အခန်း ၆၈၀
Vol. 46 Ch. 680
680 01
အခန်း ( ၆၈၀ ) ကျေးဇူးကန်းခြင်း။
သူ ဘာမှ မပြောလျှင် တော်သေးပေမဲ့ သူ ဝင်ပြောလိုက်ချိန်မှာ ဒေါ်လေးချိန်ရဲ့ ဒေါသက ဝုန်းခနဲ မြင့်တက်သွားသည်။
“ကျွန်မ ပြောပြီးပြီလေ။ ဘာလဲ။ ရှင်က သူတို့ဆီ ပြေးသွားပြီး ကျွန်မအကြောင်းတွေ မကျေမနပ် သွားပြောချင်လို့လား။ ကျွန်မ ရှင့်ကို ဘာမှ အပြစ်မပြောတာတောင်မှ ရှင်က ကျွန်မကို မျက်နှာပြောင်တိုက်ပြီး ဝေဖန်ရဲသေးတယ်။ ကျွန်မတို့ နှစ်ယောက်လုံးက ချိန်မိသားစုဝင်တွေပဲ။ သူတို့က လှလည်း လှတဲ့ အိမ် အကျယ်ကြီးထဲမှာ နေရတယ် ၊ အိမ်မှာလည်း အိမ်အကူတွေနဲ့ စားဖိုမှူးတွေ ရှိတယ်။ သူတို့ဘဝက သက်သောင့်သက်သာရှိပေမဲ့ ကျွန်မတို့ရဲ့ မိသားစုကရော … ။ ကျွန်မတို့ရဲ့ သားအတွက် အိမ် အသစ် တစ်လုံး ဝယ်ပေးဖို့တောင် နေ့ တစ်ဝက်လောက် ချိတုံချတုံ ဖြစ်ခဲ့ရတာ”
ဒေါ်လေးချိန်က သူမရဲ့ ခင်ပွန်းကို လက်ညိုးထိုးပြီး စိတ်ဆိုးမာန်ဆိုး ကြိမ်းမောင်းနေခဲ့သည်။ “ရှင်က ဘာမှ အသုံးမကျဘူး။ သူများတွေရှေ့မှာဆို ရှင် အီးတောင် ပေါက်ရဲလို့လား။ ကျွန်မ အမှန်အတိုင်း ပြောနေတာ ၊ ရှင်က သူတစ်ပါးအပေါ် အမှားကျူးလွန်မိမှာကို အရမ်း ကြောက်လွန်းတယ်။ ဘာလဲ ၊ ကျွန်မ ပြောတဲ့ထဲမှာ ဘာအမှား ပါလို့လဲ။ အစကတည်းက အဲ့ဒါ သူတို့မိသားစုရဲ့ အမှားလေ။ သူတို့က သခင်ကြီးချိန် ပိုင်ဆိုင်သမျှ အရာအားလုံးကို သူတို့ပဲ ရအောင် သခင်ကြီးချိန်ကို သွေးဆောင်ဖြားယောင်းထားတာ”
“တကယ်တော့ အဲ့ဒါလည်း ဘာမှ မဖြစ်ပါဘူး။ ကျွန်မတို့က မိသားစုတွေပဲ။ သူတို့ အကျိုးအမြတ်တွေ ရပြီးရင် ကျွန်မတို့ကို ကူညီပေးဖို့က ဘာမှ တကူးတက ပင်ပန်းတဲ့ အလုပ် မဟုတ်ဘူး။ သူတို့ရဲ့ ဘဝက အဆင်ပြေ ချောင်လည်တယ် ၊ အရာရာတိုင်းကို ပိုင်ဆိုင်ထားတယ်။ သူတို့က ကြမ်းတမ်းခက်ခဲတဲ့ ဘဝမှာ နေ,နေရတဲ့ ကျွန်မတို့မိသားစုကို ဒီတိုင်း ထိုင်ကြည့်နေကြတယ်။ ဟားဟား ၊ ကျွန်မအမြင်ကို ပြောရရင်တော့ နှစ်တွေ အများကြီး ကြာတဲ့ထိ သူတို့မှာ ကလေးမရှိတာက ကိုယ်ကျင့်တရားမကောင်းတဲ့ ကိစ္စတွေ အများကြီးကို လုပ်ထားလို့ပဲ။ အဲ့ဒါ ကံကြမ္မာက သူတို့ကို ဒဏ်ခတ်တာပဲ။ ဘုရားသခင်သာ သက်ရှိထင်ရှား ရှိသေးရင် သူတို့ကို အမွေဆက်ခံသူ တစ်ယောက်မှ မရှိဘဲ ဒီအတိုင်း သေဆုံးသွားရအောင် လုပ်သင့်တယ်”
ဦးလေးချိန်က သူ့ဇနီးရဲ့ ကြမ်းတမ်းသော စကားတွေကို နားထောင်ကာ တစ်ခုခု ပြန်ပြောဖို့ ပါးစပ်ပြင်လိုက်သော်လည်း အဆုံးသတ်မှာတော့ ဘာမှ မပြောတော့ပေ။
သူက လူရိုးလူအေး တစ်ယောက် ဆိုပေမဲ့ သူ့မိသားစုကတော့ ဒီနှစ်တွေ တစ်လျှောက်လုံး သူနှင့် လိုက်လျောညီထွေ မဖြစ်ဘဲ သူ့အလုပ်အကိုင်ကလည်း အဆင်ပြေ ချောင်လည်ခဲ့တာ မဟုတ်ပါ။ ထိုအဖြစ်က အရည်အချင်း သိပ်မရှိသော သူ့ကို ပိုလို့ အသက်ကြီးပြီး သနားစရာကောင်းတဲ့ ပုံစံပေါက်စေသည်။
သူ့ဇနီးရဲ့ အပြစ်တင်စကားတွေကလည်း သူ့ကို ချိန်မိသားစုအပေါ် အနည်းငယ် မကောင်းမြင်စိတ်ဝင်လာစေသည်။ ဘာပဲပြောပြော သူတို့က ဆွေမျိုးတွေလေ … ။ တကယ်လို့ ချိန်မိသားစုက သူတို့ကို တစ်ခုခု ပေးနိုင်လျှင် သူတို့မိသားစုဟာ အခုလို ခက်ခဲကျပ်တည်းနေရမှာ မဟုတ်။
သူတို့စုံတွဲသည် သူတို့မှာ ချိန် မျိုးရိုးနာမည်သာ ရှိပြီး ချိန်မိသားစုနှင့် လုံးဝ သွေးသားမတော်စပ်ဘူး ဆိုတာကို မေ့လျော့သွားခဲ့ကြသည်။
ဟိုးအရင်တုန်းက သခင်ကြီးချိန်ရဲ့ အဖေ ( စုယန်ယန်ရဲ့ အဘေး ) က သူတို့အဘိုးကို သနားသွားလို့ မွေးစားကာ ပျိုးထောင်ပေးခဲ့တာ ဖြစ်သည်။
သူတို့ အိမ်ထောင်ကျပြီး အမွေခွဲလိုက်ချိန်မှာ သခင်ကြီးချိန်ရဲ့ အဖေက သူတို့အဘိုးကို သားအရင်း ဖြစ်တဲ့ သခင်ကြီးချိန်လောက်တော့ ပိုင်ဆိုင်မှုတွေ ခွဲဝေမပေးသော်လည်း မွေးစားသား တစ်ယောက်အနေဖြင့် ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံး အပူအပင် အကြောင့်အကျ ကင်းစွာ နေသွားနိုင်ဖို့ လုံလောက်တဲ့ ငွေပမာဏကိုတော့ ပေးခဲ့ပါသေးသည်။
ကျောထောက်နောက်ခံ နည်းနည်းပါးပါး ရှိနှင့်ပြီးသား လူ တစ်ယောက်ဟာ ဒီငွေကို ယူပြီး ကိုယ်ပိုင် လုပ်ငန်း တစ်ခုကို ထူထောင်နိုင်လျှင် အဲ့ဒါက တကယ့် အရည်အချင်း အစစ်အမှန် ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ချိန်ဖန့်လန်ရဲ့ အဘိုးကတော့ အဲ့လို မတွေးခဲ့ပေ။
ငွေများစွာကို လက်ခံရရှိပြီးချိန်မှာတောင် သူက ချိန်မိသားစုရဲ့ သူ့အပေါ် နှမြောတွန့်တိုမှုကို ဒေါသထွက်နေခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပဲ ပိုက်ဆံတွေ အကုန်လုံးကို သုံးစွဲပစ်ပြီးချိန်ထိ သူ့အစ်ကိုဆီမှာ အချောင်ကပ်နေလို့ ရဦးမလားဟု မျှော်လင့်နေသည်။
680 02
သူဟာ လက်တွေ့ကျကျ မတွေးခေါ်ရုံသာမက ထိုပိုက်ဆံတွေကို သူ့မိသားစုအား ထောက်ပံ့နိုင်ရန် စီးပွားရေးလုပ်ဖို့ သုံးစွဲခဲ့သည်။ အခြားတစ်ဖက်မှာလည်း ပုံမှန်ထက်တောင် အသုံးအဖြုန်းကြီးလာခဲ့သည်။ အချိန် ခဏအတွင်းမှာပဲ သူ အမွေရထားတဲ့ ပိုက်ဆံ တစ်ဝက်ကျော်လောက် အငွေ့ပျံသွားခဲ့ကာ ချိန်မိသားစုထံ စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ပိုက်ဆံတောင်းခဲ့သည်။
အစတုန်းကတော့ ချိန်မိသားစုက သူတို့ရဲ့ ဆက်ဆံရေးဟောင်းကို ထည့်တွက်ကာ တစ်ကြိမ် ၊ နှစ်ကြိမ် ကူညီပေးခဲ့သော်လည်း နောက်ပိုင်းမှာတော့ ဒီသွေးစုပ်တဲ့ ကြမ်းပိုးကောင်ဟာ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေမှန်း သဘောပေါက်သွား၍ တစ်ပြားတစ်ချပ်မှ ထပ်မပေးတော့ဘဲ ရန်ငြိုးရန်စတွေ အမြစ်တွယ်သွားခဲ့သည်။
လူငယ်တွေပင်လျှင် ချိန်မိသားစုဟာ အမွေဆက်ခံသူနေရာအတွက် သခင်ကြီးချိန်နှင့် ယှဉ်ပြိုင်မည့် သူ့ကို တားဆီးရန် သူ့အဘိုးကို ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ခဲ့သည်ဟု ခံစားရပြီး ဝမ်းနည်းခဲ့ကြသည်။ “စေတနာ သဒ္ဓါတရားက မေတ္တာစိတ်ကို တိုးပွားစေတယ်” ဆိုတဲ့ စကားပုံအတိုင်းပါပဲ။
ချိန်ဖန့်လန်ရဲ့ မိသားစုသည် သူတို့အဘိုးရဲ့ လက်ထက်မှာကတည်းက သူတို့ရဲ့ ပိုက်ဆံ အတော်များများကို သုံးစွဲခဲ့ပြီးပြီ ဖြစ်သည်။ ဒါပေမဲ့ ဦးလေးချိန်ရဲ့ မျိုးဆက်ကို ရောက်တော့ ဦးလေးချိန်က ပိုက်ဆံအကုန်ခံပြီး စီးပွားရေးလုပ်ချင်သည်။
သို့သော် ကံဆိုးစွာဖြင့် ဦးလေးချိန်မှာ စီးပွားရေးအမြင် မရှိလေရာ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ခဲ့သော်လည်း အမြတ်ထက် အရှုံးက ပိုများလေသည်။
နေ့ရက်တွေဟာ ပိုလို့ ခက်ခဲကျပ်တည်းလေ ၊ ဒေါ်လေးချိန်က ချိန်မိသားစုကို ပိုလို့ မုန်းတီးလေပါပဲ။ ‘ ချိန်မိသားစုက အစကတည်းက သူတို့အပေါ် ဘာတစ်ခုမှ ကျေးဇူးကြွေးတင်ထားတာ မရှိဘူးလေ ၊ ဘာလို့ သူတို့ကို ကူညီပေးရမှာလဲ။ ’ ဆိုတဲ့ အတွေးမျိုးကိုတော့ ယောင်လို့တောင် မတွေးမိပေ။
++++++