← Chapters

အခန်း ၆၇၁

Vol. 45 Ch. 671

အခန်း ၆၇၁

Vol. 45 Ch. 671

671 01

အခန်း ( ၆၇၁ ) ချောပေ့လှပေ့ ဆိုတဲ့ မျက်နှာ အစိတ်အပိုင်းများကိုသာ ရွေးချယ်ခြင်း။

ကလေးကို စမ်းသပ်စစ်ဆေးဖို့အတွက် မွေးကင်းစ ကလေးတွေ ထားသည့် အခန်းထဲကို ခေါ်သွားရဦးမည်။ သူနာပြုက အပြင်မှာ ခဏလောက်သာ နေကာ ကလေးကို ပွေ့ချီပြီး ထွက်ခွာသွား၏။

ချိန်ရှို့ချင်က ကလေးနောက်ကို အဖော်အဖြစ် လိုက်ပေးရန် သူနာပြုနှင့်အတူ ပါသွား‌ချိန်မှာ ချိန်ကျွင်းဟောက် ၊ စုယန်ယန်နှင့် ကျန်လူတွေကတော့ ချင်ရွှယ်ရူ သားဖွားခန်းထဲက ထွက်အလာကို ဆက်လက် စောင့်နေခဲ့ကြသည်။

ခဏအကြာမှာပဲ လူနာကုတင် တစ်လုံးကို သားဖွားခန်းထဲကနေ ထုတ်လာခဲ့သည်။ ချင်ရွှယ်ရူကတော့ ကုတင်ပေါ်မှာ လှဲလျက်သား ပါလာသည်။

မေ့ဆေး အရှိန်မပြယ်သေးတာမို့ ချင်ရွှယ်ရူကတော့ သတိမေ့နေဆဲ။ စုယန်ယန်နှင့် ချိန်ကျွင်းဟောက်က တစ်ချက် သွားကြည့်လိုက်သည်။ သူမ အဆင်ပြေတာ သေချာတော့မှ အဘိုးချိန်ကို မက်ဆေ့ခ်ျလှမ်းပို့ပြီး သတင်းကောင်းလေးတွေ ပြောပြလိုက်၏။

အဘိုးချိန်က အသက်ကြီးပြီမို့ စုယန်ယန်နှင့် ကျန်လူတွေက သူ ဆေးရုံကို လိုက်လာရင် နေရထိုင်ရ အဆင်မပြေမှာ စိုး၍ အိမ်မှာပဲ သတင်းတွေကို စောင့်နေဖို့ တောင်းဆိုခဲ့တာပင်။

စုယန်ယန်ရဲ့ မက်ဆေ့ခ်ျတွေကို ရပြီး မိခင်ရော ၊ ကလေးပါ အန္တရာယ်ကင်းကြောင်း သိလိုက်သည်နှင့် အဘိုးချိန်ရဲ့ မျက်လုံးတွေက ရဲတက်သွားလေသည်။

သူ့လို အဘိုးကြီး တစ်ယောက်အတွက် ကလေးတွေ ၊ မြေးလေးတွေ ထပ်မလိုချင်ဘဲ နေမတဲ့လား။

အစပိုင်းတုန်းကတော့ သူ့ချွေးမလေးရဲ့ စိတ်ထဲမှာ ဖိအားပေးခံရသလို ခံစားရပြီး ရှက်သွားမှာ စိုးရိမ်သောကြောင့် သူ ဘာမှ မပြောခဲ့တာ ဖြစ်၏။

နောက်ပိုင်း ရောက်တော့မှ သူတို့တွေ တဖြည်းဖြည်း တည်ငြိမ်အေးဆေးလာခဲ့ကြသည်။

ချင်ရွှယ်ရူတို့ စုံတွဲက ကလေးယူဖို့ ကိစ္စကို စိတ်ထဲမှာ တာဝန်ကြီး တစ်ခုလို မှတ်ယူရင်း ရေရှည်မှာ ဆက်ဆံရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်သဖြင့် အဘိုးချိန်က ဘာမှ မပြောရဲခဲ့။ သူ့ရဲ့ နောက်ထပ် မြေးလေး တစ်ယောက်ကို ဒီဘဝမှာ ဘယ်တော့မှ မမြင်နိုင်တော့ဘူးလို့ ထင်ထားတာပါ။ သူ အချိန် အကြာကြီး မျှော်လင့်စောင့်စားခဲ့ရတဲ့ ဆန္ဒလေး ပြည့်ဝမယ့် နေ့ တစ်နေ့ ရောက်လာလိမ့်ဦးမယ်လို့ ဘယ်သူက ထင်မှာလဲ။

အဘိုးချိန်က သတင်းကြားသည်နှင့် ဆေးရုံကို သွားချင်နေသော်လည်း စုယန်ယန်က သူ့ကို ဖျောင်းဖြပြန်တော့ ချင်ရွှယ်ရူ သတိလည်လာမှ ကလေးကို ကြည့်ဖို့ ဆေးရုံလာမည်ဟု သဘောတူလိုက်ကြပါသည်။

ကလေးမွေးတယ် ဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းသော အလုပ် တစ်ခုမို့ ချင်ရွှယ်ရူသည် ထိုနေ့ နေ့ခင်းမှသာ သတိလည်လာခဲ့သည်။ မေ့ဆေးအရှိန် ပြယ်သွားပေမဲ့ သူမ နေရတာ အရမ်းကြီး သက်သောင့်သက်သာတော့ မရှိ။

“ကလေး ဘယ်မှာလဲဟင်”

ချိန်ကျွင်းဟောက်က သူမဘေးမှာ တစ်ချိန်လုံး စောင့်ပေးနေတာ ဖြစ်သည်။ ချင်ရွှယ်ရူရဲ့ မေးခွန်းကို ကြားသည်နှင့် တစ်ပြိုင်နက် သူမရဲ့ လက်လေးကို ကိုင်ပြီး “အစ်မက သူ့ကို ကြည့်ပေးနေတယ်။ မင်း သူ့ကို တွေ့ချင်တယ် ဆိုရင် ကိုယ် ကလေးကို ပွေ့ချီလာခဲ့မယ်လေ” ဟု ပြောလိုက်၏။

ချင်ရွှယ်ရူက စိတ်အေးသွားသော သက်ပြင်းလေး တစ်ချက် မှုတ်ထုတ်ပြီးမှ သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ကလေးက ယောက်ျားလေးလား ၊ မိန်းကလေးလား”

“ယောက်ျားလေး”

“ယောက်ျားလေး … ” ချင်ရွှယ်ရူ နည်းနည်းလေး အံ့ဩသွားသလို နည်းနည်းလေးလည်း စိတ်ပျက်သွားသည်။ “အရင်တုန်းက အစ်မ ပြောတာတော့ သူ ကိုယ်ဝန်ရှိနေတုန်းက သူ့ကလေးကလည်း ဗိုက်ထဲမှာ အရမ်း လှုပ်ရှားနေခဲ့တာတဲ့။ အဲ့ဒါကြောင့် ဒီကလေးကိုလည်း မိန်းကလေး ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ထားတာ”

ချင်ရွှယ်ရူက လူနာခုတင်ပေါ်မှ ထဖို့ ပြင်နေစဉ်မှာပင် ကလေးကို ပွေ့ချီလျက် တံခါးနား ရောက်လာတဲ့ ချိန်ရှို့ချင်က သူတို့ နှစ်ယောက်ရဲ့ စကားဝိုင်းကို ကြားသွားသည်။ သူမ မရယ်မိဘဲ မနေနိုင်ပေ။ “အဲ့လိုကြီးတော့ တထစ်ချကြီး မှတ်လို့ ဘယ်ရမလဲ။ ကံတရားအပေါ်လည်း မူတည်သေးတာပဲ။ နင်က သားယောက်ျားလေးကို သဘောမကျတာလား ၊ အဲ့ဒါဆိုရင်တော့ ငါတို့ရဲ့ ကလေးလေးက ဝမ်းနည်းရတော့မယ်။ သူက နင်နဲ့ ကျွင်းဟောက်တို့ နှစ်ယောက်နဲ့ ဘယ်လောက်တောင် တူသလဲ ဆိုတာ ကြည့်လိုက်ပါဦး”

ချင်ရွှယ်ရူက အဲ့ဒီ စကားကို ဒီတိုင်း ဘာရယ်မဟုတ် ပြောလိုက်တာ ဖြစ်သည်။ ကိုယ် မွေးထားတဲ့ ကလေးကို သဘောမကျတဲ့ အမေရယ်လို့ ရှိမလား။

671 02

ချိန်ရှို့ချင်ရဲ့ စကားကို ကြားတော့ ချင်ရွှယ်ရူက စိတ်ဝင်တစား လှည့်ကြည့်ကာ ခန္ဓာကိုယ်က လှုပ်ရှားလာပြီး လူနာခုတင်ပေါ်မှ တစ်ဝက်တစ်ပျက် ထရန် ကြိုးစားနေသည်။

ချိန်ရှို့ချင်က ချင်ရွယ်ရူ တစ်ယောက် လှုပ်ရှားရင်း လတ်လတ်ဆတ်ဆတ် ဗိုက်ခွဲထားသော ဒဏ်ရာမှာ နာသွားမှာကို စိုးရိမ်၍ “မလှုပ်နဲ့လေ။ ငါ ကလေးကို နင့်ဆီ ယူလာခဲ့မယ်။ အလျင်မလိုနဲ့” ဟု အမြန် ပြောလိုက်သည်။

ချင်ရွှယ်ရူက ထိုစကားကို ကြားပြီးနောက် ငြိမ်သွားကာ ကလေးကို သူမခေါင်းအုံးဘေး လာချပေးသော ချိန်ရှို့ချင်ကို ကြည့်နေခဲ့သည်။

ကောင်လေးက အခုမှ မွေးကင်းစ နီတာရဲ သေးသေးကွေးကွေးလေးမို့ မျက်လုံးတွေတောင် မပွင့်သေးပေ။ သူ အိပ်နေလို့ မျက်လုံးမပွင့်သေးတာလား ၊ ဒါမှမဟုတ် အချိန် တစ်ခုထိ မျက်လုံးဖွင့်လို့ မရတာလား ဆိုတာကိုတော့ မပြောတတ်။

ချင်ရွှယ်ရူသည် ဒီအကောင်ပေါက်ကလေးကို ကြည့်ရင်း နှလုံးသားထဲမှာ နူးညံ့လာမိသည်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့က လူနာခန်းထဲမှ စကားပြောသံတွေကို ကြားတော့ ချင်ရွှယ်ရူ သတိလည်လာပြီမှန်း သိလိုက်ကာ အဘိုးချိန်ကို ချက်ချင်း ဖုန်းဆက်လိုက်ကြသည်။

ဆေးရုံကို လာဖို့ တစ်နေ့လုံး တွေးနေပုံပေါ်သော အဘိုးချိန်ကလည်း လေလိုအလျင်ဖြင့် ရောက်ချလာသည်။ သူ လူနာခန်းထဲ ရောက်,ရောက်ချင်း ချင်ရွှယ်ရူကို စိုးရိမ်တကြီး မေးလိုက်၏။ “နင့်ခန္ဓာကိုယ် ဘယ်လိုလဲ။ အဆင်ပြေရဲ့လား”

စိတ်ချစရာ အဖြေကို ရတော့မှ ကလေးလေးဆီ သူ အာရုံပြောင်းသွားသည်။ လူနာခုတင်ဘေး ကလေးပုခက်ထဲမှ ကောင်ကလေးကို ကြည့်ကာ အလျင်အမြန် ချီးမွမ်းခန်းဖွင့်လိုက်သည်။ “ဒီမျက်လုံးလေးတွေက ရွယ်ရူနဲ့ တူပေမဲ့ သူ့နှာခေါင်းနဲ့ ပါးစပ်ကတော့ ကျွင်းဟောက်နဲ့ တူတယ်။ သူက မင်းတို့ နှစ်ယောက်ဆီက ချောပေ့ လှပေ့ ဆိုတဲ့ အစိတ်အပိုင်းတွေကို ယူထားတာပဲ။ ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်တဲ့ ကောင်လေးလဲ”

စုယန်ယန်သည် အံ့လည်း အံ့ဩ ၊ ရယ်လည်း ရယ်ချင်သွားသည်။ “သမီးရဲ့ အမေကလည်း အဲ့လို ပြောတယ် ၊ အခု အဘိုးကလည်း အဲ့လို ပြောပြန်ပြီ။ ကြည့်ရတာ အမေ ပြောတာ မှန်တယ် ထင်တယ်”

+++++

All Chapters