြောင်တိုက်သော အမူအရာလေးကို လက်ခံကာ ဘာမှ ဆက်မမေးတော့ချေ။
ကျုံးထဲမှ ထွက်လာစဉ်မှာ သကြားဖြင့် လုပ်ထားတဲ့ စားလို့ ရသော အရုပ်လေးတွေ ရောင်းသော ဟိုးအဝေးက ဆိုင်ကို စုယန်ယန် မြင်သွားသည်။ အဲ့လို လက်မှုပညာနှင့် ပတ်သက်တဲ့ ဆိုင်မျိုးက မီးအိမ်ပွဲတော်မှာ အရောင်းရဆုံးဆိုင် ဖြစ်သည်။
ပုံမှန်ထက် ဈေးတော့ ပိုကြီးသော်လည်း အသစ်အဆန်းကို စမ်းသပ်ချင်သူများစွာကတော့ ထိုသကြားရုပ်ကလေးတွေကို အပြေးအလွှား လာဝယ်ကြသည်။
ဆိုင်ရှေ့မှာ တန်းစီနေတဲ့ လူတန်းက ( ၁၀ ) ယောက်ကနေ အယောက် ( ၂၀ ) လောက် ရှိလိမ့်မည်။ အတော်လေး အံ့ဩစရာကောင်း၏။ ထိုဆိုင်ကို မြင်ချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ တောက်ပသွားသည်။ သူ နူးညံ့စွာ မေးလိုက်သည်။ “ မင်း အဲ့ဒါ စားချင်လား”
“ လူတွေ အများကြီး စောင့်ရမှာ။ ထားလိုက်ပါတော့”
634 02
“ ကိုယ့်ကို ဒီမှာ စောင့်နေခဲ့နော်” ဟောက်ချန်ဟွမ်းက မီးအိမ်ကို စုယန်ယန်လက်ထဲ ထည့်ပေးကာ ဆိုင်လေးဆီသို့ လျှောက်သွားလိုက်သည်။
စုယန်ယန် သူ့ကို တားချင်သော်လည်း သူမ နောက်ကျသွားပြီ ဖြစ်သည်။ လက်ထဲမှာ တိရစ္ဆာန်ပုံသဏ္ဍာန် မီးအိမ်တွေကို ကိုင်ထားလျက် ဟောက်ချန်ဟွမ်းကို စိတ်မချစွာ ရပ်နေမိသည်။
သဘာဝကျစွာပင် ဟောက်ချန်ဟွမ်းက လူတန်းထဲမှာ ဝင်တန်းစီ ရပ်နေလောက်တဲ့ထိ မတုံးအ။ ထိပ်ဆုံး တန်းစီနေတဲ့ ကာစတန်မာအတွက် သကြားရုပ်လေးကို စပြီး လုပ်နေပြီမို့ ဟောက်ချန်ဟွမ်းက ဒုတိယမြောက် ကာစတန်မာဆီမှ တန်းစီသည့် နံပါတ်ကို ဝယ်လိုက်သည်။
ဒုတိယမြောက် ကာစတန်မာက ဟောက်ချန်ဟွမ်း ပေးတဲ့ ပိုက်ဆံကို ယူပြီး နောက်ဆုံးမှာ သွားတန်းစီနေသည်။ ထိုကာစတန်မာက သူ့ကို တန်းစီသည့် နံပါတ် အပို တစ်ခု ထပ်ပေးဖို့လည်း မတောင်းဆိုသောကြောင့် ဘယ်သူကမှ ဟောက်ချန်ဟွမ်းကို မကန့်ကွက်ပါ။
စုယန်ယန်က အဲ့ဒါကို မြင်တော့မှ စိတ်အေးသွားသည်။ သူမ နေရာမှာ နာခံစွာ ရပ်ပြ သူ ပြန်အလာကို စောင့်နေခဲ့သည်။
ဟောက်ချန်ဟွမ်းက အရပ်ရှည်ပြီး ရုပ်ချောကာ တန်းစီသည့် နံပါတ်ကို ဝယ်နေတုန်းမှာလည်း ရက်ရက်ရောရောတာမို့ ချက်ချင်းပဲ သူ့ဘေးပတ်ပတ်လည်က ကောင်မလေးရဲ့ စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။
သူက အသည်းအသက်ပမာ တန်ဖိုးထားရသော သကြားရုပ်ကလေး နှစ်ရုပ်ကို ကိုင်ကာ လှည့်ထွက်လာတော့မည့် အချိန်တွင် ကောင်မလေး တစ်ယောက်က ရှက်သွေးရဲနေသော မျက်နှာဖြင့် သူ့ရှေ့မှာ ပိတ်ရပ်လိုက်၏။ သူမသူငယ်ချင်းကလည်း နောက်ကနေ အားပေးနေသောကြောင့် ထိုကောင်မလေးဟာ သူမလက်ထဲမှ ပန်းမီးအိမ်လေးကို ဟောက်ချန်ဟွမ်းအား ရှက်ရွံ့စွာ ပေးလိုက်လေသည်။
ဟောက်ချန်ဟွမ်း ပြန်အလာကို ပျင်းရိစွာ စောင့်ဆိုင်းနေသော စုယန်ယန် မြင်သွားလျှင် သူမရဲ့ မျက်နှာက ဒေါသကြောင့် အစိမ်းရောင်ပြောင်းသွားသည်။
အဲ့မိန်းမက ဘာဖြစ်နေတာလဲ။ သူမရှေ့မှာတင် သူမရဲ့ ခင်ပွန်းကို ကျူးကျော်ဖို့ လုပ်နေတာလား။
******