အခန်း ၆၅၀
Vol. 44 Ch. 650
650 01
အခန်း ( ၆၅၀ ) မွေးနေ့ပွဲ ပြင်ဆင်မှုများ။
“လောလောဆယ် ကျန်းမိသားစုက အပေါ်ယံမှာ ကောင်းကောင်း လုပ်နေပေမဲ့ တကယ်တမ်းကျ အားနည်းနေပြီ ၊ ဘာမှလည်း သိပ်မလုပ်နိုင်တော့ဘူး။ သခင်ကြီးကျန်းသာ ဟောက်ကော်ပိုရေးရှင်းမှာ ပြောရေးဆိုခွင့်ရှိတဲ့ လူ မဟုတ်ရင် … ” သူတို့မိသားစုက ကျရှုံးနေပါပြီ။
စုယန်ယန် နားမလည်သေးပေ။ “ဒါပေမဲ့ အဲ့လို ဆိုရင် သခင်ကြီးကျန်းက ကျန်းချန့်ဝမ်ကို သေချာ ဂရုစိုက်ပေးသင့်တယ မဟုတ်ဘူးလား။ ဒါမှမဟုတ် သူက ဟိုမိန်းမရဲ့ သားကို ပိုချစ်နေတာလား”
သို့သော်လည်း ထိုအကြောင်းကို သေချာ တွေးကြည့်လိုက်တော့ အဲ့ဒါက သိပ်မဖြစ်နိုင်ဘူး ဆိုတာ သူမ သဘောပေါက်သွားသည်။ ဘာပဲပြောပြော သူတို့ တွေ့ဆုံခဲ့သည့် သုံးခေါက်လောက်မှာ သခင်ကြီးကျန်းက ထိုမောင်နှမ နှစ်ယောက်ကို အမြဲ ခေါ်လာခဲ့ပါသည်။
ပထမဆုံးအကြိမ်က လွဲလို့ နောက်ပိုင်းမှာ သူ့သားနှင့် ချွေးမအကြောင်း တစ်ခါမှ ထည့်မပြောတော့။
ထိုသားနှင့် ချွေးမကို သူ သိပ်သဘောမကျပုံရသည်။ ဟောက်ချန်ဟွမ်း မျက်မှောင်ကြုတ်ပြီး အထင်တသေး ပြောလိုက်သည်။ “သူက ငယ်လွန်းသေးတယ်”
“ငယ်လွန်းသေးတယ် …. ”
“သူ့ညီမလေးကလည်း အလားအလာရှိတယ်။ သူမပါ မင်းကုမ္ပဏီကို ဝင်နိုင်ရင် ပိုကောင်းတယ်”
ဟောက်ချန်ဟွမ်းက စုယန်ယန် နားမလည်မှာကို စိုးရိမ်နေပုံပေါ်သည်။ သူ ထပ်ပြောလိုက်၏။ “မင်းကုမ္ပဏီထဲကို ဝင်လိုက်တာက သူမက ကိုယ့်ကာကွယ်မှုအောက်မှာ ရှိတယ် ဆိုတဲ့ သဘောပဲ။ ဦးလေးကျန်းရဲ့ သားရဲ့ မိန်းမက ဟောက်ချီဟန်နဲ့ ပတ်သက်နေတယ်”
“သူမက ဟောက်ချီဟန်နဲ့ ပတ်သက်နေတယ် .. ဟုတ်လား” စုယန်ယန် ထိတ်လန့်သွားသည်။ “ဦးလေးကျန်းရဲ့ သားက ဟောက်ချီဟန်ကို ကူညီနေတယ်လို့ ရှင် ပြောချင်တာလား”
“အင်း” မဟုတ်ရင် ဟောက်ချန်ဟွမ်းက သခင်ကြီးကျန်းကို ချဉ်းကပ်ခဲ့မှာ မဟုတ်ပေ။
သခင်ကြီးကျန်း ရှိနေလျှင် သူ့သားက ထိုမိန်းမကို ဘယ်လောက်ထိ အချစ်စိတ်မွှန်နေပါစေ ၊ သူ့သားက ပြဿနာရှာနိုင်မှာ မဟုတ်ပေ။
ကျန်းမိသားစုရဲ့ ထိုသားက သခင်ကြီးကျန်းနှင့် တစ်အိမ်တည်း မနေဘူး ဆိုတာကို စုယန်ယန်လည်း နားလည်သည်။
တကယ်လို့ သခင်ကြီးကျန်းသာ ဟောက်ချန်ဟွမ်းကို အမှန်တကယ် ထောက်ခံလျှင် ထိုအမှိုက်ကောင်နှင့် သူ့မိန်းမဟာ ကျန်းမောင်နှမကို ရက်စက်စွာ ထိန်းချုပ်ပြီး သခင်ကြီးကျန်းကို ခြိမ်းခြောက်မှာ ဖြစ်သည်။
ကျန်းချင်းရို့ကတော့ အဆင်ပြေသေးသည်။ ပြောရရင် သူမက အတိုင်းအတာ တစ်ခုထိလည်း အသက်ကြီးနေပြီမို့ သူမကိုယ်သူမ ကာကွယ်နိုင်ပါလိမ့်မည်။ အခြား တစ်ဖက်၌ ကျန်းချန့်ဝမ်ကတော့ ရူးတူးတူး ပေါတောတောနှင့် လိမ်ရလွယ်ပုံပေါ်သည်။
အကြောင်းအရင်းကို ရှာဖွေပြီးနောက်တွင် စုယန်ယန်က ထိုကိစ္စကို ဆက်မစဉ်းစားတော့ပေ။ သူမ ရှားကျွင်းရှန်ကို ဖုန်းလှမ်းဆက်ပြီး အခြေအနေကို သူ့ကို ရှင်းပြလိုက်၏။ နေ့ရက်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားကာ ဟောက်ချန်ဟွမ်းရဲ့ မွေးနေ့ ရောက်လာသည်။
ပြီးခဲ့တဲ့ ( ၁၅ ) ရက်ကတည်းက ဦးလေးကျန်းက ထိုအကြောင်းကို ပြောထားပြသားမို့ စုယန်ယန်က ဟောက်ချန်ဟွမ်းအတွက် မွေးနေ့လက်ဆောင်ကို လျို့ဝှက် ပြင်ဆင်နေခဲ့သည်။
ဒါပေမဲ့ လက်ဆောင် တစ်ခု ပြင်ရတာ မခက်ခဲပါ။ ခက်ခဲတဲ့ အစိတ်အပိုင်းက သူ့မွေးနေ့မှာ ဘယ်လို စပရိုက်တိုက်ရမလဲ ဆိုတာပဲ ဖြစ်သည်။
ဟောက်ချန်ဟွမ်းက စုယန်ယန်နှင့် ဒီရက်ပိုင်းတွေမှာ အတူ ရှိနေတာမို့ နှစ်ယောက်အတူ တပူးပူး တတွဲတွဲ ခွဲလို့ မရ။ စုယန်ယန်က သူတို့ကို ပထုတ်ဖို့ နည်းလမ်းကို စဉ်းစားမရသောကြောင့် သူမရဲ့ ဦးလေး ကုရှောက်ယန်နှင့် တခြား လူတွေကို အကူအညီတောင်းဖို့သာ တတ်နိုင်လေသည်။
သူတို့က ထိုအကြောင်း စဉ်းစားကြည့်ပြီး ဟောက်ချန်ဟွမ်းကို အိမ်ထဲကနေ ခေါ်ထုတ်ဖို့ အကြောင်းအရင်းကို ဆုံးဖြတ်လိုက်ကြသည်။
650 02
ကံကောင်းချင်တော့ ချင်ရွှယ်ရူက ထိုနေ့မှာ ဆေးစစ်မှု အသေးစားလေး လုပ်ရန်အတွက် ဆေးရုံကို သွားဖို့ ရှိသည်။ ထုံးစံအတိုင်းပင် ချန်ကျွင်းဟောက်က သူမနှင့်အတူ ဆေးရုံကို လိုက်သွားမှာ ဖြစ်သည်။
ဆေးရုံကို ထိုစုံတွဲ ရောက်သွားသောအခါ ချန်ကျွင်းဟောက်က ဟောက်ချန်ဟွမ်းကို ဖုန်းဆက်ပြီး သူ့ကုမ္ပဏီမှာ ပြဿနာလေး ရှိနေ၍ အိမ်ကနေ စာရွက်စာတမ်း တစ်စောင်ကို အရေးတကြီး လိုအပ်နေကြောင်း ပြောလိုက်သည်။ ထိုစာအုပ်က သူ့အခန်းစားပွဲပေါ်မှာ ရှိသည်။ သူက ဆေးရုံမှာ လောလောဆယ် ချင်ရွှယ်ရူ ဆေးစစ်တာကို အဖော်လိုက်ပေးနေသဖြင့် ထွက်သွားလို့ မရ။ သူက ဟောက်ချန်ဟွမ်းကို ကူညီပေးနိုင်မလားဟု အကူအညီတောင်းလိုက်သည်။
ဟောက်ချန်ဟွမ်းက အိမ်မှာ တော်တော်လေး အားနေတာမို့ ဒီလို အကူအညီလေးကို ငြင်းပယ်မှာ မဟုတ်ပေ။ ထိုစာရွက်စာတမ်းကို ချက်ချင်း ယူပြီး ထွက်လာခဲ့လိုက်သည်။
ကုမ္ပဏီကို ရောက်တော့ သူ့ကို ချန်ကျွင်းဟောက် ပြောထားသော ရာထူးအမြင့်ပိုင်း ဝန်ထမ်းတွေနှင့် တွေ့နေရ၍ ချက်ချင်း ပြန်သွားလို့ မရပါ။ ထို့ကြောင့် စုယန်ယန်မှာ စီစဉ်စရာရှိတာတွေ စီစဉ်ဖို့ အချိန်ရလာခဲ့သည်။
ဟောက်ချန်ဟွမ်းက အချိန်မရွေး ပြန်လာနိုင်သောကြောင့် စုယန်ယန်က အိမ်အပြင်အဆင်တွေကို အန်တီဖန့်နှင့် အိမ်အကူတွေအား တာဝန်ပေးလိုက်ပြီး သူမကတော့ ကိုယ် အကောင်းဆုံး လုပ်နိုင်သော အရာကို လုပ်ရန် မီးဖိုချောင်ထဲ ဝင်ခဲ့လိုက်သည်။
+++++