အခန်း ၆၇၈
Vol. 46 Ch. 678
678 01
အခန်း ( ၆၇၈ ) သူက မင်းကို သဘောကျနေတာ။
စုယန်ယန် အိပ်ပျော်ခါနီး အချိန်မှာ သူ့မေးခွန်းတွေကို ကြားလိုက်ရသောကြောင့် မျက်လုံးဖွင့်ပြီး သူ့ကို ကြောင်အမ်းအမ်း ကြည့်လိုက်သည်။
ဟောက်ချန်ဟွမ်းက သူမ အဲ့ဒီ အကြောင်း မပြောချင်ဘူးဟု ထင်သွားကာ ခေါင်းငုံ့ရင်း “မင်း မပြောချင်ဘူး ဆိုလည်း မပြောပါနဲ့” ဟု ပြောလိုက်၏။
နောက်ဆုံးတော့ စုယန်ယန် ကြောင်အနေရာမှ သတိပြန်ဝင်လာပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ဘာမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ သူက နာမည်အရပဲ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲ ဖြစ်နေတာပါ”
“နာမည်အရ အစ်ကိုဝမ်းကွဲ … ” ဟောက်ချန်ဟွမ်းက သူမ ပြောချင်သော အဓိက အချက်ကို နားလည်လိုက်သည်။ “အဲ့ဒါ ဘာအဓိပ္ပာယ်လဲ”
“ဝါအရ ဆိုရင်တော့ သူက တကယ်ပဲ ကျွန်မနဲ့ ဆွေမျိုးတော်ပါတယ် ၊ ဒါပေမဲ့ သွေးသားတော့ မတော်စပ်ဘူး”
“သူ့အဘိုးနဲ့ ကျွန်မအဘိုးကလည်း နာမည်အရသာ ညီအစ်ကိုတွေလေ။ ကျွန်မအဘိုးက အဘေးရဲ့ သားအရင်း ဆိုပေမဲ့ သူ့အဘိုးကိုတော့ အဘေးက မွေးစားထားတာ”
ဟောက်ချန်ဟွမ်း ချက်ချင်း နားလည်သွားသည်။ “ဒါဆို သူက မင်းနဲ့ သွေးသားမတော်စပ်ဘူးပေါ့”
“အင်း ၊ ကျွန်မအဘိုးက အဘွားနဲ့ လက်ထပ်ပြီးတဲ့နောက်ပိုင်း သူတို့နဲ့ အဆက်အဆံ မရှိတော့ဘဲ ခွဲထွက်လာခဲ့တာ။ သူတို့မှာလည်း ချိန် မျိုးရိုးနာမည် ရှိပေမဲ့ ကျွန်မတို့ တွေ့ဖြစ်တာ ရှားတယ်။ သူတို့နဲ့ အဲ့လောက်ကြီး မရင်းနှီးဘူးရယ်”
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲ မှီနွဲ့ရင်း မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မ သူ့အမေကို တကယ် သဘောမကျဘူး”
“သူ့အမေကို … ”
“သူ့အမေက ကျွန်မအမေနဲ့ ရွယ်တူပဲ။ သူမက အရမ်း မောက်မာတယ် ၊ သူများနဲ့ ယှဉ်ပြိုင်ရတာ ကြိုက်တယ် ၊ ပြီးတော့ အဆိုးဆုံးကတော့ သဘောထားသေးသိမ်တယ်”
စုယန်ယန်သည် ဒီအကြောင်းတွေ အကုန်လုံးကို သူမရဲ့ အရင်ဘဝကြောင့် သိခဲ့တာ ဖြစ်သည်။ သို့သော်လည်း ချိန်ဖန့်လန်ရဲ့ အမေက လူကြီးလည်း ဖြစ် ၊ စုယန်ယန်တို့နှင့် တွေ့တာလည်း ရှား၍ သူမက ဘယ်လောက်ပဲ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါစေ ၊ စုယန်ယန်က သူမကို ဘယ်တော့မှ မစော်ကားခဲ့ပါ။
စုယန်ယန် သူမကို မုန်းသော်လည်း သူတို့ နှစ်ယောက်ကြားမှာ အဖုအထစ် ၊ ရန်ငြိုးရန်စရယ်လို့ တစ်ခါမှ မရှိခဲ့။
ချိန်မိသားစုရဲ့ ကျရှုံးခန်းဟာ ချိန်ဖန့်လန်ရဲ့ အမေနှင့် တစ်ခုခု ပတ်သက်နေကြောင်း စုယန်ယန် သိသွားတော့မှသာ သူမရဲ့ အစ်ကိုဝမ်းကွဲက သူမအမေကိုရော ၊ ချင်ရွှယ်ရူကိုရော အမြဲတမ်း မနာလိုဖြစ်နေခဲ့တယ် ဆိုတာကို နားလည်သွား၏။
ချင်ရွှယ်ရူကတော့ လက်ရှိအတိုင်း အဆင်ပြေနေဆဲပင်။ အရင်ဘဝတုန်းက စုယန်ယန် သေဆုံးသွားချိန်ထိ ချိန်ကျွင်းဟောက်မှာ ကလေးမရှိခဲ့ပေ။
ဟိုအဒေါ် ( ချိန်ဖန့်လန်ရဲ့ အမေ ) မှာတော့ သား တစ်ယောက် ရှိတာမို့ အဲ့ဒီ နယ်ပယ်မှာတော့ ချင်ရွှယ်ရူထက် သာသည်ဟု ပြောလို့ ရသည်။ သူမဟာ ကလေးမရသည့် ချင်ရွှယ်ရူကို နောက်ကွယ်ကနေ မကောင်းတဲ့ စိတ်ဓာတ်ဖြင့် ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
ချိန်ရှို့ချင်ကတော့ ဆန့်ကျင်ဘက်အနေဖြင့် ကွဲပြားခြားနားသည်။ သူမမှာ သား တစ်ယောက် ၊ သမီး တစ်ယောက် ရှိပြီး မိဘတွေကလည်း သူမကို ငုံထားမတတ် ချစ်သည်။ သူမမှာ အရာရာတိုင်းကို တာဝန်ယူတတ်ပြီး ကိုယ်ပိုင် ကုမ္ပဏီ တစ်ခုကို စတင် တည်ထောင်ထားတဲ့ ခင်ပွန်းလည်း ရှိသည်။
သူမဒေါ်လေး ( ချိန်ဖန့်လန်ရဲ့ အမေ ) ရဲ့ ခင်ပွန်းကတော့ သာမန် လူလတ်တန်းစား လူရိုးလူအေး တစ်ယောက် ဖြစ်သည်။ သူ့မှာ ကောက်ကျစ်တဲ့ အတွေးတွေ မရှိပေမဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် မဟုတ်တာမို့ သူမ လိုချင်တဲ့ ချမ်းသာကြွယ်ဝသော ဘဝကို မပေးနိုင်ပါ။
သူမက ကိုယ့်ကိုယ်ကိုယ် ချိန်ရှို့ချင်နှင့် ယှဉ်ကာ ပူလောင်နေခဲ့သည်။ ပြီးတော့ သူမက စုယန်ယန်နှင့် သူမရဲ့ သားကို ထိမ်းမြားလက်ထပ်ပေးဖို့ သခင်ကြီးချိန်ဆီမှာ တောင်းဆိုကြည့်ခဲ့ဖူးသော်လည်း သခင်ကြီးချိန်ကတော့ ငြင်းပယ်ခဲ့သည်။ အဲ့ဒါက သူမရဲ့ ထိလွယ်ရှလွယ်သော မာနကို ထိခိုက်စေခဲ့လေသည်။
ချိန်မိသားစုဟာ သူမနှင့် သူမရဲ့ သားကို အထင်သေးသည်ဟု ခံစားရပြီး အမုန်းတရားတွေ ပေါက်ဖွားလာခဲ့သည်။
စုယန်ယန် ထိုအကြောင်းကို သိသွားသောအခါ စကားနှင့်တောင် ဖော်ပြလို့ မရသော စိတ်ပျက်ရွံရှာမှုကို ခံစားရသည်။ ကိုယ်က ပြည့်စုံတဲ့ ဘဝမှာ မနေရလျှင် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာနေမည့်အစား ပြည့်စုံတဲ့ ဘဝကို ရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း သူတစ်ပါးအတွက် တွေးပေးတတ်ရမည်။ ကိုယ့်ထက် သာယာကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ကြသူတွေကို ဒေါသထွက်ပြီး ဒုက္ခပေးချင်နေတာက ဆိုးဝါးတဲ့ စိတ်ထားပါပဲ။
အဲ့လို တွေးကြည့်တော့မှ ထိုတွေးခေါ်ပုံဟာ သူမရဲ့ သားနှင့် တော်တော်လေး တူပါသည်။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့် မသွားလျှင် နောက်နွားကလည်း ဖြောင့်ဖြောင့် သွားမှာ မဟုတ်။ သူတို့ နှစ်ယောက်ကို သားအမိ မဟုတ်ဘူးလို့ ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး … ။
ဟောက်ချန်ဟွမ်းသည် ခဏလောက် နှုတ်ဆိတ်သွားပြီးမှ ကိုယ့်ကိုယ်ကိုယ် သေချာစွာ ပြောလိုက်သည်။ “သူက မင်းကို သဘောကျနေတာ”
678 02
စုယန်ယန်ရဲ့ မျက်လုံးတွေက ထိတ်လန့်စွာ ပြူးကျယ်သွားကာ သူ့ကို မော့ကြည့်လိုက်၏။ “ရှင် ဘယ်လိုလုပ် သိတာလဲ”
“… အလိုလို သိစိတ်ပဲ ဆိုပါတော့”
စုယန်ယန် ဆွံ့အသွားမိသည်။ အချစ်လုဖော်လုဖက်တွေမှာ အထူး ရေဒါတွေများ ရှိနေတာလား။
သူတို့ချင်း တစ်ကြိမ်သာ တွေ့ဖူးပြီး စကား ငါးခွန်း ပြည့်အောင် မပြောဖူးပေမဲ့ ဟောက်ချန်ဟွမ်းကတော့ ချိန်ဖန့်လန်ရဲ့ အတွင်းစိတ်ကို ဖောက်မြင်နေခဲ့ပါပြီ။ သူမကတော့ … ချိန်ဖန့်လန်ကို ငယ်ငယ်လေးကတည်းက သိကျွမ်းခဲ့တဲ့ သူမကတော့ စကားတွေ အများကြီး မပြောဖူးဘူး ဆိုလျှင်တောင် လေး ၊ ငါးခေါက်တော့ တွေ့ခဲ့ဖူးပါသည် ၊ အဲ့ဒါတောင် သူ သူမကို သဘောကျနေတယ် ဆိုတာကို သတိမပြုမိပေ။