← Chapters

အခန်း ၆၅၅

Vol. 44 Ch. 655

အခန်း ၆၅၅

Vol. 44 Ch. 655

655 01

အခန်း ( ၆၅၅ ) ဖယောင်းတိုင်တွေကို မီးမှုတ်ပြီး ဆုတောင်းမလား။

သခင်ကြီးချိန်ရဲ့ မျက်နှာက နောက်ဆုံးတော့ ကြည်ကြည်လင်လင် ပြန်ဖြစ်သွားသည်။ သူက အဘိုးလီကို မကျေမချမ်း လှည့်ကြည့်ကာ စိတ်ကျေနပ်သွားပုံဖြင့် နှာခေါင်းရှုံ့လိုက်၏။

အဘိုးလီက နှာခေါင်းကို ပွတ်သပ်လိုက်သည်။ ကိုယ့်အတတ်နှင့် ကိုယ် စူးတာပင်။ လက်ရှိအချိန်က အဘိုးချိန်ကို ရန်စဖို့ အချိန်ကောင်း မဟုတ်သေးကြောင်း နားလည်သွားကာ သူ ဘာမှ ပြန်ပြောမနေတော့ပေ။

စုယန်ယန်က စိတ်အေးသွားသော သက်ပြင်းလေး မှုတ်ထုတ်ပြီး ဟောက်ချန်ဟွမ်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူတို့ရဲ့ လက်ချောင်းတွေ သွယ်ယှက်သွား၏။

ဟောက်ချန်ဟွမ်း အံ့ဩသွားကာ သူရဲ့ တင်းမာနေတဲ့ မျက်နှာလည်း နောက်ဆုံးမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။

သူ စိတ်သိပ်မကြည်ဘူး ဆိုတာ စုယန်ယန် သိသောကြောင့် သူ့ကို ဧည့်ခန်းထဲမှာ ဆက်မနေခိုင်းတော့ဘဲ တခြားလူတွေနှင့် စကားစမမြည် ပြောပြီးမှ ဟောက်ချန်ဟွမ်းကို သူတို့အခန်းထဲ ပြန်ခေါ်သွားလိုက်၏။ တခြားလူတွေက ထိုအဖြစ်အပျက်ကို သိပ်အာရုံမစိုက်ကြ။

ဒီစုံတွဲလေးက နှစ်ယောက်တည်း သီးသန့် စကားပြောရင်း အချိန်ကုန်ချင်နေသည်ဟု သူတို့ တွေးလိုက်ကြသည်။

သူတို့မှာလည်း စားပွဲအပြည့် စားကောင်းသောက်ဖွယ်တွေ ရှိနေတာမို့ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို သိပ်အာရုံမစိုက်မိကြ။

အခန်းတံခါးကို ပိတ်ပြီးသည်နှင့် စုယန်ယန်က ဟောက်ချန်ဟွမ်းကို စိတ်ပါလက်ပါ နမ်းလိုက်သည်။ ဟောက်ချန်ဟွမ်း အံ့ဩသွားသော်လည်း ချက်ချင်းပဲ သတိဝင်လာကာ အလိုက်သင့် တုံ့ပြန်လိုက်ပါသည်။

တစ်ခါတရံမှာ အနမ်းတွေကို မီးသတ်ဆေးဘူးအဖြစ် အမှန်တကယ်ပင် အသုံးပြုလို့ ရသည်ဟု ပြောလို့ ရသည်။

ကိုယ့်ကို လာနမ်းတဲ့ လူက ကိုယ် သဘောကျတဲ့ လူ ဖြစ်နေဖို့တော့ လိုသေးတာပေါ့လေ။ မဟုတ်ရင် မီးသတ်ဆေးဘူးကနေ လောင်စာဆီ တိုင်ကီကြီး ဖြစ်သွားလိမ့်မည်။

စုယန်ယန်က နမ်းပြီးသွားတော့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ အမူအရာကို တစ်ချက် ခိုးကြည့်လိုက်သည်။ သူမ ခေါင်းငုံ့ပြီး ခပ်တိုးတိုး ပြောလိုက်၏။ “ရှင် မွေးနေ့ပွဲကျင်းပရတာကို မကြိုက်တာ သိပါတယ်။ ဒီနေ့ ဒီပွဲကို ကျွန်မဆုံးဖြတ်ချက်နဲ့ ကျွန်မ စီစဉ်ခဲ့တာရယ်။ ရှင် ဒေါသထွက်နေရင် ကျွန်မကို ဆူလို့ ရတယ်နော်။ စိတ်ထဲမှာ ချုပ်တည်းမထားနဲ့”

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ဆူပူနိုင်တဲ့ထိ အသည်းမမာပေ။ စုယန်ယန်ရဲ့ လှလှပပ ပြင်ထားတဲ့ ဆံပင်ကို မြင်တော့ သူ သက်ပြင်းချလိုက်သည်။ “မင်း ဘယ်အချိန်ကတည်းက စပြင်ဆင်ထားတာလဲ”

“ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက” စုယန်ယန်က ဟောက်ချန်ဟွမ်းကို ခေါင်းမော့ပြီး ကြည့်လိုက်သည်။ သူမရဲ့ တောက်ပတဲ့ မျက်လုံးလေးတွေထဲမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေသည်။ “သူတို့ကို ရောင်စုံ စက္ကူစတွေ ဝယ်ပြီး အိမ်ထဲမှာ အလှဆင်ဖို့ ကျွန်မ မှာထားခဲ့တာ။ စားပွဲပေါ်က ဟင်းပွဲတွေ အကုန်လုံးကိုလည်း ကျွန်မ တစ်ယောက်တည်းပဲ ချက်ထားတာ ၊ အထူးသဖြင့် ဟိုကိတ်မုန့်ကြီးပေါ့။ ကိတ်မုန့်ပေါ်က ပန်းပွင့်တွေ ၊ အခက်အလက်တွေကို ဆွဲဖို့ အကြာကြီး အချိန်ယူလိုက်ရတယ်”

တက်ကြွနေသော စုယန်ယန်ကို မြင်ချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက နူးညံ့သွားသော်လည်း အဲ့ဒါက ခဏတာသာ ဖြစ်ပါသည်။

စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်သွားပြီးမှ သူ စကားဆက်လိုက်သည်။ “ဒီနေ့က ကိုယ့်မွေးနေ့ ဆိုတာ … မင်း ဘယ်လိုလုပ် သိတာလဲ”

“ကျွန်မတို့ ဒီကို မလာခင်တုန်းက ဦးလေးကျန်း ပြောပြထားတာ”

655 02

ဟောက်ချန်ဟွမ်းက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ဆက်ပြောဖို့ ပြင်နေစဉ်မှာပင် တစ်စုံတစ်ယောက်က တံခါးလာခေါက်လေသည်။ “မိန်းကလေးယန်ယန် … ”

“ရှိပါတယ်” အန်တီဖန့်ရဲ့ အသံကို အလွတ်ရနေသော စုယန်ယန်က အပြေးအလွှား တံခါးသွားဖွင့်ပေးလိုက်သည်။

“ဒါ ရှင့်အတွက် ကျွန်မ သေသေချာချာ လုပ်ထားတဲ့ သက်ရှည်ကျန်းမာ ခေါက်ဆွဲလေ။ ပူတုန်း မြန်မြန်လေး စားလိုက်။ မစားဘဲ အကြာကြီး ထားရင် စားကောင်းတော့မှာ မဟုတ်ဘူး”

“သက်ရှည်ကျန်းမာ ခေါက်ဆွဲ .. ဟုတ်လား” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ထဲမှ ခေါက်ဆွဲပန်းကန်ကို အံ့ဩကြောင်အသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“ဒါ ရှင့်မွေးနေ့အတွက် လုပ်ထားတဲ့ ခေါက်ဆွဲလေ။ တစ်ပန်းကန်လုံးထဲမှာမှ ခေါက်ဆွဲ တစ်မျှင်ပဲ ရှိတာ။ ရှင် ခဏနေ စားတဲ့အခါ အမျှင်ပြတ်ထွက်မသွားအောင် သတိထားနော်။ စစားတဲ့ အချိန်ကနေ တစ်ပန်းကန်လုံး ပြောင်သွားတဲ့အထိ ခေါက်ဆွဲကို အမျှင်မပြတ်အောင် စားနိုင်မှ ရှင့်ဆုတောင်းတွေ ပြည့်ဝလိမ့်မယ်”

ဟောက်ချန်ဟွမ်းက စုယန်ယန် ပြောပြတဲ့ ကျိုးကြောင်းဆီလျော်မှုမရှိသော စကားကို နားထောင်ကာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေသည်။

စုယန်ယန်က သူ တွန့်‌ဆုတ်နေတာကို သတိပြုမိပုံပေါ်သည်။ သူမ နှုတ်ခမ်းလေး စူပြီး သနားစဖွယ် ပြောလိုက်၏။ “ရှင် အခု စိတ်ညစ်နေတာ ကျွန်မ သိပါတယ်။ အဲ့ဒါကြောင့် ဖယောင်းတိုင်တွေကို မီးမှုတ်ပြီး ဆုတောင်းဖို့တောင် ရှင့်ကို မတောင်းဆိုခဲ့ဘူးလေ။ အနည်းဆုံးတော့ ရှင် အခု ခေါက်ဆွဲ စားသင့်တယ်။ ကျွန်မ ဒီခေါက်ဆွဲ တစ်ပန်းကန် ရဖို့ အကြာကြီး လုပ်ထားရတာ”

“ဖယောင်းတိုင်တွေကို မီးမှုတ်ပြီး ဆုတောင်းရမယ် … ”

စုယန်ယန် ဆွံ့အသွား၏။ ဒီခေတ်က လူ အများစုမှာ မွေးနေ့ပွဲတွေနှင့် ပတ်သက်လို့ အထူးတလည် အတွေးအခေါ်တွေ မရှိတာကို သူမ ရုတ်တရက် ပြန်သတိရသွားသည်။ ကိတ်မုန့်စား ၊ ဖယောင်းတိုင်မီးမှုတ်ပြီး ဆုတောင်းတာကို ခဏ ဖယ်ထားလိုက်ဦး။

“ရှင့်မိဘတွေ ရှိတုန်းက ရှင့်မွေးနေ့ကို နှစ်တိုင်း ဘယ်လို ကျင်းပလဲဟင်”

ဟောက်ချန်ဟွမ်းက ခဏ‌ကြာသည်ထိ တိတ်ဆိတ်သွသည်။ သူ့ကိုယ်သူတောင် မသိခင်မှာပဲ ခေါက်ဆွဲပန်းကန်ကို သူ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။ “သူတို့က အလုပ်နားပြီး ကိုယ့်ကို ကစားခိုင်းဖို့ အပြင်ခေါ်သွားတတ်တယ်။ ပြီးတော့ ကိုယ်တို့တွေ ညစာ အတူတူ စားကြတယ်”

+++++

All Chapters