အခန်း ၆၇၂
Vol. 45 Ch. 672
672 01
အခန်း ( ၆၇၂ ) မေမေ မင်းကို သဘောမကျတာ မဟုတ်ပါဘူးကွယ်။
ချိန်ရှို့ချင်က စုယန်ယန်ရဲ့ စကားကို ကြားတော့ ဒီကလေးဟာ ချင်ရွှယ်ရူ ၊ ချိန်ကျွင်းဟောက်တို့နဲ့ မတူဘူးလို့ သူတို့ ထင်နေကြသည်ဟု အထင်လွဲသွားလေသည်။
“ဘာဖြစ်လို့လဲ။ ဒီကလေးက နင့်ဦးလေး အဒေါ်တွေနဲ့ တူသားပဲ။ အမေ သားဖွားခန်းထဲကနေ မွေးကင်းစ ကလေးတွေ ထားတဲ့ အခန်းထဲထိ တောက်လျှောက် လိုက်သွားတာလေ။ သူ ကလေးထိန်းဌာနထဲကို ဝင်သွားတော့လည်း အမေပဲ ကြည့်နေခဲ့တာ။ ဘယ်လိုလုပ် အမေ ထင်တာက မှားမှာလဲ”
စုယန်ယန်က ခဏလောက် ဆွံ့အသွားပြီးမှ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “သမီးက အဲ့လို ပြောတာ မဟုတ်ဘူးလေ အမေရဲ့။ ကလေးက အရမ်း ငယ်တော့လည်း မျက်နှာတို့ ၊ ခန္ဓာကိုယ်တို့ကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးဘူး။ သူက ဦးလေးတို့ ၊ အဒေါ်တို့နဲ့ တူတယ်လို့ အမေနဲ့ အဘိုးက ဘယ်လိုလုပ် ပြောနိုင်တာလဲ”
စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် ချိန်ရှို့ချင်က သူမကို မျက်လုံးလှိမ့် ကြည့်လိုက်သည်။ “ကလေးက ဘာသိမှာလဲ။ နင်က ဘာမှ ကြည့်တတ်တာ မဟုတ်ဘူး။ အဲ့တော့ ဘာပြောတတ်မှာလဲ”
စုယန်ယန် ဆွံ့အသွားမိသည်။ “သမီးက ကလေး မဟုတ်တော့ဘူးနော် အမေ။ သမီး ကိုယ်တိုင်မှာတောင် ကလေးရှိနေပြီ”
စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ သူမ တစ်ဖက်ကို လှည့်ပြီး ခင်ပွန်းဖြစ်သူရဲ့ ရင်ခွင်ထဲကို ပြေးဝင်သွားကာ ဒရာမာဆန်ဆန် သက်ပြင်းလေး ချရင်း ပြောလိုက်၏။ “ဝမ်းကွဲမောင်လေးနဲ့ ယှဉ်လိုက်တာနဲ့ ကျွန်မက ဒီမိသားစုရဲ့ အဖိုးတန် ရတနာလေး မဟုတ်တော့ဘူး။ အရင်တုန်းကဆို ကျွန်မအမေက ကျွန်မကို တစ်ခါမှ အထင်သေးဖူးတာ မဟုတ်ဘူး”
ဟောက်ချန်ဟွမ်းက သူမအလိုကို လိုက်လျောဟန်ဆောင်ပေးရင်း ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “ကိုယ်ကတော့ မင်းကို အထင်သေးမှာ မဟုတ်ပါဘူးကွာ။ ဘယ်တော့မှ အထင်မသေးဘူး”
“နင် ဘာပေါက်ကရစကားတွေ လျှောက်ပြောနေတာလဲ”
ချိန်ရှို့ချင် ဘာမှ မပြောနိုင်သေးခင်မှာပဲ သခင်ကြီးချိန်က သူမကို ရယ်ရယ်မောမော ဆူပူပြီးခဲ့ပါပြီ။ “အဘိုးတို့မှာ ကလေးတွေ ဘယ်နှယောက် ရှိ,ရှိ ၊ နင်ကပဲ အဘိုးတို့ရဲ့ မျက်လုံးထဲမှာ အမြဲတမ်း အဖိုးအတန်ဆုံး ဖြစ်နေမှာ”
ချင်ရွှယ်ရူကလည်း ဝင်ထောက်ခံသည်။ “ဟုတ်တယ်မို့လား။ ကလေးက ယောက်ျားလေးလို့ ကြားတော့ ကျွန်မ နည်းနည်း စိတ်ညစ်သွားတယ်။ ဒီကောင်လေးက အရမ်း ဆိုးပြီး ပြဿနာတွေ ရှာမှာ ကျွန်မ ကြောက်တယ်။ အဲ့လိုဆို ကျွင်းဟောက်နဲ့ ကျွန်မ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ မိန်းကလေးတွေကမှ ပိုပြီး လိမ္မာတာ”
ထိုစကားကို ချိန်ရှို့ချင် ကြားလျှင် ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ “တကယ်တော့ ယောက်ျားလေးတွေရော ၊ မိန်းကလေးတွေရော အတူတူပါပဲ ၊ ဘာမှ မထူးဘူး။ နင်က စိတ်ထား နူးညံ့ပြီး အေးအေးဆေးဆေး နေတတ်တော့ ဒီကလေးကလည်း နင့်လိုပဲ ဖြစ်မှာပါ။ သူကလည်း သေချာပေါက် လိမ္မာမှာပဲ။ ဒါပေမဲ့ သူက ကျွင်းဟောက်နဲ့ တူရင်တော့ အဲ့လို မဟုတ်တော့ဘူး။ ကောင်လေးတွေက သူတို့ဦးလေးတွေနဲ့ တူတယ်လို့ လူတိုင်းက ပြောကြတယ် ၊ ငါတို့ ယွီရွှမ်းရဲ့ စိတ်နေစိတ်ထားကလည်း ကျွင်းဟောက်နဲ့ တူတယ်လေ။ သူ ငယ်ငယ်တုန်းက သိပ်ဆိုးခဲ့တာလို့ ပြောဖို့ ငါ အရမ်း ရှက်ခဲ့တာ”
စကားဝိုင်းထဲ နောက်တစ်ခေါက် ဆွဲထည့်ခံလိုက်ရပြန်သော စုယွီရွှမ်း : “… ” ဘာမှ မဟုတ်ရင် ငါ့ကို ဆွဲမထည့်ကြနဲ့လေ။ ကျေးဇူးပြုပြီး တစ်ယောက်တည်း အေးအေးဆေးဆေး နေပါရစေ။ ကျေးဇူးပါ။
“အစ်မ” ချိန်ကျွင်းဟောက်သည် အလှောင်ပြောင်ခံရပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ “ဘာပဲပြောပြော ကျွန်တော်က အဖေ တစ်ယောက် ဖြစ်နေပြီ။ ကျွန်တော့်ကို နည်းနည်းပါးပါး အရှက်မခွဲဘဲ နေလို့ မရဘူးလား”
လူတိုင်းက ချိန်ကျွင်းဟောက်ရဲ့ စကားကြောင့် ရယ်ချင်သွား၏။ လူနာဆောင်ထဲမှာ ရယ်သံတွေ ပြည့်နှက်သွားပါသည်။
ချင်ရွှယ်ရူက အခုမှ သတိလည်လာခါစမို့ အရမ်းကြီး အားမရှိသေးပါ။ ပြီးတော့ မေ့ဆေးပြယ်သွားချိန်မှာ သူမရဲ့ ခန္ဓာကိုယ်ကလည်း နေရတာ သက်သောင့်သက်သာ မရှိသေး။ စကား နည်းနည်းပါးပါး ပြောပြီးသွားတော့ သူမ ပင်ပန်းသွားသည်။
ဒါပေမဲ့ ဒီတစ်ခေါက် သူမ ဘာမှ စားလို့ မရပေ။ ကိုယ့်ကိုယ်ကိုယ် အားမကုန်အောင် ထိန်းသိမ်းထားပြီး ဖြည်းဖြည်းချင်း တောင့်ခံဖို့ပဲ တတ်နိုင်သည်။
ချိန်ကျွင်းဟောက်ကလည်း သူမရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှမယူပေးနိုင်သောကြောင့် ဘေးမှာပဲ ထိုင်ပြီး တိတ်ဆိတ်စွာ အဖော်ပြုပေးနေခဲ့သည်။
672 02
စုယန်ယန်က လူနာဆောင်ထဲမှာ ဟောက်ချန်ဟွမ်း ဆက်နေပြီး ချင်ရွှယ်ရူကို ဒီလို ပုံစံမျိုးဖြင့် မြင်နေမှာကို စိုးရိမ်လာမိသည်။ ထို့ကြောင့် သူမ သူ့ကို အဘိုးချိန်နှင့်အတူ အိမ်ကို ခေါ်သွားလိုက်၏။ ချိန်ရှို့ချင်ကတော့ ချိန်ကျွင်းဟောက်တို့တွေ ကလေးအတွက် တစ်ခုခု လိုအပ်လျှင် ကူညီပေးနိုင်ရန်အတွက် ဆေးရုံမှာ ကျန်နေခဲ့သည်။
စုယန်ယန်က ဟောက်ချန်ဟွမ်းကို အမြော်အမြင်ရှိစွာ အိမ်ပြန်ခေါ်သွားသော်လည်း ဆေးရုံမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တိုင်းက သူ့ကို ထိတ်လန့်စေခဲ့ပါသည်။ ဆေးရုံကနေ ပြန်လာပြီးနောက် အချိန် အတော် ကြာသည်ထိ ဟောက်ချန်ဟွမ်းက သူမအတွက် အလွန် စိုးရိမ်နေခဲ့သည်။ စုယန်ယန်သည် ငိုရမလား ၊ ရယ်ရမလား မသိတော့ပေ။
ချင်ရွှယ်ရူကတော့ ဗိုက်ခွဲထားသောကြောင့် ဆေးရုံမှာ တစ်ပတ်လုံး နေပြီးမှ အိမ်ပြန်လာခဲ့ရသည်။ ထို့နောက် အာဟာရဖြည့်စွက်စာ မျိုးစုံကို သောက်ရင်း သူမ အလုပ်ရှုပ်နေခဲ့သည်။
ကလေးမွေးပြီးနောက် တစ်လအကြာမှာတော့ ချင်ရွှယ်ရူရဲ့ မျက်နှာသည် အစားတွေ အများကြီး စားခြင်းကြောင့် နီရဲဖောင်းအစ်လာရုံသာမက ချိန်ကျွင်းဟောက်ပင်လျှင် ကီလိုဂရမ် အနည်းငယ် ဝိတ်တက်လာခဲ့သည်။
စုယန်ယန်လည်း ချင်ရွှယ်ရူလို အများကြီး စားချင်သော်လည်း ဒုတိယလမှ စလို့ မနက်တိုင်း မအီမသာဖြစ်ပြီး ပျို့အန်နေရတာ ဆိုးရွားပါသည်။ တစ်လအကြာမှာတော့ ဝိတ်မတက်ရုံသာမက ကီလိုဂရမ် အနည်းငယ်ပင် ဝိတ်ကျသွားခဲ့လေသည်။ ဟောက်ချန်ဟွမ်းကတော့ သူမအတွက် စိတ်ပူလွန်းကာ ပါးစပ်ကနေ တတွတ်တွတ် ပြောလို့ မဆုံးတော့ပြီ။
+++++