← Chapters

အခန်း ၆၆၇

Vol. 45 Ch. 667

အခန်း ၆၆၇

Vol. 45 Ch. 667

667 01

အခန်း ( ၆၆၇ ) ဒါ ငါ လိုချင်တဲ့ တုံ့ပြန်မှုပဲ။

ဟောက်ချန်ဟွမ်းက ကုရှောက်ယန်နှင့် တခြား လူတွေကို စုယန်ယန် ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့ သတင်းပြောပြရန် သင့်တော်တဲ့ အချိန်ကို စောင့်မည်ဟု ပြောထားခဲ့သော်လည်း တကယ်တမ်းကျ သူ့ရဲ့ ကြွားဝါချင်စိတ်တွေက သူ့ကို သိပ်ကြာကြာ စောင့်ရန် ခွင့်မပြုခဲ့ပေ။

နောက်တစ်နေ့မနက် ရောက်တော့ ရာထူးကြီး ဝန်ထမ်းတွေ အပတ်စဉ် ပြုလုပ်သည့် ဗီဒီယို အစည်းအဝေးမှာ အစည်းအဝေးလုပ်နေစဉ်အတွင်း စိတ်နှင့်ကိုယ် မကပ်ဖြစ်နေသော သူတို့ရဲ့ ဘော့စ်ကို ဝန်ထမ်းတွေက သတိပြုမိသွားခဲ့ကြသည်။

အစတုန်းက သူတို့ဟာ သူတို့ရဲ့ ဘော့စ်ကို ဇနီးဖြစ်သူနှင့် နှစ်ယောက်တည်း ပိုအချိန်ဖြုန်း‌နိုင်စေရန် အတွက် ရိုးရိုးရှင်းရှင်းပဲ အစီရင်ခံစာ တင်ပြမလို့ ဖြစ်သည်။ သို့သော်လည်း ချက်ချင်းပဲ အလွန် စိတ်လှုပ်ရှားသွားကြသည်။ ဘော့စ်ရဲ့ စိတ်ရှည် သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်မိသွားပြီး သူတို့တွေ အကုန်လုံး အမြောက်စာ ဖြစ်သွားမှာကို စိုးရိမ်သည်။

သူတို့ အလုပ်ကောင်းကောင်း လုပ်မထားဘူးလို့ ဖမ်းမိသွားမှာကို လူတိုင်းက စိုးရိမ်နေချိန်မှာပဲ ရင်းနှီးနေသော ပုံရိပ် တစ်ခုက ကင်မရာရှေ့မှာ ရုတ်တရက် ဖြတ်သွားခဲ့သည်။

ချက်ချင်း ဆိုသလိုပဲ သူတို့ဘော့စ်ရဲ့ လက်ဘေးမှာ အလွန် အရသာရှိမည့်ပုံပေါ်သော အဆာပြေမုန့် တစ်ပန်းကန်နှင့် လတ်လတ်ဆတ်ဆတ် ညှစ်ထားသော အသီးဖျော်ရည် တစ်ခွက် ပေါ်လာခဲ့သည်။

ဒါ သခင်မလေးပဲ။

ဖုန်းရဲ့ အခြား တစ်ဖက်ရှိ ဝန်ထမ်းတွေကလည်း တစ်ချိန်တည်းမှာပဲ တွေးလိုက်ကြသည်။ ‌ဝန်ထမ်းတွေနှင့် အစည်းအဝေးလုပ်နေတဲ့ ဟောက်ချန်ဟွမ်းကို စုယန်ယန် မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါ။

ဟောက်ချန်ဟွမ်းရဲ့ ကုမ္ပဏီမှာ ကုရှောက်ယန်နှင့် တခြား အားကိုးအားထားပြုနိုင်သော ဝန်ထမ်း အနည်းငယ်က ကုမ္ပဏီကို ကောင်းကောင်း လည်ပတ်အောင် လုပ်ပေးနေသောကြောင့် ဘာတစ်ခုမှ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပေ။

သို့သော်လည်း ဟောက်ချန်ဟွမ်းလို ဘော့စ် တစ်ယောက်အတွက် အလုပ်ကနေ တစ်လ ၊ နှစ်လလောက် ခွင့်ယူပြီး ကုမ္ပဏီမှာ ဖြစ်ပျက်နေတဲ့ အရာရာတိုင်းကို လျစ်လျူရှုထားဖို့ ဆိုတာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကုမ္ပဏီရဲ့ အရေးကိစ္စတွေကို ယေဘုယျလောက်တော့ နားလည်ပြီး သူတို့ ဆုံးဖြတ်ချက်မချနိုင်သော အရေးကြီးတဲ့ ကိစ္စ တချို့ကို အတည်ပြုပေးနိုင်စေရန်အတွက် သုံး ၊ လေးရက် တစ်ခါ အစည်းအဝေးလုပ်လေ့ရှိသည်။

ပုံမှန်အားဖြင့် စုယန်ယန်က အစည်းအဝေးလုပ်နေချိန်မျိုးမှာ ဘာစားစရာမှ လာပို့လေ့ မရှိဘဲ ဖန်သားပြင်ရှေ့မှာ ‌ပေါ်လာတယ် ဆိုတာ ရှားသည်။

ဟောက်ချန်ဟွမ်းသည် သူ့ဇနီးကို ဆက်တိုက် ခိုးကြည့်နေကြတဲ့ သူ့ကုမ္ပဏီဝန်ထမ်းတွေကို သဘောမကျတော့ပေ။

သို့သော်လည်း စုယန်ယန်က ထွက်သွားဖို့ လုပ်နေချိန်မှာ သူက သူမရဲ့ လက်ကို လှမ်းဆွဲလိုက်၏။

“ဒါကို မင်း ကိုယ်တိုင် လုပ်ထားတာလား”

စုယန်ယန်က ခေါင်းခါပြရင်း ရှင်းပြလိုက်သည်။ “ဟင့်အင်း ၊ အန်တီဖန့် လုပ်ထားတာ။ ရှင် ကြိုက်လောက်မယ် ထင်လို့ ကျွန်မ ယူလာပေးတာပါ”

စုယန်ယန်ကို ဘယ်သူမှ မမြင်ရသော်လည်း သူမရဲ့ အသံကိုတော့ ကြားရသည်။

ထိုစကားတွေကို ကြားတော့ သူတို့ဟာ ချက်ချင်းပဲ မနာလိုသွားကြလေသည်။ သခင်မလေးကိုယ်တိုင် လုပ်ထားတာ မဟုတ်ပေမဲ့လည်း အဆာပြေမုန့်လေးက စားကောင်းမယ့်ပုံပေါ်သည်။

သူများတွေမှာတော့ အလုပ် လုပ်နေချိန်မှာ အစားအသောက်တွေ ယူလာပေးမယ့် ၊ သာကြောင်းမာကြောင်း လာမေးပေးမယ့် ၊ ဂရုစိုက်ပေးမယ့် ဇနီးလေးတွေ ရှိသော်လည်း သူတို့မှာတော့ အလုပ် လုပ်နေချိန်တွင် အေးစက်စက် အာဟာရဖြည့် ဖျော်ရည်တွေသာ သောက်ဖို့ ရှိပါသည်။ ကွာခြားလိုက်ပုံများ …

အဟမ်း အဟမ်း။ တကယ်တော့ အရမ်းကြီး ကွာတာရယ်လည်း မဟုတ်ပါဘူး။ ဒီနေရာမှာ အဓိကကျတာက သခင်မလေးပဲ။

ဒါပေမဲ့ သူတို့ထဲက ဘယ်နှယောက်ကများ ဒီကမ္ဘာပေါ်မှာ သခင်မလေးလို ဇနီးမယားမျိုးကို ရှာနိုင်မှာတဲ့လဲ။ အလုပ်မှာ အနှိပ်စက်ခံရသော သနားစရာ တစ်ကိုယ်တည်းသမားလေးများသည် ပါးစပ်ပေါက်တွေ ပိတ်သွားကြသည်။

ဟောက်ချန်ဟွမ်းရဲ့ တင်းမာနေသော မျက်နှာ အမူအရာက အနည်းငယ် ပြေလျော့သွားကာ စုယန်ယန်ရဲ့ ဗိုက်ကို လှမ်းကိုင်၍ နူးညံ့စွာ မေးလိုက်သည်။ “ဒီနေ့ အထဲမှာ ကလေးက ကန်တာတို့ ဘာတို့ ရှိလား”

ကုမ္ပဏီ အမှုဆောင်ဝန်ထမ်းများ : “??? ” ကလေးတဲ့လား။ သခင်မလေးရဲ့ ဆွေမျိုးက ကလေးမွေးပြီးသွားပြီလား။

စုယန်ယန်က သူ့မေးခွန်းကြောင့် ဆွံ့အသွားသည်။ သူမ သူ့လက်ကို ဆုပ်ကိုင်ပြီး သတိပေးလိုက်၏။ “ကလေးက အထဲမှာ ကန်လား ဆိုတာ ရှင် ဘာကို ပြောချင်တာလဲ။ ကလေးက အခုမှ ပုလဲလုံးအရွယ်လောက်လေးပဲ ရှိသေးတာလေ။ ကလေးကြောင့် ကျွန်မ နာမှာကို စိုးရိမ်လို့ အဲ့လို မေးတာလား”

ဟောက်ချန်ဟွမ်း : “… ”

ဖုန်းတစ်ဖက်ခြမ်းမှာ ကြက်သေ သေသွားကြတဲ့ ဝန်ထမ်းများ : “… ”

667 02

သူ့ကုမ္ပဏီဝန်ထမ်းတွေရှေ့မှာ ကြွားတာ ကျရှုံးသွားသော ဟောက်ချန်ဟွမ်းသည် ရှက်ရွံ့သွား၏။ သူ ချောင်းဟန့်ပြီး တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ဖုန်းတစ်ဖက်ခြမ်းက ငိုသံတွေကို ကြားလိုက်ရသည်။

“ကလေးတဲ့လား။ သခင်မလေးမှာ ကိုယ်ဝန်ရှိနေတာလား”

ထိုငိုသံဟာ ကမ္ဘာမြေကြကိုပင် တုန်ခါသွားစေသည်ဟု ပြောလို့ ရသည်။ လူတိုင်းရဲ့ အံ့ဩတကြီး အာမေဋိတ်သံတွေ ချက်ချင်း ထွက်ပေါ်လာကာ အစည်းအဝေး တစ်ခုလုံး ကျွက်ကျွက်ညံသွားခဲ့သည်။

ဟောက်ချန်ဟွမ်းက သူ့မျက်နှာကို ခပ်တည်တည် ဖြစ်အောင် ပြင်ယူပြီး မျက်ခုံးပင့်လိုက်၏။ “ကောင်းတယ် ၊ ဒါ ငါ လိုချင်တဲ့ တုံ့ပြန်မှုပဲ”

+++++

All Chapters