အခန်း ၆၇၀
Vol. 45 Ch. 670
670 01
အခန်း ( ၆၇၀ ) ဘယ်တော့မှ ကလေးထပ်မမွေးတော့ဘူး။
ဗိုက်ခွဲပြီး ကလေးမွေးတယ် ဆိုတာက ကလေးကို ဗိုက်ထဲကနေ ထုတ်ဖို့အတွက် ဗိုက်ကို ဓားနဲ့ ခွဲရမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။
အဲ့ဒီတော့မှ ဟောက်ချန်ဟွမ်းသည် ကလေးမွေးခြင်း ဆိုတာ ( ၁၀ ) လတာ ကိုယ်ဝန်ဆောင်ရုံသက်သက် မဟုတ်ကြောင်း နားလည်သွား၏။ မွေးရက်စေ့လျှင် ကလေးကို စုယန်ယန်ရဲ့ သားအိမ်ထဲကနေ ထုတ်ယူရဦးမည်။
ထိုအတွေးကြောင့် သူ့မျက်နှာဟာ စာရွက် တစ်ရွက်လို ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။
သူမအမေ ပြောတဲ့ စကားကို ကြားတော့ စုယန်ယန်ရဲ့ မျက်နှာက တည်ငြိမ်သွားသည်။ သူမ သက်ပြင်းချလိုက်ပြီး ခင်ပွန်းဖြစ်သူကို လှည့်ကြည့်လိုက်၏။
“ဘာဖြစ်လို့လဲဟင်။ ရှင် ဘာလို့ အရမ်း ဖြူဖျော့နေတာလဲ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး ခြောက်သွေ့အက်ကွဲနေသော အသံဖြင့် ပြောလိုက်ပါသည်။ “ဒီကလေးကို မွေးပြီးသွားရင် ကိုယ်တို့ ဘယ်တော့မှ ကဘေးထပ်မယူတော့ဘူး”
“ဟမ်” စုယန်ယန် စိတ်ရှုပ်ထွေးသွားသည်။ “နောက်ထပ် ကလေး တစ်ယောက် ထပ်လိုချင်သေးတယ်လို့ ပြောခဲ့တာ ဘယ်သူလဲ။ အဲ့လို ပြောထားတာတောင် ဘယ်လောက်မှ မကြာသေးဘူးကို ရှင် စိတ်ပြောင်းသွားပြီလား”
ဟောက်ချန်ဟွမ်းက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားပြီး နှုတ်ဆိတ်နေခဲ့သည်။
စုယန်ယန်က သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် လုပ်ပြီးမှ စဉ်းစားကြည့်လိုက်တော့ သူ စိုးရိမ်နေတာကို ချက်ချင်း နားလည်သွားပြီး နူးညံ့စွာ မေးလိုက်သည်။ “ရှင် စိုးရိမ်နေတာလား”
“ကိုယ်တို့ ဒီတစ်ယောက်ပဲ မွေးမယ်။ မင်း နောက်ထပ် ဘယ်တော့မှ ကလေး ထပ်မမွေးရဘူး” လက်တွေ့မှာ ကလေးမွေးတာက စုယန်ယန်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာလျှင် သူ ကလေး တစ်ယောက်မှ လိုချင်တော့မှာ မဟုတ်ပါ။
သူ့အတွက် သူ့ဇနီးထက် ဘယ်သူကမှ ပိုအရေးမကြီး။
ဒါပေမဲ့ စုယန်ယန်က အရင်ဆုံး ကန့်ကွက်မယ့် လူ ဆိုတာ သူ သိသည်။
သူ့အတွေးတွေကို အကြမ်းဖျင်း ခန့်မှန်းမိသွားသော စုယန်ယန်က သက်ပြင်းချပြီး ပြောလိုက်သည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျွန်မ ရှင့်စကား နားထောင်ပါ့မယ်။ ကျွန်မတို့ နောက်ထပ် ကလေးမယူတော့ဘူး”
ဘေးမှာ ထိုင်နေတဲ့ ချိန်ရှို့ချင်က သားမက်ဖြစ်သူကို ချော့မော့နေသော သူမရဲ့ သမီးကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် တွန့်ချိုးသွားသည်။ ချိန်ရှို့ချင်သည် သူမရဲ့ အဖိုးတန် သမီးလေးက ဗိုက်ထဲမှာ ကလေးလေးကို လွယ်လျက် သူမဘေးမှာ ထိုင်နေခြင်းနှင့် ပတ်သက်လို့ အကြောင်းပြချက် မရှိဘဲ ထူးဆန်းသော ခံစားချက် တစ်မျိုးကို ခံစားရသည်။
ဒါပေမဲ့ သူမရဲ့ သားမက်က သူမရဲ့ အဖိုးတန် သမီးလေးကို ငုံထားမတတ် ချစ်တာကလည်း ကောင်းတဲ့ အရာ တစ်ခု ဖြစ်ပါသည်။ တခြား အမျိုးသမီးတွေ ဘယ်လို မွေးရလဲ ဆိုတာ သူ့ကို မြင်အောင် ပြပြီး မိန်းမ တစ်ယောက်အတွက် ကလေးမွေးရတယ် ဆိုတာ ဘယ်လောက် ခက်ခဲကြောင်း သိသွားစေတာကလည်း တစ်မျိုး ကောင်းသည်။ အနာဂတ်မှာ သူက သူမရဲ့ သမီးလေးကို ပိုချစ်လာနိုင်ပါလိမ့်မည်။
စုယန်ယန်နှင့် ကျန်လူများက ဆက်ပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်။
သူတို့ စိုးရိမ်နေသော်လည်း တိတ်တိတ်ဆိတ်ဆိတ် စိတ်ရှည်လက်ရှည် ထိုင်စောင့်နေခဲ့သည်။
670 02
အခြား တစ်ဖက်၌ ချန်ကျွင်းဟောက်က ဒယ်အိုးပူပေါ်က ပုရွက်ဆိတ် တစ်ကောင်လိုပင် အရှေ့ လျှောက်လိုက် အနောက် လျှောက်လိုက်ဖြင့် ဂဏှာမငြိမ် ဖြစ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ သုံး ၊ လေးခေါက်လောက် အပြန်ပြန် အလှန်လှန် လျှောက်ပြီးသွားပြီ ဖြစ်သည်။ စုယန်ယန်က ထိုမြင်ကွင်းကြောင့် ခေါင်းမူးလာသည်။
“ခဏလောက် ငြိမ်ငြိမ်လေး ထိုင်နေလို့ မရဘူးလားဟင် ဦးလေး။ ဦးလေး အဲ့ဒီလို ဟိုလျှောက် ၊ ဒီလျှောက်လိုက် လုပ်နေတာ ကြာရင် ပင်ပန်းလာလိမ့်မယ်။ ခွဲခန်းကနေ ဒေါ်လေးနဲ့ ကလေး ထွက်လာတဲ့အချိန်ကျ ဦးလေး အားကုန်ပြီး သူတို့ကို ဂရုစိုက်နိုင်တော့မှာ မဟုတ်ဘူး”
စုယန်ယန် ပြောတာ မမှားပေမဲ့ ကိုယ် ဂရုစိုက် တန်ဖိုးထားတဲ့ လူ တစ်ယောက် နာကျင်ပင်ပန်းနေတာကို အေးစက်စက် ထိုင်ကြည့်နေတဲ့ လူရယ်လို့ ရှိလို့လား။
ချန်ကျွင်းဟောက်က ခဏတော့ ရပ်သွားသော်လည်း သူ့ကိုယ်သူ အကြာကြီး မထိန်းချုပ်နိုင်ဘဲ အရှေ့လျှောက်လိုက် ၊ အနောက် လျှောက်လိုက် လုပ်နေပြန်လေသည်။ နောက်ဆုံးတော့ ချိန်ရှို့ချင်က သူမကိုယ်တိုင်ပဲ သူ့ကို ထိုင်ခုံပေါ်မှာ အတင်း ဖိထိုင်ချခိုင်းလိုက်သည်။
စုယန်ယန်နှင့် ကျန်လူတွေက အပြင်ဘက်မှာ နှစ်နာရီလောက် စောင့်နေပြီးနောက် နောက်ဆုံးတွင်တော့ သားဖွားခန်းထဲက လှုပ်လှုပ်ရှားရှား အသံတွေကို ကြားလိုက်ရသည်။
သားဖွားခန်းတံခါး ပွင့်သွားကာ ကလေးလေး တစ်ယောက်ကို ပွေ့ချီထားတဲ့ ဆရာဝန် တစ်ယောက် အရင်ဆုံး ထွက်လာခဲ့သည်။ ချန်ကျွင်းဟောက်က ချက်ချင်းပဲ ဆရာဝန်ဆီ ပြေးသွားလိုက်၏။
“လူနာရဲ့ မိသားစုလားဗျ။ လူနာက ကလေးမွေးပြီးသွားပါပြီ။ ယောက်ျားလေးပါ။ မိခင်ရော ၊ ကလေးရော ဘေးကင်းပါတယ်။ ဂုဏ်ပြုပါတယ်ဗျာ”
ချန်ကျွင်းဟောက်သည် အခုမှပဲ စိတ်အေးသွားတော့ကာ သူမကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောလိုက်သည်။
မွေးကင်းစ ကလေး နီတာရဲလေးဟာ နူးညံ့လွန်း၍ လက်နှင့် တစ်ချက် ထိမိရုံဖြင့်ပင် အသားလေးတွေ ပဲ့ရွဲ့သွားမည်ဟု ထင်ရသည်။ ချန်ကျွင်းဟောက်က သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း ကလေးကို မကိုင်ရဲပေ။ နောက်ဆုံးမှာ ကလေးကို လာပွေ့ချီသူက ချိန်ရှို့ချင် ဖြစ်သည်။ သူမက ပြုံးပြီး ပြောလိုက်၏။ “ဒီကလေးရဲ့ မျက်နှာအချိုးအစားက မင်းအတိုင်းပဲ ၊ သူ့မျက်ခုံးတွေကတော့ ရွယ်ရူနဲ့ တူတယ်။ သူ အရွယ်ရောက်လာတဲ့အခါ လူချောလေး တစ်ယောက် ဖြစ်လာမှာ အသေအချာပဲ”
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက ကလေးလေးကို အနီးကပ် သွားကြည့်လိုက်ကြသည်။ ဒီမျောက်ကလေးက သူမ ဦးလေးနှင့် အဒေါ်ကို ဘယ်လို ပုံစံမျိုးဖြင့် ကိုယ်စားပြု ရုပ်ချင်းဆင်နေတာလဲ ဆိုတာ စုယန်ယန် တကယ် မပြောတတ်ပေ။
လူကြီးတွေမှာ မွေးကင်းစ ကလေး တစ်ယောက်ရဲ့ မျက်နှာ အစိတ်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ကိုယ်ပိုင် စနစ်တွေ ရှိနေတာလား။
+++++