အခန်း ၆၅၈
Vol. 44 Ch. 658
658 01
အခန်း ( ၆၅၈ ) တုံ့ပြန်မှု နှေးကွေးတဲ့ ဘော့စ်ဟောက်။
မနေ့ညတုန်းက လူတွေ အကုန်လုံး ပျော်ပျော်ရွှင်ရွှင် စားသောက်ပြောဆိုပြီးမှ အသီးသီး လူစုခွဲကာ အိမ်ပြန်သွားခဲ့ကြသည်။
ချင်ရွယ်ရူက ကိုယ်ဝန်ရှိနေတာမို့ အရမ်း နောက်ကျတဲ့ထိ မအိပ်ဘဲ နေလို့ မရပေ။ သူမ ခွဲထွက်လာပြီး အခန်းထဲ ပြန်သွားလိုက်သည်။
ချိန်ကျွင်းဟောက်က ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ သိပ်မကောင်းတာကို သတိပြုမိသည်။ သူ အခန်းကို ပြန်လာချိတ်မှာ နည်းနည်းလေး စိုးရိမ်နေတာမို့ သူ့ဇနီး အိပ်ပျော်သွားတော့မှ သူတို့ကို တစ်ချက် သွားကြည့်ဖို့ ထွက်လာခဲ့လိုက်သည်။
အဆုံးသတ်မှာတော့ အခန်းထဲမှာ ဝီရိယရှိတဲ့ ပျား တစ်ကောင်လို လှည့်ပတ် လျှောက်သွားနေသော ပုံရိပ် တစ်ခုကိုပဲ သူ မြင်လိုက်ရပါသည်။ ထိုပုံရိပ်က အကြာကြီး လှည့်ပတ် လျှောက်နေတာမို့ သူ အံ့ဩသွားခဲ့ရသည်။
စုယန်ယန်က ချိန်ကျွင်းဟောက် ပြောပြတဲ့ စကားကြောင့် အနည်းငယ် အံ့ဩသွားသည်။ သူမ အိပ်ပျော်သွားပြီးနောက် ဟောက်ချန်ဟွမ်း အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမယ် ဆိုတာကို စိတ်ကူးကြည့်လို့ ရသော်လည်း သူ သူမကို လာနှိုးမှာကို စိုးရိမ်သောကြောင့် ခံစားချက်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ရတာ ဖြစ်သည်။
သူမ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိသည်။ “အဲဒါက ဦးလေး ထင်နေသလို မဟုတ်ဘူးရယ်။ သူက မနေ့ညတုန်းက … နည်းနည်းလေး ပျော်နေလို့ပါ”
ချိန်ကျွင်းဟောက်နှင့် ချင်ရွယ်ရူတို့ စုံတွဲသည် ခဏလောက် နှုတ်ဆိတ်သွားပြီးမှ သဘောပေါက်သွားကြသည်။ “အံ့ဩစရာ မဟုတ်ပါဘူး”
“ဘာကို အံ့ဩစရာ မဟုတ်တာလဲဟင်”
“အဲ့လူငယ်လေး ဒီမနက် အစောကြီး အပြေးလေ့ကျင့်ဖို့ ထွက်သွားတာ အံ့ဩစရာ မဟုတ်ပါဘူးလို့ ပြောတာ။ ထူးဆန်းတယ်။ မနက် ငါးနာရီ ၊ ခြောက်နာရီလောက်ပဲ ရှိသေးတာ ၊ ကောင်းကင်ကလည်း လင်းတောင် မလင်းသေးဘူး။ အဲ့ဒါတောင် သူ ဘာလို့ အပြေးလေ့ကျင့်ဖို့ ထွက်သွားတာပဲ။ အဲ့တော့ ဖြစ်နိုင်တာက နင်တို့ နှစ်ယောက် … အဟမ်း အဟမ်း ၊ သူ အရမ်း တက်ကြွနေတာများလား”
ချိန်ကျွင်းဟောက်ရဲ့ စကားကြောင့် စုယန်ယန်ရဲ့ မျက်နှာလေးက ပန်းသီး တစ်လုံးလို နီရဲသွားသည်။
ချင်ရွယ်ရူက သူမရဲ့ ခင်ပွန်းကို မညှာမတာ ဆွဲဆိတ်ပြီး သတိပေးလိုက်၏။ “ဗိုက်ထဲမှာ ကလေး ရှိတယ်နော်။ ရှင် ဘာပေါက်ကရစကားတွေ ပြောနေတာလဲ”
ချိန်ကျွင်းဟောက်က နာကျင်စွာ အော်ရင်း သတိရသွားသည်။ သူ့ဇနီးရဲ့ ပူထွက်နေသော ဗိုက်လေးကို သူ အလျင်အမြန် ပွတ်ပေးပြီး ပြောလိုက်၏။ “ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ဖေဖေက စနေတာပါကွယ်။ ဖေဖေက စနေတာပါ။ အဲ့စကားကို မေ့လိုက်နော် ကလေးလေး” စုယန်ယန်သည် ချိန်ကျွင်းဟောက် တောင်းပန်နေသော စကားကို နားထောင်ရင်း သူမရဲ့ ဗိုက်ထဲက မမွေးဖွားရသေးတဲ့ ကလေးကို အလိုလို ကိုင်ကြည့်မိကာ အနည်းငယ် မျှော်လင့်ချက်မဲ့သွားမိလေသည်။
သူမရဲ့ ဗိုက်ထဲမှာ ကလေး ရှိနေကြောင်း သိသွားပြီးတဲ့နောက် ဒီကလေးလေး ပထမဆုံး သင်ကြားရတဲ့ မမွေးဖွားမီ သင်ခန်းစာဟာ သူ့အမေဘက်က ဦးလေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဖြစ်နေ၏။ အနာဂတ်မှာ သူက မိန်းမရှုပ်တဲ့ တေလေကြမ်းပိုးလေး တစ်ယောက် ဖြစ်မလာရင်တောင် ကံကောင်း။
သူတို့ သုံးယောက် စကားပြောနေစဉ် စကားဝိုင်းထဲမှာ အဓိက ပါဝင်သူက အပြင်ကနေ အလျင်စလို ပြေးဝင်လာခဲ့သည်။ သူ့နဖူးပေါ်မှာ ချွေးစက်တွေ စိုရွဲနေကာ မျက်လုံးတွေကတော့ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တောက်ပနေပါသည်။ “မင်း နိုးပြီလား။ မင်း ဘယ်အချိန်တုန်းက နိုးတာလဲ။ မင်း ဗိုက်ဆာနေပြီလား။ မင်း အခန်းထဲ ဝင်ပြီး လှဲနေရင် ကောင်းမယ် ထင်တယ်။ ကိုယ် မင်းအတွက် မနက်စာ ယူလာခဲ့မယ်။ အန်တီဖန့်က မင်းအကြိုက် ပင်လယ်စာ ဆန်ပြုတ်နဲ့ ပဲပေါက်စီ လုပ်ထားတယ်”
ဟောက်ချန်ဟွမ်းက တစ်စက္ကန့်တိတိ စကားရပ်သွားပြီးမှ စိတ်မချသလို မေးလာခဲ့သည်။ “မင်း အဲ့ဒါတွေကို အခု … စားလို့ရော ရရဲ့လား”
စုယန်ယန်သည် ခဏလောက် ဆွံ့အနေပြီးမှ သူမရှေ့မှ လူဟာ တစ်ခုခုတော့ မှားယွင်းနေကြောင်း နောက်ဆုံးမှာ နားလည်သွားသည်။
မနေ့တုန်းက ဟောက်ချန်ဟွမ်းရဲ့ အမူအရာဟာ ကိုယ့်ဇနီး ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရချိန်မှာ ပျော်ရွှင်စွာ ခုန်ပေါက်နေသည့် တီဗီဇာတ်လမ်းတွဲတွေထဲက အဖေတွေနှင့် မတူဘဲ တည်ငြိမ်အေးဆေးလွန်းသည်ဟု သူမ ခံစားခဲ့ရသည်။ အခု ကြည့်လိုက်တော့မှ ဟောက်ချန်ဟွမ်းက တုံ့ပြန်မှု အလွန် နှေးကွေးတာပါပဲ။ ဒါမှမဟုတ် သူမ ကိုယ်ဝန်ရှိနေတဲ့ သတင်းကို စ,စချင်း ကြားလိုက်ရတုန်းက အရမ်း အံ့ဩဆွံ့အနေခဲ့ပြီး အခုမှ စိတ်နှင့်ကိုယ် ပြန်ကပ်တာလား။
658 02
စုယန်ယန်က တစ်ချိန်တည်းမှာပဲ စိတ်လည်း စိတ်ဆိုး ၊ ရယ်လည်း ရယ်ချင်သွားသည်။ “ကျွန်မ နေမကောင်းဖြစ်နေတာမှ မဟုတ်တာ။ စားလို့ မရစရာ အကြောင်း ရှိလို့လား”
ဟောက်ချန်ဟွမ်းက စိတ်အေးသွားသော သက်ပြင်းလေး တစ်ချက် မှုတ်ထုတ်လိုက်သည်။ “အဲ့ဒါဆို တော်သေးတယ်။ ဒါဆို ကိုယ် မင်းအတွက် မနက်စာ ယူလာခဲ့ပေးမယ်နော်”
“ရှင် ယူလာပေးစရာ မလိုပါဘူး။ ကျွန်မဘာသာ သွားစားလို့ ရသားပဲ”
“ဒါဆို ကိုယ် မင်းကို ဘေးကနေ တွဲပေးရဦးမလား”
စုယန်ယန် သူ့ကို မျက်လုံးလှိမ့်ကာ ကြည့်လိုက်မိသည်။ “ကျွန်မက မသန်စွမ်း ဖြစ်နေတာမှ မဟုတ်တာ”
အခုမှ တစ်လပဲ ရှိသေးတာတောင် သူက အရမ်း အစိုးရိမ်ကြီးနေခဲ့ပါပြီ။ နောက် ခုနှစ်လ ၊ ရှစ်လ ဆိုရင် သူမကို နေ့တိုင်း ရင်ခွင်ထဲ ထည့်ဖက်ထားပြီး မြေကြီးပေါ်ကိုတောင် ခြေချခွင့်ပေးတော့မှာ မဟုတ်လောက်ဘူး။
ထိုဖြစ်နိုင်ချေကြောင့် စုယန်ယန်ရဲ့ ခန္ဓာကိုယ်လေးသည် ထိန်းချုပ်မှုကင်းမဲ့စွာ ဆတ်ခနဲ တုန်သွားလေသည်။ သူမ ထိုစိတ်ကူးကို ခေါင်းထဲကနေ အမြန် ထုတ်ပစ်လိုက်၏။
ချင်ရွယ်ရူနှင့် သူမရဲ့ ခင်ပွန်းကတော့ စုယန်ယန်တို့ရဲ့ စကားဝိုင်းကို တစ်လုံးမှ နားမလည်ကြပါ။
သူတို့က “နင် နေမကောင်းဖြစ်နေတာလား ယန်ယန် ” ဟု စိုးရိမ်တကြီး မေးလိုက်ကြသည်။
+++++