← Chapters

အခန်း ၆၇၄

Vol. 45 Ch. 674

အခန်း ၆၇၄

Vol. 45 Ch. 674

674 01

အခန်း ( ၆၇၄ ) မင်းကို ရဖို့သာ။

ကိုယ်ဝန်ကြောင့် စုယန်ယန်သည် အခုတလော စိတ်ဆတ်လွယ်နေကော တစ်ယောက်ယောက်ကို ရိုက်နှက်ပစ်ချင်နေခဲ့သည်။

သူမက အသက်ပြင်းပြင်း တစ်ချက် ရှူပြီး ‌တီးတိုး ပြောလိုက်၏။ “ကျွန်မ ရေဆာတယ်”

ဟောက်ချန်ဟွမ်းက ချက်ချင်း နားလည်သည်။ “ကိုယ် မင်းအတွက် ဖျော်ရည် နည်းနည်းပါးပါး သွားယူပေးမယ်။ ဒီမှာပဲ ထိုင်နေနော် ၊ ဟိုလှည့် ဒီလှည့် မလုပ်နဲ့”

“ဟုတ်ပါပြီ”

ဟောက်ချန်ဟွမ်း ထွက်သွားပြီးနောက် စုယန်ယန်မှာ ဘာမှ လုပ်စရာ မရှိတော့ပေ။

သူမ ချင်ရွှယ်ရူနှင့် တခြား လူတွေကို သွားရှာရင် ကောင်းမလား ဟူ၍ တုံ့ဆိုင်းနေစဉ်မှာပဲ သူမရှေ့ကို ရင်းနှီးနေတဲ့ ပုံရိပ်လေး တစ်ခု ရောက်လာသည်။

“ယန်ယန် … ”

စုယန်ယန်က သူမရှေ့မှာ ရုတ်တရက် ပေါ်လာသော အမျိုးသားကို ကြည့်ကာ မျက်လုံးတွေ ကျဉ်းမြောင်းသွားသလို မျက်နှာလည်း ခပ်မဲ့မဲ့ ဖြစ်သွားသည်။

“ချိန် … ဖန့်လန် … “

ထိုအမျိုးသားက သူမ ညွှန်းဆိုသော အခေါ်အဝေါ်ကို ကြားတော့ စက္ကန့်ပိုင်းလောက် အံ့ဩဆွံ့အသွားပြီးမှ ခါးသီးစွာ ပြုံးလိုက်သည်။

“နင် ငါ့ကို ဘာလို့ အစ်ကိုဖန့်လန်လို့ အမြဲတမ်း မခေါ်ရတာလဲ။ နင် ဘာလို့ ရုတ်တရက်ကြီး ဘာလို့ ငါ့အပေါ် အရမ်း အေးစက်သွားတာလဲ။ ဒါမှမဟုတ် အိမ်ထောင်ကျသွားတော့ ငါ့ကို နင့်အစ်ကိုအဖြစ် အသိအမှတ်ပြုဖို့ အစီအစဉ်မရှိတော့တာလား”

စုယန်ယန်ရဲ့ မျက်နှာက မည်းမှောင်သွားပြီး သူမရဲ့ မျက်လုံးထဲမှာ စိတ်ပျက်ရွံရှာမှုတွေ ယှက်သန်းသွားလေသည်။

သူမရှေ့မှ ချိန်ဖန့်လန် ဆိုတဲ့ လူကို ချိန်မိသားစုနှင့် သွေးဝေးသော ဆွေမျိုး တစ်ယောက်ဟု ပြောလို့ ရသည်။ သူမရဲ့ အရင်ဘဝမှာတုန်းက သူမနှင့် ငယ်ငယ်လေးကတည်းက သိလာခဲ့ပြီး သက်တူရွယ်တူ ဖြစ်သော ဒီအစ်ကို,ကို အကောင်းမြင်ခဲ့တာမို့ ရည်မွန်တဲ့ မျက်နှာချောချော နောက်ကွယ်က မကောင်းတဲ့ အခြမ်းကို မမြင်ခဲ့ပေ။

ချိန်မိသားစုမှာ အရှုံးတွေကို ရင်ဆိုင်နေရချိန်မှာတောင် စုယန်ယန်ကတော့ သူ့ကို ဘယ်တော့မှ သံသယမဝင်ခဲ့။

သူမ ဟောက်ချန်ဟွမ်းဘေးမှာ နေရင်း သေဆုံးသွားခဲ့တဲ့ အချိန်ထိပေါ့ …

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူမနှင့် သွေးဝေးတဲ့ ဝမ်းကွဲ အစ်ကို,ကို ပြန်မြင်ရတာ ဒါ ပထမဆုံး အကြိမ် ဖြစ်သည်။ လူယဉ်ကျေးနှင့် တူသော အတိတ်တုန်းက မျက်နှာချောချောသည် ပျောက်ကွယ်သွားတာ ကြာခဲ့ပြီ ဖြစ်ကာ အခုတော့ သာမန်လူနှင့် မတူတဲ့ ရူးသွပ်မှုတွေသာ ကျန်ခဲ့၏။

စုယန်ယန်ကလည်း အဲ့ဒီတော့မှ ဒီလူ့မှာ သူမနှင့် ပတ်သက်လို့ အဲ့ဒီလို အတွေးတွေ ရှိနေတာကို နားလည်သွားတာ ဖြစ်လေသည်။

“ငါ မမှားဘူး ၊ ငါ မမှားဘူး။ ငါက သူမကို လိုချင်ရုံလေးပဲ။ ငါက သူမကို အရမ်းလည်း ချစ်တယ် ၊ ပြီးတော့ အရမ်းလည်း သဘောကျတယ်။ ငါတို့က သွေးသားတောင် တော်စပ်တာ မဟုတ်ဘူးလေ။ ဘာလို့ ငါက သူမကို လက်ထပ်လို့ မရ,ရမှာလဲ”

ဟောက်ချန်ဟွမ်းက သူ့ကို စာရွက်စာတမ်း အထပ်လိုက်နှင့် ပစ်ပေါက်လိုက်သည်။ ကြောင်အနေသော စုယန်ယန်သည် ဖျတ်ခနဲ သတိဝင်လာကာ စာရွက်စာတမ်းတွေကို ကြည့်ရင်း ကျောချမ်းသွားမိသည်။

စုယန်ယန်သည် ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ ခြေဖျား လက်ဖျားတွေ အေးစက်လာသည်။

ချိန်ဖန့်လန်က ချိန်မိသားစုကို ကျရှုံးအောင် လုပ်တဲ့ နေရာမှာ အရမ်းကြီး ဝင်မပါခဲ့ပေ။ ကြင်နာမှုကို ကျေးဇူးကန်းခြင်းနှင့် တုံ့ပြန်ခဲ့တာက ချိန်ဖန့်လန်ရဲ့ အမေ ဖြစ်သည်။

သို့သော်လည်း စုယန်ယန်ကတော့ သူ့အမေ လုပ်တဲ့ ကိစ္စတွေကို ချိန်ဖန့်လန် မသိခဲ့ဘူး ဆိုတာကို ဘယ်တော့မှ အယုံအကြည် မရှိပေ။

ပြီးတော့ ချိန်ဖန့်လန်က စုမိသားစုကို အပြီးတိုင် ကျရှုံးအောင် လုပ်နေတဲ့ နေရာမှာလည်း အဓိကကျတဲ့ ကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့သေးသည်။ သူ ပြောတာကတော့ … သူမကို ရဖို့ အဲ့လိုတွေ လုပ်ခဲ့တာပါ တဲ့။

674 02

“ငါ သူမကို ဘယ်လောက် ချစ်လဲ ဆိုတာ မင်း မသိဘူး။ ငါ သူမကို ပထမဆုံး မြင်ဖူးတုန်းက သူမက ခြောက်နှစ်သမီးအရွယ်ပဲ ရှိသေးတယ်။ အဲ့တုန်းက သူမက ပန်းရောင်ဂါဝန်လေးနဲ့ ကျစ်ဆံမြီး နှစ်ချောင်း ကျစ်ထားတာ။ သူမက သခင်ကြီးရဲ့ လက်ကို လိမ္မာ‌တဲ့ ကလေး တစ်ယောက်လို ကိုင်ထားတယ်။ သူမရဲ့ ပုံစံလေးက လူ့လောကထဲကို မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့ နတ်သမီးလေးလိုပဲ။ အရမ်း လှတယ် ၊ အရမ်း ချစ်စရာကောင်းတယ်။ အဲ့အချိန်ကတည်းက ငါက တစ်နေ့ကျ သူမကို ပိုင်ဆိုင်ရဖို့ မျှော်လင့်နေခဲ့တာ”

ချိန်ဖန့်လန်ရဲ့ မျက်လုံးထဲမှာ ခေါင်းမာမှုတွေ ၊ ရူးသွပ်မှုတွေ ပြည့်နှက်နေခဲ့သည်။ “သူမကို ကြောက်အောင် လုပ်မိမှာ စိုးလို့ ငါ့ကိုယ်ငါ ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ငါ့အတွက် သူမ အရွယ်ရောက်တဲ့အထိ စိတ်ကို ထိန်းပြီး စောင့်စည်းဖို့ ဆိုတာ လွယ်ခဲ့တာ မဟုတ်ဘူး။ သူမကို အရူးအမူး လက်ထပ်ချင်တယ် ၊ သူမရဲ့ လက်လေးတွေကို ဆုပ်ကိုင်ထားချင်တယ် ၊ ငါ့ရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံးမှာ သူမကို ငုံထားမတတ် ချစ်သွားချင်တယ်။ သခင်ကြီးရဲ့ ရည်ရွယ်ချက်တွေကို သက်သေပြခိုင်းဖို့ ငါ့အမေကို သတ္တိစုစည်းပြီး ပြောခဲ့ရတာ ၊ ဒါပေမဲ့‌ နောက်ဆုံးကျ ဘာဖြစ်သွားလဲ”

ချိန်ဖန့်လန်ရဲ့ မျက်လုံးတွေက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေတဲ့ ခွေးရူး တစ်ကောင်လို နီရဲနေသည်။ “အတွေးအခေါ်မကောင်းတဲ့ သခင်ကြီးကတော့ အဲ့ဒါက မသင့်တော်ဘူးလို့ပဲ ဆက်တိုက် ပြောနေခဲ့တယ် ၊ သူမက ငါ့ကို အစ်ကို တစ်ယောက်လိုပဲ ဆက်ဆံတာတဲ့လေ။ နောက်ပိုင်းကျတော့ ငါ့ကို သူမနဲ့ တမင် ပေးမတွေ့တော့ဘူး။ သခင်ကြီးက ငါ့ကို အထင်သေးတယ် ၊ ငါ့မိသားစုကိုလည်း အထင်သေးတယ် ၊ ပြီးတော့ ငါ့ကို သူမနဲ့ မတန်ဘူးလို့ ထင်တာ ငါ သိတယ်”

“သူတို့ ငါ့ကို သဘောမကျရင် ဒီတိုင်းလေး သေသွားပေးလိုက်။ အဲ့လိုနဲ့ သူမမှာ ငါက လွဲလို့ တခြား မှီခိုစရာ လူ ရှိတော့မှာ မဟုတ်ဘူး။ ဟားဟားဟားဟား … ”

+++++

All Chapters