အခန်း ၆၄၆
Vol. 44 Ch. 646
646 01
အခန်း ( ၆၄၆ ) သူ မတရား ခံရတာပါ။
မှိုင်းမှိုင်းရင့်ရင့် မိတ်ကပ်တွေကို ဖယ်လိုက်တော့ ကျန်းချန့်ဝမ်က အနည်းငယ် ရှက်ရွံ့နေပုံရသည်။ စုယန်ယန် သူ့ကို ကြည့်လိုက်လျှင် သူ့မျက်နှာက ချက်ချင်း နီရဲသွားလေသည်။
သူ့မျက်နှာက ဖြူစွတ်နေတာမို့ တစ်မျက်နှာလုံး နီရဲသွားတာ အလွန် သိသာပါသည်။
“ကျွန်တော့်ဆံပင်က အရမ်း ကြည့်ရဆိုးလို့ အမည်းရောင် ပြန်ဆိုးစေချင်တယ် ဆိုပြီး အစ်မပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော် အမည်းရောင် ပြန်ဆိုးလိုက်ပေမဲ့ ပုံမှန် ဝတ်နေကျ အဝတ်တွေနဲ့ ဆံပင်အမည်းနဲ့ ထူးဆန်းနေလို့ ဒီလို ပုံစံ ပြောင်းလိုက်တာ”
စုယန်ယန်က ကျန်းချန့်ဝမ်ကို လှည့်ပတ် လျှောက်ကြည့်ပြီး အံ့ဩစွာ ပြောလိုက်သည်။ “ကြည့်ရတာတော့ ငါ့ရဲ့ အလှအပ စံချိန်စံနှုန်းတွေက ပုံမှန်ပဲ ထင်ပါတယ်။ နင့်ကို အခု ကြည့်လိုက်ပါဦး။ ဆံပင်ပုံစံနဲ့ အဝတ်အစားတွေကို ပြောင်းလိုက်တာနဲ့ လုံးဝ တခြား လူ တစ်ယောက်လို ပြောင်းလဲသွားတာ။ နင့်ရဲ့ လက်ရှိ ပုံစံနဲ့ ဆိုရင် ကျောင်းထဲက ကြိုက်တဲ့ ကောင်မလေးကို ခေါင်းခေါက် ယူလို့ ရသွားပြီ မဟုတ်လား။ အရင်တုန်းကလို ပုံစံနဲ့သာ ဆိုရင် ကောင်မလေးတွေက နင့်ကို ကြည့်ဖို့ နေနေသာသာ နင် မမြင်အောင် ပုန်းနေရင်တောင် ကံကောင်း”
ကျန်းချန့်ဝမ်က စုယန်ယန်ရဲ့ စစနောက်နောက် စကားကို ကြားတော့ အစကတည်းက နီရဲနေပြီးသား မျက်နှာသည် အချိန်မရွေး လောင်ကျွမ်းသွားတော့မည့် ခရမ်းချဉ်သီး တစ်လုံးလို ဖြစ်သွားသည်။
စုယန်ယန်က သူ့ကို စူးစမ်းသလို ကြည့်လိုက်သည်။ “နင် ဘာလို့ ရှက်နေတာလဲ”
“ဒါ ကျွန်တော့်ပုံစံပဲလေ။ ကျွန်တော်က လွယ်လွယ်နဲ့ ရှက်တတ်တယ်ဗျ” ကျန်းချန့်ဝမ်က ဟောက်ချန်ဟွမ်းကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။ “ကျွန်တော်က လူတိုင်းကို ဒီလို ပုံစံပဲ ဆက်ဆံတာပါ။ အစ်မတစ်ယောက်တည်းကိုပဲ မဟုတ်ဘူး” သူ့အပေါ် ဟောက်ချန်ဟွမ်းရဲ့ အမြင်က လုံးဝ ပြောင်းလဲသွားပြီ ဆိုတာ သူ နည်းနည်းတော့ သိသည်။
ဒီခွေးကောင်လေးက သူ့ဇနီးကို လာသွေးဆောင်ဖြားယောင်နေတာပဲ။ သူ့ရှေ့မှာတောင် အကွက်တွေ လာရွေ့ရဲနေ၏။ အတင့်ရဲလိုက်တာကွာ။
“ဒါပေမဲ့ နင် အရင်တစ်ခေါက်တုန်းကကျ … ”
စုယန်ယန်က “နင် အရင်တစ်ခေါက်တုန်းကကျ တစ်စက်ကလေးတောင် မရှက်ပါဘူး။ လုံးဝ တည်ငြိမ်နေတာပါ” ဟု ပြောလိုက်ချင်သော်လည်း သူမတို့အိမ်ကို ကျန်းချန့်ဝမ် လိုက်လာဖူးတဲ့ အရင်တစ်ခေါက်ကို ပြန်သတိရသွားသည်။ အဲ့တုန်းက သူ့မျက်နှာပေါ်က မိတ်ကပ်ဟာ ထူလွန်းလို့ ဇွန်းနှင့် ခြစ်ချလို့တောင် ရသည်။
သို့သော် ဘယ်လောက်ပဲ မိတ်ကပ်ထူပါစေ ၊ ကမ္ဘာကြီးနှင့် ရန်ဖြစ်ထားသလို ပုံစံပေါက်နေတဲ့ သူ့ကို စုယန်ယန်ရဲ့ စိတ်ထဲမှာ စွဲမြဲနေသည်။ မဟုတ်မှလွဲရော …
“မဟုတ်မှလွဲရော နင် အရမ်း ရှက်နေလို့ ဘယ်သူမှ နင့်ကို သတိမထားမိအောင် အဲ့လို ပုံစံမျိုး တမင်တကာ ဝတ်ထားခဲ့တာလား”
ကျန်းချန့်ဝမ်က ခဏလောက် အေးခဲသွားချိန်မှာ သူ တပ်ထားသော မျက်နှာဖုံးလည်း ကွာကျသွားသည်။ စုယန်ယန်ရဲ့ စကားတွေကို ဝန်ခံကာ သူ့မာနကို အဖတ်ဆယ်ဖို့ ကြိုးစားလိုက်၏။ “အစ်မ အဲ့ဒါကို … အရမ်း မိုက်တယ်လို့ မထင်ဘူးလား”
646 02
“မထင်ပါဘူး” စုယန်ယန်က ငတုံး မဟုတ်ပါ။ ကျန်းချန့်ဝမ်ရဲ့ မလုံမလဲ အမူအရာကနေ တစ်ဆင့် အမှန်တရားကို သူမ ခန့်မှန်းထားပြီးသား ဖြစ်သည်။
သူမ စိတ်ထဲကနေ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ တကယ်တော့ လူ တစ်ယောက်ကို အပေါ်ယံ အသွင်အပြင် ကြည့်ပြီး အကဲခတ်လို့ မရပါ။ ကြာပန်းဖြူမလေး တစ်ယောက်ရဲ့ အရေပြားအောက်မှာ ဉာဏ်နီဉာဏ်နက်တွေ ဖုံးကွယ်နေနိုင်သလို မာကျောတင်းမာဟန်ပေါက်နေတဲ့ ဂျစ်ကန်ကန် ကောင်လေး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း နုနယ်တဲ့ ယုန်လေး တစ်ကောင် ရှိနေနိုင်သည်။
ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့ ခပ်တိုးတိုး ချောင်းဟန့်လိုက်ပြီး သူတို့စကားဝိုင်းကို ဖြတ်ပြောကာ သတိပေးလိုက်သည်။ “သခင်ကြီးကျန်းနဲ့ သခင်မကြီးကျန်းက အထဲမှာ စောင့်နေတယ်လေ ယန်ယန်။ အရင် ဝင်ရအောင်”
သူ့စကားတွေက စုယန်ယန်အား အရေးကြီး ကိစ္စ တစ်ရပ်ကို သတိပေးလိုက်၏။ သူမရဲ့ စူးစမ်းချင်စိတ်ကို ချိုးနှိမ်ပြီး ခေါင်းညိတ်ပြလိုက်သည်။ “အိုး။ ဟုတ်သားပဲ။ ငါတို့ နင့်ညီမလေးနဲ့ တွေ့ဖို့ လာခဲ့တာ”
ကျန်းချန့်ဝမ်က သူ့ကို စုယန်ယန် ဆက်ကြည့်မနေတာကို မြင်တော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ “အဘိုးနဲ့ ကျွန်တော့်အစ်မက အိမ်ထဲမှာ အစ်မတို့ကို စောင့်နေတာ။ အစ်မတို့ အရင် ဝင်သွားလိုက်နော်”
စုယန်ယန်က ခေါင်းညိတ်လိုက်ပြီး ဟောက်ချန်ဟွမ်းရဲ့ လက်ကို ဆွဲကာ အထဲခေါ်လာခဲ့လိုက်သည်။
ဟောက်ချန်ဟွမ်းက ကျန်းချန့်ဝမ်နံဘေးမှ ဖြတ်သွားချိန်မှာ သူ့ကို သတိပေးချက် အပြည့် ပါဝင်သည့် အေးစက်စက် အကြည့်ဖြင့် ကြည့်ခဲ့လိုက်သည်။
ကျန်းချန့်ဝမ် : “??? ” ဘာဖြစ်တာလဲ။
သခင်ကြီးကျန်းက သူတို့ နှစ်ယောက်ကို အိမ်ထဲမှာ အမှန်တကယ် စောင့်နေတာ ဖြစ်သည်။ သူတို့ နှစ်ယောက် အိမ်ထဲ ဝင်လာတာကို မြင်တော့ သူ့မျက်လုံးတွေ အရောင်တောက်သွား၏။ သို့သော် သူတို့နား ကပ်သွားဖို့ ခြေလှမ်းပြင်လိုက်ချိန်မှာပဲ ဟောက်ချန်ဟွမ်းရဲ့ အေးစက်စက် အကြည့်နှင့် အကြည့်ချင်း ဆုံလိုက်ရသည်။
သခင်ကြီးကျန်း : “??? ” ဘာဖြစ်လို့ပါလိမ့်။ သူ့မျက်နှာက ရှုံ့မဲ့နေတာပဲ။ သူ့ရဲ့ မွေးရကျိုးမနပ်တဲ့ မြေးလေးက နောက်တစ်ခေါက် ပြဿနာထပ်ရှာပြန်ပြီလား။
ကျန်းချန့်ဝမ် : “… ” သူ .. သူ … သူ မတရား ခံရတာပါ။
+++++