← Chapters

အခန်း ၆၆၈

Vol. 45 Ch. 668

အခန်း ၆၆၈

Vol. 45 Ch. 668

668 01

အခန်း ( ၆၆၈ ) ပျော်ရွှင်မှုကို တစ်ယောက်တည်း ခံစားတာထက် အတူတူ မျှဝေတာက ပိုကောင်းပါတယ်။

စုယန်ယန်က သူ့အမူအရာ ပြောင်းလဲသွားတာကို သတ်ပြုမိသွားသော်လည်း ဟောက်ချန်ဟွမ်းရဲ့ အမူအရာကို ဝန်ထမ်းတွေပါ သတိထားမိသွားမှာ စိုး၍ ရယ်ချင်စိတ်ကို ထိန်းထားရသည်။

“ကဲ ၊ ရှင် အလုပ်ဆက်လုပ်လို့ ရပြီ။ ကျွန်မ အခု တစ်ခုခု သွားစားတော့မယ်။ နည်းနည်းလေး ဗိုက်ဆာနေပြီရယ်”

ဟောက်ချန်ဟွမ်းက စုယန်ယန် ဗိုက်ဆာနေပြီ ဆိုတဲ့ စကားကို ကြားသည်နှင့် သူ့ရဲ့ ဝန်ထမ်းတွေကို ကြွားဖို့ စိတ်မဝင်စားတော့ပေ။ သူ မတ်တပ်ရပ်ပြီး စုယန်ယန်နှင့်အတူ သွားဖို့ ပြင်လိုက်သည်။

စုယန်ယန်က အူကြောင်ကြောင် ပုံစံလေးဖြင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်၏။ “ရှင်ရော ဗိုက်ဆာနေတာလား”

“ကိုယ်လည်း မင်းနဲ့ လိုက်စားမယ်”

စုယန်ယန်က ခပ်တိုးတိုး ရယ်လိုက်သည်။ “မလိုပါဘူးရှင်။ ကျွန်မက ကလေးမှ မဟုတ်တော့တာ ၊ ကျွန်မ မုန့်စားနေတုန်း ဘေးကနေ အဖော်ပြုပေးနေစရာ မလိုပါဘူး။ ရှင် အရင်ဆုံး သူတို့နဲ့ အစည်းအဝေးလုပ်နေသင့်တယ်။ စီးပွားရေးက ပိုအရေးကြီးတယ်လေ”

ဖုန်းတစ်ဖက်ခြမ်းရှိ ဝန်ထမ်းများသည် သခင်မလေးရဲ့ စကားကို ကြားလျှင် သူတို့ရဲ့ ဘော့စ်ကို နောက်တစ်ခေါက် မနာလိုဖြစ်သွားကြပြန်လေသည်။ သခင်မလေးက တကယ့်ကို စိတ်သဘောထား သိမ်မွေ့နူးညံ့ပြီး အမျှော်အမြင်ရှိတယ် ၊ ကြင်လည်း ကြင်နာတတ်ပြီး သဘောကြီးတယ် … ။ သူမက အခြေအနေ တစ်ခုလုံးကို အဘက်ဘက်ကနေ ထောင့်စေ့အောင် အမျှော်အမြင်ရှိရှိ တွေးခေါ်တတ်သည်။

ဒီလို သခင်မလေးက ဘာလို့ သူတို့ရဲ့ ဘော့စ်ကို သဘောကျသွားရတာလဲ။

အလွန်တရာ မနာလိုသွားကြသော အမျိုးသား ဝန်ထမ်းများသည် သူတို့ဘော့စ်ရဲ့ အားနည်းချက် စုစုပေါင်း ( ၁၂၀ ) ချက်ကို စိတ်ထဲကနေ စတင် ရေတွက်နေခဲ့ကြသည်။ ရေတွက်ရင်း ရေတွက်ရင်း ပိုလို့ မနာလိုဖြစ်လာခဲ့ကြသည်။ သို့သော် သူတို့ရဲ့ ဘော့စ်မှာ အားနည်းချက်ပေါင်း ( ၁၂၀ ) ရှိနေလျှင်တောင် သခင်‌မလေးကို ရအောင် လက်ထပ်နိုင်ခဲ့ပါသေးသည်။ ဟူး ၊ ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလိုက်လဲ။

ဟောက်ချန်ဟွမ်းကတော့ သူ့ကို သူ့ဝန်ထမ်းတွေ ဘယ်လောက်တောင် မနာလိုဖြစ်နေလဲ ဆိုတာ မသိရှာ။ စုယန်ယန်က သူ့ကို မလိုက်ခိုင်းတာကို မြင်တော့ သူ ခေါင်းညိတ် လိုက်လျောပြီး သူမကို လွှတ်ပေးလိုက်သည်။

စုယန်ယန် ထွက်သွားပြီးနောက် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ အမူအရာက ပြန်ပြောင်းသွားကာ စိတ်မရှည်တဲ့ ပုံစံပေါက်သွား၏။ ရာထူးအမြင့်ပိုင်း ဝန်ထမ်း တချို့က လူကဲခတ်မြန်သူများ ဖြစ်၍ သူ့ကို ချက်ချင်းပဲ စတင် ချီးမွမ်းခန်းဖွင့်ခဲ့ကြသည်။

“သခင်မလေးမှာ ကိုယ်ဝန်ရှိနေပြီတဲ့လား။ ဂုဏ်ပြုပါတယ်ဗျို့”

“ဥက္ကဌဟောက်နဲ့ သခင်မလေးဟောက်တို့မှာ မကြာခင် ကလေး ရလာတော့မှာပဲ။ သူတို့တွေ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ချစ်လဲ ဆိုတာ အရမ်း သိသာတယ်။ ဂုဏ်ပြုပါတယ်ဗျာ”

“ဟဲဟဲ ၊ ဘော့စ်က အတော်ဆုံးပဲ။ ကျွန်တော် မှတ်မိသလောက် ဆိုရင် ဘော့စ်နဲ့ သခင်မလေး လက်ထပ်တာ တစ်နှစ်တောင် မပြည့်သေးဘူး ထင်တယ် ၊ ဒါပေမဲ့ အခုကတည်းက ကလေးရနေပြီ။ ကလေးက အခု ဘယ်နှလ ရှိပြီလဲဟင် ဘော့စ်”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ အမူအရာက နူးညံ့သွားသည်။ “တစ်လကို နည်းနည်းလေး စွန်းနေပြီ”

“ဒါဆို လောလောလတ်လတ်ကမှ ကိုယ်ဝန်ရထားတာပဲ။ သူမ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်သင့်တယ်”

သူတို့တွေ အကုန်လုံးက ဉာဏ်ကောင်းတဲ့ လူတွေချည်းသာ။ ဟောက်ချန်ဟွမ်းက သခင်မလေးဆီ အာရုံရောက်နေတာကို မြင်တော့ သူတို့တွေ ခုနတုန်းကလို တွန့်ဆုတ်မတော့ဘဲ အစီရင်ခံစာတွေကို ရိုးရှင်းလွယ်ကူစွာ တင်ပြရန် အကောင်းဆုံး ကြိုးစားကြတော့သည်။

ဟောက်ချန်ဟွမ်း မြန်မြန် ထသွားပြီး သခင်မလေးကို ဂရုစိုက်နိုင်စေရန်အတွက် အစီရင်ခံစာတွေကို ခပ်သွက်သွက် တင်ပြနေခဲ့ကြသည်။

ဟောက်ချန်ဟွမ်းက အဲ့ဒါကို အတော်လေး ကျေနပ်သွား၏။ သူက နူးညံ့သည်ဟု သတ်မှတ်လို့ ရသော အပြုံးလေးဖြင့် မပြုံးစဖူး ပြုံးပြလိုက်ကာ လူများစွာကို ထိတ်လန့်သွားစေခဲ့သည်။ ‘ အစည်းအဝေး ပြီးပြီ။ ’ ဟူသော စကားကို ကြားသည်နှင့် ချက်ချင်းပဲ လိုင်းပေါ်က ဆင်းသွားလိုက်ကြသည်။

သို့သော်လည်း လူတိုင်းက ဉာဏ်ကောင်းတာတော့ မဟုတ်ပါ။ ကုရှောက်ယန်နှင့် ကျန်လူ နှစ်ယောက်ကတော့ အခုထိ လိုင်းပေါ်က မဆင်းသေးသဖြင့် ဟောက်ချန်ဟွမ်းက သူတို့ သုံးယောက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့ကို ဘာပြောစရာ ကျန်သေးလို့လဲ”

ကုရှောက်ယန်က ခပ်တိုးတိုး ရယ်လိုက်၏။ “သခင်မလေး ကိုယ်ဝန်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ အောင်ပွဲခံကြရင် မကောင်းဘူးလား သခင်လေး”

“မင်းတို့က ဘယ်လို အောင်ပွဲခံချင်လို့လဲ”

668 02

“ပျော်ရွှင်မှုကို တစ်ယောက်တည်း ခံစားတာထက် အတူတူ မျှဝေတာက ပိုကောင်းတယ်လေ” ယုကျစ်ယန် ပြုံးလိုက်သည်။ “သခင်မလေးမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတော့ သခင်မလေးရော ၊ သခင်လေးရော ပျော်နေမယ် ဆိုတာ သေချာတယ်။ သခင်လေး အရမ်း ပျော်နေတယ် ဆိုတော့ ကျွန်တော်တို့ကို အကျိုးအမြတ် နည်းနည်းပါးပါး ပေးပြီး သခင်လေးရဲ့ ကံကောင်းမှုကို ဆင်ဖြူတော်မှီပြီး ကြံစုပ်ခိုင်းလို့ မရဘူးလား”

ဟောက်ချန်ဟွမ်းက သူ့ကို အေးစက်စက် စိုက်ကြည့်ပြီး သရော်တော်တော် ပြုံးလိုက်သည်။ “မင်းက ငါတို့ရဲ့ ကံကောင်းမှုတွေကို ယူသွားရင် ငါတို့ကလေးအတွက် ဘာကျန်တော့မှာလဲ”

ယုကျစ်ယန်သည် သူ့သခင်လေးဟာ စကားရည်လုသည့် စွမ်းရည်ကို လူမသိသူမသိ တတ်မြောက်ထားတယ် ဆိုတာကို ယုံကြည်ရန် ခက်ခဲစွာဖြင့် လည်ချောင်းနင်သလို ခံစားလိုက်ရလေသည်။

ကုရှောက်ယန်က သူ့ရဲ့ တုံးအတဲ့ အဖွဲ့ဝင်ကို ဒေါသထွက်သွားမိသည်။ သူ ဘာလို့ အဲ့လောက် တည့်တိုးကြီး သွားပြောရတာလဲ။ အငြင်းခံရတာတောင် နည်းသေးတယ်။ ဒီကောင်ဟာ တကယ့် အရေးပေါ် အချိန်မှာမှ တလွဲတွေ လျှောက်လုပ်ပစ်တယ်။

သူ အခြေအနေကို အဖတ်ဆယ်ဖို့ ကြိုးစားနေစဉ်မှာပဲ ဟောက်ချန်ဟွမ်းက စိတ်မရှည်သလို ပြောလာခဲ့သည်။ “လူတိုင်း ဒီလမှာ လစာ နှစ်လစာ ရမယ်”

ကုရှောက်ယန်နှင့် ကျိုးယန်ပိုင်ရဲ့ မျက်နှာတွေက ရှုံ့မဲ့သွားသည်။ သူတို့ လိုချင်တာ ပိုက်ဆံ မဟုတ်ဘဲ အကျိုးအမြတ်တွေပါ။

+++++

All Chapters