အခန်း ၆၃၆
Vol. 43 Ch. 636
636 01
အခန်း ( ၆၃၆ ) ဒီပြဿနာ ရှင်းသွားပါပြီ။
ထိုမိန်းကလေးဟာ သူ့မှာ ပိုင်ရှင်ရှိပြီးသား ဆိုတာကို သိတာတောင်မှ သူ့ဆီ လာပြီး ရှက်ရွံ့စွာ ချစ်ခွင့်ပန်ခဲ့ပါသေးသည်။ အဲ့လို ကြာပန်းဖြူမတွေအကြောင်း သူမ နောကျေနေပြီ။
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ မီးဝင်းဝင်းတောက်နေသော မျက်လုံးတွေကို ကြည့်ကာ သူ့နှလုံးသားထဲမှ ဒေါသတွေ အကုန်လုံး အံ့ဩဖွယ်ရာ ပျောက်ကွယ်သွားလေသည်။ “ မင်း သဝန်တိုနေတာလား”
“ ကျွန်မ သဝန်တိုနေတယ် ဆိုရင်ရော ဘာဖြစ်လို့လဲ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို မျက်စောင်းထိုးကာ သွားစိပြပြီး ခြိမ်းခြောက်လိုက်သည်။ “ ရှင်က ပျားတွေ ၊ လိပ်ပြာတွေကို ဆွဲဆောင်နေတာ။ ရှင့်ရဲ့ ကိုယ်ကျင့်တရားကို ရှင် မထိန်းသိမ်းဘူး ဆိုရင်တော့ ကျွန်မ … ”
“ ကိုယ့်ကို ဘာလုပ်မှာလဲ”
“ ရှင့်ကို ဘယ်သူမှ မမြင်အောင်လို့ အိမ်ထဲမှာ သော့ပိတ်ထားမယ်”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ “ ရတယ်လေ”
စုယန်ယန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ “ ဘာကို ရတာ … ”
“ ကိုယ် ပြောတာက ရတယ်လို့” ဟောက်ချန်ဟွမ်းက စုယန်ယန်အနား တိုးကပ်ကာ သူမကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်၏။ ထို့နောက် ခေါင်းကို ငုံ့ပြီး စုယန်ယန်နှင့် နဖူးချင်း ဖိတိုက်ကာ သူမကို ထွက်ပြေးလို့ မရအောင် ချုပ်ထားလိုက်သည်။ “ အဲ့လို ကိစ္စမျိုး နောက်တစ်ခေါက် ထပ်ဖြစ်ရင် ကိုယ့်ကို ဘယ်သူမှ မမြင်အောင် သော့ပိတ်ထားလိုက်။ ခုနတုန်းကလို ကိစ္စမျိုး နောက်တစ်ခေါက် ထပ်ဖြစ်လာရင်လည်း မင်းကို ဘယ်သူမှ မမြင်အောင်လို့ ကိုယ် ဖွက်ထားမယ်”
စုယန်ယန်က သူ့ရဲ့ လေးနက်သော အမူအရာကို ကြည့်ကာ သူ နောက်နေတာ မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။ သူ သူမကို တကယ်ကြီး ဖွက်ထားချင်နေတာပါ။
စုယန်ယန် ချက်ချင်း ရှက်ရွံ့သွားကာ ဟောက်ချန်ဟွမ်းနှင့် အကြည့်ချင်း မဆုံအောင် မျက်လုံးတွေကို ရှောင်ဖယ်ထားလိုက်၏။ ဟောက်ချန်ဟွမ်းရဲ့ ကြောက်စရာ မျက်နှာ အမူအရာကို သူမ မမြင်လိုက်ရပေ။ “ မင်း အခု ကြောက်နေပြီလား”
“ ဘယ်သူက ကြောက်လို့လဲ။ ဒါဆို ဒီပြဿနာ ရှင်းပြနော်။ နောက်ပိုင်း အဲ့လို ကိစ္စမျိုး ထပ်ဖြစ်ရင် ကျွန်မ ရှင့်ကို သော့ပိတ်ထားမယ်” စုယန်ယန်က ရည်မှန်းချက်ကြီးသည်။ ဟောက်ချန်ဟွမ်းကတော့ သူမထက် ပိုပြီး သော့ပိတ်ချင်စိတ် များနေသည်ဟု ခံစားရသည်။
သူတောင် မကြောက်သေးရင် သူမကရော ဘာလို့ ကြောက်ရမှာလဲ။
ဟောက်ချန်ဟွမ်းက ထပ်ပြုံးလိုက်သည်။ “ အိုကေလေ”
စုယန်ယန်ကတော့ ဝံပုလွေသားရဲတွင်းထဲကို သူမ ကျသွားပြီ ဆိုတာ သတိမထားမိဘဲ အသက်ပြင်းပြင်း တစ်ချက် ရှူကာ သူမရဲ့ ချိုချဉ်လေးကို ပြုံးရင်း စားနေရှာသည်။ “ အဲ့အကြောင်း မပြောဘဲ နေရအောင်။ မီးရှူးမီးပန်းဖောက်သံတွေကို ကျွန်မ ကြားနေရတယ်။ မြန်မြန် သွားရအောင်။ နောက်ကျရင် မမြင်ရဘဲ နေဦးမယ်”
စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို ဆွဲခေါ်ပြီး ဆက်လျှောက်လာခဲ့လိုက်သည်။ မီးရှူးမီးပန်းတွေ လွှတ်တင်ပစ်ဖောက်နေသည့် နေရာက မီးအိမ်ပွဲတော်နှင့် သိပ်မဝေးပါ။ သို့သော်လည်း မီးရှူးမီးပန်းတွေနှင့် အနီးဆုံး နေရာကို ခရီးသွားရင်း ပျော်ပွဲရွှင်ပွဲထဥမှာ ဝင်ရောက်ဆင်နွှဲနေသော ကမ္ဘာလှည့်ခရီးသွား တချို့က နေရာယူထားခဲ့ပါပြီ။ အခုမှ သူတို့ သွားလည်း ရှေ့ဆုံးကို တိုးလို့ မရတော့ဘူးမို့ ဘာမှ မထူးတော့ပေ။
စုယန်ယန်က ဟောက်ချန်ဟွမ်းကို တခြား တစ်ဖက်ရှိ တောင်ကုန်းလေးပေါ်သို့ ခေါ်လာခဲ့လိုက်သည်။ အဲ့ဓါက သူမ ကလေးဘဝတုန်းက သူမနှင့် သခင်ကြီးချိန် အမှတ်မထင် ရှာတွေ့ထားတဲ့ နေရာလေး ဖြစ်၏။
မီးရှူးမီးပန်းတွေကို မြင်နိုင်ရုံသာမက လူ နှစ်ယောက် ကျောမှီလို့ ရသာ့် ကျောက်တုံးတွေလည်း ရှိသည်။
“ ဒီကနေ ရှုခင်း ကောင်းကောင်း ကြည့်လို့ ရတယ်မို့လား။ မီးရှူးမီးပန်းတွေတင် မဟုတ်ဘူး ၊ မီးပန်းမီးပန်းတွေ ဖောက်ပြသွားရင် ကြယ်တွေကိုပါ ရှင် မြင်ရလိမ့်မယ်။ ဒီနေရာလေးကို ရှာတွေ့ခဲ့တာ ကျွန်မလေ” တကယ်လို့ စုယန်ယန်မှာ အမြီးသာ ရှိလျှင် အခုအချိန်မှာ ထိုအမြီးက ကောင်းကင်ပေါ်မှာ တလူလူ လွင့်နေလောက်သည်။
“ အင်း ၊ ဒီနေရာက ကောင်းလိုက်တာ” စုယန်ယန်က ကျေနပ်စွာ ပြုံးလိုက်ပြီး ဟောက်ချန်ဟွမ်းရဲ့ ပခုံးကို မှီ၍ မီးရှူးမီးပန်းတွေကို ကြည့်နေလိုက်သည်။
636 02
သူတို့ ရောက်သွားချိန်မှာ မီးရှူးမီးပန်းတွေ ဖောက်နေတာ အချိန် တချို့ ကြာခဲ့ပြီ ဖြစ်သော်လည်း အလှဆုံး မီးရှူးမီးပန်းတွေကိုတော့ ကံကောင်းစွာဖြင့် အခုမှ စဖောက်တာ ဖြစ်သည်။
သာမန် ပန်းပုံစံ မီးရှူးမီးပန်းတွေအပြင် သစ်ပင်ပုံစံ ၊ ရေတံခွန်ပုံစံ ၊ ပြီးတော့ တိရစ္ဆာန်ပုံစံ မီးရှူးမီးပန်း တစ်ခု နှစ်ခုတောင် ရှိလိုက်သေးသည်။ လူ တစ်ယောက် စိတ်ကူးကြည့်လို့ ရသော မီးရှူးမီးပန်း ပုံသဏ္ဍာန်စုံ ရှိကာ လှပတယ် ဆိုတဲ့ စကားလုံးနှင့်တောင် ဒီမြင်ကွင်းကို ဖော်ပြလို့ မရ။ နာရီဝက်အကြာ ကိုးနာရီတွင် မီးရှူးမီးပန်းတွေ ဖောက်တာလည်း ရပ်သွားသည်။
သူတို့ နှစ်ယောက်လုံး အစောကြီး အိမ်မပြန်ချင်သောကြောင့် ကျောက်တုံးကြီးကို နှစ်ယောက် အတူ မှီကာ ကြယ်တွေကို ကြည့်နေမိသည်။
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ပခုံးကိူ မှီကာ ညကောင်းကင်ရဲ့ ကြယ်တွေကို ကြည့်နေသည်။ သူမ အတိတ်ကို သတိရ လွမ်းဆွတ်စွာ ပြောလိုက်ပါသည်။ “ အရင်တုန်းက ကျွန်မ ကြယ်တွေကို ကြည့်ဖို့ အဘိုးနဲ့ လာတိုင်း အဘိုးက ကောင်းကင်ပေါ်မှာ ရှိတဲ့ ကြယ် တစ်ပွင့်ချင်းစီတိုင်းဟာ ကွယ်လွန်သွားတဲ့ လူတွေပဲလို့ အမြဲတမ်း ပြောပြတတ်တယ်။ ကျွန်မရဲ့ အဖေဘက်က အဘိုးနဲ့ အဘွားက ကျွန်မကို ကောင်းကင်ပေါ်ကနေ ကြည့်နေတာမို့ ကျွန်မ ကောင်းကောင်း မရှင်သန်ရင် သူတို့ အများကြီး ဝမ်းနည်းကြမယ် ထင်တယ်”
++++++