အခန်း ၆၇၇
Vol. 46 Ch. 677
677 01
အခန်း ( ၆၇၇ ) ပြင်းထန်သော ထိုးနှက်ချက်များ။
စုယန်ယန်က ချိန်ဖန့်လန်အား သူမတို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်း ချစ်ကြောင်း အရိပ်အမြွက်ပေးရန် ကြိုးစားနေခဲ့သည်။
အလောတကြီး လက်ထပ်လိုက်ရခြင်းက သူတို့အတွက် ရှက်စရာ မဟုတ်ပါ။ တိတိကျကျ ပြောရလျှင် တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေ ရှိနေလို့သာ အဲ့ဒီလို အလောတကြီး လက်ထပ်ဖြစ်ခဲ့တာပါ။
အဲ့လို မဟုတ်ဘဲ ဆက်ဆံရေး တစ်ခုမှာ တစ်ဖက်လူက ခံစားချက်တွေ ရှိပြီး ကိုယ်က ဘာခံစားချက်မှ မရှိလျှင် သူက ကိုယ့်ကို ရဖို့ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ လက်ထပ်ခြင်း ဆိုတဲ့ အဆင့်ထိ ရောက်သွားမှာ မဟုတ်ပေ။ ချိန်ဖန့်လန်နှင့် သူမလိုပေါ့။
ချိန်ဖန့်လန်ကလည်း အရူး တစ်ယောက် မဟုတ်။ စုယန်ယန်ရဲ့ စကားတွေကို ကြားတော့ သူ အံ့ဩသွားမိသည်။ သူ စုယန်ယန်ကို အံ့ဩစွာ ကြည့်လိုက်၏။ သူ့ရှေ့က လူဟာ တစ်ခုခုကို သိနေတာလားဟု တွေးမိသွားသည်။
သူမ ရိပ်မိနေတာလား။ မဟုတ်မှလွဲရော …
ချိန်ဖန့်လန်သည် အချိန် ခဏ ကြာတဲ့ထိ နှလုံးသားထဲမှာ မငြိမ်မသက် ခံစားနေရကာ သူ့မျက်နှာပေါ်က အပြုံးဟာလည်း ဟန်လုပ် ပြုံးနေရတဲ့ အပြုံးမှန်း ပိုသိသာလာခဲ့သည်။
“ယန်ယန် ရှင်းပြလိုက်တော့ ငါ နားလည်သွားပါပြီ”
စုယန်ယန်က သူ့ရဲ့ တရင်းတနှီး နှုတ်ဆက်စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ဟောက်ချန်ဟွမ်း ယူလာသော သစ်သီဖျော်ရည်ကို တစ်ငုံ သောက်ကြည့်လိုက်၏။
“ဒီဖျော်ရည်က အရမ်း ချိုတယ် အချစ်။ သောက်ကြည့်ပါလား”
စုယန်ယန်က ဖျော်ရည်ခွက်ကို ဟောက်ချန်ဟွမ်းဆီ ပေးလိုက်သည်။
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ‘ အချစ် ’ ဟူသော ခေါ်သံကို ကြားချိန်မှာ ခန္ဓာကိုယ် တစ်ခုလုံး ဆတ်ခနဲ တုန်သွားလေသည်။ သူ ကြောင်အနေရာမှ သတိဝင်လာပြီး တစ်ငုံ သောက်ကြည့်လိုက်သည်။ “အင်း ၊ တကယ် ချိုတာပဲ”
“ကျွန်မ အဲ့အရသာကို ကြိုက်တယ်”
ဟောက်ချန်ဟွမ်းက ချက်ချင်း နားလည်သည်။ “ဒါဆို ကိုယ် လူလွှတ်ပြီး ဝယ်ခိုင်းလိုက်မယ်”
သူမ ခပ်တိုးတိုး ရယ်မောလိုက်၏။ “ကျွန်မ အခု ကိုယ်ဝန်ရှိနေတာကို အခွင့်ကောင်းယူမိနေပြီလား”
ဟောက်ချန်ဟွမ်းက ရယ်မောလိုက်သည်။ “မဟုတ်တာ ၊ အသီးလေး နည်းနည်းပါးပါးပဲကို။ မင်းမှာ ကိုယ်ဝန်မရှိရင်တောင် မင်း စားချင်တယ်ဆို ကိုယ် ဝယ်ပေးမှာပါ”
စုယန်ယန် ကျေနပ်သွားသည်။
သူတို့ရဲ့ အလွန် နီးစပ်ပူးကပ်နေသော အနေအထားကြောင့် ရင်ထဲမှာ မီးခဲတွေကို မျိုချထားရသလို ပူလောင်နေပြီးသား ချိန်ဖန့်လန်သည် နောက်ဆက်တွဲ စကားတွေကို ကြားချိန်မှာတော့ ပိုလို့တောင် ထိတ်လန့်သွားလေသည်။ “ကိုယ်ဝန် .. ဟုတ်လား”
“ဟုတ်တယ်။ ညီမမှာ ကိုယ်ဝန်ရှိနေပြီ”
စုယန်ယန်ရဲ့ မျက်နှာပေါ်က ချိုမြိန်ပျော်ရွှင်မှုတွေကို ချိန်ဖန့်လန် အတိုင်းသား မြင်နေရသည်။ တခြား ယောက်ျား တစ်ယောက်ရဲ့ ရင်သွေးကို သူမ လွယ်ထားရကြောင်း တွေးမိရုံဖြင့် စားပွဲအောက်မှာ ချထားတဲ့ သူ့လက်တွေပေါ်မှာ သွေးကြောတွေ ဖောင်းထွက်လာကာ သူ စိတ်ဂဏှာမငြိမ်ဖြစ်နေတာကို ညွှန်ပြနေသည်။
ချိန်ဖန့်လန်သည် ခဏလောက် နှုတ်ဆိတ်သွားမိပြီးမှ ခက်ခက်ခဲခဲ ပြောလိုက်ရ၏။ “ဂုဏ်ပြုပါတယ်”
“ကျေးဇူးပါ”
နောက်ထပ် ထိုးနှက်ချက် အနည်းငယ်ကို ကြံ့ကြံ့ခံပြီးနောက်မှာတော့ ချိန်ဖန့်လန်လို သည်းခံနိုင်စွမ်းရှိသော လူပင်လျှင် ဆက်လက် သည်းမခံနိုင်တော့ပေ။ သူ မတ်တပ်ထရပ်ပြီး “လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ ငါ အရင် ပြန်နှင့်တော့မယ်။ နောက်တစ်ခေါက် အခွင့်အရေးရရင် ထပ်တွေ့ကြတာပေါ့” ဟု ပြောလိုက်သည်။
စုယန်ယန်က သူ့ကို စောင်းငဲ့ ကြည့်ပြီး ‘ နောက်တစ်ခေါက် .. ဟုတ်လား။ နောက်တစ်ခေါက် ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ ’ ဟု စိတ်ထဲကနေ တွေးလိုက်သည်။
သူမ ယဉ်ကျေးစွာ ၊ ပြီးတော့ စိမ်းကားစွာ ခပ်တန်းတန်း ပြန်ပြောလိုက်သည်။ “ကောင်းပါပြီ”
ချိန်ဖန့်လန် ပြန်သွားသည်နှင့် တစ်ပြိုင်နက် စုယန်ယန်ရဲ့ အပြုံးလေး ပျောက်ကွယ်သွားသည်။
ဟောက်ချန်ဟွမ်း ယူလာပေးသော သစ်သီးဖျော်ရည်ကို လက်စသတ်ပြီးသွားတော့ သူ့လက်မောင်းကို ပင်ပန်းနွမ်းနယ်စွာ ဖက်လိုက်၏။ “ကျွန်မ နည်းနည်းလေး ပင်ပန်းနေတယ်။ အရင် ပြန်ရအောင်”
677 02
ဟောက်ချန်ဟွမ်းက သူမရဲ့ အမူအရာကို ကြည့်ပြီး ကိစ္စ တစ်ခုခု ဖြစ်ခဲ့ပြီလို့ ခံစားလိုက်ရသည်။ သူ ခေါင်းညိတ်ပြီး သူမကို ခေါ်ကာ ချင်ရွှယ်ရူနှင့် ကျန်လူတွေကို သွားရှာပြီး သူတို့ အရင် ပြန်နှင့်မည်ဟု ပြောလိုက်၏။
ချင်ရွှယ်ရူတို့ကလည်း စုယန်ယန် အခုတလော ကိုယ်ဝန်ကြောင့် နေရထိုင်ရ သက်သောင့်သက်သာမရှိတာကို သိသောကြောင့် လူတွေ အများကြီးကြားထဲမှာ ခပ်ကြာကြာ နေရင်း သူမ ပင်ပန်းသွားမှာကို စိုးရိမ်သည်။ ထို့ကြောင့် ဘာမှ သိပ်မမေးဘဲ ဟောက်ချန်ဟွမ်းအား သူမကို အနားယူစေဖို့ ပြန်ခေါ်သွားခိုင်းလိုက်၏။
သူတို့ ကားထဲကို ရောက်သည်နှင့် စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ခါးကို ဖက်ပြီး သူ့ရင်ခွင်ထဲမှာ မျက်နှာအပ်ထားလိုက်သည်။ သူမကို ကြည့်ရတာ သူ့ကို အရမ်း ချစ်ပြီး သူ့အပေါ် မှီခိုအားထားနေတဲ့ ပုံစံမျိုး ရှိသည်။
ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားလေး နူးညံ့သွားကာ သူမရဲ့ ခေါင်းလေးကို ဆွဲယူ၍ သူမအတွက် ပိုလို့ သက်သောင့်သက်သာ နွေးနွေးထွေးထွေးရှိသော အနေအထားဖြင့် သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်၏။
သူတို့ ဘာစကားမှ မပြောဘဲ တစ်ယောက်ကို တစ်ယောက် ခဏလောက် ပွေ့ဖက်ထားခဲ့ကြသည်။
စုယန်ယန် အိပ်ပျော်သွားတော့မည့် အချိန်မှာမှ ဟောက်ချန်ဟွမ်းက မေးလိုက်သည်။ “ခုနတုန်းက ဟိုလူက … တကယ်ရော မင်းအစ်ကို ဝမ်းကွဲ ဟုတ်လို့လား။ မင်းမှာ အစ်ကိုဝမ်းကွဲ ရှိတယ်လို့ ကိုယ် ဘာလို့ မသိရတာလဲ။ မင်းအဘိုးမှာ မင်းအမေနဲ့ ဦးလေးပဲ ရှိတာ မဟုတ်ဘူးလား”
++++++