အခန်း ၆၆၃
Vol. 45 Ch. 663
663 01
အခန်း ( ၆၆၃ ) လူဆိုးကောင် အသစ်လေး။
ဟောက်ချန်ဟွမ်းကလည်း စုယန်ယန်နှင့် အတွေးတူပုံရသည်။ ခဏလောက် နှုတ်ဆိတ်သွားပြီးမှ သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ကိုယ် သူ့ကို ခဏနေ ပြောလိုက်ပါ့မယ်”
“အင်း” စုယန်ယန်က နားမလည်နိုင်စွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။
သူမ စိတ်ထင်တာပဲလားတော့ မသိသော်လည်း ဟောက်ချန်ဟွမ်းက ထိုစကားကို ပြောချိန်မှာ နည်းနည်းလေး စိတ်အားထက်သန်နေသည်ဟု ခံစားရသည်။
သွမ်းသွမ်းက စုယန်ယန်ကို ဆက်တွေးမနေစေချင်သောကြောင့် သူ့ရဲ့ တင်ပါး လုံးလုံးလေးကို ဝှေ့ရမ်းကာ ပြေးဝင်လာခဲ့သည်။
စုယန်ယန်က သူမရဲ့ ခွေးလေးကို ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ သူမ သူ့ကို ပွေ့ချီပြီး ပျော်ရွှင်စွာ ပွတ်သပ်လိုက်၏။
အငိုက်မိသွားတဲ့ ခွေးလေးဟာ အချိန် အတော်ကြာသည်ထိ ဘာမှ မတုံ့ပြန်နိုင်ဘဲ စုယန်ယန်အား သူ့ကို ကိုင်ခွင့်ပေးထားခဲ့သည်။
စုယန်ယန်က သွမ်းသွမ်းကို ပွတ်လို့ ပြီးသွားတော့မှ ပြုံးပြပြီး ထိတ်လန့်စရာ သတင်းကို ပြောပြလိုက်လေသည်။ “အိမ်မှာ နောက်ထပ် ကလေးလေး တစ်ယောက် ထပ်တိုးလာတော့မယ် အသည်းတုံးလေးရေ။ နင် ကတော့ မကြာခင် ညီလေး တစ်ယောက် ရတော့မယ်။ နင် ပျော်လား”
သွမ်းသွမ်း : “???! ” လခွမ်း။ ငါ အပြင်လေး ခဏထွက် ၊ လမ်းလျှောက်မိရုံပဲကို မျက်နှာသာပေးခံရဖို့ ငါနဲ့ ပြိုင်မယ့် မကောင်းဆိုးဝါးလေးတွေ ရောက်လာတော့မှာလား”
ကြီးမားတဲ့ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသော ခွေးလေးသည် ရုန်းကန်ဖို့ လုပ်နေစဉ်မှာ သူ့ရဲ့ ခွေးအဖေက သူ့ရဲ့ ကျောကုန်းကို ဆုပ်ကိုင်ကာ သူ့သခင်မရဲ့ ရင်ခွင်ထဲကနေ လေထဲကို မြှောက်ပစ်လိုက်သည်။
“ခွေးတွေရော ၊ ကြောင်တွေရောမှာ ရောဂါပိုးမွှားတွေ ရှိတယ်လို့ ကိုယ် ဖတ်ထားရတယ်”
သွမ်းသွမ်း : “??? ”
စုယန်ယန် ကြောင်အသွားသည်။ “… ဟမ်”
“သန္ဓေသားဖွံ့ဖြိုးရေးအတွက် မကောင်းဘူးတဲ့”
“… တကယ်လားဟင်”
“အင်း” ဟောက်ချန်ဟွမ်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီး “ဒီအတောအတွင်းတော့ သူ့ကိူ အရမ်း မဖက်နဲ့” ဟု ပြောလိုက်သည်။
“… အင်းပါ”
တစ်နှစ်ကျော် အလိုလိုက်ခံထားရသော သနားစရာ ခွေးကလေးသည် အေးစက်စက် နန်းတော်ထဲသို့ နယ်နှင်ဒဏ်ပေးခံလိုက်ရလေသည်။ သူ့ရဲ့ ကျန်ရှိနေတဲ့ ခွေးသက်တမ်း တစ်ခုလုံးအတွက် မျှော်လင့်ချက် မရှိတော့ပါ။
ဘာ .. ဘာလို့ ဟိုမကောင်းဆိုးဝါးလေး ရောက်လာတာနဲ့ သူ့ရဲ့ နေရာက တစ်ဆင့် နိမ့်သွားရတာလဲ။ အဲ့ဒီ မကောင်းဆိုးဝါးလေးက နေ့အလင်းရောင်ကိုတောင် မမြင်ရသေးသော်လည်း သူ့ကို အေးစက်တဲ့ နန်းတော်ထဲသို့ နယ်နှင်ဒဏ်ပေးခံရအောင် လုပ်ခဲ့ပြီးပြီ ဖြစ်သည်။ ဒါ ဘယ်လို သဘောတရားမျိုးလဲ။
ဘဝရဲ့ ပျော်ရွှင်မှုကို လက်လွှတ်ဆုံးရှုံးလိုက်ရသကဲ့သို့ သူ့နေထိုင်မှုက ရုတ်တရက်ကြီး တစ်ဆင့် နိမ့်ကျသွားသည်။ ဟိုးအဝေးဆီက သူ့ရဲ့ တစ်ဖက်ခြမ်းကို သူ လွမ်းဆွတ်လာမိသည်။
ဒီလိုမျိုး ဆက်နေဖို့ ဆိုတာ မဖြစ်နိုင်ပေ။
စုယန်ယန်ကတော့ ဒရာမာများတဲ့ ခွေးကလေးဟာ စိတ်ထဲကနေ သူတို့ နှစ်ယောက်ကို ကျိန်ဆဲနေပြီမှန်း မသိပေ။ ဟောက်ချန်ဟွမ်းက အဲ့လိုမျိုး ပြောပြီးပြီမို့ သူမကလည်း မငြင်းဆန်နိုင်ပါ။
663 02
သူမ ခွေးလေးကို စိတ်ထဲကနေပဲ တောင်းပန်လိုက်ပါသည်။ ကလေးမွေးပြီးလျှင်တော့ သူ့ကို ပြန်ဂရုစိုက်ပေးလို့ ရပါသည်။
စုယန်ယန်သည် မနက်စာ စားပြီးနောက် သူမရဲ့ အခန်းသို့ ပြန်လာခဲ့လိုက်သည်။ ဟောက်ချန်ဟွမ်းက သူမ ထွက်သွားတာကို စောင့်နေပြီးမှ ဦးလေးကျန်းကို ဖုန်းဆက်လိုက်သည်။
ဦးလေးကျန်းကလည်း သူတို့ရဲ့ အခြေအနေကို စိုးရိမ်နေတာ ဖြစ်သည်။ စုယန်ယန်က ချိန်မိသားစုဆီမှာ ရောက်နေတဲ့ အတောအတွင်း သူ့ကို နှစ်ခါ ၊ သုံးခါလောက် ဖုန်းဆက်ပြီး ဒီက အခြေအနေတွေအကြောင်း ပုံမှန် ပြောပြခဲ့သည်။
မွေးနေ့ပွဲအပြီး နောက်တစ်နေ့မှာ သူ့ကို ဟောက်ချန်ဟွမ်း ဖုန်းဆက်လိုက်တာကို မြင်တော့ ဦးလေးကျန်းရဲ့ နှလုံးသားက ဒိန်းခနဲ ခုန်သွားသည်။
သူ သခင်မလေးကို ပြောပြပြီး မွေးနေ့ပွဲ ကျင်းပအောင် တိုက်တွန်းခဲ့တယ် ဆိုတာကို သခင်လေး သိသွားပြီလားဟု သူ အရင်ဆုံး တွေးလိုက်မိသည်။ မွေးနေ့ပွဲနှင့် ပတ်သက်၍ ဟောက်ချန်ဟွမ်း ကျေနပ်သည်ဖြစ်စေ ၊ မကျေနပ်သည်ဖြစ်စေ ၊ ဦးလေးကျန်းကတော့ နောင်တရမဘဲ စိတ်ကို ပြင်ဆင်ထားပြီးပြီပင်။
သူ အသက်ပြင်းပြင်း ရှူပြီး ဖုန်းကိုင်လိုက်သည်။ “သခင်လေး”
မျှော်လင့်မထားစွာဖြင့် ဟောက်ချန်ဟွမ်းက သူ့ကို ချက်ချင်း အပြစ်မတင်ခဲ့ဘဲ ထိုအစား အချိန် အတော်ကြာ တုံ့ဆိုင်းနေပြီးမှ စကားသံထွက်သည်။ “ကျွန်တော့်မှာ ဦးလေးကျန်းကို ပြောစရာ ရှိတယ်”
“ပြောလေ သခင်လေး”
“ယန်ယန့်မှာ ကိုယ်ဝန်ရှိနေပြီ” သူ မျှော်လင့်ထားတဲ့ အပြစ်တင်စကားတွေ ရောက်မလာခဲ့ပေ။ ဦးလေးကျန်းသည် ခဏတာ ဆွံ့အနေပြီးမှ ဟောက်ချန်ဟွမ်းရဲ့ စကားတွေကို သေသချောချာ နားလည်သွားသည်။
“သခင်လေး ပြောတာက သခင်မလေးမှာ … သခင်မလေးမှ … ”
ဖုန်း တစ်ဖက်ခြမ်းဆီက ဦးလေးကျန်းရဲ့ အံ့ဩထိတ်လန့်သွားမှုကို ဟောက်ချန်ဟွမ်းကို အတိုင်းသား ကြားနေရသည်။ သူ မပြုံးမိဘဲ မနေနိုင်ပေ။ “ဟုတ်တယ်။ သူမမှာ ကိုယ်ဝန်ရှိနေပြီ။ တစ်လတောင် ကျော်သွားပြီဗျ”
+++++