အခန်း ၆၄၄
Vol. 43 Ch. 644
644 01
အခန်း ( ၆၄၄ ) အဖေ ကျွန်တော့်ကိုပါ ခေါ်သွားလို့ ရမလား။
အဘိုးကြီးတွေက ထိုစကားကို ကြားတော့ မကျေမနပ် ဖြစ်သွားကြသည်။ “မင်းက တရားလွန်လွန်းတယ် အဘိုးကြီးချန်။ ငါတို့က ယန်ယန့်ကို ဘာလို့ ငါတို့ရဲ့ စားဖိုမှူးလို ဆက်ဆံရမှာလဲ။ အခု ငါတို့က ဒီတိုင်းလေး … ”
“ဟုတ်တယ် ဟုတ်တယ်။ ဒီတိုင်းလေး စပ်စုကြည့်ချင်တာ။ စပ်စုချင်တာထက် မပိုပါဘူး”
အဘိုးလီကတော့ တခြား လူတွေလို ပြောသင့် ၊ မပြောသင့် မတွေးတတ်သူမို့ သခင်ကြီးချိန်ရဲ့ ရည်ရွယ်ချက်ကို ချက်ချင်းပဲ ဖော်ထုတ်ပစ်လိုက်သည်။ “ဟမ့် ၊ အစားကောင်း အသောက်ကောင်းတွေ အကုန်လုံးကို မင်း တစ်ယောက်တည်း စားပစ်ချင်လို့ သူတော်ကောင်းယောင်ဆောင်နေတာ ဆိုတာ ငါ မသိဘူး ထင်နေလား”
“ငါ တစ်ယောက်တည်း စားလိုက်တော့ရော ဘာဖြစ်လို့လဲ။ ယန်ယန်က ငါ့မြေးလေ ၊ မင်းမြေးမှ မဟုတ်တာ။ သူမက ဘာလို့ မင်းကို ဟင်းချက်ကျွေးရမှာလဲ”
“မင်းကို သဘောထားသေးသိမ်မှန်း သိပေမဲ့ ဒီလောက်ထိတော့ ဆိုးဝါးလိမ့်မယ်လို့တော့ ထင်မထားဘူး အဘိုးကြီးရဲ့”
အဘိုးကြီးတွေက နောက်တစ်ခေါက် ငြင်းခုံနေကာ စုယန်ယန်ကတော့ လွတ်ရာလွတ်ကြောင်းကို ရှာဖွေနေခဲ့သည်။ သူမ ဟောက်ချန်ဟွမ်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး စိတ်သက်သာရာရသွားသော သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်၏။
သူတို့ဟာ ပါးစပ်ကသာ ငြင်းခုံနေကြသော်လည်း လက်တွေကတော့ နည်းနည်းလေးတောင် နှေးမသွားဘဲ တရစပ် စားသောက်နေခဲ့သည်။ နာရီဝက် မပြည့်ခင်မှာပဲ စားပွဲပေါ်မှာ ရှိတဲ့ အစားအသောက်တွေ အကုန်လုံး ပြောင်ရှင်းသွား၏။ အသက် ခုနှစ်ဆယ်ကျော် ၊ ရှစ်ဆယ်ကျော် အဘိုးကြီး နှစ်ယောက် ၊ သုံးယောက်သည် အစာကျေအောင် လမ်းလျှောက်ဖို့ပင် တစ်ယောက်ကို တစ်ယောက် ဆွဲထူပေးရတဲ့အထိ အလွန် ဗိုက်တင်းသွားခဲ့ကြသည်။
ထိုညမှာ အဘိုးလီရဲ့ သားက အိမ်ပြန်ရောက်သည်နှင့် သူ့အဖေကို နားလည်ရခက်သော အမူအရာဖြင့် ကြည့်ပြီး တွန့်ဆုတ်ဆုတ် မေးလာခဲ့သည်။ “အဖေ ဒီနေ့ ဦးလေးချန်တို့အိမ်မှာ နေ့လယ်စာ သွားစားတာလား”
သခင်ကြီးချိန်က မျက်ခုံးပင့်ပြီး ခပ်တင်းတင်း ပြောလိုက်သည်။ “အဲ့လို ဆိုတော့ရော ဘာဖြစ်လို့လဲ။ ငါက မင်းကို သူများအိမ်မှာ နေ့လယ်စာ သွားစားလိုက်ပါဦးမယ် ဆိုပြီး သံတော်ဦးတင်ခဲ့ရဦးမှာလား”
“ကျွန်တော်က အဲ့လို သဘော ပြောတာ မဟုတ်ပါဘူး အဖေရဲ့”
အဘိုးလီက သူ့ကို မျက်စောင်းခဲလိုက်သည်။ “ဒါဆို ဘာသဘောနဲ့ ပြောတာလဲ”
“အဖေ နောက်တစ်ခေါက် သူတို့အိမ်မှာ သွားစားရင် ကျွန်တော့်ကိုပါ ခေါ်လို့ ရမလားလို့ မေးချင်လို့ပါ”
အဘိုးလီ : “??? ”
အဘိုးလီရဲ့ မြေးအကြီးဆုံးက သူ့အဖေစကားကို ကြားကာ မျက်လုံးတွေ တောက်ပသွားသည်။ သူလည်း ဘေးထွက်မနေချင်တာမို့ ဝင်ပြောလိုက်၏။ “သားလည်း လိုက်ချင်တယ် ၊ သားလည်း လိုက်ချင်တယ်။ သားကိုပါ ခေါ်သွားပေး”
အဘိုးလီ : “… ” မင်းရဲ့အဘိုး ငါကိုယ်တိုင်တောင် နေ့လယ်စာ အလကား စားရဖို့ အများကြီး ကြိုးစားခဲ့ရတာ။ အဲ့ဒါတောင် ငါက မင်းတို့လို အရာရာတိုင်းကို ဖျက်ဆီးဖို့က လွဲပြီး ဘာမှ အသုံးမကျတဲ့ သားအဖကို ခေါ်သွားရဦးမယ်တဲ့လား။ သွား ၊ အိပ်မက်ပဲ မက်နေလိုက်။
တခြား အဘိုးအိုတွေရဲ့ အိမ်မှာလည်း တူညီတဲ့ အဖြစ်အပျက်တွေ ဖြစ်နေခဲ့သည်။ သူတို့အတွက် အကျပ်အတည်း အခြေအနေ တစ်ခုကိုတောင် ရင်ဆိုင်ရလုနီးပါးပါပဲ။
ဟိုတစ်နေ့တုန်းက လက်တွဲ အလုပ် လုပ်ဖို့ အတင်းအကျပ် ပြောခံရပြနောက်တွင် ဟေးရီ အန်တာတိန်းမန့်သည် စုယန်ယန်ကို နောက်ထပ် သုံး ၊ လေးခေါက် ထပ်ချဉ်းကပ်လာခဲ့ကြသည်။ အခေါက်တိုင်း သူမကို သူတို့နှင့် ပူးပေါင်းဖို့ ပြောနေတာမို့ စုယန်ယန်ကလည်း သဘာဝကျစွာပင် လျစ်လျူရှုထားခဲ့သည်။
ပြီးတော့ ရှေးခေတ်ယဉ်ကျေးမှု သုတေသနအဖွဲ့အစည်းကလည်း စုယန်ယန်ကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဖို့ ကြိုးစားနေသည်။ သူတို့က ရှေးခေတ်ယဉ်ကျေးမှုတွေအကြောင်း စုယန်ယန်နှင့် ဆွေးနွေးချင်နေပေမဲ့ စုယန်ယန်ကတော့ ငြင်းဆန်လိုက်သည်။
သူမ ဘာကို လုပ်နိုင်တယ် ၊ ဘာကို မလုပ်နိုင်ဘူး ဆိုတာ ကိုယ့်ဘာသာ ကောင်းကောင်း သိသည်။ သူမကို စနစ်က ပေးအပ်ထားတဲ့ စွမ်းရည် အများစုက ဆေးပညာနှင့် ပတ်သက်သော စွမ်းရည်တွေ ဖြစ်သည်။ ရှေးခေတ်စာအုပ်တွေက အပေါ်ယံ ဟန်ပြ သက်သက်ပါပဲ။
644 02
သူမ ထိုကျွမ်းကျင်ပညာရှင်တွေနှင့် အမှန်တကယ် ဆက်ဆံချင်လျှင် လူထုရှေ့ကို ထွက်ပြရလိမ့်မည်။
သို့သော်လည်း သူတို့က စုယန်ယန်အား တခြား တစ်ခုကို သတိပေးခဲ့သည်။
လော့ပေါင်ကမ်းသည် “အော်ပရာမင်းသမီး ” ဇာတ်လမ်းတွဲကို လက်လွှဲ ယူပြီးနောက် ထုတ်လုပ်ရေးအဖွဲ့သည် လိုအပ်တဲ့ လူတွေ ၊ ပစ္စည်းတွေကို ပြင်ဆင်ဖို့ အိုဗာတိုင်တွေ စဆင်းနေကြပြီ ဖြစ်ကာ လူရွေးပွဲအတွက် သရုပ်ဆောင်တွေကိုလည်း ရွေးချယ်ပြီးသွားပါပြီ။
လောလောဆယ် စုယန်ယန်ရဲ့ ကုမ္ပဏီမှာ နျဉ်ချီလွေ့က ဒုတိယ အအျိုးသားဇာတ်လိုက်နေရာကို မထင်မှတ်ဘဲ အောင်မြင်ထားတဲ့ တစ်ဦးတည်းသော အနုပညာရှင် ဖြစ်သည်။ တခြား အဓိကဇာတ်ကောင်နေရာတွေက လစ်လပ်နေဆဲ ရှိသေးသည်။
အထူးသဖြင့် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက် နေရာတွေ။ ရွှယ်ချိုင်ဝေနှင့် လော့ဝေပင်းကို “စိတ်ဝိညာဉ်ပွဲတော် ” ရဲ့ အမျိုးသားဇာတ်လိုက် ၊ အမျိုးသမီးဇာတ်လိုက်အဖြစ် ရွေးချယ်ပြီးသားမို့ သူတို့ နှစ်ယောက်ကို ဒီဇာတ်လမ်းတွဲမှာ ထပ်သရုပ်ဆောင်ခိုင်းလို့ မရတော့ပေ။
ကုမ္ပဏီက အရည်အချင်းရှိတဲ့ လူရယ်လို့ လုံးဝ မရှိတာတော့ မဟုတ်။ နည်းနည်းပဲ ရှိတာရယ်ပါ။ နောက်ဆုံးမှာ ဘယ်သူက အကျိုးအမြတ်ဖြစ်ထွန်းမှာလဲ။
သို့သော်လည်း လော့ပေါင်ကမ်းနှင့် သူ့ဇနီးအတွက်တော့ အဓိက ဇာတ်လိုက်တွေက ဘယ်သူပဲဖြစ်ဖြစ် ပရော်ဖယ်ရှင်နယ်လို သရုပ်ဆောင်ရမည့် အမျိုးသမီးဇာတ်လိုက်အနေဖြင့် ဇာတ်ဝင်ခန်းတွေကို စတင် သရုပ်မဆောင်မီ မဒမ်လော့ဆီမှာ လ အနည်းငယ်ကြာအောင် အခြေခံ အရည်အချင်းတွေကို လာသင်ယူတာကပဲ အကောင်းဆုံး ဖြစ်လေသည်။
+++++