အခန်း ၆၅၂
Vol. 44 Ch. 652
652 01
အခန်း ( ၆၅၂ ) ကလေးတဲ့လား။
“အမဲသား နွားလျှာ ငရုပ်ဆီဟင်းအပြင် နောက်ထပ် ဟင်းလျာ တစ်မျိုးကတော့ သွားရည်ယို ကြက်သားဟင်းပဲ ဖြစ်ပါတယ်”
“သွားရည်ယို ကြက်သားဟင်း ဆိုလို့ ဒီဟင်းထဲမှာ သွားရည်တွေ ပါတယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးနော်။ ဒီဟင်းထဲမှာ ပါတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက ပါးစပ်ကို ထုံပြီး အလိုလို သွားရည်ယိုလာစေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ” စုယန်ယန်က အမွေးနှုတ်ပြီး သန့်ရှင်းထားသော ကြက်ဝါလေး တစ်ကောင်ကို ထုတ်ကာ အိုးထဲ ထည့်ချက်လိုက်သည်။
“ဒီဟင်းကလည်း အအေးစာပါပဲ။ ရှင်တို့ ကြက်သားကို အရင်ဆုံး ချက်ရမယ်။ ဒါပေမဲ့ အရမ်း အကြာကြီး မချက်မိအောင်တော့ သတိထားရမယ်။ အကြာကြီးချက်လိုက်ရင် ကြက်သားက အကျက်လွန်ပြီး မာသွားလိမ့်မယ် ၊ အဲ့ကျ လွယ်လွယ်နဲ့ ဖဲ့လို့ ရတော့မှာ မဟုတ်ဘူး။ ဆယ်မိနစ်လောက် ချက်ပြီးသွားရင် ကြက်သားကို ဆယ်ပြီး အအေးခံဖို့ ရေအေးနဲ့ စိမ်ထားလိုက်ပါ။ ဒီအဆင့်က ကြက်သားကို ကျစ်ကျစ်လစ်လစ်လေး ဖြစ်စေပြီး အပေါ်ယံ အရေခွံကိုလည်း နူးနူးညံ့ညံ့လေး ဖြစ်စေပါလိမ့်မယ်”
ထို့နောက် ဟင်းခတ်အမွှေးအကြိုင် အရည်တွေ အကုန်လုံးကို အဝါရောင် ကြက်ကလေးထဲ ထည့်လိုက်၏။
“နောက်ဆုံး ဟင်းပွဲကတော့ ‘ သစ်ပင်ပေါ်ကို တက်နေတဲ့ ပုရွက်ဆိတ်တွေ ’ လို့ ခေါ်တဲ့ ခေါက်ဆွဲကြော် ဖြစ်ပါတယ်။ နာမည်က အဲ့လို ဖြစ်နေလို့ ပုရွက်ဆိတ်တွေကို ချက်စားရတာ မဟုတ်ပါဘူးနော်။ ဒီဟင်းလျာမှာ သုံးရမယ့် အသားကို လုံးဝ သေးသေးလေးတွေ ဖြစ်နေအောင် တုံးရတဲ့အတွက် ခေါက်ဆွဲပေါ်ကို တက်နေတဲ့ ပုရွက်ဆိတ်လေးတွေနဲ့ တူပါတယ်။ အဲ့လိုကနေ ဒီနာမည်ကို ရလာတာပါ”
တကယ်တော့ ဆီနည်းနည်းသာ သုံးပြီး ကြော်ရတဲ့ ခေါက်ဆွဲကြော်နှင့် ဝက်သားစင်းကောအစပ်ကို ချက်ရတာ မခက်ပါ။ ဝက်သားကို ဂျင်း ၊ ကြက်သွန်ဖြူတွေနှင့် ချက်ပြီးသွားလျှင် ဂျုံခေါက်ဆွဲ ၊ စွပ်ပြုတ်တွေနှင့် ချက်လို့ ရပါပြီ။
ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) လည်း ပြီးခါနီးပြီမို့ စုယန်ယန်သည် ခရင်မ်ကို ပြင်ဆင်စရာသာ ကျန်တော့သည်။
ကံကောင်းစွာဖြင့် ချန်မိသားစုမှာ စားဖိုမှူးရော ၊ မီးဖိုချောင်သုံး ပစ္စည်းတွေရော အများကြီး ရှိသောကြောင့် အလိုအလျောက် ကြိတ်စက် တစ်လုံးလည်း ရှိနေသည်။
စုယန်ယန်က ကြိတ်စက်ကို သုံးကာ ခရင်မ်ကို မွှေပြီးနောက် အောက်ခြေကိတ်မုန့်လည်း အဆင်သင့် ဖြစ်သွားသည်။
စုယန်ယန်က အရိုးရှင်းဆုံး သစ်သီးကိတ်မုန့်ကို ရွေးချယ်ထား၏။ ကိတ်မုန့်ပေါ်မှာ ခရင်မ် တစ်လွှာကို တင်လိုက်ပြီးနောက် သစ်သီးဖျော်ရည် အနည်းငယ်နှင့် ခရင်မ်ကို ရောပြီး တခြား အရောင်တွေ ထွကိလာအောင် လုပ်ကာ ကိတ်မုန့်ထောင့်စွန်းမှာ ပန်းပုံသဏ္ဍာန် အခက်အလက်လေးတွေ ဆွဲလိုက်သည်။
နောက်ဆုံးတော့ အပေါ်ဆုံးက အဖြူရောင် ခရင်မ်တွေပေါ်မှာ “ပျော်ရွှင်စရာ ( ၂၇ ) နှစ်ပြည့် မွေးနေ့ပါ ကျွန်မရဲ့ ခင်ပွန်းရေ” ဟု ရေးလိုက်လေသည်။
ထိုစာကို အနီရောင်တောက်တောက် စတော်ဘယ်ရီလေးတွေက ဝန်းရံထား၏။ ကြည့်ရတာ အလွန် လှပပြီး အသည်းပုံလေးကိုလည်း စတော်ဘယ်ရီတွေနှင့် ပုံဖော်ထားသေးသည်။
“ပြီးပြည့်စုံတယ်” စုယန်ယန်က ကျေနပ်စွာ လက်ခုပ်တီးလိုက်သည်။
“အိုး ၊ ဟုတ်သားပဲ။ သက်ရှည်ကျန်းမာ ခေါက်ဆဲလည်း လုပ်ရဦးမယ်” စုယန်ယန်သည် ကိတ်မုန့်ကို စိုက်ကြည့်နေရင်းမှ ဖျတ်ခနဲ သတိရသွားကာ နဖူးကို ပိတ်ရိုက်လိုက်သည်။ သူမ နောက်ထပ် ဂျုံမုန့်ညက် တစ်ခုကို အမြန် နှဲပြီး သက်ရှည်ခေါက်ဆွဲကို စတင် ပြုလုပ်လိုက်၏။
သက်ရှည်ခေါက်ဆွဲရဲ့ ထူးခြားတဲ့ လက္ခဏာတွေထဲမှ တစ်ခုဟာ လူတစ်ယောက်စာကိုပဲ ချက်ရတာ ဖြစ်သည်။ ချက်ပြုတ်ရာမှာလည်း ခေါက်ဆွဲမျှင်တွေကို မပြတ်အောင် ချက်ရပြီး စားတဲ့အခါမှာလည်း ခေါက်ဆွဲမျှင်တွေကို မပြတ်အောင် စားတာက အကောင်းဆုံးပါပဲ။
သက်ရှည်ခေါက်ဆွဲက ကျန်းမာပျော်ရွှင်စွာ အသက်ရှည်ရှည် နေသွားနိုင်ပါစေ ဆိုတဲ့ အဓိပ္ပာယ်ဆောင်သည်။
မွေးနေ့ကိတ်ရှေ့မှာ ခေါက်ဆွဲပန်းကန်ကို မချသေးမီ ခေါက်ဆွဲတွေ လုံးထွေးမသွားဘဲ လတ်လတ်ဆတ်ဆတ် ကျစ်ကျစ်လစ်လစ်လေး ဖြစ်နေစေရန်အတွက် ထိုခေါက်ဆွဲ တစ်ပန်းကန်ကို ပြင်ဆင်ရာမှာ အနည်းငယ် အားစိုက်ထုတ်ဖို့ လိုသည်။
652 02
စုယန်ယန်က ခေါက်ဆွဲတွေကို အမြန်ဆုံး ပြင်ဆင်လိုက်ပြီး ထည့်ရမယ့် ပါဝင်ပစ္စည်း တချို့ကို ရှာဖို့ ခေါင်းမော့လိုက်ချိန်မှာ ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားပြီး တစ်ဖက်ကို ယိုင်သွား၏။
မီးဖိုချောင် ကောင်တာနှင့် သူမရဲ့ ဗိုက် တိုက်မိတော့မည့် အချိန်မှာပဲ လုံခြုံရေး လေအိတ်လို အရာ တစ်ခု ရုတ်တရက် ပေါ်လာကာ သူမကို မီးဖိုချောင် ကောင်တာနှင့် မတိုက်မိအောင် ကာကွယ်ပေးခဲ့လေသည်။
စုယန်ယန်သည် စက္ကန့်ပိုင်းလောက် မူးဝေနေပြီးမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်။ ဘေးတစ်ဖက်ရှိ အံဆွဲကို သူမ ထိန်းကိုင်ထားလိုက်၏။
တစ်ချိန်တည်းမှာပဲ သူမရဲ့ ခေါင်းထဲမှာ စက်ရုပ်သံလို ခပ်စူးစူး အသံ တစ်ခု ထွက်ပေါ်လာသည်။ [ သတိပေးချက် ၊ သတိပေးချက်။ Host ရဲ့ ခန္ဓာကိုယ်က အရမ်း ပင်ပန်းနေပြီ။ ဒီပုံအတိုင်း ဆက်သွားရင် ကလေးရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်။ ကျေးဇူးပြုပြီး အမြန်ဆုံး အနားယူပြီး အားဖြည့်ပါ ၊ ကလေး ဘေးကင်းတာ သေချာအောင်လည်း လုပ်ပါ။ ကျွန်တော် ထပ်ပြောပါမယ် Host … ]
စုယန်ယန်ကတော့ စနစ်ရဲ့ နောက်ဆက်တွဲ စကားတွေကို မကြားရတော့ပေ။ ထိတ်လန့်စွာ မျက်လုံးပြူးရင်း သူမရဲ့ ရှုပ်ထွေးနေသော စိတ်ထဲမှာ စကားလုံး တစ်လုံးတည်းကိုသာ ဆက်တိုက် ရေရွတ်နေမိတော့လေသည်။
ကလေးတဲ့လား … ။ အဲ့ဒါက သူမ တွေးနေသလိုမျိုးလား။
+++++