အခန်း ၆၄၁
Vol. 43 Ch. 641
641 01
အခန်း ( ၆၄၁ ) ကိုယ် မင်းကို ကူညီပေးမယ်။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ငါ မနေ့တုန်းက အဲ့ဒါကို အိမ်ယူသွားတော့လည်း ငါ့မိသားစုက ချက်ချင်းပဲ ငါ့နောက် တကောက်ကောက် လိုက်ပြီး အဲ့ဟင်းကို အသည်းအသန် ဝိုင်းလုခဲ့ကြတာ။ ငါသာ လက်မြန်ခြေမြန်မရှိရင် သူတို့ ငါ့အတွက် အစအနလေးတောင် မချန်ထားမှာ စိုးရိမ်ရတယ်”
အဘိုးလီက အဘိုးသမ့်ရဲ့ စကားကို ကြားတော့ မနေ့တုန်းက သူ့သား ၊ သူ့မြေးနှင့် ရန်သတ်ခဲ့ရတာကို တန်းသတိရသွားသည်။ ဟူး ၊ အရသာရှိတဲ့ အစားအသောက်ရှေ့မှာ ဆိုရင် ဒီမြေးအဘိုး ဆက်ဆံရေးကလည်း အပေါ်ယံပဲ။
“အသားနှပ်ဟင်းက အရသာရှိပေမဲ့ အများကြီး စားမိသွားရင် ခန္ဓာကိုယ်တွင်း အပူကြီးဖို့ လွယ်တယ်။ ဒီ ချဉ်စပ် ငါးဟင်းကတော့ ပေါင်းတာလည်း မဟုတ်သလို နှပ်ထားတာလည်း မဟုတ်ဘူး။ အရည် နည်းနည်းပဲ ပါပေမဲ့ ထမင်းနဲ့ တွဲဖက်စားလို့ ရသေးတယ်။ အသားနှပ်ဟင်းနဲ့ ယှဉ်လိုက်ရင် သူ့အားသာချက်သူ ကိုယ်စီ ရှိကြတယ်။ လူ တစ်ယောက်ချင်းစီ ကြိုက်တဲ့ အရသာက မတူတော့ သူတို့ ကြိုက်တဲ့ ဟင်းလျာတွေကလည်း တူမှာ မဟုတ်ဘူး။ နောက်ပိုင်းကျ ရွေးချယ်စရာတွေ ပိုများလာအောင်လို့ ကျွန်မ ဟင်းတွေ ပိုချက်ကျွေးပါ့မယ်”
သူတို့မှာ ဘာစားရမလဲ ဆိုတာနှင့် ပတ်သက်လို့ တကယ်ပဲ လိုအပ်ချက် များများစားစား မရှိပါ။ အရသာရှိနေရင်ပဲ ရပြီ။
စုယန်ယန် ပြောတဲ့ စကားကို ကြားတော့ သူတို့အားလုံး ပြုံးပြီး ခေါင်းညိတ်လိုက်ကြသည်။ “ကောင်းပါပြီ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် ယန်ယန်ရယ်။ ငါတို့ ဘာမဆို အဆင်ပြေပါတယ်”
သခင်ကြီးချိန်ရဲ့ မျက်ခုံးတွေက တွန့်ချိုးသွားသည်။ မင်းတို့က ရာရာစစ ကြေး(ဂျီး)များရဲရင် များကြည့်လိုက်လေ … ။
ချဉ်စပ် ငါးဟင်းကို ပြုလုပ်ရန် ပြင်ဆင်စရာတွေ အများကြီး ရှိသည်။ နေ့လယ်စာကို အချိန်မီ ချက်ပြုတ်ရန်အတွက် စုယန်ယန်က ငါး နှစ်ကောင်ကို ယူလာခဲ့သည်။ သူမ မီးဖိုချောင်ထဲ ဝင်ခဲ့ချိန်မှာ ဟောက်ချန်ဟွမ်းလည်း သူမနောက် လိုက်လာတာကို သတိထားမိသွားသည်။
“ရှင် ဘာလို့ လိုက်လာတာလဲ”
“မင်းကို ကူညီပေးမလို့လေ”
“ရှင်က ကူညီပေးမှာ … ” စုယန်ယန်က သူ နောက်နေတာလား ဆိုတာ ကြိုးစား အကဲခတ်နေသကဲ့သို့ သူ့ကို အချိန် အတော်ကြာအောင် ထိတ်လန့်စွာ ကြည့်နေမိသည်။
ကံမကောင်းစွာဖြင့် သူမ စိတ်ပျက်သွားမိသည်။
ဟောက်ချန်ဟွမ်းက တကယ့်ကို အတည်ပေါက် ပြောနေတာ ဖြစ်ပြီး တစ်စက်ကလေးတောင် နောက်ပြောင်နေဟန် မပေါ်ပါ။
“ကိုယ် မင်းကို ဂရုစိုက်ပေးမယ်လို့ ခုနတုန်းက ပြောထားတယ်လေ” သူ ဟင်း ဘယ်လို ချက်ရမလဲ ဆိုတာ မသိသော်လည်း ဟိုနည်းနည်း ဒီနည်းနည်းတော့ ကူညီပေးနိုင်ပါသည်။
စုယန်ယန်က သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူမ တစ်ချိန်တည်းမှာပဲ ရယ်လည်း ရယ်ချင် ၊ စိတ်နှလုံးလည်း နွေးထွေးသွားမိသည်။ လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက သူမ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ဖို့ အစီအစဉ် မရှိခဲ့ပုံကို ပြန်တွေးမိတော့ မီးဖိုချောင်လေးထဲမှာ ကူပေးမယ့် လူတွေ ရှိတာလည်း ကောင်းသားပဲဟု တွေးမိသွား၏။ ဒါပေမဲ့ …
စုယန်ယန်က ဟောက်ချန်ဟွမ်းကို ခေါင်းစခြေဆုံး ကြည့်လိုက်သည်။ ဟောက်ချန်ဟွမ်းက သုံး ၊ လေးခေါက်လောက်ပဲ မီးဖိုချောင်ဝင်ဖူးလောက်မည်။ မီးဖိုချောင်သုံး ဓားကိုပင် ထိဖူးမည် မဟုတ်ဘဲ သူ့လက်တွေကလည်း အလွန် သန့်ရှင်းနေသည်။
သူ့ကို ကုမ္ပဏီကို စီမံအုပ်ချုပ်ခိုင်းတာ အဆင်ပြေသော်လည်း ဟင်းချက်တဲ့ နေရာမှာ ဝင်ကူခိုင်းရမှာကတော့ …
စုယန်ယန်သည် ကောင်းကျိုးနှင့် ဆိုးကျိုးကို တွက်ဆပြီးမှ သူ့အတွက် အရိုးရှင်းဆုံး တာဝန် တစ်ရပ်ကို ပေးလိုက်သည်။ “ကျွန်မကို ဆန်ကူဆေးပေး။ ဟောဟိုမှာ ဆန်အိုး ရှိတယ်။ ဒီနေ့ လူတွေ အများကြီး ရှိတော့ ထမင်းတွေလည်း အများကြီး ပိုချက်ရမယ်။ လေးဇွန်း ခပ်မောက်မောက် ထည့်လိုက်ရင် လူတိုင်းအတွက် လောက်မယ် ထင်တယ်” ဟောက်ချန်ဟွမ်းက တာဝန်ကို လက်ခံပြီး တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ သူ ယောက်ချိုဇွန်းကို ကိုင်ပြီး ဆန်အိုးဆီ လျှောက်သွားလိုက်၏။
ဆန်ဆေးရတာကို ရိုးရှင်းတဲ့ တာဝန် တစ်ရပ်လို့ ထင်ထားသော စုယန်ယန်သည် ဘာမှ သိပ်မတွေးဘဲ ငါးကို အကြေးခွံ စ,နွှာနေလိုက်သည်။
သူမက ဓားကိုင်ကျွမ်းသဖြင့် မျက်စိ တစ်မှိတ်အတွင်းမှာပဲ ငါး နှစ်ကောင်ကို သန့်စင်ပြီးစီးသွားပြီ ဖြစ်သည်။ သို့သော် သူမရဲ့ နောက်ဘက်မှာ ဘာလှုပ်ရှားသံကိုမှ မကြားရ။
သူမ လှည့်ကြည့်လိုက်တော့ ဆန်ထည့်ထားတဲ့ အိုး တစ်လုံးကို လက်ထဲမှာ ကိုင်လျက် ရေပိုက်ခေါင်းရှေ့မှာ ရပ်နေသော ဟောက်ချန်ဟွမ်းကို မြင်လိုက်ရသည်။ သူက ကြေး(ဂျီး)ချွတ်ဆေး အနည်းငယ်ကို ညှစ်ယူဖို့ လုပ်နေတာ ဖြစ်သည်။
641 02
“နေဦး” စုယန်ယန် အော်လိုက်ပြီး သူ အိုးထဲကို ကြေး(ဂျီး)ချွတ်ဆေးတွေ ညှစ်မချနိုင်သေးခင်မှာပဲ နောက်ကို လှမ်းဆွဲလိုက်၏။
“ဟမ်” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ရုတ်တရက် အပြုအမူကြောင့် အံ့ဩ နားမလည်နိုင် ဖြစ်သွားသည်။
ရင်ဘတ်ထဲကနေ နှလုံး ခုန်ထွက်လာတော့မလို ခံစားရနေသော စုယန်ယန်က အသက်ပြင်းပြင်း တစ်ချက် အရင် ရှူလိုက်သည်။ “ရှင် ကြေး(ဂျီး)ချွတ်ဆေးနဲ့ ဆန်ဆေးလို့ မရဘူးလေ။ အမှုန်အမွှားတွေကို ရေနဲ့ ဆေးချပြီး အဲ့လို ပုံစံမျိုးနဲ့ သုံး ၊ လေးခါလောက် ဆန်ဆေးရမှာ”
ဟောက်ချန်ဟွမ်းက ခဏကြာအောင် နှုတ်ဆိတ်သွားပြီးမှ အနည်းငယ် စိုးရိမ်လာမိသည်။ “အဲ့ဒါက … သေချာ ပြောင်အောင်ရော သန့်စင်နိုင်ပါ့မလား”
“သန့်စင်နိုင်တာပေါ့။ အစကတည်းက ဆန်က အဲ့လောက် ညစ်ပတ်နေတာမှာ မဟုတ်တာ။ သုံး ၊ လေးခေါက်လောက် ဆေးရုံနဲ့တင် လုံလောက်တယ်”
စုယန်ယန်က အဲ့လို ပြောနေပြီမို့ ဟောက်ချန်ဟွမ်းကလည်း ဘာမှ ဆက်ပြောမနေတော့ပါ။ သူ ဆန်ကို ရေနှင့် ဂရုတစိုက် စတင် ဆေးကြောနေလိုက်သည်။ ဘယ်လောက်ထိတောက် သေချာ ဆေးနေလဲ ဆိုရင် ဆန်လေး တစ်ခါ ဆေး,ပြီးဖို့ နေ့တစ်ဝက်တောင် ကြာသွားလေသည်။
စုယန်ယန် ဆွံ့အသွား၏။ ထားလိုက်ပါတော့ ၊ သူ ဒီလို စိတ်ကြည်ပြီး မီးဖိုချောင်ဝင်ချင်စိတ်ပေါက်တယ် ဆိုတာ ရှားတယ်။ သူ ကြိုက်သလို ဆန်ဆေးပါစေ။
++++