အခန်း ၆၈၁
Vol. 46 Ch. 681
အခန်း ( ၆၈၁ ) အဲ့ဒါက သူမရဲ့ ခင်ပွန်း မဟုတ်ဘူး။
“ တော်လောက်ပြီ။ အမေတို့ တိတ်တိတ် နေလို့ မရဘူးလား။ ”
ချန်ဖန့်လန်က သူ့မိဘတွေ ငြင်းခုံနေကြတာကို နားထောင်ရင်း တဖြည်းဖြည်း မျက်နှာကြီး မည်းမှောင်လာခဲ့သည်။ နောက်ဆုံးတော့ သူ ဘယ်လိုမှ စိတ်မထိန်းနိုင်ဘဲ အော်လိုက်မိတော့သည်။
မကျေမနပ် ဖြစ်နေသော ဒေါ်လေးချန်က ဆက်ပြောဖို့ ပါးစပ်ပြင်လိုက်ချိန်မှာ သူမသားရဲ့ မှုန်မှိုင်းနေသော အမူအရာကို မြင်သွားသည်။ “ ဘာဖြစ်လို့လဲ ဖန့်လန်။ သားမျက်နှာက ဘာလို့ တအား ဖြူဖတ်ဖြူရော်ဖြစ်နေတာလဲ။ ”
ချန်ဖန့်လန် အော်လိုက်ကတည်းက ဦးလေးချန်ကလည်း သူ့သား တစ်ခုခုတော့ ဖြစ်နေပြီ ဆိုတာ သိလိုက်သည်။ သူ စိုးရိမ်တကြီး မေးလိုက်၏။ “ သား နေမကောင်းဘူးလား။ ”
ချန်ဖန့်လန်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ အက်ကွဲခြောက်သွေ့နေသော အသံဖြင့် ပြောလိုက်သည်။ “ ကျွန်တော် အခုလေးတင် ယန်ယန်နဲ့ တွေ့ခဲ့တာ။ ”
“ ယန်ယန် … ” ဒေါ်လေးချန် အံ့ဩသွား၏။ တစ်မိနစ်လောက် အချိန်ယူ စဉ်းစားပြီးမှ ယန်ယန်က ဘယ်သူလဲ ဆိုတာကို မှတ်မိသွားကာ မျက်နှာ မည်းခနဲ ဖြစ်သွားလေသည်။
“ သား သူမနဲ့ တွေ့ခဲ့တာလား။ သူမက မကောင်းတဲ့ စကား တစ်ခုခု ပြောလိုက်လို့ သား ဝမ်းနည်းနေတာလား။ ” ဒေါ်လေးချန်သည် ချန်ဖန့်လန်ရဲ့ တုံ့ပြန်စကားကိုပင် မစောင့်ဘဲ သူမဘာသာ တစ်ယောက်တည်း ထင်ရာမြင်ရာ ဆုံးဖြတ်ချက်ချလိုက်သည်။
“ အဲ့လိုပဲ ဖြစ်မှာပါ။ အဲ့ကောင်မစုတ်လေးက သူ့အမေနဲ့ တစ်ပုံစံတည်းပဲ။ သူတို့ နှစ်ယောက်လုံးက လူတွေကို ဆက်ဆံရင် အဆင့်အတန်း အနိမ့် ၊ အမြင့်ကို ကြည့်ပြီး ဆက်ဆံတာ။ အဲ့ကောင်မစုတ်လေးရဲ့ အမေမျက်လုံးထဲမှာ ချမ်းသာတဲ့ လူတွေကိုပဲ မြင်တယ်။ သူမက အမေတို့မိသားစုကို သဘောမကျဘူးလေ ၊ အမေတို့ကို သူ့သမီးနဲ့ မတန်ဘူးလို့တောင် တွေးနေတာ။ ဒါပေမဲ့ သူ့သမီးကတော့ လူချမ်းသာ မိသားစုက ဘာမှ သုံးစားမရတဲ့ မသန်စွမ်းကောင်နဲ့ လက်ထပ်သွားတယ်။ ”
“ မသန်စွမ်း … ” ချန်ဖန့်လန် အံ့ဩသွားသည်။ စုယန်ယန် ရုတ်တရက်ကြီး လက်ထပ်သွား၍ သူ အချိန် အတော်ကြာ အသည်းကွဲခဲ့ရ၏။ ထိုအချိန်တုန်းက သူက နိုင်ငံခြားမှာပဲ ရှိသေးသည်။ သူ့မိဘတွေသာ သူ့ကို မတားမြစ်လျှင် စုယန်ယန်ဆီ သွားပြီး သူ့မှာ ဘာချို့ယွင်းချက်တွေ ရှိလို့ သူ့ကို မရွေးချယ်ခဲ့တာလဲဟု သွားမေးမှာ ဖြစ်သည်။
ဒေါ်လေးချန်က ထိုအကြောင်းကို ပါးစပ်ကနေ လွှတ်ခနဲ ပြောမိသွားမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်တော့ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမကလည်း စုယန်ယန်ရဲ့ ဆွေမျိုး တစ်ယောက်မို့ စုယန်ယန်တို့မိသားစုနှင့် ပတ်သက်တဲ့ အတင်းအဖျင်းတွေ အများကြီးကို ကြားထားပါသည်။
စုယန်ယန်က မသန်စွမ်း တစ်ယောက်နှင့် လက်ထပ်လိုက်ကြောင်း သိပြီးချိန်မှာ သူမ စိတ်ချမ်းသာသွားသည်။ တစ်ချိန်တည်းမှာပဲ ဒီအကြောင်းကို သူမရဲ့ သား သိသွားလျှင် ဝမ်းနည်းမည် စိုး၍ လျှို့ဝှက် ထားခဲ့လေသည်။
သူမ အဲ့ဒါကို လွှတ်ခနဲ ပြောမိသွားမယ်လို့ ဘယ်သူ ထင်မှာလဲ။
သို့သော်လည်း အန်တီချန်သည် ထိုအကြောင်းကို ပြောပြီးပြီမို့ ဆက်ပြီး ဖုံးကွယ်မနေတော့ပေ။ “ သူက မသန်စွမ်း မဟုတ်ဘူးလား။ အမေ ကြားတာတော့ သူက ဝှီးချဲပေါ်မှာ ထိုင်နေရတာတဲ့။ သူ့ခြေထောက်တွေက မသန်စွမ်း ဖြစ်နေလို့ မတ်တပ်တောင် မရပ်နိုင်ဘူး ဆိုပဲ။ ”
“ မတ်တပ်တောင် မရပ်နိုင်ဘူး … ” ချန်ဖန့်လန်က မျက်မှောင်ကြုတ်လိုက်သည်။ “ ဒါပေမဲ့ ကျွန်တော် ခုနတုန်းက မြင်ခဲ့တဲ့ လူက မသန်စွမ်း မဟုတ်ပါဘူး။ ”
“ မသန်စွမ်း မဟုတ်ဘူးတဲ့လား။ ပေါက်ကရတွေ။ အမေ ဟိုဟိုဒီဒီ လျှောက်မေးကြည့်ပြီးသွားပြီ ၊ သူက ဝှီးချဲကို အားကိုးနေရတဲ့ မသန်စွမ်း တစ်ယောက် ဆိုတာ အမှန်ပဲ။ သူ့ခြေထောက်တွေ လှုပ်ရှားလို့ မရတာ ဆယ်နှစ်ကျော်ပြီလို့ ကြားတယ်။ အဲ့သတင်းက သေချာပေါက် သတင်းမှား မဟုတ်ဘူး။ ”
“ ဒါဆို သူမက … ”
ဒေါ်လေးချန်က သူမကိုယ်သူမ တစ်ခုခုကို နားလည်သွားပြီဟု ထင်လိုက်သည်။ “ အဲ့လူက သူမခင်ပွန်း မဟုတ်တာ သေချာတယ်။ သူက သူမနဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းရှုပ်နေတဲ့ အကောင်ပဲ ဖြစ်ရမယ်။ ”
“ မဖြစ်နိုင်တာ အမေရာ။ ”
“ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အဲ့ကောင်မစုတ်လေးက မသန်စွမ်း တစ်ယောက်နဲ့ လက်ထပ်ထားတာလေ။ စိတ်ထဲမှာ အလိုမကျ ဖြစ်ချင် ဖြစ်နေမှာပေါ့။ တခြား ကိစ္စတွေကို ဝေးဝေးလံလံ လိုက်တွေးမနေနဲ့။ အဲ့လူရဲ့ ခြေထောက်တွေက မသန်စွမ်း ဖြစ်နေတာ ဆိုတော့ အိမ်ထောင်ရေးသုခ ပြည့်စုံမှာ မဟုတ်ဘူး။ အနှေးနဲ့အမြန် သူမ နောက်တစ်ယောက် ရှာမှာပဲ မဟုတ်လား။ ”
“ သူမ အလိုမကျရင်လည်း ဘာလို့ သူနဲ့ လက်ထပ်ချင်ခဲ့ရတာလဲ။ ” ချန်ဖန့်လန်သည် သူ သဘောကျတဲ့ မိန်းကလေးဟာ သူ့လို လူကောင်းပကတိထက် တစ်ယောက်တည်းတောင် လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်း တစ်ယောက်ကို လက်ထပ်ခဲ့တယ် ဆိုတဲ့ အဖြစ်ကို လက်မခံနိုင်သေးပေ။
အန်တီချန်က သူမရဲ့ သားကို မျက်လုံးလှိမ့် ကြည့်ပြီး မကျေမနပ် ပြောလိုက်သည်။ “ သေချာပေါက် ပိုက်ဆံကြောင့်ပဲပေါ့။ ”
“ ပိုက်ဆံကြောင့် … ”
“ ပိုက်ဆံကြောင့်သာ မဟုတ်ရင် သူမလို မိန်းကလေး ငယ်ငယ်လေး တစ်ယောက်က မသန်စွမ်းနဲ့ လက်ထပ်မှာတဲ့လား။ အမေ အခုလေးတင် ပြောပြီးပြီ မဟုတ်လား။ သူမ လက်ထပ်လိုက်တဲ့ မသန်စွမ်းရဲ့ မိသားစုက အရမ်း ချမ်းသာတယ် ၊ အနည်းဆုံးတော့ အဲ့ဒီ ကောင်မစုတ်လေးတို့ မိသားစုထက်ကို ချမ်းသာတယ်။ သူတို့ နှစ်ယောက် လက်ထပ်လိုက်တာက … အင်း ၊ စီးပွားရေးအရ လက်ထပ်လိုက်တာ ဖြစ်နိုင်တယ်။ လက်ထပ်ပြီးတာနဲ့ ကိုယ် လုပ်ချင်တာ လုပ်ပြီး အပျော်ရှာလို့ ရပြီလေ။ ”
ချန်ဖန့်လန်ရဲ့ မျက်လုံးတွေက အနည်းငယ် နီရဲလာသည်။ သူ သဘောကျရတဲ့ မိန်းကလေးဟာ အဲ့ဒီလို လူမျိုး ဆိုတာကို သူ မယုံကြည်ချင်သေးပေ။
ဒေါ်လေးချန်က စုယန်ယန်အကြောင်းကို အပုပ်ချနေဆဲ ဖြစ်သော်လည်း အသိိစိတ်နှင့် ခန္ဓာကိုယ် ကပ်တစ်ခါ ၊ ခွာတစ်လှည့် ဖြစ်နေတဲ့ ချန်ဖန့်လန်ကတော့ စကားလုံး တစ်လုံးကိုတောင် မကြားရတော့။
မိနစ် အနည်းငယ် ကြာတော့မှ သူ မသဲမကွဲ ပြောလိုက်သည်။ “ သူမမှာ ကိုယ်ဝန်ရှိနေပြီ။ ”