အခန်း ၆၃၈
Vol. 43 Ch. 638
638 01
အခန်း ( ၆၃၈ ) ပန်းနုသွေး အဘိုးအိုများ။
အဘိုးလီက သူတို့ ရောက်လာတာကို သတိမထားမိဘဲ အဘိုးချိန်ရဲ့ စကားတွေကြောင့် မကျေမနပ် ဖြစ်နေခဲ့သည်။ “ ငါ မင်းကို နှိမ့်နှိမ့်ချချလည်း ပြောပြီးသွားပြီ။ မင်း အဲ့ဒါတောင် အထက်စီးဆန်လို့ မဝသေးဘူးလား”
သခင်ကြီးချိန်က သူ့ကို နောက်တစ်ခေါက် မျက်စောင်းထိုးပစ်လိုက်ကာ ဘဲ တစ်ကောင်ကို မောင်းထုတ်နေသကဲ့သို့ လက်ကို ဝှေ့ယမ်းလိုက်၏။ “ သွား သွား သွား ၊ ဘေးကို သွား။ မင်း ငါ ငါးဖမ်းနေတာကို ဘေးကနေ တောက်လျှောက် တပူပူ တကျည်ကျည် လာလုပ်နေတာ။ မင်းက ငါ့ငါးတွေကို လန့်ပြီး ထွက်ပြေးအောင် လုပ်နေတာပဲ”
အဘိုးလီက မတရားခံရသလို ခံစားလိုက်ရကာ စိတ်ဓာတ်ကျသွားမိသည်။ သူ ညှောင်နာနာ အသံလေးဖြင့် ပြန်ပြောလိုက်၏။ “ မင်းရဲ့ လက်ရည်နဲ့ဆိုရင် ငါ ဒီမှာ မရှိရင်တောင် ငါး တစ်ကောင်မှ ဖမ်းမိမှာ မဟုတ်ပါဘူး။ အဲ့ဒါကို မျက်နှာပြောင်တိုက်ပြီး ငါ့ကို အပြစ်လွှဲချနိုင်သေးတယ်နော်”
သခင်ကြီးချိန်ရဲ့ မျက်နှာ မည်းမှောင်သွားသည်။ “ မင်း ဘာပြောလိုက်တယ် … ”
“ … ဘာ .. ဘာမှ မပြောပါဘူး” အနာဂတ်မှာ ပိုအရသာရှိတဲ့ အစားအသောက်တွေကို တောင်းနိုင်ဖို့အတွက် သူ ဒါတွေကို သည်းခံရပါမည်။
စုယန်ယန်က ဘာမဟုတ်တာလေးကို ငြင်းခုံနေကြတဲ့ သူတို့ကို ရယ်ချင်စွာ ကြည့်နေပြီးမှ ဟောက်ချန်ဟွမ်းနှင့်အတူ သူတို့ဆီ လျှောက်သွားလိုက်သည်။
“ အဘိုး ၊ အဘိုးလီ ၊ အဘိုးကျန်း ၊ အဘိုးသမ့် ၊ အဘိုးဖန် … အဘိုးတို့ ငါးမျှားနေကြတာလား”
“ ယန်ယန်လေး ရောက်လာပြီပဲ” သူတို့ထဲမှ လူအနည်းငယ်က စုယန်ယန်ကို မြင်တော့ ချက်ချင်း ပြုံးရွှင်သွားကာ သူမကို ကြင်နာစွာ ကြည့်လိုက်ကြသည်။
“ ဒါက ယန်ယန့်ရဲ့ ခင်ပွန်းလား” သူတို့တွေ မနေ့တုန်းက အလောတကြီး ဖြစ်နေခဲ့တာမို့ စုယန်ယန်နှင့်အတူ ပြန်လာသော ဟောက်ချန်ဟွမ်းကို သိပ်အာရုံမစိုက်မိခဲ့။
အခု သူတို့ ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်ကို နှစ်ယောက်အတူ ယှဉ်တွဲ မြင်ချိန်မှာတော့ ဆက်ပြီး မမြင်ချင်ယောင်ဆောင်နေလို့ မရတော့ပေ။
“ သူက အရမ်း ချောပြီး အရပ်လည်း ရှည်တယ်။ ယန်ယန်နဲ့ တကယ် လိုက်တာပဲ”
“ ဒီလူငယ်လေးရဲ့ မိသားစုက ဘာလုပ်ငန်းတွေများ လုပ်ကိုင်ကြလဲ။ ယန်ယန့်ရဲ့ အဘွားက မိသားစုထဲမှာ နာမည်ကြီးတဲ့ မိန်းမလှလေး တစ်ယောက်ပဲကွယ့်။ မြေးတွေထဲမှာ ယန်ယန်က သူမနဲ့ အတူဆုံးပဲ။ ယန်ယန်က ငယ်ငယ်လေးကတည်းက လှတော့ ဒီမြို့မှာ သူမကို သဘောကျတဲ့ ကောင်လေးတွေမှ အများကြီးပဲ။ သူမကို ရအောင် လက်ထပ်နိုင်ခဲ့တာ မောင်ရင် ကံကောင်းတယ်။ မောင်ရင် သူမကို သေချာ ဂရုစိုက်ပြီး ချစ်ပေးရမယ်နော်”
“ မင်း အဲ့စကားမျိုး ပြောဖို့တောင် လိုသေးလို့လား။ အဘိုးချိန်က ဒီမှာ ရှိတဲ့ လူတွေထဲမှာ ယန်ယန့်အပေါ် အကာကွယ်ပေးတတ်ဆုံး လူပဲ။ မင်း ပိုရိုးသားရမယ်နော် မောင်ရင်လေး။ မင်း ယန်ယန့်အပေါ် မကောင်းတာ တစ်ခုခု လုပ်ရဲတယ် ဆိုရင် မင်းကို အရှင်လတ်လတ် အရေခွံနွှာမယ့် ပထမဆုံး လူက အဘိုးချိန်ပဲ”
ဟောက်ချန်ဟွမ်းက ထိုအဘိုးကြီးတွေရဲ့ နောက်နောက်ပြောင်ပြောင် သတိပေးစကားတွေကို ကြားချိန်မှာ ဒီလူတွေက သခင်ကြီးချိန်နှင့် ရင်းနှီးတာမို့ ယန်ယန်ဟာ သူတို့မျက်စိရှေ့တင် ကြီးပြင်းလာခဲ့ရမည်ဟု တွေးမိလိုက်သည်။ သူတို့က ယန်ယန့်အပေါ် ကြင်နာကြသောကြောင့် ဒီသတိပေးစကားတွေကလည်း နောက်ပြောင်တာ မဟုတ်လောက်ပါ။
သူ ရည်ရည်မွန်မွန် ပြန်ပြောလိုက်ပါသည်။ “ စိတ်မပူပါနဲ့ အဘိုးတို့ရယ်။ ယန်ယန်က ဘယ်လောက်တောင် အဖိုးတန်လဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဘယ်သူ့ကိုမှ သူမကို အနိုင်ကျင့်ခွင့်ပေးမှာ မဟုတ်ပါဘူး”
စုယန်ယန်က သူမရဲ့ အဘိုးတွေရှေ့မှာ ကျိုးနွံသည့် ပုံစံကို ပြနေရသော ဟောက်ချန်ဟွမ်းအတွက် စိတ်မကောင်းဖြစ်သွားမိသည်။ သူမ သူ့ကို အမြန် ကာကွယ်ပေးလိုက်၏။ “ အဘိုးသမ့်ကလည်း ပေါက်ကရတွေ လျှောက်ပြောနေပါပြီ။ သမီးအဘိုးက အဲ့လောက် ဒေါသမကြီးပါဘူး။ သမီးရဲ့ ချန်ဟွမ်းကလည်း ရိုးသားတဲ့ လူ တစ်ယောက်ပါ။ သူ့ကို အနိုင်မကျင့်ပါနဲ့”
ဟောက်ချန်ဟွမ်းရဲ့ လက်အောက်ဝန်ထမ်းတွေသာ ထိုစကားကို ကြားလျှင် ထိတ်လန့်သွားကြမှာပင်။ သူတို့ရဲ့ သခင်လေးက ရိုးသားတယ် ဆိုရင် ဒီကမ္ဘာပေါ်မှာ မရိုးသားတဲ့ လူ ဆိုတာ ရှိတော့မှာ မဟုတ်ပါ။
638 02
“သခင်ကြီးချိန်က ဒေါသမကြီးဘူး .. ဟုတ်လား” အဘိုးလီက ခဏလောက် ဆွံ့အသွားပြီးမှ ပျစ်ပျစ်နှစ်နှစ် ပြောချလိုက်သည်။ “ ဟား ဟား ဟား ၊ အဲ့ဒါက ဒီနှစ်ထဲမှာ ငါ ကြားခဲ့ရသမျှ ဟာသတွေထဲ ရယ်စရာအကောင်းဆုံး ဟာသဖြစ်လိမ့်မယ်”
သခင်ကြီးချိန်က အလွန် ဒေါသထွက်သွားကာ သူ့ကို ငါးမျှားတံနှင့် ရိုက်ပစ်လိုက်တော့သည်။ “ ငါက ယန်ယန့်ရှေ့မှာ ဒေါသမကြီးတာ ဆန်းလို့လား။ မင်းအပေါ်ကိုကျ ဘာလို့ ငါ ဒေါသကြီးလဲ ဆိုတာကို မင်း မသိဘူးလား။ ငါ့အတွက်တော့ မင်းရဲ့ အရှက်မရှိတဲ့ စိတ်ထားနဲ့ ဆိုရင် မင်းကို ဒေါသထွက်ရုံပဲ ထွက်ပြီး မရိုက်တာနဲ့တင် တော်တော်လေး ကြင်နာရာရောက်နေပြီ”
ခပ်ဆတ်ဆတ်လေး အရိုက်ခံလိုက်ရတဲ့ အဘိုးလီ : “ … ” မင်း ငါ့ကို ရိုက်ပြီးနေပြီလေ။ အဲ့ဒါကို မျက်နှာပြောင်တိုက်ပြီး မရိုက်ဘူးလို့ အခု လာလိမ်နေတာလား။
အခြား အဘိုးကြီးများကတော့ ဘာမဟုတ်တာလေးကို ငြင်းခုံနေကြတဲ့ သူတို့ နှစ်ယောက်ကို လျစ်လျူရှုကာ စုယန်ယန်ကို စနောက်နေကြလေသည်။ “ ကျွတ် ကျွတ် ကျွတ် ၊ ယန်ယန်က အခုတော့ သူစိမ်းဘက်မှာ ရပ်တည်နေပြီပဲ။ ငါက စကားလေး နည်းနည်းပဲ ပြောနေရသေးတာကို သူမကတော့ သူ့ကို ကာကွယ်ပေးနေပြီ”
“ ဟုတ်တယ်နော်။ မဟုတ်ရင် အသက်ကြီးလာတဲ့အခါ နှလုံးသားထဲမှာ ကိုယ့်အမေအတွက် နေရာမရှိတော့ဘူးလို့ လူတွေက ပြောကြမှာ မဟုတ်ဘူး။ ငါတို့လို အဘိုးကြီးတွေအတွက် သနားစရာကောင်းတယ်။ ငါတို့ကသာ ငါတို့ရဲ့ မြေးလေးတွေအတွက် အမြဲတမ်း စိတ်ပူရတာ ၊ သူတို့ကတော့ ငါတို့ကို အထင်သေးကြတယ်။ ဟူး … ”