အခန်း ၆၆၄
Vol. 45 Ch. 664
664 01
အခန်း ( ၆၆၄ ) တစ်ကျော့ပြန်လာတဲ့ သဝန်တိုမှု။
“ဘုရားသခင်ကို ကျေးဇူးတင်ရမယ် ၊ ဘုရားသခင်ကို ကျေးဇူးတင်ရမယ် … ” ဦးလေးကျန်းရဲ့ မျက်လုံးတွေက အနည်းငယ် နီရဲနေကာ သူ့အသံကလည်း စိတ်လှုပ်ရှားမှု ၊ ဝမ်းသာမှုတို့ဖြင့် တုန်ခါနေသည်။
“ကောင်းကင်ဘုံက သခင်ကြီးနဲ့ သခင်မကြီးလည်း ဒီသတင်းကို ကြားရင် ဝမ်းသာသွားကြမှာ သေချာတယ်” တစ်ဖက်က အကြာကြီး တိတ်ဆိတ်သွားတော့မှ ဦးလေးကျန်းသည် သူ အပျော်လွန်ပြီး စိတ်ထဲမှာ ရှိတာကို ပြောချလိုက်မိပြီမှန်း နားလည်သွားသည်။
ဒီအခြေအနေကို ပေါ့ပေါ့ပါးပါး ပြန်ဖြစ်အောင် ဘယ်လို လုပ်ရမလဲလို့ သူ တွေးရခက်နေစဉ်မှာပဲ ဟောက်ချန်ဟွမ်းက ပြန်ပြောသည်။ “ဟုတ်တယ်”
“သခင်လေး … ”
“ဦးလေးကျန်း ပြောတာ မှန်တယ်”
ထိုစကားကို ကြားချိန်မှာ ဦးလေးကျန်းရဲ့ မျက်လုံးထဲမှာ မျက်ရည်စတွေ ရစ်ဝိုင်းပြည့်လျှံလာခဲ့သည်။ ခဏကြာတော့မှ သူ စကားပြောနိုင်ပြီး အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်၏။ “သခင်မလေးရော အစစ အရာရာ အဆင်ပြေရဲ့လား။ သခင်လေး ကျွန်တော့်ကို လိုလား ၊ ဒါမှမဟုတ် သခင်မလေးကို ဂရုစိုက်ပေးဖို့ အိမ်အကူတွေ လိုလား”
“ဘာမှ မလိုပါဘူး။ ကျွန်တော် သူမကို ဂရုစိုက်ပေးနိုင်ပါတယ်”
ဦးလေးကျန်းက တစ်ချက် စဉ်းစားကြည့်ပြီး ဘာမှ ဆက်မပြောတော့ပေ။
“ဒါဆို ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ်ရော ၊ သခင်မလေးကိုရော ဂရုစိုက်ပါ သခင်လေး”
“ဟုတ်ကဲ့”
ဟောက်ချန်ဟွမ်းက တစ်ခုခုကို တွေးမိသွားပုံပေါ်သည်။ “ရှောက်ယန်နဲ့ ကျန်တဲ့ လူတွေကို ဒီကိစ္စ မပြောနဲ့ဦးနော် ဦးလေးကျန်း”
“ဒါဆို … ”
“သူတို့ကို ကျွန်တော် ကိုယ်တိုင် ပြောဖို့ နည်းလမ်း ရှာလိုက်ပါ့မယ်”
ဦးလေးကျန်း ချက်ချင်း သဘောပေါက်သွားသည်။ သခင်လေးရဲ့ ဘဝမှာ သူတစ်ပါးကို ကြွားဝါတယ် ဆိုတာ ရှားသည်။ ဒီတစ်ခေါက်တော့ သခင်လေးက သူ့ရဲ့ ပျော်ရွှင်စရာ အဖြစ်အပျက်ကို သူများတွေအား ကြွားချင်နေတာ ဖြစ်သည်။ သခင်လေးရဲ့ ဆန္ဒကို သူ မဖြည့်ဆည်းပေးဘဲ နေနိုင်မှာတဲ့လား။
“ဟုတ်ပြီ ဟုတ်ပြီ။ ဘာမှ မစိုးရိမ်နဲ့။ သခင်လေးနဲ့ သခင်မလေးအတွက် ကျွန်တော် ဒီကိစ္စကို လျို့ဝှက်ထားလိုက်ပါ့မယ်”
“ကျေးဇူးပါ ဦးလေးကျန်း” ဟောက်ချန်ဟွမ်းက တောက်ပသော မျက်လုံးများဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ပြီးတော့ … ”
“ဘာပြောစရာ ကျန်သေးလို့လဲ သခင်လေး”
“ကျေးဇူးတင်ပါတယ်”
“ဒီနှစ်တွေ တစ်လျှောက်လုံး ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဂရုစိုက်ပေးခဲ့တာတွေ ၊ စိုးရိမ်ပေးခဲ့တာတွေ ၊ ကူညီပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်”
ဟောက်ချန်ဟွမ်းက ပြောပြီးသည်နှင့် ချက်ချင်း ဖုန်းချသွား၍ ဦးလေးကျန်းသည် နေရာမှာ ငိုင်ငိုင်လေး ရပ်လျက် ဆွံအ ကျန်ခဲ့ရသည်။ အချိန် အတော်ကြာမှ သူ သတိပြန်ဝင်လာပြီး ဝမ်းသာမျက်ရည်ကျမိသည်။
664 02
ဟောက်ချန်ဟွမ်းသည် ဦးလေးကျန်းကို စုယန်ယန် ကိုယ်ဝန်ရှိနေကြောင်း ပြောပြပြီးနောက် အခန်းကို ပြန်လာခဲ့လိုက်သည်။ ထိုအချိန်မှာ စုယန်ယန်ကတော့ ကွန်းမန့်ဆက်ရှင်ထဲက ချစ်စရာ ကြည့်ရှုသူလေးတွေ အတွက် ကံစမ်းမဲနှိုက်ရင်း အလုပ်ရှုပ်နေခဲ့သည်။
စုယန်ယန်က ဗီဒီယိုကို ကြိုတင်မှတ်တမ်းတင်ပြီးနောက်တွင် အချိန် တစ်ခု သတ်မှတ်ပေးလိုက်၏။ မနေ့ညတုန်းက ဟောက်ချန်ဟွမ်းကို မွေးနေ့ပွဲ ကျင်းပပေးရင်း သူမတို့တွေ အလုပ်ရှုပ်နေစဉ်မှာ ဗီဒီယိုက အင်တာနက်ပေါ်ကို သူ့ဘာသာ အလိုအလျောက် တင်ပြီးသား ဖြစ်သွားသည်။
ကွန်းမန့်ဆက်ရှင်ထဲမှာ အားကျ မနာလိုသူတွေ ပြည့်နှက်သွားခဲ့သည်။
[ သူမရဲ့ ခင်ပွန်းကို စပရိုက်တိုက်ဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကိုတောင် ကြိုတင် ရိုက်ကူးထားတယ်တဲ့လား။ ငါ မနာလိုသွားပြီ။ ]
[ ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) တွေတင် ရှိတာ မဟုတ်ဘူး ၊ အမဲသား နွားလျှာ ငရုပ်ဆီဟင်းလည်း ရှိသေးတယ်။ တင်ဆက်သူရဲ့ အချက်အပြုတ် စွမ်းရည်တွေကတော့ ထိပ်တန်းအဆင့်ပဲ။ တင်ဆက်သူ ချက်တဲ့ဟင်း မှန်သမျှ စားကောင်းမယ် ဆိုတာ ငါ ယုံကြည်တယ်။ ]
[ ငါက XX တက္ကသိုလ်ကနေ PhD ဘွဲ့ရထားတဲ့ ယောက်ျားလေး တစ်ယောက်ပါ။ အသက်က ( ၂၈ ) ၊ ရည်းစားမရှိတဲ့ တစ်ကိုယ်တည်းသမားလေးပါ။ ပြီးတော့ ကောင်မလေး တစ်ယောက် အရေးပေါ် လိုအပ်နေတယ်။ လိုအပ်ချက်တွေကလည်း အရမ်း မများပါဘူး။ ငါ့ဇနီးလေးက အနာဂတ်မှာ ငါ့မွေးနေ့တိုင်း သက်ရှည်ကျန်းမာ ခေါက်ဆွဲ ချက်ကျွေးမယ် ဆိုရင် လုံလောက်ပြီ။ စိတ်ဝင်စားတယ် ဆိုရင် ငါ့ကို နှစ်ကိုယ်ကြား လာဆက်သွယ်လိုက်ပါ။ အပေါ်က ပြောသွားတဲ့ စကားတွေ အကုန်လုံးက အမှန်တွေပါ။ ငါက လူတိုင်းအပေါ် ရိုးသားတယ်။ မင်းတို့မှာ မရိုးသားတဲ့ ရည်ရွယ်ချက် ရှိနေရင်တော့ ငါ့ကို လာမနှောင့်ယှက်ပါနဲ့။ ]
စုယန်ယန်က ကွန်းမန့်တွေကို သဘောတကျ ဖတ်နေစဉ်မှာပဲ ဟောက်ချန်ဟွမ်း ရောက်လာသည်။
“မင်း ဘာတွေ ကြည့်နေတာလဲ။ ”
“မနေ့တုန်းက ကိတ်မုန့်လုပ်တာရယ် ၊ ဟင်းချက်တာရယ်ကို ကျွန်မ ဗီဒီယိုရိုက်ထားပြီး ဝက်ဘ်ဆိုဒ်ပေါ် တင်ထားတာလေ။ ကွန်းမန့်ဆက်ရှင်ထဲက ကြည့်ရှုသူ နည်းနည်းပါးပါးကို ကဲစမ်းမဲနှိုက်ခိုင်းပြီး လက်ဆောင်ပေးဖို့တောင် ကျွန်မ စီစဉ်ထားလိုက်သေးတယ်။ အခု အဲ့ကွန်းမန့်တွေကို ပြန်ဖတ်ကြည့်နေတာ” စုယန်ယန်က တစ်ခုခု မူမမှန်ကြောင်း သတိပြုမိသွားသည်။ မော့ကြည့်လိုက်တော့ သူမ ခင်ပွန်းရဲ့ မှုန်မှိုင်းနေသော မျက်နှာကို မြင်သွားလေသည်။
“ဘာဖြစ်လို့လဲ”
“ကံစမ်းမဲ နှိုက်မယ်တဲ့လား”
“အင်း”
“ကိုယ့်အတွက် မင်း ချက်ထားတဲ့ အစားအသောက်တွေကို လက်ဆောင်ပေးမလို့လား”
“အမ် … ဟုတ်တယ်လေ”
“ဇနီးမယားပန်ကိတ် ( ပဲလမုန့် ) တွေရော ပါတယ်လား”
ဟောက်ချန်ဟွမ်း ဘာလို့ စိတ်ဆိုးသွားတာလဲ ဆိုတာကို နောက်ဆုံးတော့ စုယန်ယန် နားလည်သွားသည်။ မကြာသေးခင် အချိန်တုန်းကမှ ဟောက်ချန်ဟွမ်းအား ဒီပဲလမုန့်တွေကို သူမကိုယ်တိုင် လုပ်ထားတာ ဖြစ်ကြောင်း ပြောကာ စနောက်ခဲ့တာပင်။
တကယ်လို့ အဲ့ဒီ ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) တွေကို ကံစမ်းမဲနှိုက်ပြီး တခြား ယောက်ျား တစ်ယောက်ကို လက်ဆောင်ပေးလိုက်မည် ဆိုရင် သူမက တခြား သူရဲ့ မိန်းမ ဖြစ်ချင်နေတယ်လို့ သူ ထင်သွားမှာ မဟုတ်လား။
ခေါင်းထဲမှာ သဝန်တိုမှုတွေ ပြည့်နှက်သွားသော ဟောက်ချန်ဟွမ်းသည် အဲ့ဒါကိုတော့ ခွင့်မပြုနိုင်ပေ။
“ခွီး … ” စုယန်ယန်က ဟောက်ချန်ဟွမ်း ဘာဖြစ်နေလဲ ဆိုတာကို နားလည်သွားကာ ရယ်ချင်စိတ်အား ထိန်းမရတော့။ ရယ်ပြီးသွားတော့မှ ဟောက်ချန်ဟွမ်းရဲ့ လည်ပင်းကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။ “ဟင့်အင်း ၊ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) က ကံစမ်းမဲထဲ မပါဘူး”
+++++