အခန်း ၆၆၁
Vol. 45 Ch. 661
661 01
အခန်း ( ၆၆၁ ) မနာလိုဖြစ်သွားတဲ့ သခင်ကြီးချိန်။
စုယန်ယန်က အနည်းငယ် အံ့ဩသွားသည်။ သိပ်မကြာသေးခင် အချိန်တုန်းက တကျည်ကျည် ပြောနေခဲ့တဲ့ တစ်စုံတစ်ယောက်ကို သူမ ပြန်သတိရသွားကာ ရယ်ရမလား ၊ ငိုရမလား မသိတော့။ “ဒီမုန့် လုပ်ရတာ မပင်ပန်းပါဘူး”
အံ့ဩစရာကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းက ခေါင်းမာစွာ ငြင်းဆန်နေခဲ့သည်။ “သူတို့ကိုပဲ ချက်ခိုင်းလိုက်ပါ။ မင်းက အနားယူသင့်တယ်”
စုယန်ယန်က ဟောက်ချန်ဟွမ်းကို အကြာကြီး စိုက်ကြည့်နေမိသည်။ သူ နောက်နေတာ မဟုတ်ဘူး ဆိုတာ မြင်သွားသောအခါ သူမမှာ သူ့ကို အလျှော့ပေး ၊ နှစ်သိမ့်ရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။ သူမ လက်ခံတာကို မြင်တော့မှ ဟောက်ချန်ဟွမ်းကလည်း စိတ်အေးသွားသော သက်ပြင်းလေး တစ်ချက် မှုတ်ထုတ်လိုက်သည်။ မနေ့ညတုန်းက သူ စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်နိုင်ခဲ့ပေ။ ညသန်းခေါင်ကြီး အိမ်ထဲမှာ လှည့်ပတ် လျှောက်နေရုံသာမက ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဆောင်သင့် ၊ ရှောင်သင့်တဲ့ အရာတွေ အများကြီးကို အင်တာနက်ပေါ်ကနေ ရှာဖွေမှတ်သားထားခဲ့သည်။
သူ မှတ်ထားတာတွေထဲက တစ်ခုကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အပင်ပန်းမခံသင့်ဘူး ဆိုတာပဲ ဖြစ်သည်။ ပင်ပန်းမှု ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ မလွယ်ပါ။
ဒါပေမဲ့ ဟောက်ချန်ဟွမ်းအတွက်တော့ စုယန်ယန်ရဲ့ အကူအညီကို လိုအပ်တဲ့ ကိစ္စတိုင်းဟာ သူမကို ပင်ပန်းစေလိမ့်မည် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သည်။
စုယန်ယန် ခန့်မှန်းတာ တစ်ခုတော့ မှန်ခဲ့ပါသည်။ သူမသာ လက်ခံလျှင် တစ်ယောက်သော သူက သူမကို သူ့နားကနေ တစ်ဖဝါးမှ ခွာစေမှာ မဟုတ်ဘဲ သူမ သွားချင်တဲ့ ဘယ်နေရာကိုမဆို ပွေ့ချီပေးသွားမှာ ဖြစ်သည်။
အသစ်စက်စက် စုံတွဲလေးရဲ့ စကားဝိုင်းကို နားထောင်နေသော ချင်ရွယ်ရူက အတော်လေး စိတ်ဝင်စားသွားသည်။ “ချန်ဟွမ်း ပြောတာ ဟုတ်တယ်။ နင် ပထမ သုံးလမှာ ဂရုစိုက်ဖို့ လိုတယ် ၊ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် မလုပ်နဲ့။ ဒီအတောအတွင်း ကောင်းကောင်း အနားယူ။ အန်တီဖန့်လည အိမ်မှာ ရှိတာပဲ။ တစ်ခုခု စားချင်တာ ရှိရင် သူ့ကို ပြောပြီး ဟင်းကူချက်ခိုင်းလို့ ရတယ်။ နင် တစ်ယောက်တည မချက်ရဘူးနော်”
ထိုစကားကို ပြောပြီးနောက် သူမ မျက်မှောင်ကြုတ်ပြီး နောင်တရစွာ ပြောလိုက်သည်။ “နင် ဒီကို စရောက်တဲ့ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကတည်းက များသောအားဖြင့် အိပ်ချင်နေတည။ ငါတို့က ရာသီဥတုအကူးအပြောင်းကြောင့် နင် ပျင်းနေတာ ထင်လို့ ဘာမှ သိပ်မတွေးခဲ့ကြတာ။ အခုမှ ပြန်တွေးကြည့်တော့ နင့်မှာ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့ လက္ခဏာတွေ ပြနေခဲ့တာပဲ”
ချင်ရွယ်ရူရဲ့ စကားကြောင့် ကျန်တဲ့ လူတွေလည်း မှတ်မိသွား၏။
စုယန်ယန်သည် ပိုလို့တောင် အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။ အကျိုးသင့်အကြောင်းသင့် ပြောရလျှင် သူမရဲ့ ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို ကျန်တဲ့ လူတွေထက် သူမက အရင် သိဖို့ ကောင်းသည်။
ဒါပေမဲ့ သူမကတော့ ထိုအချိန်တုန်းက နည်းနည်းလေးတောင် ဂရုမစိုက်မိဘဲ ဓမ္မတာလာခါနီးလို့ အဲ့ဒီလို ဖြစ်နေတာလို့ပဲ ထင်ခဲ့မိတာ ဖြစ်သည်။ ပြီးတော့ ဒီကို မလာခင်တုန်းက ဦးလေးကျန်း ပြောခဲ့တဲ့ စကားတွေကို ဆက်တိုက် တွေးမိနေပြီး ဟောက်ချန်ဟွမ်းရဲ့ မွေးနေ့ပွဲအတွက် ပြင်ဆင်စရာရှိတာတွေကို အာရုံစိုက်နေခဲ့၍ ထိုအကြောင်းကို ဘာမှ သိပ်မတွေးဖြစ်ခဲ့။
အခုမှ ပြန်တွေးကြည့်တော့ လွန်ခဲ့တဲ့ လဝက်ကတည်းက ဓမ္မတာ လာပြီးသွားတာပင်။ သူမ ဘယ်လောက်တောင် သတိလက်လွတ် ဖြစ်နေခဲ့မိတာပါလိမ့်။
စုယန်ယန်သည် မနေ့တုန်းက မီးဖိုချောင်ထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အကြောင်း ပြန်တွေးမိတော့ ခန္ဓာကိုယ်လေး သိမ့်ခနဲ တုန်သွားသည်။ စနစ်ရဲ့ အကာအကွယ်ကြောင့်သာ မဟုတ်လျှင် သူမရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံးကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ၊ နောင်တတွေကြားမှာ ဖြတ်သန်းသွားရမှာ ဖြစ်သည်။
“ကိုယ်ဝန်ဆောင် အစောပိုင်းကာလတွေမှာ တော်တော်လေး ပင်ပန်းရတာ။ နင် အခုတလော ဟိုပြေးလိုက် ၊ ဒီပြေးလိုက် လုပ်နေတာလေ။ ဘာမှ မဖြစ်ခဲ့တာ ကျေးဇူးတင်ရမယ်။ ဒါပေမဲ့ နင် အရင်တုန်းက မသိလို့ နေချင်သလို နေတာ ကိစ္စမရှိပေမဲ့ အခု သိသွားပြီ ဆိုတော့ နေချင်သလို ဆက်နေလို့ မရတော့ဘူးနော်။ ချန်ဟွမ်း ပြောတဲ့ စကားကို နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်”
ဟောက်ချန်ဟွမ်းက ချင်ရွယ်ရူရဲ့ စကားတွေကို ကြားတော့ အေးခဲသွားသည်။ စုယန်ယန် ကိုယ်ဝန်ရှိနေတာ သိလိုက်ရလို့ ပျော်နေတဲ့ ခံစားချက်က အပြစ်မကင်းစိတ်အောက်မှာ ချက်ချင်းပဲ ငုပ်လျိုးသွား၏။
ဒီအတောအတွင်း သူတို့ နေ့တိုင်း အတူတူ ရှိနေခဲ့တာပါ။ စုယန်ယန်က သတိလက်လွတ် နေ,နေလို့ စောစောစီးစီး သတိမထားမိတာက တော်သေးပေမဲ့ သူမရဲ့ ခင်ပွန်း ဖြစ်တဲ့ သူကိုယ်တိုင်တောင် သတိမပြုမိခဲ့ပေ။ အဆုံးသတ်မှာတော့ သူ ဝတ္တရားပျက်ကွက်ခဲ့ရပါသည်။
661 02
သူ ဘာတွေးနေလဲ ဆိုတာကို သိသော စုယန်ယန်က ချက်ချင်းပဲ သူ့လက်ကို ဆုပ်ကိုင်ကာ ချော့ချောမော့မော့ ပြောလိုက်သည်။ “ရပါတယ် ၊ ကျွန်မ အခုက စပြီး ပြောစကား နားထောင်ပါ့မယ်။ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် မလုပ်ဘူးလို့ ကျွန်မ ကတိပေးတယ်။ အဲ့လိုမျိုးကြီး မျက်နှာညိုးမနေပါနဲ့။ ပြုံးပါ။ မသိရင် ကျွန်မ ကိုယ်ဝန်ရှိနေလို့ ရှင် မပျော်မရွှင် ဖြစ်နေတာလို့ ကျွန်မ ထင်သွားမှာ”
“မဟုတ်တာ။ ကိုယ် ပျော်တာပေါ့”
“ပျော်ရင် ပြုံးပြ”
ဟောက်ချန်ဟွမ်း : “… ”
စုယန်ယန်က သူမခင်ပွန်းရဲ့ မျက်လုံးထဲမှာ ပြောစရာစကားမရှိ ဆွံ့အသွားတဲ့ အရိပ်အယောင်တွေကို တစ်စွန်းတစ်စ တွေ့လိုက်ရသည်။ သူမရဲ့ နှုတ်ခမ်းတွေ ကွေးညွှတ်သွားကာ ဇနီးမယားကိတ်မုန့် နောက်တစ်ခုကို ယူလိုက်၏။
“ဒီမှာ နောက်တစ်ခု ထပ်စားလိုက်ဦးနော်”
သူမက ဟောက်ချန်ဟွမ်း မုန့်စားပြီးတဲ့နောက် သူ့ကိုယ်သူ အပြစ်တင်နေတဲ့ စိတ်တွေကို ပျောက်ကွယ်သွားစေချင်တာ ဖြစ်သည်။ သို့သော်လည်း မမျှော်လင့်ထားစွာဖြင့် စားပွဲထိပ်မှာ ထိုင်နေသူက မကျေမနပ် အသံဖြင့် စတင် ညည်းညူပြောဆိုနေခဲ့သည်။ “ဒီအဘိုးကြီးက သနားစရာကောင်းလိုက်တာ။ သူ တစ်မနက်လုံး ဘာမှ မစားထားလည်း ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြဘူး။ ဟမ့်”
+++++