အခန်း ၆၇၆
Vol. 46 Ch. 676
676 01
အခန်း ( ၆၇၆ ) အလောတကြီး လက်ထပ်လိုက်ရတာလို့ ငါ ကြားတယ်။
စုယန်ယန်ရဲ့ မျက်နှာက မည်းမှောင်သွားသည်။ သူမ သူ့ကို ထွက်သွားစေချင်ပေမဲ့ ဧည့်ခံပွဲမှာ လူတွေ အများကြီး ရှိနေပါသည်။
ချိန်ဖန့်လန်နှင့် ပေါ်တင်ကြီး ပြဿနာဖြစ်ဖို့ အချိန်ကောင်း မဟုတ်သေးသလို သူမရဲ့ ဦးလေး ၊ ဒေါ်လေးတို့ စေ့စေ့စပ်စပ် စီစဉ်ထားတဲ့ ဧည့်ခံပွဲကိုလည်း ဖျက်ဆီးလို့ မဖြစ်သေးပါ။
သစ်သီးဖျော်ရည် အနည်းငယ် ယူဖို့ ထွက်သွားတဲ့ တစ်ယောက်သော သူအား မြန်မြန် ပြန်လာပြီး သူမကို ကူညီဖို့ တိတ်တဆိတ် ဖုန်းဆက်ရုံသာ တတ်နိုင်သည်။
သို့သော်လည်း စုယန်ယန်ကို အံ့ဩသွားစေတာကတော့ ဟောက်ချန်ဟွမ်းက နာရီဝက် ကြာတော့မှသာ ပြန်ရောက်လာခဲ့တာ ဖြစ်သည်။
ဟောက်ချန်ဟွမ်းသည် လတ်လတ်ဆတ်ဆတ် ညှစ်ယူထားသော သစ်သီးဖျော်ရည် တစ်ခွက်ကို လက်ထဲမှာ ကိုင်ထားလျက် ပြန်ရောက်လာသည်။ စုယန်ယန်ဘေးမှာ လူစိမ်း တစ်ယောက် ထိုင်နေတာကို မြင်တော့ သူ့မျက်နှာက မှုန်ကုပ်သွား၏။
“မင်းရဲ့ ဖျော်ရည် ရပြီ ယန်ယန်”
စုယန်ယန်က ချိန်ဖန့်လန်ကို သည်းမခံနိုင်တော့တာ ကြာခဲ့ပြီ ဖြစ်သည်။ ဟောက်ချန်ဟွမ်းရဲ့ အသံကို ကြားသည်နှင့် ကယ်တင်ရှင် တစ်ပါးကို မြင်လိုက်ရသလို သူမရဲ့ မျက်လုံးတွေ တောက်ပသွားသည်။
သူမ ချွဲချွဲနွဲ့နွဲ့ အမူအရာလေးဖြင့် နှုတ်ခမ်းစူ၍ ပြောလိုက်သည်။ “ရှင် ဘာလို့ အဲ့လောက်တောင် ကြာနေရတာလဲ”
“မီးဖိုချောင်ထဲမှာ သစ်သီးတွေ ကုန်နေတာနဲ့ လူလွှတ်ပြီး ဝယ်ခိုင်းနေရလို့ ကြာသွားတာ”
ဟောက်ချန်ဟွမ်းက စိတ်ရှည်လက်ရှည် ရှင်းပြပြီးမှ ချိန်ဖန့်လန်ဘက်ကို လှည့်ကြည့်လိုက်သည်။ “ဒါနဲ့ ဒီလူက … ”
ချိန်ဖန့်လန်က သူ့ရှေ့က လူအပေါ် အပြည့်အဝ မှီခိုအားထားနေသော စုယန်ယန်ကို မြင်တော့ မျက်လုံးနွေ မှုန်မှိုင်းသွားကာ ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။ “ငါက ယန်ယန့်အစ်ကိုပါ။ မင်းက ယန်ယန်နဲ့ လက်ထပ်ထားတာ မကြာသေးတဲ့ ယန်ယန့်ခင်ပွန်း ဖြစ်ရမယ်။ တွေ့ရတာ ဝမ်းသာပါတယ် ၊ ငါက ချိန်ဖန့်လန်ပါ”
ချိန်ဖန့်လန်က ဟောက်ချန်ဟွမ်းကို လက်ကမ်းပေးလိုက်သည်။
ဟောက်ချန်ဟွမ်းက သူ့ရှေ့မှ လက်ကို ကြည့်ကာ မျက်လုံးတွေ လက်ခနဲ တောက်ပသွားပြီး လက်ဆွဲနှုတ်ဆက်လိုက်၏။
သူတို့ လက်ဆွဲနှုတ်ဆက်ပြီးနောက် နှစ်စက္ကန့်အကြာမှာပဲ စုယန်ယန်သည် ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိလိုက်သည်။
သူမ မျက်မှောင်ကြုတ်ပြီး ဟောက်ချန်ဟွမ်းရဲ့ လက်မောင်းကို အရင်ဆုံး ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အပြုံးလေးဖြင့် မေးခွန်းထုတ်လိုက်၏။ “ရှင် ဘာလို့ တစ်ခွက်တည်း ယူလာတာလဲ။ ရှင်ရော မသောက်ဘူးလား”
ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ဘေးကနေ တွဲကာ ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ပြီးနောက် သူ့မျက်နှာက နူးညံ့သွားသည်။ “သစ်သီးတွေက အများကြီး မရှိဘူး ၊ ဖျော်ရည် တစ်ခွက်စာ လုံလောက်ရုံပဲ ရှိတာ”
စုယန်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်။ “ဒါဆို ကျွန်မတို့ ဒီတစ်ခွက်ကို အတူတူ သောက်ကြမလား”
ဟောက်ချန်ဟွမ်းသည် ပုံမှန်အားဖြင့် သူ့ဇနီးရဲ့ အစားအသောက်တွေကို ယူစားလေ့မရှိသော်လည်း သူမရှေ့မှာ ထိုင်နေသော အမျိုးသားကို အမြင်မှာ သူ့ပါးစပ်ထဲက ထွက်အံ့ဆဲဆဲ စကားလုံးတွေ ပြောင်းလဲသွားလေသည်။ “ကောင်းပြီလေ”
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ နီးစပ်ပူးကပ်နေခြင်းက ချိန်ဖန့်လန်ရဲ့ မျက်နှာကို ခဏတာ ဖြူဖျော့သွားစေပေမဲ့ သူ ချက်ချင်းပဲ အပြုံး တစ်ခုကို ဖန်တီးယူလိုက်ပါသည်။ “နင်တို့ နှစ်ယောက်က သာယာတဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ထားတာပဲ။ ကောလဟာလတွေထဲကလို မဟုတ်ပါလား … ”
“ကောလဟာလတွေ … ” စုယန်ယန်က မျက်ခုံး တစ်ချက် ပင့်ပြီး သူ့ကို ဖြတ်မေးလိုက်၏။ “ကောလဟာလတွေက ကျွန်မတို့နဲ့ ပတ်သက်ပြီး ဘာတွေ ပြောနေလို့လဲ”
ချိန်ဖန့်လန်က လည်ချောင်းနင်သွားသလို ခံစားလိုက်ရကာ ထိုမေးခွန်းကို တိုက်ရိုက် ပြန်မဖြေဘဲ ပညာသားပါပါ ပြန်မေးလိုက်သည်။ “နင်တို့ နှစ်ယောက် အလောတကြီး လက်ထပ်လိုက်ရတာလို့ ငါ ကြားတယ်”
သူ ဘာကို ပြောချင်နေတယ် ဆိုတာကို သိသော စုယန်ယန်ရဲ့ မျက်လုံးတွေက အေးစက်သွားသည်။ သူမ ရှင်းပြဖို့ ပါးစပ်ပြင်နေချိန်မှာပဲ ဟောက်ချန်ဟွမ်းက စားပွဲအောက်ကနေ သူမရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး လက်ချောင်းတွေကို အပြန်အလှန် သွယ်ယှက်ထားလိုက်သည်။
“တကယ်လည်း အလောတကြီး လက်ထပ်လိုက်ရတာပါပဲ။ ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက် မြင်,မြင်ချင်း ချစ်မိသွားကြတာလေ”
“ကြည်နူးစရာကောင်းလိုက်တာ”
စုယန်ယန်က စိတ်ထဲကနေ အေးစက်စွာ လှောင်ရယ်လိုက်ပြီး ကြောင်သူတော်လုပ်နေသူကို တိတ်တိတ်လေး ကျိန်ဆဲမိသည်။ သို့သော်လည်း အပြင်ပန်းမှာတော့ သူမ ချိုချိုသာသာ ပြောလိုက်ပါသည်။ “ညီမလည်း အဲ့လိုပဲ ထင်တယ်။ တချို့ လူတွေအတွက်က အဲ့လိုပါပဲ။ တစ်ဖက်လူက ကိုယ့်ဘဝရဲ့ အကောင်းဆုံး ရွေးချယ်မှု ဆိုတာကို နားလည်ဖို့ သူတို့ကို မြင်အောင် ကြည့်တတ်ဖို့ပဲ လိုတာ”
676 02
အခြားတစ်ဖက်၌ တချို့ လူတွေအတွက်ကတော့ ရာစုနှစ်ပေါင်းများစွာ ကြာအောင် တစ်ယောက်ဘေးမှာ တစ်ယောက် ရှိခဲ့တာတောင်မှ အတူတကွ ပေါင်းဖက်ရဖို့ ရေစက် မပါပေ။
စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ ချိန်ဖန့်လန်ရဲ့ မျက်လုံးတွေက ဝင်းလက်သွားသည်။ သူ တစ်ခုခု ပြောဖို့ ပါးစပ်ဟလိုက်ချိန်မှာပဲ စုယန်ယန်က သူ့ကို ဖြတ်ပြောခဲ့၏။
“ဆက်ဆံရေးတွေ ဆိုတာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ရှိမှ အဓိပ္ပာယ်ရှိတာ။ အတင်းအကျပ် ဖိအားပေးခံထားရတဲ့ ဆက်ဆံရေးမျိုးက ကြည်နူးစရာမကောင်းဘူး။ ညီမ သူ့ကို သဘောကျတယ် ၊ ကံကောင်းချင်တော့ သူကလည်း ညီမကို သဘောကျတယ်။ အဲ့ဒါကြောင့်ပဲ သိပ်အလုပ်မရှုပ်တော့တာ။ မဟုတ်ရင် ညီမတို့ လက်ထပ်ချင်ရင်တောင် ဒီလောက် မြန်မြန် လက်ထပ်နိုင်မှာ မဟုတ်ဘူး”
+++++