အခန်း ၆၄၂
Vol. 43 Ch. 642
642 01
အခန်း ( ၆၄၂ ) ရှင် ဘာလို့ ကျွန်မကို အဲ့လိုကြီး ကြည့်နေတာလဲ။
သူ့ရဲ့ နမော်နမဲ့ အပြုအမူတွေကို ကြည့်နေသော စုယန်ယန်မျက်လုံးထဲမှာ အပြုံးပန်းတွေ ဝေနေသည်။
ဒီလို ပုံစံမျိုးနှင့် ဆိုလျှင် သူမ ဟောက်ချန်ဟွမ်းကို ခက်ခက်ခဲခဲ တာဝန်တွေ မပေးရဲတော့ပါ။
သူမ သူ့ကို တစ်မနက်လုံး မီးဖိုချောင်လေးထဲမှာ ဟင်းသီးဟင်းရွက်တွေကို ရေဆေးခိုင်းထားလိုက်သည်။ စုယန်ယန်က ငါးကို အတုံး သေးသေးလေးတွေ ဖြစ်အောင် လှီးနေရင်း ဟောက်ချန်ဟွမ်းရဲ့ လှုပ်ရှားမှုတွေကိုလည်း မျက်ခြည်အပြတ်မခံ လှမ်းကြည့်နေရသည်။
စုယန်ယန်ရဲ့ ဓားကိုင်စွမ်းရည်တွေကို ဟောက်ချန်ဟွမ်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ မမြင်ဖူးတာ မဟုတ်ရပါ။ ဖန်သားပြင်ကနေ တစ်ဆင့် ကြည့်ရတဲ့ ခံစားချက်က မတူ ကွဲပြားနေတာပါ။
ပြီးတော့ ပုံမှန်အားဖြင့် စုယန်ယန်က ပါဝင်ပစ္စည်းတွေကို တိုက်ရိုက် ထုတ်လွှင့်မတင်ဆက်ခင်ကတည်းက ကြိုတင် ပြင်ဆင်ထားလေ့ ရှိသည်။ သူမရဲ့ ဓားကိုင်စွမ်းရည်တွေ ထုတ်ပြတာကို မြင်ရဖို့ အခွင့်အရေး သိပ်မရခဲ့ပေ။
အခု အခွင့်အရေးရတုန်း သူ ကြည့်မိတော့မှ နည်းနည်းလေး ဆွံ့အသွားရသည်။
စုယန်ယန်က ငါး နှစ်ကောင်ကို အဆုံး သေးသေးလေးတွေ ဖြစ်အောင် လှီးပြီးသွားတော့ ဟောက်ချန်ဟွမ်းကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်ချိန်မှာ အကြည့်ချင်း ဆုံသွား၍ အံ့ဩသွားသည်။
“ဘာဖြစ်လို့လဲဟင်။ ရှင် ဘာလို့ ကျွန်မကို အဲ့လိုကြီး ကြည့်နေတာလဲ”
ခိုးကြည့်တာ လူမိသွားသော ဟောက်ချန်ဟွမ်းသည် ရှက်ပြီး မလုံမလဲ ဖြစ်သွားမိသည်။ “ဘာမှ မဖြစ်ပါဘူး။ ကိုယ် မင်းကို တစ်ခုခု ကူညီပေးနိုင်တာ ရှိမလားလို့ပါ”
“ရှင် ဟင်းသီးဟင်းရွက်တွေ ဆေးတာ ပြီးသွားပြီလား” စုယန်ယန် သွားကြည့်လိုက်တော့ ရေ သေချာ ဆေးပြီး သပ်သပ်ရပ်ရပ် စုပုံထားသော ဟင်းသီးဟင်းရွက်တွေကို တွေ့လိုက်ရသည်။
ကြည့်စမ်း ၊ ဒီဉာဏ်ကောင်းတဲ့ လူက အရာရာတိုင်းကို တကယ့်ကို ခဏလေးနဲ့ သင်ယူနိုင်တာပဲ။ သူ ဆန်ဆေးနေပုံကို ကြည့်ပြီးနောက် ဒီတစ်ခေါက် ဟင်းသီးဟင်းရွက်ဆေးမှာကိုလည်း သူမ စိုးရိမ်နေခဲ့ပေမဲ့ အခုတော့ သူက ကျွမ်းကျင်သွားပြီ ဖြစ်သည်။
“ကျွန်မ လောလောဆယ်တော့ ဘာအကူအညီမှ မလိုဘူးရယ်။ ရှင် ပျင်းနေရင် အရင်ဆုံး အပြင်ထွက်နှင့်လေ။ ဟိုနားဒီနား လမ်းလျှောက်ရင် လျှောက် ၊ မဟုတ်ရင် အဘိုးဆီ သွားပြ သူတို့ ငါးမျှားနေတာကို ကြည့်ပေါ့”
ဟောက်ချန်ဟွမ်းက ဘာမှ စဉ်းစားမနေဘဲ ချက်ချင်း ပြောလိုက်သည်။ “ကိုယ်က မင်း ဟင်းချက်တာပဲ ကြည့်ချင်တာ”
စုယန်ယန် တစ်ယောက် အံ့ဩရှက်ရွံ့သွားမိသည်။ “မီးဖိုချောင် တစ်ခုလုံး မီးခိုးတွေနဲ့ ပြည့်နေတာ”
“ကိုယ်က အဝေးကြီးမှာလေ။ မင်းကမှ ပိုနီးတာပါ”
မင်းက မီးဖိုနဲ့ အဲ့လောက် နီးနေတာတောင် မကြောက်သေးတာကို ၊ ကိုယ်က ဒီတိုင်း ရပ်ကြည့်နေတဲ့ လူလေ။ ကိုယ်က မင်းလောက် သတ္တိမရှိလို့လား ဟူ၍ တစ်ဖက်လှည့်နှင့် ပြောလိုက်တာပဲ ဖြစ်သည်။ ဟောက်ချန်ဟွမ်းက ခေါင်းမာနေ၍ စုယန်ယန်ကလည်း ဘာမှ ဆက်ပြောမနေတော့။
စုယန်ယန်သည် ချဉ်စပ် ငါးဟင်းကို မချက်ခင် တူညီသော နည်းလမ်းကို အသုံးပြုကာ အတုံး သေးသေးလေးတွေ တုံးထားတဲ့ ငါးတွေကို ကြော်လိုက်သည်။ ထို့နောက် အိုးထဲမှာ ဟင်းသီးဟင်းရွက်တွေနှင့် ငါးတွေကို ရောချက်လိုက်၏။
ငါး နှစ်ကောင်ထဲမှာ တစ်ကောင်ရဲ့ ခေါင်းက တော်တော်လေး ကြီးသည်။ ငါးကိုင်ထားသော စုယန်ယန်ကို အဲ့ဒါကို သတိထားမိသွားကာ နောက်ဆုံးတော့ ထိုငါးခေါင်းကို သက်သက် ဖယ်ထားပြီး ချဉ်စပ် ငါးခေါင်းဟင်းချို ချက်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ချဉ်စပ် ငါးဟင်းရော ၊ အသားနှပ်ဟင်းရော နှစ်မျိုးလုံးက အလွန် စားချင်စရာကောင်းသည်။ စုယန်ယန်က ဒီဟင်းကို အဘိုးတွေ ပထမဆုံးအကြိမ် စားပြီးနောက် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ခန္ဓာကိုယ်တွင်း အပူချိန်တွေ မြင့်တက်လာမှာကို စိုးရိမ်မိသည်။ ထို့ကြောင့် အပူချိန်ကို လျှော့ချရန်အတွက် သစ်ခွနှင့် လတ်ဆတ်သော ခရုတွေကို နှပ်ချက်လိုက်ပြီး ချောင်းခြောက်ဆိုးသည့် ရောဂါကို ကုသရာတွင် ထိရောက်သော တရုတ် ဆေးဖက်ဝင် အပင် တစ်မျိုး၏ အမြစ်ဥကို ပြုတ်ကာ လက်ဖက်ရည် ချက်လိုက်သည်။
ဒီနေ့ အိမ်မှာ လူတွေ အများကြီး ရှိနေတာမို့ စုယန်ယန်ရဲ့ ဟင်းလျာတွေကလည်း မနေ့တုန်းကထက် ပိုလို့ များပြားနေခဲ့သည်။
အရသာလေးပင်သည့် ငါးခေါင်း ချဉ်စပ် ဟင်းချို ၊ ချဉ်စပ် ငါးဟင်းနှင့် အသားနှပ်ဟင်းအပြင် တိုဟူးနှင့် ကြက်သွန်နီကို ရောချက်ထားသည့် ဟင်းလျာ ၊ ရှီတာကီမှိုနှင့် ဝက်သားဟင်း ၊ ပဲစိမ်းခြောက်ကြော် ၊ ဝိုင်နှင့် နှပ်ပြီးမှ ချက်ထားသည့် အသားလုံးဟင်း စသည်ဖြင့် ဟင်းတွေ ဖွယ်ဖွယ်ရာရာ ရှိနေသည်။
642 02
မီးဖိုချောင်လေးထဲမှ ပျံ့လွင့်လာသည့် ဟင်းလျာတွေရဲ့ မွှေးရနံ့က နောက်ဖေးခြံဝန်းထဲမှာ ဆက်ငါးမျှားနေသလို ဟန်ဆောင်နေသော အဘိုးအိုတွေရဲ့ အစာအိမ်ကို တဂွီဂွီ မြည်လာစေကာ ဂဏှာမငြိမ် ဖြစ်လာစေခဲ့သည်။ ဆာလောင်မှုကို သည်းခံကာ ဆက်လက် ငါးမျှားနေစဉ်မှာပဲ အရှေ့ဘက်က အော်ခေါ်သံကို ကြားလိုက်ရသည်။ နောက်ကျကျန်ခဲ့လျှင် စားကောင်းသောက်ဖွယ်တွေကို မစားရမှာ စိုး၍ ချက်ချင်းပဲ လက်ထဲက ငါးမျှားတံတွေကို လွှင့်ပစ်ကာ အပြေးအလွှား ထွက်လာခဲ့ကြသည်။
သူတို့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်နှင့် အရင်တုန်းက တစ်ခါမှ မမြင်ဖူးသော ဟင်းလျာတွေကို စုယန်ယန် မီးဖိုချောင်ထဲမှ ယူလာကာ သူတို့ရှေ့ ချပေးလိုက်သည်။ “ဂလု”
မနက်တုန်းက ဘာမှ သိပ်စားမထားသော အဘိုးကြီးများသည် တံထွေးမျိုချချင်စိတ်အား ထိန်းမရပေ။ သူတို့ တံထွေးမျိုချမိလိုက်ပြီ ဆိုတာ သူတို့ကိုယ်သူတို့ သိသွားတော့မှ ဘေးမှာ ထိုင်နေတဲ့ လူတွေကို အိုးတိုးအမ်းတမ်း အမူအရာဖြင့် ကြည့်လိုက်မိလေသည်။
+++++