← Chapters

အခန်း ၆၇၃

Vol. 45 Ch. 673

အခန်း ၆၇၃

Vol. 45 Ch. 673

673 01

အခန်း ( ၆၇၃ ) ကိုယ်တို့ရဲ့ ကလေးလေး ကြီးလာပြီ။

ကံကောင်းထောက်မစွာဖြင့် ထိုအခြေအနေက အရမ်းကြီး မကြာလိုက်ပါ။ တစ်လတိတိ ဒုက္ခဆင်းရဲခံပြီးနောက်မှာတော့ သူမ ဖြည်းဖြည်းချင်း သက်သာလာခဲ့သည်။

ချိန်မိသားစုရဲ့ လက်ရှိ အိမ်ထောင်ဦးစီးက နောက်ဆုံးမှာ ကလေး တစ်ယောက် ရလာပြီ ဆိုတဲ့ သတင်းက လူချမ်းသာ အသိုင်းအဝိုင်းကြားတွင် တောမီးပမာ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။

လူများစွာက ထိုသတင်းကြောင့် အံ့လည်း အံ့ဩ ၊ စပ်လည်း စပ်စုချင်သွားကြသည်။ ထို့ကြောင့် ချိန်မိသားစုရဲ့ သတင်းတွေကို လျို့ဝှက်စွာ စတင် စုံစမ်းခဲ့ကြ၏။ ချိန်မိသားစုရဲ့ စီးပွားရေး ပါတနာ တချို့နှင့် မိတ်ဆွေ အနည်းငယ်ဟာ သခင်ကြီးချိန်ကိုပင် ဖုန်းဆက်ခဲ့ကြသည်။

သခင်ကြီးချိန်က လူပေါင်းများစွာရဲ့ ဖုန်းကောလ်တွေ ၊ မေးခွန်းတွေကို လက်ခံဖြေကြားရင်း ဂုဏ်လည်း ဂုဏ်ယူ ၊ တော်တော်လေးလည်း စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။

ကလေးရဲ့ တစ်လပြည့် အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲကြီး တစ်ပွဲ ကျင်းပပြီး ဆွေမျိုးတွေ ၊ မိတ်ဆွေတွေနှင့် စီးပွားရေးပါတနာတွေကို သူတို့မိသားစုမှာ မိသားစုဝင်‌ အသစ်လေး တစ်ယောက် ထပ်တိုးလာပြီ ဖြစ်ကြောင်း တရားဝင် ကြေညာရန် ဆုံးဖြတ်လိုက်သည်။

ချိန်မိသားစု ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတွေက နယ်နယ်ရရ မဟုတ်တာမို့ လူများစွာရဲ့ စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။

ဒီဧည့်ခံပွဲအတွက် ချိန်မိသားစုက နေရာ အကျယ်ကြီး တစ်ခုကို အထူး စီစဉ်ထားသည်။ ဧည့်ခံပွဲ အပြင်အဆင်တွေမှာ မိုးပြာရောင်ကို အဓိက သုံးထားပြီး ‘ ချိန်ဟိုင်ကျိုး ’ ဆိုတဲ့ မျိုးဆက်သစ်လေးရဲ့ နာမည်နှင့် ကိုက်ညီအောင် အိပ်မက်တိုင်းပြည်ဆန်ဆန် ပြင်ဆင်ထားသည်။

ကလေးလေးရဲ့ တစ်လပြည့် ညကို ရောက်တော့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။

စုယန်ယန်ကတော့ ဒီဧည့်ခံပွဲရဲ့ အဓိက ဇာတ်ကောင် မဟုတ်ပါ။ သူမက ကိုယ်ဝန်လည်း ရှိနေတာမို့ ဧည့်သည်တွေကို ချင်ရွှယ်ရူနှင့်အတူ မကြိုဆိုဘဲ ဟောက်ချန်ဟွမ်းနှင့်သာ ထောင့် တစ်နေရာမှာ ထိုင်နေခဲ့သည်။ ချိန်ကျွင်းဟောက်နှင့် သူ့ဇနီးက သူငယ်ချင်းဟောင်းတွေရဲ့ ဆုမွန်ကောင်းတွေကြောင့် တက်ကြွပျော်ရွှင်ပြီး ရင်ခွင်ထဲမှာ ကလေးလေးကို ပွေ့ထားလျက် လာသမျှ ဧည့်သည်တွေကို အပြုံးလေးဖြင့် လိုက်နှုတ်ဆက်နေကြသည်။

ကောင်လေးက တစ်လသား အရွယ် ရှိပါပြီ။ အရွယ်အစား သေးငယ်သေးသော်လည်း မျက်နှာလေးကတော့ အရင်တုန်းကလို မျောက်လေး တစ်ကောင်ကဲ့သို့ နီရဲမနေတော့။ ဖောင်းအစ်အစ် မျက်နှာ ဖြူဖြူလေးမှာ အနက်ရောင် စပျစ်သီးတွေလို မျက်လုံးဝိုင်းကြီးတွေ ပေါင်းစပ်လိုက်သောအခါ သူ့ပုံစံလေးက အလွန် ချစ်စရာကောင်းသွားလေသည်။

အထူးသဖြင့် ထိုမျက်လုံးအိမ်လေးတွေက ကိုယ့်ကို လာကြည့်လျှင် နှလုံးသားထဲမှာ နူးညံ့ အရည်ပျော်သွားပြီး လက်ဆောင်ပစ္စည်းတွေ ပေးချင်စိတ် ပေါက်လာစေသည်။

ထိုကောင်လေးက လူမကြောက်ပါ။ လူများစွာဆီမှာ ပွေ့ချီခံရပြီးတာတောင်မှ ချင်ရွှယ်ရူကို လှမ်းကြည့်ရုံသာ ကြည့်ကာ မငိုပေ။ တစ်ခါတရံမှာလည်း ဧည့်သည်တွေကို သွားဖုံးလေးပေါ်တဲ့အထိ ချစ်စရာကောင်းစွာ ပြုံးပြနေတတ်သည်။

673 02

“မင်း ဗိုက်ဆာပြီလား” ဟောက်ချန်ဟွမ်းက မုန့်ပန်းကန်သို့ စုယန်ယန်နားသို့ တိုးပေးလိုက်သည်။ သူ့ပုံစံက သူမကို ခွံ့ကျွေးဖို့ အဆင်သင့် ဖြစ်နေတဲ့ အနေအထား။

ဧည့်ခံပွဲမှာ တည်ခင်းထားတဲ့ အစားအသောက် အများစုက အန်တီဖန့်ရယ် ၊ အိမ်မှာ ရှိတဲ့ အိမ်အကူတွေရယ်က ပြင်ဆင်ထားတာ ဖြစ်သည်။ ဒါ့ကြောင့်သာ ဟောက်ချန်သွမ်းကလည်း စုယန်ယန်ကို စိတ်ချလက်ချ ကျွေးရဲတာပါ။

စုယန်ယန်က သူ့ကို မျက်လုံးလှိမ့်ပြီး ကြည့်လိုက်သည်။ “ကျွန်မ အခုလေးတင် ဆန်ပြုတ် တစ်ပန်းကန် သောက်ထားတာလေ။ ဘယ်လိုလုပ် ခဏလေးနဲ့ ဗိုက်ပြန်ဆာမှာလဲ”

စုယန်ယန်သည် မေးစေ့ကို ပွတ်လိုက်၏။ မနက်ဆို ကိုယ်လက်မအီမသာဖြစ်ကာ ပျို့အန်ခြင်းကြောင့် ကီလိုဂရမ် အနည်းငယ် ဝိတ်ကျသွားပေမဲ့ ထိုဝေဒနာက လောလောဆယ်မှာ အရင်တုန်းကလောက် မဆိုးတော့ပါ။ ဟောက်ချန်ဟွမ်းက သူမကို သူမရဲ့ မိသားစုဝင်တွေနှင့်အတူ တစ်ခုပြီး တစ်ခု တရစပ် ကျွေးနေခဲ့ပြီး သူတို့ကို ကြည့်ရတာ သူမကို ဝက် တစ်ကောင်လို အစာကျွေးဖို့ မစောင့်နိုင်တော့တဲ့ ပုံစံပဲ။ သူမ တစ်ရက်ကို ( ၇ ) နပ် ၊ ( ၈ ) နပ် စားရသည်။

“အခု မင်းက အရင်လို တစ်ယောက်တည်း မဟုတ်တော့ဘူးလေ ၊ အဲ့တော့ နှစ်ယောက်စာ ပိုစားရမယ်။ ဒေါ်လေး ပြောတာတော့ သူ အရင်တုန်းကဆို တစ်ရက်ကို ( ၅ ) နပ် ၊ ( ၆ ) နပ်လောက် စားတာတဲ့”

“သူမက တစ်ခါ စားရင် နည်းနည်းစီပဲ စားတာကိုး။ အနပ်တိုင်းကို တနင့်တပိုး စားနေရတဲ့ ကျွန်မလိုမှ မဟုတ်တာ။ ခဏပဲ ရှိသေးတာကို ကျွန်မ အများကြီး ဝိတ်တက်လာပြီ”

“မင်း ဝိတ်တက်လာပြီလား … ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက လက်ခနဲ တောက်ပသွားကာ စုယန်ယန်ရဲ့ ဗိုက်ကို လှမ်းကိုင်လိုက်သည်။ “ကိုယ် ကြည့်ပါရစေဦး”

စုယန်ယန်ရဲ့ မျက်နှာလေးက ပန်းရောင်သမ်းသွားပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်၏။ သူမ သူ့ကို အေးစက်စွာ မျက်စောင်းထိုးလိုက်သည်။ “လူတွေ အများကြီး ရှိတယ်လေ”

“သူတို့က ကိုယ်တို့ဆီမှာ အာရုံမရှိပါဘူး” ဟောက်ချန်ဟွမ်းက စားပွဲအောက်ကနေ စုယန်ယန်ရဲ့ ဗိုက်လေးကို ကိုင်နေခဲ့သည်။ “နည်းနည်းလေး ပိုဖောင်းလာတယ် ထင်တယ်။ ကိုယ်တို့ရဲ့ ကလေးလေး ကြီးလာပြီ”

စုယန်ယန်ကတော့ သူ့စကားကြောင့် ရယ်လည်း ရယ်ချင် ၊ စိတ်လည်း ပျက်သွားသည်။ နှစ်လသားအရွယ် ကလေးလေးက ဘယ်လောက် ကြီးဦးမှာမို့လို့လဲ။ သူတို့တွေပဲ သူမကို မရပ်မနား တစ်ခုပြီး တစ်ခု ကျွေးနေလို့ ဗိုက်ပူလာတာပင်။

+++++

All Chapters